လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, April 18, 2012

ကျန်းမာအောင် ဘယ်လို စားမလဲ

   “၀မ်းတစ်လုံးကောင်း ခေါင်းမခဲဘူး ”  “ဆေးလည်းအစာ၊ အစာလည်းဆေး” “အစားမတော်တစ်လုပ်”   “တန်ဆေး၊ လွန်ဘေး”စသည်ဖြင့် ကျမတို့မှာ အစားအစာနဲ့ပတ်သက်တဲ့ စကားပုံတွေများစွာရှိတာကို ကြည့်ခြင်းအားဖြင့် အစား အစာရဲ့အရေးပါပုံကို ရှေးမစွကပင် သိခဲ့ကြ အလေးထားခဲ့ကြတယ်ဆိုတာကို သက်သေပြလျက် ရှိပါတယ်။

       ယခု internet ခေတ်မှာလည်း ဒီဆောင်းပါးမရေးခင် အစားအစာနှင့်ပတ်သက်တာတွေ ရှာကြည့် တော့ မြန်မာ ဆောင်းပါး (၁၅) ဆောင်တောင် တင်ထားတာတွေ့ရပါတယ်။     အကျယ်ဖတ်ချင်သူများ အလွယ်တကူ ဖတ်နိုင်အောင် ကျမ်းကိုး အနေနဲ့ဖေါ်ပြထားပါတယ်။

   “သဗ္ဗေသတ္တာ အာဟာရဌိတိကာ” သတ္တဝါမှန်သမျှ အာဟာရအထောက်အပံ့ကြောင့် သာ ဖြစ်တည် နေနိုင်ကြတယ် ”  လို့ မြတ်စွာဘုရားကိုယ်တော်တိုင် အာဟာရပစ္စည်းရယ်လို့ ပဋ္ဌာန်းတရားတော်ကြီးမှာ ထည့်သွင်းဟောထား တော်မူ ပါတယ်။

   ကံက သတ္တဝါတွေကို ဘဝသစ်တစ်ခုကို ပို့ပေးတယ်။ အာဟာရက ဆက်လက် ရှင်သန်အောင် အထောက် အပံ့ဖြစ် စေတယ်။ ဒါကြောင့် ကံကမွေးမိဘနဲ့တူပြီး အာဟာရက ကျွေးမွေးပြုစုတဲ့ ကျွေးမိဘနဲ့ တူတယ်လို့ ဆရာတော် ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း) က တင်စား ရေးသားခဲ့ပါတယ်။

      အစာစားတယ်ဆိုတာ ကျန်းမာဖို့ အသက်ရှင်ဖို့ စားကြရတာပါ။ ဒါပေမဲ့ လျှာကအရသာခံပြီး၊ အရသာရှိတယ်၊ မရှိဘူး၊ ကြိုက်တယ်၊ မကြိုက်ဖူး ဆိုတာတွေ ဖြစ်ကုန်ကြပြီး အစာစားခြင်းရဲ့ ရည်ရွယ် ချက်တွေက သွေဖီးသွားကာ တဏှာ အလိုကျ ကြိုက်တာမှ စားပြီး မကြိုက်တာ မစားကြတာကြောင့် တစ်ချို့သူများမှာ အစာကြောင့် မကျန်းမာပဲ ဖျားနာဖို့၊ အသက် တိုဖို့ အထိဖြစ် ကုန်ကြရပါတယ်။

     “ကိုယ်နဲ့တည့်တာ သင့်တတာစားမှ ကျန်းမာမယ်။ ကြိုက်တာစားရင် သေခြင်းဆိုးနဲ့ သေမယ်လို့ ” မိုးကုတ်ဆရာ တော်ဘုရာကြီးက တိတိကျကျ မှန်မှန်ကန်ကန် ကရုဏာထား ဟောကြားခဲ့ပါတယ်။

    ကျမမှာလူနာတစ်ယောက်ရှိပါတယ်။ အသက် ၅၀ ၀န်းကျင်ပါ။ သူက အစားအလွန် မက်ပါတယ်။ အထူးသဖြင့်တိရိ စ္ဆန် အသားတွေပါ။ သူပြောလေ့ရှိတာက ကုတင်ခြေလေး ချောင်းက လွဲရင် အကုန် စားတယ်တဲ့။ လျှာ အရသာခံပြီး၊ တဏှာအကြိုက်တွေစားတာမို့ အသက်၅၀ကျော်မှာပဲ၊ ရောဂါမျိုးစုံဖြစ် ပါတယ်။

    သွေးတိုး၊ ဆီချို၊ နှလုံးရောဂါ၊ ခြေထောက်သွေးကြောပိတ် ရောဂါတွေနဲ့ အသက် ၅၅ နှစ်လောက်မှာ အိပ်ရာ ထဲမှာ လဲရတဲ့ လူ မမာကြီး ဖြစ်သွားပြီး အသက် ၆၀ မှာဆုံးပါး ရပါတယ်။ ရောဂါဖြစ်ခါစမှာ မတည့်တဲ့အစာတွေ မစားဖို့၊ အစား အသောက် ဂရုစိုက်ဖို့ ပြောပေမယ့် အစာ အငတ်ခံပြီးတော့ မနေ နိုင်ဘူး။ ကြိုက်တာ စားပြီး သေမယ်လို့ ပြန်ပြောလေ့ ရှိပါတယ်။ အစာစားဖို့ အသက်ရှင်နေတဲ့သူပါပဲ။ ဒါပေမဲ့ တကယ့် တကယ် ရောဂါတွေ ဆိုးဝါးလာတဲ့ အခါကျတော့ သူ အစာရှောင် ချင်ပေမဲ့လည်း မရတော့ပါဘူး။ နောက်ကျသွားပါပြီး။ ရောဂါပေါင်းစုံရဲ့ ဒါဏ်ကို အလူးအလဲ ခံသွားရ ရှာပါတယ်။

အာဟာရေပဋိကုလသညာ(ရဠပါလ)။
ချိုစပ်ငံချဉ်၊ဟင်းစုံပြင်၊ခံချင်အရသာ၊                                           လျှာအလိုလိုက်၊ထိုသူမိုက်၊ကြိုက်ရာရာရွေးကာ။
ဟင်းခွက်စုံလင်၊လှအောင်ပြင်၊ကြည့်မြင်စားချင်စရာ။
လျှာမှကျော်လျှင်၊အူထဲဝင်၊ချိုချဉ်မရှိတော့ပါ။
အူခွေတလျှောက်၊တိုးဝင်ရောက်၊ပျောက်ကွယ်အဆင်းမှာ။                                          ပါစကမီး၊လောင်မြိုက်ပြီး၊အိုးကြီးချက်ပမာ။                             မလိုတာထုတ်၊မစင်ပုပ်၊အဟုတ်ရွှံစရာ။                          ရွှံစရာမမြင်၊အဟုတ်ထင်၊ဆင်ခြင်ကြည့်ကြပါ။                                                                                    
စားပြီးအထဲဝင်၊ခဏပင်၊မတင်အရသာ။                                   ရသာမြိုက်မြိုက်၊လျှာကိုခိုက်၊မလိုက်စေချင်ပါ။                ရွှံစရာအလား၊ရှု၍စား၊တရားတက်မည်သာ။                
တရားမတက်၊အစားမက်၊မှားချက်နာမည်သာ။


   ကျမတို့စားတဲ့ အစာတွေမှာ ဘာဓါတ်တွေရှိတယ်။ ဘာဓါတ်တွေက ကျမတို့ကိုယ်ခန္ဓာအတွက် လိုအပ် တယ်။ ကျမတို့စားလိုက်တဲ့အစာတွေ ကျမတို့ ကိုယ်ထဲမှာ ဘယ်လိုဖြစ် ပျက်ကြတယ်ဆိုတာ သိမှ အစား အစာတွေကို ပညာရှိရှိ စားနိုင်ပါမယ်။ တနည်းအားဖြင့် ကျန်းမာအောင် စားနိုင်မှာပါ။
   
ကျမတို့နေ့စဉ် လှုပ်ရှားသွားလာဖို့အတွက် စွမ်းအင် လိုပါတယ်။ ကားတွေ သွားဖို့ လောင်စာဆီ လို သလို ပါပဲ။ ကျမတို့ ခန္ဓာကိုယ်ရဲ့ လောင်စာတွေက ကျမတို့စားတဲ့ အစာ တွေက ရပါတယ်။ ကားမှာ လောင်စာ ဖြစ်တဲ့ ဓါတ်ဆီ၊ ဒီဇယ်ဆီ အပြင်စက်တွေ ချောချောမွေ့မွေ့ လည်ပတ်ဖို့ စက်ဆီ၊ ဘရိတ်ဆီနဲ့ ရေ လိုအပ် သလို ကျမတို့လည်း လောင်စာဆီ အပြင် ဗီတာမင်တွေ၊ သတ္ထုဓါတ်တွေ၊ ရေဓါတ်တွေ လိုအပ်ပါတယ်။
 ကျမတို့အတွက်လောင်စာဆီတွေရနိုင်တဲ့အစာတွေကိုသုံးမျိုးခွဲနိုင်ပါတယ်။
                                                                            
(၁)။ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်ဓာတ်)။ အဲဒါ တွေကတော့ ဆန်၊ ဂျုံ၊ ပေါင်မုန့်၊ ခေါက်ဆွဲ၊ အစရှိတဲ့ အစားအစာများ ဖြစ်ပါတယ်။ ကစီဓာတ်ကနေ စွမ်းအင် အများဆုံးရပါတယ်။ ကစီဓာတ် တစ်ဂရမ် (gram) ကထွက်တဲ့ စွမ်းအင် (calorie) ကအနည်းဆုံးဖြစ်လို့ ကဆီဓါတ် တစ်ဂရမ်ကရတဲ့ စွမ်းအင်ကို စွမ်းအင် တစ်ယူနစ် (unit) အဖြစ်သတ်မှတ်ပါတယ်။ အသားဓါတ် တစ်ဂရမ်ကထွက်တဲ့ စွမ်းအင်က (၂) ဖြစ်ပါ တယ်။ တစ်နည်း နှစ်ဆ များပါတယ်။ အဆီဓါတ် တစ်ဂရမ်ကထွက်တဲ့ စွမ်းအင်က အများဆုံး ဖြစ်ပြီး ၃ဆ ရှိပါတယ်။ ဒါကြောင့် အလေးချိန် တူတာ စားရင် အဆီဓါတ် ပါတဲ့အစာတွေဆီက ပိုပြီး စွမ်းအင်ရတာမို့ ကိုယ်အလေးချိန်လျော့ လိုသူများ အဆီများတဲ့ အစားအစာများ ရှောင်ရ တာပါ။

(၂)။ အသားဓာတ် (Protein)။ တိရစ္ဆန်အသားအမျိုးမျိုး၊ ငါးအမျိုးမျိး၊ ပဲအမျိုးမျိုး၊ စသည်တို့မှာ ပါဝင်တဲ့ အသားဓာတ်က စွမ်းအင်အပြင် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုး စေပါတယ်။ ဒါကြောင့် ကြီး ထွားနေတဲ့ ခလေး သူငယ်တွေမှာ ပိုလိုအပ်ပါတယ်။ ဟော်မုန်းများ၊ ကြွက်သားများ၊ အစာချေ အင်ဇိုင်း (enzyme) များနဲ့ ကျမတို့ရဲ့ ဆဲ(cell) တွေဟာ အသားဓာတ်တွေ၊ အဆီဓါတ်တွေ နဲ့ လုပ်ထားတာပါ။ တချို့အသားဓါတ်နဲ့ အဆီဓါတ်တွေ ဥပမာ (omega 3 and 6)၊ သတ္ထုဓါတ် တွေနဲ့ ဗီတာမင်တွေ ဥပမာ (ဗီတာမင် C) တို့ကို ကျမတို့ ကိုယ်ခန္ဓာက မထုတ်လုပ်နိုင်ပဲ အစား အစာကသာ စုပ်ယူရပါတယ်။ ဒါကြောင့် အဲ့ဒီအစာတွေစားဖို့ အရေး ကြီးပါတယ်။ အစာတစ်ခုထဲမှာကျမတို့ လိုအပ်တဲ့အာဟာရတွေအားလုံး ပြည့်စုံအောင် မပါပါဘူး။ ဒါကြောင့် အစာမျိုး စုံအောင် (balanced diet) စားရပါမယ်။

(၃)။ အဆီဓာတ် (Fat)။  အဆီအမျိုးမျိုး။ ကျမတို့ ခန္ဓာကိုယ်ရဲ့ အရေပြားအောက်နဲ့ ဝမ်းဗိုက် အတွင်းရှိ အင်္ဂါများမှာ ပိုနေတဲ့အဆီများကို သိမ်းထားပါတယ်။ ဥပမာ ပြရရင် အဆီဟာ ရွှေနဲ့ တူပါတယ်။ ပိုနေတဲ့ ပိုက်ဆံကို ရွှေအနေနဲ့သိမ်းထားတဲ့သဘောမျိုးပါ။ “ ရှိ တန်ဆာ၊ မရှိ ၀မ်းစာ၊” သဘောမျိုးပါ။ အဆီဓါတ်က စွမ်းအင်အပြင် ခန္ဓာကိုယ် အပူချိန်ကို မျှတအောင်လည်း ထိန်းပေးပါတယ်။

(၄)။ သက်စောင့်ဓာတ်ခေါ် ဗီတာမင်များ (Vitamins)။

(၅)။ သတ္ထုဓာတ် (Minerals)။
ဗီတာမင်များနဲ့ သတ္ထုဓာတ်များမှ စွမ်းအင်မရပါဘူး။ ဒါကြောင့် အများကြီး စားဖို့ မလို ပါဘူး။ ဒါပေမဲ့ ကျမ တို့ ကိုယ် ခန္ဓာရှိဆဲများ အလုပ်မှန်မှန် လုပ်ဖို့ အတွက်တော့ ၎င်းတို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဗီတာမင် B1၊ B2၊ B5၊ B6၊ ဗီတာမင် C ၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် သံဓါတ်နဲ့ ဇင့်သတ္ထု ဓာတ်တို့ ဖြစ်ပါတယ်။ တချို့ အင်ဇိုင်းတွေ ကိုယ်တိုင်က ဗီတာမင်တွေပါ၊ အင်ဇိုင်းတွေအလုပ်လုပ်ဖို့ သတ္ထုဓါတ်တွေ လိုအပ်ပါတယ်။

(၆) ရေဓါတ်။ ရေဟာ ခန္ဓာကိုယ်ထဲမှာ သွေးအဖြစ်နဲ့ အာဟာရဓာတ်များကို တနေရာမှ တနေ ရာသို့ ပို့ဆောင်ပေး ပါတယ်။ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ ချေဖျက်ပေးရာမှာလည်း ကူညီပါတယ်။ ခန္ဓာကိုယ်ရဲ့လုပ်ငန်းတာဝန်များ အကောင်းဆုံးလုပ်ဆောင်နိုင်အောင် သွေး ၅ လီတာ လိုအပ်ပါတယ်။
   အဲ့ဒီအတွက် တစ်နေ့ ရေ ၁-၂ လီတာ လောက်သောက်ဖို့ လိုအပ်ပါတယ်။ သွေးပမာဏ နည်းသွားရင် ဥပမာ သွေးထွက်သောဒါဏ်ရာ၊ သွေးထွက်သောရောဂါ၊ ၀မ်းလျောခြင်း၊ အန်ခြင်း၊ ရေလုံလောက်စွာ မသောက်ရခြင်း များကြောင့် သေဆုံးသည် အထိ ဖြစ်နိုင်ပါတယ်။ “ရေ အသက် တစ်မနက်” ဆိုတဲ့ အတိုင်း ရေဟာ အလွန်အရေး ကြီးပါတယ်။ ဒါပေမဲ့ သိပ်များရင်လည်းမကောင်းပါဘူး။ အထူးသဖြင့် ကျောက်ကပ် ရောဂါရှိသူများနဲ့ သွေးကြောထဲ (Drip) ထိုးသွင်း တာမျိုးမှာ ပိုနေတဲ့ရေတွေ အဆုတ်ထဲရောက်ပြီး သေဆုံး နိုင်ပါ တယ်။ ရေနစ်သေတဲ့ သဘောမျိုးပါပဲ။ ဒါကြောင့် “တန်ဆေး၊လွန်ဘေး” လို့ဆိုတာပါ။  

၇။ အန်တီအောက်ဆီဒင့် (Antioxidants)။ သူ့ဆီက စွမ်းအင်မရပါဘူး။ ဒါပေမဲ့ ကျမတို့ ကိုယ်ဟာ ဓါတ်ပေါင်းဖိုကြီးလို ဓါတ်အမျိုးမျိုးဖြစ်ပျက်နေကြပြီး အောက်ဆီဒင့် (oxidants)  ခေါ်တဲ့ ကိုယ်ခန္ဓာ  အတွက် အန္တရာယ်ရှိတဲ့ ဓါတ်ပြုပစ္စည်းများ အစဉ်အမြဲထွက်နေပါတယ်။ အဲ့ဒီ အောက်ဆီဒင့်တွေကို အန်တီအောက်ဆီဒင့်တွေက ချေဖျက်ပေးပါတယ်။    

    ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများမှာ အထက်ဖော်ပြပါ အာဟာရဓာတ် ၆-မျိုး အပြင် အန်တီ အောက်ဆီဒင့်များပါ ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ စားခြင်းဖြင့် ရောဂါဘယ အမျိုးမျိုးရဲ့ အန္တရာယ်က ကာကွယ် ပေးနိုင်ပါတယ်။

   ကားထဲမှာရှိတဲ့ လောင်စာဆီတွေ အမြဲတန်း ပြည့်နေဖို့ လောင်စာဆီအခြေအနေကို ကြည့်ရှုပြီး လိုအပ် သလို ဖြည့်ပေး ရသလို ကျမတို့ သွေးတွင်းရှိလောင်စာဆီ ပမာဏကိုလည်း ဖြည့်ပေးနေ ရပါမည်။ သွေးတွင်းရှိ သကြားဓာတ် (Glucose level ) ပမာဏဟာ ကျမတို့ ကိုယ်ခန္ဓာရဲ့ လောင်စာဆီ အခြေအနေပါပဲ။

    လောင်စာဆီပမာဏကို ကားဓါတ်ဆီတိုင်းသလို မျက်စိနဲ့ကြည့်လို့မရပါဘူး။ သွေးဖေါက်ပြီး သွေးတွင်း သကြားဓာတ်ကို ဓါတ်ခွဲခန်းမှာ တိုင်းရ ပါတယ်။ ဒါပေမဲ့ သွေးတွင်းသကြားဓါတ်နည်းပြီဆိုရင် ကျမတို့ ကိုယ်က “ဗိုလ်ဆာတယ်” လို့ အချက်ပြပါတယ်။ ဒီထက်ပိုနည်းလာရင် လက်ခြေတုန်တာ ကတုန်ကရင် ဖြစ်တာတွေနဲ့ ထပ်အချက်ပေးပါတယ်။

ကိုယ်ခန္ဓာက လူကိုအချက်ပေးသလို သူ့ဘာသာလည်း သွေးတွင်း သကြားဓါတ် မှန် နေဖို့ ဟော်မုန်းဆိုတဲ့ ဓါတ်ပစ္စည်းတွေနဲ့ ဆောင်ရွက်ပါတယ်။

    ချိုတဲ့ အစားအစာတွေဖြစ်တဲ့ အချိုရည်အမျိုးမျိုး၊ သကြားလုံး၊ ချောကလက် စသည် များနဲ့ ကဆီဓါတ် များ သောအစာများ စားရင် အဲဒီအစာတွေကို အူထဲမှာ ချေဖျက်ခြင်းဖြင့် ဂလူကို့ (glucose) ခေါ်တဲ့ ဓါတ်ပစ္စည်းရပါတယ်။ ဂလူကို့ကို အူနံရံကနေ သွေးကြောထဲကို စုပ်ယူပါတယ်။ ဒါကြောင့် အထက်ပါ စားစရာတွေ စားရင် သွေးတွင်း သကြားဓာတ်ပမာဏ လျှင်မြန်စွာ မြင့်တက်သွားပါတယ်။ ဂလူကို့စား ရင်တော့ ချေစရာမလိုပဲ ဂလူကို့ အူထဲ ရောက်တာနဲ့ သွေးထဲကိုစုပ်ယူတာမို့ ချက်ချင်းနီးပါး သွေးတွင်း သကြားဓါတ် တက်သွားပါတယ်။

   သွေးတွင်းသကြားဓါတ်များ အစားစားပြီးတဲ့အခါ ပုံမှန်ထက် (normal glucose level) ပိုများလာတဲ့အခါ ပန်ကရိယ(pancreas) က အင်ဆူလင် (Insulin) လို့ခေါ်တဲ့ ဟော်မုန်း (hormone) ကိုထုတ်ပါတယ်။ အင်ဆူလင်က များနေတဲ့သွေးတွင်းသကြားတွေကို ဂလိုက်ကိုဂျင် (Glycogen) အဖြစ်သို့ ပြောင်းခြင်းဖြင့် သွေးတွင်းသကြားဓါတ်ကို ပုံမှန် ပမာဏ သို့ရောက်အောင်လုပ်ပါတယ်။ ဂလိုက်ကိုဂျင်တွေကို အသဲနဲ့ ကြွက်သားတွေမှာ သိမ်းထားပါတယ်။

    သွေးတွင်းသကြားဓါတ် နည်းတဲ့အခါမှာ (anti-insulin) အင်ဆူလင်ကိုဆန့်ကျင်တဲ့ ဟော်မုန်းတွေ ထွက်လာပြီး ဂလိုက်ကိုဂျင်ကနေ (glucose)အဖြစ်ပြန်ပြောင်းခြင်းဖြင့် သွေးတွင်းသကြားပမာဏကို ပြန်မြှင့် ပေးပါတယ်။ ဒီနည်း အားဖြင့် သွေးတွင်းသကြား ပမာဏဟာ အမြဲမှန် နေပါတယ်။

    အင်ဆူလင် လုံလောက်စွာ မထုတ်နိုင်တဲ့ ဆီချိုရောဂါရှင်တွေမှာ glucose ကနေ ဂလိုင်ကိုဂျင်အဖြစ် မပြောင်းနိုင်လို့ ကဆီဓါတ်များတာ စားမိရင် သွေးတွင်းသကြားပမာဏ များလာတာကို သွေးချိုတယ်လို့ ပြောတာပါ။ သွေးတွင်း သကြားပမာဏ များလာရင် ကျောက် ကပ်ကနေ glucose တွေ ဆီးထဲပါကုန် တာကို ဆီချို ရောဂါလို့ ခေါ်တာပါ။ လူကောင်းရဲ့ ဆီးမှာ glucose မပါ ပါဘူး။ ဒါကြောင့် ဆီးကို ပုရွဲဆိတ် တတ်တယ် ဆိုရင် ဆီချိုရောဂါဖြစ်ဖို့ များပါတယ်။

    လျှပ်စစ်ပစ္စည်းများ မပျက်စီးအောင် ဗိုလ်တေ့ (Voltage) မှန်နေအောင် ထိန်းပေး တဲ့စက် (stabilizer) ကဲ့သို့ သွေးတွင်း glucose ပမာဏ အစဉ်အမြဲ မှန်နေအောင် ဟော်မုန်းများက အထက်ပါအတိုင်း တက်ညီလက်ညီ ဆောင်ရွက်ကြပါတယ်။ သွေးတွင်း glucose ပမာဏ နည်းတာကို (Hypoglycemia) ဟိုက်ပိုဂလိုက်ဆီးမီးရားလို့ ခေါ်ပြီး၊ များတာကို (Hyperglycemia) ဟိုက်ပါဂလိုက်ဆီးမီးရားလို့ ခေါ်ပါ တယ်။ နည်းတာရော များတာရော မကောင်းပါဘူး။ ပုံမှန်ပမာဏရှိနေမှ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူနေ လို့ ကောင်းပါတယ်။ မြတ်ဘုရားရဲ့ မဇ္ဈိမပဋိပဒါ အလယ်လမ်းက နေရာတကာမှာ အရေးကြီး ပါတယ်။

    အသားဓါတ်ပါတဲ့အစာတွေစားရင် ချေဖျက်ပြီးပစ္စည်းအနေနဲ့ (amino acid) အမိုင်နိုအက်စစ်ရပါတယ်။ အဆီဓါတ်ပါတဲ့ အစာတွေကိုစားရင် ချေဖျက်ပြီးပစ္စည်းအနေနဲ့ (chylomicron) ခေါ်တဲ့ အဆီမှုန့်လေးတွေ ရပါတယ်။ အမိုင်နိုအက်စစ်နဲ့ အဆီမှုန့်တွေကို  အူနံရံကနေ သွေးထဲကို စုပ်ယူပါတယ်။

   အသားဓါတ်ပါတဲ့အစာနဲ့ အဆီဓါတ်ပါတဲ့ အစာတွေကို ချေဖျက်ရတာကြာတဲ့အပြင် ၎င်းတို့ကို ချေဖျက် ရာက ထွက်လာတဲ့ပစ္စည်းတွေက ဂလူကို့တွေ မဟုတ်တာကြောင့် ၎င်းတို့ ကိုစားခြင်းဖြင့် သွေးတွင်းဂလူကို့ ချက်ချင်း မတက်ပါဘူး။

   သွေးထဲရောက်တဲ့ အမိုင်နိုအက်စစ်နဲ့ အဆီမှုန့်တွေကို ဆဲအမျိုးမျိုးတည်ဆောက်ခြင်း၊ အင်ဇိုင်းများ ပြုလုပ်ခြင်း၊ ဟော်မုန်း များထုတ်လုပ်ခြင်းစတဲ့ ကိုယ်ခန္ဓာရဲ့လိုတဲ့ နေရာ  တွေမှာ အသုံးပြုပြီး ပိုနေတာတွေ ကိုတော့ နောင် လိုအပ်ရင်သုံးဖို့ အဆီအဖြစ်နဲ့ ကိုယ်တွင်းအင်္ဂါတွေ အရေပြားအောက်တွေမှာ သိမ်းထား ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာရဲ့လိုအပ်ချက်ထက် ပိုစားရင် တစ်ဖြည်းဖြည်း ကိုယ်ထဲမှာ အဆီတွေ ပိုပို များလာလို့ ၀ဖြီးလာခြင်း ဗိုလ်ရွှဲ လာခြင်းများ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် Glucose က နေ့စဉ် အသုံးပြုတဲ့ ပိုက်ဆံနဲ့တူပါတယ်။ glycogen က ဘဏ်မှာ ထားတဲ့ ပိုက်ဆံနဲ့ တူပြီး၊ အဆီကတော့ ၀ယ် သိမ်းထားတဲ့ ရွှေတုံးနဲ့ တူပါတယ်။ နေ့စဉ်စားတဲ့ အစာကရတဲ့ စွမ်းအင်က နေ့စဉ်သုံးဖို့ လုံလောက်ရင် glycogen ပို မလာပါဘူး။ အဆီလည်း ပိုမလာလို့ ကိုယ်အလေးချိန် ပြောင်းလဲမှု မရှိပါဘူး။

   နေ့စဉ်စားတဲ့ အစာကရတဲ့ စွမ်းအင်က နေ့စဉ်သုံးဖို့ထက် ပိုနေရင် glycogen တွေများ လာပါမယ်။ glycogen အနေနဲ့ အများကြီးမသိမ်းထားနိုင်တာမို့ ပိုနေတဲ့ glycogen တွေကို အဆီ အဖြစ် ပြောင်းလဲ ပါတယ်။ ဒါကြောင့် အစာစားတာ များတဲ့သူမှာ အဆီတွေများလာပြီး ကိုယ်အလေး ချိန်လည်း များ လာ ပါတယ်။

  နေ့စဉ်စားတဲ့ အစာကရတဲ့ စွမ်းအင်က နေ့စဉ်သုံးဖို့ထက်နည်းနေရင် ကိုယ်ထဲမှာရှိတဲ့glycogen တွေကို ချေဖျက်ခြင်းဖြင့် လိုအပ်တဲ့စွမ်းအင် အဖြစ်ပြောင်းယူပါတယ်။ glycogen တွေကုန်သွားရင် ကိုယ်တွင် သိမ်းထားသောအဆီများကို ချေဖျက်ခြင်းဖြင့် လိုအပ်တဲ့စွမ်းအင် အဖြစ်ပြောင်းယူပါတယ်။ ဒါကြောင့် အစာလုံလောက်စွာမစားရသူများမှာ ကိုယ်တွင်း အဆီများ တစ်ဖြည်းဖြည်း နည်းလာပါတယ်။ ပိန်လာ ပါတယ်။

ကိုယ်လက်လှုပ်ရှားခြင်းများ၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ပူပန်ခြင်းများက စွမ်းအင်ကို ကုန်ဆုံးစေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်သူများ၊ စိတ်အလုပ် များများ၊ လုပ်ရန်လို အပ်လျှင် အစာ ပိုစားပေးရပါ့မယ်။
တာရှည်ခံအောင် ပြုပြင်စီစဉ်ထားသော အစားအစာများနဲ့ ကြော်လှော်ထားသော အစားအစာများမှာ ကျန်းမာရေးအတွက် အန္တရာယ်ပေးနိုင်တဲ့ ဓါတုပစ္စည်းတွေပါပါတယ်။ အဆီဓါတ်လည်း ပိုများပါတယ်။ ဒါကြောင့် အစားအစာများကို အတတ်နိုင် ဆုံး သဘာဝ အတိုင်းနှင့် အရောင်မျိုးစုံ ပါဝင်တဲ့ အစားအစာ များဖြစ်အောင်ရွေးချယ်သင့်ပါတယ်။

     အသီး အရွက်များရဲ့ သဘာဝအရောင်များဟာ အပင်မှရသော သဘာဝဓာတ်မျိုးစုံ ပါဝင်ကြောင်း ညွှန်ပြပါတယ်။ သဘာဝ အစားအစာတွေထဲမှာ အစာကိုကြေညက်စေတဲ့ အင်ဇိုင်း (enzyme) များလည်း ပါဝင်ပါတယ်။ ချက်ပြုတ် လိုက်ရင် ဗီတာမင်နဲ့ သတ္ထုဓာတ်များ ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် ဟင်းသီး ဟင်းရွက်များကို အတတ်နိုင်ဆုံး သဘာဝအတိုင်း(အစိမ်း) စားသင့် ပါတယ်။ ယခုခေတ်မှာ ပိုးသတ် ဆေးတွေ အလွန်အမင်း အသုံးပြုတာကြောင့် အခွံပါ စားရတဲ့ အသီးအနှံများကို ရေစင်စင်ဆေးခြင်း (၀ါ) ပိုးသတ်ဆေးများမသုံးပဲစိုက်ပျိုးသော (organic) အသီးအနှံများ တတ်နိုင်က စားသုံးသင့်ပါတယ်။

ဆက်လက်ဖေါ်ပြပါမယ်။

No comments:

Post a Comment