လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, August 20, 2018

ပြင်သစ်အကြောင်း တစ်စေ့တစ်စောင်း။



ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရဲ့ နိုင်ငံတကာ ကျော်ကြားတဲ့ ပါစတာအင်စတင်ကျု့မှာ (Pasteur Institute) အလုပ်မ၀င်ခင် ရောဂါရှိမရှိနဲ့ ကျန်းမာကြောင်း စစ်ဆေးရပါတယ်။ ပြင်သစ်  မလာခင်က ပြင်သစ်စကားနဲ့ စာအနည်းငယ် သင်ခဲ့သော်လည်း ပြင်သစ်လို ပီသ အောင် မပြောနိုင်ပါဘူး။ ပြီးတော့ စာတွေက အင်္ဂလိပ်အက်ခရာတွေမို့ အင်္ဂလိပ်အသံထွက်ပဲ ထွက်ထွက်သွားပါတယ်။ များသော အားဖြင့် ပြင်သစ်နဲ့ အင်္ဂလိပ်ပြောင်းပြန်တွေဖြစ် နေပါ တယ်။ အယူအဆခြင်းပြောင်းပြန်ဖြစ်လို့ နှစ် ၁၀၀ တိတိ စစ်ဖြစ်ခဲ့တာလား၊ ဒါမှမဟုတ် နှစ်  ၁၀၀ စစ် ဖြစ်ခဲ့လို့ပဲပြောင်းပြန်တွေ လုပ်နေတာလားတော့ မသိပါဘူး။ အသက်အရွယ် ကြီးတဲ့ ၆၀ ကျော်ပိုင်း ပြင်သစ်တွေက အင်္ဂလိပ်ကို သိပ်မုန်းပါတယ်။ လမ်းမှာလမ်း မသိလို့ အင်္ဂလိပ်လိုမေးရင် ပြင်သစ်လိုသာပြန်ပြောပြီး အင်္ဂလိပ်လိုသိရဲ့နဲ့ မဖြေပါဘူး။ သူတို့ကို  ဖြေ စေချင်ရင် ပြင်သစ်လို မပြီကလာ ပြီကလာ၊  ထော့နဲ့၊ ထော့နဲ့ နဲ့မေးရင်တော့ စိတ်မ  ရှည်ပဲ အင်္ဂလိပ်လိုပြန် ဖြေပါ တယ်။ လူငယ်ပိုင်းကတော့ အိုကေ ပါတယ်။ ကျမ မိတ်ဆွေမြန်မာ အမျိုးသမီးနဲ့ အိမ်ထောင်ကျ တဲ့ ပြင်သစ် မြန်မာလင်မယားနဲ့ ကျမကားကြုံ လိုက်ဖူးပါတယ်။ ပြင်သစ်ယောကျာ်းက ကျမ သူတို့ ကားထဲရောက်တာနဲ့ ဒီကားထဲမှာ ပြင်သစ်လို ဒါမှမဟုတ် မြန်မာလိုပြောနိုင်တယ်တဲ့။ အင်္ဂလိပ်လို တော့မပြောရဘူးတဲ့။ အင်္ဂလိပ်စကားဟာ နိုင်ငံတကာသုံးစကား ဆိုတာကို မေ့ နေတာလား။ အသိအမှတ် မပြုချင် တာလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိမှာပါ။

ကျမ တိုင်းပြည်နံမည်ပြောတော့ မြန်မာ ဆိုတာ မသိကြပါဘူး။ ဗမာကို ပြင်သစ်လို   ဗမာနိ (Birmanie) လို့ပြင်သစ်လို ပြောပေမဲ့ အသံထွက် မပြီတာကြောင့် ဂျာမနီ (Germany) နဲ့မှားပါ တယ်။ နောက်ဆုံး စာရေးပြမှပဲ နိုင်ငံအမှန် ရပါ တော့တယ်။ ဒီကြားထဲ တစ်ယောက် က နင်တို့တိုင်းပြည်က ငယ်ငယ်လေး လားတဲ့။ ဆိုလိုတာက ကျမတို့ တိုင်းပြည်က သေးလွန်း လို့ သူတို့ မသိဘူးပေါ့။ ဘယ်က သေးရမှာလည်း ငါတို့နိုင်ငံက နင်တို့ ပြင်သစ်နိုင်ငံနဲ့ အင်္ဂလန် နိုင်ငံ၊ နှစ်နိုင်ငံပေါင်းစာ ရှိတယ်လို့ ၀င့်ဝင့်ကြွားကြွား ပြန်ပြောလိုက်ပါတယ်။ ဒါဆို နင်တို့ နိုင်ငံက ဘယ်နားမှာ လဲတဲ့။ Bangaladash, India, China, Lao နဲ့ Thailand တွေနဲ့ ၀ိုင်းရံ ထားတယ်ဆိုတော့မှ သြ သြ ဆိုပြီး နိုင်ငံကိစ္စ ပြီးသွား ပါတော့ တယ်။

နိုင်ငံ အကြောင်း ပြီးတော့ အိမ်ထောင်ရေး ခြေအနေမေးပါတယ်။ တစ်ခုလတ် လည်း မဟုတ်ဘူး၊ မုဆိုးမလည်း မဟုတ်ဘူး။ တစ်ခါမှ လက်မထပ် ဖူးဘူး ဆိုတော့။ ခလေးရှိလားတဲ့။

သြ ဘာတွေ လျောက်မေး နေတာလဲ။ ထရိုက် ချင်စရာ မေးခွန်းတွေ ပါပဲ။ နောက်မှ သိရ တာက ပြင်သစ်မှာ အိမ်ထောင်မရှိတဲ့ ခလေးအမေတွေ အများကြီးတဲ့။ အဲ့ဒီလို အမျိုး သမီးတွေကို အစိုးရက ထောက်ပံ့ကြေးပေးတာကြောင့် ယောက်ျားရှိပေမဲ၊့ ယောက်ျားမရှိဘူး ဆိုပြီး ထောက်ပံ့ကြေး ညာယူ ကြသူတွေ လည်းရှိတယ်တဲ့။ ပတ်ဝန်ကျင် ကလည်း ခလေးအ  ဖေ မပေါ်ပဲ ခလေးမွေးတာကို လက်ခံ တယ်တဲ့။ နံမည်ကြီး အမျိုးသမီးတွေ၊ အမျိုးသမီးဝန်ကြီးတွေတောင် ခလေးအဖေ မရှိပဲ ခလေးမွေးတယ်တဲ့။

          သြ အရှေ့နဲ့ အနောက်ဆိုတာ ဒီလိုကွာတာ လားလို့ တွေးနေ မိပါတော့ တယ်။ မြန်မာများ အဲ့ဒီဓလေ့ ဆိုးကြီးကို အတုမယူ မိကြပါစေ နဲ့လို့လဲ ဆုတောင်း မိပါတယ်။

ဆေးစစ်ပြီးတော့ ကြက်ညှာ ချောင်းဆိုး ကာကွယ်ဆေးနဲ့ ၀က်သက် ကာကွယ်ဆေးတွေ ထိုးမလာလို့ ဆိုပြီး အဲ့ဒီခလေးတွေမှာ ဖြစ်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးပါတယ်။ အဲ့ဒီ ရောဂါတွေက ကျမ ငယ်ငယ်က ဖြစ်ပြီးပြီးမို့ ကာကွယ်ဆေးထိုးဖို့မလိုပါဘူး။ ဒါပေမဲ့ ပြောနေရင် အဘိဓာန်တစ်အုပ်စာ လောက်ရှင်း နေရမှာမို့ အသားပဲ အနာခံ လိုက်ပါတော့တယ်။ သူတို့ နိုင်ငံမှာက အဲ့ဒီရောဂါတွေ မဖြစ်တော့လို့ အပြင်တိုင်းပြည်တွေက ရောဂါတွေ ၀င်လာမှာစိုးလို့ ကာကွယ် ဆေးထိုး မလာတဲ့ လူကြီး၊လူငယ်အားလုံးကို ကာကွယ်ဆေး ထိုးပါတယ်။

ဆေးစစ်ပြီးလို့ ပါစတာ ရောက်တော့ ကျမလုပ်မဲ့ ဌာနက အင်္ဂလိပ်လိုပြောတတ်တဲ့ လူရွယ် (အသက် ၂၅ ခန့်) ကစတင် နှုတ်ဆက်ပြီး ပြောလိုက်တာကတော့
“ငါ နင့်ကို နမ်းလို့ ရမလား တဲ့” Can I kiss you ?

မြတ်စွာဘုရား ဘာတွေ လာပြော နေတာလဲ။ ဘယ်လို လူတွေ ပါလိမ့်။ အလုပ် ဆက် လုပ်လို့မှ ဖြစ်ပါ့မလားလို့ တွေးရင်း ကမန်းကတန်း No No လို့ဖြေလိုက်ပါတယ်။

လူရွယ်လဲ ရှိုးတိုး ရှမ်းတန်း ဖြစ်ပြီး ထွက်သွား ပါတယ်။နောက်မှ သိရတာက ပြင်သစ် မှာ ပါးချင်းကပ်ပြီး နှုတ်ဆက်ကြတယ်တဲ့။ အဲ့ဒါကို ပြင်သစ်လို နှုတ်ဆက်အနမ်း (Biseau)ကို သူက အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန် လိုက်တာပါပဲ။ ဒါပေမဲ့ ကျမအတွက်တော့ကောင်း သွားပါတယ်။ ကျမကို (Pasteur) မှာဘယ်သူမှ ပြင်သစ်လိုနှုတ် မဆက်ကြတော့ပါဘူး။

ပါရီမြို့ မှာ ခင်မင်သူ တစ်ဦးနဲ့တစ်ဦး တွေ့ရင် တစ်ယောက်တစ်လှည့်ဆီ ပါးတစ်ဘက်  တစ်ချက်ဆီ အပြန်အလှန် နမ်းကြပါတယ်။ဒါကြောင့် ၄ ခါ ဖြစ်သွားပါတယ်။ တချို့နေ ရာတွေ မှာလေးခါဆီ ကပ်တာမို့ ရှစ်ခါတဲ့။ လူစုလူဝေး တစ်ခုဆီသွားရင် နောက်ရောက်တဲ့သူက အရင် ရောက်နေတဲ့သူ အားလုံးကို နှုတ်ဆက်ရပြီး။ အရင်ပြန်သူကလည်း ကျန်နေတဲ့သူ အားလုံးကို အနမ်းနဲ့ နှုတ်ဆက်ရပါတယ်။

သူတို့ရဲ့ ယဉ်ကျေးမှု ကြောင့် ကျမ တတ်နိုင်သမျှ ပြင်သစ်အိမ်တွေကို မသွားတော့ ပါဘူး။ ဒီကြားထဲ မြန်မာတွေကပါ အတုလိုက်ပြီး ပြင်သစ်လို နှုတ်ဆက်ကြပါ တယ်။ ဆွာတယ် ပဲပြောပြော မြန်မာအချင်းချင်း မြန်မာလိုပဲ နှုတ်ဆက်ပါ။ ကျမ မြန်မာပါလို့ မျက်နှာထား တင်းတင်းနဲ့ ပြောလိုက် ပါတယ်။

ရောမမြို့ ကိုရောက်ရင် ရောမ လိုကျင့် ဆိုတာ အတိုင်းအတာနှင့် လိုအပ်ချက် ဆိုတဲ့ မှတ်ကျောက်
(Criteria) တွေတော့ရှိရမယ်ထင်ပါတယ်။

ကျမ မှားပါသလားရှင် ?

Tuesday, August 14, 2018

ဓမ္မ န္တရာယ် ဆိုတာ။

ရှင်တော်မြတ်ဘုရားလေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီ စာဂ စရိယများကို ကြိုးစား အားထုတ်တော်မူပြီးမှရရှိတော်မူခဲ့သည့်သဗ္ဗညုတဉာဏ်တော်အစွမ်းဖြင့်သိမြင်ခဲ့သည့် ဓမ္မတရားများကို လေးဆယ့် ငါးဝါပတ်လုံး အနားမနေပဲ သတ္တ၀ါဝေနေယျတို့အား ၎င်းတို့ ၏စရိုက်၊ အကြိုက် အလိုက် ဟောပြတော်မူခဲ့သည့်အပြင်နောင်လာနောက်သားတို့အတွက်ရှင်ရဟန်းများမွေးထုတ်၍ သာသနာတော်ကို စနစ်တကျတည်ထောင်တော်မူခဲ့ပါသည်။ ရှင်တော်မြတ်ဘုရား၏ သာသနာတော်သည်အပြစ်ကင်း၍ သန့်ရှင်းဖြူစင်လှပါသည်။ ကျေးဇူးတော်ရှင်မြတ်ဘုရား၏ အမွေအဖြစ်ထားခဲ့သော ဓမ္မတရားများကို မပျောက် ပျက်အောင်၊တည်တံ့ပျံပွါးအောင်၊တရားအမှန် များကိုဟောပြောခြင်း၊ရေးသားခြင်း၊ပြသခြင်း၊ရှင်ရဟန်း များမွေးထုတ်ခြင်းများပြုလုပ်ရပါမည်။

        ဤသို့လုပ်ဆောင်ရာ၌ ပုဂ္ဂိုလ်ရေး မနာလိုဝန်တိုမှုများကြောင့်  တရားအမှန်များကို အန္တရာယ် မပြု သင့်ပါ။ အန္တရာယ်ပြုပါက ပြုသူမှာ ဓမ္မ န္တရာယ်သင့်ကာ မျက်မှောက်ဘေး၊မျက်မှောက်ရန်တွေ့ပြီး ဤဘ၀မှသေသော်အပါယ်လေးဘုံမှ အကုသိုလ်ကံကုန်၍ကျွတ်လွတ်လာကာ လူ့ဘ၀ရ သော်ငြား လည်း တရားမရ၊ဖြစ်တတ်ပါသည်။

မသိ၍ ဓမ္မ န္တရာယ်သင့်ခြင်း။

         မြတ်စွာဘုရားအလောင်းတော်သည် စိတ်ဖြင့်ဘုရားဖြစ်ရန် ၇ အသင်္ချေ၊နှတ်မှဖွင့်ဟဆုတောင်းတာ ၉ အသင်္ချေကြာခဲ့ပါတယ်။ ဘုရားအလောင်းတော်တို့ဖြေကျင့်ခဲ့သည်များကိုစိတ်မှကြည်ညိုသဒ္ဓါ တရား ဖြစ် လျှင်ပင်သံသရာဝဋ်ဆင်းရဲမှကျွတ်လွတ်စေနိုင်တယ်လို့ဟောတော်မူခဲ့ပါတယ်။ ဒါကြောင့် ကုသိုလ်ရေးနဲ့ ပတ်သက်ပြီးတိုင်ပင်လာတဲ့အခါ၊ဥပမာ ကိုရင်၊ ရဟန်း၊သီလရှင်၊၀တ်ချင်တာ၊ တရား အားထုတ်ချင် သည် များမှာ။
           မတူမတန် ရာရာစစ နင်ကစိတ်ကူးစိတ်သန်းနဲ့ သွားပြီးမကြံလိုက်ပါနဲ့ ဒီလိုအလုပ်မျိုး ဆိုတာ ပါရမီရှင်တွေမှဖြစ်တာ သာမန်လူတွေမဖြစ်ဘူး။ ဖြစ်လည်းဖြစ်နိုင်တာမဟုတ် ဘဲနဲ့ ကတုံးအဖတ်တင် နေမယ်၊ တော်တော်ကြာ ဟိုမရောက် ဒီမရောက်နဲ့ စသည်ဖြင့် ပြောကြား တားဆီးနှောက်ယှက်လိုက်ရင် ပုညန္တရာယ်၊ဓမ္မ န္တရာယ်သင့်ပါတယ်။ 

             တစ်ချို့ ဘုရားဆုပန်တာရှိပါတယ်။ နင်လိုလူက ဖြစ်မှာလား၊နင်ဘုရားဖြစ်ရင်နင့်ဆီမှာ ငါ တရားမနာဘူးလို့ပြောတတ်ပါတယ်။ ဘုရားဆုပန်ဖို့ရာမလွယ်ပါဘူး။ အဲ့ဒါမျိုးတားမြစ်တာလည်း
မလုပ် ကောင်းပါ ပုညန္တရာယ်၊ဓမ္မ န္တရာယ်သင့်ပါတယ်။ 

       တရားမှန်၊ဓမ္မမှန်များရေးသားထုတ်ဝေခြင်း၊ဟောပြောပို့ချခြင်းများအား တားဆီးခြင်း၊များသည် ပုညန္တရာယ်၊ဓမ္မ န္တရာယ်သင့်သလို မမှန်ကန်သောတရားများ၊ အဓမ္မများရေးသားထုတ်ဝေခြင်း၊ ဟောပြောပို့ချခြင်းများသည်လည်း ပုညန္တရာယ်၊ဓမ္မ န္တရာယ်သင့်ပါတယ်။ 

            ဒါနကုသိုလ်အရာမှာတားမြစ်ရင်ပုညန္တရာယ်၊လို့ခေါ်ပါ တယ်။ သီလ၊သမာဓိ၊ သမထ ကုသိုလ်၊  ၀ိပဿနာကုသိုလ်တွေကိုတားမြစ်ရင်ဓမ္မ န္တရာယ် လို့ခေါ်ပါတယ်။ 

               ကံတစ်ခုလုပ်ရင် အဲ့ဒီ ကံရဲ့အကျိုးက ၃ ပိုင်းအနေနဲ့အကျိုးပေးပါတယ်။ အကျိုးရင်း၊ အကျိုးဖျား၊အကျိုးဆက်လို့ခေါ်ပါတယ်။ ကုသိုလ်ရဲ့အကျိုးရင်းက လူ၊နတ် ဘ၀ရခြင်းဖြစ်ပြီး၊ အကုသိုလ်ရဲ့အကျိုးရင်းက ငရဲ၊အပါယ်ကျခြင်းဖြစ်ပါတယ်။

          ကုသိုလ်ရဲ့အကျိုးဖျားကသူဌေးသူကြွယ်ဖြစ်ခြင်းနဲ့ အကုသိုလ်ရဲ့အကျိုးဖျားက ဆင်းရဲ မွဲတေခြင်းတို့ဖြစ် ပါတယ်။

        ကုသိုလ်ရဲ့အကျိုးဆက်ကဖြစ်ရာဘ၀တွင် အများရဲ့ရိုသေလေးမြတ်ခြင်းခံရခြင်း၊ဖြစ်ပြီး အကုသိုလ်ရဲ့ အကျိုးဆက်ကနီးစပ်သူ၊တော်စပ်သူတွေပါဒုက္ခရောက်ခြင်း၊ဆင်းရဲခြင်းတို့ဖြစ်ပါတယ်။


ကျမ်းကိုး။

ဓမ္မဒူတအရှင်ပညာဇောတ၏ ဓမ္မ န္တရာယ်ကာကွယ်ရေးစာအုပ်။

ငှက်ဖျားရောဂါ။

ငှက်ဖျားပိုးရှိတဲ့ခြင် အကိုက်ခံရလို့ ငှက်ဖျားပိုးတွေ ကိုယ်ခန္ဓာထဲရောက်ပြီး၊ သွေးဥနီ (Red Blood Cell) ထဲမှာ ပိုးတွေ ပွါးများလာပြီး၊ သွေးဥနီများစွာ ပေါက်ကွဲတဲ့ အခါ သွေးဥနီ ထဲက အဆိပ်အတောက်တွေ ထွက်လာတာကြောင့် လူနာဟာ ဖျားခြင်း၊ ချမ်းတုန်ခြင်း ဆိုတဲ့ ငှက်ဖျားရောဂါ ဖြစ်ပါတယ်။

လူကိုငှက်ဖျားရောဂါဖြစ်စေတဲ့ငှက်ဖျားပိုးလေးမျိုးရှိပါတယ်။ အများဆုံးဖြစ်တဲ့ ငှက် ဖျားပိုးကတော့ နှစ်မျိုး ပါ။ ဖေါဆီပရမ် (Falciparum) နှင့် ဗိုက်ဗက်  (Vivax) လို့ခေါ်ပါတယ်။ ဒီငှက်ဖျားပိုး နှစ်မျိုးလုံး ရဲ့သက်တန်း က ၄၈ နာရီ ဖြစ်လို့ တစ်ရက်ခြားတစ်ခါ အဖျားတက်ပါ တယ်။ (ရက်ချန်ဖျားလို့ ပြောလေ့ရှိပါတယ်)။ ဒါပေမဲ့ တစ်ချို့လူတွေမှာ ရက်ခြားမဖျားပဲ နေ့စဉ် လဲဖျားနိုင်ပါတယ်။ ထူးခြားတဲ့ရောဂါလက္ခဏာကတော့ ချမ်းတုန်ဖျားခြင်း (ချမ်းတုန်ဖျားလို့လဲ ခေါ်ပါတယ်)၊ ဖျားပြီးချွေးတွေထွက်ပြီးတာနဲ့ လူကောင်းလိုဖြစ်တာပါ။

ငှက်ဖျားရောဂါပေါ်များရာဒေသများသို့ လယ်ပတ်ခဲ့တယ်ဆိုရင်၊ ငှက်ဖျားရောဂါ၊ ဖြစ်နိုင်တာကြောင့်၊ သွေးဖေါက်စစ်ဆေး ဖို့လိုအပ်ပါတယ်။ ငှက်ဖျားပိုးက ဖျားနေခိုက်မှာသာ သွေးထဲမှာ အများအပြားရှိတာမို့၊ ငှက်ဖျားပိုးတစ်ခါစစ်ရုံနဲ့မတွေ့ရင် ၃ ရက်ဆက်တိုက် စစ်သင့် ပါတယ်။ ငှက်ဖျားပိုးတွေ့မှ ငှက်ဖျား ရောဂါ ဆိုတာ သေချာပါတယ်။ ငှက်ဖျားပေါ်များရာ ဒေသမှာ၊ချမ်းတုန်ဖျားတိုင်း ငှက်ဖျားရောဂါ မဟုတ်ပါဘူး။ ဒါကြောင့် သွေးစစ်ဖို့ အလွန်အကြီး ပါတယ်။ ယခုအခါ ငှက်ဖျားပိုးစစ်စရာမလိုတဲ့သွေးစစ်နည်းတွေပေါ်ပေါက်လာလို့ရောဂါသိဖို့ပိုလွယ်လာပါတယ်။

ဖေါဆီပရမ်ပိုးတွေ သိပ်များလာရင် သွေးထဲကနေ ကိုယ်ခန္ဓာရဲ့အင်္ဂါတွေဆီ ရောက်သွားပြီး အဲ့ဒီအင်္ဂါတွေ ကို ဖျက်ဆီးပါတယ်။ ဥပမာ၊ ကျောက်ကပ်ထဲ ရောက်သွားရင် ကျောက်ကပ်ကို ဖျက်ဆီးတာမို့၊ ဆီးမှာ သွေး တွေပါလာပြီး၊ ကျောက်ကပ်ပျက်တဲ့ ရောဂါနှင့် သေစေနိုင်ပါတယ်။ ဥဏှောက်ကို ရောက်သွားရင်၊ အချိန်မှီ ဆေးကုသခွင့်မရရင် သေဆုံးနိုင် ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေမှာ ငှက်ဖျားပိုးကအချင်းကို သွား ရောက် ဖျက်ဆီးတာမို့ ခလေးပျက်နိုင်ပါတယ်။
 
  ဗိုက်ဗက်ငှက်ဖျားကတော့ ကိုယ်အင်္ဂါတွေမှာ ရောဂါမဖြစ်စေနိုင်ပါဘူး။ ဒါကြောင့်ဗိုက်ဗက်ငှက်ဖျားကြောင့် သေဆုံးမှုမရှိပါဘူး။ ဒါပေမဲ့ ဒီငှက်ဖျားပိုးဟာ အသဲထဲမှာ ပုန်းခိုနေ တတ်ပါတယ်။ ရိုးရိုးငှက်ဖျားဆေးတွေက သွေးထဲမှာရှိတဲ့ ငှက်ဖျားပိုးကိုသာ သတ်နိုင်ပါတယ်။ ဒါကြောင့် လူနာအနေနဲ့ငှက်ဖျားပိုးထပ်ကူးစရာမရှိဘူး (ငှက်ဖျား ပိုးမရှိရာ အရပ်တွင်နေထိုင် သူများ) ဆိုရင် ဗိုက်ဗက်ငှက်ဖျားပိုးမှန်း သွေး စစ်ချက်အရ သိ ရင် အသဲမှာရှိတဲ့ ဗိုက်ဗက် ငှက်ဖျားပိုးကိုသတ်တဲ့ ဆေးကိုပါသောက်ရပါတယ်။ မဟုတ်ရင် လူနာအားနည်း တဲ့အခါမျိုးမှာ အသဲထဲမှာ ပုန်းနေတဲ့ပိုးတွေ သွေးထဲကိုထွက်လာပြီး၊ ပွါးများလာ တာကြောင့် ငှက်ဖျား ရောဂါ မကြာခဏ ပြန်ဖြစ်တတ်ပါတယ်။

     ငှက်ဖျားပိုးတွေက သွေးဥနီတွေထဲမှာ ပေါက်ဖွါးရှင်သန်ကြပြီး သူတို့တွေအရွယ်ရောက်တဲ့အခါ သွေးဥနီတွေကိုဖေါက်ပြီး ထွက်လာတာကြောင့် ငှက်ဖျားရောဂါ တာရှည် ဖြစ်တဲ့ သူတွေမှာ သွေးဥနီ နည်းတဲ့ သွေးအားနည်းရောဂါ ဖြစ်ပါတယ်။

     သေဆုံးသွားတဲ့ သွေးဥနီတွေကို သရက်ရွက်နဲ့အသဲမှာ ရှင်းလင်းပြစ်တာမို့အသဲနဲ့ အထူးသဖြင့် သရက်ရွက်တွေ ကြီးလာပါတယ်။ လူကောင်းမှာ အသဲနဲ့ သရက်ရွက် တွေက နံရိုးတွေ အောက်မှာရှိတာမို့ စမ်းလို့မမိပါဘူး။ သူတို့ကြီးလာရင်သာ နံရိုးတွေရဲ့ အပြင် ကို ရောက်လာလို့ စမ်းမိတာပါ။ တကယ်တော့ သရက်ရွက်ဆိုတာ သွေးဥနီသင်္ချိုင်းလို့ပြောရပါမယ်၊ သေတဲ့သွေးဥနီတွေများလာလို့ သရက်ရွက်လဲကြီး လာရတာပါ၊ သရက်ရွက်နဲ့တင် မနိုင်တဲ့အခါ အသဲကပါ ၀ိုင်းကူရှင်းပေးရလို့ နောက်ပိုင်းမှာ အသဲပါ နဲနဲကြီး လာတတ်ပါတယ်။

     သရက်ရွက် သိပ်ကြီးရင် ဗိုလ်လေးတာမျိုး၊ ဗိုလ်အောင့်တာမျိုး ခံစားရတတ်ပါတယ်၊ဒီထက်ပိုအရေးကြီး  တာက နံရိုးတွေရဲ့ ကာကွယ်မှုမရတော့လို့ ဗိုလ်ကို ထိခိုက်မိတဲ့ အခါမျိုးမှာ ကြီးနေတဲ့ သရက်ရွက် ပေါက်ပြီး သေနိုင်ပါတယ်။

ငှက်ဖျားပိုးကို သယ်ဆောင်တဲ့ ခြင်ကို အနော်ဖလီ (Anophale) လို့ ခေါ်ပါတယ်။ သူက ရေကြည် ဥပမာ၊ ရေစီးနှေးတဲ့ စမ်းချောင်း တွေနားမှာ ပေါက်ဖွါးပါတယ်။ ခြင်ကောင်က သေးပြီး ကိုက်တာ ငြင်သာလို့ အကိုက်ခံရသူက အကိုက်ခံရ မှန်းတောင် မသိလိုက်ပါဘူး။ ဒါကြောင့် ငှက်ဖျားဖြစ်တဲ့ ရွာသူရွာသားတွေကို ငှက်ဖျားဘာကြောင့် ဖြစ်တာလဲ လို့မေးရင် ငှက်ပျော်သီး စားလို့ဖြစ်တာ၊ စမ်းရေ သောက်လို့ဖြစ်တာလို့ ပြောလေ့ရှိပါတယ်။ တကယ်က စမ်းရေသောက်နေစဉ် (၀ါ) စမ်းချောင်းနားမှာ ပေါက်လေ့ရှိတဲ့ငှက်ပျော်သီး ခူးစားစဉ် ခြင်ကိုက်ခံရပြီး ငှက်ဖျားပိုး ကိုယ်ထဲကို ရောက်သွားတာပါ။

    အနော်ဖလီခြင်က နေ၀င်ရီတရော အချိန်ကစပြီး ညဦးပိုင်းလောက်မှာ ကိုက်ပါတယ်။ ဒီခြင်က သိပ်မြင့်မြင့် မပျံနိုင်ပါဘူး။ ဒါကြောင့် တောင်ကြီးလို မြင့်တဲ့ တောင်ပေါ် တွေမှာ မရှိပါဘူး။ တောင်အောက်ရွာတွေမှာသာရှိပါတယ်။

ငှက်ဖျားလို ရောဂါမျိုးကို (Insect Borne Disease) ပိုးမွှားများမှတဆင့် ကူးဆက်တဲ့ ရောဂါလို့ခေါ်ပါတယ်။ ဒီရောဂါမျိုးမှာ ကြားခံပိုးမွှား (Insect) ရဲ့ တံတွေးအိပ်ထဲမှာ ငှက် ဖျားပိုး ကဖွံ့ဖြိုးရပါတယ်။ ဖွံ့ဖြိုးပြီး ငှက်ဖျား ပိုးရှိတဲ့ခြင် အကိုက်ခံရမှသာ လူ့ကိုယ်ထဲ ငှက်ဖျားပိုး တွေရောက်ပြီး ငှက်ဖျားရောဂါကူးစက် ပြန့်ပွါးပါတယ်။
  
စိတ်ဝင်စားစရာ အကြောင်းတစ်ခုက ကိုယ်ဝန်ရှိတဲ့ခြင်မကသာ သူ့ရင်သွေးတွေအတွက် လိုအပ်တဲ့သွေးကို စုပ်ရတာပါ။ ခြင်အထီးတွေက သွေးမစုပ်ပါဘူး။ သွေးစုပ်ထားတဲ့ ခြင်မဟာသူ့ကိုယ်ကြီး လေးနေလို့လှုပ်ရှား မှု မသွက်လက်တာကြောင့် ရိုက်လို့ လွယ်ပြီး၊ သွေးစုပ်ရင်းနဲ့ သေကြရတာပါ။


ဘုံစဉ်စံဘ၀ ရ ရပါလို၏။

နတ်ဘ၀ဆိုတာ လူ့ဘ၀နဲ့ ချမ်းသာခြင်းယှဉ်ရင်တော့ နတ်ချမ်းသာက ပင်လယ်လောက် ဆိုရင်လူ့ချမ်းသာက ပင်လယ်ရေတစ်စက်လောက်သာရှိတယ်လို့မြတ်ဘုရားဟောတော်မူပါတယ်။ နတ်ဘ၀မှာ -
၁။ ပဋိသန္ဓေနေခြင်းဆင်းရဲ ဆိုတဲ့ ဒုက္ခမရှိပါဘူး။ နတ်သမီးက အသက် ၁၆-၁၈ နှစ်အရွယ်၊ နတ်သားက အသက် ၂၀ အရွယ်၊ဘွားကနဲပေါ်လာတယ်တဲ့။ ဒါကြောင့် နတ်ပြည်မှာ သားဖွါး ခန်းတွေ၊ သားဖွါးဆေးရုံ    တွေ မရှိပါ။
၂။ အိုခြင်းဆင်းရဲ ဆိုတဲ့ ဒုက္ခမရှိပါဘူး။ နတ်သမီးက အသက် ၁၆-၁၈ နှစ်အရွယ်၊နတ်သားက အသက် ၂၀ အရွယ်၊သေတဲ့အထိရှိနေတယ်တဲ့။ အလှပြင်ဆိုင်တို့၊ plastic surgery တို့လုပ်စရာမလိုပါ။
၃။ နာခြင်းဆင်းရဲမရှိပါ။ ဒါကြောင့်နတ်ပြည်မှာဆေးရုံ၊ဆေးပေးခန်းမရှိပါ။
၎။ အလုပ်လုပ်စရာမလိုပါ။ ဒါကြောင့် အသက်မွေးဝမ်းကြောင်းပညာလည်းသင်ရန်မလိုပါ။
၅။ အ၀တ်လဲ စရာမလိုပါ။ ကံကြောင့်ဖြစ်သော နတ်ဝတ်တံဆာတွေက အမြဲ သစ်လွင် တောက်ပ နေပါတယ်။ သေခါနီး တစ်ပတ်လောက်မှာမှ အရောင်မှိန်လာပါတယ်။
၆။ အလေး၊အပေါ့လည်းသွားစရာမရှိပါ။ ဒါကြောင့် နတ်ပြည်မှာ အိမ်သာမရှိပါ။
၇။ နတ်သမီးများ ဓမ္မတာလာခြင်း၊ ကိုယ်ဝန်တောင်ခြင်း၊ ခလေးမွေးရခြင်း ဒုက္ခများ မရှိပါ။ သားသမီးဖြစ်မဲ့ နတ်သား၊နတ်သမီးက နတ်သမီးရဲ့ရင်ခွင်မှာ ပေါ်လာ တယ် တဲ့။
၈။ နတ်သမီး၊နတ်သားများ တူနှစ်ကိုယ်တွဲ၍ကာမဂုဏ်ခံစားနိုင်သည်တဲ့။ နတ်သားရဲ့ အလုပ်အကျွေးဖြစ်မဲ့ နတ်သမီးက နတ်သားရဲ့ အိပ်ခန်းမှာပေါ်တယ်တဲ့။ အိမ်ဖေါ်ဖြစ်မဲ့ နတ်သားနတ်သမီးတွေက နတ်နန်းထဲ   မှာ ပေါ်လာတယ်တဲ့။
၉။ အစားအနေနဲ့ နတ်သုဒ္ဓါလို့ခေါ်တဲ့ အလွန်မွှေးကြိုင်ပြီး၊ အကြော်ပေါင်း တစ်ထောင်အထိ ဆိမ့်ဝင်သွား တဲ့အရသာရှိတဲ့ အစာကို တောင်းတ လိုက်ရင် ပေါ်လာတယ်တဲ့။ တစ်ခါစားရင် တစ်ပတ်ခံတယ်။ နတ်တွေ အပျော်လွန်ပြီး နတ်သုဒ္ဓါမစားမိလို့ရှိရင် သေတယ်တဲ့။
၁၀။ ကျန်တဲ့ နတ်သေစေတဲ့ အကြောင်းတစ်ခုက ဒေါသဖြစ်ရင် နတ်သေတယ်။ နတ်တွေရဲ့ ရုပ်ကိုယ်ကြီးက အလွန်နုညံ့တယ် ဒါကြောင့် ဒေါသဆိုတဲ့ ပူတဲ့ဓါတ်ကိုမခံနိုင်ဘူး။ နတ်တွေရဲ့ ရုပ်ကနုညံ့လို လူ့မျက်စေ့နဲ့ မမြင်နိုင်ဘူး။ ဥပမာ။ လေ ကိုမမြင်ရသလိုပါပဲ။
၁၁။ နတ်များရေချိုးရန်၊ အိပ်ရန်မလို၊ ညောင်းညာခြင်းမရှိ။ ချွေးထွက်ခြင်းမရှိ။
၁၂။ သေလျှင်အလောင်းမကျန်။ အငွေ့ဖြစ်သွားသည်။ ထိုကြောင့် သင်္ဂြိုဟ်ရန်မလို၊ သင်္ချိုင်းမရှိ။
၁၃။ အလင်းရောင်အတွက် နေရောင်၊လ ရောင်၊ လျှပ်စစ်မီးလဲ မလို လို့ မီးပျက်မှာလဲပူစရာမလို။ နတ်တွေက မိမိကိုယ်မှထွက်သော ကိုယ်ရောင်ကိုယ်ဝါနှင့်နေသည်။
၁၄။ နတ်ဘ၀ ဆိုတာ လူ့ပြည်ကပြုခဲ့တဲ့ ကုသိုလ်အကျိုးတွေ ခံစားနေတဲ့ ဘ၀ ပါပဲ။ ဥပမာ အားဖြင့် တစ်နှစ်အလုပ်လုပ်ပြီး ဆုထားတဲ့ ငွေနဲ့ အပန်းဖြေအနားယူသလိုပါပဲ။ ပိုက်ဆံကုန်ရင် အလုပ်ပြန် လုပ်ရ သလို၊ ကုသိုလ်ကံ ကုန်ရင် နတ်ဘ၀က ပြန်ရတာပဲ။
၁၅။ နတ်တွေရဲ့ အချိန်နဲ့ လူ့ပြည်အချိန်နှိုင်းမယ်ဆိုရင်။ အနိမ့်ဆုံးက အမြင့်ဆုံးနတ်ဘုံ အထိ နှစ်ဆ စီတက်သွားတယ်။ နတ်သက်တမ်းက လေးဆ စီတက်သွားသည်။ အပေါ်တက်လေ အချိန် ကြာလေ ဆိုတာကို လကမ္ဘာပေါ်သွားသူများကသက်သေပြနေသည်။ လကမ္ဘာပေါ်က တစ်နေ့သည် ကမ္ဘာမြေကြီးပေါ်က တစ်လ နှင့်ညီသည်ဟု သိပ္ပံပညာရှင်များ လက်ခံထား သည်။

            လူ့ပြည်မှ နတ်ပြည် ၆ထပ်အထိ၊ တစ်ခုနှစ်တစ်ခု ယူဇနာပေါင်း ၄၂၀၀၀ ကွာသည်။ တစ်ယူဇနာ ပျမ်းမျှခြင်း ၁၀ မိုင်နှင့်တွက်လျှင် မိုင်ပေါင်း ၄၂၀.၀၀၀ တွင် အောက်ဆုံးနတ်ပြည် ရှိသည်။ ဤအတိုင်း နတ်ပြည်တစ်ခုနှင့်တစ်ခုလည်း မိုင်ပေါင်း ၄၂၀.၀၀၀ ကွာသွားသည်။ နတ်ပြည် ၆ ထပ် အပေါ်၌ ဗြဟ္မပြည် ၂၀ ရှိသည်။

            နတ်ပြည်အပေါ်ဆုံးမှ အောက်ဆုံး ပထမဈာန်ဗြဟ္မပြည် (၃ ဘုံ တစ်တန်းထဲရှိသည်) သည် ယူဇနာ ၅၅၈၀၀၀ ရှိသည်။ ထိုကြောင့် မိုင်ပေါင်း ၅၅၈၀.၀၀၀ ဖြစ်သည်။ ဗြဟ္မပြည် ဒုတိယဈာန်ဘုံ  (၃ ဘုံ) သည် ပထမဈာန်ဗြဟ္မပြည်မှ ယူဇနာ ၅၅၈၀၀၀ အမြင့်တွင် ရှိသည်။ တတိယဈာန် ဘုံ ၃ ဘုံသည် ဒုတိယဈာန်ဘုံ၏ ယူဇနာ ၅၅၈၀၀၀ အကွာတွင်ရှိသည်။ စတုတ္ထဈာန်ဘုံတွင် (၇ ဘုံရှိသည်) သည်၊ တတိယဈာန် ဘုံ ၏ ယူဇနာ ၅၅၈၀၀၀ အမြင့်တွင် ရှိပြီး၊ ပဉ္ဇမဈာန်ဘုံ ၄ ဘုံသည် စတုတ္ထဈာန်ဘုံ၏ ယူဇနာ ၅၅၈၀၀၀ အမြင့်တွင် ရှိသည်။ထိုကြောင့် လူ့ပြည်နှင့် အထက်ဆုံး ဗြဟ္မာ့ ဘုံသည် ယူဇနာပေါင်း ၂၂.၂၈၄.၀၀၀ ကွာသည်။

လူ့ပြည် နှစ်  ၅၀ = စတုမဟာရာဇ် နတ်ပြည် တစ်ရက်။
လူ့ပြည် နှစ်  ၁၀၀ = တာဝတိံသာ နတ်ပြည် တစ်ရက်။
လူ့ပြည် နှစ်  ၂၀၀ = ယာမာ နတ်ပြည် တစ်ရက်။
လူ့ပြည် နှစ်  ၄၀၀ = တုသိတာ နတ်ပြည် တစ်ရက်။
လူ့ပြည် နှစ်  ၈၀၀ = နိမ္မာနရတိ နတ်ပြည် တစ်ရက်။
လူ့ပြည် နှစ် ၁၆၀၀ = ပရနိမ္မိတ၀ိသ၀တ္တီ နတ်ပြည် တစ်ရက်။

   နတ်ပြည်                        နတ်တွက်ကိန်းအသက်              လူ့တွက်ကိန်းအသက်
၁။ စတုမဟာရာဇ်                 နှစ် ၅၀၀။                             နှစ် ၉.၀၀၀.၀၀၀။
၂။ တာဝတိံသာ                     ၁၀၀၀။                                 ၃၆.၀၀၀.၀၀၀။              
၃။ ယာမာ                              ၂၀၀၀။                              ၁၄၄.၀၀၀.၀၀၀။
၎။ တုသိတာ                           ၄၀၀၀။                             ၅၇၆.၀၀၀.၀၀၀။
၅။ နိမ္မာနရတိ                         ၈၀၀၀။                           ၂၃၀၄.၀၀၀.၀၀၀။
၆။ ပရနိမ္မိတ၀ိသ၀တ္တီ               ၁၆၀၀၀။                          ၉၂၁၆.၀၀၀.၀၀၀။

နတ်သေခြင်းအကြောင်း (၄) ပါး။
၁။ ကံကုန်ခြင်း။
၂။ နတ်သက်တမ်းကုန်ခြင်း။
၃။ နတ်သုဒ္ဓါစားရန်မေ့ခြင်း။
၎။ ဒေါသဖြစ်ခြင်း။

ဒီပဲရင်းဆရာတော်
ပျော်လွန်ခြင်း၊ဒေါသပြင်း၊
ချက်ချင်းသေသည့်၊စတုဝတိံသာ၊
ပျော်လွန်သေဆုံး၊ခြောက်ထပ်လုံး၊
ပေါင်းရုံးတစ်နည်းလာ။

နတ်များစုတေကာနီးတွင် လူ့ပြည်ရက်နှင့် (ရက်တွင် ပုဗ္ဗနိမိတ် (ပါးထင်သည်။
၁။ ပန်ဆင်ထားသောနတ်ပန်းများညှိုးခြင်း။
၂။ နတ်ဝတ်တန်ဆာများညစ်နွမ်းခြင်း။
၃။ လက်ကတီးကြား (ချိုင်းကြား) မှ ချွေးထွက်ခြင်း။
၎။ အိုရုပ်များပေါ်လာခြင်း၊ ကိုယ်ရောင်ကိုယ်ဝါမှိန်ခြင်း။
၅။ နတ်ပြည်တွင်မပျော်ဘဲ၊ပျင်းလာခြင်း။

နတ်ဘ၀ဟာ ကိလေသာထူပြောတဲ့ ပုထုဇဉ် တွေအတွက်အလွန်လိုချင်တဲ့ ဘ၀ပါပဲ။ ဒါပေမဲ့
မြတ်ဘုရားက နတ်ဘ၀ဟာ အကောင်းဆုံး လို့မဟောခဲ့ပါဘူး။ ဘာဖြစ်လို့ပါလဲ ? ဒါန၊သီလ၊ဘာဝနာ စတဲ့ကုသိုလ်တွေကိုလူ့ဘ၀မှာလို စုဆောင်းလို့မရလို့ပါပဲ။
နတ်ဘုံမှာ -
၁။ ဒါန လုပ်လို့မရပါဘူး။ နတ်စည်းစိမ်တွေဟာ ကုသိုလ်ကံအရဖြစ်လာတာပါ။ ပေးလို့မရပါဘူး။
၂။ သီလကုသိုလ်ကိုကြည့်မယ်ဆိုရင် -
(၁) သူတစ်ပါးအသက်ကိုသတ်ခြင်းမှရှောင်ခြင်း။ နတ်တွေဟာ သူတစ်ပါးသတ်လို့မသေပါဘူး။
(၂) သူတစ်ပါးဥစ္စာခိုးခြင်းမှရှောင်ခြင်း။ နတ်စည်းစိမ်တွေဟာ ကုသိုလ်ကံအရဖြစ်လာတာပါ။ ခိုးလို့မရပါဘူး။
(၃) သူတစ်ပါးသားမယားကိုပြစ်မှားခြင်းမှရှောင်ခြင်း။ သူတစ်ပါးသားမယားလည်း ပြစ်မှား လို့မရပါဘူး။
(၄) မုသာဝါဒဆိုတာက သူတစ်ပါး အကျိုးစီးပွားကို ထိ ခိုက်ပျက်ပြားစေသော လိမ်ညာမှု၊ လှည့်ပတ်မှု့ပါ။ နတ်တွေရဲ့ အကျိုးစီးပွားက ကံကြောင့်ဖြစ်ပြီး သူတစ်ပါးကြောင့် မပျက်စီးတာကြောင့် ဒီဒုစရိုက်လဲ မရှိပါဘူး။
(၅) အရက်သေစာသောက်စားခြင်း။ အောက်ဆုံးထပ်ဖြစ်တဲ့ စတုမဟာရာဇ်နတ်တွေ သောက် တယ်လို့မှတ်ရပါတယ်။ သူတို့တွေအရက်မူးနေလို့ သိကြားမင်းနဲ့အဖွဲ့က သူတို့ကိုဂျောက်ထဲ တွင်းချပြီး   တာဝတိံသာနတ်ပြည်ကိုသိမ်းခဲ့တယ်လို့မှတ်ရပါတယ်။

နတ်ပြည်တွင်မရနိုင်သောကမ္မဋ္ဌာန်းများ။
၁။ အသုဘ ဆယ်ပါး။
၂။ ကာယဂတာသတိကမ္မဋ္ဌာန်း။
၃။ အာဟာရေပဋိကုလသညာကမ္မဋ္ဌာန်း။

              တာဝတိံသာနတ်ပြည်မှာတော့ ဘုရားအလောင်းတော်၏ ဆံတော်ကို ဌာပနာ ထားသော စူဠာမုနိစေတီတော်ရှိပါတယ်။ အရိယာနတ်များ လည်းတရားဟောကြပါတယ်။  ဒါပေမဲ့ နတ်ပြည်မှာ ပျော်စရာတွေများလွန်းလို့ အစာစားဖို့တောင်မေ့ပြီး၊ သေတယ်ဆိုတော့ တရားလုပ်ဖို့ သတိရဖို့ဆိုတာ လူ့ဘ၀က အထုံ မပါသွားရင်လွယ်မှာ မဟုတ်ပါဘူး။ သောတာပန်ဖြစ်တဲ့ သိကြားမင်းတောင် တခါက မြတ်ဘုရားထံ တရားလာတောင်းပြီး၊ နတ်ပြည်ပြန်သွားတာ၊ အရှင်မဟာမောဂ္ဂန်မထေရ် ကဘုရားဟောလိုက်တဲ့တ၇ားနာချင်လို့နတ်ပြည် လိုက်သွားမေးတာ သိကြားမင်း မေ့သွားလို့ ပြန်သတိရအောင် နတ်ဗိဗာန်ကြီးကို လှုပ်ခါ ခဲ့ရပါတယ်။
          နောက်တစ်ချက်က နတ်အားလုံးဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ဥပမာ အနေနဲ့ ထင်ရှား တာကတော့ မြတ်ဘုရားအလောင်းတော် အပါဝင် သူတော်ကောင်းတွေကိုလိုက်နှောက် ယှက်နေတဲ့ မာရ်နတ်ပါပဲ။
 အကောင်းဆုံးကတော့ သောတာပန်ဖြစ်ပြီးမှေ၇ာက်သွားတဲ့ ၀ိသာခါကျောင်းအမတို့ အနာထပိန်သူဌေးတို့လိုဆိုရင်တော့ နတ်စည်းစိမ်တွေ တ၀ကြီးခံစားစံစားပြီးအချိန်တန်တော့ နိဗာန်ဝင်။ သူတို့ကို ဘုံစဉ်စံတွေလို့ခေါ်ပါတယ်။

ကျမ်းကိုး
သာသနာရေးဝန်ကြီးဌာန။ ဗုဒ္ဓဘာသာကောင်းတစ်ယောက် ။၂၀၀၅။

Friday, August 10, 2018

Transit at BKK

1986 က JICA အထောက်အပန့်နဲ့ ဂျပန်ကိုပညာတော်သင်အနေနဲ့သွားတော့ Passport အစိမ်းရောင်ပေးပါတယ်။ Special Passport တဲ့ တကယ်က Specially restricted Passport ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Passport ထဲမှာပါတဲ့ သွားရမဲ့ နိုင်ငံနဲ့ Transit နိုင်ငံကလွဲလို့ဘယ်နိုင်ငံမှသွားခွင့်မရှိပါ။

 ဂျပန်ကိုအသွားမှာ (transit) အနေနဲ့ BKK မှာ တစ်ည အိပ်ရပါတယ်။ လေယဉ်ကွင်းကနေ ဟော်တယ်ကို ကားစီးသွားရပါတယ်။ ကားဂိတ် မှာ (passport) ပြရပါတယ်။ ကားတစ်စီးပြီး တစ်စီးနဲ့ နောက်ရောက်တဲ့ သူတွေကိုသာ တင်ပေးပြီး ကျမကို ချန်ထားပါတယ်။ ၃-၄ စီး အထိကျမအလှည့် မရောက်ပါဘူး။ ပထမ တော့ကျမနဲ့ ဟော်တယ် မတူလို့ လို့ထင်ခဲတာ။ နောက်မှ ကျမကို တမင်ချန်ခဲ့မှန်းသိလို့ သွားပြောတော့မှ ကျမကို တင်ပေးပါတယ်။

မြန်မာဘုရင်တွေ အယုတ်ဒယမြို့ကို ဖျက်စီးခဲ့တာကို အခဲမကြေနိုင်ဖြစ်ပြီး၊ မြန်မာ တွေကိုဖြစ်တဲ့  နည်းနဲ့ ဒုက္ခပေး တယ်တဲ့။ အထူးသဖြင့် ၆၀ ၀န်းကျင် ယိုးဒယားတွေက ပိုဆိုးကြောင်း။ ယိုးဒယားလို့ ပြောရင် သူတို့နားလည်းလို့ ယ ပက်လက်လို့ ပြောရကြောင်း နောက်မှ သိရပါ တယ်။

ယိုဒယားမှာမြန်မာလို မ၀တ်ဖို့ လဲအကြံ  ပေးကြပါတယ်။ ပြီးတော့ ဘန်ကောက်မှာ လျောက် လည်ရင် အပျက်အတိုင်း ထားထားတဲ့ အယုတ်ဒယမြို့ကို လိုက်ပြပြီး မြန်မာတွေ နှိပ်စက်ခဲ့တာကို ပြောတယ်တဲ့။ ယခုထက်ထိ ရန်လုပ်နေတာ ကတော့ လွန်တယ်ထင် ပါ တယ်။

အဲ့ဒီအချိန်က ဖျက်စီးခဲ့တဲ့ သူတွေဟာ ယခုမြန်မာတွေ မဟုတ်ပါဘူး။ အဲ့ဒီ အချိန်က မြန်မာ  ဘုရင်တွေထက်သူတို့ ယိုဒယား ဘုရင်တွေက အစွမ်းထက် ခဲ့မယ်ဆိုရင်လဲ ယိုးဒယား ဘုရင်တွေက မြန်မာတွေကို နှိပ်စက် ခဲ့မှာပါပဲ။

ဘန်ကောက်လေယဉ်ကွင်းမှာ ၂၄ နာရီ အတွင်းဆို လေယဉ်ကွင်း (airport tax) တက်စ် ပေး      စရာ မလိုပေမဲ့ မြန်မာတွေဆို ပေးရတယ်တဲ့။ (ယခု လေယဉ် လက်မှတ်မှာ  airport tax ပါပြီးသားမို့ ပြနာလုပ်လို့ မရတော့ပါဘူး)။ အဲ့ဒီလိုမတရား လုပ်တာ ကို တော့ သည်းမခံနိုင်ပါဘူး။ ကျမ ဂျပန်က အပြန် ၁၉၈၈ ခုမှာ ဘန်ကောက်က ဖြတ်ပြန် ရ ပြန်ပါတယ်။ အလာတုံးက အတိုင်း(airport Hotel) မှာတည အိပ်ပြီး နောက်နေ့ ရန်ကုန် လေယဉ် စီးရပါတယ်။ ကံကောင်းချင်တော့ ကျမပြန်မဲ့ နေ့မှ စပြီး ရန်ကုန် လေယဉ်ကွင်း စဖွင့်တာ မို့ဘန်ကောက်မှာ သောင်တင် နေတဲ့မြန်မာ သင်္ဘောသား တွေရော၊ အခုမှ လေယဉ်ဆိုက်လာတဲ့မြန်မာတွေ ရော အများကြီးပါပဲ။ ကျမလည်း တွေ့တဲ့မြန်မာတိုင်းကို ၂၄ နာရီ အတွင်းဆို (airport tax)  ပေးစရာ မလိုကြောင်း ပြောပြပါတယ်။  ဒါပေမဲ့ အားလုံးက ကျနော်တို့တော့ ပေးနေရတာပါပဲ။ မတတ်နိုင်ဘူးတဲ့။

တစ်ချို့ဆို ဘန်ကောက်လေယဉ်ကွင်းရောက်တာ တစ်နာရီ တောင်မပြည့်ပါဘူး။ ကျမ ကမှ ၂၃ နာရီကြာ နေပါပြီး။

(airport tax) ကသိပ် မများပါဘူး။ ဘတ် ၂၀၀ ထဲပါ။ ပိုက်ဆံ နှမျောလို့ မဟုတ်  ပါဘူး။ သက်သက်မဲ့ မတရားလုပ်တာ မခံချင်တာပါ။ ကျမအလှည့် ရောက်တော့ ထံစံအတိုင်း   (airport tax) တောင်းပါတယ်။ ကျမက ဥပဒေရှိကြောင်း။၂၄ မပြည့်တဲ့အတွက် မပေးနိုင် ဘူးလို့ ပြောလိုက်ပါတယ်။ အဲ့ဒီတော့ တစ်နေရာကို လက်ညှိုးထိုးပြီး (Form) သွားယူခိုင်း ပါတယ်။ အဲ့ဒီရောက်တော့ နောက် တစ် နေရာ ထပ်ညွှန် ပါတယ်။ အဲ့ဒီအချိန်က ဘန်ကောက် လေယဉ်ကွင်းမှာ အတက်မှာ စက်တတ်လှေးကား (escalator) တွေရှိပေမဲ့ အဆင်းကျတော့ မရှိပါဘူး။

ကျမမှာလည်း ပစ္စည်းတွေက လက်နဲ့ အပြည့်ပါပဲ။ အရေးအခင်းကြောင့် သင်္ဘောတွေက မြန်မာပြည်အတွက် ပစ္စည်းတွေ လက်မခံပါဘူး။

ရန်ကုန်မှာ ရေတွေအဆိပ်ခတ်တယ်။ ဘာစားစရာ မှမရှိဘူး စတဲ့ ကောလဟာလတွေ ကြောင့် ကျမ သယ်နိုင်သမျှစား စရာတွေ ပါလာပါတယ်။ ကြာလာတော့ ကျမပစ္စည်း တွေသယ်ပြီး မဆင်းနိုင်တော့လို့ အဆင်းဆိုရင်ပစ္စည်း တွေအားလုံးကို လှေးကားက နေ ကန်ချလိုက်ပါတယ်။ ပစ္စည်းတွေကျသံက တစ်ကွင်းလုံးကိုဆူနေပါတယ်။ အားလုံးကျမကို ၀ိုင်းကြည့်ကြပါတယ်။ မှတ်မှတ်ရရ ကျမဂျင်းဘောင်ဘီနဲ့ ဆွယ်တာအနီလေး ၀တ်ထား ပါတယ်။

ကျမ လေယဉ်ကွင်းကို ရောက်တာ ၃-၄ နာရီကျော်ပါပြီ။ ကျမကို ပညာရှိနည်းနဲ့ နှိပ်စက်နေတယ် ဆိုတာသိပေမဲ့ အရှုံးမပေး နိုင်ပါဘူး။ ကျမလေယဉ်က လဲထွက်ဖို့ နာရီ ၀က်လောက် ပဲလိုပါတော့တယ်။ ကျမ ပြေးနေ လွှားနေ ရတာနဲ့ ကျမ (passport) လည်း ဘယ်ရောက်သွား မှန်းမသိတော့ ပါဘူး။ ကျမ လေယဉ်နဲ့လွဲလို့ ကတော့မဖြစ်ပါဘူး။

ဒါနဲ့အနီးမှာ တွေ့တဲ့ အရေးပေါ်ဖုန်းကို ယူပြီး ငါ့လေယဉ် ထွက်တော့မယ်။ လေယဉ် မမှီလို့ကတော့ နင်တို့အပြစ်ပဲလို့ တကွင်းလုံးကြားအောင် အော်ပြောလိုက်ပါတယ်။

အဲ့ဒီတော့မှ လူရွယ်တစ်ဦး ရောက်လာပြီး ကျမပစ္စည်းတွေ ၀ိုင်းသယ် ပေးပါတယ်။ ကျမ (passport) ကိုလည်း ၀ိုင်းရှာ ပေးပါတယ်။ ပြီးတော့ (Secret passage) လှို့ဝှက်လမ်း ကနေ လေယဉ်ဆီ ပို့ပေးပါတယ်။

ကျမ အတော်မော နေတာနဲ့ လေယဉ်ပေါ်မှာ မြန်မာ အ၀တ်အစားလဲဖို့ အစီအစဉ်လည်း မလုပ်နိုင်တော့ပါဘူး။ လေယဉ်မယ်လေးက ဘာသောက်မလဲလို့ လာမေးတဲ့ အခါ မှာတော့ ..

ဘီယာအေးအေး တစ်ခွက် ပေးပါ ဆိုပြီး တစ်သက်နဲ့ တစ်ကိုယ် ပထမဦးဆုံး အကြိမ် (နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့ဆုတောင်းပါတယ်) အရက်ကို ကိုယ့်သဘောနဲ့ ကိုယ် သောက်လိုက် ပါတယ်။

လူမျိုးမာန ကိုတော့ လောကီကိစ္စတွေမှာ ထားသင့်တယ်လို့ ထင်ခဲ့မိပါတယ်။ ဆရာ ကြီး ဦးကျော်ထွတ်ရဲ့ သဒ္ဓမ္မဇောတိက အဘိဓမာမှာ လူတစ်ယောက်မှာ ကိုယ့်မျိုးရိုး ဇာတိမာန် ဟာ ရှိကိုရှိရမယ်။ လူလုပ်တယ် ဆိုတာ ဒီမာနနဲ့ လူလုပ်နေတာတဲ့၊ ဒါကြောင့် လူတွေမှာ ရှိသင့် ရှိထိုက်တဲ့ မာနဟာ ရှိကို ရှိရမယ်။ သောတာပန်မှာ ဒိဋ္ဌိပြုတ်တော့ လူဖြစ်နေသေးတဲ့ အတွက် မာနနဲ့ လူလုပ်နေရတာ။ တရားထိုင်လို့ ပယ်တဲ့အခါမှာတော့ မာနအားလုံး ပယ်ရမှာ ဖြစ်တယ်လို့ အကျယ်တ၀င့် ရှင်းလင်း ထားပါတယ်။ (ဆရာကြီးဦးကျော်ထွတ်ရဲ့ ဒ္ဓမ္မဇောတိ က အဘိဓမာ။ ၂၀၀၇။စာမျက်နှာ ၄၄-၅၅)။

ဒါပေမဲ့ စာရင်းချုပ်လိုက်တော့ မာနကြောင့် ကျမ အကြီးအကျယ် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း ဖြစ်ခဲ့ ရတယ်၊ ကြမ်းတမ်းတဲ့စကားတွေ၊ရိုင်းဆိုင်းတဲ့ အပြုအမူတွေ လုပ်ခဲ့မိ တယ်။ ငါးပါးသီလ လည်းပျက်ခဲ့ ရတယ်။ ဒါကြောင့် မာန အပါအ၀င် ကိလေသာ ၁၀ပါး (လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ) ဆို တာတွေဟာ ဖြစ်တဲ့ သူရဲ့ စိတ်ကို ညစ်ညူးစေတဲ့အပြင် အကုသိုလ်တွေ ဖြစ်စေတာပါပဲ။ နည်းနည်း ကိလေသာ ဖြစ်ရင် နည်းနည်း အကုသိုလ်၊ များများ ကိလေသာ ဖြစ်ရင် များများ အကုသိုလ်ဖြစ်တာပါ လားလို့ သဘောပေါက် မိ ပါတယ်။

တော်သေးတယ် အဲ့ဒီအချိန်က ခုခေတ်လို ဓါတ်ပုံရိုက်လို့ရတဲ့ လက်ကိုင်ဖုန်းတွေ internet တွေ မပေါ်သေးလို့၊ နို့မို့ ဆိုရင် လှေးခါးထိပ်က အထုပ်တွေ ကန်ချနေတဲ့ ကျမရဲ့ အလွန်လှပတဲ့ ဓါတ်ပုံနဲ့ မြန်မာအမျိုးသမီးတစ်ဦး၏ ဘန်ကောက်လေယဉ်ကွင်းပုံ ဆိုပြီး  တစ်ကမ္ဘာလုံး ပြန့်နှံ့၊ မှတ်တန်း တင်ပြီးသား ဖြစ်ကုန်မှာပါ။ ကျမအတွက်နဲ့ မြန်မာတွေ  မျက်နှာပျက်ကြရမှာ။ ဘုရားမ လို့။

ဆရာကြီးဦးကျော်ထွတ်ရဲ့ ဒ္ဓမ္မဇောတိက အဘိဓမာကို သေအချာ အပြန်ပြန် အလှန်လှန် ဖတ်တော့မှ ဆရာကြီး ဆိုလိုချင်တာက ကိုယ့်အဆင့်အတန်းကို ကိုယ်တန်ဖိုး ထားတာမျိုးကို ဇာတိမာန်လို့ဆိုလိုတာ။ ဥပမာ လူကောင်းတစ်ယောက်က လူကောင်းဇာတိ ကို ထိန်းတာမျိုးကို ဇာတိမာန်လို့ ဆိုလိုတာ လူကောင်းလိုကျင့်တာ လူမိုက်လိုမကျင့်တာလို့ အခုမှ သဘောပေါက်မိ ပါတော့တယ်။


Thursday, August 9, 2018

ဒိဋ္ဌိတွေ့မှယုံမယ်။



သိပ္ပံပညာထွန်းကားတဲ့ယခုလိုခေတ်မှာ ဒိဋ္ဌတွေ့မှယုံ (seeing is believing) တယ်ဆိုတဲ့သူတွေ အလွန်များပါတယ်။ တစ်ချို့ဆိုရင် ဘယ်လောက်တောင်အစွန်းရောက်သွားသလဲဆိုရင်သိပ္ပံပညာ (Scientology) ကို ဘုရားတစ်ဆူလိုကိုးကွယ်လာကြတဲ့ အထိ ပါပဲ။ နံမည်ကြီးတဲ့ မင်းသားမင်းသမီးတွေ ကိုးကွယ်ကြလို့ လိုက်ကိုး ကွယ်တဲ့သူတွေလည်းရှိပါတယ်။ ဒါပေမဲ့ မင်းသား မင်းသမီးတိုင်း ပညာရှိတွေ၊သူတော်ကောင်းတွေမဟုတ်ကြတာမို့ မကြာခင်ကပဲ Scientology က လက်ခံရရှိတဲ့ အလှူငွေတွေအလွဲသုံးစားမှုကြီး ကမ္ဘာကျော်ခဲ့ပါတယ်။

မျက်မြင်ဆိုရာမှာ လူတွေရဲ့ မျက်စိက မြင်နိုင်စွမ်းအလွန်နည်းပါတယ်။ ပြောရမယ်ဆိုရင် တိရစ္ဆာန်တွေ လောက်တောင် မြင်အားမကောင်းပါဘူး။ ဥပမာ ဇီးကွက်လို ညဘက်အစာရှာတဲတိရစ္ဆာန်တွေဟာ အလင်းရောင်နည်းတဲ့ ညမှာ လူ့မျက်စိထက် ပိုမြင်နိုင်ပါတယ်။

သိပ္ပံပညာက အမြင်အားကောင်းအောင် စက်ပစ္စည်းတွေတည်ထွင်လို့ သာမာန်မျက်စိနဲ့မမြင်နိုင် တာကို မြင်စေခြင်းဖြင့် သိပ္ပံပညာ ပိုမိုထွန်းကားလာတာနဲ့အမျှ ပိုမြင်လာပါတယ်။ ဥပမာ ကျမတို့ပတ်ဝန်းကျင် မှာရှိတဲ့ ရောဂါဖြစ်စေတဲ့ ဘက်တီးရီယားပိုး (Bacteria) တွေကို သာမာန်မျက်စိနဲ့ မမြင်ပေမဲ့ အဆ တစ်ထောင်ကြီးစေတဲ့ မှန်ဘီးလူး(light microscope) တည်ထွင်နိုင်တဲ့အခါ၊ဘက်တီးရီယားပိုးတွေကိုlight microscope နဲ့မျက်ဝါးထင်ထင်မြင်လာပါတယ်။ ဒါပေမဲ့ ဘက်တီးရီယားပိုး တွေထက်ပိုသေးငယ်တဲ့  ဗိုင်းရပ်စ်ပိုး(virus) တွေကိုတော့ light microscope နဲ့မမြင်နိုင်ပါဘူး။ အဆ တစ်သိန်းကျော်ချဲ့နိုင်တဲ့ (Electron microscope) တည်ထွင်နိုင်တဲ့အခါမှသာ မြင်ပါတယ်။ light microscope တို့ Electron microscope တို့ကြောင့် Bacteria နဲ့ virus တွေပေါ်ပေါက်လာတာမဟုတ်ပဲ မြင်နိုင်စွမ်းမရှိလို့ မမြင် ခဲ့တာ ဖြစ်ပြီး။ မျက်စိနဲ့ မမြင်တိုင်း မရှိဘူး၊ မမှန်ဘူးလို့ ပြောရင် တက်တက်စင်အောင်မှားနေပြီ
ဆိုတာ သတိထားသင့်ပါတယ်။

၁၈ ရာစုနှစ်က ဒြပ် (matter) တွေကို အဆင့်ဆင့်ခွဲစိပ်ခဲ့ရာ အသေးငယ်ဆုံးအဏှမြူ (Atom) တွေတွေ့ရှိ
ရာမှ အရာအားလုံးဟာသေးငယ်သောအဏှမြူ ဒြပ်တွေနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့ ရုပ်ဝါဒ(materialism)
ထွန်းကားခဲ့ပါတယ်။ ၁၉ ရာစုမှာတော့ အသေးငယ်ဆုံးဒြပ်လို့သတ်မှတ်တဲ့အဏှမြူ (Atom) ကိုထပ်မံ
ခွဲစိပ်နိုင်တာမို့ (electron, proton, neutron) လို့ခေါ်တဲ့ အဏှမြူအောက်ဒြပ် (sub atom) မှုံတွေတွေ့
ရှိလာပါတယ်။ ၂၀ ရာစုမှာတော့ အဏှမြူအောက်ဒြပ် (sub atom) မှုံတွေဆိုတာ အဆိုင်အခဲ၊အမှုံတွေ
(Particles) မဟုတ်ကြပဲ စွမ်းအင်တွေ (Energy) သာဖြစ်ပြီး အမြဲလှုပ်ရှားနေတယ်ဆိုတာထပ်တွေ့ရှိပြန် ပါတယ်။ 
ဒီတွေ့ရှိချက် ရောက်မှသာ မြတ်စွာဘုရားဟောတော်မူတဲ့ သဘောတရားမျှသာရှိတဲ့၊ အဆိုင်အခဲ အမှုံအမွှား အနေနဲ့ မရှိဘူးဆိုတဲ့ ပရမတ်ရုပ် ကို သိပ္ပံပညာရှင် (scientist ) ဆိုသူတွေ နားလည် ကြမှာ ဖြစ်ပါတယ်။

သိစရာမြင်စရာမှန်သမျှကိုအမှန်အတိုင်းမြင်တော်မူသောမြတ်ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင် ကျော်ထဲက
 အမြဲဖေါက်ပြန်ပြောင်းလဲနေတဲ့ ရုပ်ပရမတ်ဆိုတဲ့ သဘောတရားကို ဟောတော်မူခဲ့ပါ တယ်။ မြတ်ဘုရားဟောတော်မူတဲ့ နာမ်တရားကိုသိနိုင်ဖို့တော့ သိပ္ပံပညာရှင် တွေဆက်လက် ကြိုးစားကြရ ပါအုံးမယ်။

အမေပေးတဲ့မျက်စိထက် အဆများစွာသာလွန်တဲ့ ဥာဏ်မျက်စိပိုင်ရှင်များဖြစ်ကြပါစေ

ကမ္ဘာ့အမွှာနှင့်ဗုဒဘာသာ

ကမ္ဘာနှင့် သွင်ပြင် လက္ခဏာအပြင် ဖွဲ့ စည်းတည်ရှိမှု ပုံသဏ္ဍန် ပါတူညီသည့် ဂြိုလ်သစ် တစ်လုံးကိုအမေရိကန် အမျိုးသား အာကာသသိပ္ပံ (NASA) နက္ခတ်ပညာရှင်များမှ တွေ့ရှိသည်။ ထို ဂြိုလ်ကို ကမ္ဘာ့ အမြွှာပူး ဂြိုလ်ဟု နာဆာ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ဆိုတဲ့သတင်း ကိုဖတ်လိုက် ရတော့မြတ်ဗုဒ္ဓရဲ့တရားတော်တွေကို သိပ္ပံပညာတိုးတက်မှုက ထပ်မံထောက်ခံ လိုက်ပြန်ပြီးလို့ဝမ်း မြောက် မိပါတယ်။


မြတ်ဘုရားဟာလွန်ခဲသော နှစ်ပေါင်း ၂၆၀၀၊ သိပ္ပံပညာ မထွန်းကားခင်ကပင် စကြာဝဠာအန္တ၊ သတ္တ၀ါ အန္တ ရှိကြောင်းဟောတော်မူခဲ့ပါတယ်။


အကုသိုလ်လုပ်တဲ့သူတွေ ငရဲမှာခံကြရပြီ၊ အဲဒီအကုသိုလ်တွေထဲမှာမှ နိယျာတ ဒိဋ္ဌိခေါ်တဲ့ ကုသိုလ် ဆိုတာလည်းမရှိဘူး။ အကုသိုလ်ဆိုတာလည်းမရှိဘူးလို့ လွဲမှားစွာ ဆွဲဆွဲလမ်းလမ်း အယူမှားတဲ့ သူများ ဟာ ကမ္ဘာကြီးပျက်သွားရင်တောင်သူတို့တွေ ငရဲကမလွတ်ပဲ နောက်ကမ္ဘာမှာရွှေ့ပြောင်းခံရတယ်လို့လည်း ဟော တော်မူခဲ့ပါတယ်။


ဒါပေမဲ့ မျက်မြင်မှ ယုံတယ်။ သက်သေပြနိုင်မှယုံတယ်။ ရမ်းမယုံနိုင်ဘူး။ တို့က လက်တွေ့သမား ငရဲနဲ့ခြောက်လည်းမကြောက်ဘူး၊နတ်ပြည်နဲ့ဆွဲလည်းမရဘူး ဆိုသူတွေ ယခုခေတ်မှာအလွန်များပါတယ်။ တစ်ချို့ဆို Sciencetology ဆိုပြီး သိပ္ပံပညာကိုပင် ဘာသာ တရားအနေနဲ့ကိုးကွယ်လာကြတဲ့ အထိ ဖြစ် လာ တာတွေ့ရပါတယ်။ သူတို့အထင်ကြီးတဲ့ သိပ္ပံပညာက ပြတဲ့ ဒုတိယကမ္ဘာလုံးကို ဘယ်လိုယူဆမလဲ။ ဒီကမ္ဘာ လုံးက အခုမှပေါ်လာတာမဟုတ်ပါဘူး။ အခုမှတွေ့နိုင်လာတာပါ။


လူတွေရဲ့မျက်စိက အမြင်အား အလွန်နည်းပါတယ်။ ကျမတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပိုးကောင် လေးတွေ ဥပမာ ကျမတို့သောက်တဲ့ရေထဲမှာရှိတဲ့ ရောဂါဖြစ်စေတဲ့ပိုးတွေကိုတောင်မမြင်နိုင်ပါဘူး။ မြင်ရင်တော့ ဘယ်သူမှ ရေသောက်ချင်မှာ မဟုတ်တော့ပါဘူး။

ကျမတို့ နေ့စဉ် အသက်ဆက်ဖို့အတွက် ရူနေတဲ့ “လေ” ဆိုတာကို လည်းဘယ်သူမှမမြင်နိုင်ပါဘူး။

အသံလှိုင်းရုပ်(waves) များကိုလည်းမမြန်နိုင်ပါဘူး။ နားကတော့ မမြင်ရတဲ့အသံတွေကို ကြား နေတယ်။

ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါးဆိုတဲ့ နေ့စဉ်အရသာခံနေတဲ့ အရသာအမျိုးမျိုးကိုလည်းမမြင်နိုင်ပါဘူး။ လျှာကသာ အရသာကိုသိနေတာပါ။

ဒီအတိုင်းပဲ နှခေါင်းကသာ အနံ့အမျိုးမျိုးရှိမှန်းသိနိုင်ပါတယ်။ မျက်စိကတော့ မမြင်နိုင်ပါဘူး။

မျက်စိက အကုန်မမြင်နိုင်သလို၊ မြင်တိုင်းလည်းမမှန်ပါဘူး။ မျက်လှည့်၊ လက်လှည့်ပွဲတွေ မြင်ဖူးကြ ပါလိမ္မယ်။ စက္ကူစုပ်တွေကနေ ပိုက်ဆံတွေ အထပ်လိုက် ပြောင်းပစ်တာ မြင်ဖူးမှာပါ။

ကျမတို့ရဲ့မျက်စိက သေးငယ်တာလဲမမြင်နိုင်၊ ဒုထယ် (density) မရှိတာလည်း မမြင်နိုင်၊ ဖုံးကွယ် ထားတာကိုလည်း မမြင်နိုင်တဲ့အပြင် အလွန်လျှင်မြန်စွာ ပြောင်းလဲ နေတာ ကိုလည်း မမြင်နိုင်သလို၊ အလွန် နှေးကွေးစွာ ပြောင်းလဲ နေတာတွေကိုလည်း မမြင်နိုင်ပါဘူး။

ယခုရုပ်ရှင်(movie) ဆိုတာ ရုပ်ပုံတွေကို တစ်စက္ကန့်မှာ (၁၆) ပုံပြတဲ့အခါ ကျမတို့ မျက်စိက အဲ့ဒီ လောက်မြန်တာကို တစ်ပုံချင်း ခွဲခြားပြီး မမြင်ပါဘူး။ ဒါကြောင့် လှုပ်ရှားနေတဲ့ အရုပ်တွေအနေနဲ့ မြင်တာပါ။

    ကျမတို့အားလုံး မွေးဖွါးတဲ့အချိန်ကစပြီး စက္ကန့်နဲ့အမျှ ရုပ်ဟောင်းတွေ နေရာမှာ ရုပ်သစ်တွေနဲ့ အစား ထိုးနေပါတယ်။ ဒါပေမဲ့ ရုပ်သစ်တွေက ရုပ်ဟောင်းတွေနဲ့ (၉၉.၉%) ခန့်တူနေတာမို့(ဒါပေမဲ့ တစ်ဖြည်း ဖြည်း ပိုပိုအိုလာတဲ့ဇရာရုပ်) တွေနဲ့အစားထိုးနေတာမို့ ရုပ်တွေတစ်ဖြည်းဖြည်းချင်းအိုသွားတာကို ကျမတို့မျက်စိက မမြင်ပါ ဘူး။ ဒါကြောင့် ဒီရုပ် ဒီရုပ်ပဲလို့ ထင်ကြပါတယ်။ တစ်နှစ်ခြားပြီး ရိုက်ထားတဲ့ ဓါတ်ပုံ နှစ်ခုကို ယှဉ်ကြည့်မှသာ ခြားနားချက်ကို မြင်ပါတယ်။ ကျမတို့ရုပ်တွေ တစ်နှစ်မှ တစ်ခါ ခုန်ကျော်ပြီး ပြောင်း သွားတာမဟုတ်ပါဘူး။

        ဒိဗ္ဗစက္ခုဆိုတဲ့ နတ်မျက်စိလို ဉာဏ်မျက်စိ ရရင်တော့ ရဟန္တာအရှင်မြတ်များရဲ့ ကိုယ်ခန္ဓာက လွဲရင် ဖုံးကွယ်ထားသမျှ ပညတ်ရုပ်တွေအားလုံးကို ဖေါက်ထွင်းပြီးမြင်နိုင်ပါပြီ။

ဒါကြောင့် စွမ်းအားနည်းလှတဲ့ သာမန်လူသားမျက်စိကို “ စံ ” ထားပြီး အမှန်တရား ရှာမယ် ဆိုရင် တော့ အမှားတွေကိုမြင်ပြီး၊ အမှားတွေကို အမှန်တွေလို့ ကောက်ချက်ချကြမယ်၊ ယုံကြမယ်ဆိုတာ မြေကြီး လက်ခတ် လွဲမှာ မဟုတ်ပါဘူးလို့ သတိတရားထားကြစေလိုပါတယ်။

တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး။
ငရဲရှိတယ်၊ တိရစ္ဆာန်ရှိတယ်၊ ပြိတ္တာရှိတယ်။
လူနုံ၊ လူမွဲ၊ လူဆင်းရဲ၊ ရှိတယ်။
သေရဦးမယ်၊ သတိထား။

လူတွေဟာ ကိုယ့်ဉာဏ်ကမမှီလျင်
သူတပါးသိတာတွေကိုလဲ မယုံကြည်ကြ၊
အမှန် မထင်တတ် ကြဘူး၊

အမှန်တရားမြင်နိုင်တဲ့အသိဉာဏ်တွေရကြပါစေ။