လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, May 28, 2013

ဘိက္ခုနီသိက္ခာပုဒ်များ။




သံဃာဒိသေသအခန်း။
၁။ အကြင်ဘိက္ခုနီသည် (အိမ်ပိုင် ရာပိုင်ရှိသော) အိမ်ရှင်ယောက်ျား၊အိမ်ရှင်ယောက်ျား၏သား(ညီ အကို)၊ကျွန်၊အလုပ်သမား၊အောက်ထစ်ဆုံးရဟန်း၊ပရိဗိုဇ် ဤသူများနှင့်အငြင်းအခုံဖြစ်ပွါး၍ တရားတွေ့အံ့၊ ထို ဘိက္ခုနီသည် ပဌမလွန်ကျူးဆဲခဏ၌ သင့်ရောက်အပ်သောတရားသူကြီးတို့ဆုံးဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် သင့်ရော်အပ်သောသံဃာမှနှင်ထုတ်ကြောင်းဖြစ်သောသံဃာဒိသေသ်အာပတ်သင့်၏။

၂။ အကြင်ဘိက္ခုနီသည် သတ်ထိုက်သောခိုးသူမဖြစ်ကြောင်းကိုသိပါလျက်၊အမှန်လည်းသတ်ထိုက်သော သတ်ထိုက်သူဟူ၍ လည်းထင်ရှားသောခိုးသူမကို မင်းကိုဖြစ်စေ၊ဘိက္ခုနီသံဃာကိုဖြစ်စေ၊မင်းအပေါင်း ဟူသောဂိုဏ်ကိုဖြစ်စေ၊ ကုသိုလ်ပြုအသင်းကိုဖြစ်စေ၊ ကုန်သည်တို့၏အစည်းအရုံးကိုဖြစ်စေ မတိုင်းကြား ဘဲပြုပေးကောင်းလောက်အောင် (ကပ္ပာ-အပ်စပ်သူမ)  လည်းမဟုတ်ဘဲ ဥပဇ္ဈာယ်လုပ်၍ဘိက္ခုနီပြုပေးအံ့၊
ထိုဘိက္ခုနီမှာ လွန်ကျူးပြီးလျှင်ပြီးခြင်းသင့်ရောက်အပ်သောသံဃာမှနှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။

၃။ အကြင်ဘိက္ခုနီသည် တစ်ယောက်တည်းတခြားရွာသို့သော်လည်းသွားအံ့၊မြစ်တစ်ဘက်ကမ်းသို့သော်လည်းတစ်ယောက်တည်းသွားအံ့၊ညဥ့်အခါ၌အဖော်နှင့်ခွဲ၍သော်လည်းတစ်ယောက်တည်းနေအံ့၊
ခရီးသွားစဉ်အဖော်အပေါင်းမှသော်လည်းနောက်ချန်နေရစ်အံ့၊ထိုကြင်ဘိက္ခုနီသည် လွန်ကျူးလျှင် လွန်ကျူးခြင်းသင့်ရောက်အပ်သောသံဃာမှနှင်ထုတ်ကြောင်းဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။

၎။  အကြင်ဘိက္ခုနီသည် မှန်ကန်သောသဘောလည်းဖြစ်သော ၀ိနည်းထုံစံအတိုင်းစစ်ဆေးမေးမြန်း မှု လည်းရှိသောဥတ်ကမ္မ၀်စာဖြင့်(ကံပြု၍)သံဃာမှဖယ်ထုတ်ထားအပ်သောဘိက္ခုနီကိုကံပြုသောသံဃာ ကိုလည်းခွင့်အပန်ဘဲ ထိုကံပြုသောဘိက္ခုနီအပေါင်း၏စိတ်ဆန္ဒကိုလည်းမသိရဘဲသံဃာအတွင်းသို့ပြန်၍သွင်းအံ့၊ထိုဘိက္ခုနီလည်းလွန်ကျူးလျှင် လွန်ကျူးခြင်းသင့်ရောက်အပ်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ်အာပတ်သင့်၏။

၅။ အကြင်ဘိက္ခုနီသည် မိမိကိုယ်တိုင်ကကိလေသာမိုးရေစိုစွတ်နေသူဖြစ်လျက်ကိလေသာမိုးရေစိုစွတ်နေ သောယောက်ျား၏လက်မှခဲဖွယ်ကိုဖြစ်စေ၊ ဘောဇဉ်ကိုဖြစ်စေ၊မိမိလက်ဖြင့်ခံယူ၍ခဲစားအံ့၊ထိုဘိက္ခုနီ လည်း လွန်ကျူးလျှင် လွန်ကျူးခြင်းသင့်ရောက်အပ်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

၆။ အကြင်ဘိက္ခုနီသည် အရှင်မ``ဤယောက်ျားသည်ကိလေသာမိုးရေစိုနေသည်လည်းဖြစ်စေ၊မစိုဘဲလည်းရှိစေ အရှင်မမှာကိလေသာမိုးရေစိုမနေလျှင်သူဘာတတ်နိုင်မှာလည်း၊တိုက်တွန်းပါရဲ့၊ဤယောက်ျားပေးသမျှခဲဖွယ်ဘောစဉ်ကိုမိမိလက်ဖြင့်ခံယူ၍ခဲ-စားပါ ဟုပြောဆိုတိုက်တွန်းအံ့၊ထိုဘိက္ခုနီ လည်း လွန်ကျူးလျှင် လွန်ကျူးခြင်းသင့်ရောက်အပ်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

၇။ အကြင်ဘိက္ခုနီသည် စိတ်ဆိုးသည် စိတ်မချမ်းသာသည်ဖြစ်၍ ဘုရားကိုလည်းစွန့်၏၊သံဃာကိုလည်းစွန့်၏၊ သိက္ခပုဒ်ကိုလည်းစွန့်၏၊သာကီဝင်မင်းသားဘုရား၏သမီးဆိုသူတို့သာသမဏီမတဲ့လား၊မကောင်းမှုမှရှက်တတ်-ပြုအပ်လေသလား/မပြုအပ်လေသလားဟု စဉ်းစားတတ်-သိက္ခာ (၃) ပါးကို လိုလားတတ်ကုန်သော အခြားသာမဏိမတို့လည်းရှိကြပါသေး၏။ ထိုသူတို့အထံ၌မြတ်သောအကျင့်ကို
ကျင့်တော့မည်။ ဤသို့ပြောဆိုအံ့၊ထိုဘိက္ခုနီ ကိုမြင်ကုန်၊ကြားကုန်သော ဘိက္ခုနီ တို့က ဤသို့မပြောရန်တားမြစ်၍ အရှင်မ သာသနာတော်၌မွေ့လျောပါ၊တရားတော်ကိုကောင်းစွာစောထားအပ်ပါပြီ၊
ကောင်းမှန်စွာဒုက္ခအဆုံးကိုပြုဖို့ရာမြတ်သောအကျင့်ကိုကျင့်ပါဟု ပြောဆိုရမည်။ အခြားဘိက္ခုနီ ကဤသို့ပြောဆိုအပ်ပါလျက် ထိုရှေးနည်းအတိုင်းပင် (သူ့အပြောကိုမလျော့ဘဲ)ချီးမြှောက်အံ့၊ထိုဘိက္ခုနီ ကို အခြား ဘိက္ခုနီက ထိုအပြောကိုစွန့်လွှတ်ဖို့ရန် (၃) ကြိမ်တိုင်အောင် ဥတ်ကမ္မ၀ါစာဖြင့်ပြောဆိုထိုက်၏။ (၃) ကြိမ် တိုင် အောင် ဥတ်ကမ္မ၀ါစာဖြင့်ဆိုဆုံးမ၍မပြီးခင် ထိုအပြောကို စွန့်လျှင်ကောင်းသေး၏။ ပြောဆိုဆုံးမ ပြီးသည့်တိုင်အောင်မစွန့်လျှင်က ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

၈။ အကြင်ဘိက္ခုနီသည် အဓိကရုဏ်း(အမှု)တစ်ခုခု၌ရှုံးသဖြင့် စိတ်လည်းဆိုး စိတ်လည်းမချမ်းသာရကား
ဘိက္ခုနီမတွေဆန္ဒဂတိလိုက်ကြတယ်။ စသည်ဖြင့်ရန်တွေ့အံ့၊ထိုဘိက္ခုနီ ကိုအခြား ဘိက္ခုနီ တို့က ရန်မတွေ့ဖို့ရန်ပြောရမည်။ ထိုသို့ပြောဆိုဆုံးမပါလျက် သူ၏ရန်တွေ့မှုပြောဆိုမှုကို ရှေးအတိုင်း(အလျော့ဘဲ)ချီးမြှောက်ထားအံ့၊ထိုဘိက္ခုနီကိုအခြား ဘိက္ခုနီ တို့ကထိုအပြောကိုစွန့်ဖို့ရာ(၃) ကြိမ်တိုင်အောင်ဥတ်ကမ္မ၀ါ စာဖြင့်ပြောဆိုဆုံးမရမည်။ (၃) ကြိမ် တိုင် တိုင်ဆုံးမစဉ် ထိုအပြောကို စွန့်လျှင်ကောင်းသေး၏။ ပြောဆိုဆုံးမ ပြီးသည့်တိုင်အောင်မစွန့်လျှင်က ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

၉။ ဘိက္ခုနီအများတို့သည်ပင် လူတို့နှင့်ရောရောနှောနှောနေကြကုန်၏။ယုတ်မာသောအကျင့်-မကောင်းသတင်းကျော်စောခြင်း၊မကောင်းသောအသက်မွေးခြင်းရှိကြကုန်၏။ဘိက္ခုနီသံဃာကို ညှင်းဆဲတတ်ကြကုန်၏။ အချင်းချင်း၏အပြစ်ကိုလည်းဖုံးထားတတ်ကြကုန်၏။ ထိုဘိက္ခုနီ ကိုမြင်ကုန်၊ကြားကုန်သော ဘိက္ခုနီ တို့က ညီးတို လူတို့နှင့်ရောရောနှောနှော မနေကြပါနှင့် စသည်ဖြင့်ပြောဆိုဆုံးမ၍
ညီးတို့ လူတို့နှင့် ကင်းကင်းရှင်းရှင်းနေကြပါ။ ညီးတို့၏ကင်းကင်းရှင်းရှင်းနေခြင်းကိုသာဘိက္ခုနီ သံဃာက
ချီးမွမ်းပါသည် ဟုဖျောင်းဖျပြောဆိုရမည်။ ထိုသို့ပြောဆိုပါလျက်သူတို့၏ထိုအကျင့်ကို ရှေးအတိုင်းပင်(အလျော့ဘဲ)ချီးမြှောက်နေကြသေးအံ့၊ထိုဘိက္ခုနီကိုအခြား ဘိက္ခုနီ တို့ကထိုအပြောကိုစွန့်ဖို့ရာ(၃) ကြိမ်တိုင်အောင်ဥတ်ကမ္မ၀ါ စာဖြင့်ပြောဆိုဆုံးမရမည်။ (၃) ကြိမ် တိုင် တိုင်ဆုံးမစဉ် ထိုအပြောကို စွန့်လျှင်ကောင်းသေး၏။ ပြောဆိုဆုံးမ ပြီးသည့်တိုင်အောင်မစွန့်လျှင်က ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

၁၀။ အကြင်ဘိက္ခုနီသည် ဤသို့ပြောဆိုအံ့ (အဘယ်သို့ပြောဆိုသနည်း) အရှင်မတို့သင်တို့သည်
လူဝတ်ကြောင် မိန်းမတို့နှင့်သာရောနှော၍နေကြပါ၊အသီးသီးခွဲခွာ၍မနေကြပါနှင့်၊သံဃာထဲမျာဒီလိုအကျင့်
ဒီလိုကျော်စောသံဒီလိုအသက်မွေးမှုရှိကြကုန်သောဘိက္ခုနီသံဃာကိုညှည်းဆဲတတ်ကြ၊အချင်းချင်း၏ အပြစ်ကိုလည်းဖုံးထားတတ်ကြကုန်သော(သင်တို့အပြင်) အခြားဘိက္ခုနီတွေရှိကြပါသေးသည်။ ထိုဘိက္ခုနီ တွေကိုလည်း သံဃာကဘာကိုမှမပြောပါ၊သင်တို့ကိုသာသံဃာအောက်တန်းစားတွေဟု အမှတ် ထားခြင်း
ငါတို့ပြောရောဘာတတ်နိုင်မှာလည်း၊ဟုနိုင်ထက်စီးနင်းသိခြင်း၊သင်တို့ဒအပြစ်ကိုမှသည်းမခံနိုင်ခြင်း၊သူတို့စကားသာအောင်နိုင်၏ဟုမှတ်ယူရလောက်အောင်သူတို့ကအားရှိခြင်း၊သင်တို့က(ဘက်သား)အင်းအား နည်းပါးခြင်းတို့ကြောင့် ဘဂိနိယော သံသဋ္ဌ ၀ိဟန္တိ  စသည်ဖြင့်တားမြစ်ခြင်းဖြစ်သည် ဟုပြောဆိုအံ့ ထို ဘိက္ခုနီကိုအခြား ဘိက္ခုနီ တို့ကဤသို့အပြောကိုစွန့်ဖို့ရာ(၃) ကြိမ်တိုင်အောင်ဥတ်ကမ္မ၀ါ စာဖြင့်ပြော ဆိုဆုံးမရမည်။ (၃) ကြိမ် တိုင် တိုင်ဆုံးမစဉ် ထိုအပြောကို စွန့်လျှင်ကောင်းသေး၏။ ပြောဆိုဆုံးမ ပြီးသည့်တိုင်အောင်မစွန့်လျှင်က ယာဝတတိယကမည်သော သံဃာမှနှင်ထုတ်ကြောင်း ဖြစ်သော သံဃာဒိသေသ် အာပတ်သင့်၏။

Thursday, May 23, 2013

ငါးပါးသီလကဗျာများ။

သူ့အသက်ကို သိလျက်သားနဲ့၊
ဒေါသစိတ်ထား သေစေလို၊
လုံ့လပြုကာ သေအောင်သတ်က၊
ပါဏာတိပါတ် အကုသိုလ်၊
လွန်ကျူးမိလျှင်၊တကယ်ပဲပေါ့ အပါယ်ငရဲ  ကျမည်ဆို၊
လွတ်လာပြန်လည်း ရောဂါဆွဲ ဆင်းရဲ အသက်တို၊
အဲ့ဒါကြောင့်ပဉ္စသီလတည်ကြပါစေလို။

သူ့ဥစ္စာကို သိလျက်သားနဲ့၊
လောဘစိတ်ထား ခိုးယူလို၊
လုံ့လပြုကာ ခိုးယူမိက၊
အဒိန္နာ ဒါနာ အကုသိုလ်၊
လွန်ကျူးမိလျှင်၊တကယ်ပဲပေါ့ အပါယ်ငရဲ  ကျမည်ဆို၊
လွတ်လာပြန်လည်း ဥစ္စာမွဲ ဆင်းရဲ ဖြစ်တိုင်းကိုယ်၊
အဲ့ဒါကြောင့် ပဉ္စသီလတည်ကြပါစေလို။

ရှောင်ရှားအပ်သူ မိန်းမများ၌၊
ရာဂစိတ်ထားပေါင်းဖေါ်လို၊
လုံ့လထုတ်ကာ ကျူးလွန်ပြုက၊
ကာမေသုတဲ့ အကုသိုလ်၊
ကျူးလွန်မိလျှင်၊တကယ်ပဲပေါ့ အပါယ်ငရဲ  ကျမည်ဆို၊
လွတ်လာပြန်က နပုန်းမ မိန်းမ ဖြစ်သကို၊
အဲ့ဒါကြောင့် ပဉ္စသီလတည်ကြပါစေလို။

မဟုတ်မှန်တစ်ဘက်သားကို၊
ချွတ်ယွင်းလှည့်စား မုသားဆို၊
အဓိပ္ပါယ်ကို ထိုသူသိ၍၊
အကျိုးကိုယ်ထိ အကုသိုလ်၊
လွန်ကျူးမိလျှင်၊တကယ်ပဲပေါ့ အပါယ်ငရဲ  ကျမည်ဆို၊
လွတ်လာပြန်လည်း ပုပ်ညှီစွဲ သွားကျဲ နှခမ်းတို၊
အဲ့ဒါကြောင့်ပဉ္စသီလတည်ကြပါစေလို။

မူးရစ်တတ်စွာ သေရည်များကို၊
မူးရစ်သောက်စား ဘိန်းရှုလို၊
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့၊
မကောင်းစင်စစ် အကုသိုလ်၊
ကျူးလွန်မိလျှင်၊တကယ်ပဲပေါ့ အပါယ်ငရဲ  ကျမည်ဆို၊
လွတ်လာစေဦး လူမေ့မူး အရူးဖြစ်တိုင်းကိုယ်၊
အဲ့ဒါကြောင့်ပဉ္စသီလတည်ကြပါစေလို။

အောက်ပါဆိုဒ်တွင်ဓမ္မတေးအဖြစ်နားဆင်နိုင်ပါသည်။
http://www.dhammavideo.com/media/4445/1/

Sunday, May 19, 2013

စိတ်

ကြံစည်လေတိုင်း စိတ်ကအရှေ့ကသွားပါသည်။
ကြံစည်လေတိုင်း စိတ်က အမှူးပြုပါသည်။
ကြံစည်လေတိုင်း စိတ်ကပြီးမြောက်စေပါသည်။

ပြောဆိုလေတိုင်း စိတ်ကအရှေ့ကသွားပါသည်။
ပြောဆိုလေတိုင်း စိတ်က အမှူးပြုပါသည်။
ပြောဆိုလေတိုင်း စိတ်ကပြီးမြောက်စေပါသည်။

ပြုမူလေတိုင်း စိတ်ကအရှေ့ကသွားပါသည်။
ပြုမူလေတိုင်း စိတ်က အမှူးပြုပါသည်။
ပြုမူလေတိုင်း စိတ်ကပြီးမြောက်စေပါသည်။

စိတ်သည်သာ ကောင်းမှု မကောင်းမှုတို့ရဲ့
မြစ်ဖျားအစ ဖြစ်လေတာ။

ကမ္ဘာကြီးကိုကောင်းသောစိတ်ဖြင့်သာ
လှပစေသင့်တာ။

အကြင်သူသည် မကောင်းသောစိတ်ဖြင့် ကြံစည်အံ့။
အကြင်သူသည် မကောင်းသောစိတ်ဖြင့် ပြောဆိုအံ့။
အကြင်သူသည် မကောင်းသောစိတ်ဖြင့် ပြုမူအံ့။

လှည်းကိုဆွဲသောနွား၏ခြေရာလှည်ဘီးက အစဉ်လိုက်သည့်ပမာ၊
အကြင်သူသွားလေရာ ဆင်းရဲ ဒုက္ခက အစဉ်လိုက်နေမှာ။

အကြင်သူသည် ကောင်းသောစိတ်ဖြင့် ကြံစည်အံ့။
အကြင်သူသည် ကောင်းသောစိတ်ဖြင့် ပြောဆိုအံ့။
အကြင်သူသည် ကောင်းသောစိတ်ဖြင့် ပြုမူအံ့။

မိမိသွားလေရာ မိမိအရိပ်က အစဉ်လိုက်သည့်ပမာ၊
အကြင်သူသွားလေရာ သုခ ချမ်းသာက အစဉ်လိုက်နေမှာ။

အောက်ပါဆိုဒ်တွင်ဓမ္မတေးအဖြစ်နားဆင်နိုင်ပါသည်။
http://www.dhammavideo.com/media/4559/1/

Tuesday, May 14, 2013

ဒိဋ္ဌိအမှန်ရုပ်နှင့်နာမ်

မျက်စိ တံခါး ဖွင့်ထားခိုက်မှာ၊
အဆင်းရုပ်မျိုး ၀င်တိုးတိုက်လာ၊
မြင်သိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါမြင်စွဲ ယူလွဲဒိဋ္ဌိပါ။

နားပေါက် တံခါးဖွင့်ထားခိုက်မှာ၊
အသံရုပ်မျိုး ၀င်တိုးတိုက်လာ၊
ကြားသိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါကြားစွဲ ယူလွဲဒိဋ္ဌိပါ။

နှာခေါင်း တံခါးဖွင့်ထားခိုက်မှာ၊
အနံ့ရုပ်မျိုး ၀င်တိုးတိုက်လာ၊
နံသိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါနံစွဲ ယူလွဲဒိဋ္ဌိပါ။

လျှာပေါက် တံခါးဖွင့်ထားခိုက်မှာ၊
ရသာရုပ်မျိုး ၀င်တိုးတိုက်လာ၊
စားသိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါစားစွဲ ယူလွဲဒိဋ္ဌိပါ။

ကိုယ်ပေါက် တံခါးဖွင့်ထားခိုက်မှာ၊
အတွေ့ရုပ်မျိုး ၀င်တိုးတိုက်လာ၊
ထိသိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါထိစွဲ ယူလွဲဒိဋ္ဌိပါ။

မနော တံခါးဖွင့်ထားခိုက်မှာ၊
အကြံရုပ်မျိုး ၀င်တိုးတိုက်လာ၊
ကြံသိစိတ်များ ဖြစ်ပွါးပျက်ရာ၊
ငါကြံစွဲ ယူလွဲဒိဋ္ဌိပါ။

ဖေါက်ပြန်ပြောင်းလဲကာတာက ရုပ်။
ကြံသိ ညွတ်တတ်တာက နာမ်။
ရုပ်နာမ် သိဆဲ ငါမဆွဲ
ကွာမြဲ ဒိဋ္ဌိမှန်။

မြင်တိုင်းမှာ သတိယှဉ်စမ်းပါ၊
မြင် မမြဲ သိဆဲ ဒိဋ္ဌိကွာ။

ကြားတိုင်းမှာ သတိယှဉ်စမ်းပါ၊
ကြား မမြဲ သိဆဲ ဒိဋ္ဌိကွာ။

နံတိုင်းမှာ သတိယှဉ်စမ်းပါ၊
နံ မမြဲ သိဆဲ ဒိဋ္ဌိကွာ။

စားတိုင်းမှာ သတိယှဉ်စမ်းပါ၊
စား မမြဲ သိဆဲ ဒိဋ္ဌိကွာ။

ထိတိုင်းမှာ သတိယှဉ်စမ်းပါ၊
ထိ မမြဲ သိဆဲ ဒိဋ္ဌိကွာ။

ကြံတိုင်းမှာ သတိယှဉ်စမ်းပါ၊
ကြံ မမြဲ သိဆဲ ဒိဋ္ဌိကွာ။

ဖေါက်ပြန်ပြောင်းလဲတာက ရုပ်။
ကြံသိ ညွတ်တတ် တာက နာမ်။
ရုပ်နာမ် သိဆဲ ငါမဆွဲ၊
ကွာမြဲ ဒိဋ္ဌိမှန်။

ကြံစည်စဉ်းစား အာရုံများ၊
လိုက်စားမပြုရာ။
အာရုံလိုက်စား ဒုက္ခပွါး၊
ရှည်လျား သံသရာ။

အာရုံမလိုက် သတိစိုက်၊
ဥာဏ်၌ ဆင်ခြင် နိဗ္ဗာန်ဝင်ရမှာ။


အောက်ပါဆိုဒ်တွင်ဓမ္မတေးအဖြစ်နားဆင်နိုင်ပါသည်
http://www.dhammavideo.com/media/4523/1/

Saturday, May 11, 2013

ဘိက္ခုနီ၏၀ိနည်းတော် ၃၀၁ ပါး ။



ဘိက္ခုနီ (ရဟန်းအမျိုးသမီး) များသည် ရဟန်းယောက်ျားများထက် ၀ိနည်းတော် (၃၀၁-၂၂၇= ၇၄ ပါး) ပိုမိုဆောက်ထိန်းရသည့်အပြင်အောက်ပါ ဂရုဓံ (၈) မျိုးကိုပါဆောက်ထိန်းရပါသည်။  

ဂရုဓံ (၈)မျိုး http://siamtai.com/profiles/blogs/2262632:BlogPost:93910  မှကူးယူပါသည်။

(၁) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ပါးသည် အသက်တစ်ရာပင်ဖြစ်သော်လည်း ယနေ့မှရဟန်းဖြစ်လာ သော ဘိက္ခု (အမျိုးသားရဟန်း) ကို အရိုအသေပေးရမည်၊၊
 (၂) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ရဟန်းအမျိုးသားရှိသောကျောင်း၌သာ
ဝါဆိုရမည်၊၊
 (၃) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် လခွဲတိုင်း ဘိက္ခုသံဃာ၌ ဥပုသ်မေးခြင်း၊ အဆုံးအမခံယူခြင်းနှစ်မျိုးကို လိုလားခံယူရမည်၊၊
 (၄) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ၀ါကျွတ်သောအခါ ဘိက္ခုသံဃာအထံ၌
သံသယရှိခဲ့သော် ဆုံးမရန် လျောက်ထားရမည်၊၊
 (၅) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် သံဃာဒိသေသ်အာပတ်သင့်ခဲ့သော်
ဘိက္ခုသံဃာ၊ ဘိက္ခုနီ သံဃာနှစ်မျိုးအထံ၌ ပက္ခမာနတ်ကို ကျင့်သုံးရမည်၊၊
 (၆) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးဖြစ်လိုသူ အမျိုးသ္မီးတစ်ဦးသည် (၂)နှစ်တိုင်
တရားခြောက်မျိုးကို ကျင့် သုံးပြီးလျင် ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာနှစ်မျိုးအထံ၌
ရဟန်းခံရမည်၊၊
 (၇) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ဘိက္ခုကို ကြမ်းတမ်းသောစကားကို
မပြောဆိုရ၊၊
 (၈) ဘိက္ခုနီ=ရဟန်းအမျိုးသ္မီးတစ်ဦးသည် ဘိက္ခု=အမျိုးသားရဟန်းကို
ဆုံးမသြ၀ါဒ မပေးရ၊၊

 ဤ ဂရုဓံရှစ်မျိုးတို့သည် ဘိက္ခုနီသာသနာ စည်ပင်တိုးတက်စေရန်၊ ဘိက္ခုနီသာသနာတော်
အစ တည်ထောင်ရန် မြတ်စွာဘုရားရှင် ချမှတ်ပေးသည့် ဘိက္ခုနီသာသနာတော်၏ ရေသောက်မြစ်စည်းကမ်း ရှစ်မျိုးပင်ဖြစ်ပါသည်၊၊


ပါရာဇိကအခန်း။ (ဘိက္ခုနီတို့အတွက်သီးခြားပညတ်တော်မူအပ်သောပါရာဇိကလေးပါး)။
      ဘိက္ခုနီတို့အတွက်သီးခြားပညတ်တော်မူအပ်သောဤပါရာဇိကလေးပါးအပြင်၊
ဘိက္ခုတို့အား ပညတ်အပ်သော မေထုန်မှီဝဲမှု၊ လူ့ဥစ္စာခိုးမှု၊ လူကိုသတ်မှု၊ဈာန်မဂ်ဖိုလ်
မရဘဲ နှင့်ရသည်ဟုလိမ်မှု လေးပါးကိုလည်းဘိက္ခုနီတို့လိုက်နာရသည်။ ထိုကြောင့်
ဘိက္ခုနီများတွင် ပါရာဇိက ၈ ပါးရှိသည်။

၁။ ဥ ဗ္ဘဇာဏုမဏ္ဍလိကာပါရာဇိက = အကြင်ဘိက္ခုနီသည် ကိုယ်လက်နှီနှောလိုသော ရာဂစိတ် ရှိသည်ဖြစ်၍ ကိုယ်လက်နှီနှောလိုသော ရာဂစိတ် ရှိသောယောက်ျားက ညှက်ရိုး နှစ်ဘက်အောက်၊ ဒူးဆစ်နှစ်ဘက်၏အထက်၊ တစ်ထောင်ဆစ်မှအထက်လက်မောင်း၊ ဤအတွင်းတစ်နေရာဝယ်             နေရာမရွှေ့ပဲနာနာဖြစ်ညှစ်၍ကိုင်ခြင်း (အာမသန)၊ ဟိုရွှေ့သည်ရွှေ့ရွှေ့၍ နာနာညှစ်၍ကိုင်ခြင်း (ပရာမသန)၊ နာနာမညှစ်ပဲကိုင်ရုံမျှဖြစ်သော (ဂဟဏ)၊ တို့ခြင်းဟူသော (ဆုပန)၊ ပွေ့ယူဖြစ်ညှစ် ခြင်းဟူသော (ပဋိပီဠန)၊ ဤပြုမှုကိုသာယာနှစ်သက်အံ့၊ထိုဘိက္ခုနီသည် ဥ ဗ္ဘဇာ ဏုမဏ္ဍလိကာ
မည်သော ပါရာဇိက ကျလေ တော့သည်။

၂။ ၀ဇ္ဇပဋိ စ္ဆာဒိကာ ပါရာဇိက = အကြင်ရဟန်းမသည် ပါရာဇိက ကျနေမှန်းသိပါလျက်၊ ပါရာဇိက
ကျနေသောရဟန်းမကို ကိုယ်တိုင်လည်း မစောဒနာ၊ ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားပဲနေအံ့၊
အကြင်အခါ ထို ပါရာဇိက ကျနေသောဘိက္ခုနီသည် ဘိက္ခုနီအသွင်တွင်တည်နေ၏။ သို့မဟုတ် စုတေ
(သေ)၏။ သို့မဟုတ် လူထွက်၏။ သို့မဟုတ် တိတ္ထိအဖြစ်သို့ပြောင်းသွား၏။ ထိုဖုံးထားပြီးရာ
နောက်အခါကျမှ ရှေးတုန်းကပင်သူမရဲ့အကြောင်းကို ဒီလို ဒီလိုဆိုတာ သိခဲ့ပါရဲ့၊ သို့သော်
ကိုယ်တိုင်လည်း မစောဒနာခဲ့ပါ၊ ဘိက္ခုနီဂိုဏ်းအားလည်း မတိုင်ကြားခဲ့ပါ -ဟုပြောအံ့ (ဤသို့ပြော
ဆိုဝန်ခံခြင်း၊ မခံခြင်းသည်လိုရင်းမဟုတ်၊ အပြစ်ကိုဖုံးထား၍ မပြောကြားတော့ဟု ဆုံးဖြတ် တုန်းကပင်)
ဇ္ဇပဋိ စ္ဆာ ဒိကာမည်သော ပါရာဇိကကျသူဖြစ်တော့၏။

 
၃။ ဥက္ခိတ္တာနုဝတ္တိကာပါရာဇိက = ညီညွတ်သောသံဃာတော်သည် သဘောအားဖြင့်မှန်ကန်၍ စစ်ဆေးမေးမြန်းမှု၊ သူ့အပြစ်ကိုအမှတ်ရစေမှု၊ ဟူသောဝိနည်းထုံးတမ်းအတိုင်းစစ်ဆေး သတိပေး၍ ဥတ်ကမ္မ၀ါစာဖြင့်ကျကျနန နှင်ထုတ်ထားသော၊ နှင်ထုတ်ထားသောပုဂ္ဂိုလ်များနှင့် ဥတ်ကမ္မ၀ါစာ ကို လည်းအရေးမစိုက်သော ထိုနှင်ထုတ်ကံငြိမ်းအေးအောင် (ရုပ်သိမ်းအောင်) ကုစားခြင်းလည်း မရှိသော ကံကြီး ကံငယ်ကိစ္စသူ့ကိုအပေါင်းဖေါ်မရှိသောသူ့ကို(အရိဋ္ဌကဲ့သို့သော) ရဟန်းကိုအကြင် ဘိက္ခုနီ သည် နောက်လိုက်လုပ်၏။ ဘိက္ခုနီကို ထိုရဟန်းသည်ဝိနည်းထုံးတမ်းအတိုင်းနှင်ထုတ်ထားသော ပုဂ္ဂိုလ်ဖြစ် ကြောင်းပြောပြ၍ သူ့အယူဝါဒသို့အလိုက်ဖို့ရန်ပြောပြရမည်။ ထိုသို့ပြောပါလျက်နဂိုအတိုင်းမလျှော့ပဲသူ့အယူဝါဒကိုပင် အကောင်းအနေမျိုးဖြင့်ချီးမြှောက်နေသေးလျှင်ထို ဘိက္ခုနီကိုထိုအယူဝါဒစွန့်ဖို့ရာ
ဥတ်ကမ္မ၀ါစာဖြင့် ၃ ကြိမ်တိုင်တိုင်ဆုံးမရမည်။ ထိုသို့ဆုံးမ၍သူ့အယူစွန့်လျှင်ကောင်း၏။ (ပါရာဇိက
အာပတ် မသင့် သေး)။ မစွန့်လျှင်ကား ဥက္ခိတ္တာနုဝတ္တိကာမည်သောပါရာဇိကသို့ရောက်တော့သည်။

၎။ အဋ္ဌ၀တ္ထုကာပါရာဇိက = အကြင်ရဟန်းမသည် ကိုယ်လက်နှီးနှောလိုသော ရာဂမိုးရေဆိုစေအပ် သည်ဖြစ်၍ထို ရာဂမိုးရေ ဆိုစေ အပ်သောယောက်ျား၏လက်ဆွဲမှုကိုလည်းသာယာအံ့၊ အ၀တ် သင်္ကန်းကိုင်ဖွဲမှု ကိုလည်းသာယာအံ့၊ နှစ်ထောင့်ထွာအတွင်းအနီးတွင်လည်းရပ်နေအံ့၊ နီးနီးကပ်ကပ် လည်းစကားပြောအံ့၊ယောက်ျားချိန်းချက်အပ်သောအရပ်သို့လည်းသွားအံ့၊ မိမိဆီသို့ယောက်ျား ၏ လာမှုကိုလည်းသာယာအံ့၊ အမိုးအကာရှိသောအရပ်သို့လည်းဝင်အံ့၊ ကိုယ်ကိုလည်း ထိုကိုယ်လက်
နှီးနှောဖို့ရာအနီးသို့ညှတ်ပေးအံ့၊ဤဘိက္ခုနီလည်း အဋ္ဌ၀တ္ထုကာ မည်သော ပါရာဇိကကျ၏။

မှတ်ချက်။ ဤပါရာဇိကတွင် ၈ ပါးလုံးကျူးလွန်မှ ပါရာဇိကကျသည်။ ၈ ပါးလုံးဟူရာတွင် တစ်ဆက်တည်း
ကျူးလွန်မှမဟုတ်၊ ယနေ့တစ်ခုကျူးလွန်၊ နောက်ရက်တွင် တစ်ခု ကျူးလွန်ခြင်း စသည်ဖြင့်ကျူးလွန် လျှင်
၈ပါးပြည့်သောအခါ ပါရာဇိက ကျ၏။ တစ်ခုခုကျူးလွန်ပြီးနောက် သံဝေဂ ဖြစ်၍နောက်မကျူးလွန်တော့
ပါဟုဆုံးဖြစ်၍ဒေသနာပြော (အာပတ်ဖြေ)နိုင်လျှင် ထိုအာပတ် ပပျောက်သွား၏ ထိုနောက်စိတ်ကို
မထိန်းနိုင်၍ နောက်ထပ်အခြားအပြစ်များကိုကျူးလွန်သော်လည်း ၈ ပါးအပြည့်ဟုမဆိုရ။ဤအပြစ်ကိုလည်း
ကျူးလွန်မည်၊ထိုထိုအပြစ်များကိုလည်းကျူးလွန်မည်ဟုနောက်မဆုတ်သောစိတ်ဖြင့် တစ်မျိုးပြီးတစ်မျိုး
ကျူးလွန်မှသာ ၈ပါးပြည့် ဟုဆိုရသည်။


ကျမ်းကိုး။
တောင်မြို့ဆရာတော်ဘုရား၏ ဘုရားဥပဒေသတော်ကြီး။

ဆက်လက်ဖေါ်ပြပါမည်။

Saturday, May 4, 2013

သံဃာ့ဂုဏ်ရည် (၁၃) ဓူတင် (၁၃) ပါး။


၁။ ဒါယကာ ဒါယိကာမတို့ပေးလှူသောသင်္ကန်းကိုပယ်၍ ဤသင်္ကန်းကိုငါဘုရား ကေါက်ယူသကဲ့သို့
သင်္ချိုင်း၊အမှိုက်ပုံစသည်တို့မှရတတ်သမျှသောအဝတ်တို့သာ ကေါက်ယူချုပ်ဆိုးဝတ်ရုံခြင်း။အကြောင်းမူကားအဝတ်နှင့်ပတ်သက်၍သူတပါးနှင့် ပတ်သက်သောကိစ္စမှန်သမျှကင်းငြိမ်းသည်။

၂။ မိုးရေခံသင်္ကန်း၊ကထိန်သင်္ကန်းစသည်ဖြင့်ကျောင်းနေရဟန်းတို့အတွက်အခါအကြောင်း အားလျော်စွာခွင့်ပြုထားရသော်လည်း ခါးဝတ်သင်ပိုင်း၊ကိုယ်ဝတ်သင်္ကန်းနှင့် ကိုယ်ရုံသင်္ကန်းကြီး တည်းဟူသောသင်္ကန်းသုံးထည်ကိုသာသုံးဆောင်ခြင်း။ အကြောင်း မူကား ပစ္စည်းနည်းပါး သဖြင့် အတောင်သာလျှင်ဥစ္စာရှိသောငှက်ငယ်သို့သွားလာနေ ထိုင်မှုပေါ့ပါးသည်။

၃။ ဒါယကာ ဒါယိကာမတို့ဖိတ်ကြွေးသောဆွမ်းကိုပယ်၍မိမိ၏သလုံးမြင်းခေါင်းကို အရင်းတည်ကာ ခံအပ်သောဆွမ်းကိုသာစားခြင်း။ အကြောင်းမူကားဝမ်းနှင့်စပ်သောသူတပါးကိစ္စမှကင်းငြိမ်းသည်။

၎။ ဆွမ်းခံရာ၌လည်းဆွမ်းရလိမ့်မည်ထင်သောအိမ်များသို့ကူးကျော်ခံယူခြင်းမပြုဘဲတ အိမ်မပြတ် ဆက်စပ်ခံယူခြင်း။ အကြောင်းမူကားရနိုးနိုးဖြင့်ကပ်ညိအပ်သောလောလုပ္ပတဏှာကင်းစင်သည်။

၅။ ရလာအပ်သောဆွမ်းကိုတစ်ထိုင်တည်းသောနေရာ၌သာသုံးဆောင်ခြင်း။ အကြောင်း မူကား ရသာတဏှာနှစ်စပ်သောဆွမ်းစားမှုတွင်ဣနြေ္ဒကိုထိန်းချုပ်ရာရောက်သည်။

၆။ ဆွမ်းစားရာ၌လည်းသပိတ်တည်းဟူသောခွက်တစ်ခုတည်းဖြင့်သာသုံးဆောင်ခြင်း။
အကြောင်းမူကားသီးခြားရသာတဏှာအစွမ်းကိုပယ်ရှားရာရောက်သည်။

၇။ဆွမ်းစားဆဲရောက်လာသောအာဟာရကိုပယ်ခြင်း။ အကြောင်းမူကား ရသာတဏှာ အခိုးသတ်မှု ယတိပြတ်ဆုံးဖြတ်ပြီးစေသည်။

၈။ ရွာကျောင်း၌နေထိုင်မှုကိုပယ်ခြင်း။ အကြောင်းမူကားကျောင်းကန်ပတ်ဝန်ကျင်နှင့် စပ်သမျှ ဒုက္ခ ကင်းငြိမ်းသည်။

၉။ သစ်ပင်ရင်း၌နေထိုင်ခြင်း။အကြောင်းမူကားပံ့သကူအဝတ်သည်အကေါင်းဆုံးသော သင်္ကန်းဖြစ်သကဲ့ သို့သစ်ပင်ရင်းသည်အကောင်းဆုံးသောကျောင်းဖြစ်သည်။

၁၀။အမိုးအရံမှန်သမျှကိုပယ်၍လွင်တီးခေါင်၌နေထိုင်ခြင်း။ အကြောင်းမူကားနေထိုင်မှု နှင့်စပ်သမျှ သံယောဇဉ်အမျှင်ပြတ်စေသည်။

၁၁။သုဿန်၌နေခြင်း။ အကြောင်းမူကားတရားအာရုံကမ္မဋ္ဌာန်းအရာ၌အမြင့်ဆုံးသော သတိ မပြတ်ရှိစေသည်။  

၁၂။အကြောင်းအားလျော်စွာသံဃာအများနှင့်ဆက်ဆံနေထိုင်ရသောအခါများ၌အိပ် ရာနေရာ အတွက် အခြားရဟန်းတစ်ပါးအားထိပါးနေထိုင်မှုကိုပယ်ခြင်း။ အကြောင်း မူကားနေရေး အတွက်အာလယ ကင်းပြတ်မှု၊ပတ်ဝန်းကျင်အနှောက်အယှက် ဖြစ်မှုမှ ကင်းစေ သည်။

၁၃။ ကျောခင်းခေါင်းချ၍အိပ်ခြင်းကိုပယ်ခြင်း။ အကြောင်းမူကားတရားအာရုံကိုထုံ စေခြင်း၌ မကင်းသော သတိရှိစေသည်။

ဓူတင်အကျိုးများ။
၁။ အသက်မွေးစင်ကြယ်သည်။
၂။ ချမ်းသာကျိုးရှိသည်။
၃။ ဝန်ကျင်အပြစ်ကင်းစင်သည်။
၎။ သူတစ်ပါးတို့အားဒုက္ခမပေး။
၅။ ဘေးမရှိ။
၆။ သူတစ်ပါးကိုမနှိပ်စက်အနှောက်အယှက်မပေး။
၇။ ရဟန်းတရားအမှန်ကြီးပွါးသည်။
၈။ ကုသိုလ်တရားတို့မှမဆုတ်ယုတ်။
၉။ သေဘေးကိုစောင့်၏။
၁၀။ တောင့်တအပ်သောတရားကိုပေး၏။
၁၁။ မိမိနှင့်စပ်သမျှသတ္တဝါအားလုံးကိုဆုံးမတတ်သည်။
၁၂။ မြဲသောစောင့်စည်းခြင်းအကျိုးရှိသည်။
၁၃။ ရဟန်းနှင့်အလျောက်ပတ်ဆုံးသောအကျင့်ဖြစ်သည်။
၁၄။ ကိလေသာတို့ မမှီမကပ်နိုင်။
၁၅။ ကိလေသာတို့မှ အစောတလျှင်လွတ်စေနိုင်၏။
၁၆။ ရာဂကုန်သည်။
၁၇။ ဒေါသကုန်သည်။
၁၈။ မောဟကုန်သည်။
၁၉။ ရဟန်းဖြစ်လာပြီးအမှတ်မဲ့တက်ကြွလာတတ်သောမာန်ကိုပယ်သည်။
၂၀။ မိစ္ဆာ ဝိတတ် စိတ်စက်ညစ်ညမ်းမှုကိုဖြတ်သည်။
၂၁။ ယုံမှားသင်္ကမှကူးမြောက်သည်။
၂၂။ အပျင်းကိုပယ်ဖြောက်သည်။
၂၃။ မမွေ့လျောခြင်းကိုပယ်ဖြောက်သည်။
၂၄။ သည်းခံတတ်သည်။
၂၅။ အတုမရှိမြတ်လှသောအကျင့်ဖြစ်သည်။
၂၆။ မနှိုင်းယှဉ်အပ်သောဂုဏ်ရှိသည်။
၂၇။ နိဗ္ဗာန်သို့စောတလျင်ရောက်စေနိုင်သောအကျင့်ဖြစ်သည်။