လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Wednesday, May 30, 2018
ထေရီအပဒါန်တွင်ပါဝင်သော မြတ်ဘုရား၏လက်ဝဲတော်ရံ တန်းခိုးဧတဒဂ်ရ ဥပ္ပလ၀ဏ္ဏာထေရီ အလောင်း၏ တစ်ခုသောဘ၀တွင် ပစ္စေကဗုဒ္ဓ တစ်ပါးအား ပေါက်ပေါက်လှော် ၅၀၀ လှူဒါန်းပြီး ဤလှူဒါန်းအပ်သော ပေါက်ပေါက်အမျှ သားရတနာများ ရ ရပါလို၏လို့ဆုတောင်းခဲ့ပါတယ်။ ( ဒါကြောင့်မြတ်ဘုရားက အမျိုးသမီးတွေဟာ သားမွေး ရတာ ဘယ်တော့မှ မငြီးငွေ့ဘူးလို့ေ ဟာခဲ့တာပဲ)။ အဲ့ဒီကုသိုလ်ကြောင့် နောက်ဘ၀တစ်ခုတွင် ဗာရာဏသီမင်း၏ မိဖုရားခေါင်းဖြစ် လာပါတယ်။ ပဒုမာကြာတွင်သန္ဓေတည်ခဲ့တဲ့အတွက် ပဒုမ၀တီဟုအမည်တွင်ပါတယ်။ ပဒုမ၀တီ မိဖုရားဟာ သူ့ဆုတောင်းအတိုင်း သား ၅၀၀ မွေးဖွါးခဲ့ပါတယ်။ အဲဒီသား ၅၀၀ ဟာ အသက် ၁၆ နှစ် မှာ ပစ္စေကဗုဒ္ဓာ တွေဖြစ်သွားကြပါတယ်။
လူအမျိုးသမီးတစ်ဦးက သား ၅၀၀ မွေးဖို့အတွက် သား ၅၀၀ ကိုယ်ဝန်ဆောင်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ဘူးလို့တွေးမိပါတယ်။ ဒါပေမဲ့ သုတ္တန်မှာရေးထားတာက သား ၅၀၀ ကိုယ်ဝန်ဆောင်တာ မဟုတ်ပါဘူး။ သားတစ်ယောက်ထဲကိုသာ သာမန်အတိုင်း ကိုယ်ဝန်ဆောင်ပြီး သာမာန်အတိုင်း မွေးခဲ့ တာပါ။ ဒါပေမဲ့ သားမွေးစဉ် ကျတဲ့သွေးတစက် တစ်စက်ကနေ သားတစ်ယောက်ဆီဖြစ်ခဲ့တာပါတဲ့။ သွေးတစ်စက်ကနေ သားတစ်ယောက်  ဖြစ်တယ်ဆိုတာ သာလို့တောင်မဖြစ်နိုင်ဘူးလို့ ယူဆခဲ့မိပါတယ်။
ယခု ၂၁ ရာစုမှာ ကမ္ဘာ့ဆေးသိပ္ပံရှင်တွေစုပေါင်းလုပ်ဆောင်ချက်ကြောင့် သွေးစက်တွေမှာပါတဲ့
ဗီဇ (DNA) တွေကနေ  သတ္တ၀ါပြုလုပ်နိုင်တော့မှ ဟုတ်ပါလား။ မှန်ပါလား လို့သိရပါတော့တယ်။
ကိုယ်ဥာဏ်မမှီတာ ကိုမမှန်ဘူးလို့ ဆုံးဖြတ်ခဲ့တာကိုး။ ဒါကြောင့် သုဘသုတ္တန်မှာ မြတ်ဘုရားက
သုဘပုဏ္ဏားကို ဖြူနီဝါ စတဲ့ အရောင်တွေကိုမမြင်နိုင်တဲ့ ၀မ်းတွင်းကန်း ကသူမမြင်နိုင်တဲ့ ရောင်
တွေရှိတယ် ဆိုတာလည်း မယုံဘူး၊ အရောင်တွေကိုမြင်တဲ့သူဆို တာလည်းမရှိဘူးလို့ ထင်ကြ၊
ပြောကြတယ်လို့  ဥပမာ ပေးခဲ့တာကိုး။
ကျမ်းကိုး။                                                                                                           
၁။ အရှင်ဓမ္မဿာမိဘိဝံသ၏ ထေရီအပဒါန် ။
၂။ မဇ္ဈိမနိကယ်၊မဇ္ဈိမပဏ္ဏာသပါဠိတော်လာ ၉ ခုမြောက်၊သုဘသုတ်။                       
အဆိုးထဲက အကောင်း
                    Red Cross တည်ထောင်ခဲ့သော ဆွစ်စလန် လူမျိုး Henri Dunant
ကျေးဇူးတော်ရှင် ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း) ရဲ “ငုံ့ကြည့် ၊ မော့ကြည့်၊ တည့်တည့်မြင် တတ်စေ”့  ဆိုတဲ့ဆောင်းပါးမှာ  “အထိုက်အလျှောက် နည်းနည်းပါးပါးဖြစ်စေ ရှိနေတဲ့ ပါရမီ ဓာတ်ခံ ကလေးတွေဟာ တစ်ခါ တစ်ခါတော့လည်း ကံမကောင်း အကြောင်းမလှမှုလေးတွေရဲ့ အကူအညီ အထောက်အပံ့ကို ရကြမှ ပိုပြီး ပီပြင် ထင်ရှားလာ သလိုလို ဖြစ်ခဲ့ရပုံ”  များကိုဖေါ်ပြထားပါတယ်။
ဒီအချက်က ကျမဘ၀အတွက်အလွန်မှန်ကန်နေတာတွေ့ရပါတယ်။
ကျမ အမေကတစ်ဦးတည်းသောသမီးဖြစ်ပြီး တောမြို့မှာမွေးခဲ့တဲ့ လွန်ခဲ့တဲ့နှစ်တစ်ရာက မြန်မာတို့ရဲ့
ခံယူ ချက်ဖြစ်တဲ့ မိန်းခလေးများအနေနဲ့ကျောင်းနေစရာမလို အချိန်တန်ရင် မိဘများရှာဖွေပေးတဲ့
လင်ယောက်ျားကရှာဖွေကြွေးလိမ့်မယ်။ ကျောင်းနေလို့စာဖတ်တတ်ရင် ရီးစားထားလိမ့်မယ်ဆိုတဲ့
အယူအဆကြောင့်ကျောင်းမနေခဲ့ရပါဘူး။ အိမ်တွင်းမှုအတတ်ပညာနဲ့ အတွက်အချက်သာ သင်ခဲ့ရပါ တယ်။စစ်အတွင်း မိဘများပိုင်တဲ့ လယ်မြေများထားပြီးစစ်ပြေးခဲ့ရတာမို့ ၀င်ငွေရှာနိုင်တဲ့ပညာလည်းမရှိ
ပစ္စည်းဥစ္စာလည်းမရှိဖြစ်ခဲ့ပါတယ်။
ကျမ အဖေက တော့ ကျောင်းနေခဲ့ရသော်လည်း ရ တန်းနှစ်ရောက်တဲ့အချိန်မှာ စစ်ဖြစ်ခဲ့တယ်။ စစ်အတွင်းမိဘများနဲ့ကွဲပြားသွားခြင်း၊ မိဘများပိုင်ဆိုင်တဲ့ အထည်ဆိုင်များဗုံးချရာပါသွား တာကြောင့် မေမေနဲ့တွေ့တဲ့အချိန်မှာ ကားမောင်းသင်ပြီးသူများကားအငှါးမောင်းရတဲကားရိုင်ဘာဖြစ်နေ ပါတယ်။
ကျမအထက်မှာသား ၃ ယောက်နဲ့ သမီးတစ်ယောက်ရှိပါတယ်။ ကျမ မမွေးခင်မှာ ကျမရဲ့အကို ၃ယောက်
ရှေ့ဆင့်နောက်ဆင့်ဆိုသလိုသေဆုံးသွားကြတယ်လို့ဆိုပါတယ်။ မေမေတို့ပြောပြတဲ့လက္ခဏာအရ အကို
တစ်ယောက်မှာ တစ်ကိုယ်လုံးကအကျိတ်တွေရောင်လာပြီးသေဆုံးတာကြောင့် အကျိတ်ကင်ဆာဖြစ်ဖို့
များပါတယ်။ ကျန်အကိုကတော့ တစ်ကိုယ်လုံးရောင် ပြီးဆုံးတယ်ဆိုတော့ ခလေးတွေမှာ အဖြစ်များတဲ့ ကျောက်ကပ်ရောဂါလို့ထင်ပါတယ်။ ကျန်အကိုကတော့ နမိုးနီးယားနဲ့သေဆုံးတယ်လို့ပြောပါတယ်။ အဲ့ဒီအချိန်က နမိုးနီးယားဖြစ်ရင် ပိုးသတ်ဆေးတွေမရှိသေးတာကြောင့်ယခုခေတ် ကင်ဆာဖြစ် သလိုပဲ သေကြရတာပါပဲ။
ကျမ ကိုယ်ဝန်နဲ့ မေမေလိမ့်ကျပြီး ညာလက်ကောက်ဝတ်ကျိုးသွားပါတယ်။ တရုပ်ဆေးတွေနဲ့ကုသ ခဲ့ရ တဲ့အတွက် လက်ကပုံမမှန်ပဲဆက်သွားလို့ သေဆုံးတဲ့အထိ ညာလက်နဲ့ အသေးစိတ်လှုပ်ရှားမှု ဥပမာ
အပ်ကဲ့သို့သောသေးငယ်သောပစ္စည်းများကိုကိုင်လို့မရပါဘူး။
အဲ့ဒီအချိန်မှာ အဖေမောင်းတဲ့ကားကို စဥ့်အိုးတန်းက ကမ်းစပ်မှာရပ်ထားပြီးထမင်းသွားစားစဉ် ကားက
ရေထဲသူ့ဘာသာကျသွားတဲ့အတွက် မရှိရတဲ့ကြားထဲက ကရိန်းနဲ့ဆွဲတင်ရတယ်တဲ့။ မေမေကသူ့မှာဝတ် ထားတဲ့လက်ဝတ်လက်စားတွေရောင်းပြီးအိမ်ဆိုင်လေးဖွင့်ပြီးတဘက်တလမ်းမှဝင်ငွေရအောင်ရှာပေမဲ့ လုပ်ငန်း မကျွမ်းကျင်မှုကြောင့် မမြတ်ပဲ အရင်းပါပျောက်ခဲ့ပါ တယ်။ မေမေတို့ရဲ့စီးပွါးရေးကလည်းအလွန့်ကို
ကျဆင်းနေပါတယ်။ အဖေမှာဝတ်စရာရှပ်အကျီ င်္တစ်တည်သာရှိတာမို့ အဖေအလုပ်ကပြန်လာတာနဲ့
ချက်ချင်းလျော်ပြီး တစ်ညလုံးခြောက်အောင်လှမ်းထားရကြောင်း မိုးရွာလို့ မခြောက်ရင် မနက်ဝတ်ဖို့အိမ်နီး
ချင်းဆီကမီးပူငှါးပြီးတိုက်ရတယ်တဲ့။ အဲ့ဒီအချိန်မှာမွေးလာရတဲ့ကျမကို ကျောင်းလခ ပေးရတဲ့
ကျောင်းမှာမထားနိုင်တာကြောင့် ပိုက်ဆံမပေးရတဲ့ ဓမ္မာရုံကျောင်းမှာထားခဲ့ပါတယ်။
ဓမ္မာရုံကျောင်းဆိုတာ ရပ်ကွက်ဓမ္မာရုံရဲ့အောက်မှာ တစ်တန်းကနေ လေးတန်းအထိအစိုးရမူလတန်းအဖြစ်
လုပ်ထားတဲ့ကျောင်းပါ။ ကျောင်းမှာ အခန်းဖွဲ့ထားခြင်းမရှိပါဘူး။ လေးတန်းစလုံးကကျောင်းသားတွေ အတူတူစာသင်ရတာပါ။ ၅ တန်းရောက်တော့ အစိုးရအထက်တန်းကျောင်းကိုပြောင်းနေရပါတယ်။
၅ တန်းကျမှ A,B, C, D စသင်ရပါတယ်။ ၈ တန်းရောက်တော့ tense တွေသင်ရပါတယ်။ ဒါပေမဲ့
ကျမ သိပ်နားမလည်ပါဘူး။ go  ကနေဘာဖြစ်လို့ goes ဖြစ်သွားမှန်းလည်းမသိပါဘူး။ ဒါနဲ့ပဲ ၁၀ တန်း
ရောက်လာပါတယ်။ ၁၀ တန်းက အင်္ဂလိပ်စာသင်တဲ့ဆရာမက မင်းတို့ရဲ့ အင်္ဂလိပ်စာကသိပ်ကိုညံ့နေတယ်။
တတ်အောင်သင်နေဖို့အချိန်မရှိတော့ဘူး။ စာမေးပွဲအောင်အောင်ပဲလုပ်ရတော့မယ်ဆိုပြီး အင်္ဂလိပ် text
(Anapuna ဆိုတဲ့စိတ်ဝင်စားစရာမကောင်းတဲ့ မြန်မာတွေအတွက်လည်းအသုံးမ၀င်လှတဲ့ တောင်တတ်တဲ့ အကြောင်း) ထဲက တစ်နေ့တစ်ပုဒ်ကို အခေါက် ၅၀ ရေးခိုင်းပါတယ်။ အဓိပ္ပါယ်မသိပဲ အလွတ်ရ အောင်
လုပ်ခိုင်းတာပါ။ စာမေးပွဲမေးခွန်းမှာ reading conprehension ဆိုတဲ့ မေးခွန်း တစ်ခုပါ ပါတယ်။  အကြောင်း အရာတစ်ခုကိုရေးထားပြီး အဲ့ဒီအကြောင်းကို နားလည်လား ဆိုတာစမ်းတဲ့အနေနဲ့မေးခွန်းတွေ မေးထားပါတယ်။ ကျမ reading conprehension မှာရေးထားတာတွေ ဘာမှနားမလည်ပါဘူး။ ဒါကြောင့်မေးခွန်မှာပါတဲ့စာကြောင်းတွေကို reading conprehension ထဲမှာရှာပြီး ကူးရေးပေးလိုက် ပါတယ်။
ကျမ ၅ တန်းလောက်မှာ မေမေတို့စီးပွါးရေးတွေအစဉ်ပြေလာလို့ ယောကျာ်းလေးဖြစ်တဲ့ ကျမ မောင်ကို လက်ပတ်နာရီတစ်လုံးဝယ်ပေးပါတယ်။ ကျမ ၁၀ တန်းဖြေမဲ့နေ့မှာ မေမေက မောင်လေးရဲ့ လက်ပတ် နာရီကို ကျမပတ်သွားဖို့ မောင်လေးစီကယူပေးပါတယ်။ ကျမလည်း နာရီကို အချိန်တိုက်ပြီး စာမေးပွဲသွား ဖြေပါတယ်။ စာဖြေနေရာက နာရီကြည့်လိုက်တော့ အချိန်ပြည့်ကာနီးနေပြီးမို့ အမြန်ဆုံးရေးနေပါတယ်။
ကျမနာရီအချိန်ပြည့်လို စာဖြေတာခဏနားပြီးပတ်ဝန်ကျင်ကိုကြည့်လိုက်တော့ တစ်ခန်းလုံးငြိမ်နေပြီှး
စာရွက်ထပ်တောင်းနေတာတောင်တွေ့ရပါတယ်။ ဒါနဲ့ ကျမဖြေထားတဲ့ အဖြေစာရွက်ပြန်ကြည့်ပြီး ကျန်နေ တာတွေထပ်ရေးစရာမရှိလို့ မျှားတွေပြပြီးဖြေခဲ့ရပါတယ်။ ကျမအဖြေစာရွက်က အဖြေစာရွက်နဲ့မထူပဲ မြေပုံတစ်ခုလိုဖြစ်နေပါတယ်။ (ပထမဆုံးအကြိမ် ကျမ နာရီတိုက်တာ မှားပြီး တစ် နာရီစော နေတာ နောက်မှ သိရပါတယ်။) အဲ့ဒီကထဲက ကျမစာမေးပွဲဖြေတိုင်း နောက်ထပ် ရေးလို့ရအောင် ဘေးနှစ်ဘက်မှာ နေရာများများချန်ထားတဲ့အပြင် စာတစ်ကြောင်းနဲ့တစ်ကြောင်းမှာလည်း နေရာချန် ရေးပါတယ်။ ( double spacing) ဒါကြောင့်ကျမ ပထမ မိနစ် ၃၀ လောက်ကထဲက စာရွက်ထပ်တောင်းရပါတယ်။ ကျမ သူငယ်ချင်း တွေက ကျမ နားမှာမဖြေချင်ဘူးတဲ့ ငါတို့ကစဉ်းစားလို့မရသေးဘူး နင်က စာရွက်ထပ်တောင်း နေပြီ စိတ်ဓါတ်ကျတယ်တဲ့။  အဲ့ဒီအကျင့်ကြောင့် ကျမနဲ့စာတူတူကျက်တဲ့ ကျမသူငယ်ချင်းထက်ကျမကအမှတ်အမြဲပိုရပါ တယ်။ စာမေးပွဲမှာ မေးတာထက်ပိုဖြေလို့ အမှတ်နှုတ်တာမှမဟုတ်တာ။ မေးတာ မပါရင် သာ အမှတ်နှုတ်ခံရတာပါ။ (ကျမ သူငယ်ချင်းက ကျမ ရှိုတယ်လို့ထင်ရှာတယ်။ ဒီပြင့်ကံတွေမကောင်းပေမဲ့ ကံကောင်းစွာကျမ မှာအဲ့ဒီလို စိတ်ဆိုးစိတ်ယုတ်မျိုးပါမလာခဲ့ဘူး။)
အချိန်ပြည့်နေပြီးအထင်နဲ့အမြန်ရေးခဲ့တာမို့ ကျမစာရေးတာလဲအလွန်မြန်သွားပါတယ်။ စာရေးမြန် တာ
 ကြောင့် စာမေးပွဲမှာ မေးခွန်အကုန်၊အဖြေအပြည့်အစုံရေးနိုင်တဲ့အပြင် တက္ကသိုလ်ရောက်တော့ lecture
ကိုအပြည့်အစုံလိုက်ရေးနိုင်ပါတယ်။
၁၀ တန်းအောင်စားရင်းထွက်တော့ ဂုဏ်ထူးနှစ်ခုနဲ့အောင်ပါတယ်။ အဲ့ဒီအချိန်က tution တွေမရှိသေးတဲ့ အချိန်၊ဂုဏ်ထူးတွေပေါ်ကာစပါ။ အမှတ်ပြည့်တာကြောင့်မေမေတို့ဖြစ်စေချင်တဲ့ ဆေးကျောင်းကို ရောင်တောင်ပေါင်တောင်နဲ့ ရောက်ခဲ့ပါတယ်။ ဆေးကျောင်းမှာ အင်္ဂလိပ်လိုရေးထားတာကို မြန်မာ အင်္ဂလိပ်ရော်ပြီး သင်ပါတယ်။ ဖြေတဲ့အခါ အင်္ဂလိပ်လိုဖြစ်ဖြစ်၊ အင်္ဂလိပ်မြန်မာ ရော်ပြီးဖြစ်ဖြစ် ဖြေနိုင် ပါတယ်။ ကျမ အနေနဲ့ အင်္ဂလိပ်လိုမကျွမ်းကျင်တာမို့ဆေးကျောင်းမှာ သူများ တကာတွေ ဘာသာရပ်ကို လေ့လာနေတဲ့အချိန်မှာ ကျမက အင်္ဂလိပ်ဘာသာကို ပါလေ့လာနေရ ပါတယ်။
ရုပ်ရှင်နဲ့ ၀တ္ထုသိပ်ကြိုက်တဲ့ ကျမ ဆေးကျောင်းရောက်ကထဲက ရုပ်ရှင်နဲ့ ၀တ္ထုကိုစွန့်လွှတ်ခဲ့ရပါတယ်။
ကျောင်းမှာလူကြားထဲ စာမေးခံရပြီး မဖြေနိုင်မှာစိုးလို့ အရောင်ဖျော့ဖျော့ တက်ထရွန်လောင်းဗြောင်
အကျီ င်္တွေသာဝတ်ခဲ့ပါတယ်။ အလှပြင်ဖို့ဆိုတာတော့ဝေးရောပဲ။ သနပ်ခါးဘဲကြားနဲ့ကျစ်ဆံမီးတစ်ချောင်း
ထဲသာကျစ်လေ့ရှိပါတယ်။ အချိန်မရှိတာရော။ စာတော့မရဘူး။ အလှတော့ပြင်နိုင်တယ်လို့ အပြောခံရမှာ ကြောက်တာလဲ ပါ ပါတယ်။
ပထမနှစ်မှာ အင်္ဂလိပ်စာသင်ရပါတယ်။ အဲ့ဒီအချိန်ဟာ ကျမအတွက် စိတ်ဆင်းရဲ စရာ အကောင်းဆုံး အချိန်ပါပဲ။ အင်္ဂလိပ်စာသင်ချိန်မှာ အင်္ဂလိပ်လိုအများဆုံးပြောတာမို့ ကျမ ဘာမှနားမလည်ပါဘူး။ ကျောင်းသားတော်တော်များများက သူငယ်တန်းကထဲကအင်္ဂလိပ်စာသင်ခဲ့တဲ့ ကျောင်းတွေကလာတာမို့
သူတို့ကတော့နားလည်ပါတယ်။ တစ်နေ့မှာဆရာက (listening comprehension အနေနဲ့ အကြောင်းအရာ တစ်ခုကိုဖတ်ပြပြီးမေးခွန်းတွေမေးတာပါ။) သင်ခန်းစာမှာ ဟင်နရီဒူနံ အကြောင်းဖတ်ပြပါတယ်။ ကျမ ဘာမှနားမလည်ပါဘူး။ ဟင်နရီဒူနံ ဆိုတဲ့စကားလုံး ပဲကြား နေပါတယ်။ ဟင်နရီ ဆိုတာ အင်္ဂလိပ်နံမည် ဆိုတာ တော့ကျမသိပါတယ်။ ဒူနံ ဆိုတာမျိုးရိုးနံမည်ဆိုတာမသိပါဘူး။ ကျမသိတာက ဒူးနံ့ တယ်ဆိုတဲ မြန်မာစကားပါ။ ဒါကြောင့် ဘာလို့ ဟင်နရီ ဆိုတဲ့လူ ဒူးနံ့တဲ့အကြောင်း ကို ဘာလို့များကြီးကြီးကျယ်ကျယ် ဖတ်ပြပါလိမ့်လို့သာတွေးနေခဲ့မိပါတယ်။ နောက်မှ နံနည်ကျော်  red cross အဖွဲ့ကြီးတည်ထောင်ခဲ့တဲ့
ဟင်နရီဒူနံ  Henri Dunant မှန်းသိရတယ်။
ပထမနှစ် (botany) သစ်ပင်တွေ အကြောင်းသင်ရတဲ့ lecture မှာ lecture  ပေးတဲ့ botany ဌာနက ပရောဖက်စာက သစ်ပင်ရဲ့အမြစ်ကနေ သစ်ပင်ထိပ်ဖျားကိုရေတွေဘယ်လိုရောက်တယ် ဆိုတာ သင်ပါ တယ်။ သစ်ပင်ထိပ်ဖျားမှာရေတွေ minimum ရောက်ရင် အမြစ်ကရေတွေသစ်ပင်အပေါ်ကိုတွန်းပို့ပေး လိုက်ပြီး၊ရေတွေ maximum ရောက်ရင် အမြစ်ကရေတွေ သစ်ပင်အပေါ်ကိုတွန်းပို့မှုရပ်လိုက် ကြောင်း ပြောပါတယ်။ မသိတာရှိရင်လည်းသူ့အခန်းမှာ အချိန်မရွေးလာမေးနိုင်ကြောင်းပြောပါတယ်။ ကျမရဲ့ အကျင့်တစ်ခုက ကျမနားမလည်တာကို အသေမှတ်လို့မရတာပါပဲ။ ဒါကြောင့် ပရောဖက်စာကို စာ သွား မေး ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျမ ကျောင်းက ကျမတစ်ယောက်ထဲဆေးကျောင်းရောက်ခဲ့တာမို့ကျမ မှာ သူငယ်ချင်းလည်းမရှိတာမို့ ကျမတစ်ယောက်ထဲ ပရောဖက်စာအခန်းသွားခဲ့ပါတယ်။ ကျမ မှာ သူငယ်ချင်း မရှိတာ တောင်ကျေးဇူးတင်ရမလိုဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ကျမ အရှက်ကွဲခဲ့လို့ပါ။
ပရောဖက်စာက lecture တုံးကလိုပဲ ပြန်ရှင်းပြပါတယ်။ ကျမက အားလုံးနားလည်ကြောင်းကျမ နားမလည်တာက minimum နဲ့ maximum ဆိုတာပါလို့ပြောလိုက်တော့ ပရောဖက်စာက သူ့နဖူးလက်နဲ့
ရိုက်ပြီး မင်းဘယ်ကျောင်းကအောင်တာလဲလို့မေးပါတယ်။ minimum  ဆိုတာအနည်းဆုံး၊ maximum
ဆိုတာအများဆုံးဆိုတာ ကျမ နားမလည်ခဲ့တာပါ။ ကျမဆေးကျောင်းရောက်တဲ့အထိ အင်္ဂလိပ်မြန်မာ
အဘိဓါန်တောင်မကြည့်တတ်ခဲ့တာပါ။ ပရောဖက်စာ တော့ ကျမ ခုံနံပတ်မှတ်မိတော့မှာပဲ စာမေးပွဲကျရင်
တော့ သိတော့မှာပဲဆိုတဲ့စိတ်နဲ့ကျမကြိုးစားလိုက်တာနောက်ဆုံးစာမေးပွဲမှာ botany နဲ့ zoology နှစ်ခုပေါင်းတဲ့  Biology subject မှာ ဂရိတ် ၅ ခုမှာ ၅ နဲ့အောင်ခဲ့ပါတယ်။
ဆေးတက္ကသိုလ်မှာ အခက်အခဲအမျိုးမျိုးကိုကျော်လွှာခဲ့ရတာကြောင့်ကျမ တော်တော်တန်တန် အခက် အခဲတွေကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပါတယ်။ ၁၉၉၄ ကျမ အပါအ၀င် ပြင်သစ်နိုင်ငံကို မြန်မာ ဆရာ
ဝန် ၃ ယောက် ပညာတော်သင်ရောက်ခဲ့ပါတယ်။ ကျန်တဲ့ ၂ ယောက်က နှလုံး ရောဂါအထူးကုဆရာဝန်
ကြီးနဲ့ အရိုးအကြောအထူးကုဆရာဝန်ပါ။
အရိုးအကြောအထူးကုဆရာဝန်က လူငယ်ဆရာဝန်ပါ။ အထူးကုအောင်ပြီးတာမကြာသေးပါဘူး။ ပြင်သစ် ကို တစ်နှစ်ပညာသင်လာရတာပါ။သားဦးလေးမွေးထားတာလည်းမကြာသေးဘူးလို့သိရပါတယ်။ ပထမ ၆ လမှာ ပြင်သစ်စကားသင်စေပါတယ်။  နောက် ၆ လမှာ အရိုးအကြောဆေးရုံကိုပို့လိုက်ပါတယ်။ ပြင်သစ်စာသင်တော့မှ ခက်ပါတယ်ဆိုတဲ့အင်္ဂလိပ်စာဟာအလွန်လွယ်နေတာသိရပါတယ်။ (ကျမ ပြင်သစ်စာ သင်နေတာ ၁၀ နှစ်နီးပါးရှိပါပြီ အခုထက်ထိ ကောင်းကောင်းမွန်မွန် မပြောနိုင်သေးပါဘူး။) အရိုးအကြောအထူးကုဆရာဝန်လေးလဲ ပြင်သစ်စကားကောင်းကောင်းနားလည်းမလည် ပြောလည်း မပြောနိုင်တာကြောင့် ဆေးရုံကလူနာတွေနဲ့ စကားပြောလို့မရဖြစ်နေပါတယ်။ ခွဲစိပ်ခန်းထဲဝင်ပြီးခွဲစိပ်ဆရာဝန်ကြီးကိုကူညီရတဲ့အခါကြတော့လည်း mask  တတ်ထားတဲ့ ဆရာဝန်ကြီးပြောတဲ့ စကားတွေကို နားမလည်နိုင်တဲ့အတွက် ခွဲခန်းထဲမှာလည်း အဆင်မပြေဖြစ်နေပါတယ်။ နောက်ဆုံးမှာ လူငယ်ဆရာ ၀န်လေးလည်း စိတ်ဓါတ်တွေကျပြီး တစ်နေ့မှာ မြန်မာသံရုံကိုဖုန်းဆက်လာပါတယ်။ ပြင်သစ်တွေကတင် ကျနော့်ကိုဆန့်ကျင် တာ မဟုတ်ဘူး။ ပြင်သစ်ရထားတွေကပါကျနော့်ကိုဆန့်ကျင် နေကြတယ်။ ကျနော်က တောင်ဘက်ကိုသွားဖို့တောင်ဖက်သွားတဲ့ ရထားစီးရင် ရထားက မြောက်ဘက် သွားတယ်။ ကျနော်က မြောက်ဘက်ကိုသွားဖို့မြောက်ဖက်သွားတဲ့ ရထားစီးရင် ရထားက တောင်ဘက် သွားတယ် လို့ပြောတာနဲ့သူ့ကို သံရုံး ခေါ်လာပြီး၊ စိတ်ရောဂါအထူးကုနဲ့ပြ၊ဆေးတိုက်ပြီး ရန်ကုန်ပြန်ပို့လိုက်ရပါတယ်။
နှလုံးအထူးကုဆရာဝန်ကြီးကတော့ ၃လ သာလာရတာမို့ ပြင်သစ်စာ မသင်ရပါဘူး။ သူလည်း ဘာသာစကားပြဿနာ (language barrier)  ကြောင့် လူနာနဲ့လည်းဆက်သွယ်လို့မရ၊ ကျန်တဲ့ပြင်သစ် ဆရာဝန်တွေနဲ့လည်းဆက်ဆံ လို့မရတာကြောင့် ၃လ မပြည့်ခင် ပြင်သစ်တွေမသိအောင် တိတ်တဆိတ် ရန်ကုန်ပြန်လာခဲ့ပါတယ်။ အဲဒီထဲကမြန်မာပညာတော်သင်တွေကို အပြန်လေယာဉ်လက်မှတ် ပေး မထားတော့ပါဘူး။
ကျမကတော့ ငှက်ဖျားနဲ့ပတ်သက်တဲ့သုတေသနလုပ်ဖို့နောက်ဆုံးပေါ်နည်းပညာတွေသင်ဖို့ WHO အထောက်အပံ့နဲ့ ပါရီမြို့က Pasteur Institute ကို ပထမဆင့်အနေနဲ့ တစ်နှစ် လာရပါတယ်။ သုတေသနလုပ်ရတာဆိုတော့ ဆေးရုံမှာလောက် လူတွေနဲ့ဆက်ဆံမှုမရှိလို့ သူတို့လောက်တော့ အခြေအနေမဆိုးဖူးလို့ဆိုနိုင်ပေမဲ့ အရှေ့နဲ့အနောက် ယဉ်ကျေးမှု ပြောင်းပြန်ဖြစ်နေတာ၊ စကား မပေါက်တာတွေကတော့ နေ့စဉ်နီးပါးတွေ့ကြုံ ရပါတယ်။ ဆေးကျောင်းမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲ တွေကြောင့်ကျမခံနိုင်ရည်ရှိနေပါတယ်။ တစ်နှစ်ပြည့်လို့တိုင်းပြည်ပြန်ရောက်တော့ ကျမ ဒါရိုက်တာက ပြောပါတယ်။ မင်းမရူးပဲ တစ်နှစ်နေနိုင်တာနဲ့တင်မင်းကို Ph.D ပေးသင့်တယ်တဲ့။
အခက်အခဲများအားအောင်မြင်စွာကျော်လွှားနိုင်ကြပါစေ။
Saturday, May 26, 2018
ကာကြာထိုင်​နိုင်​မှ တရားရမှာလား
ကာကြာထိုင်​နိုင်​မှ တရားရမှာလား
👇👇👇👇👇👇👇👇👇
{ဓမ္မဒူတဆရာတော်ဘုရားကြီး}
ဘုန်းကြီးတို့ မြန်​မာနိုင်​ငံကို ​ထေရဝါဒနိုင်​ငံလို့်​ ဂုဏ်​ယူ​နေကြ
ပါတယ်​။ ​ထေရဝါဒဆိုတာ ဘုရား​ဟောကြား မြတ်​တရား​တွေကို
မပြုမပြင်​ မဖြည့်​မစွက်​ မနုတ်​မဖျက်​ဘဲနဲ့ ဘုရားရှင်​ ​ဟောကြား
တော်​မူခဲ့တဲ့အတိုင်း လက်​ခံကျင့်​သုံးတဲ့ ရှင်​မဟာကဿပ အစရှိတဲ့
မ​ထေရ်​များမှ ဆက်​စပ်​လာတဲ့ ဝါဒအတိုင်း ကျင့်​သုံးခဲ့တဲ့ ၀ါဒကို
ထေရဝါဒလို့ ​ခေါ်ပါတယ်​။ အ​ပြောက ​ထေရဝါဒ ဖြစ်​​သော်​လည်း
အလုပ်​က ​ထေရဝါဒမဟုတ်​ဘဲ ထည့်​ချင်​တာ​တွေ ထည့်​၊ နှုတ်​ချင်
တာ​တွေ နှုတ်​ ​နေတာ​တွေ အများကြီးမြင်​​တွေ့​နေရပါတယ်​။
အထူးသဖြင့်​ ဝိပဿနာတရား အားထုတ်​တဲ့​နေရာမှာ ​ထေရ၀ါဒ
မကျတာ​တွေ အများကြီး ​တွေ့ရပါတယ်​။
အားထုတ်​တဲ့အခါ ဣရိယာပုတ်​ ပြင်​ မပြင်​နှင့်​ ပတ်​သက်​ပြီး
ထေရဝါဒ မကျတာ​တွေ အများကြီး​တွေ့ရပါတယ်​။ ဣရိယာပုတ်
မပြင်​ရ၊ ကြာကြာထိုင်​ရမယ်​ဆို၍ အ​တော်​ဒုက္ခ​ရောက်​ပြီး တရား
ကြောက်​​နေသူဦး​ရေ အ​တော်​များပါတယ်​။ ဒါ​ကြောင့်​ ဒီ​နေ့ ကြာ
ကြာထိုင်​အားထုတ်​နိုင်​မှ တရားရမှာလား။ အားထုတ်​ရင်​ ဣရိယာ
ပုတ်​ ပြင်​သင့်​ မပြင်​သင့်​၊ ဣရိယာပုတ်​ ပြင်​လျှင်​ ဘယ်​အကျိုး
အပြစ်​ ဖြစ်​ပါသလဲ စတဲ့ အ​မေး​တွေကို ​ဖြေ​သောအားဖြင့်​ ​ဟော
ကြားပါမယ်​။
မိမိတို့ အလွတ်​​နေတဲ့ အချိန်​အခါမှာ ​လျောင်း၊ ထိုင်​၊ ရပ်​၊ သွား
လေးပါးဣရိယာတစ်​ပါး​ ညောင်း တစ်​ပါး​ပြောင်းလဲ​နေကြသလို
အားထုတ်​တဲ့အခါမှာလည်း ​လျောင်း၊ ထိုင်​၊ ရပ်​၊ သွား ​လေးပါး
ဣရိယာ တစ်​ပါး​ညောင်း တစ်​ပါး​ပြောင်းလဲပြီး အားထုတ်​လို့ရပါ
တယ်​။ အဲဒီအ​ပေါ်မှာ ဘယ်​လို သ​ဘောမ​ပေါက်​ ဖြစ်​​နေကြသလဲ
ဆို​တော့ -
ဣရိယာပုတ်​ ဖုံးကွယ်​အုပ်​၊
ဒုက္ခမထင်​ပြီ။
တရားနယ်​ပယ်​မှာ နားမလည်​ဘဲ အ​တော်​​ခေတ်​စား​နေတာ ရှိပါ
တယ်​။ ` ဣရိယာပုတ်​ ဖုံးကွယ်​အုပ်​၊ ဒုက္ခမထင်​ပြီ ´ ဆိုတာပါပဲ။
ဒုက္ခကို ဣရိယာပုတ်​ ဖုံးထားတဲ့အတွက်​ ဒုက္ခမထင်​ရှားပါ။ ဒုက္ခ
ထင်​ရှားလာ​အောင်​ ကြာကြာ​လေး ထိုင်​​ပေးရမယ်​လို့ အယူမှား
သွားကြပါတယ်​။ ကြာကြာထိုင်​လို့ နာလာတဲ့ ဒုက္ခကို သိတာကို
ဒုက္ခသစ္စာသိပြီလို့ အမှန်​မ​ပြောနိုင်​​သေးပါ။ ဟုတ်​ပါတယ်​။ အထိုင်
ကြာလို့ နာတဲ့ဒုက္ခကို တရားအားမထုတ်​တဲ့ ပုဂ္ဂိုလ်​​တွေ၊ က​လေး
တွေ၊ ဘာသာခြား​တွေ​တောင်​ သိပါတယ်​။ အမှန်​တကယ်​ သိရမှာ
က ရုပ်​နာမ်​နှစ်​ပါးရဲ့ ဖြစ်​ဒုက္ခ၊ ပျက်​ဒုက္ခ​တွေကို သိရမှာပါ။ ဒီကိုယ်
ကြီးက ကြာကြာထိုင်​ထိုင်​ မထိုင်​ထိုင်​၊ ဘယ်​လို​နေ​နေ ​နေချင်​သလို
နေ၊ ဖြစ်​ဒုက္ခ၊ ပျက်​ဒုက္ခက အမြဲရှိ​နေပါတယ်​။ အမှတ်​သတိမရှိဘဲ
ပြောင်း​ရွှေ့တဲ့ ဣရိယာပုတ်​က ဖုံးထားလို့ ဖြစ်​ပျက်​ဒုက္ခ မထင်​တာ
ကို " ဣရိယာပုတ်​ဖုံးကွယ်​အုပ်​လို့ ဒုက္ခမထင်​တာ၊ ဒုက္ခထင်​​အောင်
ကြာကြာထိုင်​ခိုင်းမယ်​" ဆိုရင်​ မှားပါတယ်​။
ဣရိယာပုတ်​ ဖွင့်​ကာထုတ်​၊
ဒုက္ခ ထင်​လာမည်​။
ဖြစ်​ဒုက္ခ ပျက်​ဒုက္ခ ထင်​လာ​အောင်​ ရှုပွားအားထုတ်​ရင်​ ​ပြောင်း
ရွှေ့​သောအားဖြင့်​ ဣရိယာပုတ်​ကို ဖွင့်​ထုတ်​​ပေးရပါမည်​။ ဣရိယာ
ပုတ်​ ဖွင့်​ထုတ်​​ပေးကမယ်​ဆိုတာ ရှုပွားရင်းနဲ့ ဣရိယာပုတ်​တစ်​ပါးမှ
တစ်​ပါးသို့ ​ပြောင်းပြင်​​ပေးရမယ်​လို့ ဆိုတာပါ။ မ​ပြောင်းမပြင်​ဘဲနဲ့
အကြာကြီး ​ပေ ထိုင်​​နေရမယ်​လို့ မဆိုလိုပါ။ မိမိတို့ တစ်​သက်​လုံး
နေလာခဲ့တာ အမှတ်​တမဲ့ ဣရိယာပုတ်​ ​ပြောင်းပြင်​ပြီး​ နေလာခဲ့ကြ
လို့ ဖြစ်​ဒုက္ခ ပျက်​ဒုက္ခ မမြင်​တဲ့အတွက်​ ဒုက္ခကို ဣရိယာဖုံးတယ်​လို့
ခေါ်တာပါ။ တရားအားထုတ်​စဉ်​ ဣရိယာပုတ်​​ပြောင်းချင်​ရင်​ သတိ
ပညာနဲ့ ​ပြောင်းပါ။ " ​သြော်​....ငါက ချမ်းချမ်းသာသာ ​အေး​အေး
ဆေး​ဆေး တစ်​နာရီလုံး မလှုပ်​မယှက်​ငြိမ်​ငြိမ်​သက်​သက်​ ရှုပွားချင်
တာ။ ဒီ ဖြစ်​ဒုက္ခ ပျက်​ဒုက္ခ​ တွေက မထိုင်​နိုင်​​အောင်​ နှိပ်​စက်​​နေလို့
ဒုက္ခကြီးပါလား" လို့ ဒုက္ခ​ပေါ်လာမှာပါ။ ဒါ​ကြောင့်​ ​ပြောင်းချင်​ပြင်
ချင်​တဲ့အခါ မ​နေနိုင်​လို့ နှိပ်​စက်​လွန်းလို့ ​ပြောင်းရ ပြင်​ရပါလားလို့
သိပြီး သတိထား၊ အသိတရားနဲ့ ရှုပွားရင်းပြင်​ပါ။ ​ပြောင်းပါ။ ဒုက္ခ
ထင်​လာပါလိမ့်​မယ်​။
လျောင်း၍ ချည်းသာ​နေခဲ့ပါ၊
လျောင်းနာနဲ့ ​သေမည်​။
ဣရိယာပုတ်​​လေးပါးထဲမှာ ​လျောင်းတာ ​ကောင်းတာဆိုပြီး
လျောင်းချည်းပဲ ​နေကြည့်​ပါ။ အ​လျောင်းကြာရင်​ အနာ​ရောဂါ
ပေါ်လာမှာပါ။ အချို့မထိုင်​ မရပ်​နိုင်​၍ အိပ်​ရာထဲမှာ ​လျောင်း​နေ
ရပါတယ်​။ ဣရိယာပုတ်​ တစ်​ပါးပျက်​သွားလျှင်​ ကြာကြာမခံပါ။
မကြာမီ​ သေမှာပါ။
ထိုင်​၍ချည်းသာ ​နေခဲ့ပါ၊
ထိုင်​နာနှင့်​ ​သေမည်​။
အများအားဖြင့်​ တရားအားထုတ်​သွားတဲ့အခါ တရားထိုင်​သွား
မလို့ လို့​ပြော​လေ့ရှိကြပါတယ်​။ ထိုင်​မှတရား၊ ထသွားရင်​ တရား
မပါတာ များပါတယ်​။ ဘုရားရှင်​လက်​ထက်​က သာဝတ္ထိပြည်​မှာ
လူခုနှစ်​ကု​ဋေရှိပြီး ငါးကု​ဋေက အရိယာပါ။ ဘယ်​ရိပ်​သာ၊ ဘယ်
ခုနှစ်​ရက်​၊ ၁၀ရက်​စခန်းမှ မ​ရောက်​ဖူးပါ။ အိမ်​မှာ​လျော်​သလို
အားထုတ်​ရင်း အရိယာဖြစ်​ကြတာပါ။
ယောဂီတစ်​​ယောက်​ ` ကြာကြာထိုင်​မှ တရား´ ဆိုတဲ့ ဋ္ဌာနမှာ
တရားအားထုတ်​ရာ ဒူးနာသာ အဖက်​တင်​လာပြီး ယခုဘယ်​လိုမှ
အားထုတ်​ခိုင်းလို့ မရ​တော့ပါ။ တစ်​​ယောက်​က​တော့ ​လေငန်း
ဖြတ်​လာတာ ယခုတိုင်​ မ​ပျောက်​​သေးပါ။
တရားဂုဏ်​​တော်​ကို သတိပြုပါ။ " ကြားနာရုံတင်​ အပူစင်
၍ ကျင့်​လျှင်​ ချမ်းသာ " တဲ့။ ကျင့်​လို ဒုက္ခဖြစ်​လျှင်​ ဘုရားတရား
တော်​ ​ထေရဝါဒနည်း မဟုတ်​ပါ။ ပုဂ္ဂိုလ်​တစ်​ဦးတစ်​​ယောက်​ရဲ့
နည်းသာဖြစ်​တယ်​လို့ မှတ်​ပါ။ တရား​တော်​က မချမ်းသာ​စေ​သေး
သော်​လည်း မဆင်းရဲ​စေရပါ။
ရပ်​၍ချည်းသာ ​နေခဲ့ပါ၊
ရပ်​နာနှင့်​​သေမည်​။
မထိုင်​ မ​လျောင်းဘဲ ရပ်​၍ချည်း​နေပြန်​က အရပ်​ကြာရင်​ အနာ
ရောဂါ ​ပေါ်လာပြန်​ပါတယ်​။ အနာ​ပေါ်ရင်​ အနာကို ခံစားရတဲ့
ဝေဒနာ ​ပေါ်လာမှာပါ။ အနာ​ရောဂါက အ​ကြောင်း၊ ခံစားတဲ့​ဝေဒ
နာက အကျိုးပါ။ အ​ကြောင်းအကျိုးအ​နေနဲ့ သိမှာပါ။
သွား၍ချည်းသာ ​နေခဲ့ပါ၊
သွားနာနှင့်​ ​သေမည်​။
မ​လျောင်း၊ မထိုင်​၊ မရပ်​ဘဲ သွာ၍ချည်းသာ ​နေပြန်​ပါကလည်း
အသွားကြာရင်​ အနာ​ရောဂါ ​ပေါ်တာပါပဲ။ ဣရိယာပုတ်​​ လေးပါး
မှာ ဘယ်​ဣရိယာပုတ်​နဲ့ပဲဖြစ်​ဖြစ်​ တစ်​ပါးပါးနဲ့ အ​နေများရင်​ အနာ
ရောဂါပေါ်တာပါပဲ။ အနာ​ရောဂါ​ပေါ်ရင်​ဝေဒနာလည်း​ပေါ်ပါတယ်​။
အနာ​ရောဂါက နာကျင်​ကိုက်​ခဲတဲ့ သ​ဘောပါ။ ​ဝေဒနာက ခံစားတဲ့
သ​ဘောပါ။ သ​​ဘောချင်းမတူပါ။ နှစ်​ခုစလုံး အရှုခံတရားချည်းပါ၊
ရှုပါ။ ကုန်​​အောင်​ မလုပ်​ပါနဲ့။
ကွေး၍ချည်းသာ ​နေခဲ့ပါ၊
ကွေးနာနှင့်​​သေမည်​။
ဆန့်​၍ချည်းသာ​နေခဲ့ပါ၊
ဆန့်​နာနှင့်​​သေမည်​။
ကွေး၍ချည်းအ​နေများရင်​လည်း အနာ​ရောဂါ​ပေါ်မှာပါ။ ဆန့်
၍ချည်း အ​နေများရင်​လည်း အနာ​ရောဂါ​ပေါ်မှာပါပဲ။ အဲဒီလို​ ပေါ်
လာတဲ့ အနာ​ရောဂါဟာ လုပ်​ယူလို့​ပေါ်လာတဲ့ အနာ​ရောဂါပါ။
အနာ​ရောဂါလုပ်​ယူပြီး ​ပျောက်​​အောင်​ တစ်​ခါတည်းမလုပ်​သင့်​ပါ။
ဘုရားရှင်​က ​တောသစ်​တစ်​ပင်​ရင်း ၀ါးတစ်​ပင်​​အောက်​ ဆိတ်
ငြိမ်​ရာ အရပ်​တစ်​ခုခုမှာသွားပြီး ​ဖြောင့်​​ဖြောင့်​​လေး တင်​ပျဉ်​​ခွေ
ထိုင်​ခိုင်းပါတယ်​။ ဘာဖြစ်​လို့လဲ။ ​ဖြောင့်​​ဖြောင့်​ထိုင်​မှ ဒုက္ခ​ဝေဒနာ
တော်​​တော်​နဲ့ မ​ပေါ်​အောင်​ပါ။ အဆက်​​တွေ ​ကွေး​ကောက်​​နေရင်
သွေးသား ​လေသွား မမှန်​တဲ့အတွက်​ မကြာမီ ဒုက္ခ​ပေါ်လာတတ်​ပါ
တယ်​။ ဒါ့​ကြောင့်​ ကြာကြာထိုင်​ပြီး ဒုက္ခမရှာရပါ။ တရားအားထုတ်​တဲ့ အလုပ်​ဆိုတာ ကိုယ်​ကိုချမ်းချမ်းသာသာထားပြီး စိတ်​ကိုအလုပ်​လုပ်​ခိုင်း​နေတယ်​လို့
သ​ဘော​ပေါက်​ထားရပါမယ်​။
ဖွင့်​၍ချည်းသာ ​နေခဲ့ပါ၊
ဖွင့်​နာနှင့်​ ​သေမည်​။
မှိတ်​၍ချည်းသာ ​နေခဲ့ပါ၊
မှိတ်​နာနှင့်​​သေမည်​။
မျက်​စိကို ဖွင့်​၍ချည်း ကြာကြာ​နေပြန်​လည်း ဒုက္ခ​ပေါ်ပါတယ်​။
ဒါဖြင့်​ မှိတ်​​နေတာ ​ကောင်းတယ်​ဆိုပြီး မှိတ်​​နေပြန်​ပါက မှိတ်​နာနဲ့
သေပါလိမ့်​ဦးမည်​။ ဘုန်းကြီးတို့ ဘုရားရှင်​ရဲ့ တရား​တော်​ကအစွန်း
လွတ်​တရားပါ။ အစွန်းနှစ်​ပါးရဲ့ အလယ်​ကသွားမှ ဘုရားတရားပါ။
ထေရဝါဒပါ။ ဘုရားရှင်​ရဲ့ အယူအဆအတိုင်း အားထုတ်​ပါက
အားထုတ်​ရတာ မခဲယဉ်းပါ။ စိတ်​ ၀ီရိယပဲ လိုပါတယ်​။
ရှူ၍ချည်းသာ ​နေခဲ့ပါ၊
ရှူသွင်းနာနှင့်​ ​သေမည်​။
မိမိတို့ ​မွေးလာကတည်းက ရှူထုတ်​ ရှူသွင်းပြီး​နေလာခဲ့လို့
မ​သေမ​ကြေ ကျန်းမာစွာနဲ့ ​နေထိုင်​နိုင်​ခဲ့တာပါ။ မိမိတို့အသက်​ဆို
တာ သတိထားကြည့်​ရင်​ အနှစ်​သာရမရှိလှပါ။ တစ်​ရှူတစ်​ရှိုက်
က​လေးနဲ့ပဲ အသက်​ရှင်​​နေတာပါ။ အသက်​သမုတ်​ နာမ်​နဲ့ရုပ်​ပါ။
အမှန်​တကယ်​ အသက်​ဆိုတာ မရှိပါ။ တစ်​ရှူကတစ်​ရှိုက်​မလာ
ရင်​၊ တစ်​ရှိုက်​က တစ်​ရှူမလာရင်​ ​သေပါပြီ။
ဘုရားရှင်​က " ရဟန်း​တော်​များ အို ချစ်​သားတို့ အနာ​ရောဂါ
ဆိုတာ တခြားရဲ့အမည်​မဟုတ်​ပါ၊ ခန္ဓာကိုယ်​ကြီးရဲ့အမည်​ပါတဲ့
မိမိတို့ခန္ဓာကြီးနဲ့ အ​နေကြာလာခဲ့​ပေမဲ့လို့ ကိုယ့်​ခန္ဓာအ​ကြောင်းကို
ကိုယ်​သိ​အောင်​ မကြည့်​ဘဲ သူများအ​ကြောင်း အပြင်​အ​ကြောင်း
တွေသာ လိုက်​ပြီးစပ်​စု​နေတဲ့အတွက်​ ကိုယ့်​ခန္ဓာအ​ကြောင်း မသိ
တာပါ။
မ​သေစိမ့်​ဌာ ဣရိယာ၊
ရွှေ့ကာကုရမည်​။
ယခု ဘုန်းကြီးတို့​ဟောလို့ ​ပြောလို့ ကြာကြာထိုင်​မယ်​ သို့မဟုတ်
ကြာကြာရပ်​မယ်​၊လျောင်းမယ်​၊ သွားမယ်​ဆိုရင်​ အနာ​ရောဂါ​ပေါ်မှာ
ပါ။ အနာ​ပေါ်ပြီး မ​သေ​အောင်​ ဣရိယာပုတ်​​ပြောင်းပြီး ​ဆေးကု​နေ
ရပါတယ်​။ ​အေး...မ​သေချင်​ရင်​ ဣရိယာပုတ်​​ပြောင်းပြီး​ဆေးကုပါ
တဲ့။ တချို့က တရားမရရင်​ မထဘူးဆိုပြီး ထိုင်​တတ်​ပါတယ်​။အား
ထုတ်​တတ်​ပါတယ်​။ တရားမရဘဲရူးသွားတာ၊ ​ရောဂါဖြစ်​သွားတာ
တွေ ​တွေ့ရပါတယ်​။ အားထုတ်​ခါစမှာ မသိတဲ့လူ​မြှောက်​​ပေးတိုင်း
အရမ်းမလုပ်​ပါနဲ့။ တရားမရဘဲ တရားလန့်​သွားတတ်​ပါတယ်​။
` တရားမရရင်​ ဒီ​နေရာက မထ​တော့ဘူး ´လို့ အားထုတ်​တာ
ဘုရားအ​လောင်း၊ ပ​စ္စေကဗုဒ္ဓအ​လောင်း၊ အရိယာအ​လောင်းများ
ဘုရား၊ ပ​စ္စေကဗုဒ္ဓ-အရိယာဖြစ်​ခါနီးဆဲဆဲမှာဖြစ်​တဲ့ ဝီရိယမျိုးပါ။
အားထုတ်​ခါစ ​ယောဂီ​တွေအတွက်​မဟုတ်​ပါ။
" ​လျောင်း၍ဖြစ်​လာအ​ညောင်းနာ ထိုင်​ကာကုရမည်​။ ​လျောင်း
၍ဖြစ်​လာ အ​ညောင်းနာ ရပ်​ကာကုရမည်​။ ​လျောင်း၍ဖြစ်​လာ
အ​ညောင်းနာ သွားကာကုရမည်​ "
တရားအားထုတ်​ရင်း ဣရိယာပုတ်​​ပြောင်းရ၊ ပြင်​ရ၊ ​ရွှေ့ရတာဟာ
အနာ​ရောဂါ ​ပေါ်လို့ပါ။ ဒီခန္ဓာကိုယ်​ကြီးက ဆူးကြားထဲမှာ သီးတဲ့
ဘူးသီးပမာပါ။ အနာလွတ်​တယ်​လို့ မရှိပါ။ ဣရိယာပုတ်​ တစ်​ခု
ကြောင့်​ ဖြစ်​တဲ့ အ​ညောင်းနာကို ကျန်​တဲ့ ဣရိယာပုတ်​သုံးပါးနဲ့
လျော်​သလို ​ပြောင်းပြီး ​ဆေးကု​နေရပါလားလို့ သ​ဘော​ပေါက်​ပါ။
အန္ဓပုထုဇဉ်​​တွေက အဖုအကျိတ်​စသည်​​ပေါ်လာမှ အ​နာ​ရောဂါ
ပေါ်တယ်​ထင်​ပြီး ကျန်​တဲ့အချိန်​ကို ကျန်းမာပါတယ်​လို့ ​ပြော​နေကြ
ပါတယ်​။ ခန္ဓာကြီးက နှိပ်​စက်​​နေတာကို သိ​အောင်​သတိထားပြီး
အသိတရားနဲ့​ပြောင်းတာပြင်​တာကို ဣရိယာပုတ်​ ဖွင့်​တယ်​လို့ ​ခေါ်
ပါတယ်​။
ကိုယ်​ရှိရင်​ နာကျင်​ကိုက်​ခဲမှု ​ရောဂါရှိပါတယ်​။ မကုန်​နိုင်​ပါ။ စိတ်
ရှိရင်​လည်း ခံစားမှု​ဝေဒနာ ရှိပါမယ်​။ မကုန်​နိုင်​ပါ။ အနာ​ရောဂါ​ပေါ်
တာ ​​ပေါ်မှန်းသိ၊ အနာ​ရောဂါ​ပျောက်​တာ ​ပျောက်​မှန်းသိ​အောင်​ ရှူ
ရမှာပါ။ ကုန်​​အောင်​ရှူရမှာ မဟုတ်​ပါ။ ကုန်​​အောင်​ရှူရင်​ လွဲမှားပါ
တယ်​။
ဣရိယာစု ​ပြောင်းလဲမှု၊
ဆေးကု​နေရသည်​။
ဣရိယာ​ပြောင်းတိုင်းအနာ​ပေါ်လို့၊ မ​နေနိုင်​လို့ ​ဆေးကု​နေရပါ
လားလို့ နှလုံးသွင်းရှူရင်း၊ ပွားရင်း​ပြောင်းပါ။ ​ရေပွက်​ပမာ ဖြစ်
ပျက်​​နေတဲ့ ရုပ်​၊ နာမ်​၊ ခန္ဓာ​တွေကို မြင်​ပါလိမ့်​မယ်​။ ရုပ်​၊ နာမ်​၊ ခန္ဓာ
ကိုမြင်​မှ ရုပ်​နာမ်​ဖြစ်​ပျက်​ မြင်​မှာပါ။ ဖြစ်​တာပျက်​တာမြင်​ရင်​ ဖြစ်
ကြောင်း ပျက်​​ကြောင်းကို မြင်​​အောင်​ ဆက်​ရှုရမှာပါ။ ဖြစ်​ကျိုး
ကိုမြင်​ရင်​ ဒိဋ္ဌိပြုတ်​ပါတယ်​။ ဖြစ်​​ကြောင်းမြင်​ရင်​ ဝီစိကိစ္ဆာပြုတ်
ပါတယ်​။
ဖြစ်​ပျက်​မြင်​ရုံ ဥာဏ်​မစုံ၊
နိဗ္ဗာန်​ဘုံတိုင်​ မဆိုက်​ပြီ။
ဖြစ်​ပျက်​တိုင်းတုံ ဥာဏ်​မစုံ၊
နိဗ္ဗာန်​ဘုံတိုင်​ ဆိုက်​​လေမည်​။
ဦးစွာပထမ နာမ်​ရုပ်​ကို မြင်​​အောင်​ ရှုရမှာပါ။ ​နောက်​ နာမ်​ရုပ်
ဖြစ်​ပျက်​မြင်​​အောင်​ ဆက်​ပြီး ရှုရမှာပါ။ ​နောက်​ ဖြစ်​ပျက်​ကို ပိုင်း
ခြားသိ​အောင်​ ရှူရမှာပါ။ ဖြစ်​ပျက်​ကို ပိုင်းခြားသိမှ နိဗ္ဗာန်​​ရောက်
မှာပါ။
ရှေ့​နောက်​ ဣရိယာ ​ပြောင်းပြီးကာ၊
အနာသက်​သာသည်​။
ဣရိယာပုတ်​ တစ်​ပါးက​နေ တစ်​ပါးကို ​ပြောင်းလိုက်​တဲ့အခါ
အနာ​ရောဂါ ရှင်းရှင်း​ပျောက်​သွားတာမဟုတ်​​သေးပါ။ အနာ​ရောဂါ
သက်​သာသွားတာပါ။ ​တော်​​တော်​ကြာ​နေ ပြန်​​ပေါ်တာပါပဲ။ ​ပေါ်ပြန်
ရင်​ ဣရိယာပုတ်​ ​ပြောင်း​သောအားဖြင့်​ ​ဆေးကုရပြန်​တယ်​။
ဆေးကုလွတ်​ကင်း ​နေတုံလျှင်း၊
စင်းစင်း​သေကြမည်​။
ကြာကြာထိုင်​နိုင်​မှ တရားရမယ်​လို့ယူဆပြီး ဣရိယာပုတ်​​ပြောင်း
သောအားဖြင့်​ ​ဆေးမကုပါက ရူးကြ နှမ်းကြ ​သေကြ ​ကျေကြပါ
တယ်​။ မ​သေသင့်​ဘဲ ​သေတာ ကံ​ကြောင့်​ မဟုတ်​ပါ။ မညီမညွတ်
လုံ့လပြုလို့ပါ။ တရားအားထုတ်​တဲ့ အလုပ်​ဟာ ဥာဏ်​အလုပ်​ပါ။
စိတ်​အလုပ်​ပါ။ ကြာကြာထိုင်​နိုင်​​အောင်​ ​လေ့ကျင့်​တဲ့ ကိုယ်​အလုပ်
မဟုတ်​ပါ။
လေးဣရိယာ ​ဆေးကုကာနှင့်
မကွာ​နေ့ရက်​ အသက်​ဆက်​၍
ခုထက်​တိုင်​သာ ​နေနိုင်​ပါ ဥာဏ်​မှာ လင်းရမည်​။
ဣရိယာပုတ်​ ​ပြောင်း​သောအားဖြင့်​ ​ဆေးအကု​ကောင်းလို့ မိမိတို့
ယ​နေတိုင်​​အောင်​ အသက်​ရှည်​စွာ ​နေရတာကို ဥာဏ်​နှင့်​မြင်​​အောင်
ကြည့်​ပါ။ ဒီကိုယ်​ကြီးက အနာကြီးပါ။ အနာ​ပေါ်သမျှ ဥာဏ်​နဲ့လိုက်
ရှုပါ။ အနာ​ပေါ်တာလည်းသိ၊ အနာ​ပျောက်​တာလည်းသိ၊ ပျက်​တာ
လည်း သိ​အောင်​ ရှုရမှာပါ။ အနာ​ပျောက်​တာ၊ ဖြစ်​တာပျက်​တာကို
သိ​အောင်​ မြင်​​အောင်​ရှုရမှာပါ။ ခန္ဓာကိုယ်​ကြီး သ​ဘောကိုသိရင်
မလိုချင်​​တော့ပါ။
အနာ​ပေါ်လျက်​ ​ဆေးကုချက်​ကို၊
သက်​သက်​မထင်​ ဥာဏ်​မမြင်​၍၊
အစဉ်​ပကတိ ကျန်းမာ၏ဟု၊
မသိဝိုးဝါး လူမိုက်​များ၊
ထင်​မှား​နေကြသည်​။
အေး...မိမိကိုယ်​မိမိ အနာ​ပေါ်လို့​ပေါ်မှန်းမသိ၊ ဣရိယာပုတ်
ပြောင်းပြင်​​သောအားဖြင့်​ ​ဆေးကု​နေရတာကို ​ဆေးကု​နေမှန်းမသိ
ရင်​ အဝိဇ္ဇာနဲ့ ​နေသူပါ။ တရားအားထုတ်​​နေသူမဟုတ်​ပါ။ ကြာကြာ
ထိုင်​နိုင်​မှ ဒုက္ခ​ပေါ်လာမယ်​၊ ဒုက္ခထင်​လာမယ်​လို့ ယူဆပြီး ကြာကြာ
ထိုင်​ရင်​လည်း အဝိဇ္ဇာပါ။ ဝိဇ္ဇာဥာဏ်​မဟုတ်​ပါ။
အနာ​ပေါ်လာလို့ ရှုပွားတဲ့ခါမှ အနာရဲ့ဖြစ်​မှု၊ ပျက်​မှုကို မြင်
အောင်​ သိ​အောင်​ ရှုရမှာ။ မရှုဘဲ အနာ​ပျောက်​​အောင်​ ရှုရင်​လည်း
မမှန်​ပါ။ အနာကို ဖြစ်​​အောင်​လုပ်​ပြီး ​ပျောက်​​အောင်​ ပျက်​​အောင်
လုပ်​တာ သဘာဝ မကျပါ။ နည်းမမှန်​ပါ။ အနာကို​ဝေဒနာလုပ်​ပြီး
တော့လည်း မရှုပါနဲ့။ အနာ သက်​သာသွားတာကိုလည်း ​ဝေဒနာ
ကုန်​ပြီလို့ မယူဆပါနဲ့။ အမှားအဆင့်​ဆင့်​ဖြစ်​ပြီး အပါယ်​ကျနိုင်​ပါ
တယ်​။
အေး....အမှားအဆုံးအမအတိုင်း၊ အမှားရှုပွား​နေတာထက်
မရှုပွားဘဲ အလကား​နေတာက ​ကောင်းပါ​သေးတယ်​။ အမှန်​အဆုံး
အမအတိုင်း အမှန်​ရှုပွားနည်းအတိုင်း မရှုပွားကလည်း ဆင်းရဲပါ
တယ်​။ ဒါ​ကြောင့်​ အမှား​ရှောင်​ရှား၊ အမှန်​တရား ရှုပွားနိုင်​သဖြင့်
နိဗ္ဗာန်​မျက်​​မှောက်​ ဆိုက်​​ရောက်​နိုင်​ကြပါ​စေ ကုန်​သတည်း။
` သာဓု - သာဓု - သာဓု ပါဘုရား ´
အားလုံးသန္တာန်​၊ အမြင်​မှန်​၊ လျင်​မြန်​ရ​စေ​သော်​......
(ဓမ္မဒူတဆရာ​တော်​ အရှင်​ပညာ​ဇောတ)
Wednesday, May 16, 2018
မြန်မာစကားလုံးများနောက်ကွယ်မှလေးနက်သောအဓိပ္ပါယ် များ။
မန်မာစကားတွေရဲ့နောက်ကွယ်မှာ လေးနက်တဲ့အဓိပ္ပါယ်တွေရှိပါတယ်။ များသောအားဖြင့် ဗုဒ္ဓဘာသာက ဆင်းသက်တာများပါတယ်။ နေ့စဉ် ကျမတို့တစ်တွေစကားတွေဖေါင်နေအောင်ပြော နေကြပေမဲ့ ကိုယ်ပြောတဲ့စကားရဲ့အဓိပ္ပါယ်ကိုမသိကြတာများပါတယ်။ ဥပမာ။
၁။ တိရစ္ဆာန် ဆိုတာ အိပ်၊စား၊ကာမဂုဏ်ခံစားခြင်းဆိုတဲ့ သုံးမျိုးကိုသာသိတဲ့ သတ္တ၀ါကိုခေါ်တာပါ။ ၂။ လူ့တိရစ္ဆာန် ဆိုတာ (အိပ်၊စား၊ကာမ၊ ဤသုံးဝတွင်လူနဲ့နွားဟာ မခြားတူတူ၊လူ လူ တစ်ခုထဲထူး၊အသိဥာဏ်တရား။) ဆိုတဲ့သီးချင်းစာသားထဲကလို အိပ်၊စား၊ကာမဂုဏ်ခံစားခြင်းကိုသာသိရင် လူဖြစ် နေပေမဲ့ လူအစစ်မဖြစ်သေးတဲ့သူတွေကိုဆိုလိုတာပါ။၃။ ရှေးကအဘိဓမ္မာသိကြတဲ့ သူတွေက တိဟိတ် တိရစ္ဆာန် ဆိုပြီး နာမ၀ိသေသန (adjective) တတ်ပြီး တောင်ပြောကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိရစ္ဆာန် ဆိုတာကောင်းတဲ့ ဟိတ် သုံးပါးဖြစ်တဲ့ အလောဘ၊အဒေါသ၊အမောဟ တစ်ခုမှမပါဘဲပဋိန္ဓေနေကြတဲ့သူတွေမို့ပါ။၃။ ကာမပိုင်ယောက်ျား ဆိုတာ ယောကျာ်းတိုင်းကိုပြောတာမဟုတ်ပါဘူး။ သူမရဲ့ ကာမဂုဏ်ကိုတရားဝင်ပိုင်ဆိုင်တဲ့ယောက်ျားကိုပြောတာပါ။ ၄။ မသိမသာ ဆိုတဲ့စကားကို မထင်ရှားတဲ့အပြောအဆို၊အပြုအမှု တွေမှာ သုံးကြ ပါတယ်။ ရပ်ရွာအရေး ဆောင်ရွက်ခဲ့တဲ့သူ ဆိုရင် တစ်ရပ်လုံးတစ်ရွာလုံးကသိကြပါတယ်။ ဒါပေမဲ့ရပ်အကျိုးရွာအကျိုး မဆောင် ရွက်တဲ့သူဆိုရင် ဘယ်သူမှ မသိကြပါဘူး။ အဲ့ဒီလိုလူသေတဲ့အခါ ဘယ်သူမှ မသိတဲ့ မသာအလောင်း။ အတိုချုံးတော့  မသိ မသာ ဖြစ်သွားပါတယ်။ ၅။ ကျေးဇူးကန်းသည်။ ကန်းတယ်ဆိုတာ မမြင်တာပါ။ မိမိအပေါ်ပြုထားဖူးသော ကျေးဇူးတရား များကိုမမြင် တဲ့အတွက် ကျေးဇူးရှင်အပေါ် မလုပ်သင့်တာတွေ လုပ်ကြ တာကိုဆိုလိုတာပါ။၆။ ကမ်းတက်သည် (spoilt)။ လိုက်လျောမှုကိုအခွင့်ကောင်းယူပြီး ပိုမိုအခွင့်အရေးယူခြင်း။ မြစ်၊ချောင်း၊သမုဒ္ဒရာရေတွေဟာ သဘာဝအားဖြင့် ကမ်းကိုကျော်ပြီးမတက်ပါဘူး။ သဘာဝမဟုတ်ဘဲ ကျော်တက် ရင် တော့ ရေကြီးခြင်းစတဲ့ အန္တရာယ်တွေနဲ့တွေ့ကြုံပါလိမ့်မယ်။ ဒီလိုဘဲ အခွင့်ကောင်းပိုယူမိရင်အန္တရာယ်တွေ့ပါလိမ့်မယ်။ရ။ ကံတူအကျိုးပေး။ ကံမ နိယာမအရ ကံတစ်ခုကိုပြုလုပ်လိုက်ပြီဆိုရင်၊အဲ့ဒီကံရဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို ခံစား ရပါမယ်။ မိသားစုတစ်စု၊ဒါမှမဟုတ် ကား၊ရထားစတာတွေနဲ့အတူသွားသူတွေ အတူတူအန္တရာယ်တစ်ခုခုနဲ့ရင်ဆိုင်ရတာဟာရှေးဘ၀တွေကပြုခဲ့တဲ့ကံတွေတူကြလို့အကျိုးတူ ခံစား ရတာပါ။၈။ ကံကုန်သည်။ လူ့ဘ၀ရဖို့အတွက်လုပ်ခဲ့တဲ့ ကုသိုလ်ကံတွေကုန်သွားရင် လူအနေနဲ့ဆက်လက် ရှင်သန်လို့မရတော့ပါဘူး။ ဒါကြောင့် ကံကုန်တယ်ဆိုတာ သေဆုံးတယ်ဆိုတာထက်  ပိုပြီး အဓိပ္ပါယ်လေး နက်ပါတယ်။
၉။ ကျွန်းကိုင်းမှီ  ကိုင်းကျွန်းမှီ (mutual reliance)။ ကျွန်းတစ်ခုရပ်တည်နေဖို့ဒီကျွန်းမှာပေါက်နေတဲ့ ကိုင်းပင်တွေက ထောက်ပံ့ပါတယ်။ ကိုင်းပင်တွေဆက်လက်ရှင်သန်ဖို့အတွက်လဲ ကျွန်းရှိမှဖြစ်ပါတယ်။ ဒါကြောင့်တစ်ဦးနဲ့တစ်ဦးအပြန်အလှန်အမှီသဟဲပြုကြတဲ့အခါမှာအသုံးပြုပါတယ်။၁၀။ ပေါ့ဆ သည်။ ပေါ့တယ်ဆိုတာ မလေးနက်တာ၊ ဆ တယ်ဆိုတာ အလေးချိန် ဘယ်လောက်ရှိ သလဲဆိုတာ လက်ပေါ်တင်ပြီးမှန်းဆကြည့်တာ။ ဒါကြောင့် မတိကျဘူး။ အားလုံးချုံလိုက်တော့ လေးနက်မှုတိကျမှု မရှိဘူးလို့အဓိပ္ပါယ်ရပါတယ်။
၁၁။ အမှတ်သညာ မရှိဘူး။ အမှားတစ်ခုခုကို အမှတ်မထားပဲ ထပ်ခါ ထပ်ခါ လုပ်သောအခါပြောတဲ့စကားပါ။ မြတ်ဘုရားရဲ့ အဘိဓမ္မာဒေသနာမှာ စိတ်တစ်ခုဖြစ်တိုင်း သညာဆိုတဲ့ မှတ်တတ်တဲ့တရားသဘောကပါနေပြီးသာဖြစ်ပါတယ်။အပြောအဆိုအပြုအမူအားလုံးဟာလဲ စိတ်ဖြစ်ပြီးမှဖြစ်တာမို့ အမှတ်တားသူအနေနဲ့နောက်တပ်အမှားတူမဖြစ်သင့်ပါဘူး။
လေးနက်တဲ့အဓိပ္ပါယ်တွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာစကားတွေကိုထိန်းသိမ်းတဲ့အနေနဲ့ အဓိပ္ပါယ် မရှိတဲ့ ဗန်းစကားတွေ (slang) မပြောဆိုခြင်းဖြင့်  ကာကွယ်စောင့်ရှောက်ကြပါဆို့
အခြားသောမြန်မာစကားများအပြင်။  စာလုံးပေါင်း အမှားများ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အမှားများ၊ တွေ့ရှိပါက comment ပေးခဲ့ခြင်းဖြင့် အားပေးကြပါလို့။
Monday, May 14, 2018
ကျမ စုံထောက်ဦးစံရှား
တောင်ကြီး စပ်စံထွန်းဆေးရုံ ရှိ သွေးဘဏ်က ရောဂါဗေဒဌာနရဲ့ လက်အောက်ကဌာနခွဲလေးပါ။ ကျန်တဲ့ဌာနခွဲတွေက ဓါတ်ခွဲခန်း ပါ။ ဓါတ်ခွဲခန်းမှာ သွေးဥနီ၊ သွေးဥဖြူနဲ့ သွေးဥမွှားတွေ စစ်ဆေးတဲ့ Hematology section,သွေး၊ဆီး၊စတဲ့ ကိုယ်ထဲက အရည်အမျိုးမျိုးထဲမှာရှိတဲ့ ဓါတ်တွေကို စစ်ဆေးတဲ့Biochemistry section, ကိုယ်ထဲက ထွက် လာတဲ့ ဆီး၊၀မ်း၊စတာတွေမှာရှိတဲ့ရောဂါပိုးတွေကိုစစ်ဆေးတဲ့Parasitology section, ကိုယ်ခန္ဓာထဲမှာ ကင်ဆာ စသည် ရောဂါများ ရှိမရှိစစ်ဆေးတဲ့Histopatholgy section ဆိုပြီး ခွဲခြား ထားပါတယ်။
ရောဂါဗေဒဌာနရဲ့ ဌာနမှူးက ရောဂါဗေဒဆရာဝန်မကြီးပါ။ သူ့အောက်မှာ ဓါတ်ခွဲခန်းမှူး ၂ ယောက် ရှိပါတယ်။ ဓါတ်ခွဲခန်းမှူးတွေက တက္ကသိုလ်က ဘွဲ့ရတွေပါ။ သူတို့အောက်မှာတော့ ဓါတ်ခွဲခန်း တက်နစ်ရှင် (technician) အဆင့် ၁၊ နောက် အဆင့်၂ ၊ အောက်ဆုံးမှာ ဓါတ်ခွဲခန်းအကူဆိုပြီးရှိပါတယ်။ ဓါတ်ခွဲခန်းမှူး ၂ ယောက်က ဓါတ်ခွဲခန်းတက်နစ်ရှင်တွေရဲ့ စစ်ဆေး မှုတွေကို လိုအပ်သလို ပြန်လည် စစ်ဆေးရတဲ့အပြင် ဓါတ်ခွဲခန်းတက်နစ်ရှင် (technician) အဆင့်၂ ကျောင်းသားတွေကို သင်ကြား ပို့ချရ ပါတယ်။ ဓါတ်ခွဲခန်း တက်နစ်ရှင် (technician) အဆင့်၂ က တစ်နှစ်သင်တန်းဖြစ်ပါတယ်။ တစ်နှစ်ကို သင်တန်းသား ၁၀ ယောက် သင်ကြားပို့ချပါတယ်။
ဓါတ်ခွဲခန်းမှူး ၂ ယောက်အနက်တစ်ဦးက အပျိုဖြစ်ပါတယ်။ ဓါတ်ခွဲခန်းမှူး ဒေါ်... နဲ့ ကျမ သွေားဘဏ် မရောက် ခင်ကပင် ခင်မင်ကြပါတယ်။  သူမရဲ့ အိမ်မှာ ကိုယ်ပိုင်ဓါတ်ခွဲခန်းဖွင့်ထားပြီး. ကျမကိုလည်း သူမ ဓါတ်ခွဲခန်းနဲ့တွဲပြီးဖွင့်ထားတဲ့ အပြင်ဆေးခန်းမှာ ဆရာဝန်အဖြစ်တာဝန်ယူဖို့ကမ်းလှမ်းလာပါတယ်။ တောင်ကြီးမြို့မှာ ညနေပိုင်းဆို လူ သိပ် မရှိတော့ပါဘူး။ မနက်ဖက်မှာသာ ဈေးလာရောင်းသူတွေ၊ အလုပ်အကိုင်နဲ့လာကြသူတွေနဲ့ စည်းကား တာပါ။ ဒါကြောင့် အပြင် ဆေးခန်းတွေမှာ လူနာသိပ်မရှိပါဘူး။ ဘဲဥမကွဲတဲ့ ရက်တွေသာများပါတယ်။ အဲ့ဒီအချိန်က လက်ထောက်ဆရာဝန် လစာ ၄၅၀ ကျပ်နဲ့ ဆို လူတစ်ယောက်စာ စားလောက်ပါတယ်။ ဒါကြောင့် စပ်စံထွန်းဆေးရုံက လူလွတ်ဆရာဝန်တွေ ဘယ်သူမှဆေးခန်းမဖွင့်ကြပါဘူး။ အိမ်ထောင်သယ် နှစ်ဦး သာ ဆေးခန်း ဖွင့်ပါတယ်။ ကျမအနေနဲ့လည်း စီးပွါးရေးကြောင့် မဟုတ်ပဲ သူမကိုလည်းကူညီရင်း၊ သူမအိမ်မှာ အပျင်းပြေ အားလူးဖုတ်ရ အောင် သဘောတူခဲ့ပါတယ်။ ကျမ တီဗီရောဂါရထားတာကြောင့် မေမေလည်း ကျမကို ချက်ပြုပ်ကျွေးမွေးဖို့ လိုက်လာပါတယ်။
ယခင်က ဆရာဝန်အိမ်ခန်းတွေမလုံလောက်လို့ ကျမနဲ့ ကျန်အပျိုဆရာဝန် ဒေါ်..ကို  သူနာပြု ဆောင် မှာပဲနေစေပါတယ်။ အခု မေမေနဲ့အတူ ဆေးရုံဝင်းထဲက ဆရာဝန်အခန်းရလို့ အဲ့ဒီ မှာ ပြောင်းနေ ခဲ့ပါ တယ်။ အဖေကလည်း တောင်ကြီး မြို့ရဲ့အအေးထဲမှာ ဘက်စ်ကားစောင့်ရင်း အအေးမိမှာ စိုးလို့ သူ့ကားနဲ့ဆင်တူ (ကျမ ကားတစ်ခုခုဖြစ်ရင် သူ ရန်ကုန်က ကားအပိုပစ္စည်း ပို့ပေးနိုင်အောင်လို့) morris minor ကားတစ်စီး ၀ယ် ပေးလိုက် ပါတယ်။ ညနေဆေးရုံကပြန်လာပြီး ရေမိုးချိုး၊ထမင်းစား သောက်ပြီး မေမေနဲ့နှစ်ယောက်သား၊ဒေါ်..ရဲ့ အိမ်ကို (ဆေးခန်းက အိမ်အောက်ထပ်မှာ ဖွင့် ထားပါတယ်) ထွက်ခဲ့ကြပါတယ်။
သွေးဘဏ်မှာဘာမှ ထူးထူးထွေထွေ လုပ်စရာမရှိပါဘူး။ အဲ့ဒီအချိန်က လျှပ်စစ်မီးကလည်း ၂၄ နာရီ မရတာကြောင့် ဆေးရုံမှာ ရှိတဲ့ generater နဲ့ လယ်တဲ့ သွေးသိမ်းတဲ့ အထူးရေခဲသေတ္တာ(အမြဲတန်း ၄ ဒီဂရီ စင်တီဂရိတ်ရှိအောင်လုပ်ထားသော) ထဲမှာ ခွဲစိပ်မဲ့ လူနာနဲ့ သွေးလိုအပ်တဲ့ ရောဂါသယ်တွေ အတွက် လာလှူထားတဲ့ လူနာရှင်တွေရဲ့သွေးတွေကို သာထားနိုင်ပါတယ်။
ကျမအနေနဲ့ သွေးလှူရှင်တွေ သွေးလှူဖို့ သွေးပေါင်ချိန် ပြည့်မပြည့်စမ်းသပ်ခြင်း၊ အခြားသော သွေးမှတစ်ဆင့်ကူးဆက်နိုင်တဲ့ ရောဂါများရှိမရှိမေးမြန်းစစ်ဆေးခြင်း၊ လောက်သာလုပ်ပေးရတဲ့ အတွက် နလံထ အနားယူရာဌာနဖြစ်ပါတယ်။
ကျွန်ဇာတာပါတယ် လို့ပြောရမလား ၊ ကျမက အားအား မနေတတ်ဘူး။ တစ်ခုခုလုပ်နေရမှ။ ဒေါ် ..ကို ငါ့ကို နင်တို့ လုပ်တဲ့ သွေးစစ်တာတွေပြပေးပါလား။ ငါတို့ ဆေးကျောင်းမှာ အခြေခံ သွေးစစ် တာတွေသင်ခဲ့ရတယ်ဆိုတော့ ဒေါ်...က အဆင်သင့်ပဲ။ အဆင့်၂ ကျောင်းသားတွေ သင်တန်းပြီးလို့ပြန်သွား ကြပြီ၊သူတို့ရဲ့ ဓါတ်ခွဲခန်းမှန်ဘီလူး (microscope) တွေတောင် မသိမ်းရသေးဘူး။ အမကို တစ်ခု ပေးထားမယ်။ အဲ့ဒါနဲ့ အမ လေ့လာ ပေါ့ဆိုပြီး၊ microscope ထည့်ထားတဲ့ သစ်သားဘူး တစ်ခုကို ဖွင့် လိုက်တော့ ဘူးထဲမှာ microscope မရှိပါဘူး။ microscope တစ်ခုချင်းကို ဘူးနဲ့ထဲ့ပြီး အပြင်ကဘူးကို သော့နဲ့ ပိတ်ထားပါတယ်။ ဒီဘူးက microscope ကိုယူသွားပြီး ပြန် သော့ပိတ်ထားလို့ အထဲမှာ ဘယ် အချိန်ထဲက microscope ပျောက်နေတယ်ဆိုတာ မသိပါဘူး။ ဒေါ်....လည်း တော်တော်စိတ်ပူ သွား ပါတယ်။ microscope အားလုံးကို သူမကိုယ်တိုင် လက်မှတ်ထိုး ထုတ်ထားတာမို့ သူမ တာဝန်ပါ။
ကျမတို့လည်းရောဂါဗေဒဆရာဝန်မကြီးကိုအကျိုးအကြောင်းတိုင်တန်းဖို့သွားတော့ ဆရာမကြီး အိမ်ပြန် သွားပြီ ဖြစ်တာကြောင့် နောက်နေ့မှပဲ ကျမနဲ့ အတူတူ ဆရာမကြီးကိုသွားရောက်တိုင်ကြား ကြ ပါတယ်။ အံ့သြစွာ ဆရာမကြီးရဲ့ မျက်နှာက တစ်မျိုးပဲ၊ စိတ်မ၀င်စားသလိုလို၊ တကယ်ကသူ့မှာလည်း တာဝန်ရှိပါတယ်။
အဲ့ဒီအချိန်က ပုဒ်မ ၆၁ (ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားမှု) နဲ့ လူတော်တော်များများထောင် ကျတာ ကြောင့် အလွန်ခေတ်စားနေတဲ့ ပုဒ်မ ဖြစ်ပါတယ်။ ကျမလည်း စိတ်မပူနဲ့ ငါစဉ်းစားလိုက်အုံးမယ်လို့ အား ပေးပါတယ်။ ကျမ စဉ်းစားမိတာက microscope အသုံးပြုတတ် သူက ဓါတ်ခွဲခန်းကျွမ်းကျင် သူတွေပဲ ရှိ တယ်။ အဲ့ဒီသုံးတတ်သူတွေထဲမှာ ဒေါ်....ကလွဲရင် ဘယ်သူမှ ဓါတ်ခွဲခန်းမဖွင့်ဘူး၊ ဖွင့်မယ်လို့ ရည်ရွယ်တဲ့သူလည်းမရှိဘူး။ မသုံးရင် ဘာအတွက်ခိုးတာလဲ၊ ရောင်းစားဖို့ပဲဖြစ်မယ်။ ရောင်းစားရင် တောင်ကြီး၊ ဈေးကြီး တစ်ခု ပဲရှိတယ်။ ဈေးမှာတောင် ဆေးခန်းတွေ၊ ဓါတ်ခွဲခန်းတွေနဲ့ အဆက်အသွယ်ရှိမဲ့ ဆေးရောင်း သူတွေပဲ ရှိတယ်လို့စဉ်းစားမိတာနဲ့ ကျမ ဆေးခန်း အတွက်ဆေး ၀ယ်နေကျ ကိုဟာရှင် ဆီ ပြေးရပါတယ်။(အဲ့ဒီအချိန်က အပြင်ဆေးခန်းတွေ ယိုးဒယားက မှောင်ခိုဝင်တဲ့ ဆေးကိုပဲ အသုံး ပြုရတာမို့ အတု မပါ စေ ရန် ဆေးရောင်းတဲ့သူကိုမိတ်ဖွဲ့ထားရပါတယ်)။ ကိုဟာရှင်ကို အကျိုးအကြောင်းပြောပြပြီး၊ ဆေးရုံက ပျောက်သွားတဲ့ microscope ပုံသဏ္ဍန်နဲ့ အမျိုးအစားပေးပြီး ၀ယ်ချင်လို့ စုံစမ်းတဲ့ အနေနဲ့ စုံစမ်း ခိုင်းပါတယ်။ ကံကောင်းချင်တော့ ကိုဟာရှင်က နောက်နေ့ မှာသတင်းလာပို့ပါတယ်။ သူတို့တောင်ကြီးဈေး ထဲက ဦး- ဆီမှာရှိကြောင်း ၀ယ်မယ်ဆိုရင်ပြ မယ်ဆိုတာ သိရတာနဲ့ နှစ်ယောက်သား ရောဂါဗေဒ ဆရာ ၀န် မကြီးရဲ့ အိမ်ကို အပြေးလေး သွားရောက်သတင်းပို့ကြပါတယ်။
ရောဂါဗေဒဆရာဝန်မကြီးက တောင်ကြီးရောက်တာကြာပါပြီး တောင်ကြီးစော်ဘွားသားနဲ့ အိမ် ထောင်ကျပြီးသားသမီးတွေတောင် ထွန်းကားနေပါပြီ။ ရောဂါဗေဒဆရာဝန်မကြီးရဲ့ အမျိုးသားလည်း ရဲအဖွဲ့နဲ့ ဈေးထဲက ဦး- ဆိုင်ကိုသွားရှာတော့ပျောက်နေတဲ့microscope ကို လက်ရဖမ်းမိပါတယ်။ ဆေးရုံက သန့်ရှင်းရေးအလုပ်သမား ဦးရခိုင်က ရောင်းဖို့ပေးထားတာလို့ ထွက်ဆိုပါတယ်။ ဦးရခိုင်ကို ဖမ်း တော့ သူ့ဖခင်ရခိုင်မှာအသဲအသန်နေမကောင်းနေကြောင်း သံကြိုးရတာကြောင့်အရေးပေါ်လိုက်သွားဖို့ စရိတ် လို လို့ ခိုးမိပါ တယ်လို့ အစစ်ခံပါတယ်။ ဒါပေမဲ့ ဦးရခိုင်အနေနဲ့ ဓါတ်ခွဲခန်းထဲမှာဘူးနဲ့သိမ်း ထားတဲ့ microscope ရှိတယ်ဆိုတာ၊ ရောင်းစားလို့ရတယ် ဆိုတာ၊ သော့ပိတ်ထားတဲ့ဘူးဖွင့်ဖို့ဆိုတာ မဖြစ်နိုင် ပါ ဘူး။ ဒါပေမဲ့ ဦးရခိုင်က သူ့ဘာသာ လုပ်တာပါလို့ ဖြောင့်ချက်ပေးပါတယ်။ ရောဂါဗေဒ ဆရာဝန်ကြီးကိုတွေ့ချင်ကြောင်းပြောပေမဲ့ ရောဂါဗေဒဆရာဝန်ကြီး လုံးဝသွား မတွေ့ပါဘူး။ ဦးရခိုင်ကို ရိုးသားလို့ ရောဂါဗေဒ ဆရာဝန်ကြီး က ဦးရခိုင်အားတဲ့အချိန် ဓါတ်ခွဲခန်းသန့်ရှင်းရေးလုပ်နိုင်အောင်လို့ သော့ အပို တစ်ချောင်း တောင် ပေးထားခဲ့တာတဲ့။ အခုလို ယုံကြည်မှု ကို အလွဲသုံးစား အလုပ်ခံရတာမို့ မတွေ့ချင် တော့လို့ သွားမတွေ့တာလို့ သိရပါတယ်။
          တကယ့်အဖြစ်က ဓါတ်ခွဲခန်းမှာ ဓါတ်ခွဲခန်းတက်နစ်ရှင် (technician) အဆင့်၁ လူပျိုသိုးကြီး တစ်ယောက်ရှိပါတယ်။ အသက်က ၄၀ ကျော်။ ဆွေမရှိမျိုးမရှိ တစ်ယောက်ထဲနေပါတယ်။ တခါတရံ ဓါတ်ခွဲခန်းကpressure cooker ထဲ ငါးတွေထဲ့ ပေါင်းစားလို့ ဓါတ်ခွဲခန်း တစ်ခုလုံးနံအောင် လုပ်တတ်ပါ တယ်။ ရောဂါဗေဒဆရာဝန်ကြီးက ဦးရခိုင်ကို ရိုးသားလို့ favour ပေးသလို လူပျိုသိုးကြီးကိုလည်း အသနား ပိုပြီး သူလုပ်တာတွေကို မသိချင်ရောင်ဆောင်နေပါတယ်။ လူပျိုသိုးကြီးက ကျမသူငယ်ချင်း ဒေါ်...ကို စိတ်ဝင်စားပါတယ်။ ဒေါ်...က အထိုက်အလျောက်ချမ်းသာတယ်။ ဆေးပညာ ၀ါသနာ ပါတယ်။ အသက် ၃၀ ၀န်းကျင် ကိုယ်နေ ဟန်ထားရော၊ ရုပ်ရည်ပါချောမော လှပ တယ်။ လူပျိုသိုးကြီးက အို တဲ့အပြင် ချစ်ခင်စရာ ဘာတစ်ကွက်မှမရှိဘူး။ အရက်ကလည်း သောက်တတ် သေးတယ်။ ဒီတော့ ဒေါ်.....စိတ်မ၀င်စားတာမဆန်းပါဘူး။ ဒါကို သူကမကြေနပ်ဘူး။ ဦးရခိုင် ငွေရေး ကြေးရေး ပြဿနာဖြစ်တော့ လူပျိုသိုးကြီးကို တိုင်ပင် တယ်။ အဲ့ဒီမှာ သူက ဒေါ်......ဒုက္ခရောက်မဲ့ အကြံ အစည်ကို ဦးရခိုင်ကိုပေးတယ်။ သူ ည ဂျူတီကျတဲ့ညမှာ Microscope ဘူးသော့ ကို ဖွင့်ပြီး ဦးရခိုင်ကို ဈေးမှာရောင်းဖို့ပေးလိုက်ပြီး၊ ရောဂါဗေဒ ဆရာဝန်ကြီးကို ဒေါ်......ခိုးပြီး သူမအိမ်မှာ ကျမနဲ့အတူဆေးခန်းနဲ့ ဓါတ်ခွဲ ခန်းဖွင့် ထားတယ်လို့ တိုင်းထားကြတယ်။ ဒါကြောင့်ကျမတို့ Microscope ပျောက်ကြောင်း သွားတိုင်တော့ ရောဂါဗေဒဆရာဝန်ကြီး မျက်နှာ တစ်မျိုးဖြစ်နေတာကိုး။ သူ့ရင်ထဲမှာတော့ နင်တို့ ဘာသာခိုးပြီး၊ ငါ့လာတိုင်တယ်ပေါ့။
    ဦးရခိုင်ကတော့ ထောင်ကျသွားပါတယ်။ လူပျိုသိုးကြီးကတော့ အရင်အတိုင်း ဓါတ်ခွဲခန်းမှာပါပဲ။ ဒါပေမဲ့ ရောဂါဗေဒဆရာဝန်ကြီးရဲ့ favour ပေးမှုမရတော့တာကြောင့် ငါးပေါင်းတာတွေတော့ မလုပ် တော့ ပါဘူး။ နောက်၂ နှစ်လောက်မှာ သူ့ဇာတိရှိရာ အညာကို အပြန် ရထားပေါ် ကပြုတ်ကျသေဆုံးခဲ့ပါတယ်။
သူများကိုဒုက္ခရောက်အောင်ကြံစည်ခဲ့လို့ သူဒုက္ခရောက်တာလား?
Wednesday, May 9, 2018
နောက်ဘ၀ကိုဘယ်လိုရောက်
ပါဠိ=အာယု။ မြန်မာ=အသက်။
အသက်ဆိုတာရုပ်ဇီဝိတနှင့်နာမ်ဇီဝိတကိုခေါ်တာဖြစ်တယ်။ နှစ်မျိုးလုံးဟာ ပရမတ်တရားများဖြစ်တယ်။ ဒါကြောင့်သဘောတရားသက်သက်မျှသာ။ အဆိုင်အခဲမဟုတ်၊ အကောင်လည်း မဟုတ်။ လိပ်ပြာလည်းမဟုတ်ပါ။ ၀ိညာဉ်လည်းမဟုတ်။ အတ္တလည်းမဟုတ်။ ငါလည်းမဟုတ်။
ရုပ်ခန္ဓာကြီးအသက်ရှင်နေတာ ရုပ်ဇီဝိတကြောင့်။ နာမ်တရားတွေ အသက်ရှင်နေတာ နာမ်ဇီ       ၀ိတကြောင့်။ သူတို့နှစ်ပါးချုပ်ရင်သေတာပဲ။ အသက်ကထွက်သွားတာ မဟုတ်ဘူး။ ထွက်စရာ မရှိဘူး။ အသက်က ပျက်သွားတာ။ ချုပ်သွားတာ။ ဟိုဘက်ဘ၀ ကူးစရာ ရုပ်နာမ် မရှိဘူး။ ကူးလို့မရဘူး။ ကူးတယ်လို့ထင်ရင်မှားတယ်။ သဿတဒိဋ္ဌိဖြစ်တယ်။
ိန္ဒူဘာသာက ဒီဘ၀က ရုပ်ကဒီဘက်မှာကျန်ခဲ့ပြီး အတ္တဆိုတဲ့ကိုယ်ထဲက အကောင်လေးက နောက်ဘ၀ကူးသွား တယ်လို့ ယူဆတယ်။ မဟာယာနရဲ့ လူဝင်စားနဲ့ တိဘက်တွေရဲ့  ဒါလီလားမား ၀င်စားတယ်ဆိုတာလည်း ဒီအဓိပ္ပါယ်ပဲ။
သူတို့တွေက မြင်နေရတဲ့ ရုပ်န္ဓာကြီးပျက်စီးသွားတာကို လက်မခံဖြစ်လို့လက်ခံပြီး၊ မမြင်ရတဲ့ နာမ်တရားကိုတော့ မပျက်စီးဘူး။ နောက်ဘ၀ကိုကူးတယ်လို့ ဘ၀ကိုနှစ်သက်တဲ့ (ဘ၀နိကံတိ) ဆိုတဲ့လောဘနဲ့ ကိုယ့်အကြိုက်အတိုင်းကိုယ်လိုရာယူဆကြ တာဖြစ်တယ်။
အသက် ကကူးသွားတာ မဟုတ်ဘူး။ ငါက ကူးသွားတာမဟုတ်ဘူး။ မရှိတာတွေ ဘယ်လိုကူးမလဲ။ ငါလည်း မရှိဘူး။ အတ္တလည်း မရှိဘူး။ လိပ်ပြာလည်းမရှိဘူး။ ၀ိညာဉ်လည်း မရှိဘူး။ ရှိတာပဲ ကူးလို့ရတယ်။ ရှိတာက ကံ တရားပဲ။ ကံတရားအရ ခန္ဓာအသစ်၊ဘ၀ အသစ် ဖြစ်ရတယ်။ ဒါမှမြတ်ဘုရားဟောတော်မူတဲ့ ကမ္မဿကတာသမ္မဒိဋ္ဌိဖြစ်တယ်။
သေရင်ဘာမှမဖြစ်တော့ဘူး။ အားလုံးပြီးပြတ်သွားပြီ။ ခုဘ၀ ခုလူ နောက်ဘ၀ နောက် လူ ဘာမှမဆိုင်တော့ဘူး လို့ယူဆရင်လည်း ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ ယခုခေတ် ပညာတတ်လို့ ဆိုတဲ့သူတွေကဒီအယူအဆရှိကြတယ်။
 ကမ္မဿကတာသမ္မဒိဋ္ဌိကို ဥပမာအနနဲ့ပြောရရင်။ မောင်လှဓါတ်ပုံရိုက် တယ်ဆိုရင်။ မောင်လှက ဓါတ်ပုံထဲ ရောက်သွားတာမဟုတ်ဘူး။ မောင်လှက သတ်သတ်၊ ဓါတ်ပုံက သတ်သတ်။ ထို့အတူပဲ ဒီဘ၀က ရုပ်တွေ နာမ်တွေက နောက်ဘ၀ကို ကူးသွားတာ မဟုတ်ဘူး။ ဒါပေမဲ့ မောင်လှကြောင့် သူ့နဲ့တူတဲ့ ဓါတ်ပုံဖြစ် သလိုပဲ ဒီဘ၀ကလုပ်ခဲ့တဲ့ ကံသတ္တိ တွေကြောင့် နောက်ဘ၀ရဲ့ ရုပ်နာမ်တွေ ဖြစ်တယ်။ ဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေလုပ်ရင်
ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ သုဂတိဘ၀ရဲ့ ရုပ်နာမ်ဖြစ်တယ်။ ဆိုလိုတာက သုဂတိဘုံမှာဖြစ်တယ်။
ဒါနတွေလုပ်ခဲ့ရင် လူချမ်းသာ၊နတ်ချမ်းသာဖြစ်တယ်။ ဈန်တရားတွေလုပ်ရင် ဗြဟ္မာဖြစ်တယ်။
ပထမဈန်ရရင် ပထမဈန်ဗြဟ္ခာဖြစ်တယ်။ ဒုတိယဈန်ရရင်ဒုတိယဗြဟ္ခာဖြစ်တယ်။ ကံသတ္တိက အဲ့ဒီလောက်အထိ တိကျမှန်ကန်တယ်။ ဒါကြောင့် ကမ္မဿကတာသမ္မဒိဋ္ဌိ အရဆိုရင် လူ့ဘ၀ ကသေပြီးလူပြန်ဖြစ်တယ်ဆိုရင် လူဝင်စား (incarnation) လို့ မပြောဘူး။ လူအဖြစ်ပြန်လည် မွေးဖွါးတယ် (rebirth) လို့ပြောတယ်။ ဒါပေမဲ့သူက အရင်ဘ၀ကိုပြန်သတိရတဲ့ ဇာတိဿရ ဉာဏ်ရှိတယ်။
ရုပ် ၂၈ ပါးထဲက ရုပ်ဇီဝိတက သူနဲ့အတူဖြစ်တဲ့ရုပ်တွေကိုဖြစ်တုန်း ဖြစ်ခိုက် စောင့် ရှောက်တယ်။ ဒါကြောင့် ဒီပုံပန်းမပျောက်ဘဲနဲ့ ဒီခန္ဓ ကိုယ်ကြီးတစ်သက်လုံး ဆက်ဖြစ်နေတာ။ ယောက်ျားကယောက်ျား   ပုံပန်း မပျောက်ဘဲ သေတဲ့တိုင်အောင် ဒီရုပ်ခန္ဓ ကြီးဆက်ဖြစ်နေတာ။ မိန်းမကလဲမိန်းမပုံပန်းမပျောက်ဘဲ သေတဲ့တိုင်အောင် ဒီရုပ်ခန္ဓာကြီး ဆက်ဖြစ် နေတာဇီဝိတရုပ်ကြောင့်။ ဥပမာ။ ခလေးမွေးပြီး အမေသေ သွားတယ်။ နို့ထိန်းနဲ့ကြီး ရတယ်။ ကံက သေသွားတဲ့အမေနဲ့တူတယ်။ ကံက ရုပ်ဖြစ် အောင်သာလုပ်တယ်။ ဖြစ်ပြီး တဲ့ ရုပ်ကို တည်တံ့အောင်ဇီဝိတကစောင့်ရှောက်တယ်။
နာမ်ဇီဝိတကလည်းနာမ်တရားတွေကို စောင့်ရှောက်တယ်။ နာမ်သက်တမ်းကသိပ် တိုတောင်း တာကြောင့်နာမ်အသက်ရဲ့သတ္တိကသိပ်မသိသာဘူး။ ဒါပေမဲ့ နာမ်ဇီဝိတရှိလို့ တိုတောင်းတဲ့နာမ်သက် ကလေးအတွင်းမှာဖြစ်လာတဲ့နာမ်တွေသူတို့ရဲ့လုပ်ငန်းတွေကိုဆောင်ရွက်နိုင်တာဖြစ်တယ်။ စက္ခုပသာဒရုပ် ဆိုတဲ့ (မျက်စိရုပ်) ရဲ့ဇီဝိတအသက်ရှိလို့ မြင်တာ။ စက္ခုဝိညာဏ (မြင်သိစိတ်) ရဲ့ ဇီဝိတအသက်ရှိလို့ အဆင်းလို့ သိတာ။ မြင်သိစိတ်နဲ့အတူပါတဲ့ သညာဆိုတဲ့ စေတသိတ်ကိုနာမ်ဇီဝိတ ကစောင့်ရှောက်ပေးလို့ မြင်ဖူးထားတာ တွေ မှတ် မိတာ။ ကျန်တဲ့ရုပ်တရားနာမ်တရား(စိတ်၊စေတသိတ်) တွေလည်းဒီအတိုင်းပဲ။
ကမ္မဿကတာသမ္မဒိဋ္ဌိဆိုတဲ့အမြင်မှန်၊အယူမှန်ရကြပါစေ။
ကျမ်းကိုး။
အရှင်သံဝရာလင်္ကာရ၊ဓမ္မပိယဆရာတော်၏နိဗ္ဗာန်သွားလမ်းမြတ်ပဋ္ဌာန်း။
ဝမ်းကိုက်ရောဂါ။
        မြန်မာတိုင်း ၀မ်းကိုက် ရောဂါခံစားဘူးကြမှာပါ။
ဝမ်းကိုက်ရောဂါ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက (Bacteria)ခေါ်တဲ့ ပိုးကြောင့်ဖြစ်ပြီး၊ ကျန်တစ်မျိုးက အမီးဘား(Amoeba)ခေါ်တဲ့ပိုးကြောင့် ဖြစ်တာပါ။ များသောအားဖြင့် ဒီနှစ်မျိုးကို ရောဂါလက္ခဏာနဲ့တင်အလွယ် တကူ ခွဲနိုင်ပါတယ်။ ဒါပေမဲ့...
           လူနာရဲ့ အူထဲမှာ အမီးဘားဝမ်းကိုက်ပိုးတွေများလာရင် အမီးဘားမျိုးဆက် ပြန့်ပွါးဖို့နောက် လူတစ်ယောက်ဆီ ကူးရအောင်၊ အမီးဘားဝမ်းကိုက်ပိုးတွေ လူနာရဲ့အူထဲက ထွက်ပါတယ်။ အဲ့ဒီအခါ၊ အပြင်လောကရဲ့ ရာသီဥတုဒဏ် ခံနိုင်အောင် သံချပ်ကာအကျီ င်္ နဲ့တူတဲ့ ဓါတ် တစ်မျိုးကို ထုတ်ပြီး သူ့ကိုယ်ကို ဖုံးအုပ်ပါတယ်။ပြီးမှ ၀မ်းနဲ့အတူ အပြင်ကို ထွက်ပါ တယ်။အဲ့ဒီလို သံချပ်ကာအကျီ င်္နဲ့အမီးဘားပိုးကို (Amoeba cyst) လို့ ခေါ်ပါတယ်။ စစ်ပုံက အပြင်လောကမှာ တော်တော်ကြာကြာနေနိုင်ပါ တယ်။ နောက်လူတစ်ယောက်ရဲ့ အစာအိမ်ထဲရောက်မှ အစာခြေအက်စစ်ဓါတ်နဲ့ သူ့ရဲ့ သံချပ်ကာအကျီ င်္ အရည်ပျော် သွားပြီး အထဲက ဗယ်ဂျီတေတစ်ပုံ (vegetative form) ထွက်လာပါတယ်။
   ဗယ်ဂျီတေတစ်ပုံ ကသာ အူနံရံကို ဖေါက်စားပြီး ရောဂါ အမျိုးမျိုးကို ဖြစ်စေတာပါ။ စစ်ပုံက ရောဂါပြန့် စေဖို့ပါ သူရှိနေတဲ့လူကို ရောဂါ မရစေပါဘူး။
ဆရာတော်သံဃာတော်တွေ အထူးသဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေမှာ စား၊၀တ်၊ နေရေး၊လုပ်နေရုံနဲ့ လူမဟုတ်သေးဘူး။ တိရစ္ဆာန်တွေ တောင် သူတို့ရဲ့ စား၊၀တ်၊နေရေး၊ အတွက် လုပ်ကြ တာပဲလို ဆိုဆုံးမလေ့ရှိပါတယ်။ စား၊၀တ်၊ နေရေး၊ တောင် မဟုတ် မျိုးဆက်ပြန့်ပွါး အောင် တောင်လုပ်နိုင် တာကို အမီးဘားပိုးက ကောင်းကောင်းပြနေပါတယ်။
    ဆေးသိပ္ပံမှာတော့ အမီးဘားလို ဆဲ (Cell) တစ်ခုထဲ ပါတဲ့ ပိုးတွေကိုအနိမ့်ဆုံး တိရစ္ဆာန်စာရင်း (Animal Kingdom) ထဲမှာထဲ့ထားပါတယ်။
        မဟာစည်ဆရာတော်ဘုရားကြီးကို ဒေါက်တာဦးမြင့်ဆွေက မေးလျောက်တဲ့ ရောဂါ ပိုးတွေဟာ သတ္တ၀ါထဲမှာ ပါ ပါသလား၊ဆရာဝန်များအနေနဲ့ ပိုးသတ်ဆေး လူနာကိုပေးတာ ပါဏာတိပါတကံ ထိုက် ပါသလားဆိုတဲ့မေးခွန်နဲ့ ပတ်သက်ပြီး ဆရာတော်ဘုရားကြီး ဖြေကြားတာက အမီးဘားလိုပိုးတွေဟာ  ကံအကြောင်းကြောင့်ဖြစ်တဲ့ သတ္တ၀ါမဟုတ်ဘဲ၊ ရောဂါစွဲမည့်ပုဂ္ဂိုလ်၏ အကုသိုလ်ကံ အကြောင်းအား လျော်စွာ ဥတုကြောင့်ဖြစ်ပေါ်သော ကမ္မပစ္စယ ဥတုဇရုပ် များသာလို့ ဖြေကြားတာ ဖတ်ရဘူးပါတယ်။
  ကျမရဲ့ဆရာဝန်သက်တမ်းမှာကြုံတွေ့ခဲ့တဲ့ အမီးဘားပိုးရဲ့ ထူးခြားတဲ့ရောဂါ လက္ခဏာသုံးမျိုးကိုဖေါ်ပြလိုက်ပါတယ်။
တော်ပါသေးရဲ့။
     ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ၊ကျောင်းသားများ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ဆေးရုံကြီးခွဲစိပ်ခန်း အပြင်မှာ စိတ်ပင်ပန်းစွာ စောင့်နေကြ ပါတယ်။ အကြောင်းကတော့၊ ခွဲစိပ်ဆရာဝန် ကြီး လည်းဖြစ်၊ ပရာဖက်ဆာလည်းဖြစ် တဲ့ဆရာကြီး ဦး....အသဲကင်ဆာ ဖြစ်လို့ ခွဲစိပ်ထုတ်ဖို့ ခွဲခန်းထဲမှာ ခွဲစိပ် ဆရာဝန်ကြီးတွေ အလုပ်ရှုပ်နေကြတယ်တဲ့။
     ဆရာကအသင်အပြ လည်းကောင်း၊စိတ်သဘောထားလည်း ပြည့်ဝလို့ ကျောင်းသူ ကျောင်းသားများရဲ့ အချစ်တော်ပါ၊ နောက်တစ်ချက်က ဆရာကလူပျိုကြီးပါ၊ ဒါကြောင့် ဆရာ အားမငယ်အောင်၊ဆရာ့မိသားစု  ကိုယ်စား အားပေးဖို့ စောင့်နေကြတာပါ။
           ဆရာက ကျန်းမာရေးကောင်းတဲ့သူပါ၊ တစ်နေ့ဗိုလ်ထဲက အောင့်လို့ မိတ်ဆွေ ဆေးကုသရေး အထူးကုဆရာဝန်ကြီးကို စမ်းသပ်ခိုင်းတော့ ဘာရောဂါ လက္ခဏာမှ မတွေ့ဘူး။ သာမန် ဗိုလ်အောင့် သက်သာဆေးတွေ စားပေမဲ့လည်း မသက်သာတာနဲ့ (General Medical check up) အထွေထွေ ဆေးစစ် စမ်းသပ်တော့ အသဲမှာ အလုပ်မလုပ်တဲ့ အလုံး (Cold mass) တွေ့တယ်တဲ့။ အလုပ် မလုပ်တဲ့အလုံး ဆိုတော့ ဆရာ့လို ၅၀ ကျော် ၆၀ ပတ်ဝန်ကျင် မှာတော့ ကင်ဆာလုံးဖြစ် ဖို့များပါတယ်။
      ဆရာ့ကျန်းမာရေးက ခွဲစိပ်တဲ့ဒဏ်ကို ခံနိုင်တယ်၊ တခြား ကင်ဆာပြန့်တဲ့ လက္ခဏာ တွေလဲ မရှိတော့ ခွဲစိပ်လို့ အချိန်မှီသေးတယ် ဆိုပြီး အလျှင်အမြန် ခွဲဖို့ စီစဉ်ကြ တာပါ။
      အသဲမှာ ဖြစ်တဲ့ ကင်ဆာက အလွန်ပြန့်လွယ်ပါတယ်။ များသောအားဖြင့် အသဲ ကင်ဆာ ဖြစ်တယ်လို့ သိတဲ့ အချိန်မှာ  ၉၀% က ခွဲထုတ်လို့ မရတော့ပါဘူး။ နောက်တစ်ချက်က အသဲက ဒီပြင့်အင်္ဂါနဲ့ မတူပါဘူး၊ အသဲရဲ့ ၇ ပုံ ၈ ပုံအထိ ခွဲထုတ်လို့ ရပါတယ်။
    တစ်နာရီလောက်ကြာတော့ ခွဲစိတ်ခန်းထဲ့က ဆရာဝန်တွေ ပြုံးရွှင်စွာ ထွက်လာကြ ပါတယ်။ကင်ဆာလုံး မဟုတ်ဘူးတဲ့။ အမီးဘားဝမ်းကိုက်ပိုး ကြောင့်ဖြစ်တဲ့ ပြည်လုံးတဲ့။ ၀မ်းကိုက်ပိုးရဲ့ပြည်က တခြားပြည်တွေလို အဖြူ(၀ါ) အ၀ါရောင်ပြစ်ပြစ် မဟုတ်ပါဘူး။ နိုင်ငံခြားကရေးတဲ့ ဆေးစာအုပ်တွေမှာတော့ သူတို့စားတဲ့ အစာနဲ့ နိုင်းပြထားပါတယ်။ မြန်မာအစာနဲ့ ထင်လွယ်မြင်လွယ်အောင် ပြောရမယ်ဆိုရင် ပုံရည်ကြီးနဲ့ တူပါ တယ်။ ညိုညို ပြစ်ပြစ်ပါ။
      (ပုံရည်ကြီး ကြိုက်တဲ့ သူတွေ Sorry နော်၊ ကျမလည်း ကြိုက်ပါတယ်၊ ရန်ကုန်အပြန်မှာ ၀ယ် လာရတဲ့ အစားအစာထဲမှာ သူကလည်း မပါမဖြစ်တဲ့ အစာတစ်ခုပါ)။
စိတ်ရောဂါတဲ့
           မေမေရဲ့ငယ်သူငယ်ချင်း ဖါးအံ့က ရန်ကုန်ရောက်နေလို့ ရန်ကုန်မှာနေတဲ့ သူ့သမီးနဲ့ အိမ်ကို လာလည်ကြပါတယ်။ သူငယ်ချင်းနှစ်ယောက် မတွေ့တာ နှစ်ပေါင်း ၃၀-၄၀ လောက်တောင် ရှိနေပြီ ဆိုတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ မေမေက ကျမတို့ကို သူ့ သူငယ်ချင်းနဲ့ မိတ်ဆက် ပေးပါ တယ်။ ကျမ ဆရာဝန်ဖြစ်တယ် ဆိုတာ သိတော့ မေမေ့သူငယ်ချင်းရဲ့ သမီးက သူရောဂါများလို့ ဆေးပင်စင်  ယူလိုက်ရကြောင်း။ နှလုံးရောဂါလဲရှိ၊ သားအိမ်လဲမကောင်းလို့ လာမဲ့အပတ်မှာ သားအိမ် ခွဲထုတ်ရမဲ့ အကြောင်း ပြောပါတယ်။ သူ့ကိုခွဲမဲ့ မီးရပ်နဲ့သားဖွါး ဆရာဝန်က ကျမရဲ့ သူငယ်ချင်း ဖြစ် နေတာနဲ့ သူ့ရောဂါ အခြေအနေ သိရအောင် သူငယ်ချင်း ဆီ ချက်ချင်းဖုန်းဆက် လိုက်ပါတယ်။
     ကံကောင်းချင်တော့ သူငယ်ချင်းနဲ့ တိုက်ရိုက်တွေ့ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းက နင့်အမျိုးက (ကျမက လွယ်လွယ်ကူကူ အမျိုးလို့ ပြောလိုက်လို့ပါ) ပြောရမှာတော့ အားနာ တယ်။ (Psycho စိတ်သမားတဲ့ ဆေးလောကမှာ အနာမရှိအနာရှာပြီး ရောဂါထူတဲ့သူ တွေကို ပေးထား တဲ့နံမည်ပါ)။ အခုလည်း လိုအပ်လို့ ခွဲတာမဟုတ်ဘူး။ သူက တကျည်ကျည်နဲ့ ဟိုကနာတယ်၊ ဒီကနာတယ် ဖြစ်နေလို့ စိတ်ကိုကုတဲ့သဘောနဲ့ ခွဲမှာတဲ့။
        ဖုန်းဆက်ပြီးတော့ကျမလဲ တော်တော်ဒေါကန်သွားတယ်။အလကား ဆရာဝန်တွေကို အလုပ် လာရှုပ် တယ်ပေါ့။ ဒါပေမဲ့ စမ်းသပ်ကြည့် လိုက်ပါအုံး မယ်လေ။ကျမသေသေချာချာ စမ်းသပ်ပြီး ရောဂါမရှိဘူး ဆို တာ ယုံကြည်အောင် ပြောနိုင်ရင်တော့ အလကား ခွဲစရာ မလို တော့ဘူးပေါ့။ သူ့မှာ နှလုံးရောဂါလဲရှိ တယ် ဆိုတော့ မလိုအပ်ပဲ ကျန်းမာရေး ပိုထိခိုက်မဲ့ မေ့ဆေးဒဏ်တို့၊ ခွဲစိပ်တဲ့ဒဏ်တို့ မခံရတော့ဘူးပေါ့။
        ဒါပေမဲ့ ကျမ စမ်းသပ်ကြည့်တော့ သူ တကယ်ပဲ နာနေတာ တွေ့လိုက်ရပါတယ်။သူ့ရဲ့ ညာဘက် ဗိုလ် နေရာ (အသဲနေရာ) က နာနေ တာကိုတွေ့လိုက်ရ ပါ တယ်။ ဒီနေရာကနာရင် ၀မ်းကိုက်ပိုးကြောင့် အသဲရောင်တာ ဖြစ်နိုင် ပါတယ်။ ဒါနဲ့ သူ့ကိုခွဲစိပ်ဖို့ ခဏရပ်ဆိုင်းထားဖို့နဲ့ ၀မ်း၃ ရက်ဆက်တိုက်စစ် ဖို့ပြော ပါတယ်။ တဆက်ထဲမှာပဲ ဓါတ်ခွဲခန်းက ကျမတပည့် (Technician) ကို ၀မ်းကို ကွန်စင်ထရေရှင်း (Concentration) လုပ်ပြီး၊ ၀မ်းကိုက်ပိုး ကို သေသေချာချာရှာဖို့ ဖုန်းဆက် ပြောလိုက်ပါတယ်။
 Concentration လုပ်တယ် ဆိုတာ ၀မ်းထဲမှာ ၀မ်းကိုက်ပိုးနည်းနေရင် တွေ့ဖို့ အခွင့် အရေး များအောင် လုပ်တဲ့နည်းပါ။ ပထမ ၀မ်းကို ဆားရည်မှာ ဖျော်ရပါတယ်၊ ၀မ်းထဲမှာ ပါတဲ့ အဖတ်တွေ ဖယ်၊ အရည်ကြည်ကို ယူပြီး၊ ၀မ်းကိုက်ပိုးတွေ အနယ်ထိုင်စေတဲ့ စက်ထဲမှာ ထဲ့ လှည့်ရပါတယ်။ ပြီးမှ ရလာတဲ့ အနယ်ကို မှန်ဘီးလူးအောက်မှာ ပိုးရှာရတာပါ။
      အခုလို နှစ်ရှည်လများ ရောဂါ ဖြစ်နေသူရဲ့ ၀မ်းမှာ ၀မ်းကိုက်ပိုး သိပ် မပါတော့ပါဘူး။ လောလောဆယ် ၀မ်းကိုက်တဲ့ လူနာရဲ့ ၀မ်းမှာတော့ ၀မ်းကိုက်ပိုးတွေ တော်တော်များများ ပါ လို့ Concentration လုပ်စရာ မလိုပါဘူး။
      သာမန်အားဖြင့် ၀မ်းစစ်တယ်ဆိုတာ ၀မ်းတစ်စက်ကို ဆားရည်ထဲမှာ ဖျော်ပြီးအဆ ၅၀၀-၁၀၀၀ ချဲ့ပြီး ကြည့်တာပါ။ ၀မ်းတိုင်းကို Concentration လုပ်မယ်ဆိုရင် ကျန်တဲ့ ဓါတ်ခွဲခန်း အလုပ်တွေ ပြီးမှာ မဟုတ်တော့ ပါဘူး။ တကယ်လို လို့ တောင်းရင်တော့ လုပ်ပေး ပါတယ်။  ထင်တဲ့အတိုင်း သူ့ဝမ်းမှာ ၀မ်း ကိုက်ပိုး စစ်ပုံ ကိုတွေ့ရပါတယ်။ “အနာသိ ဆေးရှိ ” ဆိုတဲ့အတိုင်း အမီးဘာဆေးနဲ့ (နှလုံးမှာ အပေါက် ဖြစ်တဲ့ ရောဂါကလွဲရင်) လုံးဝကောင်း သွားပါ တယ်။ Psycho စိတ်သမားလို့ အခေါ်ခံရတဲ့ ဘ၀ကလဲ ကျွတ်လွတ်သွားပါတယ်။ သူ့သားတွေ ရှိရာ စင်္ကပူကိုတောင် သွားလည် နေပြီတဲ့။
ကိုယ့်ရောဂါကိုကျွမ်းကျင်စွာကုသနိုင်မဲ့ဆရာဝန်ရွေးတတ်ပါစေ
          ကျမနောက်ဆုံးနှစ် ဆေးကျောင်းသူဘ၀၊ ညကြီးမင်းကြီး တံခါးလာခေါက်လို့ ဖွင့်ကြည့် လိုက်တော့။ မအူပင်မြို့က ဆွေနီးမျိုးစပ် မိသားစု ဖြစ်နေပါတယ်။ သူတို့ရဲ့တစ်ဦးတည်းသောသားလေး အရေးပေါ် ဆေးရုံတင်ရတဲ့အကြောင်း။ အခြေအနေမကောင်းလို့ ညတွင်းချင်းခွဲမယ် ဆိုတဲ့အကြောင်း။ လိုက်ကြည့် ပေးဖို့ အားကိုးတစ်ကြီးနဲ့ ပြောကြပါတယ်။ကျမလဲ ကမမ်းကတမ်း အ၀တ်အစားလဲပြီး လူနာတင်ထားရာ ဆေးရုံကြီးကို လိုက်ခဲ့ပါတယ်။
     အဆင်သင့်ချင်တော့ ခွဲမဲ့ဆရာဝန်ကြီးက အသင်အပြရော၊ ခွဲစိပ်တဲ့နေရာမှာရော အလွန် တော်တဲ့ ကျမရဲ့ဆရာ ပရောဖက်ဆာ ဖြစ်နေပါတယ်။ ဆရာ့ထံမှာ အမျိုးကို ခွဲစိတ်တဲ့ အခါ ခွဲခန်းထဲဝင်ကြည့်ခွင့် ပေးဖို့ တောင်ပန်ပြီး၊အပြင်က စောင့်နေတဲ့ မိသားစုကိုလည်း စိတ်မပူဖို့၊ မြန်မာပြည်မှာ အတော်ဆုံး ခွဲစိတ်ဆရာဝန်ကြီး ကိုယ်တိုင် ခွဲမှာဖြစ်ကြောင်း အားပေးပြီး၊ ခွဲစိတ်ခန်းထဲဝင်ခဲ့ပါတယ်။
      လူနာက အသက်၂၅ နှစ်သာ ရှိသေးတဲ့ လူရွယ်တစ်ယောက်ပါ၊လာမဲ့အပတ် မှာလည်း သိပ္ပံပညာဘွဲ့ ယူမဲ့ ခေတ်ပညာတတ် တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရောဂါအခြေအနေက သေရေး ရှင်ရေး မခွဲရင် ပြစ်လိုက်ရမှာမို့ ရလိုရငြား စွန့်ပြီးအရေးပေါ်ခွဲရတာပါ။
       ဗိုလ်ဖွင့်လိုက်တာနဲ့ ဗိုလ်ထဲမှာ မြင်မကောင်းရှုမကောင်း အူအနာတွေက ပေါက်ထွက် နေပါတယ်။ များလှတဲ့ အူပေါက်တွေကို ဘယ်လိုမှ ပိတ်လို့မဖြစ်နိုင် (အူအသားတွေ ရိနေပါ တယ်) တာနဲ့ အနာတွေ ရှိတဲ့ အူမကြီးတစ်ခုလုံးဖြတ်ထုတ်ပြီး၊ ကျန်တဲ့အူနှစ်စကို ပြန်ဆက်၊ ဗိုလ်နံရံ ဘေးမှာ ၀မ်းထွက်ဖို့ အပေါက် ဖေါက်၊ ညစ်ပတ်နေတဲ့ ဗိုလ်ကို သန့်ရှင်းရေး လုပ်ပြီး ဗိုလ်ပြန်ပိတ် လိုက်ပါတယ်။ ဆရာက ပြောပါတယ်၊ မင်းလူနာ ၄၈ နာရီကျော်ရင်တော့ ငါတို့ ခွဲတာ အောင်မြင်ပါလိမ့်မယ်တဲ့။ ဒါပေမဲ့ နောက်တစ်နေ့ ၂၄ နာရီ အတွင်းပဲ လူနာသေဆုံး သွားပါတယ်။
     လူနာ့အူတွေကို ဖေါက်ပြစ်တဲ့ တရားခံကတော့ အမီးဘာပိုးပါပဲ။ ဒီလောက် အခြေ အနေ ဆိုးတဲ့အထိ ဖြစ်ရအောင် ဘယ်ဆရာဝန်နဲ့မှ မပြ ဘူးလား ဆိုတော့။ ပြပါတယ်တဲ့ ရန်ကုန်ကနံမည်ကြီး ခွဲစိပ်ဆရာဝန် တစ်ဦးနဲ့ ပြသကြောင်း။ အဲ့ဒီဆရာဝန်ကြီးဆီမှာ ပြထား တဲ့စာအုပ်ကို ပေးပါတယ်။ အပြင်ကိုယ်ပိုင် ဆေးခန်းမှာ ပြထားတဲ့ စာအုပ်ငယ်လေးထဲမှာ။
      ခွဲစိပ်ဆရာဝန်ကြီးက သူ့လူနာ သွေးထွက်မထွက်ကိုပဲ ဂရုစိုက်ပြီး၊ အမီးဘားပိုးစစ်ပုံက သူ့ လူနာကို ဒုက္ခမပေးနိုင်ဘူးဆိုပြီး သိပ်အရေးမထားခဲ့ဟန် တူပါတယ်။ ဒါပေမဲ့ အမီးဘားပိုး စစ်ပုံ က အမီးဘား ပိုးဗယ်ဂျီတေတစ်ပုံက ဖြစ်လာတယ် ဆိုတာ မေ့သွားဟန်တူပါတယ်။
     နံမည်ကြီးဆရာဝန် တော်တော်များများဟာ လောဘရဲ့ သားကောင်တွေ ဖြစ်ကုန်ကြပြီး၊ လာသမျှ လူနာတွေအကုန် ကြည့်ကြပါတယ်။ ဒါပေမဲ့ လူဟာ စက်မဟုတ်ပါဘူး။၂၄ နာရီ ခိုင်း လို့ မရပါဘူး။ အထူးသဖြင့် အေးအေးဆေးဆေး လေးလေးနက်နက် စဉ်းစားရမဲ့ ဆေးကုသမှု မျိုးတွေမှာ အချိန်ပေး သင့်ပါတယ်။ နိုင်ငံခြားမှာသာဆိုရင် လူနာက တရားစွဲလို့ သူတစ်သက် လုံး ရှာထားတဲ့စီးပွါးတွေ ကုန်ရမှာပါ။
      တစ်ခါက နားနှခေါင်းအထူးကုဆရာဝန်ကြီးဦးသိန်းမောင်ကပြောဘူးပါတယ်။ အထူးကု (Specialist) ဆိုလို့ သိပ်အထင်မကြီးနဲ့တဲ့ အများကြီး မသိတော့ပဲ နည်းနည်းလေး သိသွား တာကို ပြောတာတဲ့။ ဟုတ်ပါတယ်။ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခု (၀ါ) ပညာရပ်တစ်ခုကို အသေးစိပ် သိသွားပေမဲ့ လူကိုယ် ခန္ဓာတစ်ခုလုံး (General) ကို သိတာတော့ နည်းသွားပါတယ်။ ဒါကြောင့်လူနာ အနေနဲ့ အထူးကုဆီ တန်းပြီး သွားမပြပဲ၊ပထမဦးဆုံး အထွေထွေ ရောဂါကု (Generalist) ကိုအ ရင်ပြသင့်ပါ တယ်။
     ခက်တာကမြန်မာနိုင်ငံမှာ မကြွားသင့်တဲ့ နေရာ တွေမှာ ကြွားကြပါတယ်။ ရောဂါဖြစ်ရင် ဘယ် နံမည်ကြီး၊ ဘယ်နိုင်ငံ ပြန်ဆရာဝန်ကြီးနဲ့ပြတဲ့အကြောင်း၊ ဘယ်နိုင်ငံက ဆေးကို နိုင်ငံခြားကမှာ သောက်ကြောင်းဆိုတာတွေကို ၀မ်းသာအားရ ဂုဏ်ယူပြောနေကြတာကို အံ့သြ စွာတွေ့ရတာပါပဲ။
ပြင်သစ်နိုင်ငံမှာ အရေပြားရောဂါ၊ မီးရပ်နဲ့သားဖွါးရောဂါ၊ မျက်စိရောဂါ၊ တွေက လွဲရင် မိမိပြနေကျ အထွေထွေရောဂါကု ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အထူးကု ဆရာဝန်တွေကိုပြမှ ဆေးကုသမှု ကုန်ကျစရိတ်ကို အစိုးရက ပြန်ပေးပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်သွားပြရင် မပေးပါဘူး။
       အဆထောင်ပေါင်းများစွာချဲ့ထားတဲ့အီးလက်ထရွန်မှန်ဘီးလူး(Electron microscope)အောက် မှာတွေ့ရတဲ့ရောဂါအမျိုးမျိုးဖြစ်စေတဲ့ အမီးဘာ ၀မ်းကိုက်ပိုး ဗယ်ဂျီတေတစ်ပုံ (Amoeba vegetative form)။
အဆတစ်ထောင်ချဲ့မှန်ဘီးလူး(microscope) အောက်မှာတွေ့ရတဲ့ လူတစ်ဦးမှ တစ်ဦး သို့ရောဂါကူးဆက်စေတဲ့အမီးဘာဝမ်းကိုက်ပိုး စစ်ပုံ (Amoeba cyst form) ။
          နောက်အရေးကြီးတဲ့ ၀မ်းစစ်ရခြင်း အကြောင်းကတော့ အစာအိမ်အနာက သွေးထွက်မထွက် သိအောင်လို့ပါ။  ဒီရောဂါမှာလည်း သွေးဟောင်းတွေ့ဖို့ အခွင့်အရေးပိုများအောင် ၃ ရက် ဆက်စစ်တာ ကောင်းပါတယ်။သွေးဟောင်းဆိုတာ အစာအိမ်ထဲကထွက်လာတဲ့ သွေးကို ဆိုလိုတာပါ။ အစာအိမ်ထဲမှာ အက်စစ်ရည်တွေရှိတာမို့ သွေးဟာ နဂိုအနီရောင် မဟုတ်တော့ ပါဘူး။ ညိုပုပ်ပုပ်ဖြစ်သွားပါပြီ၊ သွေးဟောင်း သိပ်များရင်တော့ ကပ်တရာစီး လိုမည်းပြီး စီးကပ် နေပါတယ်။ အစာအိမ်အနာရှိနေသူများ  ၀မ်းကို သတိထားကြည့်သင့်ပါတယ်။ ကိုယ့်ဝမ်းက ကပ်တရာစီးလို မည်းပြီး စီးကပ်နေတယ်ဆိုရင် ဆရာဝန် နဲ့ အမြန်ပြ သင့်ပါ တယ်။ (မှတ်ချက် သံဓါတ်ပါသော ဆေးများစားနေလျှင်လည်း ၀မ်းမည်းမည်း တွေ သွားပါတယ်)
        အက်စစ်မထိတဲ့နေရာတွေက သွေးထွက်တယ်ဆိုရင် သွေးအရောင်အတိုင်း နီပါတယ်။ ဥပမာ၊ အူမကသွေးထွက်တာ၊ လိပ်ခေါင်း ကသွေးထွက်တာမျိုး။
        ကိုယ့်ဝမ်းကို စွန့်ပြီးရင် ပြန်ကြည့်ပြီး အသုဘကိုယ် ဆိုတာ သတိသံဝေဂ ယူဖို့ မြတ် ဘုရားက သားရဟန်းတို့အား မိန့်မှာတော်မူ တယ်လို့ မှတ်သားဖူးပါတယ်။ ကိုယ့်မစင်ကို ပြန် ကြည့်ရင် လောကီရော၊ လောကုတ္တရာရော အကျိုးများတာမို့ ဘုရားသားတော်များ သာမက လူဝတ် ကြောင်တွေလဲကြည့်သင့်ပါ တယ်။
အသုဘ ဘာဝနာ (ရေအိမ်တက်) ရဋ္ဌပါလ။
မနေ့ကအစာ၊မနက်မှာ၊ဖျစ်ညှစ်ထွက်လို့လာ၊
အဆင်းလဲပျက်၊အနံ့ပျက်၊အားလုံးပျက်သည်သာ၊
အညစ် အစို့၊နံဟောင်သလို၊အန်ပျို့ချင်စရာ၊
လက်ဖျားနှင့်ပင်မထိချင်၊ထိလျှင်၊ဆေးကြောကာ၊
ရွှံစရာဖုံ၊တစ်ကိုယ်လုံး၊မစင်တုံးကြီးမှာ၊
အကောင်းမရှိ၊ဗလာအတိ၊နတ္ထိချစ်စရာ၊
ဓါတ် ရုပ်လေးပါး၊ခွါ ၍ထား၊အသားအရိုးလေးပုံပါ၊
လေးပုံတစ်စု၊ဖယ် ၍ရှု၊တစ်ခုမကျန်ပါ၊
ဘာမှမကျန်၊ရုပ်နှင့်နာမ်၊စွန့်ရန်သင့်သည်သာ။
ကျမ်းကိုး။
၁။မဟာစည်ဆရာတော်ဘုရားကြီးဖြေကြားတော်မူသောဘ၀ပြဿနာ။
၂။မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားတော်များ။
၃။ရဋ္ဌပါလ။
သေကံမရောက်သေလို့သက်မပျောက်တာလား ?
တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံအပြင်လူနာဌာနမှာ လက်ထောက်ဆရာဝန် အဖြစ်နဲ့ တာဝန်ထမ်း ဆောင်တာ သုံးလလောက်အကြာမှာ ချမ်းတုန်ပြီးဖျားပါတယ်။ ဖျားတာကလွဲရင် ဘာရောဂါ လက္ခဏာမှ မရှိတာမို့ ငှက်ဖျား ရောဂါလို့ ထင်ခဲ့ပါတယ်။ ငှက်ဖျားပိုး စစ်ဆေးပေးဖို့ ဓါတ်ခွဲခန်းကိုပို့လိုက်ပါတယ်။ ၃ ရက်ဆက်တိုက် စစ်ပေမဲ့လည်း ငှက်ဖျားပိုး မတွေ့ပါဘူး။ ဖျားနေတဲ့ အချိန်မှာယူတဲ့သွေးမှာလည်း မတွေ့ပါဘူး။ ဓါတ်ခွဲခန်းမှူး (medical technologist) ဒေါ်...က ကျမကိုယ်တိုင်သေချာကြည့်ပါတယ်၊ ပိုးမတွေ့ပါဘူးတဲ့။ ဒေါ်...က အလုပ် လုပ်တာ အလွန်သေချာစိစပ်ပါတယ်။ ငှက်ဖျားပိုးကို သူမ ရှာလို့မတွေ့ဘူးဆိုရင် ငှက်ဖျားရောဂါမဟုတ်တာသေချာပါတယ်။ ဒါနဲ့ ချမ်းတုန်ဖျား တတ်တဲ့ ဆီးပိုးဝင်တဲ့ ရောဂါ (urinary tract infection) များ ဖြစ်နေ မလားဆိုပြီး၊ ဆီးကို  ပိုးရှိမရှိ စစ်ဖို့ ဓါတ်ခွဲခန်း ပို့ရ ပြန် ပါတယ်။
ဆီးပိုးဝင်တဲ့ရောဂါက မသန့်တဲ့ရေကို သုံးမိရင်ဖြစ်နိုင်ပါတယ်။ အဲ့ဒီ အချိန်က  အပြင် လူနာဌာန (ရုံးဖွင့်ချိန်) အနေနဲ့ရော အရေးပေါ်ဌာန(ရုံးပိတ်ချိန်) အနေနဲ့ပါ အသုံးပြုတဲ့ နေရာမှာ အိမ်သာတစ်လုံးပဲ ရှိပါတယ်။ ဆေးဝန်ထမ်းတွေရော၊ လူနာတွေပါ အတူတူ သုံးရပါတယ်။ ရေကလည်း အမြဲမလာလို့ ပုံးတစ်ခု ထဲမှာထည့်ထားတဲ့ ရေကိုပဲ ခတ်သုံးရပါ တယ်။ ရောဂါရှိတဲ့ သူခတ်သုံးထားလို့ ရေထဲမှာပိုးတွေ ရောက် နေရင် နောက်သုံးတဲ့သူကို ကူးနိုင်ပါတယ်။ အထူးသဖြင့် တောင်ကြီးလို အေးတဲ့နေရာမှာ ပိုးတွေရေထဲမှာ ကြာကြာ ရှင်နေနိုင် ပါတယ်။ တစ်လလုံးလုံး အရေးပေါ် တာဝန်ယူရတဲ့ညတွေမှာ အဲ့ဒီရေအိမ်က ကျန်းမာရေးနဲ့ မညီတဲ့ရေကို သုံးခဲ့ရတာမို့ ဆီးပိုးဝင်တဲ့ရောဂါလည်း ဖြစ်နိုင်တယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ (၃)ရက် ဆက်တိုက် ပိုးမွေးခဲ့ပေမဲ့ ဘာပိုးမှမပေါက်ပါဘူး။ ဆိုလိုတာက ဆီးမှာ ဘာပိုးမှမရှိပါဘူး။ 
ဒါဆိုရင် တောင်ကြီးမြို့မှာ အဖြစ်များတဲ့ တိုက်ဖိုက်များဖြစ်မလားလို့၊ (တိုက်ဖိုက်ဖျားကာစမှာ၊ အထူးသဖြင့် ကျန်းမာရေးကောင်းတဲ့သူတွေမှာ ဖျားတာကလွဲရင် ဘာရောဂါ လက္ခဏာမှ မပြ တတ်ပါဘူး) ယူဆပြီး တိုက်ဖိုက်ဆေးတွေ စသောက်ရပါတော့တယ်။ တိုက်ဖိုက်ပိုးကို ကိုယ်ထဲမှာ ရှာလို့မတွေ့နိုင်ပါဘူး။ တိုက်ဖိုက်ပိုး ကိုယ်ထဲရောက်ဖူးတယ် ဆိုတာကို ပြောနိုင်တဲ့ အင်မူနိုဂလိုဘင် (immunoglobulins) ကို တော့ သွေးရည်ကြည်ထဲမှာ စစ်လို့ရပါတယ်။
ဒါပေမဲ့ မြန်မာပြည်မှာ လူတော်တော်များများရဲ့ ကိုယ်ထဲကို တိုက်ဖိုက်ပိုး တစ်ချိန်မဟုတ် တစ်ချိန်  ၀င်ခဲ့ တာ မို့ (တိုက်ဖိုက်ပိုးကိုယ်ထဲ ရောက်ပေမဲ့ ရောဂါမဖြစ်ခဲ့သူများ) တိုက်ဖိုက် အင်မူနိုဂလိုဘင်တွေ့ရုံနဲ့ တိုက်ဖိုက် ရောဂါလို့မပြောနိုင်ပါဘူး။ တိုက်ဖိုက်ရောဂါလို့ ပြောနိုင်အောင် တိုက်ဖိုက်အင်မူနိုဂလိုဘင်တွေကို တစ်ပတ်ခြားပြီး စစ်ရပါတယ်၊ ဒုတိယ စစ်တဲ့သွေးမှာရှိတဲ့ တိုက်ဖိုက်အင်မူနိုဂလိုဘင်တွေက ပထမစစ်တဲ့ သွေး ထက်အနည်းဆုံး လေးဆ ပိုများလာမှတိုက်ဖိုက် ရောဂါလို့ပြောနိုင်ပါတယ်။
ဟိုဟာစစ် ဒီဟာစစ်နဲ့ဖျားတာလဲ၊ နည်းနည်းကြာလာ၊ ဘာရောဂါမှန်းလည်း မသိသေးတာနဲ့       ဆိုးဝါးတဲ့ ရောဂါတွေ ဥပမာ ကင်ဆာများ ဖြစ်နေမလားလို့ တစ်ကိုယ်လုံး ကျန်းမာရေ စစ်ဆေးဖို့ ဆုံးဖြတ်ပြီး ရင်ပတ် ဓါတ်မှန် ရိုက်လိုက်တော့။ လုံးဝ မထင်ခဲ့တဲ့ အဆုတ်ထဲမှာ ရေ၀င်နေတာကိုတွေ့လိုက်ရပါတယ်။ များသော အားဖြင့် အဆုတ်ရေ၀င်ရင် ချောင်းဆိုး တာတို့၊ အသက်ရှုကျပ်တာတို့ ဖြစ်တတ်ပါတယ်။ ကျမမှာ အဲ့ဒီ လက္ခဏာတွေ လုံးဝမရှိပါဘူး။
အဆုတ်ရေ၀င်တယ် ဆိုတာတော့တွေ့ပါပြီး၊ နောက်သိဖို့လိုတာက ဘာကြောင့်ရေ၀င် ရတာလဲ။ အဲ့ဒါသိဖို့ အဆုတ်ထဲကအရည်ကို စုပ်ထုတ်ပြီးစစ်ဆေးရပါမယ်။ အဆုတ်က အရည်တွေထုတ်လိုက်တော့TB ကြောင့် အဆုတ်ရေ၀င်တာဖြစ်နေပါတော့တယ်။ တော်သေးတယ် ကင်ဆာမဟုတ်လို့။ 
အလုပ်မ၀င်ခင် ရင်ဘတ်ဓါတ်မှန်အပါအ၀င် ကျန်းမားရေးအတွက် (general medical chek-up) လုပ်ခဲ့ရတာမို့၊ စပ်စံထွန်းဆေးရုံ အပြင်လူနာဌာနမှာ ကူးဆက်ခံ ရတာ သေချာပါတယ်။ အပြင်လူနာဌာနမှာ လူနာတွေစမ်းသပ်နေတုံး၊ တစ်ချို့လူနာတွေ ချောင်းဆိုးလိုက်လို့ မျက်နှာ တည့်တည့်၊ တံတွေး စဉ် ပေါင်း လည်းမနည်းပါဘူး။ တစ်ချို့ လူနာများ ဆေးရုံရောက်မှ သလိပ်စစ်လိုက်တော့ သလိပ်ထဲမှာ TB ပိုးတွေ မြောက်မြား စွာရှိနေတာလည်းအခါခါပါ။
အဲ့ဒီအချိန်က TB ရောဂါဆိုရင် streptomycin တစ်နေ့တစ်လုံးထိုးရပြီ၊ PAS ခေါ်တဲ့ ကြွက်ချီးလိုဆေးနဲ့  isoniazid ဆေး ၃ မျိုး သောက်ရပါတယ်။ TB ရောဂါ ဆေးက နှစ်နဲ့ချီသောက်ရတာမို့ ရောဂပိုးတွေဆေးယဉ် (drug resistance) တတ်လို့ ဆေး  မျိုးတွဲသောက်ရတာပါ။ ဆေးထိုး ဆေး သောက်တာ တစ်လ လောက်ရောက်တော့ ကျမ ခေါင်းတွေမူးပြီး ခေါင်းထောင်လို့မရတော့ပါဘူး။ ကြက် လည်လိမ်ထားသလို ခေါင်းကြိုးကျနေပါတယ်။ ကျမငယ်စဉ်ကထဲက ပင်ဆံပင်အရှည်ထားပြီး နောက်မှာ ကျစ်ဆံမြီး တစ်ချောင်းတည်း ကျစ်လေ့ရှိပါတယ်။ ကျမအိပ်ရာထဲမှာပဲ လှဲနေရပါတယ်။ အိပ်ရာထဲမှာ လှဲ နေပေမဲ့ ခေါင်းလေးတဲ့ဝေဒနာကိုခံစားနေရတာနဲ့ အနားမှာရှိတဲ့ သူငယ်ချင်းကို ကပ်ကြီး ယူခိုင်းပြီး ကျမ ချစ်တဲ့ဆံပင်တွေကို ညှပ်ပစ်လိုက်ပါတယ်။ အဲ့ဒီအချိန်ကစပြီးယခုထက်တိုင် ကျမ ဆံပင်ကို အနောက်မှာ ချီထားလို့ မရတော့ပါဘူး။ မေ့ပြီးချီထားမိရင် ခေါင်းကိုက်လာ ပါတယ်။ ဒီလိုဖြစ်တာ streptomycin ရဲ့ ဘေးထွက်ဆိုးကျိုး (side effect) ကြောင့်ပါ။ ဒါကြောင့် streptomycin  ထိုးဆေးကိုရပ်လိုက်ရပါတယ်။ ထိုးဆေးရပ် လိုက်တော့ ဆေး ၂မျိုး သာရှိတော့လို့  isoniazid  အစား ပိုပျင်းတဲ့  rifampicin ဆေးကို ပြောင်းသောက်ရပါတယ်။ ဒီဆေးက ပေါ်ကာစမို့ တောင်ကြီးမှာ လူကြီးသောက် တဲ့ဆေးလုံး ၀ယ်မရ သေး တာနဲ့ ခလေးသောက်တဲ့ ဆေးရည်ကို သောက်ရပါတယ်။ rifampicin သောက်တာ တစ်ပတ်လောက် အကြာမှာတော့ ဆေးသောက်တိုင်း အံပါတော့တယ်။ အဲ့ဒါကလည်း rifampicin ရဲ့ဘေးထွက်ဆိုးကျိုးပါ။ ဘယ်လိုမှ သောက်လို့ မရတာကြောင့် PAS ဆေးပဲပြန်သောက်ပါတယ်။ ဒါပေမဲ့ ကျမကိုယ်က PAS  လည်း လက်မခံတော့ပါဘူး။ ပြန်အံထုတ်နေပါတယ်။ PAS ဆေးရဲ့ဘေးထွက်ဆိုးကျိုးကလည်း အံခြင်း ဖြစ်ပါ တယ်။ ဒါနဲ့ isoniazid ဆေး တစ်မျိုးပဲ သောက် နေရပါတယ်။ တောင်ကြီးက TB အထူးကုဆရာဝန်က နင်ကဆေးတွေ လက်မခံနိုင်တော့ ငါလည်းဘယ်လို ကုရမှန်း မသိဘူးတဲ့။ ဟုတ်ပါတယ်။ အားပျော့တဲ့ isoniazid ဆေးတစ်မျိုး တည်းသောက်ရင် ကိုယ်ထဲက ပိုးတွေ မကြာခင် ဆေးယဉ်သွားပါမယ်။
TB ရောဂါဆေး မပေါ်ခင်က TB ကြောင့် လူနာတွေ ကမ္ဘာနဲ့ အ၀ှမ်း သောက်သောက်လဲ  သေခဲ့ကြ ပါတယ်။ TB ရောဂါကကူးဆက်မြန်တဲ့အပြင် အသေလဲမြန်ပါတယ်။ ဆေးပညာမှာ TB ကြောင့် သေတာကို galloping consumption မြင်းပြေးသလိုသေတယ်လို့ ဥပမာပေးပါတယ်။ ကင်ဆာ မဟုတ်လို့ တော်သေး တယ် ဆိုပေမဲ့  TB ရောဂါ ဖြစ်ပြီး TB ဆေးမသုံးနိုင်ရင် ဘာထူးလဲ။ အသေတောင် ပိုမြန် ပါ အုံးမယ်။
rifampicin ဆေးအရှိန်နဲ့ အံတာကလည်းရှိ နေပါသေးတယ်။ အစာ မ၀င်တာရယ်၊ ရောဂါ ကြောင့် ရယ်၊ ကျမ သွေးအားနည်းလာပါတယ်။ ဒါနဲ့ အဆောင်မှာနေတဲ့ သူငယ်ချင်း သူနာပြု ဆရာမကို သွေး အား တိုးဆေး inferron drip သွင်းပေးဖို့ ပြောပါတယ်။ ဆရာမလေးလည်း inferron drip သွင်းဖို့ပြင်ဆင်ရင်း အမ inferron ထိုးဖူးလားလို့မေးပါတယ်။ ကျမလည်း မထိုးဖူးဘူး။ ဒါပေမဲ့ ငါဘယ်အားဆေးမဆိုတဲ့ပါတယ်။ penicillin တောင် တဲ့တယ်လို့ ပြောလိုက်ပါတယ်။ လူတော်တော်များများ penicillin ကို allergy ဖြစ်ပါ တယ်။ ဆေးမတဲ့ ဘူးဆိုတာ allergy ဖြစ်တာပါ။  ဆရာမလေးက အမ သေချာအောင် အစမ်းထိုး ရအောင် ပါဆိုတာနဲ့ အေးအေးလို့ပြောပြီ သူ inferron drip ထဲကဆေးရည်နဲနဲစုပ်ပြီး ကျမလက်မောင်းက သွေးကြော ထဲကို ထိုး ပေးပါတယ်။ ဆေးထိုးနေရင်း အားလူးဖုတ်နေလို့လား မသိ ဆေးနဲနဲပဲ ၀င်သွားပြီး ဆေးထိုးအပ် သွေးကြော အပြင်ကိုရောက်သွားပါတယ်။ ဆရာမလေးလည်း။ အမ ဆေးထပ်ထိုးရမလားဆိုတော့။ ကျမ က တော်ပြီး မထိုးနဲ့တော့ဆိုပြီ ရပ်ခိုင်းလိုက် ပါတယ်။ ခဏ နေတော့ ကျမကြောထဲကယားလာပါတယ်။ ကျမထင်တာ က အိပ်ရာမှာဂျပိုးရှိနေတယ်ပေါ့။ ဆရာမလေးကိုတောင် ဂျပိုးရှိတယ်ဟ။ ငါ့ကိုကိုက်တယ်လို့ပြောလိုက် ပါတယ်။ ၅ မိနစ်လောက်ကြာတော့ ကျမ အသက်ရှုရကျပ်လာပါတယ်။ ကျမသိပါပြီ။ ဂျပိုး ကိုက်တာ မဟုတ်ပါဘူး။ Inferron allergy ဖြစ်တာပါ။ ဆရာမလေးကိုလည်း shock မှာထိုးရမဲ့ ဆေး တွေ ကို ထိုးဖို့ပြော လိုက်ပါတယ်။ သူမလည်းမျက်လုံးမျက်ဆံပြုးသွားပါတယ်။ ဖြေဆေးတွေဖြစ်တဲ့ Burmeton, adrenalin တွေကို တင်ပါးထဲထိုးထဲ့ပါတယ်။ ကျမ စကားမပြောနိုင် တော့ပါဘူး။ ကျမရင်ပတ်ပေါ်မှာ ကျောက်တုံးကြီး တစ်တုံးနဲ့ ဖိနေသလိုမျိုးခံစားရပါတယ်။ အသက်ရှု လို့လဲမရပါဘူး။ မျက်စိလည်းမမြင် တော့ပါဘူး။ ဒါပေမဲ့ နားကတော့ အားလုံး ကြားနေပါတယ်။
အဆောင်မှာနေတဲ့ ဒေါက်တာဒေါ်နှင်းကိုသွားပြေးခေါ်တာကျမကြားနေပါတယ်။ ဒေါ်နှင်း ရုပ်ရှင် သွားကြည့်တယ်လို့ပြောနေသံတွေ၊ အခြားခန်းကဆရာမတွေ ရောက်လာပြီး ကျမ သွေးကြောတွေ ထဲကို နောက်ဆုံးအသက်ကယ်ဆေးဖြစ်တဲ့ corticosteroide ကို အကြောကနေထိုးသွင်းဖို့ကြိုးစားကြပေမဲ့ သွေးကြောထဲ အပ်မ ရောက်ဖြစ်နေ ပါတယ်။ shock ဖြစ်ရင် ခြေလက်တွေက သွေးတွေ ဆုတ်လာတာမို့ သွေးကြောရှာမရဖြစ်တတ်ပါတယ်။
ကျမလည်းသေကာနီးပြီဆိုတာသိလိုက်ပါတယ်။ အဲ့ဒီအချိန်မှာ အဖွါးပြောဖူးတဲ့ စကားသွား သတိရ ပါတယ်။ အဖွါးက သေခါနီးရင် ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု တွေပြန်စဉ်းစား ရတယ်တဲ့။ ကျမ စဉ်းစားတော့ ကျမမှာ ဘာကောင်းမှုမှမရှိပါဘူး။ မကောင်းမှုလဲ ဘာမှမရှိပါဘူး။ ကျမ တစ်သက်လုံး စာမေးပွဲကျမှာစိုးလို့ စာကုံးကျက်ခဲ့တာပဲရှိပါတယ်။ ဒါနဲ့ ကျမရတဲ့ သြကာသ ဘုရားရှစ်ခိုးကိုပဲ ဆိုနေပါတယ်။ ဘုရားရှစ်ခိုး နေ တုံးမှာပဲ။ ဒေါက်တာဒေါ်နှင်းရုပ်ရှင်လက်မှတ်မရလို့ အဆောင်ပြန်လာကြောင်း။ ကျမ အကြောင်း ကြားလို့ ကျမ အခန်းရောက်လာတာ ကျမကြားနေပါတယ်။ ဒေါက်တာဒေါ်နှင်းaရာက်လာပြီး အကြော ဆေး ထိုးဖို့ ဆရာမတွေဆီက အပ်ယူလိုက်တော့။ အပ်ထဲမှာ ဆို့ထားတဲ့ ဂွမ်းကိုမထုတ်ပဲဆေးထိုး နေကြ တာကြောင့် အသက်ကယ်ဆေး အကြောထဲ ထိုးမရဖြစ်နေတာပါ။ ကျမ အခန်းမှာ ဆေးထိုးအပ်တို့၊ အပ်ပြုပ်တဲ့ပစ္စည်းတွေမရှိပါဘူး။ အဲ့ဒီခေတ်က တစ်ခါသုံးဆေးထိုးအပ်တွေ မပေါ် သေးတာကြောင့်၊ ဆေးထိုးအပ်တွေကိုသုံးပြီးရင်ပြန်ပြုပ်ရပါတယ်။ shock ဖြစ်မယ်လို့ မထင်ထားတာကြောင့် အပ် အပို ယူမ ထားပါဘူး။ shock ဖြစ်တော့ ပိုးသတ်ထားတဲ့ အပ်အဖြစ် inferron drip မှာ လေ၀င်အောင်တပ်ထားတဲ့ အပ်ကိုယူထိုးကြတာပါ။ အဲ့ဒီအပ်မှာ ဆေးရည်တွေထွက်မကျအောင် ၀ါဂွမ်းထဲ့ထားပါတယ်။ ဆရာမတွေ ကြောက်ကြောက်လန့်လန့် နဲ့ ဆေးထိုးကြတော့ အပ်က ဂွမ်းထုတ်ဖို့မေ့သွားကြတာပါ။ ဒါတွေကတော့ လက်တွေ့ ဖြေးရှင်းလို့ရတဲ့ရုပ်ဝတ္ထုနဲ့ဆိုင်တဲ့အကြောင်းတွေပါ။
         ရှင်းပြလို့မရတဲ့စိတ်နဲ့ဆိုင်တဲ့အကြောင်းတွေရှိနေပါတယ်။ ဒေါ်နှင်းကဘာလို့ ကျမဘုရားစာဆိုမှ ပြန်ရောက်လာတာလဲ။ တောင်ကြီးမှာအဲ့ဒီအချိန်က လူဦးရေ သိပ် မများ သေးပါဘူး။ ရုပ်ရှင်ရုံပြည့်တယ်၊လျှံတယ်ဆိုတာတခါမှမကြားဖူးပါဘူး။ ကျမ သေကံမရောက်သေးလို့လား။ ဘုရားအာရုံပြုမိလို့ ကျမရဲ့ ကုန်တော့မယ် လူဖြစ်စေတဲ့ ကံကို ဆက်ပေး လိုက်တာလား။ သာမန်တိုက်ဆိုင်မှုလား။ မဟုတ်ဘူးလို့တော့ ကျမသိနေတယ်။ ဒါပေမဲ့ မသေချာဘူး။ သေချာအောင် လက်တွေ့  စမ်းမယ်လို့တော့ တေးထား လိုက် ပါ တယ်။ 
ဖြေဆေး သွေးထဲဝင်သွားတာနဲ့ ကျမရင်ပတ်ပေါ်ကကျောက်တုံးကြီးကိုတစ်ဖြည်းဖြည်း မ လိုက် သလို အသက်ရှုရတာပိုချောင်လာပါတယ်။ ကျမ အံလည်းအံ၊ ၀မ်းလည်းသွားပြီး အိပ်ပျော်သွားပါတယ်။ နောက်နေ့မနက်မှာတော့ ကျမ အကောင်းပတိဖြစ်နေပါပြီး။ ကျမရဲ့အမအကြီးဆုံး ကျမကို ရန်ကုန်ပြန် ခေါ် ဆေးကုဖို့ ရန်ကုန်က ရောက်မှာမို့ ဟဲဟိုးလေယဉ်ကွင်းကို ကျမသူငယ်ချင်းနဲ့ ဆင်းသွားပါတယ်။ အမကြီးနဲ့တွေ့တော့ အမကြီးက မနေ့ကငါဘာဖြစ်လဲမသိဘူး။ အောက်မျက်ခန်းတွေသိပ်လှုပ်တာပဲတဲ့။ ကျမက ကံကောင်းလို့ နို့မို့ဆို ငါ့အလောင်းနင်သယ်ပြန်ရမှာလို့ အစချီပြီး ဖြစ်ပျက်သမျှတွေပြောပြပါတယ်။ အမကြီး ရောက်ပြီးတစ်ပတ်အကြာမှာ ကျမတို့ညီအမ ရန်ကုန်ကိုဆေးကုဖို့ ဆေးခွင့်တစ်လယူပြီး ပြန် လာကြ ပါ တယ်။ လုပ်သက်ခွင့်မရှိသေးတာကြောင့် ဆေးခွင့်ယူရတာပါ။