ဆိတ်ကွယ်ရာ(၂)။
NT1 မှ ၂၀၁၂ ခုနှစ် ဂျင်န၀ါရီလ ၂ရက် မှာတင်ဆက်ခဲ့တဲ့ impossibles investigation series မှ နောက်ဆုံးအရက်ခွက် ဆက်တိုက် လူသတ်သမားလို့ (last cup serial killer) အမည် ပေးထားတဲ့ ဇတ်လမ်း အားသင့်လျော်အောင် ဘာသာပြန်ပါသည်။
၁၉၉၁ ခုနှစ် အမေရိကန်နိုင်ငံ နယူးဂျာဆီမြို့ အမှိုက်ပုံးသိမ်းသူတစ်ဦး အမှိုက်သိမ်းစဉ် အမှိုက်ပုံးက သာမန်အလေးချိန်ထက် ပိုလေးနေတာနဲ့ ပုံးထဲက ပလပ်စတိတ်အိပ်ကို ဖွင့်ကြည့် လိုက်တော့ လူတစ်ယောက်ရဲ့ ခေါင်းဖြစ်နေပါတယ်။
ပုလိပ်တွေရောက်လာပြီးစစ်ဆေးတော့၊ လူသေ အလောင်းတစ်လောင်းကို ၇ ပိုင်း ပိုင်းပြီး ပစ်ထားကြောင်းတွေ့ရပါတယ်။ လက်နှစ်ချောင်း၊ ခြေနှစ်ချောင်း၊ ရင်ပတ်နှင့် ဗိုလ်ပိုင်း တွေ ကိုစနစ်တကျ အရိုးဆစ်နေရာတွေက ဖြတ်ပိုင်းထားပါတယ်။
လူသေကို လက်နဲ့ခြေတွေမှာကြိုးနဲ့ တုတ်ခဲ့တဲ့ အမှတ်အသားတွေလည်း တွေ့ရ ပါတယ်။ ပလပ်စတိတ်အိပ်ထဲမှာ လူသေရဲ့ မှတ်ပုံတင်၊ credit card ၊ ပိတ်ဆံအိပ်၊ သွေးစွန်း နေတဲ့ လက်အိပ်၊ ရေချိုးခန်းသုံး လိုက်ကာတွေလည်း ပါ ပါတယ်။
အသတ်ခံရသူဟာ အသက် ၅၆ နှစ်ရှိ သိုမတ် ဆိုသူဖြစ်ပြီး ခလေး ၄ ယောက်ဖခင်၊ စီးပွါးရေးသမားတစ်ဦး ဖြစ်ကြောင်းသိရပါတယ်။ သိုမတ်ဟာ မာဆာချူးဆက်မှာ နေထိုင်ပြီး နယူးရော့မြို့ကို အလုပ်ကိစ္စဖြင့် ရောက်ရှိနေတာဖြစ်ပြီး ဟော်တယ်တစ်ခုမှာ တည်းခို နေပါ တယ်။
ဆရာဝန်စစ်ချက်အရ သိုမတ်ဟာ လွန်ခဲ့သော၂ရက်က သေဆုံးခဲ့ကြောင်း၊ ဓါးဖြင့် ထိုးသတ်ခံရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ၎င်း၏ credit card အရ လွန်ခဲ့သော ၂ရက် ၂၃ နာရီက ၎င်းနေထိုင်ရာဟော်တယ် အနီးတွင် ပိုက်ဆံ ၁၅၀ ထုတ်ထား တာတွေ့ရ ပါ တယ်။ ဒါပေမဲ့ ပိုက်ဆံထုတ်စက်အနီးမှာတပ်ထားတဲ့ camera ပျက်နေတဲ့အတွက် မည်သူ ပိုက်ဆံ ထုတ် တယ်ဆိုတာ မသိရပါဘူး။
အဲ့ဒီညက သိုမတ် သူ့အခန်းကို ပြန် မရောက်ခဲ့ပါဘူး။ သူ့အခန်းနဲ့အိပ်ယာဟာ ပုံမပျက် ရှိနေခဲ့ပါတယ်။ ဟော်တယ်အနီးက ဘားတစ်ခုမှာ သိုမတ် အရက်သောက် နေတာကိုတွေ့ခဲ့တဲ့ မျက်မြင်သက်သေ တစ်ဦးရှိခဲ့ပါတယ်။ သိုမတ်ဟာ ဆံပင်အညိုရောင် အနောက်နိုင်ငံသား၊ သန်စွမ်းတဲ့ လူလတ်ပိုင်း တစ်ယောက်နဲ့ စကားပြောနေတာကို တွေ့ခဲ့တယ်လို့ မျက်မြင် သက်သေက ပြောပါတယ်။ ဒီအချက်ကို ဆရာဝန်စစ်ချက်က ထောက်ခံခဲ့ ပါတယ်။ သိုမတ် ကိုယ်ထဲမှာ အရက်ချိန် (alcohol level) သတ်မှတ်ချက်ထက် ပိုနေတာ တွေ့ရပါတယ်။
မျက်မြင်သက်သေရဲ့ ပြောကြားချက်အတိုင်း သိုမတ်နှင့်စကားပြောခဲ့သူရဲ့ ပုံတူ ရေးဆွဲပြီး သတင်းမီဒီရာတွေမှာ ဖြန့်ဝေခဲ့ပါတယ်။ ဒါပေမဲ့ ဘာသတင်းမှ ထူးမလာခဲ့ပါဘူး။
၎င်း၏ ဇနီးဖြစ်သူအား စစ်ဆေးရာ ၎င်း၏သား အငယ်ဆုံးပင် အသက် ၁၈ နှစ် ရှိပြီ ဖြစ်ကြောင်းနှင့် ၎င်းဇနီးထံမှ အရေးကြီးသော အချက်တစ်ခုမှာ သိုမတ်ဟာ ယခုအခါ ယောကျာ်းများနှင့် လိင်တူဆက်ဆံလျှက်ရှိ ကြောင်းသိရပါတယ်။
လူသေအပိုင်းများနှင့် ထုတ်ထားသည့် ပလပ်စတစ်အိပ်များကို သေချာစွာ ဆေးကြော ထားသဖြင့် လက်ဗွေရာ ရှာမတွေ့ပါ။ ပလပ်စတစ်အိပ်ထဲမှ သွေးစွန်းနေသော လက်အိပ်မှာ လည်း လက်ဗွေရာ ရှာမတွေ့ပါ။ လက်အိပ်ပေါ်ရှိ အမှတ်အသားအရ နယူးရော့မြို့ state island စူပါမားကတ်မှ ရောင်းချသောလက်အိပ်ဖြစ်ကြောင်း သိရသော်လည်း။ လူဦးရေ တစ်သန်းခွဲ ရှိသော state island တွင် မည်သို့မှ ဆက်လက် စုံစမ်းမရပဲ ဖြစ်နေခဲ့ပါတယ်။
တစ်နှစ်ခန့်အကြာတွင် သိုမတ်ကဲ့သို့ပင် ၇ ပိုင်း ပိုင်းထားသော အလောင်းတစ်လောင်း ကို မန်ချက်စတာ နယူးဂျာဆီမြို့ အမှိုက်ပုံးထဲမှာ ထပ်မံတွေ့ရှိကြပါတယ်။ သိုမတ်အလောင်း တွေ့တဲ့နေရာနဲ့ ကီလိုမီတာအနည်းငယ်သာကွာဝေးပါတယ်။
သိုမတ်တုံးကလိုပဲ ပလပ်စတစ်အိပ်တွေနဲ့ ထဲ့ထားပြီး သေသေချာချာဆေးကြောထား တာမို့ လူသတ်တရားခံရဲ့ လက်ဗွေတွေ ရှာမရပါဘူး။ သေဆုံးသူရဲ့ လက်ဗွေအရ လူဆိုးစာရင်း ၀င် လိင်တူ ဆက်ဆံတဲ့ အသက် ၅၄ နှစ်ရှိ အန်တိုနီဖြစ်ကြောင်းသိရပါတယ်။
အန်တိုနီ့အလောင်းမှာလည်း လက်ခြေတွေကိုကြိုးတုတ်ထားတဲ့ ဒါဏ်ရာတွေ တွေ့ရ ပါတယ်။ ဒီအချက်တွေက serial killer တွေရဲ့ လက္ခဏပါပဲ။ သူတို့ဟာ လူသတ်မှုတိုင်းမှာ တစ်ပုံစံထဲ ပြုလုပ် တတ်ကြပါတယ်။
အန်တိုနီ့အလောင်းထဲ့ထားတဲ့အိပ်က တံဆိပ်နဲ့ လိုက်လံ စစ်ဆေးတဲ့အခါ အဲ့ဒီအိပ် မျိုးကို ရောင်တဲ့ဆိုင်က သိုမတ်အလောင်းမှာပါတဲ့ လက်အိပ်ရောင်းတဲ့ ဆိုင်နဲ့ မနီးမဝေးက စူပါမားကတ်ဖြစ်တယ် ဆိုတာကလွဲရင် ဘာသဲလွန်စမှ ထပ်မရပါဘူး။ လူသတ်တရားခံဟာ
ဒီအနီးအနားမှာ နေသူ (၀ါ) အလုပ်လုပ်သူဖြစ်ပြီး၊ ဒီပတ်ဝန်းကျင်မှာသွားလာလှုပ်ရှားမယ်လို့ ခန့်မှန်းရပါတယ်။
အလောင်းကို ပိုင်းထားတာက အရိုးတွေကိုမဖြတ်ပဲ အရိုးဆစ်တွေရှိတဲ့နေရာက ဖြုတ် ထားတာ ကိုကြည့်ခြင်းအားဖြင့် ဆေးပညာဗဟုသုတရှိပြီး ကျွမ်းကျင်စွာ ဖြတ်တောက် တတ်သူ၊ အခြောက်များနှင့် ဆက်ဆံပြီး မိမိနှင့်ဆက်ဆံသူအား သတ်ခြင်းဖြင့် လိင်ဆက်ဆံမှု အာသာကို ဖြေဖြောက်သည့် စိတ်ရောဂါသည်ဟု သိရှိနိုင်ပါတယ်။
ဒုတိယအမှုလည်း လမ်းစပျောက်ပြီး အမှုမပေါ်ခဲ့ပါဘူး။ နောက် ၈နှစ် အကြာမှာ အခြောက်ယောက်ျားတစ်ဦး ယခင်နည်းအတိုင်း ၇ ပိုင်းပိုင်းပြီး နယူးရော့နဲ့ ၂၀ ကီလိုမီတာ အကွာက အမှိုက်ပုံးမှာ လွင့်ပစ်ထားတာ ထပ်တွေ့ရပါတယ်။ ဒီတစ်ကြိမ်တော့ အသတ်ခံရသူ ဟာ ၅၆ နှစ်ရှိ မိုက် ဆိုသူဖြစ်ပါတယ်။ မိုက်ဟာ အသတ်ခံရမဲ့ညဦးပိုင်းမှာ သူသောက်နေကျ ဘားမှာ အရက်သောက်နေခဲ့ပါတယ်။ ဒီဘားဟာ အခြောက်တွေ သောက်လေ့ရှိတဲ့ဆိုင် ဖြစ်ပါ တယ်။ မကြာခင် အနောက်တိုင်းသားယောက်ျားတစ်ဦးယောက်လာပြီး မိုက်နားမှာ ထိုင်ပါ တယ်။
အဲ့ဒီညက လီဇာက ဘားကောင်တာမှာ တာဝန်ကျပါတယ်။ နောက်ရောက်လာသူကို လီဇာ တစ်ခါမှ မမြင်ဖူးပါဘူး။
မိုက်က လီဇာကို နောက်ရောက်လာသူဟာ “နယူးရော့မြို့ဆန်ဖန်စော့ဆေးရုံက သူနာပြုလို့ ” မိတ်ဆက်ပေးပါတယ်။ လီဇာလည်း သူတို့ နှစ်ဦးမပြန်ခင် အလုပ်တာဝန်ပြီးလို့ အိမ်ပြန်သွားခဲ့ပါတယ်။ သူတို့နှစ်ဦးဘယ် အချိန်က ပြန် သွားတယ်။ အတူတူပြန် သွားသလား ဆိုတာ ဘယ်သူမှ သတိမထားမိပါဘူး။
လီဇာရဲ့ ဖေါ်ပြ ချက်နဲ့ နောက်ရောက်လာသူရဲ့ပုံတူ ရေးဆွဲပြီး ဆန်ဖန်စော့ဆေးရုံမှာ သွားရှာတော့ အသက် ၃၆ နှစ်အရွယ် လီဇာဖေါ်ပြတဲ့ ပုံနှင့်တူတဲ့ သူနာပြုကိုတွေ့ပါတယ်။ သူက state island မှာ နေပါတယ်။ သူရဲ့ လက်ဗွေတွေနဲ့ ပလပ်စတစ်အိပ်ပေါ်ကရတဲ့ တစ်ဝက်တစ်ပျက် လက်ဗွေတွေနဲ့ တိုက်ကြည့်တော့ လုံးဝမတူပါဘူး။
အခြားဆေးရုံတွေ မှာလိုက်စုံစမ်းပေမဲ့လည်း အချီးနှီးပါပဲ။ လူသတ်တရားခံ အနေနဲ့ ဆေးရုံ (၀ါ) အလုပ်အကိုင် အမှန်မပြော တာလည်းဖြစ်နိုင်ပါတယ်။ ယခုဆိုရင် ၃ ယောက်ရှိ ပါ ပြီး။ လူသတ်သမားကတော့လွတ်နေတုံးပါပဲ။ စုံထောက်တွေ အမှုစစ်တွေလည်း မတင်မကျနဲ့ လမ်းစပျောက်နေခဲ့ပါတယ်။
ဒီမှုခင်းကိုကိုင်တွယ်ရတဲ့ ဖို့လ်အတွက် ဒီမှုခင်းကိုမေ့လို့မရပါဘူး။ လူသတ်သမားလွတ် နေတာအတွက်လည်း စိတ်မအေးပါဘူး။ ဘယ်တော့ နောက်ထပ် အလောင်းထပ်တွေ့အုံးမလဲ လို့ စိတ်ပူနေရပါတယ်။ ဒီနေ့တော့ ဖို့လ်သတင်းကောင်းတစ်ခုရခဲ့ပါတယ်။
ကနေဒါနိုင်ငံမှာ ပလပ်စတစ်အိပ်လို လက်ဗွေရာ မထင်တဲ့ ပစ္စည်းတွေက လက်ဗွေရာ ယူတဲ့နည်းသစ်ကို တည်ထွင် လိုက်နိုင်တဲ့အကြောင်း။ ကြာရှည်သိမ်းထားတဲ့ နှစ် ၅၀ အထိ ကြာနေတဲ့ ပလပ်စတစ်အိပ်တွေကတောင် လက်ဗွေရာ ယူနိုင်တယ်ဆိုတဲ့ သတင်းပါပဲ။
ဖိုလ်လည်း သေသေချာချာသိမ်းထား တဲ့ လူသတ်မှု သုံးခုက ပလပ်စတစ်အိပ်တွေကို လက်ဗွေရာ ရှာဖို့ ကနေဒါကို ပို့လိုက်ပါတယ်။
ပထမ နဲ့ ဒုတိယ လူသတ်မှုတွေက လက်ဗွေရာတွေကို ပုံဖေါ်နိုင်ခဲ့ပါတယ်။ လက်ဗွေရာ နှစ်ခုလုံးဟာ လူတစ်ဦးတည်းဖြစ်ကြောင်း သိရှိရပါတယ်။ ဖိုလ့်လည်း ၀မ်းသာ အားရ မှုခင်း တစ်ခုခုကြောင့် ပုလိပ်စခမ်းရောက်လို့ လက်ဗွေရာတွေယူထားတဲ့ သူတွေရဲ့ လက်ဗွေရာတွေနဲ့ တိုက်ကြည့်ပေမဲ့ တစ်ခုနဲ့မှမတူပါဘူး။
လူသတ်သမားဟာ ပုလိပ်အဖမ်းအစီး မခံရသေးလို့ လက်ဗွေရာစာရင်းထဲမှာ မရှိ တာလား။ ဖိုလ့်စဉ်စားမိတာက အဲ့ဒီအချိန်က တစ်နိုင်ငံလုံးရှိ ရာဇ၀တ်သားအားလုံးရဲ့ လက်ဗွေရာတွေ တစ်နေရာတည်းမှာ စုစည်းထားခြင်းမရှိသေးဘူးဆိုတာပါဘဲ။
ဖိုလ့်လည်း အမေရိကန် ပြည်နယ်အားလုံးကို ဖေါ်ထုတ်ထားတဲ့ လက်ဗွေရာတွေ စာတိုက်က ပို့လိုက်ပါတယ်။ မန်းပြည်နယ် ကိုလည်း ဒီလက်ဗွေရာတွေရောက်ရှိလာပါတယ်။ မန်းပြည်နယ်ရှိ လက်ဗွေရာစစ်ဆေးရေးဌာနက သူတို့ဆီမှာရှိတဲ့ လက်ဗွေရာတွေနဲ့တိုက်ကြည့် တဲ့အခါ လက်ဗွေရာ ၃၀ နှင့်တူနေတာတွေ့ရပါတယ်။ (အဲ့ဒီအချိန်ကလက်ဗွေရာတွေကို လူ ကိုယ်တိုင် လက်ဗွေတစ်ခုချင်း တိုက်ကြည့်ရတာမို့ အလွန်လက်ဝင်ပြီး ခရီး မတွင်ကျယ် ပါဘူး။ အမှားတွေလည်းများပါတယ်။ ယခုအခါမှာတော့ computer တွေက တိုက်ပေး နိုင်ပါတယ်။ ခရီးတွင်ကျယ်ပြီးအမှားမရှိပါဘူး)။
လက်ဗွေရာ ၃၀ ထဲက တစ်ခုချင်းထပ်မံစစ်ဆေးတဲ့အခါ မိုက်ဂီးရဲ့ လက်ဗွေရာနဲ့တူ နေပါတယ်။ ပိုမိုသေချာအောင် အခြားလက်ဗွေ ကျွမ်းကျင် သူတွေကို ထပ်မံ စစ်ဆေး စေတဲ့ အခါ မိုက်ဂီးရဲ့လက်ဗွေရာ ဆိုတာအတည်ပြုချက် ရရှိသွားပါတယ်။
မိုက်ဂီးဟာ သူနှင့်အတူတူအခန်းစပ်ငှါးနေသူကိုသေစေမှုဖြင့် လွန်ခဲ့သော ၁၃ နှစ်က ပြစ်ဒဏ် ကျခံခဲ့ရသူဖြစ်ပါတယ်။ ၎င်းအမှုတွင် အခန်းဖေါ်က မိုက်ဂီးကိုမတရားပြုမူပြီး သတ်ရန် ကြံ သဖြင့် မိမိကိုယ်ကို ကာကွယ်ရင်းသေစေမှုဖြစ်ပါတယ်။ နယူးရော့မှ မှုခင်းစစ်ဆေးရေး အရာရှိလည်း လက်ဗွေအဖြေ ရလျှင်ရခြင်း မိုက်ဂီးနေထိုင်ရာ အိမ်ကိုဝင်ရာက်စစ်ဆေးရာ ဆရာဝန်ထောက်ခံချက်ဖြင့်သာ ၀ယ်ယူနိုင်ပြီး သေဆုံးသူ၏ ကိုယ်တွင် ဆေးလက်ကျန် စမ်းသပ်၍မရသောအိပ်ဆေးများ၊ ခွဲစိပ်ကရိယာများရှာဖွေတွေ့ရှိပါတယ်။ မိုက်ဂီးကို ဖမ်းမိ စဉ် က မိုက်ဂီးဟာ ဆန်ဖန်စော့ဆေးရုံတွင် ခွဲစိပ်ဆရာဝန်ရဲ့ အကူအနေနဲ့ အလုပ်လုပ် လျှက်ရှိပါ တယ်။
ဘားကောင်တာမှလီဇာရဲ့ ဖေါ်ပြချက်နဲ့ ပုံတူရေးဆွဲပြီး ဆန်ဖန်စော့ဆေးရုံမှာ ရှာစဉ်က မိုက်ဂီး ဆန်ဖန်စော့ဆေးရုံမှာ အလုပ်မလုပ်သေးတဲ့အတွက်ရှာမရဖြစ်ခဲ့တာပါ။ မိုက်ဂီးကိုသက် သေထင်ရှားလို့ပထမလူသတ်မှုနှစ်ခုအတွက် တစ်သက်တစ်ကျွန်းထောင် ဒါဏ်ချလိုက်ပါတယ်။ ဒီအမှုပေါ် အောင်တရားခံကိုရှာပေးနိုင်တာကတော့ လက်ဗွေရာ ရှာဖွေတဲ့ နည်းသစ် ကြောင့်ပါပဲ။
ကျမတို့ ကိုယ်ရဲ့နေရာတိုင်းက အဆီတွေအမြဲထွက်နေပါတယ်။ ဒါကြောင့်လက်နဲ့ထိတဲ့ နေရာတိုင်းမှာ လက်ကအဆီတွေပေကျံရစ်ပြီး ဒီအဆီတွေက လက်မှာရှိတဲ့ လက်ဗွေတွေ အတိုင်းထင်ကျန်တာမို့ ဘက်သူကိုင်ခဲ့တယ်ဆိုတာ သက်သေခံလျက်ရှိပါတယ်။ သစ်သားတို့ အ၀တ်တို့ ပေါ်မှာဆိုရင် သာမန်မျက်စိနဲ့ မြင်နိုင်ပါတယ်။ မှန်တို့ ကျောက်ပြားတို့အပေါ်မှာတော့ သိပ်မထင်ရှားတဲ့အတွက် သာမန်မျက်စိနဲ့မမြင်ပါဘူး ဒါပေမဲ့ ဓါတုပစ္စည်းများဖြန်းခြင်းဖြင့်ပိုထင်ရှားစေပါတယ်။ ဒီလူသတ်မှုမှာ ပလပ်စတစ်အိပ်တွေကို ဓါတုပစ္စည်းများဖြန်း ကြည့်ခဲ့ သော်လည်း လက်ဗွေတွေကို ထင်ထင်ရှားရှားမတွေ့ရပါဘူး။ ယခု ကနေဒါကတီထွင်လိုက်တဲ့ နည်းကတော့ ပလပ်စတစ်ပေါ် မှာရှိနေ တဲ့ လက်ဗွေကို ထင်ထင်ရှားရှား ဖေါ်ထုတ်နိုင်ပါတယ်။
ပလပ်စတစ်ကို အလုံးပိတ် ဘူးထဲမှာချိတ်ဆွဲပြီး ရွှေ ၁၀ mg ကို တစ်ထောင် ဒီဂရီ စင်တီဂရိတ် ၁၀၀၀ C အပူပေးလိုက် တဲ့အခါ ရွှေမှုံတွေဖြစ်သွားပြီး လက်ဗွေက အဆီမှာ သွားကပ်ပါတယ်။ ဒီရွှေမှုံတွေကို သာမန် မျက်စေ့နဲ့မမြင်ရပါဘူး။ ရွှေမှုံတွေ တွေ့ရအောင် ဇင့်မှုံတွေ ထပ်ထဲ့ရပါတယ်။ ဇင့်မှုံတွေက လက်ဗွေရာက ရွှေမှုံတွေဆီသွားကပ်ပြန်ပါတယ်။ ဇင့်မှုံတွေကိုတော့ သေသေချာချာမြင်ရပြီး လက်ဗွေရာ ကောင်းတွေရပါတယ်။
ဒီနည်းသစ်ကြောင့် ၁၀ နှစ်ကြာအောင် လမ်းစပျောက်ခဲ့တဲ့ serial killer ကိုဖေါ် ထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဆိတ်ကွယ်ရာ ဆိုတာမရှိပါဘူး။
No comments:
Post a Comment