လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ
Wednesday, June 13, 2018
တစ်ဘ၀ ကတစ်ဘ၀ သံသရာမှာ သတ္တ၀ါတွေဘယ်လို ကူးပြောင်းနေကြသလဲ ?
ယနေ့ကမ္ဘာပေါ်မှာ သတ္တ၀ါတွေ တစ်ဘ၀ကနေတစ်ဘ၀ကိုကူးပြောင်းတယ်။ ကံတရားတွေကလဲ အဲ့ဒီသတ္တ၀ါ နောက်ကို အရိပ်လို လိုက်ပါတယ်ဆိုတာကိုန္ဒူဘာသာနဲ့ ဗုဒ္ဓ ဘာသာက ယုံကြည်တယ်။ ဒါပေမဲ့  ကံတရားတွေက ဘ၀အဆက်ဆက်လိုက်ပါပုံ ကျတော့မတူကြဘူး။
ိန္ဒူဘာသာက 
ဒီဘ၀က ရုပ်ကဒီဘက်မှာကျန်ခဲ့ပြီး အတ္တဆိုတဲ့ကိုယ်ထဲက အကောင်လေးက နောက်ဘ၀ကူးသွား တယ်လို့ ယူဆတယ်။ သူတို့တွေက မြင်နေရတဲ့ ရုပ်န္ဓာကြီးပျက်စီးသွားတာကို လက်မခံဖြစ်လို့လက်ခံပြီး၊ မမြင်ရတဲ့ နာမ်တရားကိုတော့ မပျက်စီးဘူး။ နောက်ဘ၀ကိုကူးတယ်လို့ ဘ၀ကိုနှစ်သက်တဲ့ (ဘ၀နိကံတိ) ဆိုတဲ့လောဘနဲ့ ကိုယ့်အကြိုက်အတိုင်းကိုယ်လိုရာယူဆကြ တယ် (သဿဒိဋ္ဌိ) သူတို့က  ကံတွေက အတ္တဆိုတဲ့ကိုယ်ထဲက အကောင်လေးနဲ့အတူတူ တစ်ဘ၀ကတစ်ဘ၀ကိုကူးသွားတယ်လို့ယူဆတာကြောင့် နားလည်လွယ်တယ်။ 
မဟာယာနရဲ့ လူဝင်စားနဲ့ တိဘက်တွေရဲ့  ဒါလီလားမား ၀င်စားတယ်ဆိုတာလည်း ဒီအဓိပ္ပါယ်ပဲ။
ဒါပေမဲ့ ကျမတို့ရဲ့ ဗုဒ္ဓ မြတ်ဘုရား လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းလုံး ပါရမီတွေဖြည့်ပြီးမှသိလာရတဲ့ အမှန်တရားက ဘယ်အရာမှ မမြဲဘူး။ မြင်နေရတဲ့ရုပ်ကြီးမှမမြဲလို့သေသွားတာမဟုတ်ဘူး။ သာမန်မျက်စိနဲ့မမြင်ရတဲ့ စိတ်လဲမမြဲဘူးဆိုတာ မိမိကိုယ်တိုင်လဲသိသလို ဝေနေယျတွေကိုလဲဟောတော်မူပါတယ် ။
ဒါဖြင့် သတ္တ၀ါတစ်ဦးရဲ့ ပြုလုပ်ခဲ့တဲ့ ကောင်းမှု့မကောင်းမှု့တွေက တစ်ဘ၀ ကတစ်ဘ၀ကိုဘယ်လိုလိုက်ပါသလဲ ?
ရုပ်ခန္ဓာကြီးအသက်ရှင်နေတာ ရုပ်တရားတွေ နဲ့နာမ်တရားတွေ ထပ်ထပ်ဖြစ်နေ လို့။ ရုပ်ရော နာမ်ရော ထပ်မဖြစ်နိုင်တော့ရင် သေတာပဲ။ ကိုယ်လုပ်ခဲ့တဲ့ ကံတရားတွေက ရုပ်တွေ နာမ်တွေကိုထပ်ဖြစ်စေတာ။ ဒါကြောင့် ရှေးလူကြီးသူမတွေပြောတဲ့ ကံကုန်တယ်ဆိုတဲ့ စကားက အသက်ထွက်တယ်ဆိုတာထက်မှန်တယ်။ အသက်ကထွက်သွားတာ မှမဟုတ်တာ။ ထွက်စရာမှ မရှိတာ။  မရှိတော့တဲ့ ရုပ်နာမ်လဲ ဟိုဘက်ဘ၀ မကူးဘူး။ ကူးစရာ ရုပ်နာမ် မှမရှိတော့တာ။ 
 ရှိတာပဲ ကူးလို့ရတယ်။ ရှိတာက ကံ တရားပဲ။ ကံတရားက ဘယ်လိုကူးသလဲ။ တကယ်က ကူးတာမဟုတ်ဘူး။ ကံတရား အရ ခန္ဓာအသစ်၊ဘ၀ အသစ် ဖြစ်ရတာ။ ဒါမှမြတ်ဘုရားဟောတော်မူတဲ့ ကမ္မဿကတာသမ္မဒိဋ္ဌိ။ 
သေရင်ဘာမှမဖြစ်တော့ဘူး။ အားလုံးပြီးပြတ်သွားပြီ။ ခုဘ၀ ခုလူ နောက်ဘ၀ နောက် လူ ဘာမှမဆိုင်တော့ဘူး လို့ယူဆရင် ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ ယခုခေတ် ပညာတတ်လို့ ဆိုတဲ့သူတွေကဒီအယူအဆရှိကြတယ်။
 ကမ္မဿကတာသမ္မဒိဋ္ဌိကို ဥပမာအနနဲ့ပြောရရင်။ မောင်လှဓါတ်ပုံရိုက် တယ်ဆိုရင်။ မောင်လှက ဓါတ်ပုံထဲ ရောက်သွားတာမဟုတ်ဘူး။ မောင်လှက သတ်သတ်၊ ဓါတ်ပုံက သတ်သတ်။ ထို့အတူပဲ ဒီဘ၀က ရုပ်တွေ နာမ်တွေက နောက်ဘ၀ကို ကူးသွားတာ မဟုတ်ဘူး။ ဒါပေမဲ့ မောင်လှကြောင့် သူ့နဲ့တူတဲ့ ဓါတ်ပုံဖြစ် သလိုပဲ ဒီဘ၀ကလုပ်ခဲ့တဲ့ ကံသတ္တိ တွေကြောင့် နောက်ဘ၀ရဲ့ ရုပ်နာမ်တွေ ဖြစ်တယ်။ ဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေလုပ်ရင် ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ သုဂတိဘ၀ရဲ့ ရုပ်နာမ်ဖြစ်တယ်။ ဆိုလိုတာက သုဂတိဘုံမှာဖြစ်တယ်။ ဥပမာ လူဖြစ်တယ်၊ နတ်ဖြစ်တယ်။ ဒါနတွေလုပ်ခဲ့ရင် လူချမ်းသာ၊နတ်ချမ်းသာဖြစ်တယ်။ ဈန်တရားတွေလုပ်ရင် ဗြဟ္မာဖြစ်တယ်။ ပထမဈန်ရရင် ပထမဈန်ဗြဟ္ခာဖြစ်တယ်။ ဒုတိယဈန်ရရင်ဒုတိယဗြဟ္ခာဖြစ်တယ်။ ကံသတ္တိက အဲ့ဒီလောက်အထိ တိကျမှန်ကန်တယ်။ ဒါကြောင့် ကမ္မဿကတာသမ္မဒိဋ္ဌိ အရဆိုရင် လူ့ဘ၀ ကသေပြီးလူပြန်ဖြစ်တယ်ဆိုရင် လူဝင်စား (incarnation) လို့ မပြောဘူး။ လူအဖြစ်ပြန်လည် မွေးဖွါးတယ် (rebirth) လို့ပြောရတယ်။ ဒါပေမဲ့သူက အရင်ဘ၀ကိုပြန်သတိရတဲ့ ဇာတိဿရ ဉာဏ်ရှိတယ်။
ရုပ် ၂၈ ပါးထဲက ရုပ်ဇီဝိတက သူနဲ့အတူဖြစ်တဲ့ရုပ်တွေကိုဖြစ်တုန်း ဖြစ်ခိုက် စောင့် ရှောက်တယ်။ ဒါကြောင့် ဒီပုံပန်းမပျောက်ဘဲနဲ့ ဒီခန္ဓ ကိုယ်ကြီးတစ်သက်လုံး ဆက်ဖြစ်နေတာ။ ယောက်ျားကယောက်ျား   ပုံပန်း မပျောက်ဘဲ သေတဲ့တိုင်အောင် ဒီရုပ်ခန္ဓ ကြီးဆက်ဖြစ်နေတာ။ မိန်းမကလဲမိန်းမပုံပန်းမပျောက်ဘဲ သေတဲ့တိုင်အောင် ဒီရုပ်ခန္ဓာကြီး ဆက်ဖြစ် နေတာဇီဝိတရုပ်ကြောင့်။ ဥပမာ။ ခလေးမွေးပြီး အမေသေ သွားတယ်။ နို့ထိန်းနဲ့ကြီး ရတယ်။ ကံက သေသွားတဲ့အမေနဲ့တူတယ်။ ကံက ရုပ်ဖြစ် အောင်သာလုပ်တယ်။ ဖြစ်ပြီး တဲ့ ရုပ်ကို တည်တံ့အောင်ဇီဝိတကစောင့်ရှောက်တယ်။
နာမ်ဇီဝိတကလည်းနာမ်တရားတွေကို စောင့်ရှောက်တယ်။ နာမ်သက်တမ်းကသိပ် တိုတောင်း တာကြောင့်နာမ်အသက်ရဲ့သတ္တိကသိပ်မသိသာဘူး။ ဒါပေမဲ့ နာမ်ဇီဝိတရှိလို့ တိုတောင်းတဲ့နာမ်သက် ကလေးအတွင်းမှာဖြစ်လာတဲ့နာမ်တွေသူတို့ရဲ့လုပ်ငန်းတွေကိုဆောင်ရွက်နိုင်တာဖြစ်တယ်။ စက္ခုပသာဒရုပ် ဆိုတဲ့ (မျက်စိရုပ်) ရဲ့ဇီဝိတအသက်ရှိလို့ မြင်တာ။ စက္ခုဝိညာဏ (မြင်သိစိတ်) ရဲ့ ဇီဝိတအသက်ရှိလို့ အဆင်းလို့ သိတာ။ မြင်သိစိတ်နဲ့အတူပါတဲ့ သညာဆိုတဲ့ စေတသိတ်ကိုနာမ်ဇီဝိတ ကစောင့်ရှောက်ပေးလို့ မြင်ဖူးထားတာ တွေ မှတ် မိတာ။ ကျန်တဲ့ရုပ်တရားနာမ်တရား(စိတ်၊စေတသိတ်) တွေလည်းဒီအတိုင်းပဲ။
ဒီဒိဋ္ဌိ နှစ်ပါးကိုသေသေချာချာသိဖို့လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒိဋ္ဌိကြောင့်သတ္တ၀ါတွေ ၃၁ ဘုံမှာလည်နေကြရတာ။ သောတာပန်ဆိုတာ ဒိဋ္ဌိတွေမရှိတော့တာ ၊ နိဗ္ဗာန်ကိုသွားတဲ့ လမ်းကြောင်းပေါ်ရောက်သွားတာ။ နားလည်လွယ်အောင်ဥပမာပေးရရင် ၁၀ တန်းအောင်တဲ့ ကျောင်းသားလိုပဲ။ တက္ကလိုလ် ၀င်နိုင်ြ့ပီး။
ကမ္မဿကတာသမ္မဒိဋ္ဌိဆိုတဲ့အမြင်မှန်၊အယူမှန်ရကြပါစေ။
ကျမ်းကိုး။
အရှင်သံဝရာလင်္ကာရ၊ဓမ္မပိယဆရာတော်၏နိဗ္ဗာန်သွားလမ်းမြတ်ပဋ္ဌာန်း။
Saturday, June 9, 2018
ပိန်လဲပိန်ကုသိုလ်လဲရမဲ့ ဘုရားဟောသော ဂါထာ။
ပသေနဒီကောသလမင်းဆိုတာ မဟာကောသလမင်းရဲ့သားတော်ပါ။ နှစ်ယောက်လုံးကောသလမင်းဖြစ်သဖြင့် ခွဲခြားသိရန်ရှေ့မှနာမ၀ိသေသနထားခြင်းဖြစ်ပါတယ်။ မဟာ ဆိုတာက အကြီး၊ ပသေနဒီဆိုတာကအစားကြီးသူလို့အချို့ကဘာသာပြန်ပါတယ်။ ပြောမယ်ဆိုလဲပြောစရာ သူက တစ်ခါစားရင် ဆန် ၄ ပြည်နဲ့ဆိတ်တစ်ကောင်ကုန်တယ်တဲ့။ အစားကြီးလို့ ကိုယ်ခန္ဓာက လဲ ဘယ်လောက်တောင်ပုံပျက်ပန်းပျက် ၀သလဲဆိုရင် သူများလို ဗိုက်က ကိုယ်ဝန်ဆောင်အမျိုးသမီးလို ရှေ့တင်ပူထွက်တာမဟုတ်ဘဲ ပတ်ပတ်လည်ပူထွက်တာမို့ ရေလောင်းချိုးရင် ကိုယ်အောက်ပိုင်းကို ရေမဆိုဘူးတဲ့။ အစားကြီးသူတို့ရဲ့ထုံစံအတိုင်း တစ်နေ့မှာ ထမင်းစားပြီးဘုရားထံ တရားနာလာရာ လူရှေ့သူရှေ့ မင်းက္ကူနြေ္ဒ မထိန်းနိုင်ပဲ ငိုက်ပါတယ်။ မင်းကြီးလည်းရှက်ပြီးသူ့ရဲ့အားနည်းချက်ကို မြတ်စွာဘုရားကိုလျောက်ထားတဲ့အတွက် မြတ်ဘုရားက ဂါထာလေးတစ်ပုဒ် ဟောတော်မူပြီး အဲ့ဒီဂါထာကို မင်းကြီးထမင်းစားစဉ်နောက်ဆုံးတစ်လုတ် စားခါနီး အပါးတော်မှာရှိတဲ့တူတော်မောင်းကိုရွတ်ဆိုစေပါတယ်။ ဒီဂါထာ ကြားတဲ့အခါ မင်းကြီးလဲ စားမဲ့နောက်ဆုံး အလုတ်ကိုမစားတော့ ဘဲ ဂါထာရွတ်တဲ့ တူတော်မောင်ကို ဆုတော်ငွေ တစ်ထောင်ဆုချပါတယ်။ နောက်ထမင်းဝိုင်းကျရင် နောက်ဆုံးတစ်လုတ်မှာပါဝင်တဲ့ ဆန်အလုံးရေပေါင်း ကိုလျော့ချက်ကြွေးရင်းနဲ့ မကြာခင်မှာ မင်းကြီးလဲ တစ်ခါပွဲတော်တည်ရင် ဆန်တစ်လုံးချက်သာစားပါတော့တယ်တဲ့။
 မိတ်ဆွေတို့ရော အဲ့ဒီဂါထာလေး လိုချင်ပါသလား ?
မနုဇဿ သဒါ သတိမတော၊
မတ္တံဇာနတော လဒ္ဓဘောဇန၊
တနုကဿ ဘ၀န္တိ ဝေဒနာ၊
သဏီကံ ဇီရတိ အာယုပါလယံ။
ဂါထာရဲ့ အဓိပ္ပါယ်က အစားကြီးသောသူသည်ငိုက်မျဉ်းခြင်းဖြင့်နှိပ်စက်၍အစာဝသောဝက်ကြီးကဲ့သို့ပင်
အိပ်မောကျကာ တလူးလဲလဲအိပ်လေ့ရှိ၏။ ပညာနည်းသောသူသည်နိဗာန်ကိုမမြင်နိုင်ဘဲအမိဝမ်းသို့သာအဖန်တလဲလဲ ကပ်ရောက်ရ၏။ အမြဲတမ်းသတိရှိသော အစားအစာ၏အတိုင်းအရှည်ကိုသိသောဆင်ခြင်တိုင်းထွာစားသောက်သောသူသည်ဝေဒနာပါးကုန်သည်ဖြစ်၏တဲ့။
ဘုရားဟောဂါထာကိုရွတ်ဆိုတဲ့အတွက်ကုသိုလ်လဲ ရတဲ့အပြင် ဘုရားပေးတဲ့နည်းအတိုင်း အစားအစာရဲ့အတိုင်းအရှည်ကိုသိတာကြောင့် ပိန်ချင်တဲ့ဆန္ဒလဲ ပြည့်စုံမှာဖြစ်ပါတယ်။
Thursday, June 7, 2018
အလွန်ရှားပါးသွားသောလူသားဆရာဝန်ကြီး။
၁၉၇၇ ခုနှစ် တနင်္ဂနွေတစ်ရက်မှာ တောင်ကြီးမြို့စပ်စံထွန်းဆေးရုံ အရေးပေါ်ဌာနတွင်
တာဝန်ကျနေစဉ် ကင်ဆာရောဂါဆောင်မှ တာဝန်ကျ ဆရာမက လူနာတစ်ဦး
အသဲအသန်ဖြစ်နေ၍ လာကြည့်ပေးပါရန် အခေါ်လွှတ်သဖြင့် ကမန်းကတန်း
ကင်ဆာအဆောင်သို့လာခဲ့ပါတယ်။ လူနာမှာ အသက် ၄၀ ၀န်းကျင်ရှိ
ယောက်ျားလိင်အင်္ဂါတွင်ကင်ဆာဖြစ်သောလူနာဖြစ်ပါတယ်။ (၎င်းကင်ဆာရောဂါမှာ
မြာပွေသော ယောက်ျား/မိန်းမ များမှာအဖြစ်များပါတယ်။ ဘာကြောင့် လည်း ဆိုတော့
လိင်အင်္ဂါတွေမှာပေါက်ဖွါးသော ဗိုင်းရပ်ပိုးကူးဆက်ရာမှဖြစ်ပွါး သောကင်ဆာဖြစ်လို့ပါ။
ယခုအခါယင်းကင်ဆာမဖြစ်အောင်ကာကွယ်သည့်ဆေး (vaccine) ရရှိနေပါပြီး။
         လူနာကိုစမ်းသပ်ကြည့်ရာ လိင်အင်္ဂါတွင်ဖြစ်နေသော ကင်ဆာအနာမှ သွေးထွက်လွန်
နေတာတွ့ရပါတယ်။ ဆရာမလေးက အလွန်နာနေတဲ့အတွက် မောဖင်းဆေးတစ်လုံး
ထိုးထားကြောင်းပြောပါတယ်။ အနာမှသွေးထွက်နည်းစေရန် သွေးထွက်သည့်နေရာကို
ဝါးဂွမ်းများ ပတ်တီးများဖြင့်အုပ်၍ သွေးတိတ် အောင်ပြုလုပ်ပေးပြီး၊သွေးထွက်လွန်ထား၍
shock မရစေရန် လိုအပ်သည်များ ပြု လုပ်ပေးပါသည်။
(ရောဂါဖြစ်ကာစက ကင်ဆာမပြန့်ပွါးစေရန်အတွက် လူနာရဲ့လိင်ချောင်းကို ဖြတ်
ထုတ်ထားပါတယ်။ ၎င်းအပြင် လိင်စိတ်နိုးကြွစေသည့် ယောက်ျား ဟော်မုန်းများ
ထုတ်လုပ်သည့် ဂွေးစေ့နှစ်လုံးကိုလည်း ထုတ်ထားတဲ့လူနာဖြစ်ပါတယ်။
ယောက်ျား တစ်ယောက်အနေနဲ့ ဘယ်လောက်တောင်စိတ်ဆင်းရဲ မလဲဆိုတာ
မှန်းဆနိုင်ပါတယ်။ သူ့ခမြာလည်း မြာပွေခဲ့မိသည်ကို တော်တော်နောင်တရနေတာတွေ့
ရပါတယ်။ အလိုကြီးလျှင် အရနည်းတယ် ဆိုတဲ့ စကားကိုလည်း ပြေးသတိရမိပြီး
သံဝေဂဖြစ်မိပါတယ်။)
         လူနာဆီကထွက်လာတဲ့အချိန်မှာ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး လက်မှာ
ဖရောင် တိုင်ကြီး တစ်တိုင်ကိုင်ပြီးဝင်လာတာနဲ့တိုးပါတယ်။ ဆရာဝန်ကြီးနဲ့နှတ်ဆက်ပြီး
သွေးထွက်နေတဲ့ လူနာအကြောင်းနဲ့ ကျမကုသပေးထားတာတွေကိုပြောပြပါတယ်။
ရာဝန်ကြီးလည်း အေးအေး ကောင်းတယ်။ မင်းပြန်နိုင်ပြီး လို့ပြောတာနဲ့ ဆရာဝန်ကြီး
နောက်ဆက်မလိုက်ဘဲ နောက်ချန် နေခဲ့ ပါတယ်။ အဲဒီအချိန်က စပ်စံထွန်း ဆေးရုံမှာ
အထူးကု (specialist) စပယ်ရှယ်လစ်ဆရာဝန်ကြီးတွေ နံမယ် နဲ့လိုက်အောင် အလွန်လစ်ပါ
တယ်။ ညနေဘက် ဆိုဆေးရုံမှာမရှိပဲဂေါက်ကွင်း မှသာ ရှိပါ တယ်။ ဒီဆရာဝန်ကြီးက
ထူးထူးဆန်းဆန်း တနင်္ဂနွေလိုနေ့ မှာဘာကြောင့်ဆေးရုံ ရောက်နေရ တာ လဲလို့ စိတ်ဝင်စား
မိတာနဲ့ ဆရာမကိုမေးတဲ့အခါ။ ဆရာဝန်ကြီးက ဗေဒင်လည်းတွက်တတ်ကြောင်း
သူ့လူနာတွေထဲကစိုးရိမ်ရတဲ့ခုဏကလူနာမျိုးကိုဗေဒင် တွက်ပြီးသူ့စရိတ်နဲ့သူ ယတြာခြေ
ပေး ကြောင်း၊လိုအပ်ပါကသူ့ ကိုယ်ထဲကသွေးကိုတောင် လူနာ အတွက် ဖေါက်လှူ
ကြောင်းပြောဆိုပါတယ်။ ကျမတစ်သက်မှာတော့ ဒီလိုသူတော်ကောင်းဆရာဝန်ကြီးမျိုး
တစ်ခါမှ မတွေ့ခဲ့ဘူးပါဘူး။ ယခု ထက်ထိ လည်းတွေ့ဖို့ နေနေသာသာကြားတောင်
မကြားမိတော့ပါဘူး။
ကျမ နာနအိုး။
ကျမငယ်ငယ်လေးထဲက သိပ်မာနကြီးတယ်။ အဖေ အမေရိုက်လို့ကတော့ ဘယ်တော့မှ မငိုဘူး။ ငိုတာ အရှုံး ပေးတာလို့ ကျမက ခံယူတယ်။ ကျမ မကြေနပ်ရင် ကိုယ့်ခေါင်းနဲ့ ကြမ်းနဲ့စောင့်လေ့ရှိတယ်။ အဲ့ဒါကြောင့်များမှတ် ဉာဏ်တွေပျောက်ကုန်လားမသိပါဘူး။ တော်သေးတယ် ကျမ ငယ်ငယ်က မေမေတို့ဆင်းရဲပြီး တဲအိမ်နဲ့ပြင်ခင်းနဲ့နေရလို့။ ချမ်းသာပြီး အုပ်တိုက်နဲ့သာဆို မတွေးဝံ့စရာပဲ။
ကျမ ၁၀ တန်းတုန်းက အင်္ဂလိပ်ဘာသာ ပြဋ္ဌာန်းစာအုပ်က Who did it first နဲ့ Anapuna ဆိုတဲ့တောင်တက်တဲ့အကြောင်းတွေပါ။ Who did it first မှာဘယ်သူက ဘယ်နှစ်မှာ မွေးပြီး၊ဘယ်နှစ်မှာ ဘာတွေတီထွင်တယ်ဆိုတာတွေသင်ရတာပါ။ ကျမ စာမေးပွဲဖြေကာနီးမှာWho did it first ထဲက သက္ကရစ်တွေ၊ Anapuna ထဲက ဘယ်နေ့မှာ ဘယ်နေရာမှာ စခမ်းချတယ်ဆိုတဲ့ ရက်ဆွဲတွေကို ကျောင်းခန်းထဲက Black Board နဲ့အပြည့် အလွတ်ရေးမှတ်ခဲ့တာ အမှတ်ရနေပါတယ်။ ကျမရဲ့မှတ် ဉာဏ်က နောက်မှ တစ်ဖြည်းဖြည်း ပိုပိုဆိုး လာတာပါ။ ဆေးကျောင်း တတိယနှစ် နောက်ဆုံးစာမေးပွဲ ဆေးဝါးဘာသာရပ်(Pharmacology) မှာ ကျမ သွေးကျဆေးနံမည်နဲ့ ဆီးချိုဆေးမှားဖြေခဲ့ပါ တယ်။ တော်သေးတယ် ၁၀ မှတ်တန်မို့ နို့မို့ဆိုစာမေးပွဲကျနိုင်တယ်။ အသေကျက်မှတ်ရတဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံ(anatomy) ဘာသာရပ်သင်ရတဲ့ ဒုတိယနှစ်မှာ ကျမ မှတ် ဉာဏ် သိပ်မဆိုးသေးဘူး။ ဒါပေမဲ့ ဘွဲ့လွန်တက်မယ်ဆိုတော့ Pharmacology နဲ့anatomy ပြန်ဖြေရမဲ့ ဘာသာရပ်တွေကိုကျမ ရွေးလို့ မဖြစ်တော့ဘူး။
ကျမက ဇတ်လမ်းတို့ဇတ်ကွက်တို့ဆို မှတ်မိတယ်။ နံပါတ်တို့ နံမည်တို့ဆို မှတ်လို့မရဘူး။ ကုန်ကုန်ပြောရရင် ကျမ မွေးနေ့သက္ကရစ်တောင် မမှတ်မိဘူး။ မွေးနေ့လည်း လုပ်လေ့ မရှိဘူး။ ကျမသူငယ်ချင်း က ကျမနဲ့ပြောင်းပြန် မှတ် ဉာဏ်ကောင်းတယ်။ နံပါတ်တို့ နံမည်တို့ မှတ်မိတယ်။ ကျမ မွေးနေ့အကြိုညမှာ သူက မြန်မာ့အသံမှာ သီချင်း တောင်းထားတယ်။ သီးချင်းကိုကြိုတင်ပြီးတောင်းရတယ်ပြောတယ်။ တောင်းတိုင်းလဲမရဘူးတဲ့။ ကျမ တစ်ခါမှမတောင်းဘူးလို့ မသိပါဘူး။ နောက်နေ့မနက် ကျမရဲ့မွေးနေ့(ကျမ ကတော့ သတိမရဘူး) အစောကြီး အိမ်ကိုရောက် လာတယ်။ သူ့လက်ထဲမှာလည်း ကျမအတွက် မွေးနေ့လက်ဆောင်ဓါတ်ပုံ album ကိုင်လာတယ်။ ဒါပေမဲ့ သူ ပင်ပင်ပန်းပန်း တောင်ထားတဲ့ သီးချင်း ကျမနားမထောင်ဖြစ်ဘူးဆိုတာသိရလို့ သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်။ အဲ့ဒီနေ့ကစပြီးကျမရဲ့ မွေးနေ့သက္ကရစ်ကိုကျမ မှတ်မိ သွားပါတယ် ဆိုရင် ယုံပါ့မလား။
နံပါတ်မမှတ်မိလို့ ဒုက္ခဖြစ်ရတဲ့နောက်တစ်ကြောင်းက ကျမမောင်းနေတဲ့ကားနံပါတ်ကိုမမှတ်မိတာ။ အဲ့ဒီအချိန်က ကားဓါတ်ဆီထဲ့ရင် ကားနံပါတ်ရေးပေးရတယ်။ ကျမ နံပါတ် မမှတ်မိ တာကြောင့် ကားနံပါတ်ကို ပြန်ပြန်ကြည့်ရတယ်။ ကျမကို မေမေက နဲနဲကြိုးစားမှတ်ပါလားတဲ့။ သူများတွေက ကားငှါးစီးလာတယ်ထင်မှာပေါ့တဲ့။ ဒါပေမဲ့ ကျမ မှတ်လို့မရပါဘူး။ ကျမရဲ့ပြဿနာကိုသိသွား တဲ့ သူငယ်ချင်းတစ်ယောက်က နင့်ကားနံပါတ်က အလွယ်လေး ဒီလိုမှတ်လို့သင်ပေးတာနဲ့ အခုထက်ထိကျမ မှတ်မိနေပါတယ်။ အဲ့ဒါက ငါလိုက်ရှိတ်တယ် တဲ့။ ကားနံပါတ်က ၅၄၈၁ ပါ။
တစ်နေ့ ကျမ စကော့ဈေးကို လိုင်းကားနဲ့သွားပါတယ်။ စကော့ဈေးကအထွက်မှာ အဖေ့ကားလိုမျိုး morris minor တစ်စီးရပ်ထားတာတွေ့ပါတယ်။ ဒါပေမဲ့ ကျမအဖေရဲ့ ကားနံပါတ်ကိုမမှတ်မိတာကြောင့် ၀င်မထိုင်ရဲပဲ ကားအပြင်က အဖေပြန်လာတဲ့ အထိစောင့်နေရတယ်။ (အဖေက ကားနားက ကားပစ္စည်းတွေရောင်းတဲ့ ဈေးတန်းမှာ လျောက်ကြည့် နေတာမို့ ကားတံခါးကိုသော့ပိတ်မထားပါဘူး။ ကားထဲမှာ အလှအပ ပစ္စည်းတွေချိတ်တာလည်းမကြိုက်လို့ အဖေ့ကားလို့ သေချာမပြောနိုင်ပါဘူး။ အဖေက သမီးက စာမတတ်တဲ့သူလိုပဲ လို့ သြဘာ ပေးပါတယ်)။
နံမည်မမှတ်မိတဲ့ အကျင့်ဆိုးကြောင့် မိတ်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ရင် ကျမတော်တော်ဒုက္ခရောက်ပါတယ်။ အထူးသဖြင့်ကျမ နံမည်ကိုသူတို့ကမှတ်မိနေရင်ကျမ ဘာပြော ရမှန်းမသိဘူး။ ကိုယ့်နံမည်ထဲ့ပြောတတ်တဲ့သူနဲ့တွေ့ရင်တော့ တော်သေးတယ်။
ဘယ်အချိန်ကျရင် ကျမရဲ့မှတ် ဉာဏ်တွေလုံးဝ ပျက်ကုန်မလဲတော့ မသိဘူး။ ဒါကြောင့် မမေ့ခင် သတိရတာလေးတွေရေးထားတာပါ။ မာနတရားက ဒီဘ၀မှာတင်ဆိုးကျိုး ပေးတာပါလားလို့ သံဝေဂ ရမိပါတယ်။
လူမိုက်နဲ့ပြိုင်မိုက်ခဲ့တဲ့ ကျမ ဒေါသအိုး။
ကျမ ဆေးခန်းက သူငယ်ချင်းဓါတ်ခွဲခန်းမှူးရဲ့ ဓါတ်ခွဲခန်းနဲ့ တွဲဖွင့်ထားပါတယ်။ အဲ့ဒီအချိန်က တောင်ကြီးမြို့မှာ အပြင်ဓါတ်ခွဲခန်းတွေ မရှိသေးပါဘူး။ တောင်ကြီးမှာအဖြစ်များပြီး ဆေးခန်းကို ဖျားလို့လာပြတဲ့ ရောဂါအများစုက ငှက်ဖျားရောဂါ၊ အူရောင်ငန်ဖျားခေါ်တဲ့ တိုက်ဖိုက် (typhoid) ရောဂါနဲ့၊ ဆီးပိုးဝင်ရောဂါ တွေဖြစ်ပါတယ်။ ငှက်ဖျားရောဂါ၊ ဟုတ် မဟုတ်ဆိုတာကို လူနာရဲ့သွေးမှာ ငှက်ဖျားပိုးရှိမရှိစစ်ခြင်းဖြင့် ချက်ချင်းသိနိုင်သလို၊ ဆီးပိုးဝင်ရောဂါကိုလည်း လူနာရဲ့ဆီးမှာ ပိုးတွေ၊ပြည်တွေ ရှိမရှိစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ ရောဂါသိတော့ ရောဂါနဲ့ သက်ဆိုင်တဲ့ဆေး ပေးလိုက်ရင် ရောဂါချက်ချင်းနီးပါး သက်သာ ပါတယ်။ အဲ့ဒီ ၂ မျိုး မဟုတ်ရင် တိုက်ဖိုက်ဖြစ်နိုင်တယ်။ သူ့ ကိုတော့ သွေးစစ်ရင် ချက်ချင်း မသိနိုင်ပေမဲ့ လူနာကိုစမ်းသပ်ခြင်းဖြင့် တစ်ချို့ကိုခန့်မှန်းနိုင်ပါတယ်။ ဥပမာ၊ လူနာရဲ့ လျှာတွေထူနေခြင်း၊ အူနေရာ၊ အသဲနေရာတွေ ကိုင်ရင် နာခြင်းစတာတွေ ဖြစ်ပါတယ်။
ဝမ်းကိုက်ရောဂါတို့ သံကောင်ရောဂါတွေကလည်း ၀မ်းစစ်ခြင်းဖြင့် သိနိုင်တာမို့ ကျမ ဆေးခန်းက နံမယ်ရလာပါတယ်။ ဒီ့အပြင် သမားတော်ကြီးကလည်း သူ့လူနာတွေ ဓါတ်ခွဲခန်း စစ်ဆေးမှု တွေပြုလုပ်ဖို့ နဲ့ အားဆေးသွင်းဖို့လူနာတွေကို ကျမတို့ဆေးခန်းကိုလွှတ်ပါတယ်။ ရလဒ်က ကျမတို့ဆေးခန်းရှေ့မှာ အဲ့ဒီအချိန်က popular ဖြစ်တဲ့ corolla ကားသစ်တွေ တွေ့နေရပါတယ်။ အဲ့ဒါကို မနာလိုတဲ့ သူ ရှိနေ တယ်ဆိုတာ ကျမလုံးဝ မသိခဲ့ပါဘူး။
ဆေးခန်းကသူငယ်ချင်းရဲ့ နှစ်ထပ်တိုက်အောက်ခန်းမှာအခန်းဖွဲ့ပြီးဖွင့်တားတာပါ။တိုက်က လမ်းဒေါင့်မှာရှိပါတယ်။ တိုက်မကြီးက လမ်းသွယ်ကိုမျက်နှာပြုပြီး၊ တိုက်မကြီးရဲ့ဘေးက တစ်ခြား လမ်းဘက်ကိုမျက်နှာပြုတဲ့ ဘက်မှာ အဆောင်ငယ်လေးရှိပါတယ်။ အဲ့ဒီအဆောင်မှာ စာအုပ် အငှါးဆိုင် ဖွင့်ထားပါတယ်။ စာအုပ်အငှါးဆိုင် ရှေ့တည့်တည့်မှာ စပ်စံထွန်းဆေးရုံက ဆရာဝန်မဒေါ်ရှမ်းမ မိသားစုရဲ့ ဆေးခန်းရှိပါတယ်။ သူမက အပျိုကြီးပါ၊ ဒါပေမဲ့ အမေရယ်၊ နံပါတ်ဖိုဆွဲလို့ ဆေးဖြတ်ပေးပြီး၊ မိန်းမ ပေးစား ကာ၊ လိုင်ကားထောင် ပေး ထားတဲ့ မောင် လင်မယားရယ်ရှိပါတယ်။ သူတို့ မိသားစုက ဆေးရုံဝင်းထဲက ကျမ အခန်းအပေါ်မှာနေပါတယ်။ စပ်စံထွန်းဆေးရုံ ဆရာဝန်quarter မှာ နှစ်ထပ်တိုက် ၃ လုံးရှိပါတယ်။ တစ်တိုက်မှာ အပေါ်အောက် ၄ ဦးနေရပါတယ်။ ကျမတို့ တိုက်က အလယ်တိုက်ဖြစ်ပါတယ်။ တောင်ကြီးမြို့ပေါ်ဆွဲတဲ့လိုင်းကားတွေက မြောက်ဘက်မှာရှိတဲ့ စပ်စံထွန်းဆေးရုံနဲ့ တောင်ဘက်မှာရှိ တဲ့ဈေးကြား ပြေးဆွဲ ပါတယ်။ အပေါ်ထပ်က ကားက ဂျပန်က လာတဲ့ ၅ ချိတ်ခေါ်တဲ့ pick-up ကားအနီပါ။ လိုင်းဆွဲပြီးရင် ကားကို ဆရာဝန် quarter ကကား ဂိုဒေါင် မှာသိမ်းပါတယ်။ ကျမကားနဲ့ သူတို့ ရဲ့လိုင်းကား ဂိုဒေါင်တစ်ခု ထဲမှာ အတူတူထားရပါတယ်။ ဒေါက်တာဒေါ်ရှမ်းမကဆေးခန်းမှာအပျင်းပြေဖတ်ဖို့ စာအုပ်နေ့တိုင်း လိုလို လာငှါးပါတယ်။ စာအုပ်ဆိုင်ကနေ ကျမဆေးခန်းကိုလှမ်းမြင်ရပါတယ်။
        တစ်နေ့ ကျမ ဈေးဝယ်အထွက်မှာ လိုင်းကားအနီတစ်စီးနဲ့ မျက်နှာချင်ဆိုင်တွေ့ပါတယ်။ တိုက် မလိုလို ဖြစ်လို့ ကျမ ကားကိုရှောင်လိုက်ရပါတယ်။ ကျမ က ကိုယ့်ကား နံပါတ် တောင် မမှတ်မိတဲ့ သူ ဆိုတော့ တိုက်မလိုလို ဖြစ်တဲ့ ကားနံပါတ်ကို မမှတ်မိပါဘူး။ မတော်တဆဖြစ်တယ်လို့ပဲ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ -၃ ခါလောက် ဒီလိုင်းကားအနီနဲ့ချည်း တိုက်မလိုလိုဖြစ်နေတော့ ကျမ မသင်္ကာတော့တာနဲ့ ကားနံပါတ်ကို သူငယ်ချင်းကိုမှတ်ခိုင်းတော့ အပေါ်ထပ်က ကားဖြစ်နေပါတယ်။ နောက်တစ်ခါ တိုက်မလိုလိုဖြစ်တော့ ကျမ စဉ်းစား မိတာက ကျမ morris minor ကားက အလွန်ဆုံးတန် ၅ သောင်း၊ သူတို့ကားက ၁ သိန်းလောက်တန်မယ်။ ဘာ မတိုက်ရဲစရာရှိမလဲဆိုပြီး၊ ကျမ ကားကိုတိုက် မလိုလို လုပ်တဲ့ အချိန် ခါတိုင်းလို မရှောင်တော့ပဲ ကားခေါင်းကိုတဲ့ ပေးလိုက်ပါတယ်။ မထင်မှတ်ပဲ သူတို့ကားက ရှောင်ထွက်သွားတဲ့ အတွက် ကားတိုက်မှု မဖြစ်တဲ့အပြင်၊ နောက်ထပ် ကားချင်းတိုက်ဖို့လဲ မကြိုး စား တော့ပါဘူး။
ကားချင်းတိုက်တဲ့ ရန်အေးသွားလို့ စိတ်အေးမယ်ကြံကာရှိသေးတယ်။ ကျမ ဆေးရုံက အိမ်ဝင်း ထဲကို လမ်းလျောက်ပြန်လာတာနဲ့ သူတို့ကား ပြန်လာတာနဲ့ တွေ့ ချိန်မှာ ကားနဲ့လူကို တိုက်ဖို့ လုပ်ပါတယ်။ အဲ့ဒီအချိန်မှာ လမ်းဥပဒေ အသစ်တစ်ခု ထွက်ပြီးတာ မကြာသေးပါဘူး။ ကားတိုက်လို့ သေဆုံးရင် လျော်ကြေး တစ်သောင်း သတ်မှတ်တာပါ။ (ရွှေဈေး ၁၆၀၀ ကျပ်)။ ကျမလည်း ငါသေရင် ငါ့အမေ တစ်သောင်းရမှာပဲ။ မသေရဲစရာမရှိဘူးဆိုပြီး ရှောင်မပြေးပဲ။ ကိုယ့်လမ်းကိုယ်ဆက်လျောက်ပါတယ်။ အဲ့ဒီအခါကျတော့လည်း။ မတိုက်ပဲ ထွက်သွားပြန်ပါတယ်။
     တစ်ပတ်လောက်ကြာတော့ နောက်တစ်နည်းသုံးပြန်ပါတယ်။ ကျမတို့ အိပ်ခန်းနားမှာ လာပြီး ဆဲရေး တာပါပဲ။ ကျမတို့ ငယ်ငယ်ထဲက အဖေ အမေက လုံးဝ မဆဲရဘူးလို့ သင် ထားတာမို့ ပြန် မဆဲ တတ်ပါဘူး။ ဒါပေမဲ့ အခြောက်တိုက် အဆဲခံနေရတာကိုလည်း သဘောမကျဘူး။ ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေတုံး အကြံရတာနဲ့ သူလာဆဲလေ့ရှိတဲ့ နေရာမှာ Casette recorderကိုအရံသင့်ထားပြီး ဆဲ တာနဲ့ recorder လုပ်ပြီး ရုံးတင် တရားဆွဲမယ်လို့ စိတ်ကူးထားပါတယ်။ ကျမ အကြံ မအောင်ပါဘူး။ လာမဆဲတော့ပါဘူး။ ကျမ Casette recorder ထားတာ မှန်ပြူတင်ကမြင်ပြီး မဆဲတော့တာထင်တယ်။ ဆဲတဲ့ ကိစ္စပြီးလို့ အေးပြီထင်တာ မကြာပါဘူး။ ကျမ ဆေးရုံက အပြန်မှာ သူတို့အပေါ်ထပ် ၀ရံတာကနေ ရိုင်ဖယ် သေနတ်ကြီးတကားကားနဲ့ ပစ်မယ်ဆိုပြီးချိန်ထားပါတယ်။ ကျမလည်း သည်းမခံနိုင်တော့ဘူး။ မိုက်မိုက်ကန်းကန်း အောက်ကနေ လှမ်းအော်ပြောလိုက်တယ်။ သေနတ်နဲ့ ချိန်မနေနဲ့ သတ္တိရှိရင် အောက်ဆင်းခဲ့ သေနတ်ချင်းပစ်မလား၊ ဓါးချင်းထိုးမလား၊ ကြိုက်ရာရွေး။
     မိန်းခလေး တစ်ယောက်က စိန်ခေါ်တယ်ဆိုတော့ သူလည်းရှက်ရှက်နဲ့ဆင်းမယ်လုပ်တာ၊ သူ့မိန်းမ၊အမနဲ့ အမေတွေ ၀ိုင်းဆွဲကြလို့ ဆင်းမလာပါဘူး။ အဲ့ဒီနောက်ပိုင်း ကျမကို ရန်မစတော့ပါဘူး။ အခုမှတွေးမိတယ်။ သူသာဆင်းခဲ့ရင် ကျမ သေချင်သေ၊ မသေရင် ဒါဏ်ရာအနာတရကြောင့် ဒုက္ခိတဖြစ်နိုင်တယ်။ သူ့ကိုတောင်ကျေးဇူးတင်ရမလိုဖြစ်နေတယ်။
    အဲ့ဒီ ရန်ပွဲကြောင့် မေမေက ကျမကို နယ်ဆေးရုံတွေမှာ အလုပ်လုပ်ဖို့ စိတ်မချတော့ဘူး။ ဆရာဝန်လိုင်း မှာနေတာတောင် အန္တရာယ်များတယ်တဲ့။ ရန်ကုန်မှာနေရတဲ့ အလုပ်ဆိုရင် လုပ်၊ မဟုတ်လို့ကတော့ အလုပ်ထွက်လို့ ရာဇသံ အပေးခံရပါတော့တယ်။ ကံကောင်းစွာကျမ ဖြေထားတဲ့ ရောဂါဗေဒဘွဲ့လွန်ဒီပလိုမာအောင်လို့ ရန်ကုန်ကိုပြန်ပြောင်းလာခဲ့ပါတယ်။
ဗုဒ္ဓက မနာလိုခြင်း၊ ဣဿာနှင့် ၀န်တိုခြင်း၊ မစ္ဆရိယ ရှိသောကြောင့် လူနတ်သတ္တ၀ါအများတို့ သည် စိတ်ဆင်းရဲခြင်းဖြစ်ရသည်ဟု သိကြားမင်းအမေးကို အဖြေပေးတော်မူခဲ့ပါသည်။
(သုတ်မဟာဝါ ပါဠိတော်၊ သက္ကပဥှာသုတ်)
ကံတွေဘယ်မှာသိမ်းထားသလဲ ?
ကျမတို့လုပ်သမျှ ကံတွေဟာ သံသရာတစ်လျောက်လိုက်ပြီး အခြေအနေပေးတာနဲ့ အကျိုးပေးတယ်ဆိုတော့ အဲ့ဒီကံတွေဘယ်မှာ သိမ်းထားသလဲ။
          ဥဏှောက်ထဲမှာလား။ နှလုံးထဲမှာလား။ သိပ္ပံပညာနဲ့ စဉ်းစားရင်မဖြစ်နိုင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ဥဏှောက်ကလူသေရင် သေသွားတာဆိုတော့ နောက်ဘ၀လိုက်ပြီးအကျိုးပေး မဲ့ ကံတွေသိမ်းထားလို့ မဖြစ်နိုင်ဘူး။ နှလုံးက ပိုမဖြစ်နိုင်ဘူး။ လူမသေခင်ကို သူများနှလုံးနဲ့ အစားထိုး ကုနေတာဆိုတော့ သူ့ထဲမှာသာသိမ်းထားရင် သူများကံတွေ ကိုယ့်ဆီရောက်လာ ရင်ဒုက္ခ။
          အဘိဓမ္မာအရ ကံဆိုတာ စေတနာလို့ခေါ်တဲ့ စေတသိတ်။ တစ်နည်းအားဖြင့် နာမ် တရား။ နာမ်ဆိုတော့ ရုပ်တရားဖြစ်တဲ့ ဥဏှောက်တို့ နှလုံးတို့ထဲမှာသိမ်းလို့မရဘူး။ ဒါဖြင့် ဘယ်ထဲမှာလဲ။
ကံတွေကပျောက်ပျက်မသွားပဲ ဆက်လက် လိုက်ပါနေတယ် ဆိုတာကတော့ သေချာ တယ်။ ဥပမာအားဖြင့် အသီးသီးတဲ့ သရက်ပင်တို့၊ ပန်းသီးပင်တို့ကို ကြည့်ပါ။ သူတို့ မသီးခင် အဲ့ဒီအသီးတွေကို ဘယ်မှာသိမ်းထားသလဲ။ ပင်စည်ထဲမှာလား၊ အကိုင်းထဲ မှာလား၊ အရွက် ထဲမှာ လား၊ အခေါက်ထဲလား၊ အမြစ်ထဲလား။ ဘယ်မှာမှ ရှာမတွေ့ဘူး။ ဒါပေမဲ့ အချိန်တန်ရင် တော့ အသီးတွေထွက်လာတယ်။ ဒါကြောင့် အသီးသီးတဲ့သတ္တိရှိတယ် ဒါပေမဲ့ မျက်စိနဲ့လည်း မမြင်နိုင်ဘူး။ ယခုခေတ်သိပ္ပံပညာနဲ့လည်း မပြနိုင်ဘူး။
မြတ်ဘုရားက ဟောတော်မူခဲ့တယ်။ ကံတွေဟာ စိတ်ဖြစ်တိုင်းပါတဲ့ စေတသိတ်ဖြစ် တယ်။ ကျန်တဲ့ ရုပ်တွေ၊နာမ်တွေလိုပဲ စေတသိတ်ကလည်း ဖြစ်ပြီးတာနဲ့ ပျက်သွားတယ်။ ဒါပေမဲ့ သူက သူ့ရဲ့သတ္တိတွေကိုထားခဲ့တယ်။ ဥပမာအားဖြင့် ဆီနဲ့တူတယ်။ ကျန်တာတွေက ရေနဲ့တူတယ်။ ရေစိုတဲ့နေရာမှာ ရေမရှိတော့ဘူးဆိုရင်ဘာမှ မကျန်တော့ဘူး။ ဒါပေမဲ့ ဆီကျ တော့ ဆီမရှိတော့ပေမဲ့ ဆီအရာ ကျန်ခဲ့တယ်။ ဒီလိုပဲ စေတနာခေါ်တဲ့ ကံကလည်း ပျက်သွား ပေမဲ့သူ့ရဲ့သတ္တိတွေကျန်ခဲ့တယ်။ အဲ့ဒီသတ္တိက ဘယ်မှာလည်းဆိုတော့ စိတ္တသန္တတိ ခေါ်တဲ့ စိတ်အစဉ်အတန်း (process of mind) မှာ။ စိတ်ဖြစ်စဉ်က သံသရာတစ်လျှောက်လုံးမှာ ဘယ် တော့မှ မပြတ်ဘူး။ ဖြစ်ပျက်၊ဖြစ်ပျက်ဆိုပြီး စိတ်တစ်ခုဖြစ်ပြီးပျက်သွားတာနဲ့ နောက်စိတ်တစ်ခု ကချက်ချင်းဖြစ်ပြီး ပျက်ပြန်တယ်။ အဲ့ဒီလို ဖြစ်ပျက်အစဉ်က ဆက်ဖြစ်နေတယ်။ သေတဲ့အချိန် မှာ စုတိစိတ်ဖြစ်ပြီးပျက်တယ်။ စုတိစိတ်ပျက်တာနဲ့ ပဋိသန္ဓေစိတ်ကဖြစ်တယ်၊ပြီး တော့သူ လည်းပျက်ပြန်တယ်။ ဒါကြောင့် ပညတ်အားဖြင့်တစ်ဘ၀ကပြတ်သွားပြီး နောက်ဘ၀ သစ်ဖြစ် သွားပေမဲ့ စိတ်ရဲ့ ဖြစ်ပျက်အစဉ်ကတော့ မပြတ်ဘူး။
သံသရာမှာ စိတ်ဖြစ်စဉ်ရပ်တာ ၂ နေရာပဲရှိတယ်။ တစ်ခုက ရဟန္တာအရှင်မြတ်များ
သမာပတ်ဝင်စားခိုက်မှာ ခေတ္တရပ်တယ်။ ဒုတိယက အသညသတ်ဘုံခေါ်တဲ့ စိတ်မရှိတဲ့ဗြဟ္မာ့ ဘုံရောက်နေတဲ့ ဗြဟ္မတွေမှာစိတ်အစဉ် ပြတ်နေတယ်။ သမာပတ်ကပြန်ထတဲ့အခါနဲ့ အသည သတ်ဗြဟ္မာများ နာမ်ရှိတဲ့ဘုံဘ၀ကိုရောက်တဲ့အခါ ရပ်နေတဲ့ နာမ်အစဉ် ပြန်လည် ဖြစ်ပျက်ကြ တယ်။ ရဟန္တာအရှင်မြတ်များ ပရိနိဗ္ဗာန်စံတဲ့အခါမှာတော့ ရုပ်ဖြစ်ပျက်စဉ်ရော်၊ နာမ်ဖြစ်ပျက်စဉ် ရော် လုံးဝပြတ်သွားတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်များ ပရိနိဗ္ဗာန်စံတဲ့အခါ နောက်ဘ၀ ဆိုတာ မရှိတော့ဘူး။ နားလည်လွယ်အောင် နောက် ဥပမာ တစ်ခုပေးရမယ်ဆိုရင် သတ္တ၀ါ တွေဟာ ရွေ့လျားနေတဲ့ကားနဲ့ တူတယ်။ ကားရွေ့နေသမျှ သူ့မှာအရှိန် ဆိုတာရှိနေတယ်။ ကံ တရားတွေက အရှိန်နဲ့တူတယ်။ ပရိနိဗ္ဗာန်စံသွားတာ အရှိန်အားလုံးကုန်ပြီး ကားလုံးဝ ရပ်သွား တာနဲ့တူတယ်။ ကားလည်းလုံးဝ မရွေ့တော့ဘူး။ ဘာအရှိန်မှ လည်းမရှိတော့ဘူး။
ကျမနားလည်သလိုရေးသားထားခြင်းဖြစ်ပါတယ်။ အမှားပါ ပါက ရဟန်းပညာရှိ၊ လူပညာရှိ များ မေတ္တာရှေ့ထား၍ပြင်ဆင်ပေးကြစေလိုပါတယ်။
ကျမ်းကိုး။
၁။ အရှင်သံဝရာလင်္ကာရ၊ဓမ္မပိယဆရာတော်၏နိဗ္ဗာန်သွားလမ်းမြတ်ပဋ္ဌာန်း။
၂။ ပါမောက္ခချုပ်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့် လေ့လာခြင်း။
သိပ္ပံနည်းနဲ့ရေအိမ်တက်ဝိပဿနာ
ဝမ်းကိုက်ရောဂါ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက (Bacteria)ခေါ်တဲ့ ပိုးကြောင့်ဖြစ်ပြီး၊ ကျန်တစ်မျိုးက အမီးဘား(Amoeba)ခေါ်တဲ့ပိုးကြောင့် ဖြစ်တာပါ။ များသောအားဖြင့် ဒီနှစ်မျိုးကို ရောဂါလက္ခဏာနဲ့တင်အလွယ် တကူ ခွဲနိုင်ပါတယ်။ ဒါပေမဲ့...
           လူနာရဲ့ အူထဲမှာ အမီးဘားဝမ်းကိုက်ပိုးတွေများလာရင် အမီးဘားမျိုးဆက် ပြန့်ပွါးဖို့နောက် လူတစ်ယောက်ဆီ ကူးရအောင်၊ အမီးဘားဝမ်းကိုက်ပိုးတွေ လူနာရဲ့အူထဲက ထွက်ပါတယ်။ အဲ့ဒီအခါ၊ အပြင်လောကရဲ့ ရာသီဥတုဒဏ် ခံနိုင်အောင် သံချပ်ကာအကျီ င်္ နဲ့တူတဲ့ ဓါတ် တစ်မျိုးကို ထုတ်ပြီး သူ့ကိုယ်ကို ဖုံးအုပ်ပါတယ်။ပြီးမှ ၀မ်းနဲ့အတူ အပြင်ကို ထွက်ပါ တယ်။အဲ့ဒီလို သံချပ်ကာအကျီ င်္နဲ့ပုံကို အမီးဘားစစ်ပုံ (Amoeba cyst) လို့ ခေါ်ပါတယ်။ စစ်ပုံက အပြင်လောကမှာ တော်တော်ကြာကြာနေနိုင်ပါ တယ်။ နောက်လူတစ်ယောက်ရဲ့ အစာအိမ်ထဲရောက်မှ အစာခြေအက်စစ်ဓါတ်နဲ့ သူ့ရဲ့ သံချပ်ကာအကျီ င်္ အရည်ပျော် သွားပြီး အထဲက ဗယ်ဂျီတေတစ်ပုံ (vegetative form) ထွက်လာပါတယ်။
   ဗယ်ဂျီတေတစ်ပုံ ကသာ အူနံရံကို ဖေါက်စားပြီး ရောဂါ အမျိုးမျိုးကို ဖြစ်စေတာပါ။ စစ်ပုံက ရောဂါပြန့် စေဖို့ပါ သူရှိနေတဲ့လူကို ရောဂါ မရစေပါဘူး။
ဆရာတော်သံဃာတော်တွေ အထူးသဖြင့် မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေမှာ စား၊၀တ်၊ နေရေး၊လုပ်နေရုံနဲ့ လူမဟုတ်သေးဘူး။ တိရစ္ဆာန်တွေ တောင် သူတို့ရဲ့ စား၊၀တ်၊နေရေး၊ အတွက် လုပ်ကြ တာပဲလို ဆိုဆုံးမလေ့ရှိပါတယ်။ စား၊၀တ်၊ နေရေး၊ တောင် မဟုတ် မျိုးဆက်ပြန့်ပွါး အောင် တောင်လုပ်နိုင် တာကို အမီးဘားပိုးက ကောင်းကောင်းပြနေပါတယ်။
    ဆေးသိပ္ပံမှာတော့ အမီးဘားလို ဆဲ (Cell) တစ်ခုထဲ ပါတဲ့ ပိုးတွေကိုအနိမ့်ဆုံး တိရစ္ဆာန်စာရင်း (Animal Kingdom) ထဲမှာထဲ့ထားပါတယ်။
        မဟာစည်ဆရာတော်ဘုရားကြီးကို ဒေါက်တာဦးမြင့်ဆွေက မေးလျောက်တဲ့ ရောဂါ ပိုးတွေဟာ သတ္တ၀ါထဲမှာ ပါ ပါသလား၊ဆရာဝန်များအနေနဲ့ ပိုးသတ်ဆေး လူနာကိုပေးတာ ပါဏာတိပါတကံ ထိုက် ပါသလားဆိုတဲ့မေးခွန်နဲ့ ပတ်သက်ပြီး ဆရာတော်ဘုရားကြီး ဖြေကြားတာက အမီးဘားလိုပိုးတွေဟာ  ကံအကြောင်းကြောင့်ဖြစ်တဲ့ သတ္တ၀ါမဟုတ်ဘဲ၊ ရောဂါစွဲမည့်ပုဂ္ဂိုလ်၏ အကုသိုလ်ကံ အကြောင်းအား လျော်စွာ ဥတုကြောင့်ဖြစ်ပေါ်သော ကမ္မပစ္စယ ဥတုဇရုပ် များသာလို့ ဖြေကြားတာ ဖတ်ရဘူးပါတယ်။
  ကျမဘ၀မှာအမှတ်ထင်ထင်ကြံတွေ့ခဲ့တဲ့  အမီးဘားရောဂါသုံးမျိုးကိုဖေါ်ပြလိုက်ပါတယ်။
၁။ တော်ပါသေးရဲ့။
     ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူ၊ကျောင်းသားများ ရုတ်ရုတ် ရုတ်ရုတ်နဲ့ ဆေးရုံကြီးခွဲစိပ်ခန်း အပြင်မှာ စိတ်ပင်ပန်းစွာ စောင့်နေကြ ပါတယ်။ အကြောင်းကတော့၊ ခွဲစိပ်ဆရာဝန် ကြီး လည်းဖြစ်၊ ပရာဖက်ဆာလည်းဖြစ် တဲ့ဆရာကြီး အသဲကင်ဆာ ဖြစ်လို့ ခွဲစိပ်ထုတ်ဖို့ ခွဲခန်းထဲမှာ ခွဲစိပ် ဆရာဝန်ကြီးတွေ အလုပ်ရှုပ်နေကြတယ်တဲ့။
     ဆရာကအသင်အပြ လည်းကောင်း၊စိတ်သဘောထားလည်း ပြည့်ဝလို့ ကျောင်းသူ ကျောင်းသားများရဲ့ အချစ်တော်ပါ၊ နောက်တစ်ချက်က ဆရာကလူပျိုကြီးပါ၊ ဒါကြောင့် ဆရာ အားမငယ်အောင်၊ဆရာ့မိသားစု  ကိုယ်စား အားပေးဖို့ စောင့်နေကြတာပါ။
           ဆရာက ကျန်းမာရေးကောင်းတဲ့သူပါ၊ တစ်နေ့ဗိုလ်ထဲက အောင့်လို့ မိတ်ဆွေ ဆေးကုသရေး အထူးကုဆရာဝန်ကြီးကို စမ်းသပ်ခိုင်းတော့ ဘာရောဂါ လက္ခဏာမှ မတွေ့ဘူး။ သာမန် ဗိုလ်အောင့် သက်သာဆေးတွေ စားပေမဲ့လည်း မသက်သာတာနဲ့ (General Medical check up) အထွေထွေ ဆေးစစ် စမ်းသပ်တော့ အသဲမှာ အလုပ်မလုပ်တဲ့ အလုံး (Cold mass) တွေ့တယ်တဲ့။ အလုပ် မလုပ်တဲ့အလုံး ဆိုတော့ ဆရာ့လို ၅၀ ကျော် ၆၀ ပတ်ဝန်ကျင် မှာတော့ ကင်ဆာလုံးဖြစ် ဖို့များပါတယ်။
      ဆရာ့ကျန်းမာရေးက ခွဲစိပ်တဲ့ဒဏ်ကို ခံနိုင်တယ်၊ တခြား ကင်ဆာပြန့်တဲ့ လက္ခဏာ တွေလဲ မရှိတော့ ခွဲစိပ်လို့ အချိန်မှီသေးတယ် ဆိုပြီး အလျှင်အမြန် ခွဲဖို့ စီစဉ်ကြ တာပါ။
      အသဲမှာ ဖြစ်တဲ့ ကင်ဆာက အလွန်ပြန့်လွယ်ပါတယ်။ များသောအားဖြင့် အသဲ ကင်ဆာ ဖြစ်တယ်လို့ သိတဲ့ အချိန်မှာ  ၉၀% က ခွဲထုတ်လို့ မရတော့ပါဘူး။ နောက်တစ်ချက်က အသဲက ဒီပြင့်အင်္ဂါနဲ့ မတူပါဘူး၊ အသဲရဲ့ ၇ ပုံ ၈ ပုံအထိ ခွဲထုတ်လို့ ရပါတယ်။
    တစ်နာရီလောက်ကြာတော့ ခွဲစိတ်ခန်းထဲ့က ဆရာဝန်တွေ ပြုံးရွှင်စွာ ထွက်လာကြ ပါတယ်။ကင်ဆာလုံး မဟုတ်ဘူးတဲ့။ အမီးဘားဝမ်းကိုက်ပိုး ကြောင့်ဖြစ်တဲ့ ပြည်လုံးတဲ့။ ၀မ်းကိုက်ပိုးရဲ့ပြည်က တခြားပြည်တွေလို အဖြူ(၀ါ) အ၀ါရောင်ပြစ်ပြစ် မဟုတ်ပါဘူး။ နိုင်ငံခြားကရေးတဲ့ ဆေးစာအုပ်တွေမှာတော့ သူတို့စားတဲ့ အစာနဲ့ နိုင်းပြထားပါတယ်။ မြန်မာအစာနဲ့ ထင်လွယ်မြင်လွယ်အောင် ပြောရမယ်ဆိုရင် ပုံရည်ကြီးနဲ့ တူပါ တယ်။ ညိုညို ပြစ်ပြစ်ပါ။ (ပုံရည်ကြီး ကြိုက်တဲ့ သူတွေ Sorry နော်၊ ကျမလည်း ကြိုက်ပါတယ်၊ ရန်ကုန်အပြန်မှာ ၀ယ် လာရတဲ့ အစားအစာထဲမှာ သူကလည်း မပါမဖြစ်တဲ့ အစာတစ်ခုပါ)။
၂။ စိတ်ရောဂါတဲ့
           မေမေ့ရဲ့ငယ်သူငယ်ချင်း ဖါးအံ့က ရန်ကုန်ရောက်နေလို့ ရန်ကုန်မှာနေတဲ့ သူ့သမီးနဲ့ အိမ်ကို လာလည်ကြပါတယ်။ သူငယ်ချင်းနှစ်ယောက် မတွေ့တာ နှစ်ပေါင်း ၃၀-၄၀ လောက်တောင် ရှိနေပြီ ဆိုတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ။ မေမေက ကျမတို့ကို သူ့ သူငယ်ချင်းနဲ့ မိတ်ဆက် ပေးပါ တယ်။ ကျမ ဆရာဝန်ဖြစ်တယ် ဆိုတာ သိတော့ မေမေ့သူငယ်ချင်းရဲ့ သမီးက သူရောဂါများလို့ ဆေးပင်စင်  ယူလိုက်ရကြောင်း။ နှလုံးရောဂါလဲရှိ၊ သားအိမ်လဲမကောင်းလို့ လာမဲ့အပတ်မှာ သားအိမ် ခွဲထုတ်ရမဲ့ အကြောင်း ပြောပါတယ်။ သူ့ကိုခွဲမဲ့ မီးရပ်နဲ့သားဖွါး ဆရာဝန်က ကျမရဲ့ သူငယ်ချင်း ဖြစ် နေတာနဲ့ သူ့ရောဂါ အခြေအနေ သိရအောင် သူငယ်ချင်း ဆီ ချက်ချင်းဖုန်းဆက် လိုက်ပါတယ်။
     ကံကောင်းချင်တော့ သူငယ်ချင်းနဲ့ တိုက်ရိုက်တွေ့ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းက နင့်အမျိုးက (ကျမက လွယ်လွယ်ကူကူ အမျိုးလို့ ပြောလိုက်လို့ပါ) ပြောရမှာတော့ အားနာ တယ်။ (Psycho စိတ်သမားတဲ့ ဆေးလောကမှာ အနာမရှိအနာရှာပြီး ရောဂါထူတဲ့သူ တွေကို ပေးထား တဲ့နံမည်ပါ)။ အခုလည်း လိုအပ်လို့ ခွဲတာမဟုတ်ဘူး။ သူက တကျည်ကျည်နဲ့ ဟိုကနာတယ်၊ ဒီကနာတယ် ဖြစ်နေလို့ စိတ်ကိုကုတဲ့သဘောနဲ့ ခွဲမှာတဲ့။
        ဖုန်းဆက်ပြီးတော့ကျမလဲ တော်တော်ဒေါကန်သွားတယ်။အလကား ဆရာဝန်တွေကို အလုပ် လာရှုပ် တယ်ပေါ့။ ဒါပေမဲ့ ကျမသေသေချာချာ စမ်းသပ်ပြီး ရောဂါမရှိဘူး ဆို တာ ယုံကြည်အောင် ပြောနိုင်ရင်တော့ အလကား ခွဲစရာ မလို တော့ဘူးပေါ့။ သူ့မှာ နှလုံးရောဂါလဲရှိ တယ် ဆိုတော့ မလိုအပ်ပဲ ကျန်းမာရေး ပိုထိခိုက်မဲ့ မေ့ဆေးဒဏ်တို့၊ ခွဲစိပ်တဲ့ဒဏ်တို့ မခံရတော့ဘူးပေါ့။
        ဒါပေမဲ့ ကျမ စမ်းသပ်ကြည့်တော့ သူ တကယ်ပဲ နာနေတာ တွေ့လိုက်ရပါတယ်။သူ့ရဲ့ ညာဘက် ဗိုလ် နေရာ (အသဲနေရာ) က နာနေ တာကိုတွေ့လိုက်ရ ပါ တယ်။ ဒီနေရာကနာရင် ၀မ်းကိုက်ပိုးကြောင့် အသဲရောင်တာ ဖြစ်နိုင် ပါတယ်။ ဒါနဲ့ သူ့ကိုခွဲစိပ်ဖို့ ခဏရပ်ဆိုင်းထားဖို့နဲ့ ၀မ်း၃ ရက်ဆက်တိုက်စစ် ဖို့ပြော ပါတယ်။ တဆက်ထဲမှာပဲ ဓါတ်ခွဲခန်းက ကျမတပည့် (Technician) ကို ၀မ်းကို ကွန်စင်ထရေရှင်း (Concentration) လုပ်ပြီး၊ ၀မ်းကိုက်ပိုး ကို သေသေချာချာရှာဖို့ ဖုန်းဆက် ပြောလိုက်ပါတယ်။
 Concentration လုပ်တယ် ဆိုတာ ၀မ်းထဲမှာ ၀မ်းကိုက်ပိုးနည်းနေရင် တွေ့ဖို့ အခွင့် အရေး များအောင် လုပ်တဲ့နည်းပါ။ ပထမ ၀မ်းကို ဆားရည်မှာ ဖျော်ရပါတယ်၊ ၀မ်းထဲမှာ ပါတဲ့ အဖတ်တွေ ဖယ်၊ အရည်ကြည်ကို ယူပြီး၊ ၀မ်းကိုက်ပိုးတွေ အနယ်ထိုင်စေတဲ့ စက်ထဲမှာ ထဲ့ လှည့်ရပါတယ်။ ပြီးမှ ရလာတဲ့ အနယ်ကို မှန်ဘီးလူးအောက်မှာ ပိုးရှာရတာပါ။
      အခုလို နှစ်ရှည်လများ ရောဂါ ဖြစ်နေသူရဲ့ ၀မ်းမှာ ၀မ်းကိုက်ပိုး သိပ် မပါတော့ပါဘူး။ လောလောဆယ် ၀မ်းကိုက်တဲ့ လူနာရဲ့ ၀မ်းမှာတော့ ၀မ်းကိုက်ပိုးတွေ တော်တော်များများ ပါ လို့ Concentration လုပ်စရာ မလိုပါဘူး။
      သာမန်အားဖြင့် ၀မ်းစစ်တယ်ဆိုတာ ၀မ်းတစ်စက်ကို ဆားရည်ထဲမှာ ဖျော်ပြီးအဆ ၅၀၀-၁၀၀၀ ချဲ့ပြီး ကြည့်တာပါ။ ၀မ်းတိုင်းကို Concentration လုပ်မယ်ဆိုရင် ကျန်တဲ့ ဓါတ်ခွဲခန်း အလုပ်တွေ ပြီးမှာ မဟုတ်တော့ ပါဘူး။ တကယ်လို လို့ တောင်းရင်တော့ လုပ်ပေး ပါတယ်။  ထင်တဲ့အတိုင်း သူ့ဝမ်းမှာ ၀မ်း ကိုက်ပိုး စစ်ပုံ ကိုတွေ့ရပါတယ်။ “အနာသိ ဆေးရှိ ” ဆိုတဲ့အတိုင်း အမီးဘာဆေးနဲ့ (နှလုံးမှာ အပေါက် ဖြစ်တဲ့ ရောဂါကလွဲရင်) လုံးဝကောင်း သွားပါ တယ်။ Psycho စိတ်သမားလို့ အခေါ်ခံရတဲ့ ဘ၀ကလဲ ကျွတ်လွတ်သွားပါတယ်။ သူ့သားတွေ ရှိရာ စင်္ကပူကိုတောင် သွားလည် နေပြီတဲ့။
၃။ ကိုယ့်ရောဂါကိုကျွမ်းကျင်စွာကုသနိုင်မဲ့ဆရာဝန်ရွေးတတ်ပါစေ
          ကျမနောက်ဆုံးနှစ် ဆေးကျောင်းသူဘ၀၊ ညကြီးမင်းကြီး တံခါးလာခေါက်လို့ ဖွင့်ကြည့် လိုက်တော့။ မအူပင်မြို့က ဆွေနီးမျိုးစပ် မိသားစု ဖြစ်နေပါတယ်။ သူတို့ရဲ့တစ်ဦးတည်းသောသားလေး အရေးပေါ် ဆေးရုံတင်ရတဲ့အကြောင်း။ အခြေအနေမကောင်းလို့ ညတွင်းချင်းခွဲမယ် ဆိုတဲ့အကြောင်း။ လိုက်ကြည့် ပေးဖို့ အားကိုးတစ်ကြီးနဲ့ ပြောကြပါတယ်။ကျမလဲ ကမမ်းကတမ်း အ၀တ်အစားလဲပြီး လူနာတင်ထားရာ ဆေးရုံကြီးကို လိုက်ခဲ့ပါတယ်။
     အဆင်သင့်ချင်တော့ ခွဲမဲ့ဆရာဝန်ကြီးက အသင်အပြရော၊ ခွဲစိပ်တဲ့နေရာမှာရော အလွန် တော်တဲ့ ကျမရဲ့ဆရာ ပရောဖက်ဆာ ဖြစ်နေပါတယ်။ ဆရာ့ထံမှာ အမျိုးကို ခွဲစိတ်တဲ့ အခါ ခွဲခန်းထဲဝင်ကြည့်ခွင့် ပေးဖို့ တောင်ပန်ပြီး၊အပြင်က စောင့်နေတဲ့ မိသားစုကိုလည်း စိတ်မပူဖို့၊ မြန်မာပြည်မှာ အတော်ဆုံး ခွဲစိတ်ဆရာဝန်ကြီး ကိုယ်တိုင် ခွဲမှာဖြစ်ကြောင်း အားပေးပြီး၊ ခွဲစိတ်ခန်းထဲဝင်ခဲ့ပါတယ်။
      လူနာက အသက်၂၅ နှစ်သာ ရှိသေးတဲ့ လူရွယ်တစ်ယောက်ပါ၊လာမဲ့အပတ် မှာလည်း သိပ္ပံပညာဘွဲ့ ယူမဲ့ ခေတ်ပညာတတ် တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရောဂါအခြေအနေက သေရေး ရှင်ရေး မခွဲရင် ပြစ်လိုက်ရမှာမို့ ရလိုရငြား စွန့်ပြီးအရေးပေါ်ခွဲရတာပါ။
       ဗိုလ်ဖွင့်လိုက်တာနဲ့ ဗိုလ်ထဲမှာ မြင်မကောင်းရှုမကောင်း အူအနာတွေက ပေါက်ထွက် နေပါတယ်။ များလှတဲ့ အူပေါက်တွေကို ဘယ်လိုမှ ပိတ်လို့မဖြစ်နိုင် (အူအသားတွေ ရိနေပါ တယ်) တာနဲ့ အနာတွေ ရှိတဲ့ အူမကြီးတစ်ခုလုံးဖြတ်ထုတ်ပြီး၊ ကျန်တဲ့အူနှစ်စကို ပြန်ဆက်၊ ဗိုလ်နံရံ ဘေးမှာ ၀မ်းထွက်ဖို့ အပေါက် ဖေါက်၊ ညစ်ပတ်နေတဲ့ ဗိုလ်ကို သန့်ရှင်းရေး လုပ်ပြီး ဗိုလ်ပြန်ပိတ် လိုက်ပါတယ်။ ဆရာက ပြောပါတယ်၊ မင်းလူနာ ၄၈ နာရီကျော်ရင်တော့ ငါတို့ ခွဲတာ အောင်မြင်ပါလိမ့်မယ်တဲ့။ ဒါပေမဲ့ နောက်တစ်နေ့ ၂၄ နာရီ အတွင်းပဲ လူနာသေဆုံး သွားပါတယ်။
     လူနာ့အူတွေကို ဖေါက်ပြစ်တဲ့ တရားခံကတော့ အမီးဘာပိုးပါပဲ။ ဒီလောက် အခြေ အနေ ဆိုးတဲ့အထိ ဖြစ်ရအောင် ဘယ်ဆရာဝန်နဲ့မှ မပြ ဘူးလား ဆိုတော့။ ပြပါတယ်တဲ့ ရန်ကုန်ကနံမည်ကြီး ခွဲစိပ်ဆရာဝန် တစ်ဦးနဲ့ ပြသကြောင်း။ အဲ့ဒီဆရာဝန်ကြီးဆီမှာ ပြထား တဲ့စာအုပ်ကို ပေးပါတယ်။ အပြင်ကိုယ်ပိုင် ဆေးခန်းမှာ ပြထားတဲ့ စာအုပ်ငယ်လေးထဲမှာ။
      ခွဲစိပ်ဆရာဝန်ကြီးက သူ့လူနာ သွေးထွက်မထွက်ကိုပဲ ဂရုစိုက်ပြီး၊ အမီးဘားပိုးစစ်ပုံက သူ့ လူနာကို ဒုက္ခမပေးနိုင်ဘူးဆိုပြီး သိပ်အရေးမထားခဲ့ဟန် တူပါတယ်။ ဒါပေမဲ့ အမီးဘားပိုး စစ်ပုံ က အမီးဘား ပိုးဗယ်ဂျီတေတစ်ပုံက ဖြစ်လာတယ် ဆိုတာ မေ့သွားဟန်တူပါတယ်။
     နံမည်ကြီးဆရာဝန် တော်တော်များများဟာ လောဘရဲ့ သားကောင်တွေ ဖြစ်ကုန်ကြပြီး၊ လာသမျှ လူနာတွေအကုန် ကြည့်ကြပါတယ်။ ဒါပေမဲ့ လူဟာ စက်မဟုတ်ပါဘူး။၂၄ နာရီ ခိုင်း လို့ မရပါဘူး။ အထူးသဖြင့် အေးအေးဆေးဆေး လေးလေးနက်နက် စဉ်းစားရမဲ့ ဆေးကုသမှု မျိုးတွေမှာ အချိန်ပေး သင့်ပါတယ်။ နိုင်ငံခြားမှာသာဆိုရင် လူနာက တရားစွဲလို့ သူတစ်သက် လုံး ရှာထားတဲ့စီးပွါးတွေ ကုန်ရမှာပါ။
      တစ်ခါက နားနှခေါင်းအထူးကုဆရာဝန်ကြီးဦးသိန်းမောင်ကပြောဘူးပါတယ်။ အထူးကု (Specialist) ဆိုလို့ သိပ်အထင်မကြီးနဲ့တဲ့ အများကြီး မသိတော့ပဲ နည်းနည်းလေး သိသွား တာကို ပြောတာတဲ့။ ဟုတ်ပါတယ်။ကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခု (၀ါ) ပညာရပ်တစ်ခုကို အသေးစိပ် သိသွားပေမဲ့ လူကိုယ် ခန္ဓာတစ်ခုလုံး (General) ကို သိတာတော့ နည်းသွားပါတယ်။ ဒါကြောင့်လူနာ အနေနဲ့ အထူးကုဆီ တန်းပြီး သွားမပြပဲ၊ပထမဦးဆုံး အထွေထွေ ရောဂါကု (Generalist) ကိုအ ရင်ပြသင့်ပါ တယ်။
     ခက်တာကမြန်မာနိုင်ငံမှာ မကြွားသင့်တဲ့ နေရာ တွေမှာ ကြွားကြပါတယ်။ ရောဂါဖြစ်ရင် ဘယ် နံမည်ကြီး၊ ဘယ်နိုင်ငံ ပြန်ဆရာဝန်ကြီးနဲ့ပြတဲ့အကြောင်း၊ ဘယ်နိုင်ငံက ဆေးကို နိုင်ငံခြားကမှာ သောက်ကြောင်းဆိုတာတွေကို ၀မ်းသာအားရ ဂုဏ်ယူပြောနေကြတာကို အံ့သြ စွာတွေ့ရတာပါပဲ။
ပြင်သစ်နိုင်ငံမှာ အရေပြားရောဂါ၊ မီးရပ်နဲ့သားဖွါးရောဂါ၊ မျက်စိရောဂါ၊ တွေက လွဲရင် မိမိပြနေကျ အထွေထွေရောဂါကု ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အထူးကု ဆရာဝန်တွေကိုပြမှ ဆေးကုသမှု ကုန်ကျစရိတ်ကို အစိုးရက ပြန်ပေးပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်သွားပြရင် မပေးပါဘူး။
          နောက်အရေးကြီးတဲ့ ၀မ်းစစ်ရခြင်း အကြောင်းကတော့ အစာအိမ်အနာက သွေးထွက်မထွက် သိအောင်လို့ပါ။  ဒီရောဂါမှာလည်း သွေးဟောင်းတွေ့ဖို့ အခွင့်အရေးပိုများအောင် ၃ ရက် ဆက်စစ်တာ ကောင်းပါတယ်။သွေးဟောင်းဆိုတာ အစာအိမ်ထဲကထွက်လာတဲ့ သွေးကို ဆိုလိုတာပါ။ အစာအိမ်ထဲမှာ အက်စစ်ရည်တွေရှိတာမို့ သွေးဟာ နဂိုအနီရောင် မဟုတ်တော့ ပါဘူး။ ညိုပုပ်ပုပ်ဖြစ်သွားပါပြီ၊ သွေးဟောင်း သိပ်များရင်တော့ ကပ်တရာစီး လိုမည်းပြီး စီးကပ် နေပါတယ်။ အစာအိမ်အနာရှိနေသူများ  ၀မ်းကို သတိထားကြည့်သင့်ပါတယ်။ ကိုယ့်ဝမ်းက ကပ်တရာစီးလို မည်းပြီး စီးကပ်နေတယ်ဆိုရင် ဆရာဝန် နဲ့ အမြန်ပြ သင့်ပါ တယ်။ (မှတ်ချက် သံဓါတ်ပါသော ဆေးများစားနေလျှင်လည်း ၀မ်းမည်းမည်း တွေ သွားပါတယ်)
        အက်စစ်မထိတဲ့နေရာတွေက သွေးထွက်တယ်ဆိုရင် သွေးအရောင်အတိုင်း နီပါတယ်။ ဥပမာ၊ အူမကသွေးထွက်တာ၊ လိပ်ခေါင်း ကသွေးထွက်တာမျိုး။
        ကိုယ့်ဝမ်းကို စွန့်ပြီးရင် ပြန်ကြည့်ပြီး အသုဘကိုယ် ဆိုတာ သတိသံဝေဂ ယူဖို့ မြတ် ဘုရားက သားရဟန်းတို့အား မိန့်မှာတော်မူ တယ်လို့ မှတ်သားဖူးပါတယ်။ ကိုယ့်မစင်ကို ပြန် ကြည့်ရင် လောကီရော၊ လောကုတ္တရာရော အကျိုးများတာမို့ ဘုရားသားတော်များ သာမက လူဝတ် ကြောင်တွေလဲကြည့်သင့်ပါ တယ်။
အသုဘ ဘာဝနာ (ရေအိမ်တက်) ရဋ္ဌပါလ။
မနေ့ကအစာ၊မနက်မှာ၊ဖျစ်ညှစ်ထွက်လို့လာ၊
အဆင်းလဲပျက်၊အနံ့ပျက်၊အားလုံးပျက်သည်သာ၊
အညစ် အစို့၊နံဟောင်သလို၊အန်ပျို့ချင်စရာ၊
လက်ဖျားနှင့်ပင်မထိချင်၊ထိလျှင်၊ဆေးကြောကာ၊
ရွှံစရာဖုံ၊တစ်ကိုယ်လုံး၊မစင်တုံးကြီးမှာ၊
အကောင်းမရှိ၊ဗလာအတိ၊နတ္ထိချစ်စရာ၊
ဓါတ် ရုပ်လေးပါး၊ခွါ ၍ထား၊အသားအရိုးလေးပုံပါ၊
လေးပုံတစ်စု၊ဖယ် ၍ရှု၊တစ်ခုမကျန်ပါ၊
ဘာမှမကျန်၊ရုပ်နှင့်နာမ်၊စွန့်ရန်သင့်သည်သာ။
ကျမ်းကိုး။
၁။မဟာစည်ဆရာတော်ဘုရားကြီးဖြေကြားတော်မူသောဘ၀ပြဿနာ။
၂။မိုးကုတ်ဆရာတော်ဘုရားကြီး၏တရားတော်များ။
၃။ရဋ္ဌပါလ။
၎။ဝီကီပီးဒီးယား။
Friday, June 1, 2018
အရွယ်တင်စေတဲ့ကုသိုလ်။
မြန်မာဗုဒ္ဓာသာဝင်တိုင်း ရင်းနှီးနေတာက ပုဗ္ဗာရုံကျောင်းအမကြီး ၀ိသာခါ ပါ။ ကျောင်းအမကြီးဟာ သားဆယ်ယောက်သမီးဆယ်ယောက်မွေးဖွါးခဲ့ပြီး ၄င်းရဲ့သားသမီးတွေကလဲ အယောက် ၂၀ ဆီထပ်မံမွေးကြတာကြောင့် ၀ိသာခါမှာ မြေး လေးရာ၊မြစ်ရှစ်ထောင်ရရှိခဲ့ပေမဲ့ များပြားလှတဲ့သားသမီးမြေးမြစ်တွေကိုလုံလောက်စွာကြွေးမွေးရုံမက အလှူလက်နဲ့မပြတ်လှူနိုင်လောက်အောင်ချမ်းသာကြွယ်ဝတဲ့ ရာဇဂြိုလ်မြို့ရဲ့ထိပ်တန်းသူဌေးကြီး ၅ယောက်ထဲကတစ်ယောက်သောသူဌေးဖြစ်တဲ့မေဏ္ဍကသူဌေးရဲ့မြေးဖြစ်ပြီး သူမအတွက် သာကေတမြို့ကိုတောင် တည်ပေးတယ်ဆိုတာတွေဖတ်ရတော့ ကုသိုလ်ကံကောင်းလိုက်တာလို့အားကျမိကြမှာပါ။ ဒီထက်ပိုအားကျစရာကောင်းတာကတော့ ကျောင်းအမကြီးရဲ့ အသက်နဲ့မလိုက်အောင် ပျိုရွယ်နေခြင်းပါ။ ဘယ်လောက်တောင်မှနုပျိုသလဲဆိုရင် ကျောင်းအမကြီးနဲ့သူမရဲ့မြေးမတွေကို မမြင်ဘူးသူတွေကခွဲခြားမသိနိုင်ပါဘူးတဲ့။ ခွဲခြားနိုင်တဲ့တစ်ခုတည်းသောအချက်ကတော့ ကျောင်းအမကြီး ဘုရားထံလာရောက်ပြီးပုဆစ်တုပ်ဝတ်ပြုရာက အထမှာတော့မြေးမတွေလို အမြန်မထနိုင်ပဲ အနည်းငယ်နှေးကွေးပါတယ်တဲ့။ မြတ်ဘုရားဟောတော်မူတဲ့ကံမ္မနိယာမတွေထဲမှာ လှူဒါန်းပေးကမ်းတဲ့ ကုသိုလ်တွေကြောင့် ချမ်းသာကြွယ်ဝတာ၊သူတစ်ပါးတို့ကိုဒါနမှုတွေပြုလုပ်ဖြစ်အောင်လှုံ့စော်ခဲ့လို့သားသမီးအခြွေအရံများတာ၊ သီလလုံခြုံခဲ့လို့အသက်ရှည်တာကျန်းမာတာ၊ ဒေါသနည်းပြီးကရုဏတရားထားလို့ရုပ်ရည်ချော်မော်တာ စတာတွေကိုသိထားပေမဲ့။ ဘာကောင်းမှူတွေလုပ်ခဲ့လို့အရွယ်တင်နုပျိုတယ်ဆိုတာကိုတော့ မကြားဖူးပါဘူး။ သုတ္တန်တရားတော်တွေထဲမှာ ချော်တဲ့လှတဲ့သူတွေ၊ပိုင်ဆိုင်မှူတွေမရေမတွက်နိုင်လောက်အောင်များပြားတဲ့သူဌေးတွေ(သူကြွယ်ဆိုတာက၄င်း၏ ပိုင်ဆိုင်မှူကိုရေတွက်နိုင်တယ်။ယခုခေတ် သန်းကြွယ်သူဌေးဆိုတာမျိုး)၊အသက်ရှည်တဲ့သူတွေ၊ ကျန်းမာတဲ့သူတွေရှိပေမဲ့ ကျောင်းအမကြီးလိုထူးထူးခြားခြား အရွယ်တင်ပါတယ်ဆိုတာ မရှိပါဘူး။ အရွယ်တင်နုပျိုတာကိုလူတိုင်းလိုလားကြပါတယ်အထူးသဖြင့် ၊အလွန်လှချင်သောအမျိုးသမီးတွေကသိချင်ကြပါတယ်။ ဒါပေမဲ့ ဘုရားဟောတရားတော်ထဲမှာ ယခုထက်တိုင်ရှာမတွေ့ခဲ့ပါဘူး။ ဒါဖြစ်ရင်ကျောင်းအမကြီးကိုချီးကျူးကြရာက စကားဆိုတဲ့အတိုင်း ပြောရင်းပြောရင်း ကားလာတာလား ? တကယ်အရွယ်တင်တယ်ဆိုတာဟုတ်၇ဲ့လား ?
၂၀၀၀ မတိုင်ခင်က ဆရာတော်ဦးဇော်တိကရဲ့ တရားခွေအကုန်လောက်နီးပါးကိုနာမိပါတယ်။ ဆရာတော်က တရားတော်တွေကိုနေ့စဉ်ဘ၀နဲ့ဆက်စပ်ပြီး နေတတ်ထိုင်တတ်အောင်ဟောပြတော်မူပါတယ်။ အဲ့ဒီထဲက တရားတစ်ပုဒ်မှာ အမေရိကန်က တရားထိုင်သူတွေမှာလက်တွေ့သိပ္ပံနည်းနဲ့စမ်းသပ်တွေ့ရှိမှူတွေကိုထဲ့သွင်းဟောတော်မူပါတယ်။ တရားခေါင်းစဉ်တော့မမှတ်မိတော့ပါဘူး။ အဲ့ဒီ စမ်းသပ်မှု့မှာ လူသုံးအုပ်စုပါဝင်ပါတယ်။ တစ်အုပ်စုက အမေရိကန်မှာနေထိုင်တဲ့သာမန်တရားမထိုင်တဲ့သူ၊နှစ်အုပ်စုက တရားထိုင်တယ်။ဒါပေမဲ့ ရန်ဖန်ရန်ခါသာထိုင်တယ်။တတိယအုပ်စုကတော့ တရားအမြဲထိုင်တယ်။အဲ့ဒီလူတွေရဲ့ ဥဏှေက်ကလာတဲ့သွေးပြန်ကြော်ကသွေးကိုယူပြီး ဓါတ်ခွဲခန်းမှာ battery of available tests တွေကိုစစ်ကြတယ်။ အဖြေဘာတွေ့သလဲဆိုတော့။ ပထမ အုပ်စုကသွေးတွေမှာ stress hormones လို့ခေါ်တဲ့ steroids hormones တွေသာမန်ထက်များနေတယ်။ ဒုတိယအုပ်စုကသွေးတွေမှာ stress hormones တွေသာမန်လောက်သာရှိနေတယ်။တတိယအုပ်စုကသွေးတွေမှာ stress hormones တွေသာမန်ထက်နည်းနေပြီး။ endorphins လို့ခေါ်တဲ့ (endogenous opioids ) လူ့ကိုယ်တွင်းကထုတ်တဲ့ဘိန်းနဲ့တူတဲ့ hormones    တွေရှိနေတာတွေ့ရတယ်။ ဒီ endorphins တွေက ဘိန်းတွေလိုပဲအနာသက်သာစေတယ်။ ဒါပေမဲ့ဘိန်းလိုမဆွဲဘူး (addiction) ၄င်းအပြင်  steroids hormones တွေရဲ့သတ္တိတွေကိုပယ်ဖျောက်ပစ်တယ်။ steroids hormones တွေကို stress hormones လို့ခေါ်ရတဲ့အကြောင်းက လူအပါအ၀င် သတ္တ၀ါတစ်ကောင်ဟာ အရေးပေါ်အခြေအနေ (stress ဥပမာ ရန်သူနဲ့တွေ့ခြင်းစသည်)  နဲ့ကြုံလာတဲ့အခါမှာ (either fight or flight) ပြန်တိုက်ရင်တိုက် မတိုက်နိုင်ရင်ပြေးဖို့အတွက် ကိုယ်မှာရှိတဲ့စွမ်းအင်တွေကိုအသုံးချပါတယ်။ အဲ့ဒီ process မှာ အသားတွေ၊အဆီစတာတွေကိုခြေဖျက်ပြီးစွမ်းအင်ထုပ်လုပ်ပါတယ်။ ယခုလို တိုးတက်တဲ့ခေတ်မှာ ပြန်တိုက်လို့လဲမရ၊ပြေးလို့လဲမရတဲ့ အခြေအနေများ ဥပမာ air pollution, noise pollution, uv rays စတဲ့  stress  များကြောင့် stress hormones တွေ ကို ကိုယ်ခန္ဓာကသာမန်ထက်ပိုမိုထုတ်ပါတယ်။ ဒါကြောင့်အခုခေတ်ကို stress era လို့တောင်ခေါ်ဆိုပါတယ်။ ဒီ  stress hormones တွေကြောင့် ကျမတို့တွေနေ့စဉ်နဲ့အမျှ senile changes အိုတဲ့လက္ခဏာတွေဖြစ်တဲ့အသားအရေတွဲခြင်း၊ဆံပင်ဖြူခြင်းတို့ဖြစ်ကြပါတယ်။ ဒါပေမဲ့တရားမှန်မှန်ထိုင်တဲ့သူတွေမှာတော့  stress hormones တွေကို ခြေဖျက်ပေးတဲ့ endorphins တွေထွက်လာတာကြောင့် senile changes တွေသာမန်လူတွေထက်လျော့တယ်ဆိုတဲ့ အဖြေကိုတွေ့ရပါတယ်။ လေ့လာတဲ့သူတွေက တရားထိုင်တဲ့အချိန်နဲ့endorphins တွေထွက်တဲ့ အချိုး (relation) ကိုလဲလေ့လာကြပါတယ်။ သူတို့ရဲ့တွေ့ရှိချက်ကတော့ တရားထိုင်တာ ၄၅ မိနစ် ကြာမှ endorphins တွေစထွက်ပါတယ်တဲ့။
 ခေတ်ပေါ်ဆေးပညာခွဲစိပ်ကုသခြင်းဖြင့်အရွယ်တင်အောင်ပြုလုပ်ခြင်းက ငွေကြေးအကုန်အကျအလွန်များတဲ့အပြင် ငို၍ရီ၍မရသောမျက်နာမျိုးအပြင် အရုပ်ဆိုးအကြီးတန်တဲ့မျက်နှာ ကစလို့သေဆုံးသည်အထိ ဘေးထွက်ဆိုးကျိုးတွေရနိုင်ပါတယ်။ botox ထိုးခြင်းကလဲအချိန်အတိုင်းအတာတစ်ခုထိသာပြုလုပ်နိုင်ပါတယ်။ ( botox ထိုးလျှင်တစ်ခါနဲ့တစ်ခါအာနိသင်တွေနည်းလာပါတယ်။) ဒါကြောင့် ပိုက်ဆံလဲမကုန်၊ဘေးထွက်ဆိုးကျိုးလည်းမရှိတဲ့အပြင်ကုသိုလ်လဲရတဲ့ တရားထိုင်ခြင်းကို နေ့စဉ် အနဲဆုံး တစ်နာရီပြုလုပ်ကြပါလို့နှိုးစော်အပ်ပါတယ်။
မိတ်ဆွေအားလုံးငယ်ရွယ်နုပျိုလန်းဆန်းကြပါစေ။