လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Thursday, May 31, 2012
ယပ်နှင့်ရဟန်း။
ဝိသာခါဒါယကာမကြီး၏ လျှောက်ထားချက်အရ မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န် ကျောင်းတွင် သီးတင်းသုံးတော်မူစဉ် ခွင့်ပြုတော်မူသည်။ (၀ိနည်းစူဠ၀ဂ် ပါဠိတော် ခုဒ္ဒက ၀တ္ထုက္ခန္ဓက)။ ၀ိသာခါ ဒါယကာ မကြီးသည် လေးထောင့်ယပ်တောင်ကိုလည်းကောင်း၊ ထန်းရွက်ယပ်ကိုလည်းကောင်း၊ မြတ်စွာ ဘုရားအားဆပ်ကပ်သည်။ မြတ်စွာဘုရားသည် ယပ်တောင်နှစ်မျိုးလုံးကိုလက်ခံတော်မူပြီး၊ ရဟန်းတို့အား လည်းခွင့်ပြုတော်မူသည်။
သံဃာအား ခြင်နှင်ယပ်သည် ဖြစ်ပေါ်၏။ မြတ်စွာဘုရားအားလျှောက်ထားကြသောအခါ ခြင်နှင်ယပ်ကို ခွင့်ပြုတော်မူသည်။ လျှော်ဖြင့်ပြီးသောယပ်၊ပန်းရင်းမြက်ဖြင့်ပြီးသောယပ်၊ဥဒေါင်းမြီးဖြင့်ပြီး သောယပ်၊ ဟူ၍ ယပ်သုံးမျိုးကိုထပ်ခွင့်ပြုတော်မူသည်။ သို့သော် စာမရီသားမြီးယပ်ကိုမူ မဆောင်အပ်၊ ဆောင်သော ရဟန်း အား ဒုက္ကဋ်သင့်၏ဟုပညတ်တော်မူသည်။
ပထမ သင်္ဂါယနာတင်စဉ်က ၀ိနယပိဋက ကိုဖြေဆိုတော်မူသော အရှင်ဥပါလိသည် ဆင်ဆွယ်တို့ဖြင့် စီ အပ်သော လေးထောင့်ယပ်ကိုကိုင်ခဲ့တယ်လို့ဖွင့်ပြထားပါတယ် (ပါရာဇိကဏ်၊ဋ္ဌ၊ပ၊၁၁)။
          ရဟန်းများအတွက် ယပ်၏အသုံးဝင်မှုများမှာ - အပူကိုဟန့်တားနိုင်၏။ မှက်၊ခြင်ရန်ကို ဟန့်တား နိုင်၏။ ယပ်ကိုကိုင်ထားရခြင်းကြောင့် ဓမ္မကထိကများ တရားဟောတဲ့အခါ လက်ဆော့ခြင်း၊ မျက်နှာ ဖောက်ပြန်ခြင်းမရှိ၊ ငြိမ်သက်သောနြေ္ဒရှိစေတယ်။ အရှင်ပိလိန္ဒ၀စ္ဆမထေရ်ဟောတော်မူသော ယပ်လှူခြင်းအကျိုး (၈) ပါး။ (ထေရာပဒါနပ်ဠိ၊ပ၊၃၆၈)
၁။ အအေးအပူကိုမသိရဘူး။
၂။ ကိုယ် မပူဘူး။
၃။ စိတ် မပူဘူး။
၎။ ရာဂ အပူ။
၅။ ဒေါသ အပူ။
၆။ မောဟ အပူ။
၇။ မာန အပူ။
၈။ ဒိဋ္ဌိ အပူ။
အပူမှန်သမျှမှငြိမ်းအေးတယ်။
ကျမ်းကိုး။
ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ။အမှတ်စဉ်၎၊ဒုတိယအကြေိမ်၊တည်တောဆရာတော်။ ၁၉၉၉။
Tuesday, May 29, 2012
နယုန်လပြည့် မဟာသမယ အခါတော်နေ့ ဆိုတာ။
သမိုင်းကြောင်း။
အိန္ဒိယနိုင်ငံ ကပိလ၀တ်ပြည်နှင့် ကောလိယပြည်မှလယ်သမားများ ရောဟနီမြစ်ရေကို လုရာမှ နှစ်နိုင်ငံစစ်ဖြစ်မည့်အချိန်မြတ်ဘုရားကြွလာပြီး၊ငြိမ်းချမ်းရေးကိုရှေးရှု၍ ၀တ္ထုသာဓက ၆ မျိုး ကို ဟောတော်မူသည်တွင်ဒေါသမီးငြိမ်းကာ၊စစ်မဖြစ်တော့ပဲ၊ နှစ်နိုင်ငံမှ၂၅၀ စီသော မင်းသားများ ရဟန်းပြုကြသည်။ သို့သော်ရဟန်းများ ဇနီးမယားများ သတိရပြီးသာသနာ၌ မပျော်ကြသဖြင့်၊ ဟိမ၀န္တာရှိ ကုဏာလရေအိုင်သို့ တန်ခိုးတော်ဖြင့်ခေါ်သွားပြီး၊ ကုဏာလ ငှက်မင်း၏ ဇတ်တော် ကိုဟောတော် မူ သည်တွင် သောတာပန်များဖြစ်ပြီးအဘိညဉ်များပါရကြသဖြင့်၊ကပိလ၀တ်ပြည် အနီးမဟာဝန်တောသို့ မြတ်ဘုရားနှင်အတူမိမိတို့တန်ခိုးများဖြင့်ပြန်လာကြသည်။ ထိုမဟာဝန် တော၌ဆက်လက်တရား အားထုတ်သဖြင့် အားလုံးရဟန္တာများဖြစ်တော်မူကြသည်။
အသစ်ဆက်ဆက်ရဟန္တာ ၅၀၀ တို့မိမိတို့ရရှိသောတရားတော်များ အား မြတ်ဘုရား အား လျှောက်ကြားရန် နယုန်လပြည့်နေ့ညချမ်းတွင် မြတ်ဘုရားထံပါးစုရုံးရောက် လာကြ၏။ ဤထူးခြားသော သံဃာ့အစည်းအဝေးကိုကြည်ညိုရန် နတ်၊ဗြဟ္မာ၊ အသုရာ၊ ဂဠုန်၊ နဂါး၊ တို့ မဟာဝန်တောသို့ စုရုံး ရောက်ရှိကြ၏။ မြတ်ဘုရားသည် ထိုသို့စုရုံးရောက်ရှိလာသော နတ်တို့ အား ၎င်းတို့၏အမည်များ အား ထုတ်ဖေါ်နှုတ်ခွန်း ဆက်တော်မူသည် ထိုစကားတော်တို့ ကို မဟာသမယသုတ်ဟုခေါ်သည်။ နတ်တို့သည် မိမိတို့၏အမည်များကိုမြတ်ဘုရားခေါ် တော် မူသောထိုမဟာသမယသုတ်ကိုလွန်စွာနှစ်သက်ကြသည် ထိုကြောင့် ၎င်းသုတ်ကို နတ်ချစ်တဲ့ သုတ်ဟုပြောဆိုကြသည်။
မဟာသမယသုတ်အပြီးတွင်မြတ်ဘုရားသည် စရိုက် (၆) မျိုး အတွက် တရားတော် ၆ ပါးကို နိမ္မိတဘုရားဖန်ဆင်းတော်မူ၍ ထိုနိမ္မိတဘုရားကမေး၍ ပကတိဘုရားကဖြေခြင်းဖြင့် ထူးခြားစွာ ဟော တော်မူသည်။ တရားတော်အဆုံးတွင် နတ်ဗြဟ္မာပေါင်း ကုဋေတစ်သိန်းစီကျွတ်တမ်းဝင်ကြသည်။
မဟာသမယနေ့၏ထူးခြားချက်များ။
၁။ ကပိလ၀တ်နှင့်ကောလိယနှစ်ပြည်စစ်ဖြစ်ခြင်းမှကင်းဝေးခြင်း။
၂။ နတ်၊ဗြဟ္မာ၊ အသုရာ၊ ဂဠုန်၊ နဂါး၊ ရဟန္တာ ၅၀၀ တို့ မြတ်ဘုရားလက်ထက်တွင် တစ်ကြီမ်တည်းစုရုံးမိခြင်း။
၃။ မင်းသားငါးရာ ရဟန္တာဖြစ်ကြခြင်း။
၎။ မဟာသမယသုတ်ကိုအကြောင်းပြု၍ ကမ္ဘာ့ရန်ဖြစ်သော ဂဠုန်၊ နဂါး၊များပင် မေတ္တာ သက်ဝင်ကြခြင်း။
၅။ ထူးခြားစွာဟောတော်မူသော သုတ္တန် ၇ မျိုးကိုနာရ၍ နတ်ဗြဟ္မာ ကုဋေတစ်သိန်းစီ ကျွတ်တမ်းဝင်ကြ
ခြင်း။
၆။ ပဋိပက္ခပြေရန် ရှေးဇတ်တော်  ၆ မျိုးကိုလည်းဟော တော်မူခြင်း။
မဟာသာမယအမွှန်း၊ဧကပိုဒ်ရတု။
လျှောက်ထားပါမည်၊ရွှေနားကြည်လော့၊နေပြည်ဌာန၊ကပိလဟု၊သာစွရဂုံ၊မဟာဝုန်၌၊ များတုံငါးရာ၊ရဟန္တာတို့၊ညီညာဆင်နွှဲ၊ကျွတ်ဆုပွဲတွင်၊အားခဲရောက်လာ၊နတ်ဗြဟ္မာနှင့်၊
အသုရာစုံ၊ဂဠုန်နဂါး၊မေတ္တာပွါး၍၊အမှားမပြု၊တရားရှုသော်၊သုံးလူ့ထွတ်ထား၊မြတ်ဘုရားက၊
သိကြားဗြဟ္မာ၊ဒေ၀ါသုရ၊ဂရုဠနှင့်၊နာဂအဆုံ၊အကုန်မကြွင်း၊အမည်ရင်းကို၊ရှင်းလင်းပြတ်သား၊
ထုတ်ဖေါ်ကြားသော်၊အများသူငါ၊နတ်ဒေ၀ါတို့၊၀မ်းသာရွှင်ပြုံး၊ပီတိဖုံး၏၊စုရုံးလာကြ၊သမယ၌၊
ဓမ္မအမွေ၊ကုဋေတစ်သိန်း၊ကျွတ်ဆုငြိမ်း၏၊ခပ်သိမ်းသတ္တ၀ါ၊ရောဂါလည်းပျောက်၊ချမ်းသာ ရောက်လျက်၊ထွန်းတောက်စည်းစိမ်၊နေအိမ်ကျက်သရေ၊တက်နေအလား၊လွန်တိုးပွါး၏၊ ဉာဏ်အားထက်မြက်၊အသက်ရှည်ရေး၊နတ်ချစ်ဆေးဟု၊မည်ပေးခေါ်ကြ၊သမယဟု၊ဗုဒ္ဓမန္တန်၊
ဤသုတ္တန်ကို၊ထုတ်ပြန်ခုခါ၊ရွတ်ချိန်သာပြီ၊သေချာ မောင်၊မယ်တို့ရွတ်ပါဆို့။
ကျမ်းကိုး။
အခါတော်နေ့များ၊မာဂဓီ(သာစည်)၊၁၉၉၉။
Monday, May 28, 2012
ညစာကျွေးသောဒကာများအပြစ်ကြီးပါသလား။
အပြစ်ကြီး မကြီးဆိုတာ စေတနာပေါ်မူတည်ပါတယ်။ ဆာလောင်နေတာသနားလို့ ကျွေးတာ၊ ရောဂါပျောက်စေချင် ကျန်းမာစေချင်လို့ ကျွေးတာမျိုးက ၀ိနည်းေးသနာဘက်ကကြည့်ရင် ဘုရားရှင်ရဲ့ အာဏာဒေသနာသိက္ခပုဒ်တော်ကို ကျူးလွန်စေရာ ရောက်တဲ့ အတွက် အပြစ်ရှိ တယ်လို့ပြောရပါမယ်။ ဒါပေမဲ့ သုတ္တန်နည်းနဲ့ကြည့်ရင်တော့ အရင်ခံစေတနာက ကုသိုလ် စေတနာတွေ ဖြစ်နေတဲ့အတွက် အပြစ်ကြီးကြီးတော့ ဖြစ်စရာမရှိဘူးထင်ပါတယ်။
          သူတစ်ပါးသီလကိုဖျက်စီးလိုသော စေတနာဆိုးမျိုးနဲ့ ကျွေးတာမျိုးကတော့ ယုတ်ညံ့တဲ့ စေတနာနဲ့ သာသနာတော်ကို ဖျက်စီးရာရောက်တဲ့အတွက် အတော်အပြစ်ကြီးတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စားတဲ့သူထက်ပင်အပြစ်ကြီးတယ်လို့ဆိုရပါမယ်။
          စားသုံးသူဟာ ရှင်ဖြစ်လျှင် ဆရာကပေးတဲ့အပြစ်ဒါဏ် (ထွေးခံဆေးခြင်း၊ တံမြက် လှဲခြင်း၊စသည်) ကို ပြုလုပ်လိုက်ရင်၊ ရဟန်းဖြစ်ပါက ဒေသနာကြားလိုက်ရင် အပြစ်မှ ကင်းလွတ်သွားပါတယ်။ ကျွေးသူကတော့ ဒီမျှနဲ့ အပြစ်ကမလွှတ်နိုင်ပါဘူး။ သူ့စေတနာ အားလျော်စွာ ဒုဂ္ဂတိဘုံဘ၀ သို့ပင် ရောက်နိုင် ပါတယ်။
ကျမ်းကိုး။
ဗုဒ္ဓဆိုင်ရာအမေးအဖြေများ။ဒုတိယတွဲ။ဟံသာသီရိ။ ၂၀၀၃။
Sunday, May 27, 2012
ဆရာဝန်များ လူနာအားပိုးသတ်ဆေးတိုက်လျှင် ပါဏာတိပါတကံ ထိုက်ပါသလား။
ပါဏာတိပါတကံ ထိုက်မထိုက်ဆုံးဖြတ်ရန် ရောဂါဖြစ်စေသောပိုးများသတ္တ၀ါ ဟုတ်မဟုတ် သိရှိရန် အရေးကြီးသည်။
လူတွင်ရောဂါဖြစ်စေသောပိုးများစွာရှိသည့်အနက်အများဆုံးရောဂါဖြစ်စေသောပိုးမှာ ဘက်တီးရီးယား (bacteria) နှင့် ဗိုက်ရပ်စ် (Virus) များဖြစ်သည်။
ဘက်တီးရီးယားတွင် မျိုးပွါးနိုင်သောပစ္စည်းများ ပါသဖြင့် မိမိဘာသာတစ်ကောင်မှ နှစ် ကောင်၊ နှစ်ကောင်မှလေးကောင်း စသည်ဖြင့် နှစ်ဆတိုးပွါးသည်။ မျိုးပွါးနိုင်သဖြင့် သတ္တဗေဒ ဘာသာတွင် အသေးငယ်ဆုံးနှင့် ရှေးအကျဆုံး သက်ရှိသတ္တ၀ါ အဖြစ် စာရင်းသွင်းထားသည်။ ဗိုက်ရပ်စ်များမှာ မျိုးပွါးနိုင်သောပစ္စည်းများ မပါသဖြင့် မိမိဘာသာ မျိုးပွါးနိုင်ခြင်းမရှိ။ အခြား သတ္တ၀ါ၏ ဆဲလ်(၀ါ) ဘက်တီးရီးယားထဲ ၀င်ရောက်ပြီး၊ ၎င်းဝင်ရောက်သည့်အိမ်ရှင် (host) ၏ မျိုးပွါးပစ္စည်းများကို အသုံးပြုပြီးမှသာ မျိုးပွါးနိုင်သည်။ ထိုကြောင့်ဗိုက်ရပ်စ်များအား ဆဲလ် အတွင်းရှိသည့် အချိန်၌သာ သက်ရှိဟု သတ်မှတ်သည်။ ၎င်းဘက်တီရီးယားနှင့် ဗိုက်ရပ်စ်များ သည် ၎င်းတို့မျိုးပွါးနိုင်ရန် အစာ (၀ါ) ပစ္စည်းများရှိနေသမျှ ဆက်လက်မျိုးပွါး နိုင်သည်။
စိတ်ဝိညာဉ်သည် တစ်ကိုယ်မှ နှစ်ကိုယ် ခွဲမထွက်နိုင်။ ထို့ပြင်သတ္တ၀ါမှန်လျှင် သူ့ဘ၀အား လျော်စွာ သက်တမ်းရှိသည်။ ထိုကြောင့် သတ္တဗေဒအရ သက်ရှိပိုးဟု ခေါ်သော်လည်း ဗုဒ္ဓ တရားတော်အရ ၎င်းတို့သည် သတ္တ၀ါများ မဟုတ်။ ရောဂါသည်၏ အကုသိုလ်ကံ အကြောင်း လျော်စွာ ဥတုကြောင့်ဖြစ် သော ကမ္မပစ္စယ ဥတဇရုပ်များ ဟူ၍သိအပ်၏။ ထိုကြောင့် ပိုးသတ် ဆေး ပေးခြင်းသည် ပါဏာတိပါတကံ မထိုက်။
          သံကောင်များမှာမူ ပဋိသန္ဓေနေခြင်း၊ သက်တမ်းရှိခြင်း တို့ကြောင့် သတ္တ၀ါစာရင်း ၀င်သည်။ သို့သော် ပါဏာတိပါတကံ မြောက်ရန် အတွက်အချက် (၅) ချက်နှင့်ပြည့်စုံရမည်။
၁။ သက်ရှိသတ္တ၀ါဖြစ်ခြင်း။
၂။ သက်ရှိသတ္တ၀ါမှန်းသိခြင်း။
၃။ သတ်ရန်အားထုတ်ခြင်း။
၎။ သေစေလိုသောဆန္ဒရှိခြင်း။
၅။ သတ္တ၀ါသေဆုံးခြင်း။
၎င်းအပြင် သီလ စသောဂုဏ်ရှိသူ၊ မိမိအပေါ်ကျေးဇူးရှိသူ၊ သတ်ရာ၌ လုံလစိုက်ထုတ်မှု၊ သတ္တ၀ါ အကြီးအငယ် ပေါ်တွင် မူတည်၍ အပြစ် အလေးအပေါ့ ဖြစ်သည်။ ဘာဂုဏ်မျှရှိမည် မဟုတ်သော ထိုသံကောင်များကို သတ်ခြင်းမှာ အလွန်ပင် အပြစ်သေးငယ် ရာ၏။ ထို သံကောင်များ သေခြင်းကို အာရုံမပြုပဲ၊ လူနာ ရောဂါပျောက်ကင်းရေး ကိုသာ ရည်မျှော်၍ ဆေးပေးလျှင် ပါဏာတိပါတကံ မထိုက်ဟုယူအပ်၏။
ကျမ်းကိုး။
မဟာစည်ဆရာတော်ဘုရားကြီးဖြေကြားတော်မူသောဘ၀ပြဿနာ။
Friday, May 25, 2012
သူ့အစာကိုမဟန့်တားလို သူ့အသက်ကိုလည်းမသေစေလို။
ဥပမာ။ အိမ်မြှောင်တစ်ကောင်က လိပ်ပြာတစ်ကောင်ကို စားရန်ဖမ်းထားသည်ဆိုပါစို့။
ကို မောင်းထုတ်၍ သူ့အသက်ကိုကယ်သင့်ပါသလား။ ကြည့်နေသင့်ပါသလား။ မောင်းထုတ် လျှင် (၁) သူ့အစာကိုဟန့်တားရာရောက်မည်လား။ (၂) သူ့အသက်ကိုကယ်ဆယ်ရာ ရောက် မည်လား။ မည်သို့ပြုလုပ်သင့်ပါသလဲ။
          ကြည့်မနေပါနဲ့၊ ကယ်ဖြစ်အောင်ကယ်ပါ။  သည်အလုပ်ဟာ အလွန်မွန်မြတ်တဲ့ ဇီဝိတ ဒါနအလှူဖြစ်ပါတယ်။ လိပ်ပြာဟာသူ့အစာမို့ စားလိုလို့ဖမ်းတာဖြစ်ပါတယ်။ အိမ်မြှာင်ဟာ ကုသိုလ်၊ အကုသိုလ်မသိတဲ့ တိရိစ္ဆာန်ဖြစ်တာကြောင့် သူ့အသက်ကို သတ်စားတာပါ။ လိပ်ပြာ
လေးသေသွားရင် အိမ်မြှာင်မှာ ပါဏာတိပါတကံ ထိုက်ပါတယ်။
          လိပ်ပြာလေး အိမ်မြှာင်ပါးစပ်က လွတ်အောင်လုပ်ပေးတဲ့အတွက် လိပ်ပြာလေး ချမ်းသာ သွားပါတယ်။ အိမ်မြှာင်လည်း အပါယ်ကျစေနိုင်တဲ့ ပါဏာတိပါတကံ ကလွတ်ကင်း သွားပါတယ်။ သည်အလုပ်ဟာ နှစ်ကောင်လုံးကို ချမ်းသာစေတာဖြစ်တဲ့အတွက် ကယ်ဆယ် သူမှာလည်း များပြားလှတဲ့ကုသိုလ်တွေ ရပါတယ်။ ကယ်ဆယ်ခံရတဲ့ သတ္တ၀ါ အကြီးအငယ်၊
အယုတ်အမြတ် အလိုက်ကုသိုလ်အနည်းအများရပါတယ်။
          ဒီလိုကယ်ဆယ်တာနဲ့ ပတ်သက်ပြီး ဒကာတစ်ယောက်ကသင်္ဂဇာဆရာတော်ကြီးကို
ကယ်ကောင်း-မကောင်း လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက ဟဲ့ နင့်အမေကိုကျားကိုက်
နေတာတွေ့ရင် နင်သည်လိုပဲကြည့်နေမလား။ လို့မေးဖြေ ဖြေလိုက်ပါတယ်တဲ့။
ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ။ဒုတိယတွဲ။ဟံသာသီရိမှကူးယူတင်ပြပါသည်။
တောင်မြို့ဆရာတော်ဘုရားကြီး။
ပါဏာတိပါတ်၊သူ့သက်သတ်က၊ချို့လတ်အင်္ဂါ၊
မွဲပြာရုပ်သွင်၊အားအင်ယိုယွင်း၊လျင်ခြင်းလည်းဝေး၊
ဘေးကိုကြောက်တတ်၊အသတ်ခံရာ၊အနာများလျက်၊ ခြွေရံပျက်၍၊အသက်တိုလှ၊ပြစ်များစွာသည်၊ရှောင်ခါ၊အပြန်အကျိုးတည်း။
မဟာစည်ဆရာတော်ဘုရားကြီးအရှင်သောဘဏ။
သူများအသက်သတ်သည့်တွက်၊အသက်ကိုယ့်မှာတို၊ မသတ်ရှောင်ရှား၊ထိုသူများ၊ရှည်လျားအသက်ကို၊                     
နှိပ်စက်ကလူ၊င်းဆဲမူ၊ပြောထူရောဂါဆို။
မာဃဒေဝ
ရေစစ်၊ဆေး၊ကျောင်း၊ အဟောင်းပြုပြင်၊ပဉ္စအဋ္ဌ၊
ဤငါးဝကား၊လောကလူပေါင်းသက်ရှည်ကြောင်းတည်း။
အသက်ရှည်ကြောင်းတရားငါးပါး။
၁။ ရေစစ်လှူခြင်း။
၂။ ဆေးလှူခြင်း။
၃။ ကျောင်းအလှူ။
၎။ စေတီပုထိုး၊ကျောင်း၊အဟောင်းများပြုပြင်ခြင်း။
၅။ ငါးပါး၊ရှစ်ပါး၊သီလစောင့်ထိမ်းခြင်း။
Wednesday, May 23, 2012
အဘိဓမ္မာ ဆိုတာ..
အဘိ = အထူး။
ဓမ္မ = သဘောတရား။
ရုပ်၊နာမ်၊ဓမ္မ၊ စသော ပရမတ္တတရား (ပရမတ်တရား) တို့၏ သဘောတရားအမှန်ဆိုင်ရာ
တရားတော်များဖြစ်သည်။ ပရမတ္တဒေသနာ ဟုလည်းခေါ်သည်။
အချိုတွင် ပျားသကာ၊
တရားတွင် အဘိဓမ္မာ။
ဆရာဒေါက်တာမင်းတင်မွန်က အဘိဓမ္မာ သိမှ မြတ်စွာဘုရားကိုပိုမိုကြည်ညိုမိတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ အဘိဓမ္မာ သင်တော့မှ မြတ်ဘုရားကို ကြည်ညိုတဲ့ သဒ္ဓါတရား
တွေ ပိုမိုလို့ လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အဘိဓမ္မာ တရားတွေဟာလူသာမန်တွေ တွေးခေါ်နိုင်တဲ့ တရားတွေ မဟုတ်ပါဘူး။ အဘိဓမ္မာရဲ့ လေးနက်မှုတွေ သိလာလေလေ မြတ်ဘုရားရဲ့ အနှိုင်းမရှိတဲ့ ဉာဏ်တော်ကြီး ဆိုတာကို ပိုမို လက်ခံ ယုံကြည်လာလေလေပါပဲ။
မြတ်စွာဘုရားအဘိဓမ္မတရားတော်ကို တာဝတိံသာနတ်ပြည်မှာ နတ်ဗြဟ္မာ ပရိတ် သတ်ကို သက်တော် ၄၂ နှစ်မှာ ဟောတော်မူပါတယ်။ မယ်တော်မာယာဘ၀မှ တုတိသာ နတ်ပြည်၌ သန္တုတိနတ်သား ဖြစ်တော်မူသော မယ်တော်တဖြစ်လဲ နတ်သား သောတာပန် ဖြစ်တော်မူပြီး၊ နတ်ဗြဟ္မာ ကုဋေ ၁၈ သိန်း ရဟန္တာဖြစ်ကြပါတယ်။
အဘိဓမ္မာတရားတော်ရဲ့ အခြားထူးခြားချက်က အကျယ်၊မကျဉ်းမကျယ်၊အကျဉ်း ဟောဆိုပြီး သုံးမျိုးသုံးစား သောဟောခြင်းကို တစ်ချိန်ထဲမှာဟော တော်မူတာပါ။
၁။ အကျယ်= အဘိဓမ္မာတရားတော်အကျယ်ကို မြတ်ဘုရားကိုယ်တော်တိုင် နတ်ပြည်မှာ
နတ်ဗြဟ္မာ ပရိတ်သတ်ကို လူတို့ရက်နှင့် ရက် ၁၀၀ တိတိ မရပ်မနားဟောတော်မူပါတယ်။ (မြတ်စွာဘုရား ဆွမ်းအတွက် လူ့ပြည်ကြွစဉ်၊ နိမိတ္တရုပ်ပွါးတော်ဖန်ဆင်းခဲ့ပြီး၊ မိမိဟော လိုသည့်အတိုင်း ဆက်ဟော ရန်အဓိဋ္ဌာန်ထားခဲ့ပါတယ်)။
၂။ အကျဉ်း = မြတ်ဘုရားက အလုပ်အကျွေးပြုရန်လာသော အရှင်သာရိပုတ္တရာကို နတ်ပြည်မှာဟော နေတဲ့ အဘိဓမ္မာရဲ့ အကျဉ်းကို နေ့စဉ်လူ့ပြည်မှာ ဟောပါတယ်။
၃။ မကျဉ်းမကျယ် = အရှင်သာရိပုတ္တရာက မြတ်ဘုရားပြီးရင် ဉာဏ်တော်အကြီးဆုံးဖြစ်တာမို့ သူနာရတဲ့ တရားတော်ကို ၎င်း၏တပည့်ရဟန်း ၅၀၀ အားနေ့စဉ်လူ့ပြည်မှာ မကျဉ်းမကျယ်ပြန်
ဟောပါတယ်။ ယနေ့ကျမတို့ သင်ကြားနေရတဲ့ အဘိဓမ္မာ တရားတော်ဟာ အရှင်သာရိပုတ္တရာ
ပြန်ဟောတဲ့ အဘိဓမ္မာဖြစ်ပါတယ်။ ဒါပေမဲ့ မြတ်ဘုရားက ပြန်လည်အတည်ပြုထားတဲ့ တရား တော်မို့ မြတ်ဘုရားရဲ့ အဘိဓမ္မာ ပါပဲ။ အဘိဓမ္မာတရားဆိုတာ မြတ်စွာဘုရားတို့ရဲ့ အရာသာ ဖြစ်ပါတယ်။ အရှင်သာရိပုတ္တရာလို ပညာဧတဒဂ်ဘွဲ့ရ အဂ္ဂသာဝကကြီးပေမဲ့ ၎င်းဘာသာ ထိုးထွင်းပြီး မသိနိုင်ပါဘူး။ မြတ်ဘုရားဟောပြတော်မူမှ ချဲ့ထွင်းပြီးသိတော်မူတာပါ။ ဒါကြောင့်လည်း မြတ်ဘုရားရဲ့ ဂုဏ်တော်တစ်ပါး ဖြစ်တဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်တော် ဆိုတာ
သိစရာမှန်သမျှ ဆရာမကူပဲ ကိုယ်တော်တိုင်း အမှန်အတိုင်း သိမြင်တဲ့ဂုဏ်ပါပဲ။
လယ်တီဆရာတော်ဘုရားကြီဦးဉာဏဓဇဟ
တစ်ပိုင်းကြောင်၊ကျက်စာရရုံဖြင့်၊ခက်ပါလှ၊သဘောဉာဏ်၊
တက်မာန၊အပြောသန်တယ်၊ဒေါသမာန်၊ထူပွါး။
စောဒက၊တုဖက်လာလျှင်၊သူ့ထက်ငါ၊ငြင်းတဲ့လူစား။
ဘုရားဟော၊မြတ်ဓမ္မက္ခန္ဓာကို၊တတ်လေဟန်၊ယောင်ဝါး။
ပရမတ်ပြန်၊အကြောင်သမားတွေမို့၊ထောင်လွှားကြသူ့ထက်ငါ။
အသိဉာဏ်၊တစ်ထွာလောက်ကယ်ဖြင့်၊ ညှာမထောက်၊ဟောတတ်လှပ၊
ပရိတ်သတ်ထောမနာအောင်၊စောဒနာဉာဏ်အကောက်တွေဖြင့်၊
ကန်အကြောက်၊အတင်းမရှောင်၊ငြင်းကြလူ့ဘောင်။
ပိဋိကတ်အစွယ်ထောင်လျှင်၊အပါယ်ဘောင်ဆင်းရလိမ့်မယ်လေး။
အုတ်တွင်းမြို့ကန်ကလေးတောရဆရာတော်
စာမတတ်မူ၊ အခေါက်ထူ၊လူထဲရှင်ထဲအသုံးမကျ။
စာတတ်ပြန်လျှင်၊စိတ်ကြီးဝင်၊လူမြင်းတိုင်းကအော့ချင်ကြ။
ဦးပုည (စာပြောင်)
သောမနဿ သဟဂုတ်၊ လက်ဘက်က သုံးလေးလုတ်၊
ကြက်သွန်ဖြူများများနှင့်၊ ဗိုက်ကားအောင်တုပ်ပြီးလျှင်၊
သရုပ်များကွဲလေဟန်၊လေသံကခပ်ထွားထွား။
Tuesday, May 22, 2012
တောင်ခွင်သာသနာပိုင်ဆရာတော်ကြီးရေးသားသော စက်တော်ရာဘုရားရှစ်ခိုးလင်္ကာ။
ထွန်းပေါ်ကျစ်လစ်၊တရာ့ရှစ်ကို၊စိစစ်လျှင်ထွေ၊လျှင်းလျှင်းရေပိမ့်။ ။ချီလေအစ၊ (၁-၂) လုံမ, အိမ်မွန်၊ (၃) သုံးတန်ပွင့်ချပ်၊ဇလပ်ပျံ့မွှေး၊(၄) လည်ရည်သုံးဆင့်၊ (၅) လှတင့် ထွန်းတောက်၊ဦးဆောက်ပန်းက၊ (၆) ဖြူဆွရောင်မောင်း၊ဦးဘောင်းမကွဲ၊စားပွဲတည်ခင်း၊ (၇) အင်းပျဉ်ဝန်းနှင့်၊ (၈-၉) ချွန်းတောင်း, ပြာသာဒ်၊(၁၀) အထွတ်မြင့်ခိုင်၊တံခါးတိုင်က၊ (၁၁-၁၂) ဖြူဆွပြိုးပြက်၊ထီးသန်လျှက်နှင့်၊(၁၃)ထန်းရွက်ရပ်ဝန်း၊   (၁၄) ရွှန်းရွှန်းရောင်မောင်း၊ ဥဒေါင်းမြီးရပ်၊ (၁၅) သင်းကျပ်ရွှေပြား၊(၁၆) ပတ္တမြား ကျောက်မြက်၊(၁၇) စားခွက်ရောင်ပြေး၊ (၁၈) မုလေးပန်းဆိုင်း၊(၁၉-၂၃) တုနှိုင်းမရ၊ပွင့်လှအပြား၊ငါးပါးကြာမျိုး၊  (၂၄)ပြည့်သည့်အိုးနှင့်၊(၂၅) ပြည့်ဖြိုးဖလား၊ (၂၆) ရေငြားသမုဒြ၊ (၂ရ) စကြာဝဠာတောင်မွန်၊ (၂၈)           ဟိမ၀န်တော ချောင်၊ (၂၉) မြင်းမိုရ်တောင်နှင့်၊ (၃၀-၃၁) ထွန်းပြောင်နေလ၊(၃၂) နက္ခတ္ထက၊           (၃၃-၃၆) ဒီပလေးသွယ်၊ကျွန်းငယ်ရံဆောင်၊ (၃၇)ဘုန်းခေါင်စကြာမင်း၊ (၃၈)ခရုသင်းဖြူနစ်၊ဗွေရစ်လက်ျာ၊ (၃၉)ရွှေဝါအဆင်း၊ငါးမင်းစုံလျက်၊(၄၀) လက်နက်စက်က၊(၄၁-၄၇) ရေတွက်သချာင်္၊ ဂင်္ဂါခုနှစ်တန်၊(၄၈-၅၄)တောင်ရံခုနှစ်လုံး၊ (၅၅-၆၁) အိုင်ထုံးခုနှစ်ကွက်၊ (၆၂)ငှက်ဂဠုန်မင်း၊ (၆၃) မြစ်တွင်းကိန်းအောင်း၊ (၆၄) တံခွန်လျားနှင့်၊(၆၅) ကုက္ကားတံခွန်၊(၆၆) မင်းတန်သံလျင်း၊(၆၇) အဆင်းရွှေလား၊သားမြီးလေဆောင်၊(၆၈) ငွေတောင်ကေလာသ၊ (၆၉-၇၀) သီဟ၊ဗျ ဂ္ဃါ၊ (၇၁) ၀လာဟမြင်း၊ (၇၂) ဆင်မင်းမြတ်စွာ၊ ဥပေါသထာယာဉ်မွန်၊ ဆဒ္ဒန်တူပြီ (၇၃) ဗာသုကီ မည်ရင်း၊နဂါးမင်းနှင့်၊(၇၄) ဟင်္သာရွှေလား၊ (၇၅) နွားဥသဘမွန်၊(၇၆) ဧရာဝဏ်တခဏ်း၊(၇၇)ရွှေမကရ်းတထွေ၊ (၇၈) ရွှေလှေလျှံဝါ၊ (၇၉) ဗြဟ္မထွတ်ဖျား၊ (၈၀) သားနှင့်တကွ၊နွားမနို့ညစ်၊(၈၁) အချစ်မြဲစွာ၊ကိန္နရာဖို-မ၊ (၈၂) သဒ္ဒမဆိတ်၊ကရ၀ိတ်တွန်ညောင်း၊(၈၃-၈၄) ဥဒေါင်း၊ ကြိုးကြာ၊(၈၅) သံသာစက္က၀ါက်၊ (၈၆) စုံလျက်၊ဇီဝဇိုင်း၊ (၈၇-၉၂) မိုးဝဘုံသာ၊ ဆကာမာနှင့်၊ (၉၃-၁၀၈) ဗြဟ္မဘုံရပ်၊ဆယ့်ခြောက်ထပ်လည်း၊ယှဉ်စပ်မကင်း၊ခမင်းများစွာ၊ရံစကာနှင့်၊ စကြာခြေမွန်၊တင့်တယ်ဟန်ကို၊မိုးစွန်ဘုံဖျား၊သိကြား၊ဗြဟ္မာ၊တူရေးလှာလည်း၊ဘယ်မှာတမျှ၊ အတုရချိမ့်၊ အသမသမာ၊သုံးလူ့ချာ၏၊ရတနာလျှံဝင်း၊နီဆင်းစင်သန့်၊အကန့်တထောင်၊ ထွန်းပြောင်သိင်္ဂါ၊ သန္တာအကွပ်၊ ထိန်လျှပ်ပုံတောင်း၊ညိုမောင်းကျောက်မျက်၊ခြေတော်စက်ကို၊စုံမက်မြတ်နိုး၊ ရှိလျှင်ခိုးသည်၊ အကျိုးကောင်းမွန်၊ မဂ်ဉာဏ်၊ဖိုဉာဏ်၊ နိဗ္ဗာန်ထုတ်ချောက်ရောက် စေသောဝ်။
ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ကမ္မဋ္ဌာန်းသံပေါက်လင်္ကာများ
ထွဋ်ခေါင်ဆရာတော်ဘုရားကြီး၏ကမ္မဋ္ဌာန်းသံပေါက်လင်္ကာများ။
၁။ သဗ္ဗေသတ္တာ၊ဝေနေယျာ၊သံသာရှည်လှပြီ။
၂။ အတည်ကျကျ၊ဘယ်ဘ၀၊ရကြမရှိပြီ။
၃။ ရအံ့နိုးနိုး၊လောဘမျိုး၊အကျိုးယုတ်လှပြီ။
၎။ သုံးပါးညီးညီး၊လောင်မီးကြီး၊ဖိစီးလှလေပြီ။
၅။ လောင်မှန်းမသိ၊မောဟဖိ၊မိုက်မိလှလေပြီ။
၆။ ပိုးဖလံမျိုး၊မီးကိုတိုး၊ကိုယ်ကျိုးနည်းလှပြီ။
၇။ ကာမဂုဏ်မွဲ၊သည်မိုက်ခဲ၊မခွဲနိုင်ကြပြီ။
၈။ မခွဲနိုင်ကြ၊လူ့ဗာလ၊မိုက်စသိမ်းသင့်ပြီ။
၉။ ဂင်္ဂါသဲတူ၊ပွင့်တော်မူ၊ဆူဆူများလှပြီ။
၁၀။ များအသင်္ချေ၊ရှင်စောထွေ၊ရှောင်သွေလွဲခဲ့ပြီ။
၁၁။ တစ်ဆူမသင့်၊တစ်ဆူသင့်၊ဖူးခွင့်တွေ့ထိုက်ပြီ။
၁၂။ မတော်မတရား၊ကျင့်ဖေါက်ပြား၊မိုက်အားကြီးလှပြီ။
၁၃။ အလိုမလိုက်၊သည်အမိုက်၊ပယ်ထိုက်သင့်လှပြီ။
၁၄။ မပယ်မချိုး၊ဆင်ကန်းတိုး၊ဟုတ်နိုးထင်လှပြီ။
၁၅။ ဟုတ်နိုးသမှု၊ထင်တိုင်းပြု၊ယခုတိုင်ခဲ့ပြီ။
၁၆။ တရားလက်လွတ်၊ငှက်တောင်ကျွတ်၊၀ဋ်နှင့်မကင်းပြီ။
၁၇။ မနုဿတ္တ၊ဒုလ္လဘ၊မရများလေပြီ။
၁၈။ အရတော်စွ၊သည်ဘ၀၊လှလှကျင့်ထိုက်ပြီ။
၁၉။ ကြုံကြိုက်တော်စွာ၊သာသနာ၊ရောင်ဝါထွန်းလှပြီ။
၂၀။ သတိရရ၊မြတ်ပုည၊ပြုရကောင်းသင့်ပြီ။
၂၁။ တစ်နေ့တစ်နေ့၊နက်ဖြန်ရွေ့၊မမေ့ကောင်းသင့်ပြီ။
၂၂။ ငါ့ကိုယ်ငါ့သား၊ငါ့မယား၊ထင်မှားလှလေပြီ။
၂၃။ ထင်မှားတတ်စွာ၊သက္ကာယာ၊မိစ္ဆာကင်းသင့်ပြီ။
၂၄။ ငါးခုခန္ဓာ၊ရုပ်နာမ်မှာ၊မျန်စွာ မှတ်သင့်ပြီ။
၂၅။ သမ္မာသန၊ ဉာဏ်အစ၊ထင်လှသင့်ာကပြီ။
၂၆။ နင်ဖြင့်နင့်ကိုယ်၊ဆုံးမဆို၊နင့်ကိုယ်အမှုသည်။
၂၇။ နင်မဆုံးမ၊နင့်တာပ၊ဘယ်ကခံလိမ့်မည်။
၂၈။ နှလုံးဖုံဖုံ၊ထုံ တုံတုံ၊နင့်ပုံကြော့ကြမ်းသည်။
၂၉။ နင့်ကိုယ်နင့်ကံ၊စီရင်ဖန်၊အမှန်ဖြစ်တော့သည်။
၃၀။ ယခုနင့်ကိုယ်၊နင့်အလို၊ဘယ်ကိုယ်ပြည့်စုံသည်။
၃၁။ နင့်ကိုယ်နင်နှစ်၊နင့်အပြစ်၊နင်ဖြစ်နင်ခံရမည်။
၃၂။ နင့်ကိုယ်နင့်အား၊နင်မသနား၊နင်မှားရှာတော့သည်။
၃၃။ ဒါနသီလ၊ဘာဝနာ၊နင်သာပြုသင့်သည်။
၃၄။ ဇာတိဇရာ၊မရဏ၊မကြာနင်တွေ့မည်။
၃၅။ မျက်တောင်တစ်ယှက်၊လျှပ်တစ်ပြက်၊နင့်သက်သေလိမ့်မည်။
၃၆။ ဘယ်နှစ်ဘယ်လ၊ရောက်ခါမှ၊ကာလမရွေးပြီ။
၃၇။ ကြီးငယ်မဟူ၊ကိုယ့်ရွယ်တူ၊ခုမူသေလှပြီ။
၃၈။ အမှန်သေရိုး၊ထိုလူမျိုး၊ကြောက်စိုးရွံ့သင့်ပြီ။
၃၉။ မသွင်းနှလုံး၊အထင်ရှုံး၊ပျက်ပြုန်းလှလေပြီ။
၄၀။ ခန္ဓာကြွေလျော်၊ရှိပြန်သော်၊ပူဇော်ကောင်းလှပြီ။
၄၁။ သွားကြိုးဆံဖြူ၊ရှိပါမူ၊ဘယ်သူမကြောက်ပြီ။
၄၂။ ဤသည့်မယား၊ဤသည့်သား။မီးပွါးမှန်တော့သည်။
၄၃။ ခယ၀ယ၊ဘိဇ္ဇန၊ပျက်ကြလှလေပြီ။
၄၄။ အပ္ပိယေဟိ၊ပိယေဟိ၊ဒုက္ခိကြုံလေပြီ။
၄၅။ ဒုက္ခအထွေထွေ၊တပေပေ၊ခံနေရလေပြီ။
၄၆။ နိဗ္ဗာန်သာခေါင်၊ဘေးမဲ့သောင်၊ရောက်အောင်ပြုသင့်ပြီ။
၄၇။ မပြုပါဘဲ၊နင်ရှောင်လွဲ၊နင်ပဲမိုက်လှသည်။
၄၈။ ယုတ္တိယုတ္တာ၊နင်ဆင်ကာ၊ဟန်သာနင်များသည်။
၄၉။ ဘုရားသွားသွား၊ကျောင်းသွားသွား၊စိတ်ထားနင်မကြည်။
၅၀။ ဒါန သီလ၊နင်ပြုခါ၊စေတနာဇောမကြည်။
၅၁။ သို့ပင်ပြုလို၊နင့်ကုသိုလ်၊ဘယ်ကိုသွားလိမ့်မည်။
၅၂။ လောကုတ္တရာ၊မြိုက်သြဇာ၊နင်သာဝေးလှသည်။
၅၃။ ဇောစိတ်သန်သန်၊ကုသိုလ်မှန်၊နင်ကြံပြုရမည်။
၅၄။ သို့ပြုမှသာ၊သည်ခေမာ၊နင်သာနီးရမည်။
၅၅။ ဤသို့စုံစေ့၊ပြန်လှန်၍၊စေ့စေ့နှလုံးတည်။
၅၆။ အနမတဂ္ဂ၊သံသာရ၊ကြာလှလေကုန်ပြီ။
၅၇။ ဂင်္ဂါဝါဠု၊ပမာပြု၊သဲစု မကပြီ။
၅၈။ တဏှာ၏နောက်၊တကောက်ကောက်၊လိုက်ထောက်မသင့်ပြီ။
၅၉။ တဏှာမြစ်မ၊ပင်လယ်ဝ၊နစ်ကြလေကုန်ပြီ။
၆၀။ တဏှာလည်းပွါး၊ဒုက္ခများ၊သွား၍မဆုံးပြီ။
၆၁။ တဏှာပို့တင်၊ပါယ်လေးခွင်၊လျင်စွာရောက်လေပြီ။
၆၂။ သေမင်းနိုင်ငံ၊အဖန်ဖန်၊လိုက်ပြန်ရလေပြီ။
၆၃။ ဝေဘူတောင်မျှ၊ပမာပြ၊အရိုးမကပြီ။
၆၄။ နစ်တုံ၊ပေါ်တုံ၊သုံးပါးဘုံ၊ကြုံပြန်ရလေပြီ။
၆၅။ ချမ်းသာမငွေ့၊ဆင်းရဲတွေ့၊ငြီးငွေ့သင့်လှပြီ။
၆၆။ အ၀ိဇ္ဇန္ဓ၊သည်မောဟ၊ ညှင်းဆဲလှပေပြီ။
၆၇။ နီဝရဏ၊ဆီးတားကြ၊လမ်းစ မဆုံးပြီ။
၆၈။ ဂတိငါးပါး၊ဆုံလည်နွား၊သွား၍မဆုံးပြီ။
၆၉။ ဘ၀တိုင်းသေ၊သင်္ချိုင်းမြေ၊ပွါးစေလှလေပြီ။
၇၀။ လမ်းကောက်လည်းသွား၊လူအများ၊အမှားကြိုက်ခဲ့ပြီ။
၇၁။ လမ်းကြောင်းမမှန်၊မြတ်နိဗ္ဗာန်၊ဧကန်လွဲခဲ့ပြီ။
၇၂။ ဘ၀မဆုံး၊ဒုက္ခတုံး၊လုံးလုံးခံရပြီ။
၇၃။ လောကမြတ်ရှု၊သဗ္ဗညု၊ယခုရှိရဲ့မင်း။
၇၄။ ဘုရားဖြစ်ခါ၊သာသနာ၊ရောင်ဝါတ၀င်းဝင်း။
၇၅။ မနုဿတ္တ၊ဒုလ္လဘ၊ရအောင်ခဲကြမင်း။  
၇၆။ ဗြဟ္မာ့ပြည်က၊အပ်ကိုချ၊မြေကအပ်တစ်စင်း။
၇၇။ အပ်သွားချင်းသာ၊ထိဖွယ်ရာ၊ပမာမှတ်ကြမင်း။
၇၈။ နိယျာနိက၊မြတ်ဓမ္မ၊ကြားရခဲ၏မင်း။
၇၉။ သဒ္ဓါဗလ၀၊ဒုလ္လဘ၊ရအောင်ခဲကြမင်း။  
၈၀။ အရတော်ခိုက်၊လူတစ်ဝိုက်၊ခဲလိုက်ကြကုန်မင်း။
၈၁။ ကိုယ့်ဖို့မရ၊သည်နောင်တ၊ဖြစ်တတ်ကြ၏မင်း။
၈၂။ ဤသို့ဘ၀၊ဖြစ်သမျှ၊ရမည်ခဲ၏မင်း။
၈၃။ ထူးမြတ်လှစွာ၊လူ့ဘ၀၊နှမြောကြကုန်မင်း။
၈၄။ မတ်သည်ကိုမှမသိကြ၊ဗာလနှလုံးသွင်း။
၈၅။ ဗာလဖြစ်က၊လူ့ပါပ၊ကြာကြကုန်ပြီမင်း။
၈၆။ လူဖြစ်ကျိုးမှ၊မခံရ၊ရှုံးလှချေ၏မင်း။
၈၇။ ဘ၀တိုင်းရှုံး၊လူ့ကျောက်တုံး၊စုန်းစုန်းမြုပ်၏မင်း။
၈၈။ စုန်းစုန်းမြုပ်ခါ၊မပေါ်လာ၊ကြမ္မာမှောက်၏မင်း။
၈၉။ နိဗ္ဗာန်လမ်းစ၊ဤသို့ပြ၊မှတ်ကြနှလုံးသွင်း။
၉၀။ ကလျာဏမိတ္တ၊ပဏ္ဍိတ၊ပေါင်းဖေါ်ရ၏မင်း။
၉၁။ ထိုကလျာဏ၊ဆိုဆုံးမ၊လိုက်နာရ၏မင်း။
၉၂။ ယောနိသောမန၊သိကာရ၊နေ့ညနှလုံးသွင်း။
၉၃။ သီလဓုတင်၊ဆောက်တည်လျှင်။သည်တွင်အစမင်း။
၉၄။ အလောဘ၊အဒေါသ၊အမောဟ၊နိက္ခမ၊၀ိဝေက၊နိဿရဏ၊ဤခြောက်ဝ၊အလိုရှိကြမင်း။
၉၅။ ရွှေပြည်သနစ်၊သာသည့်ခေတ်၊စိစစ်ကြကုန်မင်း။
၉၆။ ရွှေပြည်ချမ်းသာ၊စံချင်ရှာ၊ဆိတ်ငြိမ်ရာသို့ချဉ်း။
၉၇။ အနိစ္စကောင်၊ဒုက္ခကောင်၊အနတ္တကောင်၊အသုဘကောင်၊ထင်အောင်နှလုံးသွင်း။
၉၈။ အနိစ္စတုံး၊ဒုက္ခတုံး၊အနတ္တတုံး၊အသုဘတုံး၊လုံးလုံးနှလုံးသွင်း။
၉၉။ဤသို့ထင်မှ၊မဂ်လမ်းစ၊ရမည်မှတ်စင်းစင်း။
၁၀၀။ မဂ္ဂင်ဖောင်ကြီး၊တက်၍စီးမှ၊ပြည်ကြီးအမတ၊နိရောဓ၊ရမည်မှတ်ကြမင်း။
၁၀၁။ ယခုဘ၀၊မသိကြမူ၊အမတမည်ခေါ်၊ရွှေပြည်တော်၊အစော်မနံလျှင်း။
Monday, May 21, 2012
မြန်မာစိပ်ပုတီးမှာ ၁၀၈ လုံးပါတာ ဘာကြောင့်ပါလဲ?
ရေစကြိုအရှင်ဧသိက၊ စစ်တမ်း - စာ ၁၅၆ ရဲ့ စိပ်ပုတီးပြဿနာ အဖြေရှာ ဆိုတဲ့ ဆောင်းပါး လေးမှာ မြန်မာစိပ်ပုတီးရဲ့မြစ်ဖြာခံပုံကစပြီး စိပ်ပုတီးစိပ်ခြင်းရဲ့ အဓိပ္ပါယ်တွေ အသုံးပြုပုံတွေ ကိုစုံစုံလင်လင်လေး ဖေါ်ပြထားတာကြည်ညိုဖွယ်ဖတ်ရလို့အလွန်ကျေးဇူးတင်ပါတယ်။ အဲ့ဒီ ဆောင်းပါးမှာ ဟိန္ဒူဘာသာတွင် ဗိဿနိုးဂိုဏ်းဝင်တို့သည် ၁၀၈-လုံး ပုတီးကို အသုံးပြုလေ့ ရှိကြပြီးမြန်မာ တို့ကလည်း ၁၀၈-လုံး ပုတီး ကိုပင် အသုံးပြု များကြတယ်လို့လဲဖေါ်ပြထား ပါ တယ်။
ကျမ အနေနဲ့ ကတော့ ဘယ်လို အကြောင်းကြောင့် ပုတီး ၁၀၈-လုံးဖြစ်ဖြစ်၊ ပုတီးဝယ် ရင်လည်း ၁၀၈-လုံးရှိတဲ့ ပုတီးကုံးပဲ ၀ယ်လို့ရတာမို့ ပုတီးစိပ်မယ်ဆိုရင် မြတ်ဘုရားရဲ့ စက် လက္ခဏာတော် ၁၀၈ ကွက်ကိုရည်ရွယ်ပြီးစိပ်ကြမယ်ဆိုရင် ပိုမိုအံဝင်ပြီး၊ မြင့်မြတ်မယ်လို့ ထင်ပါတယ်။ ကျမက အင်မတန်လောဘကြီး   တဲ့သူပါ။ တစ်ခုခုလုပ်မယ်ဆိုရင် တစ်ချက်ခုတ် ရင် အနည်းဆုံးနှစ်ချက် ပြတ်မှကြိုက်တတ်တဲ့သူမို့ ဘုရား၊ တရား၊ သံဃာကို အာရုံပြုမိအောင် နံပတ်များကို အောက်ပါကဲ့သို့ အာရုံပြုလေ့ ရှိပါတယ်။
၁။ နံပတ်ဆိုရင်။ မြတ်ဘုရားကိုအာရုံပြုပါတယ်။
၂။ နံပတ်ဆိုရင်။ ရုပ်နာမ်နှစ်ပါးလို့အာရုံပြုပါတယ်။
၃။ နံပတ်ဆိုရင်။ ဘုရား၊တရား၊သံဃာ၊ ရတနာသုံးပါး ကိုအာရုံပြုပါတယ်။
၎။ နံပတ်ဆိုရင်။ သစ္စာလေးပါး ကိုအာရုံပြုပါတယ်။
၅။ နံပတ်ဆိုရင်။ ဘုရား၊တရား၊သံဃာ၊ မိဘ၊ဆရာ၊ အန္တော အန္တ ငါးပါးကိုအာရုံပြုပါတယ်။
၆။ နံပတ်ဆိုရင်။ တရားဂုဏ်တော် ခြောက်ပါး ကိုအာရုံပြုပါတယ်။
၇။ နံပတ်ဆိုရင်။ ၀ိသုဒ္ဓိတရား () ပါး ကိုအာရုံပြုပါတယ်။
၈။ နံပတ်ဆိုရင်။ ဂ္ဂင်ရှစ်ပါး ကိုအာရုံပြုပါတယ်။
၉။
နံပတ်ဆိုရင်။ ဘုရားဂုဏ်တော် ကိုးပါး ကိုအာရုံပြုပါတယ်။
၁၀။ နံပတ်ဆိုရင်။ ကိလေသာဆယ်ပါး ကိုအာရုံပြုပါတယ်။
စိတ်သာရှင်စောဘုရားဟော ဆိုတဲ့အတိုင်း စိတ်အာရုံကသာ ကောင်းကျိုး၊ ဆိုးကျိုး တို့ကိုဖြစ် စေတာမို့ ပုတီးလုံး ၁၀၈ လုံးကို မြတ်ဘုရားရဲ့စက်လက္ခဏာတော် ၁၀၈ ကွက်ကို အာရုံပြု မယ် ဆိုရင် ပိုမိုကောင်းမွန်မြင့်မြတ်မယ်လို့ထင်ပါတယ်။
အရှင်သာရိပုတ္တရာမှ သစ္စက၏အစ်မလေးယောက်အားမေးသောပုဒ်စာ (၁၀) မျိုး၏အဖြေ။
၁။ တစ်ခုသောတရားဆိုတာ = အာဟာရ။
၂။ နှစ်ခုသောတရားဆိုတာ = နာမ်နှင့်ရုပ်။
၃။ သုံးခုသောတရားဆိုတာ = ဝေဒနာသုံးပါး။
၎။ လေးခုသောတရားဆိုတာ = သစ္စာလေးပါး။
၅။ ငါးခုသောတရားဆိုတာ = ဥပဒါနက္ခန္ဓာ
၆။ ခြောက်ခုသောတရား ဆိုတာ = အာယာတနခြောက်ပါး။
၇။ ခုနှစ်ခုသောတရား ဆိုတာ = ဗောဇ္ဈင်ခုနှစ်ပါး။
၈။ ရှစ်ခုသောတရား ဆိုတာ = ဂ္ဂင်ရှစ်ပါး
၉။
ကိုးခုသောတရား ဆိုတာ = သတ္တ၀ါသဘုံကိုးဝ။
၁၀။ ဆယ်ခုသောတရားဆိုတာ = အင်္ဂါဆယ်ပါးနှင့်ပြည့်စုံသောရဟန္တာ။ 
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ နှစ်ဖက်သော ခြေဖဝါးတော်အပြင်တို့၌ တစ်ထောင် သော အကန့်၊ အကွက် အကွပ်တံကူ၊ ပုံတောင်းချက်မနှင့်တကွ ဖြစ်ကုန်သော၊ ခပ်သိမ်းသော အခြင်းအရာ တို့နှင့်ပြည့်စုံကုန်သော (၁၀၈)ကွက် စက်လက္ခဏာများမှာ---
() သတ္တိစက်-လှံမပုံ။
(
) သီရိဝစ္ဆစက်-အိမ်မွန်ပုံ။
(
) နန္ဒိယာဝဋ္ဋစက်-ဇလပ်ပန်းပွင့်ပုံ။
(
) သောဝတ္တိကစက်-လည်ရေးသုံးဆင့်ပုံ။
(
) ဝဋံသကစက်-ဦးဆောက်ပန်းပုံ။
(
) ဝဍ္ဎမာနကစက်-ထမင်းပွဲပုံ။
(
) ဘဒ္ဒပီဌစက်-အင်းပျဉ်ဝန်း (ခေါ်) ရွှေသလွန်တော်ပုံ။
(
) အင်္ကုသစက်-ချွန်းတောင်းပုံ။
(
) ပါသာဒစက်-ပြာသာဒ်ပုံ။
(
၁၀) တောရဏစက်-တံခါးတိုင်ပုံ။
(
၁၁) သေတစ္ဆတ္တစက်-ထီးဖြူပုံ။
(
၁၂) ခဂ္ဂစက်-သန်လျက်ပုံ။
(
၁၃) တာလဝဏ္ဋစက်-ထန်းရွက်ယပ်ဝန်းပုံ။
(
၁၄) မယူရဟတ္ထစက်-ဥဒေါင်းမြီးယပ်ပုံ။
(
၁၅) ဥဏှီသစက်-သင်းကျစ်ပုံ။
(
၁၆) မဏိစက်-ပတ္တမြားပုံ။
(
၁၇) ပတ္တစက်-သပိတ်ပုံ။
(
၁၈) သုမနဒါမစက်-မြတ်လေးပန်းဆိုင်းပုံ။
(
၁၉) နီလုပ္ပလစက်-ကြာညိုပန်းပုံ။
(
၂၀) ရတ္တုပ္ပလစက်-ကြာနီပန်းပုံ။
(
၂၁) သေတုပ္ပလစက်-ကြာဖြူပန်းပုံ။
(
၂၂) ပဒုမစက်-ပဒုမ္မာကြာပန်းပုံ။ 
(
၂၃) ပုဏ္ဍရိကစက်-ပုဏ္ဍရိက်ကြာပန်းပုံ။
(
၂၄) ပုဏ္ဏဃဋစက်-ရေပြည့်အိုးပုံ။
(
၂၅) ပုဏ္ဏပါတိစက်-ရေဖြည့်ဖလားပုံ။
(
၂၆) သမုဒ္ဒစက်-သမုဒ္ဒရာပုံ။
(
၂၇) စက္ကဝါဠပဗ္ဗတစက်-စကြဝဠာတောင်ပုံ။
(
၂၈) ဟိမဝန္တပဗ္ဗတစက်-ဟိမဝန္တာတောင်ပုံ။
(
၂၉) မေရုပဗ္ဗတစက်-မြင်းမိုရ်တောင်ပုံ။
(
၃၀) သူရိယမဏ္ဍလစက်-နေဝန်းပုံ။
(
၃၁) စန္ဒမဏ္ဍလစက်-လဝန်းပုံ။
(
၃၂) နက္ခတ္တာနိစက်-နက္ခတ်တာရာများပုံ။
(
၃၃) ပုဗ္ဗဝိဒေဟစက်-အရှေ့ကျွန်းပုံ။
(
၃၄) အပရဂေါယာနစက်-အနောက်ကျွန်းပုံ။
(
၃၅) ဇမ္ဗုဒီပစက်-ဇမ္ဗူဒိပ်တောင်ကျွန်းပုံ။
(
၃၆) ဥတ္တရကုရုစက်-မြောက်ကျွန်းပုံ။
(
၃၇) စက္ကဝတ္တိစက်-စကြဝတေးမင်းပုံ။
(
၃၈) ဒက္ခိဏဝဋ္ဋသင်္ခစက်-လက်ယာရစ်ခရုသင်းအဖြူပုံ။
(
၃၉) သုဝဏ္ဏမစ္ဆယုဂဠစက်-ရွှေငါးကြင်းအစုံပုံ။
(
၄၀) စက္ကာဝုဓစက်-စက်လက်နက်ပုံ။
(
၄၁) လဝဏသီတာစက်-ဆားငန်ရည်သီတာပုံ။
(
၄၂) ဥစ္ဆုသီတာစက်-ကြံရည်ချိုသီတာပုံ။
(
၄၃) သုရာသီတာစက်-သေရည်သီတာပုံ။
(
၄၄) သာဓိသီတာစက်-အမငခပ်သိမ်းပြီးသောသီတာပုံ။
(
၄၅) ဒဓိသီတာစက်-နို့ဓမ်းသီတာပုံ။
(
၄၆) ဒုဒ္ဓသီတာစက်- နို့ရည်သီတာပုံ။
(
၄၇) ဇလသီတာစက်-ရေချိုသီတာပုံ။
(
၄၈) ယုဂန္ဓရစက်-ယုဂန္ဓရတောင်ပုံ။
(
၄၉) ဣသန္ဓရစက်-ဣသန္ဓရတောင်ပုံ။
(
၅၀) ကရဝိကစက်-ကရဝိကတောင်ပုံ။
(
၅၁) သုဒဿနစက်-သုဒဿနတောင်ပုံ။
(
၅၂) နေမိန္ဓရစက်-နေမိန္ဓရတောင်ပုံ။
(
၅၃) ဝိတနကစက်-ဝိတနကတောင်ပုံ။
(
၅၄) အဿကဏ္ဏစက်-အဿကဏ္ဏတောင်ပုံ။
(
၅၅) အနောတတ္တစက်-အနောတတ္တရေအိုင်ပုံ။
(
၅၆) ကဏ္ဏမုဏ္ဍစက်- ကဏ္ဏမုဏ္ဍရေအိုင်ပုံ။
(
၅၇) ရထကာရစက်-ရထကာရရေအိုင်ပုံ။
(
၅၈) ဆဒ္ဒန္တစက်-ဆဒ္ဒန္တရေအိုင်ပုံ။
(
၅၉) ကုဏာလစက်-ကုဏာလရေအိုင်ပုံ။
(
၆၀) မဏ္ဍကိနီစက်-မဏ္ဍကိနီရေအိုင်ပုံ။
(
၆၁) သီဟပ္ပပါတစက်-သီဟပ္ပပါတရေအိုင်ပုံ။
(
၆၂) သုပဏ္ဏရာဇာစက်-ဂဠုန်မင်းပုံ။
(
၆၃) သံသုမာရစက်-မိကျောင်းမင်းပုံ။
(
၆၄) ဓဇောစက်-တံခွန်လျားပုံ။
(
၆၅) ပဋာကစက်-တံခွက်ကုက္ကားပုံ။
(
၆၆) သုဝဏ္ဏသိဝိကာစက်-ရတနာသန်လျင်ပုံ။
(
၆၇) သုဝဏ္ဏဝါဠဗီဇနီစက်-ရွှေစာမရီသားမြီးယပ်ပုံ။
(
၆၈) ကေလာသပဗ္ဗတစက်-ကေလာသငွေတောင်ပုံ။
(
၆၉) သီဟရာဇာစက်-ခြင်္သေ့မင်းပုံ။
(
၇၀) ဗျဂ္ဃရာဇစက်-ကျားမင်းပုံ။
(
၇၁) ဝလာဟကအဿရာဇာစက်-ဝလာဟကမြင်းပျံပုံ။
(
၇၂) ဥပေါသထဆဒ္ဒန္တ ဟတ္ထိရာဇာစက်-ဥပေါသထ ဆဒ္ဒန်ဆင်မင်းပုံ။
(
၇၃) ဗာသုကီနာဂရာဇာစက်-ဗာသုကီနဂါးမင်းပုံ။
(
၇၄) ဟံသရာဇာစက်-ဟင်္သာမင်းပုံ။
(
၇၅) ဥသဘရာဇာစက်-နွားလားဥသဘမင်းပုံ။
(
၇၆) ဧရာဝဏဟတ္ထိရာဇာစက်-ဧရာဝဏ်ဆင်မင်းပုံ။
(
၇၇) သုဝဏ္ဏမကာရစက်-ရွှေမကာရ်းပုံ။
(
၇၈) သုဝဏ္ဏနာဝါစက်-မုခ်ဦးလေးခုရှိသော ရွှေလှေပုံ။
(
၇၉) ဗြဟ္မရာဇာစက်-ဗြဟ္မာမင်းပုံ။
(
၈၀) သဝစ္ဆကာဓေနုစက်-နို့တိုက်နေသော နွားသားအမိပုံ။
(
၈၁) ကိံပုရိသ ကိံပုရိသီစက်-ကိန္နရာအဖိုနှင့် ကိန္နရာအမပုံ။
(
၈၂) ကရဝိကရာဇာစက်-ကရဝိက်ငှက်မင်းပုံ။
(
၈၃) မဟူရရာဇာစက်-ဥဒေါင်းမင်းပုံ။
(
၈၄) ကောဉ္စရာဇာစက်-ကြိုးကြာငှက်မင်းပုံ။
(
၈၅) စက္ကဝါကရာဇာစက်-စက္ကဝါငှက်မင်းပုံ။
(
၈၆) ဇီဝ ဇီဝက ရာဇာစက်-ဇီဝဇိုးငှက်မင်းပုံ။
(
၈၇) စတုမဟာရာဇိကာစက်-စတုမဟာရာဇ်နတ်ဘုံပုံ။
(
၈၈) တာဝတိံသာစက်-တာဝတိံသာနတ်ဘုံပုံ။
(
၈၉) ယာမာစက်-ယာမာနတ်ဘုံပုံ။
(၉၀) တုသိတာစက်-တုသိတာနတ်ဘုံပုံ။
(၉၁) နိမ္မာနရတီစက်-နိမ္မာနရတီနတ်ဘုံပုံ။
(၉၂) ပရနိမ္မိတဝသဝတ္တီစက်-ပရနိမ္မိတဝသဝတ္တီနတ်ဘုံပုံ။
(၉၃) ဗြဟ္မပါရိသဇ္ဇာစက်-ပါရိသဇ္ဇာဗြဟ္မာဘုံပုံ။
(၉၄) ဗြဟ္မပုရောဟိတာစက်-ပုရောဟိတ်ဗြဟ္မာဘုံပုံ။
(၉၅) မဟာဗြဟ္မာစက်-မဟာဗြဟ္မာဘုံပုံ။
(၉၆) ပရိတ္တာဘာစက်-ပရိတ္တာဘာဗြဟ္မာဘုံပုံ။
(၉၇) အပ္ပမာဏာဘာစက်-အပ္ပမာဏာဘာဗြဟ္မာဘုံပုံ။
(၉၈) အာဘဿရာစက်-အာဘဿရာဗြဟ္မာဘုံပုံ။
(၉၉) ပရိတ္တသုဘာစက်-ပရိတ္တသုဘာဗြဟ္မာဘုံပုံ။
(၁၀၀) အပ္ပမာဏသုဘာစက်-အပ္ပမာဏသုဘာဗြဟ္မာဘုံပုံ။
(၁၀၁) သုဘကိဏှာစက်-သုဘကိဏှာဗြဟ္မာဘုံပုံ။
(၁၀၂) ဝေဟပ္ဖလာစက်-ဝေဟပ္ဖလာဗြဟ္မာဘုံပုံ။
(၁၀၃) အသညသတ္တာစက်-အသညသတ်ဗြဟ္မာဘုံပုံ။
(၁၀၄) အဝိဟာစက်-အယိဟာဗြဟ္မာဘုံပုံ။
(၁၀၅) အတပ္ပာစက်-အတပ္ပာဗြဟ္မာဘုံပုံ။
(၁၀၆) သုဒဿာစက်-သုဒဿာဗြဟ္မာဘုံပုံ။
(၁၀၇) သုဒဿီစက်-သုဒဿီဗြဟ္မာဘုံပုံ။
(၁၀၈) အကနိဋ္ဌာစက်-အကနိဋ္ဌာဗြဟ္မာဘုံပုံ။
အထက်ပါစက်လက္ခဏတို့မှာစကြာဝတေးမင်းမှာလည်းပါ ပါတယ်။ ဒါကြောင့်ဘုရားလောင်း မွေးဖွါးစဉ်ကဗေဒင်ဆရာတွေကစကြာဝတေးမင်း သို့မဟုတ် ဘုရားဖြစ်မယ်လို့ ဟောခဲ့တာပါ။ ဒါပေမဲ့ စကြာဝတေးမင်းမှာတော့ သိပ်မထင်ရှားဘူးလို့ဆိုပါတယ်။