လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, April 14, 2012

သဘာဝအတိုင်း အသားအရေ အရွယ်တင်အောင် လှပအောင်။

 

         အသားအရေ လှပ ဆိုပြေအောင် အထူးသဖြင့် မျက်နှာ အသားအရေ လှပအောင် ဇရာရဲ့ အရေး အကြောင်းတွေ နည်းနိုင်သမျှနည်းပြီး လန်းဆန်းနေအောင် ဘာလုပ်ရမလဲ ?

အသက်ကြီးလာတာနဲ့အမျှ အသားအရေဟာလည်း အတူလိုက်ပြီး ကြီးလာတဲ့အတွက် ဂရုစိုက် ကာကွယ် စောင့်ရှောက်မှုကို သတိမထားသရွေ့ကျား မ မရွေး အသားအရေမှာ အမာရွတ်၊ တင်းတိပ်၊ မဲ့ခြောက်နှင့် နေလောင်ဒဏ် တွေကို အချိန်နှင့်အမျှ ခံစားလာရပြီး ပါးရေတွန့်ခြင်းများ အသက်အရွယ်အလိုက် ရှိသင့် သည့်ထက် အဆပေါင်းများစွာ ပိုမို ပေါ်လွင် လာနိုင်ပါတယ်။

Plastic surgery သုံးပြီး ပါးရေတွန့်တာ၊ အသာမည်းတာ၊ အနာရွတ်စတာတွေကို ပြုပြင်နိုင်ပေမယ့် ဓား မသုံးပဲ သဘာဝအတိုင်း လှပစေနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ (plastic surgery ရဲ့ အစွမ်းတွေနဲ့ ဆိုးကျိုးတွေကိုဆက်လက်ဖေါ်ပြပါမယ်)

အသက်အပိုင်းအခြားအလိုက် အသားအရေကို အကြမ်းအားဖြင့် လေးဆင့် ခွဲခြားနိုင်ပါတယ်။
အဆင့် ၁ – မွေးကင်းစမှ အသက် ၁၅ နှစ်။
အဆင့်၂ – အသက် ၁၅ နှစ်မှ ၂၅ နှစ်။
အဆင့် ၃ – အသက် ၃၀ နှစ် မှ ၄၅ နှစ်။
အဆင့် ၄ – အသက် ၄၅ နှစ်မှ ၆၅ နှစ်။

အဆင့် ၁ – မွေးကင်းစမှ အသက် ၁၅ နှစ်။
အသားအရေမှာရှိတဲ့ ဆဲလ်တွေက (Fibre) အမျှင်တွေ စုစည်း တည်ဆောက်နေတဲ့ အဆင့် ဖြစ်ပါတယ်။ ကလေးရဲ့ လျှင်မြန်စွာကြီးထွားမှုကို အထောက်အကူ ဖြစ်စေဖို့ အတွက် အသားအရေဟာ နူးညံ့နေပါတယ်။ ပုံသွင်းလွယ်နေပါတယ်။

အဆင့်၂ – အသက် ၁၅ နှစ်မှ ၂၅ နှစ်။
ကြီးထွားမှုနဲ့ အတူ အသားရဲ့ အမျှင်တွေ ကျစ်လျစ် ရင့်ကျက်လာတဲ့ အဆင့် ဖြစ်ပါ တယ်။ ဒီအဆင့် အစော ပိုင်းမှာ Elastin နှင့် collagen လို့ ခေါ်တဲ့ အသားမျှင်တွေကို အများဆုံး ထုတ်ပြီး အသားအရေကို တင်း လာအောင် တည်ဆောက်ပါတယ်။ အသားအရေဟာ တင်းရင်းပြီး ၀င်းလက်တောက်ပ နေတဲ့အချိန်၊ အသားအရေ အလှဆုံးအချိန်လို့ ပြောလို့ ရ ပါမယ်။

အသက် ၂၅ နှစ်လောက်မှာတော့ အသားအရေဟာ အရင့်ကျက်ဆုံးနဲ့ ကျစ်လျစ်မှု အဆုံးကို ရောက်သွား ပြီဖြစ်လို့ Elastin နှင့် collagen ထုတ်လုပ်မှု စတင်နည်းပါးလာပါတယ်။ နေရောင်ခြည်နဲ့ ခရမ်းလွန် ရောင် ခြည် (UV rays) တွေက Elastin နှင့် collagen ကို ဖျက်ဆီးဖို့ အမြဲတမ်း အဆင်သင့်ရှိ နေတဲ့အတွက် Elastin နှင့် collagen တွေကို ထိန်းသိမ်းနိုင်မည့်၊ တိုးပွားနိုင်မည့် အလှပြင်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ စတင် စောင့်ရှောက်သင့်တဲ့ အဆင့် ဖြစ်ပါတယ်။

အဆင့် ၃ – အသက် ၃၀ နှစ် မှ ၄၅ နှစ်။
အသက် ၃၀ ကစပြီ Elastin နှင့် collagen ထုတ်လုပ်မှု ပိုမို နည်းပါးလာပါတယ်။  နေရောင်ခြည်နဲ့ UV light ရန်မှ ကာကွယ်စောင့်ရှောက်မှု မဖြစ်မနေ ပြုလုပ်သင့်တဲ့ အဆင့် ဖြစ်ပါ တယ်။ ခရမ်းလွန်ရောင် ခြည်လို့ ခေါ်နေတဲ့ Utraviolet  light (UV) နှစ်မျိုး ရှိပါတယ်။ UVA and UVB တို့ပါ။ A ဆိုတာ aging (ရင့်ရော်ခြင်း) နဲ့ B ဆိုတာ burning (လောင်ခြင်း) တို့ ကို ဖြစ်စေပါတယ်။

အဆင့် ၄ – အသက် ၄၅ နှစ်မှ ၆၅ နှစ်။
အသက် ၄၅ နှစ် ကစပြီး Elastin နှင့် collagen ထုတ်လုပ်မှု မရှိသလောက် နည်းပါး သွားပါတယ်။ ကာကွယ်မှုနှင့် စောင့်ရှောက်မှုများ အမြင့်ဆုံးလိုအပ်တဲ့ အဆင့်ဖြစ်ပါတယ်။ လူတိုင်းအတွက် အသားအရေ အမျိုးအစားတွေ ကွဲပြားနေပေမယ့် လိုအပ်တဲ့ အခြေခံအသား အရေထိန်းသိမ်းနည်းတွေကတော့အတူတူပဲ ဖြစ်ပါတယ်။ အခြေခံအသားအရေ ထိန်းသိမ်း နည်း (၄) နည်းရှိပါတယ်။
(၁) နေ့စဉ် အသားအရေ သန့်စင်ခြင်း -daily cleansing.
(၂) နေ့စဉ် ရေဓာတ်ဖြည့်ခြင်း – daily moisturizing.
(၃) နေ့စဉ် နေရောင်ခြည်မှကာကွယ်ခြင်း -daily protection from sun.
(၄) အပတ်စဉ် ဆဲလ်သေများ၊ အထူးသဖြင့် နှာခေါင်းမှ ဆားဝက်ခြံများကို ဖယ်ရှားခြင်း -weekly exfoliation.

(၁) နေ့စဉ် အသားအရေ သန့်စင်ခြင်း -daily cleansing.
အရိုးအရှင်းဆုံးနဲ့ အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ ဈေးကြီးတဲ့ပစ္စည်းတွေ ၀ယ်သုံးစရာ မလိုပါဘူး။ မြန်မာပြည်လို ရာသီဥတုမျှတတဲ့ နေရာမျိုးမှာ မျက်နှာကို ရေသန့် သန့်လေးနဲ့ ဆေးပေးရုံပါပဲ။ အဆီပြန် တတ်တဲ့သူတွေဆိုရင်တော့ ကိုယ့် အသားအရေနဲ့ သင့်တော်မယ့် မျက်နှာသစ်ဆေး (Cleanser) ကိုသုံး နိုင်ပါတယ်။ ဆပ်ပြာမှာ (caustic soda) ပါတာမို့ ဆပ်ပြာနဲ့ မျက်နှာသစ်ခြင်းဟာ အရေပြားကို ခြောက် သွေ့စေပြီး ပိုအဆီပြန် စေပါ တယ်။ မျက်နှာပြင် ပေါ်ရှိ ဆဲလ် အသေနှင့် အညစ်အကြေးများကို Cleanser က ထိရောက် စွာ ဖယ်ရှားပေးရုံ သာမကဘဲ ဆဲလ် အသစ်များကို ထပ်မံ တိုးပွားစေပါသည်။ အသားအရေ ကို နူးညံ့ချောမွေ့ စေတယ်လို့ဆိုပါတယ်။ နေ့ည မျက်နှာသစ်ရာမှာ အသုံးပြုနိုင်ပါသည်။
-  သတိပြုရမှာက မျက်နှာကို ခဏခဏ မသစ်ဖို့ပါပဲ။ (လှချင်လွန်းလို့သကြောင်တိုက်ရေစီးကမ်းပြိုလိုက်) ဆိုတာလို အလွန်အကျွန် ခဏခဏ မျက်နှာသစ်ရင် မျက်နှာမှာရှိတဲ့ ဆဲလ်တွေသေဆုံးခြင်း၊ ထိခိုက် အနာ တရဖြစ်ခြင်းတို့ကြောင့် မျက်နှာအသား နီကြောင်ကြောင်၊ ထူအမ်းအမ်း အထိဖြစ်နိုင်ပါတယ်။
- မျက်နှာသစ်တဲ့အခါ မိတ်ကပ်၊ ဖုန်၊ အဆီ စတဲ့ အညစ်အကြေးတွေနဲ့ ချွေးပေါက်ထဲမှာ ပိတ်နေတာတွေ ကို ရေနွေးနွေးလေး  သုံးပြီး စင်ကြယ်အောင် လုပ်နိုင်ပါတယ်။
- ချွေးပေါက်ကျယ်နေခြင်းကို ကာကွယ်ချင်ရင် (၀ါ) ကုသချင်ရင်မျက်နှာသစ်အပြီး ခြောက်သွေ့နေတဲ့ မျက်နှာပေါ်မှာ Toner သုံးရပါ မယ်။ Toner ဆိုတာ အသားအရေကို ကြည်လင်စေသည့် (၀ါ) ကျန်းမာ သန်စွမ်း စေသော လိမ်းဆေး လို့ဆိုပါတယ်။Toner က ချွေးပေါက်တွေကိုး ကျဉ်းစေပါတယ်။

(၂) နေ့စဉ် ရေဓာတ်ဖြည့်ခြင်း – daily moiturizing.
ခြောက်သွေ့ တဲ့အသားအရေမှ မဟုတ်ပါဘူး အဆီပြန်တဲ့ အသားအရေလည်း ရေ ဓာတ် လိုအပ်ပါတယ်။ အချို့သော moiturizer အမျိုးအစားတွေမှာ ရေဓာတ်အပြင် အသား အရေ အတွက်လိုအပ်တဲ့ ဗီတာမင် တွေပါ ပါဝင်နေတတ်တာမို့ အသားအရေကို အစာကျွေး ပြုစု စောင့်ရှောက်ခြင်းပဲဖြစ်ပါတယ်။
မိမိအိမ်တွင်း မီးဖိုချောင်သုံး အသီးအနှံဖြင့်လည်း Moisturizer အဖြစ် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ သခွားသီးကို ပါးပါးလှီးကာ ရေခဲသေတ္တာတွင် ခေတ္တထား၍ မျက်နှာ ပေါ်တွင် အလွှာလိုက် ကပ်ထားပြီး ၁၅မိနစ်မှ နာရီဝက်ထိ ထား၍ ရေစင်စင်ဆေးပါ။
မျက်လုံး ပတ်ဝန်းကျင် အရေပြားများကို အထူးဂရုစိုက်ချင်ရင် (၀ါ) မျက်ဝန်းတစ်ဝိုက် မျက်သားများ ဇရာ ကြောင့် ဖောင်းအိကျ မလာစေရန် အသက် ၄၀ အရွယ်မှ စတင်၍ မျက်ဝန်း အတွက် သီးသန့် ဖော်စပ် ထားတဲ့ မျက်ဝန်းဆေး Eye Cream ကို စတင် လိမ်းသင့်ပါ တယ်။ လည်ပင်းအတွက် Neck Creamကို လိမ်းပြီ၊ ခြေလက်တို့ကိုတော့ Body Lotion ကို လိမ်းသင့် ပါတယ်။
နောက် မိတ်ကပ် (၀ါ) ခရင်ပတ် (၀ါ) သနပ်ခါး စသည် မိမိလိမ်းနေကျ ကြိုက်နှစ် သက်ရာကိုအပေါ်မှာထပ် လိမ်းနိုင်ပါတယ်။ Cream ခံပြီးသနပ်ခါးလိမ်းရင် သနပ်ခါးပို ညီ ပါတယ်၊ ချွေးထွက်ရင်လည်း ချွေးပေါက် တွေကို သနပ်ခါးပေါ်မှာ မတွေ့ရပါဘူး။ ဒါကြောင့် အပြင်သွားတဲ့အခါ သနပ်ခါးအောက်ခံအဖြစ် Cream လိမ်းသင့်ပါတယ်။
ညနေဘက်မှာတော့ တစ်နေ့လုံး လိမ်းခြယ် ထားတာတွေကို ဖယ်ရှား သန့်စင်နိုင်ရန် အတွက် Cleansing Cream လိမ်းပြီး ဖျက်စေ ချင်ပါတယ်။ မျက်ဝန်း၊ နှုတ်ခမ်းနီ အတွက် တော့ Eye & Lip Remover ကို အသုံးပြုရပါမယ်။ ညအိပ်ရာ ၀င်ခါနီး အချိန်၌ ရေချိုး သန့် စင်ပြီးလျှင် နောက်ဆုံးအကြိမ် အဖြစ် အိပ်စက် အနားယူခြင်း မပြုမီ အာဟာရဓာတ် ပြည့်ဝတဲ့ Age Lift Night Cream ကို လိမ်းခြင်း အားဖြင့် အသား အရေကို ပျိုမြစ်မှု ရှိစေရန် ဖန်ဆင်း ပေးမှာ ဖြစ်ပါတယ်။
- ဘယ်လို အသားအရေ အမျိုးအစားမဆို အစိုဓာတ်ဖြည့်ခြင်းကို လုပ်သင့်ပါတယ်။
- အသားအရေဟာ အစိုဓာတ် ပြည့်ဝနေမှ စိုပြေ လှပ နေမှာ ဖြစ်ပါတယ်။
- အစိုဓာတ် ဘယ်လောက် ဖြည့်ရမယ်ဆိုတာကို အသားအရေ ကပြောပြပါလိမ့်မယ်။    အသားအရေ ကခြောက်သွေ့တင်းမာနေပြီ ဆိုရင် အစိုဓာတ် လိုအပ်တဲ့ လက္ခဏာပါ။
-  ဒါပေမယ့် အစိုဓာတ် ဖြည့်ဆေးတွေကို အလွန်အကျွံ သုံးမိရင် ချွေးပေါက်တွေ ပိတ်ပြီး ၀က်ခြံတွေ ဖြစ်လာနိုင်ပါတယ်။(တန်ဆေး၊လွန်ဘေး)။

(၃) နေ့စဉ် နေရောင်ခြည်မှကာကွယ်ခြင်း -daily protection from sun.
မိနစ်အနည်းငယ်မျှကြာတဲ့ နေရောင်ကြောင့်ပျက်စီးသွားတဲ့ အသားအရေကို ပြန် လည် တည်ဆောက်ဖို့ အချိန်ရော ပိုက်ဆံရော အများကြီး ကုန်နိုင်ပါတယ်။ ဒါကြောင့် အသားအရေနဲ့ နေရောင်ခြည်တိုက်ရိုက် ထိခြင်းမှ ကာကွယ်နိုင်ရန် နေပူထဲသွားလျှင် ထီး ဆောင်းခြင်း၊ အပြင်ထွက်လျှင် မျက်နှာပေါ်တွင် သနပ်ခါး ထူထူလိမ်းခြင်း (၀ါ) sun cream လိမ်းခြင်း၊ တို့ဖြင့် ကာကွယ်ပါ။ အရောင်ရင့်များ အထူးသဖြင့် အနက် ရောင်က နေရောင်ခြည် ကိုအများကြီး စုပ်ယူ တာကြောင့် နေပူထဲသွားတဲ့အခါ အနက်ရောင်ထီးဆောင်း သင့်ပါတယ်။ အ၀တ်အစားကိုတော့ အရောင်ဖျော့ဖျော့ဝတ်သင့်ပါတယ်။ အနက်ရောင်ဝတ်ရင် အသားထဲ ကို နေရောင်ခြည် အများကြီး စုပ်ယူမှာ ဖြစ်ပါတယ်။  အရေးအကြောင်းတွေ  ဖြစ်ပေါ်ခြင်းရဲ့ နံပတ် (၁) အကြောင်းက နေလောင်ခြင်း ကြောင့်ဖြစ်ပါတယ်။

(၄) အပတ်စဉ် ဆဲလ်သေများ၊ အထူးသဖြင့် နှာခေါင်းမှ ဆားဝက်ခြံများကို ဖယ်ရှားခြင်း -weekly exfoliation.
အပတ်စဉ် မျက်နှာကို မျက်နှာသုတ်ပုဝါအနုစား (၀ါ) facial brush (၀ါ) scrub facial foam နဲ့ ဆေးကြော ခြင်းဖြင့် ဆဲလ်သေများ၊ ဆားဝက်ခြံများကို ဖယ်ရှားနိုင် (exfoliation) ပါတယ်။ Exfoliate လုပ်ခြင်းဖြင့် အသားအရေကို ညစ်နွမ်းစေတဲ့ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးလို့ အသားအရေ ကြည်လင် လှပစေပါ တယ်။ (အပတ်စဉ်သာပြုလုပ်သင့်တာကို တော့ သတိထားမိ စေချင်ပါတယ်။)

အထူးအရေးကြီးသော အရွယ်တင်စေသည့် လှို့ဝှက်ချက်များ။
(က) မျက်နှာသစ်တဲ့အခါ နှဖူးကနေအောက်ကိုအတင်းပွတ်ချတာမျိုးမလုပ်ပါနဲ့ ပါးရေတွန့် လွယ်ပါ တယ်။ မျက်နှာခြောက်အောင်သုတ်တဲ့အခါ နုညံ့တဲ့မျက်နှာသုတ်ပုဝါနဲ့ တို့ပတ် တို့ သလိုမျိုး သုတ်ပါ။ ဒါမှမဟုတ် အောက်မှ အထက်သို့ပင့် သုတ်ပါ။ ဒီအချက်တွေက နှစ်ကြာ လာတာနဲ့အမျှ ပိုသိသာ လာပါတယ်။ တစ်နေ့ အနည်းဆုံး ၂ ခါ မျက်နှာကို အောက်ဆွဲချသူ နဲ့ အပေါ်ပင့်တင်သူဟာ တစ်နှစ်မှာ အနည်းဆုံး အကြိမ် ၇၀၀ ကျော် အသက် ၄၀ ဆိုရင် ၂၈.၀၀၀ ကျော်ကွာသွားလို့ပါးရေတွန့်တာလည်းသိသိသာသာကွာသွားပါတယ်။

(ခ) မျက်နှာအလှချယ်ဖို့ ပူတဲ့ရာသီဥတုမှာ သဘာဝသနပ်ခါးလိမ်းတာအကောင်းဆုံးပါပဲ။ သနပ်ခါးက ရေနဲ့ ဖျော်ထားတာမို့ လိမ်းတဲ့အခါ အတင်းဆွဲလိမ်းဖို့မလို လို့ ပါးရေတွန့် နည်း စေပါတယ်။ အေးတဲ့ ရာသီတွေ မှာ၊ ဒါမှမဟုတ် မိတ်ကပ်လိမ်းမယ်ဆိုရင် ရေဖျော်ပစ္စည်း (lotion) တွေက ပိုကောင်းပါတယ်။ အဆီနဲ့ ပျစ် နေတဲ့ cream တွေက အရေပြားပေါ်မှာ ပွတ်ဆွဲရတာမို့ နှစ်ကြာလာတဲ့အခါ ပါးရေ ပိုတွန့်လာပါတယ်။
cream ကိုလိမ်းမယ်ဆိုရင် ပါးအတွက် နှခေါင်းနဲ့ပါးစပ်ဘေးကနေ နားရွက်ဆီသို့ ပင့်ပြီး လိမ်းပါ၊ နှဖူးအတွက် အလယ် ကနေ ဘေးတစ်ဘက်တစ်ချက်ကို လိမ်းပါ။ လည်းပင်းကို အောက်မှ အပေါ်သို့ ပင့်လိမ်းပါ။ လက်လိမ်းတာ၊ ရင်ပတ်လိမ်းတာများမှာလည်း အောက်က အပေါ်သို့ ပင့်တင်ပြီး လိမ်းပါ။

(ဂ) မျက်မှောင်ကျုံ့ခြင်း။ အလကားနေရင်းမျက်မှောင်ကျုံ့မထားပါနဲ့။ မျက်မှောင်ကျုံ့ခြင်းဖြင့် နဖူးမှာ ကန့်လန့် အရေးအကြောင်းတွေ မြန်မြန်ပေါ်စေပါတယ်။ မျက်မှောင်ကျုံ့တတ်တဲ့သူတွေ သတိထားပြီး ဖြေပေးပါ။ အကျင့်ရလာရင် တမင်လုပ် စရာမလိုတော့ပါဘူး။
Wear smile and have friends; wear a frown and have wrinkles.
ပြုံးရယ်ခြင်းဖြင့်မိတ်ဆွေပွားပါ။ မျက်မှောင်ကျုံ့ခြင်းဖြင့်ပါးရေးတွန့်ရာများ ပွားပါ။

မျက်နာမှာနေလောင်ထားလျှင်။
ခရီးသွားလို့ မျက်နှာမှာအနီကွက်လေးတွေပေါ်လာပြီး အချိန်ကြာလည်း မပျောက်ဖြစ် နေလျှင် သနပ်ခါး စစ်စစ်လေးပုံမှန်လိမ်းပါ ပါးသွား ပျောက်သွားပါတယ်။

ကမ်းစပ်ကိုသွားတဲ့အခါ
ပင်လယ်ရေပြင်ကို ထိပြီး ပြန်ကန် ထွက်လာတဲ့ နေရောင်ခြည်ဟာ အသားပေါ် တိုက် ရိုက်ထိရင် သာမန် နေရောင်ထက် အဆများစွာ ပိုပြင်းထန်တာကြောင့် ခဏတွင်းမှာ အသား မည်းခြင်းအပြင် နောက်ဆက်တွဲ အနေနဲ့ အရေပြားကင်ဆာ ဖြစ်မှာကိုပါ စိုးရိမ်ရ ပါတယ်။
ဖြူဖွေးသော အသားအရေရှိသူများ၏ အရေပြားမှာ Melanin ခေါ် အရောင်ဓါတ် နည်းပါး တဲ့ အတွက် အသားညိုသူများထက် ပိုပြီး အရေပြားပျက်စီးလွယ်သလို အသားအရေ တွန့်ခြင်း၊ အရေပြားကင်ဆာ ဖြစ်ခြင်း လည်း ပို များပါသည်။ နေရောင်ခြည်ကြောင့် အရေပြားတွန့်ခြင်းမှ ကာကွယ်ရန်အတွက် အထူး သဖြင့် မနက် ၁၀ နာရီမှ ညနေ ၄နာရီထိ နေပူထဲသို့ ထွက်ခြင်းကို ရှောင်ကျဉ်ပါ။ အဲ့ဒီချိန်မှာ ခရမ်းလွန် ရောင်ခြည် ဖြာထွက်မှု အပြင်းထန်ဆုံး အချိန်ဖြစ်ပါတယ်။
ပင်လယ်ရေမှာ ပါလာတဲ့ဆားဓါတ်က ခန္ဓာကိုယ်က ရေဓါတ်ကို စုပ်ယူလို့ အသားအရေကို လည်းခြောက် သွေ့ စေပါတယ်။ ဒါကြောင့် ကမ်းစပ်ကို သွားရင် ရေစိုခံ နေရောင်ခြည်ကာ (water proof sunscreen) ခရင်မ်ကို သုံးသင့်ပါတယ်။
၁၊ ရေစိုခံ နေရောင်ခြည်ကာ ခရင်မ် တစ်မျိုးမျိုးကို နေပူထဲ မထွက်ခင် မိနစ် ၂၀ ကြို လိမ်းထား ရပါမယ်။ နောက် ရေထဲဆင်းပြီး ပြန်တက်လာတဲ့ အခါလည်း လိမ်းပေးရပါမယ်။
၂၊ ဆံပင်နဲ့ မျက်နှာပြင်ကို ကာကွယ်ဖို့ ဦးထုပ်ကြီးကြီးကို တတ်နိုင်သမျှ များများ ဆောင်းပေး ပါ။ ( အတတ်နိုင်ဆုံး အရိပ်မှာ နေပါ)။
၃။ ရေကူးပြီးရင် ရေသန့် (ချိုးရေ ) နဲ့ ပြန်ချိုး ဖြစ်အောင် ချိုးပါ။
၎။ ရေချိုးပြီးတာနဲ့ လိမ်းနေကျ လိုရှင်း တခုခုကို လိမ်းပေးပါ။ ( သနပ်ခါးက မြန်မာတစ်နိုင်ငံ မှာပဲ ရနိုင်တဲ့ အသားအရေအတွက် အကောင်းဆုံးသော မြန်မာထုတ် လိုရှင်း စစ်စစ်ပါ၊ နေရောင်ဒဏ်ကို အပြည့်အ၀ ကာကွယ်ပါတယ်)။

မျက်နှာပြင်ကိုသာ ထိန်းသိမ်းစောင့်ရှောက်ပြီး ခြေထောက်နှင့်လက် များကို ဂရုစိုက် မစိုက်ရင်၊ခြောက်သွေ့ အက်ကွဲပြီး ညစ်ပေနေတဲ့ မသပ်မရပ် ခြေလက် အစုံက ယုယစွာ ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ မျက်နှာ အလှကို အလဟဿသာ ဖြစ်သွားစေပါလိမ့်မည်။
ဒါကြောင့် ခြေလက် အစုံကို ၁၅ မိနစ်မှ မိနစ် ၂၀ အထိ ရေထဲတွင် နှစ်၍ စိမ်ပါ။ ဆားအနည်းငယ်ကိုရေထဲ ထည့်ပါ။ ရေအေးတွင် ၂မိနစ် ရေပူတွင် ၂မိနစ် အလှည့်ကျ ပြောင်း စိမ်ပေးခြင်းဖြင့် သွေးလှည်ပတ်မှုကို ကောင်းစေပါသည်။ တစ်ပတ်လျှင် တစ်ကြိမ်၊ တစ်ကြိမ် လျှင် ၁၅ မိနစ်ခန့် ပြုလုပ် ပေးသင့်ပါသည်။
ရေစိမ်ပြီးလျှင် ခြေလက်ရှိအသားမာများနှင့် လက်သည်းခြေသည်းများ အထူးသဖြင့် အသက်အရွယ်ကြီး သူများတွင် ပျော့ပြောင်းသွားပါတယ်။ အဲ့ဒီအခါ အသားမာများ လှီးဖြတ် ခြင်း၊ လက်သဲခြေသဲဖြတ်ခြင်း၊ လက်သည်းများကို သွားပွတ်တံ အဟောင်းဖြင့် ပွတ်တိုက်ခြင်းဖြင့် ခြေလက်များသန့်ရှင်း လှပပြီး လက်စွယ်၊ ခြေစွယ်၊ငုတ်ခြင်းများမှလည်း ကာကွယ် နိုင်ပါတယ်။
နွေရာသီလို ပူအိုက်တဲ့ရာသီများမှာ လေ၀င်လေထွက် ကောင်းသော ပိတ်ထည်များနှင့် ခြေညှပ် ဖိနပ်အပါး များကိုသာ ရွေးချယ် စီးသင့် ပါတယ်။

အထက်မှာဖေါ်ပြခဲ့တာတွေအားလုံးက ဥတုကိုပြင်ဆင်တာဖြစ်ပါတယ်။ အားလုံးသိကြတဲ့ အတိုင်းရုပ်တစ်ခု ဖြစ်တဲ့ အသားအရေကို ပြုပြင်ထိမ်းချုပ်တဲ့ အကြောင်းကလေးပါး ပါ။ (ကံ၊ စိတ်၊ဥတု၊အာဟာရ) တို့ဖြစ်ပါ  တယ်။ ပြင်စရာ အကြောင်းသုံးပါးကျန်ပါသေးတယ်။
ကံအနေနဲ့ဆိုရင် ရှေးရှေးက ကံဟောင်းတွေကိုပြင်လို့ မရပေမဲ့ ယခုပစ္စုပ္ပန်ကံတွေ ကိုတော့ကောင်းအောင် ပြင်နိုင်ပါတယ်။ ကံကောင်းအောင်လို့ ကုသိုလ်အလုပ်တွေ တတ် နိုင်သမျှ လုပ်ဖြစ်အောင် လုပ်ဖို့ သတိထားပြီ၊ အကုသိုလ်အလုပ်တွေတတ်နိုင်သမျှ မလုပ်ဖြစ် အောင်သတိထားပြီ ရှောင်ရှားရပါမယ်။

စိတ် အနေနဲ့က ပိုပြီး သိသာပါတယ်။ စိတ်ဆိုးနေ၊ ဒေါသထွက်နေတဲ့အခါ ဘယ်လို ခေတ်မှီ အလှပြင် ပစ္စည်းတွေ နဲ့ပဲပြင်ထားထား၊ Plastic surgery ပဲလုပ်ထားထား မလှပနိုင် ပါဘူး။ သတ္တ၀ါတွေအပေါ်မှာ မေတ္တာ ပွါးနေတဲ့အချိန်ဆိုရင်တော့ ဘာမှ မလိမ်းမချယ်ထားတဲ့ အကျီးတန် အရုပ်ဆိုးတဲ့သူတောင် မျက်နှာလေးနုညံ့ပြီး ချစ်ခင်စရာ ဖြစ်နေတာ အားလုံးသတိထား မိကြမှာပါ။ ဒါကြောင့် ကိုယ့်မျက်နှာလေး လှပနေစေချင်တယ် ဆိုရင်တော့ မေတ္တာ ဘာဝနာကို တတ်နိုင်သမျှပွါးနေဖို့ပါပဲ။

အာဟာရအနေနဲ့ အသားရေ လှပစေတဲ့ အစားအစာတွေကတော့ အရည်ရွှမ်းတဲ့အသီးအနှံနှင့် ဗိုက်တာမင် ဒီ ပါဝင်သော အစားအစာများ ဖြစ်ပါတယ်။ နွေရာသီလို ရေဓါတ် ပိုလိုတဲ့အချိန်မျိုးမှာ ရေများများ သောက် ပေး ရပါမယ်။ ပြုပြင်ထားသော အချိုရည်များ ထက် သဘာဝသစ်သီး ဖျော်ရည်များကို တတ်နိုင်သမျှ များများ သောက်သုံး သင့်ပါသည်။

အားလုံး လှပ လန်းဆန်းတဲ့ မျက်နှာပိုင်ရှင်တွေဖြစ်ပြီး သံသရာပါလှပစေမဲ့ ကုသိုလ်တရားတွေ စုဆောင်း နိုင်တဲ့သူတွေဖြစ်ကြပါစေ။

ကျမ်းကိုး
၁။နေ့စဉ် အသားအရေ ကာကွယ် စောင့်ရှောက် ခြင်း အလေ့အကျင့် (skin care regime) by ကဗျာ။ http://shwebeauty.com/
၂။ အခြေခံ အသားအရေ ထိန်းသိမ်းခြင်း (၄)ဆင့် http://www.myanmarskylink.com/
၃။ ငွေကြယ်ပွင့်တို့ရဲ့ အသားအရေထိန်းသိမ်းနည်း လျှို့ဝှက်ချက်များhttp://www.thanakharmay.com/
၎။ မျက်နာမှာနေလောင်ထားလျှင်။ http://planet.com.mm/
၅။ ကမ်းစပ်ကိုသွားတဲ့အခါအသားအရေမပျက်စီးရအောင် http://weekeebimber.blogspot.com/
၆။ အသက်၄၀ ၀င်လာလျှင် by ဆူးနှင်းဆီ http://www.paephuhlwarmagazine.asia/
၇။ နွေရာသီမှာ အသားအရေ ထိန်းသိမ်းစောင့်ရှောက်ဖို့၊ချော(အစိမ်းရောင်လွင်ပြင်)။

5 comments:

  1. အမှတ်တမဲ့ရောက်လာပြီးကောင်းတဲ့စာပေတွေဖက်ရှုခွင့်ရလိုက်ဘာတယ်..
    ကျွန်တော်ကခရစ်ယာန်တစ်ယောက်ဘာ..ခရစ်ယာန်မဂဇင်းထုတ်မလားလို့စိတ်ကူးမိတယ်..ကျန်းမာခြင်းအကြောင်းတွေဘာထည့်ရေးခြင်တယ်..
    အမရဲ့ဆိုက်ကကျန်းမာခြင်းအကြောင်းတွေကိုထည့်သုံးလို့၇မလားခင်ဗျာ
    my mail is milliontint@gmail.com

    ReplyDelete
  2. ရပါတယ်။ ဘယ်လူမျိုး၊ဘယ်ဘာသာမှလို့မသတ်မှတ်ပါဘူး။ ဘယ်သူ့အတွက်ဖြစ်ဖြစ်အကျိုးရှိမယ်ဆိုရင်
    အသုံးပြုနိုင်ပါတယ်။ ကျမရေးတဲ့ဆောင်းပါးတွေမှာ ကျမယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်တွေနဲ့တူညီတာရှိရင်တော့ ကျမထည့်ရေးလေ့ရှိပါတယ်။

    ReplyDelete
  3. ကျွန်တော့်မျက်နှာကအဆီအရမ်းပြန်ပါတယ်
    (ဒီအတိုင်းနေရင်ကို၊ပူအိုက်ရင်ပိုထွက်ပါတယ်)
    ကျွန်တော့်သူငယ်ချင်းတွေကြားမှာမျက်နှာငယ်ရပါတယ်

    ကျွန်တော်ဘယ်လိုနေထိုင်ရမယ်ဆိုတာနဲ့ဘယ်လိုမျက်နှာသစ်ဆေးသုံးသင့်တယ်ဆိုတာလေးဖြေကြားပေးပါ ဆရာမ
    ကျေးဇူးတင်လျက်

    ReplyDelete
  4. ဆပ်ပြာ ရိုးရိုးက costic soda တွေပါတဲ့ အတွက် အဲ့ဒီဆပ်ပြာနဲ့သစ်လေ အဆီထွက်လေပါပဲ။ ဆပ်ပြာမပါတဲ့ မျက်နှာသစ်ဆေးတွေရှိပါတယ်။ အဲ့ဒါနဲ့သစ်ပါ။ မြန်မာပြည်မှာ ဘယ်လိုမျိုး ရှိမှန်းမသိလို့ အတိအကျမပြောနိုင်ပါ။ အလှကုန်ေ၇ာင်းတဲ့ဆီမှာမေးလို့ရပါတယ်။ နောက်ပြီး မျက်နှာကို အဆိုဓါတ်ပေးတဲ့ moisture cream လိမ်းပေးပါ။ အဆီထွက်ပေမဲ့ အဆိုဓါတ် လိုအပ်ပါတယ်။ မျက်နှာ ခဏ ခဏ မသစ်ပါနဲ့ အဆီပြန်ရင် လက်ကိုင်ပုဝါနဲ့ သုတ်ပေးပါ။ မျက်နှာကို မနက်တစ်ခါ၊ ညအိပ်ရာဝင်တစ်ခါသာ ဆပ်ပြာမပါတဲ့ ဆေးရည်နဲ့သစ်ပြီး (ဆေးရည်မရှိရင် ရေနဲ့ပဲသစ်ပါ). moisture cream လိမ်းပါ။

    ReplyDelete
  5. အဆင်ပြေမယ်လို့ထင်ပါတယ်။ အဆင်ပြေပါစေ။

    ReplyDelete