လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, April 18, 2012

ကျန်းမာအောင်ဘယ်လိုစားမလဲ(၂)

ကျန်းမာရေးအတွက် အရေးကြီးသောအသီးအနှံများ….

(၁) အစိမ်းရောင်အုပ်စု၊ ဥပမာ ဟင်းနုနယ်၊ ကိုက်လန်၊ ကန်စွန်းရွက်၊ ဒန့်ဒလွန်ရွက်အစရှိတဲ့ အရွက်တွေထဲမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် သံဓာတ် ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေး အားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၎င်းအပြင် ကယ်လ်ဆီယမ်ဓာတ် ကြွယ်ဝတဲ့အတွက် အရိုးများကြီးထွားသန်မာ စေနိုင်ပါတယ်။ မီးယပ်သွေးဆုံးချိန်မှာ အရိုးတည် ဆောက်မှုကိုအားပေးတဲ့ အမျိုးသမီးဟောမုန်းတွေ ကျဆင်းသွား တဲ့ အတွက် ကယ်လ်စီယမ်ပိုပြီး လိုအပ် လာပါတယ်။ အစာအိမ်မှ အက်စစ် ထုတ် မှုလည်း နည်းသွားတဲ့ အတွက် စားလိုက်တဲ့ အစာမှ ကယ်လ်စီယမ်ကိုစုပ်ယူမှု လည်းနည်းသွား တတ်ပါတယ်။

ဟင်းနုနယ် ထဲမှာပါတဲ့ ဓာတ်တွေက မျက်စိအတွင်းတိမ် ဖြစ်ပွားမှုနဲ့ အသက်ကြီးသူ တွေမှာဖြစ်တတ်တဲ့ (Macular degeneration) ကြောင့်မျက်စိကွယ်ခြင်းကိုလည်း ကာကွယ် ပေးနိုင်ပါတယ်။ ဒါကြောင့် ဟင်းနုနယ် ဟာအစိမ်းရောင်အုပ်စု အစာထဲမှာ superstar အစာ ဖြစ်ပြီး အထူးသဖြင့် အမျိုးသမီးများ တစ်ပတ်တစ်ခါ စားဖြစ်အောင်စား သင့်ပါတယ်။

(၂) လိမ္မော်ရောင်အုပ်စု။ သင်္ဘောသီး၊ သရက်သီး၊ ကန်စွန်းဥ၊ မုန်လာဥနီစသည်တို့မှာ မျက်စိ အားကောင်းစေတဲ့ ဘီတာကာရိုတင်း (၀ါ) ဗီတာမင်အေ ဓာတ် များစွာပါဝင် ပါတယ်။ဒါကြောင့် မျက်စိအားကောင်းစေပါတယ်။ အသားအရေ စိုပြေလှပစေပါတယ်။ နေရောင်ခြည် ထဲက UV ရောင်ခြည်ကို ကာကွယ်ပေးတဲ့အတွက် အရေပြားကင်ဆာကို ကာကွယ်ပေးပြန် ပါတယ်။

မုန်လာဥနီဟာ သွေးတွင်းအဆီကိုလည်း ကျစေတဲ့အတွက် နှလုံး သွေးကြောကျဉ်း ရောဂါကို ကာကွယ်ပေးပါတယ်။
သင်္ဘောသီး မှာ အာဟာရဓာတ်ပေါတယ်။ အဆီ ကင်းတယ်။ အစာချေရာမှာ အ ထောက်အကူ ပြုတယ်။ အလတ်စား သင်္ဘောသီးမှည့် တလုံးဟာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီ ရဲ့ ၂၅-ရာခိုင်နှုန်း၊ ဖိုလိပ် (Folate) ရဲ့ ၂၉-ရာခိုင်နှုန်းနဲ့ အမျှင်ဓာတ်ရဲ့ ၁၆-ရာခိုင်နှုန်းကိုဖြည့်ပေး နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သင်္ဘောသီးနဲ့ မုန်လာဥနီဟာ လိမ္မော်ရောင်အုပ်စုရဲ့ superstar တွေဖြစ်ပါတယ်။

(၃) အနီရောင်အုပ်စု။ ခရမ်းချဉ်သီး၊ ဖရဲသီး၊ တရုတ်ဆီးသီး၊ စတဲ့အသီးတွေထဲမှာ လိုက်ကိုပင်း (Lycopene) လို့ ခေါ်တဲ့ဓာတ်တမျိုး ပါဝင်ပါတယ်။ ဒီဓာတ်ပစ္စည်းဟာ ဆီးကျိတ်ကင်ဆာနဲ့ အဆုတ်ကင်ဆာ မဖြစ်အောင် ကာကွယ်ပါတယ်။

အံ့သြစရာ ကောင်းတာက ခရမ်းချဉ်သီးကို ချက်ပြုတ်ခြင်း (၀ါ) တာရှည် ခံအောင်             ပြုပြင်ထားခြင်းက ကျန်းမာရေးနဲ့ အညီညွတ်ဆုံး စားသောက်နည်း ဖြစ်နေတာကို တွေ့ရ ပါ တယ်။ ခရမ်းချဉ်သီးကို အပူပေးပြီး ချက်ပြုတ်ခြင်းက လိုင်ကိုပင်းဓာတ်ကို ထွက်စေ ပါတယ်။ ခရမ်းချဉ်သီးဆော့စ်လို တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေထဲမှာ လိုင်ကိုပင် မြောက်များစွာ ပါဝင်ပါတယ်။ အဲဒီထဲကို သံလွင်ဆီ နည်းနည်းလောက် ခပ်ထည့်ပြီး စားရင် အစာလမ်းကြောင်းမှ လိုင်ကိုပင်း စုပ်ယူမှုကို ပိုမိုများပြားစေပါတယ်။ ခရမ်းချဉ်သီး အနှစ် တနေ့လျှင် ၂-ကျပ်သားခန့် စားသုံးပေးလျှင် နေလောင်ဒဏ်ကြောင့် အရေပြား ပျက်စီးခြင်;ကို ၄၀% အထိ ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါတယ်။
(မြန်မာ့အစားအစာဖြစ်တဲ့ ခရမ်းချဉ်သီးချက်မှာ ဆီအနည်းငယ်မျှထဲ့ချက် ပါက လိုင်ကိုပင်း စုပ်ယူမှု ပိုကောင်းစေပါတယ်)။ ခရမ်းချဉ်သီးချက်ကို စပယ်ရှယ်ဟင်းခွက်အဖြစ် မှတ်သား သင့်ပါတယ်။

(၄) အဖြူရောင်အုပ်စုဝင်တွေဖြစ်တဲ့ ပန်းမုန်လာ၊ ဂေါ်ဖီရွက် ကြက်သွန်ဖြူ၊ နီ၊ အားလူး၊ အစရှိ သည်တို့ဟာ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါ တယ်။ တစ်ချိန်ချိန်မှာ ရင်သားကင်ဆာ ကာကွယ်ဆေးကို ပန်းမုန်လာမှ ထုတ်လုပ်နိုင်အောင် သုတေသီတို့က ကြိုးစားနေကြ ပါတယ်။ ဒီအုပ်စုမှာပါဝင်တဲ့ အစာအားလုံးနီးပါးဟာ ဆေးဘက် ၀င်ပြီး ကင်ဆာရောဂါ အပါအ၀င် ရောဂါအမျိုးမျိုးကို ပျောက်ကင်း စေနိုင်တာမို့ အဖြူရောင် အုပ်စုကို superstar အုပ်စုလို့ ပြောရပါမယ်။
အားလူးအစိမ်း ညှစ်ရည်ဟာ ကင်ဆာရောဂါများကို လက်တွေ့ပျောက်ကင်းစေတယ် ဆိုပြီး ဂျပန်နိုင်ငံမှာ ယနေ့ခေတ်စားနေတဲ့ ဆေးမြီတို တစ်ခုပါ။

ကြက်သွန် ဖြူဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး၊ အဆီကျဆင်း စေတဲ့ အတွက် နှလုံးသွေးကြောကျဉ်း ရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ ပဋိဇီဝ ပိုးသတ်ဆေး အာနိသင်ရှိ ကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းတွင် ဖြစ်ပွားလေ့ရှိတဲ့ ကင်ဆာရောဂါများကို ကာကွယ် ပေးနိုင်ကြောင်း သိရှိရပါတယ်။ ကြက်သွန်ဖြူကို တနေ့ ၂-တက်လောက် နေ့စဉ် စားပေးသင့် တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူကိုစားတဲ့ အခါ မစားမီလှီးဖြတ်ပြီး ၁၅-မိနစ်ခန့် လေသလပ် ခံထားကာ အစိမ်းစားမှသာ အာနိသင်ရှိ ကြောင်း သိရပါတယ်။

ကြက်သွန်နီဟာလည်း သူ့ထဲမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ကင်ဆာ ဆဲတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ကင်ဆာဆဲတွေကို အားပေးတဲ့ အင်ဇိုင်းတွကိုလည်း တားဆီး ပေးပါတယ်။ သွေးခဲမှုကို အားမပေးတဲ့ အတွက်ကြောင့် ဦးနှောက်အတွင်း သွေးခဲခြင်း ကို ဟန့်တားပါတယ်။ ဒါကြောင့် ကြက်သွန်နီ စားခြင်းအားဖြင့် လေဖြတ်ခြင်းကို ကာကွယ်ပေး နိုင်တယ်လို့ ဆိုပါတယ်။ ဘက်တီးရီးယားပိုး အချို့၊ မှိုပါး အချို့ နဲ့ ဗိုင်းရပ်စ်ပိုး အချို့မှ လည်း ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ကြက်သွန်နီဟာ အရိုးပျော့ခြင်း၊ အရိုးအားနည်းခြင်း ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၄) ခရမ်းရောင်အုပ်စု။ ခရမ်းသီး၊ ဘလူးဘယ်ရီ၊ စပျစ်သီးအနီနဲ့ အညိုရဲ့ အခွံထဲမှာရှိတဲ့ ဓါတ်တမျိုးဟာ ခန္ဓာကိုယ် အတွက်အကျိုးရှိတဲ့ အဆီဓါတ်ကို မြှင့်တင်တဲ့ အတွက် နှလုံး သွေးကြောကျဉ်း ရောဂါကို ကာကွယ်ပေးပါတယ်။ စပျစ်သီးအနီမှထုတ်လုပ်တဲ့ဝိုင်နီ သောက် သူများ (ပြင်သစ် နိုင်ငံမှာ နှလုံး သွေးကြောကျဉ်း ရောဂါဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရှိရ ပါ တယ်)။
ဘလူးဘယ်ရီတို့ဟာ ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီးယားအမျိုးမျိုးကို တားဆီး ကာကွယ်ပေး တဲ့အတွက် ဆီးအိတ် ရောင်ရမ်း ရောဂါကို ကာကွယ် ပေးပါတယ်။

(၅) အ၀ါရောင်အုပ်စု။ ပန်းသီး၊ ငှက်ပျောသီးနဲ့ ထောပတ်သီးတို့ဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ပထမတန်းစားအသီးတွေ ဖြစ်ပါတယ်။
တနေ့လျှင် ပန်းသီးတလုံး စားပေးပါက ရောဂါများ မဖြစ်နိုင်ဘူးလို့တောင် စာဆို ရှိ ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါဝင်ပြီး၊ သွေးအဆီဓာတ်ကိုလည်းကျစေပါတယ်။ တခြားသော အစားအစာများမှ ရရှိတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများရဲ့ ၁၀%ကို ပန်းသီး တစ်လုံး စားရုံနဲ့ပဲ ရရှိနိုင်ပါတယ်။

ပန်းသီးကို မှုန့်များတွင်ထည့်လုပ်လို့ရပါသည်။ ပြင်သစ်နိုင်ငံတွင် ပန်းသီး puff က လူကြိုက်များတဲ့ မှုန့်တစ်မျိုးပါ၊ အနည်းငယ်ချဉ်သော ပန်းသီးများကို တို့စရာလိုမျိုး စားနိုင် ပါ တယ်။ ငါးပိထဲ ထဲ့ပြီးလည်း ငါးပိထောင်း လုပ်စားလို့ရပါတယ်။ ပန်းသီးကို သုပ်စားလို့လည်း ရတယ်လို့ပြောပါတယ်။ ပန်းသီးကို အပြားလေးတွေ လှီးပြီးအခြောက်လုပ်ထားတာကလည်း အလွန် အရသာရှိပါတယ်။ ပန်းသီးရည်ကလည်း သောက်လို့ကောင်းတဲ့ ဖျော်ရည်တစ်ခုပါ။

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် ကြွက် သားများကို သန်စွမ်းစေပြီး ညောင်းညာကိုက်ခဲခြင်းမှ ကာကွယ်ပေးပါတယ်။ နှလုံးသွေးအား နည်းသူများနှင့် သွေးတိုးရောဂါရှိ သူများ နေ့စဉ် စားပေးသင့်ပါတယ်။
မနက်တွင် ငှက်ပျောသီးတစ်လုံး၊ နေ့လယ်တွင် တစ်လုံးနှင့် ညနေတွင် တစ်လုံးစီ စား ပေးခြင်းဖြင့် ဦးနှောက်တွင်း သွေးခဲမှုကို လျော့နည်းစေပြီး လေဖြတ်ရောဂါကို တားဆီးနိုင်တဲ့ သဘာဝ ဆေးနည်း တစ်လက်ဟု သုတေသီများက ပြောကြားကြပါတယ်။

ထောပတ်သီးက နှလုံးရောဂါ အထူးကုဆရာဝန်ကြီးများရဲ့ အချစ်တော်ပါ။ ထောပတ် သီးက သွေးအဆီကို ချပေးတဲ့ အပြင် ပိုတက်ဆီယမ်ဓါတ်များစွာပါဝင်လို့ သွေးပေါင်ချိန်ကို ကျ စေပါတယ်။ ဗီတာမင်အီး၊ ဗီတာမင်စီ၊ ဗီတာမင်ဘီ အုပ်စုတွေပါ အမယ်စုံအောင် ပါပါတယ်။ ဒါ့ပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အမျှင် ဓာတ်တွေလည်း ပါပါတယ်။

အသီးအရွက်တွေမှာ ဖိုင်ဘာခေါ် အမျှင်ဓာတ် များစွာပါလို့ ဝမ်းချုပ်ခြင်းမှ ကာကွယ် ပါတယ်။ ဝမ်းမှန်မှန် သွားစေလို့ အူမကြီး ကင်ဆာကို ကာကွယ်ပေးပါတယ်။ အရွက်အသီး တွေကဗိုလ်ပြည့်ပြီး၊ ကယ်လိုရီ မများစေဘဲ အဆီဓာတ်၊ အသားဓာတ်၊ ဗီတာမင် အမျိုးမျိုးနဲ့ သတ္ထုဓာတ်၊ ရေဓာတ်တို့ကို ရစေတဲ့အတွက် ကိုယ်အလေးချိန်လျှော့ လိုသူတွေ အတွက် အလွန်သင့်တော်ပါတယ်။ လူငယ်များ အ၀လွန်မှုကို ကာကွယ်ဖို့ ပြင်သစ်ကျန်းမာရေးဌာနက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများကို နေ့စဉ် ၅ မျိုးစားဖို့ နှိုးစော်ထားပါတယ်။

(၆) သံပုရာနှင့် သံပုရာမျိုးဝင် အသီးများ။သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီး၊ ကမ္ဗလာသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ဂရိတ်ဖရု စတဲ့ အသီးများမှာ ဗီတာမင်စီ ဓာတ်များစွာ ပါဝင် ပါတယ်။ လီမွန်နစ်လို့ခေါ်တဲ့ သံပုရာမျိုးဝင် အသီးများမှ ထုတ်ယူရရှိတဲ့ ဓာတုပစ္စည်းတစ်မျိုးက ကင်ဆာ ကုသနိုင်ကြောင်း သိရှိ ထားပါတယ်။

(၇) ပဲသီး၊ ပဲတောင့်ရှည်၊ ပဲပုပ်၊ ပဲပိစပ်၊ ဘိုစားပဲ၊ ပဲရာဇာ၊ ကုလားပဲ စတဲ့ ပဲအမျိုးမျိုးမှလည်း ဗီတာမင်ဘီအုပ်စု များစွာ ပါဝင်တဲ့အပြင် အသားဓာတ်၊ အမျှင်ဓာတ်တို့ ကိုလည်း ရရှိ စေ နိုင်ပါတယ်။

(၈) အစေ့အဆန်များ။ အစေ့အဆန်တွေထဲမှာ ကယ်လိုရီအများကြီးပါပြီး အဆီဓာတ်လည်း အပြည့်ပါ ပါတယ်။ အစေ့အဆန် နေ့စဉ် စားသုံးသူတွေမှာ ဆီးချိုရောဂါ နှလုံးရောဂါ ဖြစ်ပွားမှု နည်းကြောင်း တွေ့ရှိရပါတယ်။ ဗန္ဓာစေ့ထဲမှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး အိုမင်းရင့်ရော် မှုကို နှေးကွေးစေပြီး အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ သူငယ်ပြန်ရောဂါဖြစ်ပွားမှုလည်း နည်းပါး စေ ကြောင်း တွေ့ထား ပါတယ်။

(၉) လက်ဖက်၊ လက်ဖက်ခြောက်၊ လက်ဖက်ရည်များဟာ ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်းတို့အတွက် အထောက်အကူပေးနိုင်သော အစာတစ်ခုအဖြစ် ကျော်ကြားလာပါတယ်။ ဒါပေမယ့် လက်ဖက်ခြောက်ကို ရေနွေး ပွက်ပွက်ဆူထဲမှာ ၃-မိနစ်မှ ၅-မိနစ်ခန့် နှပ်ထား ပြီး မှသာ အကောင်းဆုံး အကျိုးကျေးဇူးကို ရနိုင်ပါတယ်။ နို့ထည့် သောက်ရင်တော့ အကျိုး သက်ရောက်မှု နည်းသွားပါတယ်။

လက်ဖက်ခြောက်ဟာ အစာအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အဆုတ်ကင်ဆာ ဖြစ်ပွားမှု လျော့ကျခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် လက်ဖက်ခြောက်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ အရိုးပါးရောဂါများကိုလည်း ကာကွယ်နိုင်ပါတယ်။

သင်္ဘောရွက်နှင့် သင်္ဘောရွက်ခြောက်ကို ရေနွေးကြမ်းလုပ် သောက်ခြင်းက ရင်သား ကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာ ဆဲလ်များကို သတ်နိုင်ကြောင်း တွေ့ရှိ ခဲ့ကြပါတယ်။
သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ကိုယ်ခံအားစနစ်ကို ထိန်းညှိရာ တွင် အကူအညီပေးသည့် Th 1 type cytokines များ ထုတ်လုပ်ခြင်းကို မြှင့်တင် ပေးနိုင် ကြောင်း တွေ့ရှိခဲ့ပါသည်။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲ များ အပေါ် ဘေးဥပါဒ်ဖြစ်စေမှု လုံးဝမရှိသောကြောင့် လက်ရှိအသုံးပြုနေသောကင်ဆာဆေးများ စွာတို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက်ဆိုးကျိုးများစွာတို့ကို ရှောင်ရှားနိုင်လိမ့်မည်ဟု ဆိုပါ သည်။

(၁၀) နို့နဲ့ နို့ထွက်ပစ္စည်းများ။ နို့နဲ့ နို့ထွက်ပစ္စည်းများမှာ ကယ်လ်စီယမ် များစွာ ပါပါတယ်။ အချို့ ဒေသများမှာ အမျိုးသမီးများအသက် ၄၀ ပြည့်ရင် အမေရဲ့ နို့သက်ကုန်တာမို့ နို့သက်ပြန်ဖြည့်တဲ့ အနေနဲ့ နွားနို့ တစ်ပိဿာကို လှေခါးသုံးဆင့်မှာ တဆင့်ဆီ ပြောင်းထိုင်ပြီး ကုန် အောင် သောက်ရပါတယ်။ တကယ်က မီးရပ်ဆုံးသူများမှာ ကယ်လ်စီယမ် လိုအပ်တာကိုပြ တာပါ။ တစ်ခါထဲသောက်ရုံနဲ့ မရပါဘူး။ ရက်ဆက် (၀ါ) မကြာခဏ နို့၊ နို့ထွက်ပစ္စည်း များ ဖြစ်တဲ့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ထောပတ်များ စားပေးရပါမယ်။ ကယ်စီရန်နည်းသော မီးရပ်ဆုံးသော အမျိုးသမီးများမှာ ကျောရိုးရှိ အရိုးတွေပါးသွားပြီ ခါးကုန်းသွားတတ် ပါတယ်။ ခါးကုန်းသွား ပြီးမှတော့ ခါးပြန် ဖြောင့်အောင် လုပ်လို့ မရတော့ပါဘူး။ ပိုပြီးမကုန်အောင်ပဲ တတ်နိုင် ပါ တော့တယ်။

ရိုးရိုးနို့တစ်ခွက်မှာ (၁၈၀) ကယ်လိုရီခန့် ပါပြီး အဆီ ထုတ်ထားသော နို့တစ်ခွက်မှာ (၆၀) ကယ်လိုရီခန့် သာပါပေမဲ့ ရိုးရိုးနို့ တွင်ပါဝင်သော အာဟာရဓာတ် အားလုံးပါပြီး အဆီ တစ်မျိုးတည်းသာ မပါ ပါဘူး။ ဒါကြောင့် တိရိစ္ဆာန် အဆီရဲ့ အန္တရာယ်မှကင်းဝေးပြီ အာဟာရ ဓါတ်ပြည့်စုံလို့ ကိုယ်အလေးချိန်ချ ချင်သူတွေ အတွက် ကောင်းပါတယ်။

နေ့စဉ်စားသင့်သောအစားအစာများ။
ကျမတို့ နေ့စဉ်စားသုံးနေသည့် ထမင်း၊ အသား၊ ငါး၊ ငါးပိရည်၊ ဟင်းသီးဟင်းရွက်၊ တို့စရာ စသည့် အဓိက အစားအစာများမှာ ကျမတို့အတွက် လိုအပ်သော အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ သတ္ထုဓါတ်နှင့် ဗိုက်တာမင်ဓာတ်များ ပြည့်စုံ လုံလောက်စွာ ပါရှိပြီး  အကုန် အကျ လည်း သက်သာတဲ့ ကျန်းမာစေတဲ့ အစာများဖြစ်ပါတယ်။ ဈေးကြီး ပေးရသော ခွန်အားအမြန် တိုးပွားစေတဲ့ အစားအသောက်ဆိုတာမရှိပါဘူး။ ဘယ်အဟာရမှုန့်ကိုမှလည်းအထူးတလည်ဝယ်ယူစားသောက်ရန်မလိုအပ်ပါဘူး။ ဒါပေမဲ့ အောက်ပါ အချက်များကိုတော့ သတိထား သင့် ပါတယ်။

၁။ ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါ အမှိုက်တွေ ကုန်အောင် သာသာယာယာဆေးပါ။ ဆန်ကို အတင်း ပွတ်ဆေးရင် ဆန်ပေါ်မှာရှိတဲ့ ဗီတာမင်ဘီအပါအ၀င် အာဟာရဓာတ် အများအပြား ရေ ထဲ ပါသွား ပါတယ်။ ရေငဲ့ချက်ရင် ဆန်မှာပါတဲ့ အဖိုးအတန်တဲ့ အာဟာရဓာတ် အားလုံးနီးပါး ငဲ့လိုက်တဲ့ ထမင်းရည်ထဲပါသွားပါတယ်။ အဲ့ဒီထမင်းစားတဲ့သူတွေမှာ ဗီတာမင်ဘီ လျော့ခြင်း ကြောင့် ကျီးကန်း ပါးစပ်လို့ခေါ်တဲ့ နှခမ်းဒေါင့်မှာ အနာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆေးမြီ တို အနေနဲ့ ထမင်းရည်သောက်ခြင်း၊ အနာကို ထမင်းရည်စွပ်ခြင်းများက နှခမ်းနာကို သက်သာ စေတာပါ။ အာဟာရဖြစ်သော ထမင်းမှာ ရေခမ်းချက်သောထမင်း ဖြစ်ပါတယ်။ ဆန်ကိုဖြူ အောင် ဖွတ်လိုက်တဲ့အခါ ဖွဲနုထဲမှာ အာဟာရဓါတ်တွေပါသွားပါတယ်။ ဒါကြောင့် ဆန်လုံးတီး မှာ ဆန်ဖြူထက် အာဟာရဓာတ်ပို များပြီး ကျန်းမာရေးအတွက်ပို ကောင်းပါတယ်။ ကျမတို့မြန်မာမှာ အသုံးမ၀င်တာမျိုးကို  “ဖွဲ ဆန်ကွဲ” လို့ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ ဖွဲ မှာ အဖိုးတန်တဲ့  အာဟာရဓါတ်တွေ ပါလို့ ဖွဲနုမှုန့်ဟာ ကျန်းမာရေး အတွက် တန်းဖိုးရှိတဲ့ အစာတစ်ခု ဖြစ်ပါတယ်။

၂။ အသားဟင်း။ ဖြစ်နိုင်ရင် ဆီကျန်ရေကျန် ချက်တာမျိုး။ ဟင်းသီးဟင်းရွက်နဲ့ရော် ချက်တာ မျိုးက ကျန်းမာရေးနဲ့ပိုညီညွတ်ပါတယ်။ ဥပမာ ကြက်သားနဲ့အားလူး ကာလသား ချက်တာမျိုးက ဆီပြန်ချက်တာ ထက် ပိုကောင်းပါတယ်။ ဆီပြန်မှ ကြိုက်တယ် ဆိုရင် ဆီလျော့ ထဲ့ပါ။ သံလွင်ဆီ (၀ါ) ဟင်းရွက်ဆီသုံးပါ။ ကြက်သွန်ဖြူ၊ နီ များများထဲ့ချက်ပါ။ ၀က်သားထက် ကြက်သား၊ ငါးဟင်းများကပိုပြီး ကျန်းမာရေး အတွက် ကောင်းပါ တယ်။ ငါးထဲမှာ ဆိုမွန် (Saulmon) ငါးက အန္တရာယ်ပေးသော အဆီနည်းပြီး ကျမတို့လိုအပ်တဲ့ omegar 3 & 6  တွေ ပါ ပါတယ်။

တိရိစ္ဆာန်အသားများတွင်ပါသော အဆီများ၊ အရွတ်များ၊ အရေခွံများကို ဖယ်ရှား ပြစ်ခြင်းဖြင့် မကောင်းသောအဆီများကို သက်သာစေပါတယ်။ ဖြစ်နိုင်ရင် အသားကို ဆီ မထဲ့ပဲ ချက်တာက ပိုကောင်းပါတယ်။ အဆီဘယ်လောက်ပဲ ဖယ်ဖယ် အသားတွေကြားမှာ အဆီတွေရှိတာမို့ အသားနပ်သွားတဲ့အခါ ဆီထွက်လာပါတယ်။ ဆီထဲ့ချက်မယ်ဆိုရင်တော့ သံလွင်ဆီ (၀ါ) ဟင်းရွက်ဆီ ကိုသာ အနည်းငယ်ထဲ့ချက်ပါ။

၃။ ဟင်းရွက်ကျော်(၀ါ) ဟင်းချို (၀ါ) ပဲဟင်း (၀ါ) အသုပ်တစ်မျိုးမျိုး (၀ါ) သီးစုံချဉ်ဟင်း(၀ါ) အသီးအရွက်တို့စရာနဲ့ ခရမ်းချဉ်သီးချက်၊ ငါးပိရည်ချိုစသည်တို့ကိုအလှည့်ကျစားပေးခြင်းဖြင့် အာဟာရဓါတ် ပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အရသာရှိတဲ့ ထမင်းပွဲဖြစ်သွားမှာပါ။

ဟင်းသီးဟင်းရွက်များကိုရေဆေးခြင်းဖြင့် အမှိုက်များ၊ ဖုံများကို ဖယ်ရှားပေးပါတယ်။ ဒါပေမဲ့ ရေထဲမှာ  ကြာကြာစိမ်ထားရင် ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေ စိမ်ထားတဲ့ ရေထဲ ပါ သွားတာမို့ ရေထဲမှာအကြာကြီး မစိမ်ထားသင့်ပါဘူး။ ယခုအခါ ပိုးသတ်ဆေးတွေ အလွန် အမင်း သုံးကြတာ ကြောင့် အသီးအနှံတွေပေါ်မှာ ပိုးသတ်ဆေးတွေရှိ နေပါတယ်။ ဒါကြောင့် အခွံထူသောအသီး ဥပမာ ခရမ်းချဉ်သီး၊ ခရမ်းသီး စတဲ့ အခွံပါ စားရတဲ့ အသီးများကို ရေမှာ  ၅ မိနစ်ခန့် စိမ်ထားခြင်းဖြင့် အခွံပေါ်က ပိုးသတ်ဆေးကို စင်ကြယ်စေပြီးမှ အခြောက်ထားပြီး (၀ါ) ခြောက်အောင်သုတ်ပြီးမှ လှီးဖြတ်ပြီး အစိမ်းစားခြင်း၊ ချက်ခြင်းများပြုသင့်ပါတယ်။
မြန်မာ၊တရုပ်၊ယိုးဒယားဟင်းတွေမှာ အချို့မှုန့်တွေထဲ့ကြပါတယ်။ အချို့မှုန့်ဆိုတာ ဓါတုပစ္စည်းပါ။

ဟင်းတွေအချိုဓါတ်ပိုအောင်ထည့်တာပါ။ ဟင်းထဲမှာပါတဲ့ အသားတွေ၊ အသီး အရွက်တွေမှာ သဘာဝ အာဟာရဓါတ်တွေပါရင် အချို့မှုန့်ထဲ့စရာမလိုပဲ ချိုပါတယ်။ မချိုဘူး ဆိုကထဲက အာဟာရဓါတ်နည်း နေတယ်ဆိုတာကို ပြပါတယ်။ ယခုခေတ်အသားတွေ ဟင်း ရွက်ဟင်းသီးတွေက ခဲထားလို့ (frozen) မချိုတော့ဘူးလို့ စောဒကတက်ကြပါတယ်။ တကယ်က ခဲထားတဲ့ အသားနဲ့ အသီးအနှံ့တွေမှာ အစိမ်း (fresh) အသားနဲ့ အသီးအနှံ့တွေ ထက် ဗီတာမင်တွေ ပိုရှိနေတာ တွေ့ရပါတယ်။ တချို့သူများ ဟင်းတွင်မက မှုန့်တွေမှာပါ အချိုမှုန့် ထဲ့ကြပါတယ်။ အချိုမှုန့်က မှုန့်တွေကို ချိုအောင် မလုပ်နိုင်ပါဘူး။
အချိုမှုန့်က ဆားတစ်မျိုးဖြစ်တဲ့အတွက် အချိုမှုန့်ပါတဲ့ ဟင်းတွေက အငံပေါ့ပေမဲ့ ဆားပိုများတာကြောင့် သွေးတိုးသမားများအတွက်လည်း မကောင်းပါဘူး။

အကြောင်းတိုက်ဆိုင်လို့ ကျမတောင်ကြီးမှာ တာဝန်ကျစဉ်က ယိုးဒယားနဲ့ မှောင်ခို ကူးတဲ့ သူတွေရဲ့ ဇတ်လမ်းလေးကိုလည်း ဖေါက်သည် ချချင်ပါတယ်။ လွန်ခဲ့တဲ့အနှစ် (၃၀)  က နွားလှည်းတွေနဲ့ ယိုးဒယားက အချိုမှုန့် ကီလိုထုပ်တွေ သယ်လာကြပါတယ်။ လှည်းတစ်စီး က ကျကျန်တဲ့ အချိုမှုန့်ကို နောက်လှည်းက နွားကစားလိုက်တဲ့ အတွက် အချိုမှုန့်ပိုင်ရှင်က လျော်ကြေးတောင်းပါတယ်။ တစ်နာရီ လောက် ကြာတော့ အချိုမှုန့်စားလိုက်တဲ့ နွားသေ သွား တဲ့အတွက် နွားပိုင်ရှင်က လျော်ကြေးပြန် တောင်းပါတယ်။ အချိုမှုန့်ရဲ့ အန္တရာယ်တွေကို ဘယ် လို ပြောပေမဲ့ မကြောက်ကြဘူးလို့ ဆေးပညာပေးတဲ့ သူတွေက ပြောကြပါတယ်။

အာဂျီနိမိုတိုဆိုပြီး နံမည်ကြီးတဲ့ အချိုမှုန့်ကို ဂျပန်နိုင်ငံမှာမစားပါဘူး။ ပြင်သစ်နိုင်ငံမှာ လည်းမစားပါဘူး။ ကျမနဲ့ သိတဲ့သူတွေကတော့ အချိုမှုန့် မစားကြတော့ပါဘူး။ ကျမ အပြော ကောင်းလို့တော့ မဟုတ်ပါဘူး။ ကျမပြောပြတဲ့ အချိုမှုန့်ရဲ့အန္တရာယ်ကို ပိုပြီး ကြောက်ကြလို့ ထင်ပါတယ်။ အချိုမှုန့်ရဲ့အန္တရာယ်တစ်ခုက အမျိုးသမီး၊အမျိုးသားတွေရဲ့ လက္ခဏာတွေ သေး ခြင်း ဖြစ်ပါတယ်။ ဆိုလိုတာက အမျိုးသမီးများမှာ ရင်သား၊ တင်သား စတာတွေသေးခြင်း၊ ဆံပင်ကြွတ်ခြင်းများ ဖြစ်နိုင်ပြီး၊ အမျိုးသား များမှာ ဆံပင်ကြွတ်ခြင်းနဲ့ ယောကျာ်းအင်္ဂါသေး နိုင်ပါတယ်။

ဟင်းမှာ အချိုများချင်တယ် ဆိုရင် ငါး၊ ပုဇွန်၊ ငါးပိ၊ ငံပြာရည်၊ ကြက်သားမှုန့်၊ အမဲသားမှုန့်
အသီးအရွက်မှုန့်များထဲ့တာက အန္တရာယ်ကင်းပါတယ်။
ကျမတို့ မြန်မာအတော်များများ သက်သတ်လွတ်စားကြပါတယ်။ ဘယ်လို ရည်ရွယ် ချက်နဲ့ပဲ စားစား ကျန်းမာရေးရှုဒေါင့်မှကြည့်ရင် တိရစ္တာန်မှာပါတဲ့ အသားဓါတ်မပါလို့ ဥ စားသူ  များအနေနဲ့ တစ်ပတ်ကို ကြက်ဥ (၀ါ) ဘဲဥ သုံးလုံး စားရပါမယ်။ ဥ မစားသူများအနေနဲ့  ပဲအမျိုးမျိုး ပိုစား ပေးရပါမယ်။ ချိုအောင် အချိုမှုန့်ထဲ့ခြင်းနဲ့ ဆီများများထဲ့ခြင်းများကိုတော့ ရှောင်ရပါမယ်။ သက်သတ်လွတ်စားသူများမှာ ဗီတာမင် B12၊ သံဓါတ်၊ ကယ်စီရမ်ဓါတ်နဲ့၊ omega-3 Fatty Acids များချို့တဲ့ နိုင်တဲ့အတွက် အဲဒီဓါတ်တွေ ကြွက်ဝတဲ့ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်အုပ်စုအစာများ၊ သီဟိုဠ်စေ့၊ ပဲပိစပ် စသည်တို့ကို ပိုမို စားသင့် ပါတယ်။
၎။ ထမင်းစားပြီးအချိုပွဲအနေနဲ့ ဖြစ်ဖြစ် ထမင်းဝိုင်းမှာပဲဖြစ်ဖြစ် သရက်သီး၊ သင်္ဘောသီး၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ပန်းသီး ကြိုက်ရာအသီးတစ်မျိုးမျိုး (၀ါ) ဒိန်ချဉ် (၀ါ) အစေ့ အဆန်များ ဥပမာ ဗန္ဓာစေ့၊ နေကြာစေ့၊ သီဟိုလ်စေ့များကို စားသင့်ပါတယ်။

လက်ဖက်သုပ်ရင် ဆီနည်းနည်း၊ ခရမ်းချဉ်သီးများများ၊ ဂေါဖီများများ၊ ပဲသီးဒေါင့်၊ သံပုရာသီးညှစ်ပြီး ကြက်သွန်ဖြူအစိမ်းနဲ့ စားမယ် ဆိုရင် ပိုကောင်းပါတယ်။

၅။ ထမင်းစားပြီးတဲ့ အခါ ကော်ဖီအစား၊ ရေနွေကြမ်း (၀ါ) အသီးဖျော်ရည်တစ်ခုခု သောက် ခြင်းဖြင့် အဆီဓါတ်တွေ ကိုယ်ထဲ အများကြီး မ၀င်အောင် ကာကွယ်နိုင်ပါတယ်။

သရေစာအနေနဲ့ အသီးအနှံတစ်မျိုးမျိုး (၀ါ) မုန့်ဟင်းခါးကို ပဲသီးဒေါင့်၊ နံနံပင် နဲ့ သံပုရာသီးညှစ်ပြီး စားသင့် ပါတယ်။ အုန်းနို့ခေါက်ဆွဲ စားမယ်ဆိုရင်တော့ အုံးနို့အစား နွားနို့ နဲ့ချက်တာ ပိုကောင်းပါတယ်။ ပြီးလျှင် တတ်နိုင်သမျှ ဟင်းရည်လျော့ထဲ့ပြီး၊ ကြက်သွန်စိမ်း များများနဲ့ သံပုရာရည် ထဲ့စား သင့်ပါတယ်။

ခေါက်ဆွဲအနေနဲ့ ခေါက်ဆွဲခြောက်ကို ပြုပ်ပြီး စားသင့်ပါတယ်။ မြန်မာပြည်ရှိ ခေါက်ဆွဲ အစိုများမှာ ဆိုဒါများခြင်း၊ အချို့မသမာသူများ အ၀တ်လျော်ဆိုဒါ သုံးသည်ဟု သိရ ပါ တယ်။

တစ်နေ့တစ်နေ့ စားသောက်တဲ့ အစားအစာတွေနဲ့ ပမာဏကိုမှတ်သားပြီး၊ တစ်ပတ် အတွင်း ဘာတွေ စားပြီးပြီး၊ ဘာတွေမစားရသေးဘူး ဆိုတာ စီစစ်ပါ၊ ကိုယ်စားတဲ့ အစာတွေ ထဲမှာ superstar အစာတွေ ပါပြီးလား။ အရောင်စုံ ပါသလား။ အသီးအနှံစုံသလား။ ဆိုတာ စစ်ဆေးရပါမယ်။ မပါသေးတဲ့ အစာတွေကို ဖြည့်စွပ်စားခြင်းဖြင့် အရသာရှိပြီး၊ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစာတွေ စားဖြစ် မှာပါ။ အကျင့်ရ လာတဲ့ အခါ စာရင်းမှတ်စရာ မလိုတော့ပါဘူး။

အစားအသောက် ကြော်ငြာများတွင် အထူးကောင်းကြောင်း အမွှန်းတင် ထားကြပါတယ်။ တစ်မျိုးတည်းသော အစားအစာကို စားရုံမျှနှင့် ကျန်းမာရေးကို ပြည့်စုံ ကောင်းမွန်  အားရှိ စေတဲ့ အစားအစာ မရှိပါဘူး။ ထို့အတူ ကိုယ်အလေးချိန်ကို အထူးလျှော့ကျစေ တယ်ဆိုတဲ့ အထူးအစား အစာမျိုးလည်း မရှိပါဘူး။ ကိုယ်အလေးချိန်ကို အမှန်တစ်ကယ် ထိထိ ရောက် ရောက် လျှော့ကျ စေတဲ့နည်းမှာ အစားအစာကို လိုအပ်တာထက် လျော့စား နိုင်ရန် စိတ်ကို နိုင်အောင် ထိမ်းတဲ့ နည်းပဲဖြစ်ပါတယ်။ ဂျပန်ပရောဖက်ဆာ တစ်ဦးကပြောဖူး ပါတယ်။ ဗိုလ်က အဆီက ဘယ်ကမှ လာလို့ မရဘူး။ ပါးစပ်ကပဲ လာရတာ တဲ့။

ဗီတာမင်တွေပေါ်ကာစက လူတော်တော်များများက ဗီတာမင်တွေ အများကြီးစားခြင်း ဖြင့် ပိုမို ကျန်းမာ ကြမယ်ထင်ပြီး အများအပြား စားကြပါတယ်။ ရလဒ်ကတော့ ဗီတာမင်များခြင်း ရောဂါဖြစ်တဲ့ (Hypervitaminosis) ဖြစ်စေပါတယ်။ အထူးသဖြင့် ဆီမှာပျော်ဝင်တဲ့ ဗီတာမင် (ဥပမာ ဗီတာမင် D) တွေဟာကိုယ်ထဲက အဆီတွေမှာ အများကြီးစုနေနိုင်ပါတယ်။

ထိုနည်းအတူ အစာတစ်မျိုးထဲကို အများအပြားစားခြင်းအားဖြင့်လည်း ရောဂါရနိုင် ပါတယ်။ ဥပမာ ပြောင်းဖူး တစ်မျိုးထဲစားတဲ့သူများမှာ ဗီတာမင် B လျော့နည်းတဲ့ လေးဘက် နာရောဂါဖြစ်နိုင်ပါတယ်။

ဆက်လက်ဖေါ်ပြပါမယ်။

No comments:

Post a Comment