လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, April 20, 2012

ကျန်းမာအောင်ဘယ်လိုစားမလဲ (၃)

      သွေးလွှတ်ကြောတွေ အဆီတွေနဲ့ပိတ်ပြီး မာကျောလာတာကို (Hardening of the arteries or Atherosclerosis) လို့ခေါ်ပါတယ်။ ဥပမာပြရမယ်ဆိုရင် ပလပ်စတစ်ရေပိုက်လိုင်းများ အသုံးပြုတာ ကြာလာတဲ့အခါ အညစ်အကြေးတွေနဲ့ အပေါက်ကျဉ်းလာတာ၊  အသစ်တုန်းကလို ပျော့ပျော့ပြောင်းပြောင်း မရှိတော့ပဲ မာကျောလာတာနဲ့ တူပါတယ်။

      ရေအား များလာတဲ့အခါမှာ ပိုက်အသစ်တုံးကလို ခံနိုင်စွမ်းမရှိတော့ပဲ နံရံတွေပေါက်ကုန်တာလိုပဲ နှလုံးက အားနဲ့ညှစ်လိုက်တဲ့ သွေးတွေကြောင့် ငယ်ငယ်တုံးကလို မဟုတ်တော့ပဲ သွေးလွှတ် ကြော်တွေ ပေါက်ပြီး သွေးတွေဥဏှောက်ထဲ ထွက်ကုန်တာကို လေသင်တုန်း ဖြတ်တယ် (stroke) လို့ခေါ်တာပါ။ သွေးတွေ အများကြီးထွက်ကုန်ရင် ချက်ချင်း သေဆုံးနိုင်သလို  သွေး ထွက်တာနည်းပေမဲ့ ဥဏှောက် တစ်ခြမ်းကို ဖိမိရင်တော့ ကိုယ်တစ်ချမ်း သေတာ။ ဖိမိတဲ့ ဥဏှောက်ရဲ့နေရာပေါ် မူတည်ပြီး စကား မပြော နိုင်တာ၊ မျက်စိကြောင်တောင် ကန်းသွားတာ၊ စသည်များ ဖြစ်နိုင်ပါတယ်။

     နှလုံးကိုသွေးပေးတဲ့ သွေးကြောတွေ ပေါက်ရင်တော့ နှလုံးရောဂါနဲ့ သေနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ဘယ်သွေးလွှတ်ကြောမှာမဆို ဖြစ်နိုင်ပေမဲ့ ဥဏှောက်နဲ့နှလုံးက ကိုယ်ခန္ဓာအတွက် မရှိမဖြစ် လိုအပ်တဲ့ (Vital organs) အင်္ဂါတွေဖြစ်လို့ ဒီအင်္ဂါတွေက သွေးကြောတွေ ပေါက်ရင် သေဆုံးခြင်းနဲ့ ဆိုးဝါးသော အခြေအနေများ ဖြစ်စေပါတယ်။

        သွေးကြောတွေ မပေါက်ပဲ အပေါက်ကျဉ်းနေတဲ့ သွေးကြောတွေမှာ စီးဆင်းနေတဲ့သွေးတွေ အသွားနှေးသွားတာကြောင့် အရေးကြီးတဲ့ အင်္ဂါတွေဆီ သွေးအရောက်နည်း နိုင်ပါ တယ်။ သွေးသွားတာ နှေးရင် သွေးကြောထဲမှာ သွေးတွေခဲ နိုင်ပါတယ်။ အဲ့ဒီ သွေးခဲတွေ ပြုတ်ပြီး ကိုယ်ခန္ဓာရဲ့ အခြားအင်္ဂါတွေ၊ ဥပမာ၊ အဆုတ်၊ နှလုံး၊ ဥဏှောက် စသည်မှာ သွားပိတ် တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ (Embolism)သွေးကြောတွေမှာ အညစ်အကြေးအနေနဲ့ သွေးကြောတွေကို မာစေပိတ်စေတာက သွေးထဲမှာရှိတဲ့ အဆီဓါတ်ကြောင့်ပါ။ ဒါကြောင့် အဆီဓါတ်များတဲ့ သူများမှာ ဒီရောဂါတွေ အဖြစ်များပါတယ်။

အဆီဓါတ်ကို သုံးမျိုး ခွဲနိုင်ပါတယ်။
၁။ကောင်းသောအဆီ (good fat) ၊
၂။ဆိုးသောအဆီ (bad fat) နဲ့
၃။အန္တရာယ်ကြီးသော (worse fat) တို့ဖြစ်ပါတယ်။
ဆိုးသောအဆီနဲ့ အန္တရာယ်ရှိသော အဆီတွေက သွေးလွှတ်ကြောတွေကို မာစေ ပိတ်စေ ပါတယ်။
ဆိုးတဲ့အဆီတွေက တိရစ္ဆာန်တွေကရတဲ့ အဆီတွေဖြစ်ပါတယ်။ တိရစ္ဆာန်ထွက်  အစားအစာတွေက ဈေးကြီးတာမို့ ဒီရောဂါက ချမ်းသာတဲ့သူတွေ၊ ချမ်းသာတဲ့ နိုင်ငံတွေမှာအဖြစ်များပါတယ်။ သူဌေးနာလို့ တောင်ခေါ်ပါတယ်။  ဒီအဆီတွေက အေးရင်ခဲပါတယ်။ အုံးဆီ(coconut oild) နဲ့ စားအုံးဆီ (palm fruit oil) တွေက အပင်က ရပေမယ့်ခဲပါတယ်။ သူတို့က ချွင်းချက် အနေနဲ့ (bad fat) ထဲမှာ ပါ ပါတယ်။

    ကောင်းသောအဆီ (good fat) က အဆီပိတ်ရောဂါ မဖြစ်စေ ပါဘူး။ သူတို့ကို ငါးနဲ့ ငှက် (ကြက်၊ဘဲ) တို့ကရတဲ့ အဆီ၊ ဥပမာ၊ omega-3 fatty acid။ အစေ့အဆံများမှ အဆီများ၊ ဟင်းရွက်ဆီ (vegetable oil) ဥပမာ နေကြာဆီ၊ သံလွင်ဆီ (Olive oil)၊ နှမ်းဆီ၊ ပဲဆီ တို့ဖြစ် ပါတယ်။

  အန္တရာယ် ကြီးသော (worse fat ) ဆိုတာက ဆီကို ကျော်လှော်တဲ့ အခါထွက်လာတဲ့ ဟိုက်ဒရိုကာဘွန် (hydrocarbon) တွေကြောင့်ပါ။ ဒါကြောင့် ကြော်လှော်တဲ့ အစားအစာတွေ ဥပမာ အားလူးကြော်၊ အကြောစုံ၊ (Kentucky fried chiken) ကြက်ကြော် စသည်တို့ပါပဲ။

    ဆီကို ထပ်ခါထပ်ခါကြော်ရင် ဟိုက်ဒရိုကာဘွန်တွေ ပိုထွက်ပါတယ်။ အစားအစာတွေကို ပလပ်စတစ်အိပ်၊ ဘူးစသည့် ပလပ်စတစ် ပစ္စည်းတွေထဲထည့်ပြီး၊ (microwave) ထဲမှာ နွှေးတာ၊ ခဲသောနေရာ (freezer) ထဲမှာထားတာမျိုးမှာလည်း ဟိုက်ဒရိုကာဘွန်တွေ ထွက်တာဆိုတော့ ပလပ်စတစ်အိပ်တွေ ဆီထဲ ထည့်ကြော် တာမျိုးမှာ ဘယ်လောက်တောင် ထွက်မယ်ဆိုတာ စစ်ဆေးစရာတောင် မလိုပါဘူး။

     ဘယ်တိုင်းပြည်မှာမှ  ဒီလိုမလုပ်ကြလို့ စမ်းသပ်ထားတာတွေ မတွေ့ရပါဘူး။ ဒီအကြောင်းက ကမ္ဘာမှာပြောပြ ဖို့တောင် အင်မတန် ရှက်ဖို့ ကောင်းပါတယ်။  အထူးသဖြင့် ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာပြည်မှာဒီလောက်တောင် ၀ိသမာလောဘ သောင်းကြမ်း ကြပါလားဆိုတာ။

   ဆရာတော် ဥူးသုမင်္ဂလ ဟောတော်မူတဲ့အတိုင်း “အူမ တောင့်မှ သီလစောင့်” ဆိုတာ မှားနေပါတယ်။ သီလမစောင့်ရင် ယခုဘ၀တွင်မက ဘ၀အဆက်ဆက် အူမတောင့်မှာ မဟုတ်ဘူးဆိုတာ မြန်မာပြည် သား အားလုံး သိနားလည်အောင် ကျမတို့ အားလုံးတတ်နိုင်သမျှ ၀ိုင်းဝန်း ပညာပေးဖို့ လိုပါတယ်။

          မြန်မာတွေ ဉာဏ်ကောင်းကြပါတယ်။ ဒါပေမဲ့ ဉာဏ်ကို ကောင်းတဲ့ နေရာမှာ မသုံးပဲ                  “တစ်လွဲ ဆံပင်ကောင်း” နေကြတာကတော့ ၀မ်းနည်းစရာပါ။ မကောင်းတဲ့ဘက်မှာ သုံးရင် ဉာဏ်နီ၊ ဉာဏ်နက်များတဲ့သူ၊ ယုတ်မာသူ၊ ကောက်ကျစ်စဉ်းလဲသူလို့ ခေါ်ပါတယ်။

    လွန်ခဲ့သော် နှစ် ၃၀ က အဆီများလို့ နှလုံးရောဂါ ဖြစ်ရတာကို (How to kill your husband) ဆိုပြီး Reader Digest မှာဖေါ် ပြခဲ့ပါတယ်။ အခု စမ်းသပ် တွေ့ရှိချက်များက အစားမက်သူများအတွက် သတင်း ကောင်းပါ။ အဆီကိုလျော့ စားတာထက်၊ ကောင်းသော အဆီတွေကို ဆိုးသောအဆီတွေ နေရာမှာ အစားထိုး စားတာက ပိုပြီး အဆီကျ စေတာကို တွေ့ရပါတယ်။

    ဒါကြောင့် သွေးထဲမှာရှိတဲ့ စုစုပေါင်းအဆီဓါတ် (total  cholesterol level) ထက်ကောင်းသောအဆီနှင့် ဆိုးသောအဆီတို့ရဲ့ အချိုးကပို (Ratio of good cholesterol and  bad cholesterol) အရေးကြီးတာ ကြောင့် သွေးအဆီ စစ်ရင် total cholesterol level အပြင် Ratio ကိုပါ စစ်ရပါတယ်။

     ပန်းသီး၊ စပျစ်သီး၊ စတော်ဘယ်ရီသီးလို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ အပြင်ပိုင်းက အမျှင်တွေ ပါသွားအောင် အရမ်း ကျိတ် မထားတဲ့ ဆန်ညိုနဲ့ ဂျုံညိုလို ကောက်ပဲသီးနှံတွေ၊  ရုံးပတေသီးနဲ့ ခရမ်းသီးလို ချွဲတဲ့ အသီးတွေက ဆိုးသော အဆီတွေကို ကျဆင်းစေ ပါတယ်။ ၀က်၊ အမဲသား အစား ငါးနဲ့ ကြက် တို့ကို စားမယ်ဆိုရင် အဆီ (Ratio) ကိုများစေပါတယ်။

    မြန်မာ ဆီပြန်ဟင်းတွေက ဆီအလွန်များပါတယ်။ ဒီအကျင့်က ပိုက်ဆံလည်းကုန် ရောဂါလည်းရစေလို့ ပြောင်းသင့်ပါတယ်။ သံဃာတော်များ ဆွမ်း မစားခင်၊ လှဖို့ နှင့် ရသ တဏှာကြောင့် စားတာ မဟုတ်၊ အသက်ရှင်ပြီး ကျန်းမာစွာ သာသနာ့တာဝန်များ   ထမ်းဆောင်ဖို့လို့ ဆင်ခြင်ရ ပါတယ်။

ဒီဘုရားပေးတဲ့ နည်းလေးက အလွန်ကောင်းပါတယ်။ လူဝတ်ကြောင် တွေလည်းအဲ့ဒီလို ဆင်ခြင်ကြ မယ် ဆိုရင် ရောဂါလည်းကင်းပြီး အစာစားတိုင်း ကုသိုလ်တွေရပြီး သွယ် သွယ်လျှလျှ မော်ဒယ်ကိုယ်လုံး လေး လည်းရတဲ့ (3 in 1 method) ဖြစ်သွားမှာပါ။

အစားအသောက်အပြင် သွေးအဆီများစေတဲ့အချက်တွေကတော့။၁။အရက်သောက်ခြင်း။
၂။ဆေးလိပ်သောက်ခြင်း။
၃။ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း။
၎။ကိုယ်အလေးချိန်များခြင်း၊အထူးသဖြင့် ဗိုလ်ရွဲခြင်း။
၅။သွေးတိုးရောဂါရှိခြင်း။
၆။မျိုးရိုးထဲတွင် အဆီပိတ်ရောဂါရှိခြင်း။
၇။ဆီးချိုရောဂါရှိခြင်းတို့ ဖြစ်ပါတယ်။

ဤသည့်စားဖွယ်၊အမယ်မယ်ကို၊
မြူးရယ်မာန်ကြွ၊လှပရေဆင်း၊                                                                   
ပြည့်ဖြိုးခြင်းငှါ၊မသုံးပါဘူး။
လေဖြာဓါတ်ဆောင်၊ဤကိုယ်ကောင်သည်၊
ရှည်အောင်တည်လျက်၊အသက်တန်း၊မမောပန်းငြား၊
ဘုရားသာသနာ၊ကျင့်နှစ်ဖြာကို၊ကျင့်ပါနိုင်စေ၊                                        
ဝေဒနာဟောင်း သစ်၊မဖြစ်စေရ၊ ယာပိုက်မျှလစ်၊
ခပ်သိမ်းပြစ်ကို၊မဖြစ်လေအောင်၊
ချမ်းမြေ့အောင်ဟု၊သုံးဆောင်မှီဝဲပါသတည်း။


ကျမ်းကိုး။
၁။ http://www.lowfatcooking.about.com/.
၂။ http://en.wikipedia.org/.

No comments:

Post a Comment