လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Sunday, April 29, 2012

ဦးအေး (où est) = ဘယ်မှာလဲ။








 မြန်မာများအတွက် အလွန်အသုံးဝင် ပြီးမှတ်ရလွယ်တဲ့ ပြင်သစ်စကား (၁၄) ခွန်း။

၁။ ဦးအေး (où est)  = ဘယ်မှာလဲ။
ဥပမာ Eiffel Tower ဘယ်မှာလည်းဆိုရင် ဦးအေး Eiffel Tower ?  လွယ်တယ်နော်။

၂။ excuse me = excusez-moi. excuse စေ မွါး။ လို့ပြောရုံပါပဲ။

၃။ pardon  = pardon  အဓိပ္ပါယ်ရော်၊ စာလုံးပေါင်းရော်တူပါတယ်။ ဒါပေမဲ့ ပြင်သစ်လို
ပါတုံး လို့ အသံထွက်ပါတယ်။

၎။ မဲဆီ (merci) ။ အမဲဆီကိုမှတ်ထားရုံပါပဲ။ ဒါပေမဲ့ ဖြုတ်ဖို့တော့မမေ့ပါနဲ့။ မဲဆီ ဆိုတာ ကျေးဇူးတင်ပါတယ်တဲ့။

၅။ ဆီဘူးပေး။ ကိုမှတ်ထားပြီး ဆီဗူးပလေး (S`il vous plait) အတိုကောက်အနေနဲ့ SVP လို့ရေးပါတယ်) လို့ပြောရင် Please ကျေးဇူးပြုပြီးလို့ အဓိပ္ပါယ်ရပါတယ်။

၆။ Bon jour = good day ဘုံးဂျုး လို့ အသံထွက်ပါတယ်။ တစ်နေ့လုံး သုံးပါတယ်။ စားသောက်ဆိုင်ဖြစ်ဖြစ်၊ အလုပ်ဌာနဖြစ်ဖြစ်သွားရင်၊ ဒါမှမဟုတ် လမ်းမှာလမ်းမေးချင်ရင် ဘုန်ဂျုး လို့အရင်ပြောပြီးမှ ကိုယ် လိုတာပြောရပါတယ်။ နို့မို့ဆိုရင် ရိုင်းတယ်လို့ ယူဆပြီး၊ ပြန်မဖြေတာ၊ မရောင်းတာ၊မျက်နှထားနဲ့ ဘုန်ဂျုး  လို့ပြန်ပြောတာခံရပါတယ်။

၇။ Je voudrais = I would like to၊ ဂျဲဗူးဒဲ လို့ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကသူငယ်ချင်း
တစ်ယောက် ပြင်သစ် sponsor နဲ့ရောက်လာပါတယ်။ သူမ လိုချင်တာတွေ ဂျဲဗူးဒဲ ပြော ပြော ပြီးတောင်းတာ နောက်ဆုံး သူမရဲ့ ပြင်သစ် ပရောဖက်ဆာက နင့်ရဲ့ ဂျဲဗူးဒဲ ကိုငါကြောက်လာပြီး လို့ပြောပါတယ်။

၈။ combine = How much. ကုံးဗျမ်း

၉။ price = prix ပရီ  လို့ပြောပါတယ်။

၁၀။ base un peau= ဘေစေ အန်ပူ။ ဈေးနည်းနည်းလျော့ပါ။

၁၁။ ဓါးရန် ( de rien = you are welcome) = ကိစ္စမရှိပါဘူး။
၁၂။ ပါ ထဲ ပရော်ဘလန် pas de problème = no problem. ပြဿနာမရှိပါဘူး။

၁၃။ ကုံးမွန် တာလေ ဗူး။ Comment allez vous ? = How do you do?
 
၁၄။ ဗာ (ça va ) = ok ပါတယ်။


Friday, April 27, 2012

ဘုရားကန်တော့တာနဲ့ ဘုရားရှစ်ခိုးတာဘာကွာသလဲ?

ဘုရားကန်တော့တယ် ဆိုတာ အပြစ်များပပျောက်အောင်တောင်းပန်ခြင်း။ သြကာသ အစရှိတာက ဘုရားကန်တော့ဖြစ်ပါတယ်။

ဘုရားရှစ်ခိုးတယ် ဆိုတာ ဘုရားရှင်၏ဂုဏ်တော်များအားအာရုံပြုရွတ်ဆိုခြင်း ဖြစ်ပါတယ်။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဆိုတာ နတ် () ပါးနှင့် ပညာရှင် များရှစ်ခိုးသောဘုရားရှစ်ခိုးဖြစ်ပါတယ်။။

ဘဂ၀တော = ဘဂ၀ါဂုဏ်ရှင်ဖြစ်တော်မူသော
အရဟတော = အရဟံဂုဏ်ရှင်ဖြစ်တော်မူသော
သမ္မာသမ္ဗုဒ္ဓဿ = သမ္မာသမ္ဗုဒ္ဓဿဂုဏ်ရှင်ဖြစ်တော်မူသော
တဿ = ထိုမြတ်စွာဘုရားအား
နမော = ရိုသေမြတ်နိုးအကျွန်ပ်ရှစ်ခိုးပါ၏။
ဂါထာ
သာတာဂိရိ နမော ယက္ခော၊တဿ အသုရိန္ဒကော၊
ဘဂ၀တော မဟာရာဇာ၊သက္ကော အရဟတော တဿ။
သမ္မာသမ္ဗုဒ္ဓဿ ဗြဟ္မာ၊ ဧတေ ပဉ္ဇ နမဿန္တိ။

နတ် () ပါးနှင့်ပညာရှင်များမှာ-
၁။ သာတာဂိရိနတ် = နမော
၂။ အသုရိန်နတ်မင်း = တဿ။
၃။ စတုမဟာရာဇ်နတ်မင်း = ဘဂ၀တော။
၎။ သိကြားမင်း = အရဟတော။
၅။ သဟမ္ပတိဗြဟ္မာမင်း= သမ္မာသမ္ဗုဒ္ဓဿ။
ဟုဆိုခဲ့သည်ဟု မှတ်သားဖူးပါတယ်။

၁။ ဗိမ္မိဿာရမင်း။
၂။ ပေဿနဒီကောသလမင်း။
၃။ ဗြဟ္မယုပုဏ္ဏား။
၎။ ပေါက္ခရသာတိပုဏ္ဏား။
၅။ ဇာဏုေဿာဏိပုဏ္ဏား။
၆။ အရိယာဓနဉ္ဇာနီပုဏ္ဏားမ။ တို့က နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ဆိုကာ ဘုရားရှစ်ခိုးခဲ့တယ်လို့ ဆိုပါတယ်။။


အရဟံ ဆိုတာ ဘုရားဂုဏ်တော် တွေကိုရည်မှန်းတာမို့ ဘုရားရှစ်ခိုးဖြစ်ပါတယ်။                   

အရဟံ၏ အဓိပ္ပါယ် () မျိုး။
၁။ အရဟံ = သုံးလုံးဝလုံး တပေါင်းတည်းယူသောနည်း။
မြတ်စွာဘုရား၏သဏ္ဍန်တွင်လောဘ၊ဒေါသ၊မောဟ အစရှိသောကိလေသာများ၊ ၀ါသနာနှင့်တကွ
လုံးဝကင်းစင်ပါပေသည်။                                                                   
၂။ အရဟံ = အတွင်းကိလေသာများကိုသတ်ဖြတ်ပြီးသောကြောင့် အရဟံမည်ပါပေသည်။
၃။ အရ-ဟံ = ရှေ့ကနှစ်လုံးတွဲယူသောနည်း။ သံသရာဘ၀စက်၏ ဆယ်ပါသောဒေါက်
အကန့်တို့ကိုပယ်ဖျက်တော်မူပြီးသောမြတ်စွာဘုရား။
၎။ အ-ရဟံ = လူမင်းနတ်မင်းတို့၏ပူဇော်အထူးကိုခံယူထိုက်ပါပေ၏။                                         
၅။ အ-ရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရား။



ဘုရားရှိခိုးတယ်ဆိုတာ ကမ္မဋ္ဌာန်းတရား(၄၀)အနက် ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်း ခြင်း လည်းဖြစ်။ ဗုဒ္ဒနုဿတိကမ္မဋ္ဌာန်းဆိုတာ ဘုရားရှင်ရဲ့ဂုဏ်တော်ကို စိတ်ဖြင့် အဖန်တလဲလဲ ဆင်ခြင်ခြင်းဖြစ်တယ်။ သို့သော် ဗုဒ္ဓဂုဏ်တော်ဆိုတာ အလွန်နက်ရှိုင်းတယ်။ ဂုဏ်တော်ကို မကျက်မှတ် မရွတ်ဆိုဘဲ စိတ်ဖြင့် ဆင်ခြင်ဖို့ မလွယ်ကူဘူး။ ဒါကြောင့် ဘုရားရှင်ရဲ့ ဂုဏ်တော် တွေကို ဦးစွာရအောင်ကျက်မှတ်ရတယ်။ ကျက်မှတ်ပြီးတော့ နှုတ်ကရွတ်ဆိုရတယ်။ နှုတ်က ရွတ်ဆိုရင်း စာမှာပါဝင်တဲ့ ဂုဏ်တော်ကိုဆင်ခြင်တာကို ဗုဒ္ဒနုဿတိကမ္မဋ္ဌာန်းဘာဝနာလို့ ခေါ် ပါတယ်။

ဘုရားရှစ်ခိုးရခြင်းအကျိုး(၉)ပါး ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ(ပ)၂၀၆
၁။ ဘုရားရှင်၌ ရိုသေခြင်း၊ တုပ်ဝပ်ကျိုးနွံခြင်းရှိတယ်။
၂။(က) ရတနာသုံးပါး၌ ယုံကြည်မှု၊ ကံ-ကံ၏အကျိုး၌ ယုံကြည်မှု
          သဒ္ဓါတရားတိုးပွားလာတယ်။
    (ခ)  အမှတ်သတိကောင်းလာတယ်၊ မမေ့မလျော့ဘူး၊
          မရူးသွပ်နိုင်ဘူး၊ စိတ်ရောဂါ မဖြစ်နိုင်ဘူး။
    (ဂ) ဉာဏ်ပညာထက်မြက်လာတယ်၊ ဉာဏ်ထက်မြက်လာလို့
          စာကျက်လျှင် ရလွယ်တယ်။ စာကြည့်လျှင် မှတ်မိလွယ်တယ်။
(ဃ) ကောင်းမှုတရား တိုးပွားလာတယ်၊ ခန္ဓာကိုယ်တွင်းမှာ
       ကုသိုလ်တရားတွေ ပွါးများလာတယ်။
၃။ (က) နှစ်သက်ခြင်းပီတိတရား ဖြစ်ပွားလာတယ်။
     (ခ)  နှစ်သက်ရုံမက ၀မ်းသာခြင်း ပါမောဇ္ဇတရားလည်း တိုးပွားလာတယ်။
၎။ (က) ဘေးကြီးဘေးငယ် ရန်ကြီးရန်ငယ်တို့ကို နှိမ်နင်းနိုင်တယ်။
မဟာရာဇ၀င်မှာလာတဲ့ မိဖုရားစောလုံဟာ ဘုရားဂုဏ်တော် ထုံထားတော့ မီးမလောင်ဘူး၊ တောက်လောင်နေတဲ့မီးဟာ ငြိမ်းရတယ်။ဒါကြောင့် ဘုရားရှင်ရဲ့ ဂုဏ်တော်ဟာ ဘေးရန်အန္တရာယ်ကို သည်းခံနိုင်စွမ်းရှိတယ်။
(ခ) အကယ်၍ ဘေးရန်အန္တရာယ်နှင့် မလွှဲမရှောင်သာကြုံဦးတော့ ကြုံလာတဲ့ ဘေးရန် အန္တရာယ်ကို သည်းခံနိုင်စွမ်းရှိတယ်။
၅။ မိမိကိုယ်ကို ဘုရားဂုဏ်တော်နှင့် ထုံထားတော့ ဘုရားရှင်နှင့်အတူ နေရသလို အမှတ် ရတယ်။
၆။ မိမိခန္ဓာကိုယ်ဟာ စေတီအိမ်လိုဖြစ်ပြီး လူနတ်ဗြဟ္မာတို့ရဲ့ပူဇော်ခြင်းကို ခံယူထိုက်တယ်။
၇။ ဘုရားဂုဏ်တော်ကို အာရုံပြုရင်း ဘုရားရှင်ရဲ့ ဂုဏ်တော်များ ဤမျှကြီးကျယ် ခမ်းနား လှ ပါကလား၊ ငါလည်းဤသို့သော ဂုဏ်ပိုင်ရှင် ဘုရားဖြစ်ရန် စိတ်ညွှတ်နိုင်တယ်။
၈။ လွန်ကျူးအပ်တဲ့ ဒုစရိုက်မှုနှင့် မရှောင်သာမကွင်းသာ တွေ့ကြုံသည့်တိုင်အောင် မိမိ မျက်မှောက်မှာ ဘုရားရှင်ကို မြင်ရသလို ဖြစ်ပြီး အရှက်အကြောက်ပေါ်လာကာ ဒုစရိုက်က ရှောင်လွှဲနိုင်တယ်။
၉။ အထက်မဂ်ဖိုလ်နိဗ္ဗာန်ကို မထိုးထွင်းမသိမြင်နိုင်စေကာမူ သေသည်ရဲ့အခြားမဲ့မှာ ဒုဂ္ဂတိ ဘ၀ကို မလားနိုင်ဘူး၊ သုဂတိဘ၀ကိုသာ လားရောက်ဖို့ ရှိတယ်။

ဘုရားရှစ်ခိုးရတဲ့အကျိုးဟာ ယခုဘ၀မှာပင် ခံစားနိုင်တဲ့ အကျိုးစိတ် (၁၃) ပါးရှိတယ်။ သည် (၁၃) ပါးကို တူရာပေါင်းလိုက်လျှင် ပစ္စုပ္ပန် ဘုရားရှစ်ခိုး ရကျိုး ရှစ်ပါးရှိတယ်။ နောင်ဘ၀ သုဂတိလားရတဲ့ အကျိုးတစ်ပါး ထည့်လိုက်လျှင် ဘုရားရှစ်ခိုးရတဲ့အကျိုးဟာ ကိုးပါးရှိတယ်။

                                                                  
ဘုရားရှိခိုးရကျိုး ၉ မျိုး။
စေတီအတူ၊ စိတ်မူတည်ကြည်၊ရောက်မည်နတ်ရွာ၊
တွေ့ခါသိလွယ်၊မြတ်နွယ်အမျိုး၊ရိုးကျိုးခံရ၊ပြည့်ဝအင်္ဂါ၊
ဆင်းလှစွာနှင့်၊ကာယ ခံတွင်း၊ကြိုင်သင်းမွှေးကြူ၊
 ကြီးမူပညာ၊နက်စွာဖက်ရွှင်၊လျှင်မြန်ဆန်းကြယ်၊
ကောင်းကြွယ်စကား၊ဆိုနိုင်ငြားလည်း၊ဘုရားဂုဏ်တော်ပွါးကျိုးတည်း။

ဘုရားရှိခိုးရကျိုး ၉ မျိုး။ရှစ်လုံးဘွဲ့ကဗျာ (တည်တောဆရာတော်)
၁။ မြတ်ဘုရား၌၊ ၀တ်တွားရိုသေ။
ဒ္ဓါ၊သတိ၊ ဓိတိပုည။
နေ့စဉ်ပွါးလို့၊ပယ်ရှားကိလေ။
နှစ်သက်ခြင်း၊ရွှင်ခြင်းပါမောဇ္ဇေ။

၂။ ဘေးနှင့်ရန်မျိုး၊ပယ်ချိုးနိုင်သလေ။                                             
ဆင်းရဲကြုံလည်း၊ခံသည်းမသွေ၊
မြတ်ဗုဒ္ဓနှင့်တကွအတူနေ။                                                            
ပူဇော်ထူး၊ညွှတ်ဦးခံထိုက်ပေ။

၃။ ဗုဒ္ဓစင်စစ်၊ဖြစ်လိုက်ချင်သလေ။                                            ရှက်ကြောက်နှစ်ပါး၊ဌင်ရှားပေါ်ချေ၊                                      သေမှာမကြောက်၊ဆိုက်ရောက်နတ်ပြည်။                                   
 ရှိခိုးကောင်းကျိုးအထွေထွေ။

၎။ မြတ်ဗုဒ္ဓအား၊၀တ်တွားကော်ရော်။                                                 ရှိခိုးရကျိုး၊ကိုးမျိုးဖွင့်ဖော်။                                                           
ဝိသုဒ္ဓိကျမ်း၊ရွှင်လန်းအလျော်။                                                                                         ကဗျာဖွင့်၊ ဉာဏ်ဖြင့်ရှုကာမျှော်။

ဗုဒ္ဓနုဿတိဂုဏ်တော်ပွါးကျိုး ၁၇ မျိုး။
၁။ မိမိခန္ဓာကိုယ်အတွင်းသဏ္ဍန်သည် စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတစ်ပါးတို့၏ ရှိခိုးမှု ကိုခံထိုက်ခြင်း။
၂။ စိတ်ဓါတ်ရဲရင့်တည်ကြည်ခြင်း။
၃။သေခါနီး၌ မတွေမဝေ သေရ၍ သေသည်၏အခြားမဲ့၌ နတ်ရွာသုဂတိသို့ ရောက်ခြင်း။
၎။ နောင်အခါ ဘုရားနှင့်တွေ့ရာဝယ် သစ္စာလေးပါးကိုသိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတစ်ပါးတို့၏အရိုအသေပြုမှုကို ခံရခြင်း။
၇။ ချီးမွမ်းထိုက်သောကိုယ်အင်္ဂါနှင့်ပြည့်စုံခြင်း။
၈။ အဆင်းလှခြင်း။
၉။ ကိုယ်အနံ့ကြိုင်သင်းခြင်း
၁၀။ ခံတွင်းနံ့ပြန့်မွှေးခြင်း။ 
၁၁။ ကြီးကျယ်သောဉာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၂။ နက်နဲသောဉာဏ် ပညာနှင့်ပြည့်စုံခြင်း။
၁၃။ ထက်မြက်သော
ဉာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၄။ လျှင်မြန်သော ဉာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၅။ ရွှင်သော ဉာဏ်ပညာနှင့်ပြည့်စုံခြင်း။
၁၆။ ဆန်းကျယ်သောဉာဏ် ပညာနှင့်ပြည့်စုံခြင်း။  
၁၇။ စကားကောင်းကိုဆိုနိုင်ခြင်း။
ဘယ်ဂုဏ်ပွါး ပွါး အတူတူရရှိမည့်ကောင်းကျိုးများဖြစ်သည်။

ဝိသုဒ္ဓါရုံလင်္ကာ
၁ ။ကိလေမနှောင့်၊                                                                                                                                    ၂။ စိတ်စဉ်ဖြောင့်၏၊
၃။ ဘုန်းခေါင့်ရိုသေ၊
၎။ သဒ္ဓါစွေ၍၊
၅။ နှစ်ထွေပီတိ၊
၆။ သည်းခံချိ၏၊
၇။ စေတီပုံလား၊
၈။ ဘုရားနှင့်နေ၊
၉။ ထင်ပေဟိရောတ်၊
၁၀။ စိတ်ညွတ်ချစ်ရှင်၊
၁၁။ မဂ်စဉ်မပွား၊ နတ်ရွာလားသည်၊ဘုရားဂုဏ်တော် ပွားကျိုးတည်း။

သီးသန့်ဂုဏ်တော်ပွါးကျိုး။
၁။ အရဟံဂုဏ်တော်ပွါးလျှင် ဘေးရန်ကင်းခြင်း၊ ကျန်းမာခြင်း၊ လာဘ်လာဘပေါများခြင်း အကျိုးသီးသန့်ထပ်ရသည်။
၂။ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပွါးလျှင် စိတ်ရွှင်လန်းခြင်း၊ဉာဏ်ပွင့်ခြင်း၊စာမေးပွဲအောင်ခြင်း အကျိုးသီးသန့်ထပ်ရသည်။
၃။ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော် ပွါးလျှင်ဝိဇ္ဇာပညာ၊အသက်မွေးအတတ်ပညာများပြိုင်ဘက်မရှိ တတ်မြောက်နိုင်သည့်ကောင်း ကျိုးကို သီးသန့်ထပ်ရသည်။
၎။ သုဂတဂုဏ်တော် ပွါးလျှင် စကားစစ်ထိုးခြင်း၊အမှုအခင်း၊အရောင်းအ၀ယ်၊အရေးတကြီးကိစ္စ
ပြောဆိုခြင်းများ၌အောင်မြင်ခြင်း ကျိုးကို သီးသန့်ထပ်ရသည်။
၅။ လောက၀ိဒူ ဂုဏ်တော် ပွါးလျှင် လောကရေး၊လူမှုရေးရာအဖြာဖြာနှင့် လူကဲကို ရှင်းရှင်းလင်းလင်းပိုင်ပိုင်နိုင်နိုင်သိနိုင်ခြင်းကောင်းကျိုးကို သီးသန့်ထပ်ရသည်။
 ၆။ အနတ္ထရောပုရိသဒမ္မသာရထိဂုဏ်တော် ပွါးလျှင်နတ်လူတို့အလယ်တွင်ကျောဇောသတင်း ပျံ့နှံ့ခြင်း၊ရှိခိုးပူဇော်ခံရခြင်းးကောင်းကျိုးကို သီးသန့်ထပ်ရသည်။
၇။ သတ္တဒေ၀မနုဿာနဂုဏ်တော်ပွါးလျှင်နှတ်စလျှာစထက်မြက်၍ဆိုတိုင်းရ၊ကြံတိုင်း အောင်မြင်ခြင်း ကောင်းကျိုးကို သီးသန့်ထပ်ရသည်။စိတ်ဝေဒနာသည်များဤ ဂုဏ်တော် ရေမန်းတိုက်လျှင်ပျောက်သည်ဟုဆိုကြသည်။
၈။ဗုဒ္ဓေါဂုဏ်တော် ပွါးလျှင် ဘေးဆိုးရန်ဆိုးကြမ္မာဆိုးအမျိုးမျိုးးမှ လွတ်ကင်း၍ ချမ်းသာခြင်း နှင့်ပြည့်စုံသည့်ကောင်းကျိုးကို သီးသန့်ထပ်ရသည်။
၉။ ဘဂ၀ါဂုဏ်တော် ပွါးလျှင် ဘုန်းတန်ခိုးတေဇော်အာနုဘောကြီးမားသည့်းကောင်းကျိုးကို သီးသန့်ထပ်ရသည်။

သုဘူတိရဟန္တာမထေရ် သည်အဘိညာဉ်နှင့်ဈာန်ဝင်စားသောအရာတွင်ဧတဒ်ဘွဲ့ရသည်။ အတိတ်ဘ၀ကဂုဏ်တော်ပွါးခဲ့ခြင်းကြောင့် အပါယ်သို့မလားရပဲ လူနတ်ဘ၀များ၌သာ ကျင် လည်ခဲ့ရသည်။ ၎င်းကျင်လည်ခဲ့သောဘ၀များကို တပ်ကုန်းဆရာတော်က အောက်ပါ အတိုင်း ဖွဲ့ဆိုခဲ့သည်။
ဂုဏ်တော်ပွါးထုံ၊ စိတ်လိုပြည့်စုံ၊နတ်ဘုံကမ္ဘာသုံးသောင်းသာတည်း။ သိကြားမှာရှစ်ဆယ်၊
စကြာဝယ်တစ်ထောင်၊အခေါင်ပဒေသရာဇ်၊အကြိမ်ကြိမ်ဖြစ်၏။ မကျအပါယ်၊စည်းစိမ်ဝယ်လည်း၊ လျော့မရှိဥစ္စာ၊ဘိညာဉ်ဈာန်၊ဂုဏ်ထူးနှင့်ပင်၊ နိဗ္ဗာန်ဝင်သည်၊ဂုဏ်တော်ပွါးသူအကျိုးတည်း။

ကျမ်းကိုး။
မေတ္တာရှင်ဇ၀န (ရွှေပြည်သာ)။

Wednesday, April 25, 2012

ပဋိသန္ဓေနေရခြင်းဆင်းရဲ ဆိုတာကြည့်ရအောင်။


   
ဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီး။ 
စာသစ် စာကျက်၊ အောက်ထက် ၀န်းရံ၊ ပုပ်နံ ညှီလောင်း၊                                      
ကျဉ်းမြောင်း မဲမိုက်၊မိဝမ်း တိုက်ဝယ်၊ဘင်၌ လောက်လို၊                                        
ကျောက်ကို ၀မ်းပြု၊ဒူးနှစ်ခုကြား ဦးခေါင်းထားလျက်၊                                                  
မေးဖျား လက်ဆုပ်၊သစ်ငုတ်တိုမှာ မျောက်အို ကုတ်သည့်နှယ်၊
အလှုပ်မယှက်၊သေသောက်လက်ဝယ်၊ဆိတ်သူငယ်လို၊                        
အလမ္ပါယ်မိ၊မြွေငယ် ချိသို့၊အမိ စပ် ခါး ပူ အေး စားလည်း၊
ကိုယ်သာဆတ်ဆတ်၊သက်ပြတ်တစေ၊ဆယ်လနေ၍၊လေကမ္မဇ၊ ဦးစောက်ချသား၊
မဂ်ဝသို့ရောက်၊သံကောက်ပေါက်မှ၊ ဆွဲမြှောက်ဆင်ပြောင်၊သံတောင်ကြိတ်ခြေ၊ပုံနေရကာ၊
ပြင်သို့ကျလည်း၊ အပ်စွသည့်ဟန်၊ကြီးပြန်ဒုက္ခ၊ပြစ်များလှသည်၊လက်စ ဇာတိ၊မူရင်းတည်း။

Monday, April 23, 2012

အမေရိကန်အမျိုးသမီးကို အမေတော်ချင်သလား ?

NT1  မှ ၂၀၁၂ ခုနှစ် ဧပြီ်လ ၁၆ ရက် မှာတင်ဆက်ခဲ့တဲ့ impossibles  investigation series မှ ဇတ်လမ်းအားသင့်လျော်အောင် ဘာသာပြန်ပါတယ်။

           David Castro နဲ့သူ့ဖခင်တို့ ကိုယ်ပိုင်air conditioner နှင့် အပူပေးစက်များ ပြင်ဆင် သောလုပ်ငန်းလုပ်ကိုင်ကြပါတယ်။ လုပ်ငန်းအားလုံးအစဉ်ပြေခဲ့ပေမဲ့ အဖေဆုံးပါးပြီးကထဲက David Castro တစ်ယောက် စိတ်ဓါတ်ကျ နေတတ်ပြီး တစ်နေ့မှာ ၎င်းအခန်းထဲမှာ တစ်ဦး တည်း တံခါးပိတ်နေတဲ့ အတွက် ၎င်း၏မိန်းမဖြစ်သူ Stacy ကခေါ် မရ၍ ပုလိပ် တိုင်ရာ ပုလိပ်များရောက်လာပြီး ခေါ်သော်လည်းမရ၊ အခန်းထဲမှ ဘာမှလည်း ပြန်မထူးသဖြင့်
Stacy ၏ခွင့်ပြုချက်ဖြင့် အခန်းတံခါးကို ရိုက်ဖွင့်ရာ ကုတင်ပေါ်တွင် David သေဆုံး နေတာ တွေ့ရပါတယ်။ အခန်းထဲမှာလည်း အံဖတ်တွေနဲ့ပြည့်နေပါတယ်။ David ရဲ့ခေါင်းမှာလည်း နံရံနဲ့ ရိုက်ထားသကဲ့သို့သော ဒါဏ်ရာတွေ့ ရပါတယ်။ စားပွဲပေါ်မှာတော့ ဖန်ခွက်နှစ်ခု ရှိပြီး၊ တစ်ခွက်မှာ အရက်အကပ်သာ ရှိပြီး။ ကျန်တစ်ခွက်မှာအစိမ်းရောင်အရည် ခွက် တစ်ဝက်ခန့် ရှိနေပါတယ်။ အိပ်ရာပေါ်မှာလည်း Revolver သေနတ်တစ်လက် ရှိနေ ပါတယ်။

၎င်း၏မိန်းမဖြစ်သူ Stacy ၏ ပြောပြချက်အရ David ဟာသူ့ဖခင်ဖြစ်သူနှင့် အလွန် ချစ်ခင်ရင်းနှီးကြောင်း။ ဖခင် သေဆုံးပြီးနောက် David တစ်ယောက် စိတ်ပျက်၊ လက်ပျက်ဖြစ် ပြီး အရက် စသောက်ရာမှ တစ်စ တစ်စ ပိုသောက်လာကြောင်း၊ သေချင်သည် ဟုလည်း ပြောဆို ကြောင်းဖြောင့်ချက်ပေးပါတယ်။

          အမှုမှာ မိမိကိုယ်ကိုသေကြောင်းကြံစည်မှု ဖြစ်ပါတယ်။ သို့ရာတွင် လူသေ အလောင်း အားစစ်ဆေးရာတွင် Stacy ပြောသကဲ့သို့ အရက်များသောက်ထား သည်ကိုမတွေ့ရပါ။ David သေဆုံးသည့် အခန်းထဲတွင် antifreeze ခေါ်သော အရည်များမခဲအောင်ထဲ့သည့်ဘူး တစ်ဘူး ကုတင်အောက်တွင်ကျနေပါတယ်။ အံပတ်တွေက ကြမ်းကော်ဇော် ပေါ် တွေမှာပေနေပေမဲ့ antifreeze ဘူးပေါ်မှာတော့မရှိပါဘူး။

          David ဟာသေနတ်ရှိရဲ့သားနဲ့ ဘာကြောင့် antifreeze သောက်သေတာလဲ။ Stacy ကိုစစ်ချက်ယူစဉ်က တစ်ခုသတိထားမိတာက antifreeze ဘူးထဲမှာဘာပါသလဲ လို့ မေးတဲ့ အခါ ethylene glycol ပါတယ် လို့ဖြေပါတယ်။ ဒီဓါတ်ပစ္စည်းကိုသိသူနည်းပါတယ်။ ethylene glycol ဟာ အဆိပ်ဖြစ်ပြီး သေစေနိုင်တယ်ဆိုတာကိုလည်း Stacy သိနေပါတယ်။ ဒါပေမဲ့
antifreeze လို့ မပြောပဲ antifree လို့ ဖြေပါတယ်။ 

ဒီအဆိပ်ရဲ့ထူးခြားချက်ကအနံ့မွှေးပါတယ်။ အဆိပ်သင့်ရင် အံပါတယ်။ ရင်ခွဲစစ်တဲ့အခါ သမရိုးကျသေဆုံးတဲ့ လက္ခဏာတွေပြပါတယ်။ ဒါကြောင့် အချို့လူသတ်သမားများကိုယ့်ကိုယ်  သတ်သေတယ်ထင်အောင် အသုံးပြုတတ်ပါတယ်။

          ဖန်ခွက်ထဲက အစိမ်းရောင်အရည်ကိုစစ်ဆေးတဲ့အခါ antifreeze ဖြစ်နေပါတယ်။ အဲ့ဒီ
ဖန်ခွက်ကလက်ဗွေတွေကတော့ David ရဲ့ လက်ဗွေ မဟုတ်ပဲ၊ Stacy ရဲ့လက်ဗွေတွေဖြစ် နေ ပါ တယ်။ David ကိုယ့်ကိုယ်သေကြောင်းကြံတာဆိုရင် သူ့လက်ဗွေရာထင်ရပါမယ်။ နောက် ပြီး မီးဖိုချေင်းထဲ ကအမှိုက်ပုံးထဲမှာပစ်ထားတဲ့ မှင်စုပ်တဲ့ ပြွန်လိုမျိုး ပြွန်တစ်ခုတွေ့ပါတယ်။ အဲ့ဒီ ပြွန်မှာလည်း အစိမ်းရောင် antifreeze တွေပေနေပါတယ်။ ပြွန်မှာ ကပ်နေတဲ့ DNA တွေစစ်ဆေးတဲ့ အခါ ပြွန်ရဲ့ထပ်ဖျားမှာ David ရဲ့ DNA တွေ တွေ့ပါတယ်။ ကိုယ့်ကိုယ် သတ်သေသူက အဆိပ်ကို အချိုရည်စုပ်သလို စုပ်သောက်တာ မဖြစ်နိုင်ပါဘူး။

          မသင်္ကာစရာ အချက်လေးတွေ ရှိတဲ့အတွက် Stacy ရဲ့နောက်ကြောင်းရာဇ၀င်ကို
လေ့လာတဲ့အခါ။ Stacy ရဲ့ ပထမယောက်ျား Mick Wallace ဟာ အသက် ၃၈ နှစ် လွန်ခဲ့တဲ့  ၅ နှစ်က နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။ သမီးနှစ်ယောက်ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်က အလောင်းကို ခွဲစိပ် စစ်ဆေးဖို့ Stacy ကငြင်းဆိုခဲ့ပါတယ်။ လူနာ (heart attack) ရတုံးကဆေးရုံ အရေးပေါ်ဌာနကို ရောက်လာပြီး နှလုံးကိုပြန်လည် အလုပ်လုပ် ရန်ကြိုးစားစဉ်သေဆုံးသွားတဲ့ အတွက် Stacy ရဲ့ငြင်းဆို မှုကိုလက်ခံခဲ့တာဖြစ်ပါတယ်။

          Stacy ဟာ ပထမယောက်ျားရဲ့ အုပ်ဂူဘေးမှာ David ရဲ့အလောင်းကို ဂူသွင်း မြုပ်နှံ ခဲ့ပါတယ်။ စုံထောက်များ Mick Wallace ရဲ့မိသားစုဆရာဝန်ထံမှ ဆေးမှတ်တမ်းများကြည့်ရာ နှလုံးရောဂါ တစ်ခါမှ မဖြစ်ဖူးတာတွေ့ရပါတယ်။ ဒီအချက်တွေက Mick Wallace ဟာလည်း သာမန်သေဆုံးခြင်း မဟုတ်ပဲ David ကဲ့သို့ antifreeze အဆိပ်ကြောင့် သေဆုံးခြင်းဖြစ်နိုင်တဲ့ အတွက် အလောင်းကိုပြန်လည်ထူးဖေါ်စစ်ဆေးပါတယ်။ antifreeze ဟာ ကိုယ်ထဲမှာ ကြာရှည်စွာ ခရစ်တယ် (crystal) များအနေနဲ့ရှိနေနိုင်ပါတယ်။ ထင်တဲ့ အတိုင်း Mick Wallace ရဲ့ အလောင်းမှာ antifreeze crystal များတွေ့ရှိတဲ့အတွက် David Castro ရော် Mick Wallace ပါ အဆိပ်ခတ်ခံရတဲ့ လူသတ်မှုဖြစ်သွားပါတယ်။ ဒီအမှု မှာ အဖြစ်နိုင်ဆုံးက မိန်းမဖြစ်သူ Stacy ပါ။

          အဲ့ဒီအချိန်မှာ Stacy ရဲ့သမီးအကြီး Ashely အိပ်ဆေးများ အလွန်အကျွန်သောက်ပြီး ဆေးရုံကိုရောက်လာပါတယ်။ သတိ ရတစ်ချက် မရတစ်ချက်ဖြစ်နေပါတယ်။ စုံထောက်တွေ အနေနဲ့ Ashely အသက်ရှင်ဖို့အလွန်အရေးကြီးပါတယ်။ ဒါမှ လူသတ်တရားခံပေါ်မှာ ဖြစ်ပါ တယ်။ ကံကောင်းထောက်မစွာ Ashely ပြန်လည်နေကောင်းလာပါတယ်။ သတိ မမေ့စဉ် သူ့အမေနှင့်အတူတူ ဖျော်ရည်တစ်ခွက် သောက်ကြောင်း၊ နောက် အလွန်လေးလံလာလို့ ၀င်အိပ်ကြောင်းဖွင့်ဆိုပါတယ်။

Ashely ဆေးရုံတွင်သတိမေ့နေစဉ် Stacy က Ashely ရေးထားသောစာကို အိမ်မှ computer တွင်တွေ့ရသဖြင့် ပုလိပ်ရုံးသို့ယူလာပြပါတယ်။ စာထဲတွင် Stacy ၏ ပထမ ယောက်ျား (Ashely ၏အဖေ) နှင့်ယခု ယောက်ျား(ပထွေး) တို့ကမိခင်အားနှိပ်စက်သည်ကို မကြည့်နိုင်၍သတ်ခဲ့ကြောင်းရေးထားပါတယ်။

Ashely က မိမိ ဘာစာမှ မရေးကြောင်းထွက်ဆိုပါတယ်။

အဲ့ဒီစာကိုဖတ်တဲ့ စုံထောက်ကတော့ ဒီစာဟာ Stacy ရေးတာဖြစ်တယ်လို့ အတက် သိလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စာထဲမှာ antifreeze အစား antifree ဆိုတာကို Stacy မှားသလို မှားယွင်း သုံးထားပါတယ်။ ဒါပေမဲ့ ရုံးတော်ကလက်ခံအောင် သေချာတဲ့ သက်သေအထောက်အထား လိုပါတယ်။

Computer ထဲမှာ စာရိုက်စဉ်က word ဆိုတဲ့ softwear ကိုအသုံးပြုထားပါတယ်။ ဒီ softwear ကို အမေရိကားမှာ သုံးတဲ့ သူနည်းပါတယ်။ ဒီအိမ်မှာတောင် Stacy တစ်ယောက် ထဲ သုံးတတ်ပါတယ်။ နောက်တစ်ချက်က ပထမယောက်ျားဆုံးစဉ်က Ashely ဟာ အသက် ၁၂ နှစ်ပဲရှိပါသေးတယ်။ ဒီအသက်နဲ့ လက်စမပေါ်အောင်သတ်ဖို့ ဆိုတာ မလွယ်ပါဘူး။

ဒီအချက်အားလုံးက အမေဖြစ်သူ Stacy သာလူသတ်တရားခံဖြစ်တယ်လို့ညွှန်ပြ နေပေမဲ့ အသေချာဆုံး Stacy မငြင်းနိုင်တဲ့ အချက်ကတော့ computer ထဲမှာ စာရိုက်
တဲ့ အချိန်မှာ သမီးဖြစ်သူ Ashely ဟာ အိမ်မှာ မရှိပဲ ကျောင်းတတ်နေချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အိမ်မှာ Stacy တစ်ယောက်ထဲရှိနေခဲ့ ပါတယ်။

          လူနှစ်ယောက်သတ်မှုပေါ်တော့မှာဖြစ်တဲ့ အတွက် မိမိသမီးအရင်းကိုပင် သတ်ပြီး ဓါးစာခံ လုပ်သည့် မိခင်ပါပဲ။ ဒီအမှုမှာ Ashely သတိမေ့နေတာကို သမီးအငယ်ကတွေ့ပြီး
အမေ ဖြစ်သူကို ဆေးရုံအရေးပေါ်အမြန်ဖုန်းဆက်ခိုင်းခဲ့တဲ့အတွက် အမှုမှန်ပေါ်ခဲ့တာပါ။
တကယ်လို့သာ ၁၀ မိနစ်ခန့်နောက်ကျခဲ့မယ်ဆိုရင် Ashely ပြန်ရှင်ဖို့မလွယ်ဘူးလို့ဆိုပါတယ်။
အမှုဖြစ်ရတဲ့ ရည်ရွယ်ချက်ကတော့ အသက်အာမခံများထုတ်ယူပြီး သုံးချင်တာသုံးဖြုံးချင်တာ ဖြုံးချင် လို့ပါပဲ။ Ashely အဖေဆုံးစဉ်က အသက်အာမခံ ငါးသောင်း ထုတ်ပြီးတာနဲ့ Dysney Land သို့သွားလျှောက်လည်ကြ ကြောင်း၊ အ၀တ်အစားအဖိုးတန်တွေလည်း ၀ယ်ခဲ့တာ မှတ်မိ ကြောင်းပြောဆိုပါတယ်။

          David သေရင် အသက်အာမခံအပြင် လုပ်ငန်းနှင့်အိမ်တန်းဘိုးစုစုပေါင်း နှစ်သိန်း ရမှာဖြစ်ပါတယ်။ Stacy ကတော့ မိမိမသတ်ကြောင်း၊ Ashely သာ လူသတ် တရားခံဖြစ် ကြောင်း ထွက်ဆိုပါတယ်။

စုံထောက်များ၏ယူဆချက်မှာ David ကို ဖျော်ရည်နှင့် အဆိပ်ရောပြီး ညဘက် တွင်တိုက်ခဲ့ပြီး၊ မနက်တွင် David မသေသေး၍ အဆိပ်ထပ်တိုက်ရာ မရသဖြင့် ပြွန်ဖြင့် အဆိပ်ကိုစုပ်ပြီး ပါးစပ်ထဲ ထဲ့ တဲ့အတွက် အဆိပ်ဖန်ခွက်မှာ Stacy ရဲ့လက်ဗွေရာများရှိပြီး David ရဲ့လက်ဗွေရာများမရှိတာဖြစ်ပါတယ်။

မီးဖိုချောင်က အမှိုက်ပုံးမှာတွေ့တဲ့ ပြွန်တံထိပ်မှာ David ရဲ့ DNA တွေ့ခြင်းက ပြွန်တံဖြင့် David ပါးစပ်ထဲ ထိုးသွင်းခဲ့လို့ဖြစ်ပါတယ်။ ပြစ်မှုထင်ရှားတဲ့ အတွက် ထောင်ဒါဏ် နှစ် ၅၀ ချလိုက်ပါတယ်။

          သမီးဖြစ်သူ Stacy ကသူမ မိခင်ဟာ အလွန်တစ်ကိုယ်ကောင်းဆန်ကြောင်း၊ မိမိမုန်းကြောင်း၊ မတွေ့လိုကြောင်း၊တွေ့လျှင်ရိုက်မိလိမ့်မယ်ဟုပြောဆိုပါတ

Saturday, April 21, 2012

သြကာသ ဘုရားရှစ်ခိုး အဓိပ္ပါယ်။


 
သြကာသဟူသည် ခွင့်ပြုတော်မူပါဟူသော အဓိပ္ပါယ်ရပါတယ်။ ဘုရားရတနာ တရားရတနာ သံဃာရတနာ တို့ကို ရှိခိုးဖို့ရန်အတွက် အခွင့်ပေးပါလို့ဆိုလိုတဲ့သဘောပါပဲ။ သုံးကြိမ်တိုင်တိုင် ရွက်ဆိုရတာကတော့ လေးလေးမြတ်မြတ်ဖြစ်စေချင်တဲ့ အတွက်ကြေင့် သုံးကြိမ်တိုင်တိုင် ရွက် ဆိုကြတယ်လို့ဆိုပါတယ်။

အပါယ်လေးပါး

၁.ငရဲ၊ ၂.တိရစ္ဆာန်၊ ၃.ပြိတ္တာ၊ ၄.အသူရကာယ်တို့ပဲဖြစ်ပါတယ်။

ငရဲဆိုတာကတော့ ချမ်းသာဟူသမျှ မြူမျှမရှိ၊ ဆင်းရဲခြင်းအတိဖြစ်လို့ ငရဲလို့ခေါ်ပါတယ်။ အဲဒီငရဲမှာလည်း သိဉ္ဇိုင်းငရဲ ကာဠသုတ်ငရဲ သံဃာတငရဲ ရောရုဝငရဲ မဟာရောရုဝငရဲ တာပနငရဲ မဟာတာပနငရဲ အဝေစိငရဲ ဆိုပြီးတော့ ရှစ်ထပ်ရှိတယ်လို့ဆိုပါတယ်။ တစ်ထပ် နှင့် တစ်ထပ် အထက်အောက် ယူဇနာ တစ်သောင်းငါးထောင် စီကွာခြားလျက် တည်ရှိတယ်လို့ ဆိုပါတယ်။

တိရစ္ဆာန်ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ခွေး၊ ကြက်၊ ငှက်၊ ငါး၊ လိပ်စသော ကုန်းနေ ရေနေ ခြေလေးချောင်းရှိသော သတ္တ၀ါ ခြေနှစ်ချောင်းရှိသော သတ္တ၀ါ များနှင့် မြွေစသော အခြေမရှိသော သတ္တ၀ါများပဲဖြစ်ပါတယ်။

ပြိတ္တာဆိုတာကတော့ တစ္ဆေ၊ မှင်စာ သရဲသဘက် အစိမ်း ဖုတ်ကောင် ကျတ်ကောင်များကို ပြိတ္တာဟုခေါ်ပါတယ်။

အသူရကာယ်ဆိုတာကတော့ ပြိတ္တာအကြီးစားပင်ဖြစ်တယ်လို့ပဲဆိုပါတယ်။ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် တို့၏ နေရာဘုံမှာ သီးခြားမရှိ။ တိရစ္ဆာန်တို့ကား လူတို့အနီးအပါးနှင့် တော တောင်  စသည်တို့၌ နေကြသည်။

ပြိတ္တာတို့တွင် တစ်ချို့ပြိတ္တာများမှာ သင်္ချိုင်းစသော အရပ်၊ ရေစ၊ ကမ်းစ သားငါးရလောက် သော အရပ်တို့၌ နေ၍ တစ်ချို့ကား သစ်ပင် အိမ်ကြို အိမ်ကြားစသည်၌နေလျက် စိတ်နေ စိတ်ထားငယ်သော ယောက်ျားမိန်းမ ကလေးသူငယ်စသူတို့ကို ချောက်လှန့်ပူးကပ်၍ တစ္ဆေစာပစ်သောအခါ စားသောက်ကြရ ပါတယ်။ တစ်ချို့ကားလူတို့၏ ထမင်းကျန် ဟင်းကျန် တံတွေး အန်ဖတ် အပုပ်အစပ်များကို ရှာဖွေ စားသောက်ရ၏။ အသူရကာယ်တို့ကား လူတို့နှင့် အတော်လေးဝေးကွာသော သမုဒ္ဒရာမြစ်ကမ်းစတို့၌ နေတတ်ကြ၏။ရေနားမှာနေရသော်လည်း ရေမသောက်ရ။ “ရေသောက်မည်”ဟုသွားလျှင် သူတို့၏ အကုသိုလ်ကံကြေင့် ရေခန်းခြောက်
နေသော သဲသောင်ပြင်ကိုသာ  တွေ့ရလေ၏။ တစ်ချို့အကူရကာယ်တို့မှာ ဘုရားတစ်ဆူနှင့်တစ် ဆူအကြား၌မစားမသောက်ရဘဲ အငတ်ခံ၍ နေရရှာတယ်လို့ဆိုပါတယ်။

ကပ်သုံးပါး
.သတ္ထန္တရကပ်၊ .ရောဂန္တရကပ်၊ .ဒု ဗ္ဘိက္ခ န္တရကပ်တို့ပဲဖြစ်ပါတယ်။

သတ္ထန္တရကပ်ဆိုတာကတော့ တုန် ဓား သေနတ် ဗုံး အမြောက်စသော လက်နက်ဖြင့် ပျက်စီးစေခြင်းသည်သတ္ထန္တရကပ်ဆိုက်ခြင်းပဲဖြစ်ပါတယ်။

ရောဂန္တရကပ်ဆိုတာကတော့ ပလိပ်ရောဂါ၊ ကာလရောဂါ၊ ကျောက်ရောဂါ၊ အဖျားရောဂါစ သည်ဖြင့် မြို့နယ်အနှံ့အပြားဖြစ်၍ ပျက်စီးရခြင်းကို ရောဂန္တရကပ်ဆိုက်တယ်လို့ဆိုပါတယ်။
ဒု ဗ္ဘိက္ခ န္တရကပ်ဆိုတာကတော့ မြို့နယ်အနှံ့အပြားတို့၌ အစားအသောက် ပြတ်ငတ်၍ သေ ရခြင်းကို       ဒု ဗ္ဘိက္ခ န္တရကပ်ဆိုက်တယ်လို့ဆိုပါတယ်။

ရပ်ပြစ်ရှစ်ပါး
အပြစ်ရှိသောအရပ်ကို ရပ်ပြစ်ဟုခေါ်ပါတယ်။ အပြစ်ဟူသည် ထူးထုးခြားခြားမဟုတ်။ ထိုအရပ်သို့ရောက် နေလျှင် မဂ်ဖိုလ်ရခွင့်မရှိခြင်းကို ဒီနေရာမှာ ရပ်ပြစ်ဟုခေါ်ပါတယ်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ၏ရပ်ပြစ်ရှစ်ပါး ဆောင်ပုဒ်။
ဘုရားပွင့်ခါ၊ ပါယ်သုံးရွာနှင့်၊ ဒီဃာယုနတ်၊ ဖြစ်လတ်ပစ္စန်၊ မိစ္ဆာ ဉာဏ်ရှိ၊ ဉာဏ်မရှိသား၊               ဉာဏ်ရှိ ငြားလည်း၊ ဘုရားမဖြစ်၊ ကျမ်းဂန်လှစ်သည်၊ ရပ်ပြစ်ရှစ်ပါးသရုပ်တည်း။
ရပ်ပြစ်ရှစ်ပါးသရုပ်..........
(...)ဘုရားဖြစ်ခါ ပါယ်သုံးရွာနှင့်။ ။ဘုရားပွင့်နေဆဲကာလမှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဟုဆိုအပ်သော အပါယ် သုံးမျိုး၌ဖြစ်ရသူများ။ (အသူရကာယ်ကို ပြိတ္တာမျိုး၌သွင်းယူ ထားသောကြောင့် အပါယ်သုံးရွာဟုဆိုထားပါသည်။)
()ဒီဃာယုနတ်။ အသက်ရှည်သောနတ်များကို ဒီဃာယုနတ်ဟုခေါ်ပါတယ်။ ဘုရားပွင့်ဆဲအခါ လွန်စွာ အသက်ရှည်၍ ဘုရားရှင်ကို မဖူးတွေ့နိုင်သော အသညသတ်ဗြဟ္မာ များနှင့် အရူပဗြဟ္မာများတည်း။
(အသညသတ်ဗြဟ္မာများသည် ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဉ်မရှိ။ အရူပဗြဟ္မများသည် စိတ် ၀ိညာဉ် သာရှိ၍ ခန္ဓာကိုယ်မရှိသောကြောင့် ထိုဗြဟ္မာနှစ်မျိုးတို့သည် ဘုရားပွင့်သော်လည်း တရားမနာနိုင်ရှာကြပေ။)
()ဖြစ်လတ်ပစ္စန်။ ဘုရားရှင်နှင့် ရဟန်းတော်များ မရောက်နိုင်ရာ အစွန်အဖျား တောတောင် အကြား (ပစ္စန္တရာဇ်သား)လူရိုင်းများကိုဆိုပါတယ်။
()မိစ္ဆာ ဉာဏ်ရှိ။ ။ဘုရားပွင့်ဆဲအခါ မိစ္ဆာ ဉာဏ်ရှိသူများ။
() ဉာဏ်မရှိသား။ ဘုရားပွင့်ဆဲအခါ တရားကို နားလည်လောက်သော ဉာဏ်မရှိသူများ။
() ဉာဏ်ရှိငြားလည်း ဘုရားမဖြစ်။ တတ်သိနားလည်လောက်သော ဉာဏ်ရှိသော်ငြားလည်း ဘုရားပွင့်သောအခါလူဖြစ်ရသူများဖြစ်ပါတယ်။

ရန်သူမျိုးငါးပါးမှာ

၁.ရေ၊ ၂.မီး၊ ၃.ခိုးသူ၊ ၄.အမွေခံသား သမီးဆိုး၊ ၅.မင်းဆိုးတို့ပဲဖြစ်ပါတယ်။

(မချစ်အပ်သောသူကို ရန်သူမျိုးငါးပါး၌ မသွင်းရ။ မိမိကိုမုန်းနေရှုံမျှဖြင့် ရန်သူမဟုတ်နိုင်။ အမွေခံသားဆိုး သမီး ဆိုးသည်သာလျင် မိဘကိုမကြာခဏ ဒုက္ခပေးတတ်၊ စုဆောင်း ထားသော ပစ္စည်းများကို ဖြုန်းသုံးပစ်တတ်သောကြောင့် ရန်သူအစစ်ဖြစ်သည်။)

ဝိပတ္တိတရားလေးပါး။ ။ဖောက်ပြန်ချွတ်ရွင်းချက်ကို“၀ိပတ္တိ”လို့ခေါ်ပါတယ်။
ဝိပတ္တိတရားလေးပါးမှာ...
၁.ကာလ၀ိပတ္တိ။ ။ မင်းဆိုးမင်းယုတ် အုပ်စိုးသောအခါ။
၂.ဂတိဝိပတ္တိ။ ။ အပါယ်လေးပါးတို့၌ဖြစ်ရခြင်းကို မကောင်းသောဂတိဖြစ်၍ “ဂတိဝိပတ္တိ” လို့ခေါ်ပါတယ်။
၃.ဥပဓိဝိပတ္တိ။ ။ရုပ်အဆင်းအင်္ဂါကို “ဥပဓိ” လို့ခေါ်ပါတယ်။ အင်္ဂါချို့တဲ့ခြင်းကို “ဥပဓ၀ိပတ္တိ” လို့ခေါ်ပါတယ်။
၎.ပယောဂ၀ိပတ္တိ။ ။ကိုယ်မှု နှုတ်မှုကို “ပယောဂ” လို့ခေါ်ပါတယ်။ အသိအလိမ္မာမရှိ၊ သတိ ၀ီရိယမရှိဘဲ ပြုမှု ပြောမှု ကြံစည်မှုကို  “ပရောဂ၀ိပတ္တ” လို့ခေါ်ပါတယ်။

ဗျသနတရားငါးပါး။ ။ပျက်စီးခြင်း ဆုံးပါးခြင်းကို ပါဠိလို “ဗျသန” ဟုခေါ်ပါတယ်။ ဗျသနတရားငါပါးမှာ
၁.ညာတိဗျသန။ ။ ဆွေမျိုးများပျက်စီးခြင်း။
၂.ဘောဂဗျသန။ ။ စည်းစိမ်ဥစ္စာများပျက်စီးခြင်း။
၃.ရောဂဗျသန။ ။ အနာရောဂါဖြစ်ခြင်း။
၎.ဒိဋ္ဌိဗျသန။ ။မိစ္ဆာအယူကို ယူခြင်း။
၅.သီလဗျသန။ ။ သီလပျက်ခြင်းတို့ပဲဖြစ်ပါသည်။
 (ကျမ်းကိုး=တောင်မြို့ဆရာတော်အရှင်ဇနကာဘိဝံသ၏ ရတနဂုဏ်ရည်)

မှတ်ချက်။ ဆိုက်တစ်ခုမှ ကူးယူထားခြင်းဖြစ်ပါသည်။ ဆိုက်နံမည်မမှတ်မိ၍မထည့်ရခြင်းဖြစ်ပါတယ်။
ဆိုက်ပိုင်ရှင်သိပါကထည့်ပေးစေလိုပါသည်။