လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, April 10, 2012

ပြင်သစ်အကြောင်းသိကောင်းစရာ

ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရဲ့ နိုင်ငံတကာ ကျော်ကြားတဲ့ ပါစတာအင်စတင်ကျု့မှာ (Pasteur Institute) အလုပ်မ၀င်ခင် ရောဂါရှိမရှိနဲ့ ကျန်းမာကြောင်း စစ်ဆေးရပါတယ်။ ပြင်သစ်  မလာခင်က ပြင်သစ်စကားနဲ့ စာအနည်းငယ် သင်ခဲ့သော်လည်း ပြင်သစ်လို ပီသ အောင် မပြောနိုင်ပါဘူး။ ပြီးတော့ စာတွေက အင်္ဂလိပ်အက်ခရာတွေမို့ အင်္ဂလိပ်အသံထွက်ပဲ ထွက်ထွက်သွားပါတယ်။ များသော အားဖြင့် ပြင်သစ်နဲ့ အင်္ဂလိပ်ပြောင်းပြန်တွေဖြစ် နေပါ တယ်။ အယူအဆခြင်းပြောင်းပြန်ဖြစ်လို့ နှစ် ၁၀၀ တိတိ စစ်ဖြစ်ခဲ့တာလား၊ ဒါမှမဟုတ် နှစ်  ၁၀၀ စစ် ဖြစ်ခဲ့လို့ပဲပြောင်းပြန်တွေ လုပ်နေတာလားတော့ မသိပါဘူး။ အသက်အရွယ် ကြီးတဲ့ ၆၀ ကျော်ပိုင်း ပြင်သစ်တွေက အင်္ဂလိပ်ကို သိပ်မုန်းပါတယ်။ လမ်းမှာလမ်း မသိလို့ အင်္ဂလိပ်လိုမေးရင် ပြင်သစ်လိုသာပြန်ပြောပြီး အင်္ဂလိပ်လိုသိရဲ့နဲ့ မဖြေပါဘူး။ သူတို့ကို  ဖြေ စေချင်ရင် ပြင်သစ်လို မပြီကလာ ပြီကလာ၊  ထော့နဲ့၊ ထော့နဲ့ နဲ့မေးရင်တော့ စိတ်မ  ရှည်ပဲ အင်္ဂလိပ်လိုပြန် ဖြေပါ တယ်။ လူငယ်ပိုင်းကတော့ အိုကေ ပါတယ်။

အကြောင်းတိုက်ဆိုင်လို့ ယိုဒယားတွေရဲ့ မြန်မာတွေအပေါ် ထားတဲ့ သဘောထား  ကိုလည်း ပြောပြ ချင်ပါတယ်။ ဂျပန်ကိုအသွား ၁၉၈၆ ခုနှစ်ကယိုးဒယားမှာ (transit) အနေနဲ့ တစ်ည အိပ်ရပါတယ်။ လေယဉ်ကွင်းကနေ ဟော်တယ်ကို ကားစီးသွားရပါတယ်။ ကားဂိတ် မှာ (passport) ပြရပါတယ်။ ကားတစ်စီးပြီး တစ်စီးနဲ့ နောက်ရောက်တဲ့ သူတွေကိုသာ တင်ပေးပြီး ကျမကို ချန်ထားပါတယ်။ ၃-၄ စီး အထိကျမအလှည့် မရောက်ပါဘူး။ ပထမ တော့ကျမနဲ့ ဟော်တယ် မတူလို့ လို့ထင်ခဲတာ။ နောက်မှ ကျမကို တမင်ချန်ခဲ့မှန်းသိလို့ သွားပြောတော့မှ ကျမကို တင်ပေးပါတယ်။

မြန်မာဘုရင်တွေ အယုတ်ဒယမြို့ကို ဖျက်စီးခဲ့တာကို အခဲမကြေနိုင်ဖြစ်ပြီး၊ မြန်မာ တွေကိုဖြစ်တဲ့  နည်းနဲ့ ဒုက္ခပေး တယ်တဲ့။ အထူးသဖြင့် ၆၀ ၀န်းကျင် ယိုးဒယားတွေက ပိုဆိုးကြောင်း။ ယိုးဒယားလို့ ပြောရင် သူတို့နားလည်းလို့ ယ ပက်လက်လို့ ပြောရကြောင်း နောက်မှ သိရပါ တယ်။

ယိုဒယားမှာမြန်မာလို မ၀တ်ဖို့ လဲအကြံ  ပေးကြပါတယ်။ ပြီးတော့ ဘန်ကောက်မှာ လျောက် လည်ရင် အပျက်အတိုင်း ထားထားတဲ့ အယုတ်ဒယမြို့ကို လိုက်ပြပြီး မြန်မာတွေ နှိပ်စက်ခဲ့တာကို ပြောတယ်တဲ့။ ယခုထက်ထိ ရန်လုပ်နေတာ ကတော့ လွန်တယ်ထင် ပါ တယ်။

အဲ့ဒီအချိန်က ဖျက်စီးခဲ့တဲ့ သူတွေဟာ ယခုမြန်မာတွေ မဟုတ်ပါဘူး။ အဲ့ဒီ အချိန်က မြန်မာ  ဘုရင်တွေထက်သူတို့ ယိုဒယား ဘုရင်တွေက အစွမ်းထက် ခဲ့မယ်ဆိုရင်လဲ ယိုးဒယား ဘုရင်တွေက မြန်မာတွေကို နှိပ်စက် ခဲ့မှာပါပဲ။

ဘန်ကောက်လေယဉ်ကွင်းမှာ ၂၄ နာရီ အတွင်းဆို လေယဉ်ကွင်း (airport tax) တက်စ် ပေး      စရာ မလိုပေမဲ့ မြန်မာတွေဆို ပေးရတယ်တဲ့။ (ယခု လေယဉ် လက်မှတ်မှာ  airport tax ပါပြီးသားမို့ ပြနာလုပ်လို့ မရတော့ပါဘူး)။ အဲ့ဒီလိုမတရား လုပ်တာ ကို တော့ သည်းမခံနိုင်ပါဘူး။ ကျမ ဂျပန်က အပြန် ၁၉၈၈ ခုမှာ ဘန်ကောက်က ဖြတ်ပြန် ရ ပြန်ပါတယ်။ အလာတုံးက အတိုင်း(airport Hotel) မှာတည အိပ်ပြီး နောက်နေ့ ရန်ကုန် လေယဉ် စီးရပါတယ်။ ကံကောင်းချင်တော့ ကျမပြန်မဲ့ နေ့မှ စပြီး ရန်ကုန် လေယဉ်ကွင်း စဖွင့်တာ မို့ဘန်ကောက်မှာ သောင်တင် နေတဲ့မြန်မာ သင်္ဘောသား တွေရော၊ အခုမှ လေယဉ်ဆိုက်လာတဲ့မြန်မာတွေ ရော အများကြီးပါပဲ။ ကျမလည်း တွေ့တဲ့မြန်မာတိုင်းကို ၂၄ နာရီ အတွင်းဆို (airport tax)  ပေးစရာ မလိုကြောင်း ပြောပြပါတယ်။  ဒါပေမဲ့ အားလုံးက ကျနော်တို့တော့ ပေးနေရတာပါပဲ။ မတတ်နိုင်ဘူးတဲ့။

တစ်ချို့ဆို ဘန်ကောက်လေယဉ်ကွင်းရောက်တာ တစ်နာရီ တောင်မပြည့်ပါဘူး။ ကျမ ကမှ ၂၃ နာရီကြာ နေပါပြီး။

(airport tax) ကသိပ် မများပါဘူး။ ဘတ် ၂၀၀ ထဲပါ။ ပိုက်ဆံ နှမျောလို့ မဟုတ်  ပါဘူး။ သက်သက်မဲ့ မတရားလုပ်တာ မခံချင်တာပါ။ ကျမအလှည့် ရောက်တော့ ထံစံအတိုင်း   (airport tax) တောင်းပါတယ်။ ကျမက ဥပဒေရှိကြောင်း။၂၄ မပြည့်တဲ့အတွက် မပေးနိုင် ဘူးလို့ ပြောလိုက်ပါတယ်။ အဲ့ဒီတော့ တစ်နေရာကို လက်ညှိုးထိုးပြီး (Form) သွားယူခိုင်း ပါတယ်။ အဲ့ဒီရောက်တော့ နောက် တစ် နေရာ ထပ်ညွှန် ပါတယ်။ အဲ့ဒီအချိန်က ဘန်ကောက် လေယဉ်ကွင်းမှာ အတက်မှာ စက်တတ်လှေးကား (escalator) တွေရှိပေမဲ့ အဆင်းကျတော့ မရှိပါဘူး။

ကျမမှာလည်း ပစ္စည်းတွေက လက်နဲ့ အပြည့်ပါပဲ။ အရေးအခင်းကြောင့် သင်္ဘောတွေက မြန်မာပြည်အတွက် ပစ္စည်းတွေ လက်မခံပါဘူး။

ရန်ကုန်မှာ ရေတွေအဆိပ်ခတ်တယ်။ ဘာစားစရာ မှမရှိဘူး စတဲ့ ကောလဟာလတွေ ကြောင့် ကျမ သယ်နိုင်သမျှစား စရာတွေ ပါလာပါတယ်။ ကြာလာတော့ ကျမပစ္စည်း တွေသယ်ပြီး မဆင်းနိုင်တော့လို့ အဆင်းဆိုရင်ပစ္စည်း တွေအားလုံးကို လှေးကားက နေ ကန်ချလိုက်ပါတယ်။ ပစ္စည်းတွေကျသံက တစ်ကွင်းလုံးကိုဆူနေပါတယ်။ အားလုံးကျမကို ၀ိုင်းကြည့်ကြပါတယ်။ မှတ်မှတ်ရရ ကျမဂျင်းဘောင်ဘီနဲ့ ဆွယ်တာအနီလေး ၀တ်ထား ပါတယ်။

ကျမ လေယဉ်ကွင်းကို ရောက်တာ ၃-၄ နာရီကျော်ပါပြီ။ ကျမကို ပညာရှိနည်းနဲ့ နှိပ်စက်နေတယ် ဆိုတာသိပေမဲ့ အရှုံးမပေး နိုင်ပါဘူး။ ကျမလေယဉ်က လဲထွက်ဖို့ နာရီ ၀က်လောက် ပဲလိုပါတော့တယ်။ ကျမ ပြေးနေ လွှားနေ ရတာနဲ့ ကျမ (passport) လည်း ဘယ်ရောက်သွား မှန်းမသိတော့ ပါဘူး။ ကျမ လေယဉ်နဲ့လွဲလို့ ကတော့မဖြစ်ပါဘူး။

ဒါနဲ့အနီးမှာ တွေ့တဲ့ အရေးပေါ်ဖုန်းကို ယူပြီး ငါ့လေယဉ် ထွက်တော့မယ်။ လေယဉ် မမှီလို့ကတော့ နင်တို့အပြစ်ပဲလို့ တကွင်းလုံးကြားအောင် အော်ပြောလိုက်ပါတယ်။

အဲ့ဒီတော့မှ လူရွယ်တစ်ဦး ရောက်လာပြီး ကျမပစ္စည်းတွေ ၀ိုင်းသယ် ပေးပါတယ်။ ကျမ (passport) ကိုလည်း ၀ိုင်းရှာ ပေးပါတယ်။ ပြီးတော့ (Secret passage) လှို့ဝှက်လမ်း ကနေ လေယဉ်ဆီ ပို့ပေးပါတယ်။

ကျမ အတော်မော နေတာနဲ့ လေယဉ်ပေါ်မှာ မြန်မာ အ၀တ်အစားလဲဖို့ အစီအစဉ်လည်း မလုပ်နိုင်တော့ပါဘူး။ လေယဉ်မယ်လေးက ဘာသောက်မလဲလို့ လာမေးတဲ့ အခါ မှာတော့ ..

ဘီရာအေးအေး တစ်ခွက် ပေးပါ ဆိုပြီး တစ်သက်နဲ့ တစ်ကိုယ် ပထမဦးဆုံး အကြိမ် (နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့ဆုတောင်းပါတယ်) အရက်ကို ကိုယ့်သဘောနဲ့ ကိုယ် သောက်လိုက် ပါတယ်။

လူမျိုးမာန ကိုတော့ လောကီကိစ္စတွေမှာ ထားသင့်တယ်လို့ ထင်ခဲ့မိပါတယ်။ ဆရာ ကြီး ဦးကျော်ထွတ်ရဲ့ သဒ္ဓမ္မဇောတိက အဘိဓမာမှာ လူတစ်ယောက်မှာ ကိုယ့်မျိုးရိုး ဇာတိမာန် ဟာ ရှိကိုရှိရမယ်။ လူလုပ်တယ် ဆိုတာ ဒီမာနနဲ့ လူလုပ်နေတာတဲ့၊ ဒါကြောင့် လူတွေမှာ ရှိသင့် ရှိထိုက်တဲ့ မာနဟာ ရှိကို ရှိရမယ်။ သောတာပန်မှာ ဒိဋ္ဌိပြုတ်တော့ လူဖြစ်နေသေးတဲ့ အတွက် မာနနဲ့ လူလုပ်နေရတာ။ တရားထိုင်လို့ ပယ်တဲ့အခါမှာတော့ မာနအားလုံး ပယ်ရမှာ ဖြစ်တယ်လို့ အကျယ်တ၀င့် ရှင်းလင်း ထားပါတယ်။ (ဆရာကြီးဦးကျော်ထွတ်ရဲ့ ဒ္ဓမ္မဇောတိ က အဘိဓမာ။ ၂၀၀၇။စာမျက်နှာ ၄၄-၅၅)။

ဒါပေမဲ့ စာရင်းချုပ်လိုက်တော့ မာနကြောင့် ကျမ အကြီးအကျယ် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း ဖြစ်ခဲ့ ရတယ်၊ ကြမ်းတမ်းတဲ့စကားတွေ၊ရိုင်းဆိုင်းတဲ့ အပြုအမူတွေ လုပ်ခဲ့မိ တယ်။ ငါးပါးသီလ လည်းပျက်ခဲ့ ရတယ်။ ဒါကြောင့် မာန အပါအ၀င် ကိလေသာ ၁၀ပါး (လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ) ဆို တာတွေဟာ ဖြစ်တဲ့ သူရဲ့ စိတ်ကို ညစ်ညူးစေတဲ့အပြင် အကုသိုလ်တွေ ဖြစ်စေတာပါပဲ။ နည်းနည်း ကိလေသာ ဖြစ်ရင် နည်းနည်း အကုသိုလ်၊ များများ ကိလေသာ ဖြစ်ရင် များများ အကုသိုလ်ဖြစ်တာပါ လားလို့ သဘောပေါက် မိ ပါတယ်။

တော်သေးတယ် အဲ့ဒီအချိန်က ခုခေတ်လို ဓါတ်ပုံရိုက်လို့ရတဲ့ လက်ကိုင်ဖုန်းတွေ internet တွေ မပေါ်သေးလို့၊ နို့မို့ ဆိုရင် လှေးခါးထိပ်က အထုပ်တွေ ကန်ချနေတဲ့ ကျမရဲ့ အလွန်လှပတဲ့ ဓါတ်ပုံနဲ့ မြန်မာအမျိုးသမီးတစ်ဦး၏ ဘန်ကောက်လေယဉ်ကွင်းပုံ ဆိုပြီး  တစ်ကမ္ဘာလုံး ပြန့်နှံ့၊ မှတ်တန်း တင်ပြီးသား ဖြစ်ကုန်မှာပါ။ ကျမအတွက်နဲ့ မြန်မာတွေ  မျက်နှာပျက်ကြရမှာ။ ဘုရားမ လို့။

ဆရာကြီးဦးကျော်ထွတ်ရဲ့ ဒ္ဓမ္မဇောတိက အဘိဓမာကို သေအချာ အပြန်ပြန်            အလှန်လှန် ဖတ်တော့မှ ဆရာကြီး ဆိုလိုချင်တာက ကိုယ့်အဆင့်အတန်းကို ကိုယ်တန်ဖိုး ထားတာမျိုးကို ဇာတိမာန်လို့ဆိုလိုတာ။ ဥပမာ လူကောင်းတစ်ယောက်က လူကောင်းဇာတိ ကို ထိန်းတာမျိုးကို ဇာတိမာန်လို့ ဆိုလိုတာ လူကောင်းလိုကျင့်တာ လူမိုက်လိုမကျင့်တာလို့ အခုမှ သဘောပေါက်မိ ပါတော့တယ်။

ပြင်သစ် ဆီပြန်သွားရအောင်။ ကျမ မိတ်ဆွေမြန်မာ အမျိုးသမီးနဲ့ အိမ်ထောင်ကျ တဲ့ ပြင်သစ် မြန်မာလင်မယားနဲ့ ကျမကားကြုံ လိုက်ဖူးပါတယ်။ ပြင်သစ်ယောကျာ်းက ကျမသူတို့ ကားထဲရောက်တာနဲ့ ဒီကားထဲမှာ ပြင်သစ်လို ဒါမှမဟုတ် မြန်မာလိုပြောနိုင်တယ်တဲ့။ အင်္ဂလိပ်လို တော့မပြောရဘူးတဲ့။ အင်္ဂလိပ်စကားဟာ နိုင်ငံတကာသုံးစကား ဆိုတာကို မေ့ နေတာလား။ အသိအမှတ် မပြုချင် တာလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိမှာပါ။

ကျမ တိုင်းပြည်နံမည်ပြောတော့ မြန်မာ ဆိုတာ မသိကြပါဘူး။ ဗမာကို ပြင်သစ်လို   ဗမာနိ (Birmanie) လို့ပြင်သစ်လို ပြောပေမဲ့ အသံထွက် မပြီတာကြောင့် ဂျာမနီ (Germany) နဲ့မှားပါ တယ်။ နောက်ဆုံး စာရေးပြမှပဲ နိုင်ငံအမှန် ရပါ တော့တယ်။ ဒီကြားထဲ တစ်ယောက် က နင်တို့တိုင်းပြည်က ငယ်ငယ်လေး လားတဲ့။ ဆိုလိုတာက ကျမတို့ တိုင်းပြည်က သေးလွန်း လို့ သူတို့ မသိဘူးပေါ့။ ဘယ်က သေးရမှာလည်း ငါတို့နိုင်ငံက နင်တို့ ပြင်သစ်နိုင်ငံနဲ့ အင်္ဂလန် နိုင်ငံ၊ နှစ်နိုင်ငံပေါင်းစာ ရှိတယ်လို့ ၀င့်ဝင့်ကြွားကြွား ပြန်ပြောလိုက်ပါတယ်။ ဒါဆို နင်တို့ နိုင်ငံက ဘယ်နားမှာ လဲတဲ့။ Bangaladash, India, China, Lao နဲ့ Thailand တွေနဲ့ ၀ိုင်းရံ ထားတယ်ဆိုတော့မှ သြ သြ ဆိုပြီး နိုင်ငံကိစ္စ ပြီးသွား ပါတော့ တယ်။

နိုင်ငံ အကြောင်း ပြီးတော့ အိမ်ထောင်ရေး ခြေအနေမေးပါတယ်။ တစ်ခုလတ် လည်း မဟုတ်ဘူး၊ မုဆိုးမလည်း မဟုတ်ဘူး။ တစ်ခါမှ လက်မထပ် ဖူးဘူး ဆိုတော့။ ခလေးရှိလားတဲ့။

သြ ဘာတွေ လျောက်မေး နေတာလဲ။ ထရိုက် ချင်စရာ မေးခွန်းတွေ ပါပဲ။ နောက်မှ သိရ တာက ပြင်သစ်မှာ အိမ်ထောင်မရှိတဲ့ ခလေးအမေတွေ အများကြီးတဲ့။ အဲ့ဒီလို အမျိုး သမီးတွေကို အစိုးရက ထောက်ပံ့ကြေးပေးတာကြောင့် ယောက်ျားရှိပေမဲ၊့ ယောက်ျားမရှိဘူး ဆိုပြီး ထောက်ပံ့ကြေး ညာယူ ကြသူတွေ လည်းရှိတယ်တဲ့။ ပတ်ဝန်ကျင် ကလည်း ခလေးအ  ဖေ မပေါ်ပဲ ခလေးမွေးတာကို လက်ခံ တယ်တဲ့။ နံမည်ကြီး အမျိုးသမီးတွေ၊ အမျိုးသမီးဝန်ကြီးတွေတောင် ခလေးအဖေ မရှိပဲ ခလေးမွေးတယ်တဲ့။

          သြ အရှေ့နဲ့ အနောက်ဆိုတာ ဒီလိုကွာတာ လားလို့ တွေးနေ မိပါတော့ တယ်။ မြန်မာများ အဲ့ဒီဓလေ့ ဆိုးကြီးကို အတုမယူ မိကြပါစေ နဲ့လို့လဲ ဆုတောင်း မိပါတယ်။

ဆေးစစ်ပြီးတော့ ကြက်ညှာ ချောင်းဆိုး ကာကွယ်ဆေးနဲ့ ၀က်သက် ကာကွယ်ဆေးတွေ ထိုးမလာလို့ ဆိုပြီး အဲ့ဒီခလေးတွေမှာ ဖြစ်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးပါတယ်။ အဲ့ဒီ ရောဂါတွေက ကျမ ငယ်ငယ်က ဖြစ်ပြီးပြီးမို့ ကာကွယ်ဆေးထိုးဖို့မလိုပါဘူး။ ဒါပေမဲ့ ပြောနေရင် အဘိဓာန်တစ်အုပ်စာ လောက်ရှင်း နေရမှာမို့ အသားပဲ အနာခံ လိုက်ပါတော့တယ်။ သူတို့ နိုင်ငံမှာက အဲ့ဒီရောဂါတွေ မဖြစ်တော့လို့ အပြင်တိုင်းပြည်တွေက ရောဂါတွေ ၀င်လာမှာစိုးလို့ ကာကွယ် ဆေးထိုး မလာတဲ့ လူကြီး၊လူငယ်အားလုံးကို ကာကွယ်ဆေး ထိုးပါတယ်။

ဆေးစစ်ပြီးလို့ ပါစတာ ရောက်တော့ ကျမလုပ်မဲ့ ဌာနက အင်္ဂလိပ်လိုပြောတတ်တဲ့ လူရွယ် (အသက် ၂၅ ခန့်) ကစတင် နှုတ်ဆက်ပြီး ပြောလိုက်တာကတော့
“ငါ နင့်ကို နမ်းလို့ ရမလား တဲ့” Can I kiss you ?

မြတ်စွာဘုရား ဘာတွေ လာပြော နေတာလဲ။ ဘယ်လို လူတွေ ပါလိမ့်။ အလုပ် ဆက် လုပ်လို့မှ ဖြစ်ပါ့မလားလို့ တွေးရင်း ကမန်းကတန်း No No လို့ဖြေလိုက်ပါတယ်။

လူရွယ်လဲ ရှိုးတိုး ရှမ်းတန်း ဖြစ်ပြီး ထွက်သွား ပါတယ်။နောက်မှ သိရတာက ပြင်သစ် မှာ ပါးချင်းကပ်ပြီး နှုတ်ဆက်ကြတယ်တဲ့။ အဲ့ဒါကို ပြင်သစ်လို နှုတ်ဆက်အနမ်း (Biseau)ကို သူက အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန် လိုက်တာပါပဲ။ ဒါပေမဲ့ ကျမအတွက်တော့ကောင်း သွားပါတယ်။ ကျမကို (Pasteur) မှာဘယ်သူမှ ပြင်သစ်လိုနှုတ် မဆက်ကြတော့ပါဘူး။

ပါရီမြို့ မှာ ခင်မင်သူ တစ်ဦးနဲ့တစ်ဦး တွေ့ရင် တစ်ယောက်တစ်လှည့်ဆီ ပါးတစ်ဘက်  တစ်ချက်ဆီ အပြန်အလှန် နမ်းကြပါတယ်။ဒါကြောင့် ၄ ခါ ဖြစ်သွားပါတယ်။ တချို့နေ ရာတွေ မှာလေးခါဆီ ကပ်တာမို့ ရှစ်ခါတဲ့။ လူစုလူဝေး တစ်ခုဆီသွားရင် နောက်ရောက်တဲ့သူက အရင် ရောက်နေတဲ့သူ အားလုံးကို နှုတ်ဆက်ရပြီး။ အရင်ပြန်သူကလည်း ကျန်နေတဲ့သူ အားလုံးကို အနမ်းနဲ့ နှုတ်ဆက်ရပါတယ်။

သူတို့ရဲ့ ယဉ်ကျေးမှု ကြောင့် ကျမ တတ်နိုင်သမျှ ပြင်သစ်အိမ်တွေကို မသွားတော့ ပါဘူး။ ဒီကြားထဲ မြန်မာတွေကပါ အတုလိုက်ပြီး ပြင်သစ်လို နှုတ်ဆက်ကြပါ တယ်။ ဆွာတယ် ပဲပြောပြော မြန်မာအချင်းချင်း မြန်မာလိုပဲ နှုတ်ဆက်ပါ။ ကျမ မြန်မာပါလို့ မျက်နှာထား တင်းတင်းနဲ့ ပြောလိုက် ပါတယ်။

ရောမမြို့ ကိုရောက်ရင် ရောမ လိုကျင့် ဆိုတာ အတိုင်းအတာနှင့် လိုအပ်ချက် ဆိုတဲ့ မှတ်ကျောက်
(Criteria) တွေတော့ရှိရမယ်ထင်ပါတယ်။

ကျမ မှားပါသလားရှင် ?



No comments:

Post a Comment