လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, April 18, 2012

လူကီးမီးယားခေါ် သွေးကင်ဆာ (Leukaemia)။

 

သွေးမှာ သွေးဥနီ၊ သွေးဥဖြူ၊ သွေးဥမွှား ရယ်လို့ရှိပြီး သူတို့အားလုံး (progenitor) ခေါ်တဲ့ မိခင်ဆဲလ် ကနေဖြစ်လာကြတာပါ။ တစ်နည်းအားဖြင့် တစ်မအေထဲက ပေါက်ဖွါး လာတဲ့ မောင်နှမတွေ လိုပါပဲ။ progenitor ဆဲလ်တွေက ရိုးတွင်းခြင်ဆီ၊ အသဲနဲ့ သရက်ရွက် တွေမှာ ရှိပါတယ်။ အကျိတ်တွေ မှာလည်း အနည်းအကျဉ်းရှိပါတယ်။ သာမန်လူတွေမှာတော့ ရိုးတွင်းခြင်ဆီမှာ ရှိတဲ့ progenitor ဆဲတွေက သွေးဥနီ၊ သွေးဥဖြူ၊ သွေးဥမွှားတွေကို ထုတ်လုပ် ပေးပါတယ်။

သွေးဥဖြူဖြစ်မဲ့ဆဲလ်တွေက သွေးဥဖြူ အကောင်းတွေ မဖြစ်ပဲ ကင်ဆာ ဆဲလ်တွေ ဖြစ်သွား တာကို သွေးကင်ဆာလို့ ခေါ်ပါတယ်။ သွေးဥနီနဲ့ သွေးဥမွှားဖြစ်မဲ့ဆဲလ်တွေကလည်း ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဖြစ်နည်းပါတယ်။ သူတို့ကိုတော့သွေးကင်ဆာလို့ မခေါ် ပါဘူး။

သွေးကင်ဆာရဲ့ရောဂါဖြစ်ပွါးမှုအချိန်ကာလပေါ်မူတည်ပြီး ချက်ချင်းနီးပါးသေစေနိုင်တဲ့
(acute leukemia) နဲ့ နာတာရှည် (chronic leukemia) လို့နှစ်မျိုးခွဲထားပါတယ်။

(acute leukemia) မှာ ကင်ဆာဆဲလ်တွေလျှင်မြန်စွာ ရိုးတွင်းခြင်ဆီမှာဖြစ်ပေါ်လာပြီး သွေးထဲ ကိုပါ လျှံကျလာပါတယ်။ ကင်ဆာဆဲလ်တွေရိုးတွင်းခြင်ဆီမှာအလွန်များတာကြောင့် သွေးဥ အကောင်းတွေ မထုတ်နိုင်တော့ပါဘူး။ ဒီကင်ဆာမျိုးက ခလေးတွေမှာ အဖြစ်များ ပါတယ်။

နာတာရှည် (chronic leukemia) မှာတော့ ကင်ဆာဆဲလ်တွေ တစ်ဖြေးဖြေးချင်း လနှင့် နှစ်နှင့် ချီပြီး များလာပါတယ်။ ဒီကင်ဆာမျိုးက လူကြီးတွေမှာအဖြစ်များပါတယ်။

ဒီကင်ဆာနှစ်မျိုးကိုမှ ကင်ဆာဆဲလ် အမျိုးအစားပေါ်မူတည်ပြီး (lymphocytic) နဲ့ (myeloid) လို့ ထပ်ခွဲပါတယ်။ (lymphocytic) ကင်ဆာမှာ ရောဂါကိုတိုက်ခိုက်တဲ့ သွေးဥဖြူ တွေကနေ ကင်ဆာဖြစ်တာမို့ လူနာဟာရောဂါကာကွယ်နိုင်တဲ့စွမ်းအားမရှိတော့ပဲ ရောဂါပိုး တွေကြောင့်သေဆုံးရပါတယ်။ဒီဆဲလ်တွေက ကိုယ်ခန္ဓာရဲ့ အကျိတ် (လည်ပင်း၊ ချိုင်း၊ ပေါင်ချန်၊ သရက်ရွက် စသည်) ထဲမှာ များတာမို့ ဒီကင်တာမျိုးမှာ သရက်ရွက်နဲ့ အကျိတ်တွေ ကြီးလာ ပါတယ်။

(myeloid) ကင်ဆာမျိုးမှာ ကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးထဲက သွေးဥဖြူတွေ ကနေ ကင်ဆာ ဖြစ်ပါတယ်။ ဒီကင်ဆာဆဲလ်တွေက သွေးဖြစ်ရာ ရိုးတွင်းခြင်ဆီမှာဖြစ် တာမို့ သွေးဥနီတွေဖြစ်တာနဲ့ နေရာ တူပြီး ကင်ဆာဆဲလ်တွေက သွေးဥနီတွေရဲ့ နေရာကို ယူလိုက်တဲ့ အတွက် သွေးဥနီဖြစ်မှုနည်းသွားပါတယ်။ ဒါကြောင့် ဒီသွေးကင်ဆာမျိုးမှာ သွေးအားနည်းခြင်း ကိုဖြစ်စေပါတယ်။  

ရိုးတွင်းခြင်ဆီမှာသွေးနီဥတွေ အပြင် သွေးတိတ်အောင်လုပ်တဲ့ သွေးဥမွှားတွေလဲ ထုတ်လုပ် တာမို့ သွေးဥမွှားထုတ်လုပ်မှုကိုလည်းထိခိုက်စေတဲ့အတွက် သွေးမတိတ်ခြင်းကိုပါ ဖြစ်စေ ပါတယ်။

ကိုယ်ထဲမှာ လှည့်ပတ်နေတဲ့ သွေးထဲက သွေးဥဖြူတွေ ကကိုယ်ထဲကိုဝင်လာတဲ့ ပိုးတွေ အထူး သဖြင့် ပြည်တည်စေသည့်ပိုး များကိုသုတ်သင်ရှင်းလင်းတာမို့ ဒီကင်ဆာမှာ  ပိုးရောဂါများ အဖြစ်များပြီး ကူးဆက်တတ်သည့် ပိုးရောဂါများဖြစ်တဲ့ နမိုးနီယာရောဂါ၊သွေးပြည်တည်ရောဂါ၊ ဥဏှောက်ပြည်တည် ရောဂါ စသည်များကြောင့် အသက်သေဆုံး ကြပါတယ်။

          (lymphocytic) နဲ့ (myeloid) ကင်ဆာများကို (acute leukemia) နဲ့ နာတာရှည် (chronic leukemia) အပြင် (Pathological) နည်းဖြင့် အဓိကပါဝင်တဲ့ ကင်ဆာဆဲလ် ပေါ် မူတည်ပြီး အမျိုးများစွာ ထပ်ခွဲထားပါတယ်။

          အခြားသောကင်ဆာများကဲ့သို့ သွေးကင်ဆာ ဘာကြောင့်ဖြစ်တယ်ဆိုတာတိတိကျကျ မသိပဲ အကြောင်းပေါင်းများစွာကြောင့် သွေးကင်ဆာဖြစ်တာကို တွေ့ရပါတယ်။ သွေးကင်ဆာ အမျိုးများစွာ ထဲက (acute myloeid leukemia) က Down syndrome ခေါ်တဲ့ ဗီဇမျိုးရိုး မမှန် တဲ့ရောဂါသည် ခလေးတွေမှာ အဖြစ်များတာတွေ့ရပါတယ်။ ဒီခလေးတွေက ဖခင် အထူးသဖြင့် မိခင်အသက်ကြီးမှ ရသောခလေးများမှာ ဖြစ်တတ်ပါတယ်။ ဒီခလေးတွေက ပြုံးရွှင်တဲ့ မျက်နှာရှိပြီး အသက်ကြီးလာပေမဲ့ ဉာဏ်ရည် လိုက်မကြီးပဲ ခလေးစိတ်ပဲ ရှိနေတတ် ပါတယ်။ ခလေးအားလုံးရဲ့မျက်နှာကလည်း မောင်နှမတွေလို ဆင်တူကြပြီး မျက်နှာ  ၀ိုင်းဝိုင်း၊ နှာခေါင်း ပြားပြားနဲ့ မျက်စေ့ မှေးမှေးတွေဖြစ်ပါတယ်။ မွန်ဂိုလူမျိုးတွေနဲ့ တူလို့ (mongoloid) ရောဂါ လို့လဲ ခေါ်ပါတယ်။ တောင်ကြီးမြို့က သူနာပြုဆရာမအုပ် တစ်ယောက်ရဲ့မောင် အသက် ၄၀ နှစ်ဟာ ဒီရောဂါသည် ဖြစ်ပြီး သူ့မိခင်သေဆုံးတဲ့နေ့မှာ မိတ်ဆွေများအိမ်မှာ များစွာရှိနေ တာကို ခလေးတစ်ယောက်လို ၀မ်းသာပျော်ရွှင်နေတာတွေ့ခဲ့ရပါတယ်။

ဒီကင်ဆာမျိုး (acute myloeid leukemia) ဖြစ်စေတဲ့ နောက် မျိုးရိုးဗီဇ မူမမှန်တဲ့ ရောဂါ ကတော့ Ashkenazi ဂျူးများနဲ့ South Africa က Afrikaners တွေမှာတွေ့ရတဲ့ Fanconi ခေါ်တဲ့ မျိုးရိုးလိုက် သွေးအားနည်းရောဂါရှင် တွေပါပဲ။ ဒီရောဂါသည်တွေဟာ အရပ်ပုပြီး မွေးရာပါ အရေပြား၊ ခေါင်း၊ မျက်လုံး၊ နားရွက်၊ ကျောက်ကပ် ပုံမမှန်ကြပဲ (congenital abnormalities) များသောအားဖြင့် အသက် ၃၀ လောက်မှာ သေဆုံးကြ ပါတယ်။

ကျန်သွေးကင်ဆာတွေကတော့ ဓါတ်ရောင်ခြည်များ၊ ကင်ဆာဖြစ်စေသော ဓါတု ပစ္စည်းများ၊ ကင်ဆာဖြစ်စေသည့် ဗိုက်ရပ်ပိုးများကြောင့်ဖြစ်တာ တွေ့ရှိရပါတယ်။

အစားအသောက်အနေနဲ့ ထူးထူးခြားခြား သွေးကင်ဆာဖြစ်မှုနဲ့ ပတ်သက်တာ မတွေ့ ရပဲ ဟင်းသီး ဟင်းရွက်စား သူများမှာ သွေးကင်ဆာဖြစ်ပွါးမှုနည်းတာ တွေ့ရပါတယ်။ ဆံပင် ဆိုးဆေးများ၊ ရေနံထွက် ပစ္စည်းများကြောင့် သွေးကင်ဆာ ပိုဖြစ်တာကိုလည်း တွေ့ရပါတယ်။ အချို့သူများမှာ အမေမှသားသမီးသို့ ကူးခြင်း၊ အမွှာများတွင် ဖြစ်ပွါးသည်ကို တွေ့ရပါတယ်။

          ကုသခြင်းအနေနဲ့ ကင်ဆာဆေးများ၊ ရိုးတွင်းခြင်ဆီအစားထိုးခြင်းနဲ့ ဓါတ်ကင်ခြင်းတို့ ဖြစ်ပါတယ်။ သွေးကင်ဆာက အသံတိတ်ရောဂါ ( silent disease) ဖြစ်ပါတယ်။ ရောဂါဖြစ်စမှာ နာခြင်း၊ အနာဖြစ်ခြင်း စသည့် ရောဂါ လက္ခဏများ မရှိပါဘူး။ အခြေအနေဆိုးမှ ဥပမာ သွေးဥနီတွေအထွက်နည်းသွားပြီး သွေးအားနည်းလက္ခဏာတွေ၊ သွေးဥမွှားတွေနည်းသွားလို့ သွေးခြေဥခြင်း၊ ကိုယ်တွင် အနီရောင် အစက် အပြောက်များပေါ်ခြင်း၊ သွေးမတိတ်ခြင်း၊ စသည့်များ၊ သွေးဥဖြူများနည်းလို့ မကြာခဏဖျားခြင်းများ ကြောင့် သွေးစစ်ကြည့်မှ သွေး ကင်ဆာဖြစ်နေမှန်း သိရတာများပါတယ်။ ဒါကြောင့် မကြာခဏဖျားနာရင်၊ အကြောင်း မရှိပဲ အားနည်းခြင်း၊ မောခြင်း၊ ကိုယ်တွင်အနီစက်များဖြစ်ပေါ်လာပါက ဆရာဝန်ပြပြီ သွေးစစ်
သင့်ပါတယ်။

ကျမကိုယ်တိုင်တွေ့ခဲ့ရတဲ့ သွေးကင်တာရှင် သုံးဦးအကြောင်းကိုဖေါ်ပြချင်ပါတယ်။ သူတို့သုံးဦးဟာ သွေးကင်ဆာဖြစ်တာခြင်းတူပေမဲ့ တင်ပြပုံ (Presentation) မတူပါဘူး။ တစ်ဦးက ကျမသူငယ်ချင်း ဆရာ  ၀န်မရဲ့ ဦးလေးအရင်းပါ။ သူ့သမီးလက်ထပ်မဲ့နေ့မှာ အိမ်ကို ပြင်ဆင်ရင်း လက်ကို တူထုမိပြီး သွေးမတိပ် နိုင်လို့ သွေးစစ် လိုက်တော့မှ သွေးကင်ဆာ ဖြစ်မှန်း သိပါတော့တယ်။ ဒါပေမဲ့သိပ် နောက်ကျသွားပါပြီ။ နောက် လအနည်းငယ်မှာပဲ သေဆုံးသွား ပါတယ်။ ဒီလူနာမှာ သွေးကင်ဆာတဲလ်တွေက သွေးဥမွှားဖြစ်မဲ့ သွေးဆဲလ်တွေကို ပိုမိုထိခိုက် စေတာမို့ သွေးမတိတ်တဲ့ လက္ခဏ ကိုအရင်ပြတာပါ။

နောက်တစ်ယောက်ကတော့ ကျမသူငယ်ချင်း ခွဲစိတ်ဆရာဝန် တစ်ဦးပါ။ နေမကောင်းတာ တစ်ပတ်ကျော် ကြာနေလို့ သွေးစစ်ဖို့ ရောက်လာပါတယ်။ ဆရာလည်းနောက် ၆လ မှာ သူချစ်တဲ့မိသားစုကိုခွဲ သွားရပါ တော့တယ်။

     နောက်တစ်ဦးကတော့  ဗိုလ်ထဲမှာ အလုံး စမ်းမိလို့ ရောက်လာတဲ့ လူနာပါ။ ကင်ဆာတဲလ်တွေ သရက်ရွက်ထဲမှာ တဖြေးဖြေးများလာလို့ သရက်ရွက်ကြီးလာတာကြောင့် ကိုယ့်ဘာသာ စမ်းမိ တာပါ။

    ယခုခေတ်မှာ အစွမ်းထက်တဲ့ သွေးကင်ဆာကုဆေးတွေ ပေါ်ပေါက်လာလို့ အချို့သော သွေးကင်ဆာ များကို ရောဂါမကျွမ်းခင် စောစောကသိပြီးဆေးကုသခံရမယ်ဆိုရင် သက်တမ်း စေ့နီးပါး အသက်ရှင်နိုင် ပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးမှုများ (ဆီး၊၀မ်း၊သွေး အပါ အ၀င်) ကို အနည်းဆုံး တစ်နှစ် တစ်ကြိမ်ခန့် စစ်ဆေးသင့်ပါကြောင်း သတိပေး နှိုးစော်လိုက် ပါတယ်။

ကျမ်းကိုး။
http://en.wikipedia.org/wiki/Leukemia

No comments:

Post a Comment