လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, April 9, 2012

ဆိတ်ကွယ်ရာ နှင့် အမှန်တရား။

 

     တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀ဒူတ၀ဂ်တွင် မြတ်ဗုဒ္ဓက လောက၌ မကောင်းမှုပြုသောသူအား လူသူ ဆိတ်ကွယ်ရာအရပ် မည်သည်မရှိ။ လူတွေမမြင်သော်လည်း နတ်များမြင်နိုင်သည်၊ အဘိဥာဉ်ရသော သူများမြင်နိုင်သည်။ အနည်းဆုံး မိမိပြုသောအမှုကို မိမိကိုယ်တိုင်သိ၏ ဟုဟော်တော်မူပါတယ်။

ဒါပေမဲ့ မသမာသူများက သက်သေခံ လက်စလက်နများ မကျန်အောင် ပိပိရိရိ လုပ်နိုင်ရင် ဘယ်သူမှ မသိနိုင်ဟု မှတ်ယူကာ ရာဇ၀တ်မှုများကို ကျူးလွန်ကြပါတယ်။ ယခုခေတ် (DNA technology) ဒီအန်အေ နည်းပညာအပါအ၀င် နည်းပညာသစ်များကြောင့် ယခင်က တရားခံ ရှာမရ သည်များ၊ မည်သူက မှန်သည်၊ မှားသည် စသည်အမှုများကို မှန်ကန်စွာ ဖြေရှင်းပေးနိုင်လာပါတယ်။

အောက်ပါမှူခင်းက ဆိတ်ကွယ်ရာ မရှိဆိုတာကို သက်သေပြနေပါတယ်။ ၂၀၁၂ ခုနှစ် မတ်လ ၂၉ ရက် မှာတင်ဆက်ခဲ့တဲ့ NT1  impossibles  investigation  series  မှ ဇတ်လမ်းအား သင့်လျော် အောင် ဘာသာပြန်ပါသည်။

၁၉၅၀ ခုနှစ်မှာ နာဇီတို့လက်မှလွတ်မြောက်လာသူများကို အမေရိကန်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်များ ပေးခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ဦးကတော့ Viorel Trifa ဖြစ်ပါတယ်။ သူဟာ ရိုမေနီရား လူမျိုး (Romanium) ဖြစ်ပြီး နာဇီတို့ရဲ့ ဖမ်းဆီးခံရပြီးနောက်၊ နာဇီအကျဉ်း ထောင်မှ ထွက်ပြေး လွတ်မြောက် လာသူ ဖြစ်တယ်လို့ဆိုပါတယ်။

     ၎င်းသည် အမေရိကန်နိုင်ငံ ရိုမေနီရားဘုရားကျောင်းတွင် သင်းအုပ်ဆရာအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့ပါတယ်။ ၎င်း၏ စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကြောင့် ရာထူးအဆင့်ဆင့် တက်ခါ ရိုမေနီရားဘုရားကျောင်း ၃၅ ကျောင်းကိုပင်အုပ်ချုပ်ရသော သင်းအုပ် ဆရာကြီးဖြစ်ခဲ့ပါတယ်။ ၁၉၅၅ ခုတွင် သမတအိမ်တော်တွင် ကျင်းပသည့်ပွဲတွင်ပင့်ဖိတ်ခြင်း ခံခဲ့ရပါတယ်။ ၎င်း၏ကျော်ကြားမှုမှာ အမေရိကန် တွင်သာမက ရိုမေနီရားနိုင်ငံရှိ ဘုရားကျောင်းများအထိ ပြန့်နှံခဲ့ပါတယ်။

ရိုမေနီရားမှလူတစ်ချို့က၎င်းသည် ရိုမေနီရားဂျုး ၂၀၈ ဦးအား ရက်ရက်စက်စက် အစုလိုက် သတ်ခဲ့သည့် Viorel Trifa အမည်ရှိ နာဇီစစ်ရာဇ၀တ်ကောင် ဖြစ်တယ်လို့ စွပ်စွဲကြပါတယ်။ နာဇီ Viorel Trifa ဟာ ၁၉၄၉  ခုနှစ်မှာ  ရိုမေနီရားကျောင်းသားခေါင်းဆောင်အဖြစ် ဟော်ပြောခဲ့ပြီးနောက် ဂျူးလူမျိုး ၂၀၈ ယောက်ကို ရက်စက်စွာသတ်ခဲ့ပါတယ်။

သင်းအုပ်ဆရာကြီး Viorel Trifa ကတော့ နံမည်တူသာဖြစ်ကြောင်း ငြင်းဆို ခဲ့ပြီး ၎င်း၏ သိက္ခာကျ စေသောစွပ်စွဲပြောဆိုမှုများအား အဆုံးသတ်စေရန်အတွက် အမေရိကန် အစိုးရအနေနဲ့ အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။

     အမေရိကန်အစိုးရမှ အနောက်ဂျာမနီနိုင်ငံကို နာဇီ Viorel Trifa နှင့်ပတ်သက်သည့် သက်သေ အထောက်အထားများကို စစ်ဆေးနိုင် ရန်တောင်းဆိုခဲ့ရာ Viorel Trifa ရေးသားခဲ့သော ပို့စကတ် ၂၂ ခုကိုသာတွေ့ရှိရသဖြင့် အမေရိကန်သို့ (copy) ကော်ပြီများ ပို့ပေးခဲ့ပါတယ်။

      ပို့စကတ် ၂၂ မှာ သူငယ်ချင်းများထံ ပို့သော ပို့စကတ်များဖြစ်ပြီး၊ သာကြောင်း မာကြောင်း စသည်များသာပါရှိပြီး၊ အမှုအတွက် ဘာအထောက်အကူမှ မပေးနိုင်ခဲ့ပါဘူး။

     ပို့စကတ် ၂၂ ခုပေါ်မှ နာဇီ Viorel Trifa ၏လက်ရေးနှင့် သင်းအုပ်ဆရာ Viorel Trifa ၏ လက်ရေး တို့ကိုစစ်ဆေးရန် လက်ရေးဖတ် ကျွမ်းကျင်သူ ထံပို့လိုက်ပါတယ်။ လက်ရေးဖတ် ကျွမ်းကျင် သူများ အတွက် လူတစ်ဦးဆီရဲ့လက်ရေးဟာ လက်ဖွေပုံစံလို တစ်မူထူးခြား (၀ါ) အတူမရှိ (Unique) လို့ဆိုပါ တယ်။ ဥတစ်ခုထဲမှဖြစ်လာသော DNA စသည် လုံးဝတူသည့်အမွှာ (monozygotic Identical twins) များပင်လက်ရေးမတူကြဟုဆိုပါတယ်။

    လက်ရေးဖတ်ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်များက နာဇီ Viorel Trifa ရဲ့ လက်ရေးနှင့် သင်းအုပ် ဆရာ Viorel Trifa ရဲ့လက်ရေးတို့ တူညီနေပါတယ်တဲ့။ တစ်နည်းအားဖြင့် နာဇီ Viorel Trifa နဲ့ သင်းအုပ် ဆရာ Viorel Trifa တို့ဟာလူတစ်ဦးတည်းလို့ဆိုလိုပါတယ်။

     သက်သေပိုမိုခိုင်လုံရန်အတွက် လက်ရေးထက်ပိုပြီးအသုံးများတဲ့ ကမ္ဘာနှင့်အ၀ှမ်း လက်ခံထား တဲ့ လက်ဗွေရာကို နာဇီ Viorel Trifa ရဲ့ ပို့စကတ်တွေမှာ ရှာဖို့ ဆုံးဖြတ်ပြီး  အနောက်ဂျာမနီနိုင်ငံမှ Viorel Trifa ရဲ့ မူလပို့စကတ် (original) တွေကိုတောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ လက်ဗွေရာယူသော နည်းများက မူလပို့စကတ်ကို ထိခိုက်နိုင်တဲ့အတွက် အနောက်ဂျာမနီနိုင်ငံမှ လက်ဗွေရာ ယူခွင့်ကို ငြင်းပယ်ခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်တွင် လေဆာရောင်ခြည်ဖြင့် လက်ဗွေရာ ယူနည်းသစ် ပေါ်ပေါက် လာပါတယ်။ ဒီနည်းက မူလလက်ဗွေရာကို လုံးဝ မထိခိုက်စေပါဘူး။ ဒါကြောင့် ၁၉၈၂ မှာ နာဇီ Viorel Trifa ရဲ့ ပို့စကတ်တွေကို အစောင့်အရှောက်နဲ့ အမေရိကန်နိုင်ငံကို ပို့ပေးခဲ့ပါတယ်။

     ပို့စကတ်တွေမှာ လက်ဗွေရာရှိခဲ့မယ် ဆိုရင်တောင် အနှစ် ၄၀ နီးပါး ကြာနေပြီမို့ အစွမ်းထက် ပါတယ် ဆိုတဲ့ လေဆာရောင်ခြည်က ရှာဖွေနိုင်ပါ့မလားလို့ သံသယတွေ ဖြစ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကံကောင်းထောက်မစွာ နာဇီ Viorel Trifa ရဲ့ ပို့စကတ်တွေကို လေဆာရောင်ခြည် အောက်မှာ ကြည့်လိုက်တော့ ပို့စကတ်တစ်ခုမှာ လက်ဝဲဘက်လက်မ လက်ဗွေကို ထင်ထင်ရှားရှား တွေ့လိုက်ရ ပါတယ်။ တွေ့တဲ့လက်ဗွေကို ဓါတ်ပုံရှိုက်ပြီး သင်းအုပ်ဆရာ Viorel Trifa အမေရိကားကို ၀င်လာစဉ်က ယူထားတဲ့လက်ဗွေနဲ့ တိုက်ကြည့်တဲ့အခါမှာတော့ တစ်ထပ်ထဲဖြစ်နေပါတယ်။

နံမယ်ကျော်ကြားပြီး တရားဘက်တော်သား သင်းအုပ်ဆရာကြီးက အတည်နဲ့ သူခိုးက လူ..လူ ဟစ်ခဲ့လို့ အများလူထုက သူကသာ အမှန်ပြောတယ်လို့ ထင်ခဲ့ကြပေမဲ့ ခေတ်မှီသိပ္ပံနည်းသစ်တွေ ကြောင့် အမှန် တရားကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် သူ့ရဲ့ ရာဇ၀တ်မှုဟာ နှစ်များစွာ ကြာခဲ့ပေမဲ့ ဆိတ်ကွယ်ရာ မဟုတ်ခဲ့ပါဘူး။

ဒီအဖြစ်အပျက်မှာ လူသေအလောင်းတို့၊ လူသတ်လက်နှက်တို့၊ မျက်မြင်သက်သေတို့ မရှိခဲ့ပေမဲ့ အမှန်တရားကိုဖုံးကွယ်လို့မရပဲ ဘူးပေါ်သလိုပေါ်ခဲ့ပါတယ်။

မကောင်းမှုမှာ ဆိတ်ကွယ်ရာ မရှိ ( အရှင်ကောဝိဒဓဇ )
မကောင်းမှုမှာ၊ ပြုဖို့ရာ၊ ဆိတ်ကွယ်ရာ မရှိ။
လူမမြင်ငြား၊ နတ်မြင်ထား၊ မှတ်သား သတိရှိ။
မိမိပြုရာ၊ မကောင်းမှုမှာ၊ မိမိသာ ရှေးဦးသိ။
ကိုယ့်အပြစ်ကိုပင်၊ ကိုယ်သိလျှင်၊ ဆင်ခြင် သတိရှိ။

No comments:

Post a Comment