လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, August 16, 2017

ဓမ္မရေချမ်းစင်
"နိဗ္ဗာန်"
***
"နိဗ္ဗာန်" အကြောင်း မရေးသားခင်မှာ ဓမ္မိတ်ဆွေ များ အနေဖြင့် " နိဗ္ဗာန်" ရှိမရှိ ဆိုတာ အရင်ဆုံး သိသင့်တယ်လို့ ယူဆမိပါတယ်။ မိမိ ဖတ်ရှုရသော နိဗ္ဗာန်အကြောင်း သိမှတ်ဘွယ်ရာ စာအုပ်မှ "မိလိန္ဒမင်း နှင့် အရှင်နာဂသိန် တို့၏ အမေး အဖြေ မှ ကောက်နှုတ်ချက် ကို အရင်ဆုံး တင်ပြလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
**********************************
"နိဗ္ဗာန်"သည် မရှိတရား မဟုတ်လျှင် နိဗ္ဗာန်ကို "ဥပမာ" ဖြင့် ပြတော်မူပါ ။ နိဗ္ဗာန် ဟူသည် ဘယ်လို ရှိပါသလဲ" ဟု "မိလိန္ဒမင်း" က "အရှင်နာဂသိန် " ကို လျှောက်ထားတာပါ။
"လေ" ဆိုသော အရာ သည် ရှိပါသည် ။ လေသည် အဆင်း ၊ ပုံသဏ္ဌာန် အကြီးအသေး အရှည် အတို မည်သို့ "သဏ္ဌာန် " ရှိပါသလဲ။ မညွှန်ပြ၊ မဖေါ်ပြနိုင်လျှင် "လေ" မရှိသလော၊"လေ" သည် မရှိသည့်တရားလော။
ဒီလို ဆိုပါတယ်-
" လေ" သည် ရှိပါ၏ ။
" လေ"ကို ညွှန်ပြ ရန်တော့ မစွမ်းပါ ။သို့သော်"လေ"ရှိသည်ကို" နှလုံးသား"၌ သိနေပါသည် ။ နှာသီးဝ ၌ တိုးနေပါသည် ။ ထိုတိုးသော လက္ခဏာ အားဖြင့်လည်း သိပါသည်၊...တဲ့။
"နိဗ္ဗာန်" သည်လည်း ဤသို့ပင် ဖြစ်၏။ ငြိမ်းချမ်းမှုရရှိသော လက္ခဏာ အားဖြင့် ထင်ရှားရှိကြောင်းသိရာ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့် ၄င်း ၊ ပုံသဏ္ဌာန် အားဖြင့် ၄င်း ညွှန်ပြရန် မဖြစ်နိုင်ပါ။
"နိဗ္ဗာန်" ဆိုသည်မှာ-
ဗုဒ္ဓဘာသာဝင်များ ၏ အဆုံးစွန် ဘာသာရေး ရည်မှန်းချက် ဖြစ်ပေသည်။
"မဟာယာန" နှင့် "ထေရဝါဒ"ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲ သကဲ့ သို့ "နိဗ္ဗာန်"နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားပါသည်။
"မဟာယာန" ကျမ်းများတွင် "နိဗ္ဗာန်"ကို "သုခချမ်းသာ"တို့ဖြင့် ပြည့်စုံသည့် "ဘုံဗိမာန်"အဖြစ်၎င်း၊ သံသရာကိုယ် ၌ ကပင် "နိဗ္ဗာန်" ဖြစ်သည် ဟူ၍၎င်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။
သို့သော်"ထေရဝါဒ"တွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် "နိဗ္ဗာန်"သည် တည်နေရာဘုံအဖြစ် မယူဆ၊မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် "နိဗ္ဗာန်" ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။
********************
"နိဗ္ဗာန်"သည် "အဘိဓမ္မာ" တွင် "အသင်္ခတ ဓမ္မအစစ်အမှန်" ဖြစ်ပါတယ်။ ယင်း အစစ်အမှန်တရားကို အမျိုးမျိုးသော အဓိပ္ပါယ် ဖွင့်ဆိုမှုများကြောင့်လည်း "နိဗ္ဗာန်" အယူအဆသည် ဗုဒ္ဓဘာသာလောကတွင် သာမက အခြား အတွေးအခေါ်ပညာရှင်များ ၊ ဘာသာဝင်များကြားတွင်ပါ စိတ်ဝင်စားစရာ ထင်ရှားလာရပါတယ်။ သို့သော် ရှိသမျှသော သမိုင်းတလျှောက် အဓိပ္ပါယ် ဖွင့်ဆိုမှုများသည် "နိဗ္ဗာန်" ဟူသည်မည်သည့် အရာဖြစ်ကြောင်း တိကျရှင်းလင်းသော အဖြေသို့ မရောက်ခဲ့ကြပါ။ ထိုသို့ ဖြစ်ရခြင်းမှာ-
( ၁ ) ကျမ်းပြုသူ အသုံးပြုသော ဘာသာစကားတွင် ကန့်သတ်ချက်ရှိနေသောကြောင့် ဖြစ်သည် ။
( ၂ ) ကျမ်းပြုသူ ကိုယ်တိုင် "နိဗ္ဗာန် "ကို မျက်မှောက်ပြုသည်အထိ ကျင့်ကြံအားထုတ်မှုမရှိသောကြောင့် ဖြစ်သည်။
( ၃ ) ကျင့်ကြံအားထုတ်သော်လည်း "နိဗ္ဗာန်" နှင့် ထပ်တူထပ်မျှ နှိုင်းယှဉ်ပြစရာ မည်သည့်အရာမှ မရှိသောကြောင့်လည်း ဖြစ်ပါသည်။
"(တဏှာ)ကုန်ဆုံးရာနိဗ္ဗာန်"
********************
"နိဗ္ဗာန်" ဟူသည် ပါဠိစာလုံး "နိဗ္ဗာန" ဟူသော ပုဒ်မှ လာသည် ။"ငြိမ်းသတ်သည်" ဟု ဆိုလိုသည် ။ ထို့ကြောင့် "လောဘ၊ဒေါသ၊မောဟ" မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် "နိဗ္ဗာန်" ဖြစ်သည် ။ (ရတန သုတ်တွင် တွေ့နိုင်ပါသည်။)
တဖန် "နိဗ္ဗာန" ဟူသော ပုဒ်သည် ပါဠိဘာသာ "နိ" နှင့် "ဝါန" ကို ပေါင်းထားခြင်းဖြစ်သည် ။ နိ - မရှိ၊ လွတ်မြောက်ခြင်း ၊ ထွက်ခွာခြင်း ။ ဝါန - တဏှာ ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။
"ထေရဝါဒ" ဗုဒ္ဓကျမ်းဂန်အရ ၃၁-ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာ များမှ လွတ်ကင်းရာကို "နိဗ္ဗာန်"ဟု ခေါ်သည်။ "နိဗ္ဗာန်"တွင် လူတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြှိမ်းပြီး "နိဗ္ဗာန်"သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လည်ခြင်း မရှိတော့ပေ။ "နိဗ္ဗာန်"သည် ကောင်းဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် "ဥပခါပြုခြင်း"ကဲ့သို့ "သံသရာ" နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။
အချုပ်အားဖြင့် "နိဗ္ဗာန်"ဆိုသည်မှာ တက်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပါယ်ရသည်။ ဘဝတစ်ခု နှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တက်မက်မှု (တဏှာ) မဖြစ်ရာ၊ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းပင် ဖြစ်သည်။
"နိဗ္ဗာန် နှစ်မျိုး"
*********
ဗုဒ္ဓဘာသာအရ "နိဗ္ဗာန်" နှစ်မျိုးရှိပါသည်။
( ၁ )သဥပါဒသေသ နိဗ္ဗာန်
( ၂ )အနုပါဒသေသ နိဗ္ဗာန် တို့ဖြစ်သည်။
( ၁ )သဥပါဒသေသ နိဗ္ဗာန်
*****************
မသေမှီ ဤရုပ်နာမ် ဖြစ်သော ဤခန္ဓာကိုယ်ကြီးရှိနေစဉ် အတောအတွင်း ရသော "နိဗ္ဗာန်"ကို "သဥပါဒသေသ နိဗ္ဗာန်"ဟု ခေါ်သည်။
* ပထမမဂ်ဉာဏ်ရသော "သောတာပန်"သည် သောတာပန်ကို မြင်အပ်၊ ရအပ်သော "သဥပါဒသေသ နိဗ္ဗာန်" ကိုရ၏။
* ဒုတိယမဂ်ဉာဏ်ရသော "သကဒါဂါမ်"သည် သကဒါဂါမ်ကို မြင်အပ်၊ ရအပ်သော "သဥပါဒသေသ နိဗ္ဗာန်" ကိုရ၏။
* တတိယမဂ်ဉာဏ်ရသော "အနာဂါမ်"သည် အနာဂါမ်ကို မြင်အပ်၊ ရအပ်သော "သဥပါဒသေသ နိဗ္ဗာန်" ကိုရ၏။
( ၂ )အနုပါဒသေသ နိဗ္ဗာန်
*****************
သေပြီးနောက် ဘဝမကူးတော့ပဲ ရအပ်သော "နိဗ္ဗာန်"ကို "အနုပါဒသေသ နိဗ္ဗာန်"ဟု ခေါ်သည်။
* စတုတ္ထမဂ်ဉာဏ် ရသော "ရဟန္တာ"သည် "သဥပါဒသေသ နိဗ္ဗာန်"ကိုရ၍ မသေမှီ ခန္ဓာရှိစဉ် အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို "(၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ" ဝင်စား၍ နေနိုင်၏။ သေသောအခါ ခန္ဓာပြန်မရတော့ပဲ ဘဝတစ်ဖန် ပြန်မဖြစ်တော့သည့် "အနုပါဒသေသ နိဗ္ဗာန်"ကို စံဝင်နိုင်ကြရပါသည်။
" နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ "
*******************
*မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
*တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသဝိနယော)
*ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
*၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ)
*တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
*ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (ဝိရာဂေါ)
*တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော)
*အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
*အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
*သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
*မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
*သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
*ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
*ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
*သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
*ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
*သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
*ဘေးမရှိသော နှောက်ယှက်ပုပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
*ဝဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
*ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
* သြဂမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
*ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (ဝိသုဒ္ဓိ)
*သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (ဝရံ)
*သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
*အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
*ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
*အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
*အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
*လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)
ဆင်တူဝေါဟာရ နှင့် ပရိယာယ် အဟောများကိုပါ ဘာသာပြန်လျှင် နိဗ္ဗာန် ၏ ဂုဏ်ပုဒ်များမှာ -
ကံ၊စိတ်၊ဥတု ၊ အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား ၊ အလုံးစုံငြိမ်းချမ်းခြင်း ၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု ၊ တဏှာမရှိခြင်း ၊ တဏှာမှ ကင်းလွတ်ခြင်း ၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း ၊ မွေး၊အို၊နာ၊သေ မရှိခြင်း ၊ စွန့်လွတ်ခြင်း ၊ လွတ်မြောက်ခြင်း ၊ မကပ်ငြိခြင်း ၊ ဘဝ မရှိခြင်း ၊ ပူဆွေးမှု မရှိခြင်း ၊ ငိုကြွေးမှုမရှိခြင်း ၊သောက မရှိခြင်း ၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။
ဒီဃနိကယ် မဟာ သတိပဌာန သုတ်တော် (အဌကထာ ) တွင်းမှ ဂုဏ်ပုဒ်များဖြစ်ပါသည် ။
သဠာယတန - သံယုတ်ပါဠိတော် လာ ဂုဏ်ပုဒ် များကို ပထမ ရွှေကျင်ဆရာတော်ဘုရား အနက်ပေးထားရာ နိဗ္ဗာန် ၏ ဂုဏ်ပုဒ် (၃၀) ရှိသေးသည်။
"ဒုက္ခ နိရောဓ သစ္စာ ၊ သုညတ ၊ အမတ ၊ နိဗ္ဗာန် ၊ အသင်္ခတ ၊ အဘူတ ၊ သန္တိ ၊ ခေမ " စသော ဝေါဟာရ အားလုံးကို ဘာသာပြန်လျှင် လွန်စွာ များပေလိမ့်မည် ။ ထို့ကြောင့်လည်း တိုတိုရှင်းရှင်းနှင့် ထိထိမိမိ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ဟု ဆိုကြရပေသည် ။
အဂ္ဂသာဝကကြီးများ ၊ ရဟန္တာကြီးများ ၏ နိဗ္ဗာန် ကို ဖွင့်ဆိုချက်များသည်လည်း တမူထူးခြားကြသေးသည်။
တင်ပြခဲ့ သမျှတွင် နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း၊ ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့် ကြည်ညိုလို့ ရပါသည်။
နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏။ ဥပစာရ ဈာန်ကိုရ၏...တဲ့။
တဖန် "နိဗ္ဗာန်"သည် တည်ရာအရပ်ရှိပါသလော...။တည်ရာအရပ် မရှိလျှင် နိဗ္ဗာန် ကို မည်ကဲ့သို့ မျက်မှောက်ပြုပါသလဲ...တဲ့။
"နိဗ္ဗာန်"သည် အမြဲအစွဲတည်နေရာ အရပ်မရှိသော်လည်း နိဗ္ဗာန် သည် ရှိ၏ ။ ကောင်းစွာကျင့်ကြံ နှလုံးသွင်းမှုဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။
ဥပမာ - မီးသည် ထင်ရှားရှိ၏ ။
ထို မီး၏ အမြဲအစွဲတည်နေရာ အရပ်သည် မရှိသကဲ့သို့ ဖြစ်၏။ ကျောက်ခဲ နှစ်လုံး ခတ်မှ ၊ ဝါ နှစ်လုံးပွတ်မှ မီး ဖြစ်လာ ၊ ရလာသကဲ့သို့ ဖြစ်၏။ "စကြဝတေးမင်း"တို့ ရရှိအပ်သော "စကြာရတနာ ၊ မိဘုရားရတနာ ၊ သူကြွယ် ရတနာ ၊ ဆင်ရတနာ ၊မြင်းရတနာ "စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပါဘူး ။ မင်းကျင့်တရားကောင်းမွန်သူ ထံသို့ ကပ်ရောက်လာကြတာဖြစ်ပါတယ်.. တဲ့ ။ ထို့အတူ သင့်တော်သော" နှလုံးသွင်းမှု ဖြင့် ကျင့်ကြံအားထုတ်သူ" တို့ သာ "နိဗ္ဗာန်"ကို မျက်မှောက်ပြုနိုင်ကြမှာ ဖြစ်ပါကြောင်း "အရှင်နာဂသိန် " ၏ ဖြေကြားချက် ကို တင်ပြရင်း ကုသိုလ်ပြုလိုက်ပါသည်။
__________________________________________________
 ဘယ်မှာလဲ နိဗ္ဗာန် 
*****************************
မိလိန္ဒမင်းကြီးက `အရှင်ဘုရား- နိဗ္ဗာန်ဟာ ရှိနှင့်တယ်ဆိုရင်လဲ ရှေးကလူတွေ တွေ့ဖို့ကောင်းတယ်၊ ရှိဆဲဆိုရင်လဲ အခုလူတွေ တွေ့ဖို့ကောင်းတယ်၊ စောင့်နေတယ်ဆိုရင်လဲ တပည့်တော်တို့ ဘယ်အချိန်သွားသွား ရတာပဲဆိုပြီး နေလို့ရတယ်၊ ဒီတော့ နိဗ္ဗာန်ဟာ ဘယ်လိုရှိပါသလဲဘုရား´လို့ အရှင်နာဂသိန်ကိုမေးလိုက်တယ်။ ဒီတော့ အရှင်နာဂသိန်က `ဘယ်ကာလမှာမှ မရှိဘူး´တဲ့။ အတိတ်မှာလဲ မရှိဘူး၊ ပစ္စုပ္ပန်မှာလဲ မရှိဘူး၊ အနာဂတ်မှာလဲ မရှိဘူး။
`ဒါဖြင့် နိဗ္ဗာန်မရှိဘူးလို့ ယူရမှာလားဘုရား´
`ရှိပါတယ်´၊ ဥပမာအားဖြင့် ၀ါးလုံးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ၀ါးလုံးထဲမှာ မီးမရှိဘူး။ တကယ်တမ်း ပွတ်လိုက်တော့ မီးထွက်လာတာဟာ ဘယ်ကမီးလဲဆိုရင် ၀ါးထဲကပဲ ထွက်တဲ့ မီးလို့ဆိုရမယ်။ မီးဟာ အရင် ရှိနှင့်တာလားဆိုရင်လဲ မဟုတ်ဘူး၊ ပွတ်ဆဲရှိတာလားဆိုရင်လဲ မဟုတ်ဘူး၊ ရှိလတံ့လားဆိုရင်လဲ မဟုတ်ဘူး။ ဒီအတိုင်းပဲ နိဗ္ဗာန်ဟာ ကာလသုံးပါးမှ လွတ်တယ်၊ ဘယ်ကာလမှာမှ မရှိဘူး။ နိဗ္ဗာန်ဟာ မရှိဘူးလားဆိုရင် အနိစ္စ ဒုက္ခ အနတ္တ ဒီတရားသုံးပါးနဲ့ ၀ိပဿနာဉာဏ်နဲ့ ပွတ်ပေးလိုက်ရင် ၀ါးနှစ်လုံးပွတ်တော့ မီးထွက်သလို နိဗ္ဗာန် ထွက်လာတယ်တဲ့။
ဒါဖြင့် ဘယ်ကာလမှာ ရှိသလဲဆိုရင် ဘယ်ကာလမှာမှ မရှိဘူး။ ပွတ်တဲ့ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ ၀ိပဿနာအလုပ် လုပ်တဲ့ ပုဂ္ဂိုလ်မှာ နိဗ္ဗာန်ရှိတယ်၊ မလုပ်တဲ့ပုဂ္ဂိုလ်မှာ မရှိဘူးလို့ မှတ်လိုက်ပါ။ ဒီအတိုင်းပဲ ခန္ဓာရဲ့ ဖြစ်ပျက်နဲ့ ကိုယ့်ဉာဏ် မဂ်နဲ့ ကြပ်ကြပ်ပွတ်ပေးပါ။ ဝေဒနာက္ခန္ဓာဖြစ်ဖြစ်၊ ၀ိညာဏက္ခန္ဓာဖြစ်ဖြစ် ဉာဏ်နဲ့သာ ပွတ်ပေး။ အနိစ္စဉာဏ်နဲ့ ပွတ်ပေး၊ ဒုက္ခဉာဏ်နဲ့ပွတ်ပေး၊ အနတ္တဉာဏ်နဲ့ ပွတ်ပေး။ ဒီလိုပွတ်ပေးလိုက်ရင် မီးနဲ့ တူတဲ့နိဗ္ဗာန်ဟာ အနိစ္စအဆုံးမှာ နိစ္စနိဗ္ဗာန်၊ ဒုက္ခအဆုံးမှာ သုခနိဗ္ဗာန်၊ အနတ္တအဆုံးမှာ အတ္တနိဗ္ဗာန်ဆိုတာ ပေါ်လာမှာပဲတဲ့။
ဝါးနှစ်လုံးပွတ်ရာမှာ မပွတ်ခင်က ဘယ်ဝါးမှာမှ မီးရှိနေတာမဟုတ်ပါဘူး၊ ပွတ်တိုက်ခြင်း လုံ့လပယောဂကြောင့်သာလျှင် မီးထွက်လာရသလို ခန္ဓာကို အနိစ္စတရားနဲ့ ရှု၊ မဂ္ဂတရားနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ မီးနဲ့တူတဲ့ နိဗ္ဗာန်ပေါ်လာလိမ့်မယ်။ ဒါဖြင့် နိဗ္ဗာန်ဟာ အားထုတ်တဲ့ပုဂ္ဂိုလ်မှာ ရထိုက်တယ်၊ အားမထုတ်တဲ့ပုဂ္ဂိုလ်မှာ မရထိုက်ဘူး။ နိဗ္ဗာန်မရှိဘူးလားမေးရင်တော့ ရှိတယ်။ ဘယ်လိုနည်းနဲ့ နိဗ္ဗာန်ပေါ်လာအောင် လုပ်ရပါလိမ့်မလဲဆိုရင်တော့ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ပေးရမယ်။ ဖြစ်ပျက်နဲ့ မဂ် တိုက်ပေးရမယ်။ မနောထဲက ဉာဏ်နဲ့ ခန္ဓာနဲ့ တိုက်ပေးရမယ်။ ၀စီကံနဲ့ ဆုတောင်းတာဟာဖြင့် ဝေးသောအကြောင်းသာ ဖြစ်ပါလိမ့်မယ်။ မနောကံနဲ့ ပွတ်တိုက်ပေးလိုက်ရင်တော့ အင်မတန်နီးသောအကြောင်းဖြစ်လို့ အားစိုက်လိုက်ရင် မီးပွင့်လာတာပဲ။ ဒါဖြင့် နိဗ္ဗာန်ဟာ လူတိုင်းမှာ ရှိသလားဆိုရင်လဲ မရှိပါဘူး။ အနိစ္စနဲ့ မဂ္ဂတိုက်နေတဲ့ ပုဂ္ဂိုလ်မှာတော့ ရှိတယ်။ မတိုက်တဲ့ပုဂ္ဂိုလ်မှာတော့ မရှိဘူး။ နိဗ္ဗာန်ဟာ ခန္ဓာနဲ့ ဉာဏ်နဲ့ တိုက်ယူရပါတယ်။ ခန္ဓာက ဖြစ်ပျက်၊ ဉာဏ်က မဂ် မခွဲစေနဲ့။ ခန္ဓာဖြစ်ပျက် ဉာဏ်မဂ်နဲ့ မခွဲကြလို့ရှိရင်ဖြင့် ခန္ဓာဖြစ်ပျက်လဲ ဆုံးပါရော မီးပွင့်တာအမှန်ပါပဲ။
ဝါးနှစ်လုံးပွတ်တိုက်လိုက်တော့ ပွတ်ဖန်များသဖြင့် မီးထွက်ရသလို အနိစ္စနဲ့ မဂ္ဂ ကြပ်ကြပ်တိုက်ပေးပါ။ အနိစ္စနဲ့ မဂ္ဂမတိုက်ရင် ကိလေသာရှိနေလို့ မီးနဲ့ တူတဲ့နိဗ္ဗာန်က ထွက်မလာဘူး။ တိုက်ဖန်များတော့ ကိလေသာက ပါးပါး ပါးပါး သွားလို့ ကိလေသာဝေးတဲ့အချိန် နိဗ္ဗာန်တည်းဟူသောမီးဟာ ထွက်လာရတယ်။ ဘာကြောင့် နိဗ္ဗာန်မထွက်တာလဲဆိုရင်တော့ ကိလေသာမဝေးသေး ပွတ်တိုက်မှုနှေးသေးလို့ပဲ။ ဒါကြောင့် အနိစ္စနဲ့ မဂ္ဂမတိုက်ရင် ရကို မရဘူးလို့သာ မှတ်လိုက်ပါ။ ဘာကြောင့်လဲဆိုရင် ကိလေသာကို မဂ်ကမှ ဖြတ်နိုင်တာ။ ရှေ့က အနိစ္စ၊ မြင်တာက မဂ္ဂ။ မဂ်ဝင်တော့ ပဋိစ္စသမုပ္ပါဒ် ရှေ့ဆက်လို့မရတော့ဘူး။ ရှုစရာသာပေါ်လာလို့ ရှုပ်ထွေးတဲ့ ကိလေသာ လာခွင့်မရတော့ဘဲ ဝေးသွားတယ်။ ကိလေသာဝေးတဲ့အခါ ဖြစ်ပျက်အဆုံးမှာ တိုက်ဖန်များတော့ မီးထွက်လာရသလို နိဗ္ဗာန်ဟာ ပေါ်ထွက်လာတာပဲတဲ့။ ကြပ်ကြပ်သာရှုလို့ရှိရင် ကိလေသာဝေးပြီး မီးထွက်ကိုထွက်ရမယ်လို့ ယုံကြည်ထားလိုက်ပါ။
ကျမ်းကိုး
ဦးကံညွန့်၏ နိဗ္ဗာန်အကြောင်း သိမှတ်ဘွယ်ရာ(၂၀၀၀-ပြည့်နှစ်၊ ဇူလိုင်လ)
လယ်တီဆရာတော် ကမ္မဋ္ဌာန်းကျမ်း။
နှင့်
By ashintayzaniya (အရှင်တေဇနိယ အုတ်ဖို)
_____________________________________________
နိဗ္ဗာန်အကြောင်းအရာ သိကောင်းစရာများ
**************************
နိဗ္ဗာန်၏ ဂုဏ်တော်များ
_________________
ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်သည်မြတ်နိဗ္ဗာန်ပင်ဖြစ်ပါသည်။
နိဗ္ဗာန်တွင်
၁။ “ ခယဂုဏ်တော် ”
============ ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက် သည်နှင့် တပြိုင်နက် ရာဂစသော ကိလေသာအချို့သည် လည်းကောင်း၊ ထိုကိလေသာ ရှိသူတိုင်း (ခုနှစ်ဘ၀ နောက် ရရှိမည့်) ရုပ်နာမ်တို့သည် လည်းကောင်း ကုန်ခမ်းကြရတော့၏။ အထက်မဂ်များကိုရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာကို့၏ လည်းကောင်း၊ ရုပ်နာမ်တို့၏ လည်းကောင်း ကုန်ခန်းကြောင်း “ ခယဂုဏ်တော် ”နှင့် ပြည့်စုံပါသည်။
၂။ “ ၀ိရာဂဂုဏ်တော် ”
============ တတ်မက်ခြင်းသဘောကို ပါဠိလို “ ရာဂ ” ဟုခေါ်၏။ ထိုရာဂသည် ရုပ်နာမ် ခန္ဓာအပေါ်၌ လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌ လည်းကောင်း ဖြစ်ရသောတရားတည်း။ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံး မစပ်တော့ရကား “ ၀ိရာဂ- ရာဂမရှိ ” ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
၃။ “ အမတဂုဏ်တော် ”
============“ သေခြင်း ” ဆိုသည်မှာ တစ်ဘ၀အတွက် နောက်ဆုံး ပျက်ခြင်းတည်း။ ထိုအပျက်ဟူသည်လည်း အဖြစ်ရှိပြီးမှ ပေါ်လာ၏။ ပျက်ဖို့ ရှေ့ရှုနေသော (ပျက်ဖို့ပြင်နေသော) သဘောကို “ အိုခြင်း၊ ဆွေးမြေ့ခြင်း ” ဟု ခေါ်၏။ ပါဠိလို ဇာတိ၊ ဇရာ၊ မရဏ။ မြန်မာလို ဖြစ်ခြင်း၊ (ရင့်ရော်ခြင်း)အိုခြင်း၊ သေခြင်း(ပျက်ခြင်း)၊ ဟူသော သဘောသည် ရုပ်တရား၊ နာမ်တရားတို့၏သဘောဖြစ်၏။ ရုပ်နာမ်အားလုံး ကုန်ဆုံးပြီးသော ထို နိဗ္ဗာန်သည် သေခြင်း “ မတ ” မရှိရကား“ အမတဂုဏ်တော် ” နှင့်လည်း ပြည့်စုံပါသည်။
၎။ “ ပဏီတဂုဏ်တော် ”
============ နိဗ္ဗာနဓာတ် တရားမြတ်သည် ရဟန္တာပုဂ္ဂိုလ်များအတွက် ( စား၍ မ၀နိုင်
အောင် အရသာရှိသော အစာကဲ့သို့ ) မကြာမကြာ အာရုံပြု၍ နေချင်စရာကောင်းလောက်အောင်အရသာရှိသော တရားတော်ဖြစ်၏။ ဗုဒ္ဓမြတ်စွာသည် ( ဖလသမာပတ်ကို ၀င်စားကာ ) ထို နိဗ္ဗာန်ကို အာရုံပြု၍ မကြာမကြာ သီတင်းသုံးတော် မူလေ့ရှိ၏။ တရားဟောတော် မူတုန်းမှာပင် ပရိသတ်က သာဓုသာဓုခေါ်ပြီးမှ တရားကို ဆက်၍ဟောတော်မူ၏။ နိဗ္ဗာန် တရားတော်သည် ရဟန္တာဖြစ်ပြီး ပုဂ္ဂိုလ်အတွက် ဤမျှလောက် အရသာရှိသော တရားထူး တရားမွန် ဖြစ်သောကြောင့်
“ ပဏီတဂုဏ်တော် ” နှင့်လည်း ပြည့်စုံပါသည်။
{ အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာကို ကိုးကား ရေးသားပူဇော်ပါသည်။ }
____________________________________________________
နိဗ္ဗာန်၏ ကြည်ညိုဖွယ်ရာ ဂုဏ်ပုဒ်များ
++++++++++++++++++
၁။ မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
၂။ တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယော)
၃။ ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
၎။ ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ)
၅။ တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
၆။ ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂေါ)
၇။ တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော)
၈။ အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
၉။ အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
၁၀။ သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
၁၁။ မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
၁၂။ သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
၁၃။ ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
၁၄။ ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
၁၅။ သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
၁၆။ ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
၁၇။ သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
၁၈။ ဘေးမရှိသော နှောက်ယှက်ပုပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
၁၉။ ၀ဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
၂၀။ ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
၂၁။ သြဂမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
၂၂။ ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (၀ိသုဒ္ဓိ)
၂၃။ သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (၀ရံ)
၂၄။ သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
၂၅။ အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
၂၆။ ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
၂၇။ အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
၂၈။ အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
၂၉။ လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)
နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ဆင်ခြင်အောက်မေ့ရာ၏၊
ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊
ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။
လယ်တီဆရာတော် ကမ္မဋ္ဌာန်းကျမ်း။ စာ-၁၉၃။

No comments:

Post a Comment