လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, July 28, 2017

ငါဆိုတာ မရှိပါ

ဓမ္မရေချမ်းစင်
10 January
ငါဆိုတာ မရှိပါ
¤¤¤¤¤¤¤¤¤¤¤
ဘုရားရှင်က မိန့်ပါတယ်။
ငါဆိုတာ မရှိဘူးတဲ့။
ရုပ်နာမ်သာလျှင် ရှိပါတယ်တဲ့။
ဒါဆိုရင် ငါက ဘာဖြစ်လို့ ငါက ငါမနှစ်သက်သော စကားကို ကြားရတဲ့အခါ
စိတ်ဆိုးနေတာလဲ။
ငါဆိုတာ မရှိဘူးလေ။
မဟုတ်ပါဘူး ဒါငါ့ကို ပြောသွားတာပါ။
သြော် ငါဆိုတာ မရှိပါဘူး ဆိုမှ စိတ်မဆိုးနဲ့။ ဟာ---- မရဘူး ငါ စိတ်ဆိုးနေသေးတယ်။
ဒေါသတွေ ထွက်နေသေးတယ် ငါ ဒီလို မဖြစ်အောင် ဘယ်လိုနေရပါ့။
ငါဆိုတာ မရှိဘူး ဒါပေမယ့် ငါက စိတ်ဆိုးနေတယ်။
စိတ်ဆိုးတယ် စိတ်ဆိုးတယ် ဟုတ်ပြီ ငါဆိုတာ မရှိဘူးဆိုတော့ ဘယ်သူက စိတ်ဆိုးနေတာလဲ။
ငါ ငါ ငါ ဟော ဟုတ်ပြီ စိတ်ဆိုးတာက ငါလို့ ယူထားတဲ့ ဒိဋ္ဌိပဲ။ ပိုင်ရှင် ကို တွေ့ပြီ။
ဒေါသရဲ့ ပိုင်ရှင်။ လောဘရဲ့ ပိုင်ရှင်။ မောဟကို ကိုးကွယ်သူ။ သူ ဒိဋ္ဌိ။
ဒိဋ္ဌိဆိုသောသူ တစ်နည်းအားဖြင့် ငါဆိုသောသူက ဒေါသထွက်သွားတာကို ဝိညာဏ်ဆိုတဲ့ သိမှုကလေးက သိပေးရတာ။ ဝေဒနာလေးက ခံစားပေးရတာ။ ဒီလို ငါ့ကိုပြောသွားတယ် ကြည့်စမ်းသညာလေးက မှတ်သားပေးတယ်။
ဒါကို သင်္ခါရ ဆိုတဲ့ စေ့ဆော်မှုလေးက တိုက်တွန်းပေးတယ် စေ့ဆော်ပေးတယ် ဟုတ်တယ်ကွ ဟုတ်တယ်ကွ မခံနဲ့ ပြန်ချကွ ပြန်ပြောကွ။
သြော် ဒီတော့လည်း ဒိဋ္ဌိ တဏှာ မာန တို့ ဆောက်အပ်သော ခန္ဓာကြီးက ပါးစပ်ကော လက်ကော ပါသွားပြီ။
ဒါဟာ ခန္ဓာငါးပါး အဖို့အစုတွေ သံသရာလည်နေတာပဲ။ ငါမှ မဟုတ်တာ။
ဒါဆိုရင် ဒီကာယကံ ဝစီကံ မနောကံ တွေ မဖြစ်အောင် ဘယ်လိုနေရပါ့။ အမြဲတမ်းဖြူစင်နေချင်တယ်။
.
ဒိဋ္ဌိ မဝင်ချင်ဘူး။ ဒီလို နေချင်တာလား။ မင်းအခု ဘယ်မှာ နေတာလဲ။
အိမ်မှာနေတာ ကျောင်းမှာနေတာအလုပ်မှာ နေတာ။ မဟုတ်ဘူး။ဒါကို မေးတာမဟုတ်ဘူး။
မင်းရဲ့ အသိစိတ် ဘယ်မှာနေလဲ။ မင်းအခု တွေးနေတာလား။ ဒါဆို မင်း အတွေးမှာ နေနေတာ ငါ့ကောင်ရ။ အတွေးက မင်းမဟုတ်ဘူး ငါ့ကောင်။
အဲဒါ တွေးတောကြံစည်စိတ်။ စာလို ပြောမယ်ကွာ အဲဒါ ဝိညာဏ္ခန္ဓာ မြန်မာလို ပြန်တော့ သိမှုသဘောစိတ်ပေါ့။
မင်း အဲဒါ မြင်အောင်ကြည့် အဲဒါ ခန္ဓာပေါ်တာကွ မင်းမှ မဟုတ်တာ။ မင်း အဲဒါ ကို ကြည့်ကွ။
မင်းအဲလို မကြည့်ရင် တွေးတာ ငါဖြစ်တယ်ကွ။ ဒါ ဒိဋ္ဌိဝင်တာကွ။ မင်း ဒိဋ္ဌိဝင်တာနဲ့ နှလုံးသွင်းမှားပြီကွ။
.
မင်းနေတာက အတွေး မင်းသွားတာက အတိတ်တွေ အနာဂတ်တွေ ကို ရောက်သွားပြီ။
ဒါဆိုရင်တော့မင်းသွားပြီ။
မင်းမလိုချင်တာတွေ မင်းလိုချင်တာတွေ ကို တဏှာနဲ့ မာနက ကောင်းကောင်းခိုင်းပြီ။
မင်း ပူပြီ ငါ့ကောင်။ သံသရာလည်ပြီပေါ့ကွာ။
ဒါဆိုအခု ကျွန်တော် မြင်နေတယ်။ ဟာ ဒါဆို မင်းမြင်တဲ့နေရာမှာ ရောက်နေပြီ။
မင်းကြည့်ကွ။ အဲဒါ မင်း အာရုံပေါ်တာကွ။ အမြင်အာရုံ။
အဲဒါစာလို ဆိုတော့ မင်း သညက္ခန္ဓာနဲ့ သင်္ခါရက္ခန္ဓာ ပေါ်တာကွ။ ဒါ နဲနဲ ထပ်ရှင်းရမယ်။ နဲနဲလေး ရှုတ်တယ်ကွ။ ဒီလို။ မင်း မြင်ရတာမဟုတ်ဘူး။
မင်း မျက်စိကို တိုက်တာ အပြင်က အရာဝတ္တုရဲ့ အဆင်းကွ။ အရာဝတ္ထုဆိုလို့ မင်းသက်မဲ့ ကိုပဲမယူနဲ့ကွ ။
ရှင်းရှင်းပြောရရင် မျက်စိရှေ့က မင်းမြင်ရတာ မှန်သမျှ အဆင်း။ အဆင်းဆိုတာ ဘာလဲ
ဆိုတော့ ဓါတ်လေးပါးကို မှီတာကွာ။ ရှင်းရှင်းပြောရရင် အရောင်ပေါ့ကွာ။ ထပ်ရှင်းအောင်ပြောမယ်။မင်းမျက်စိရှေ့မှာ ရေခဲတုံးကြီးကွာ အဲဒါ။ အေးတယ်ပေါ့။ မင်းကိုင်ကြည့်လို့လား။ မဟုတ်ဘူးနော်။
.
ဒါပေမယ့် မင်းသိတယ်။ မင်းကိုင်ဖူးတာကိုး။ ပြီးတော့ မာတယ် ပေါ့။ မြင်တာနဲ့ သိတယ်နော်။မာတယ်အေးတယ်။ ဒါ ဓါတ်လေးပါးသဘောထဲက ပထဝီဓါတ်ကွ။ ဒါကို ကိုင်ဖူးတဲ့ သညာက သိသွားတာ။ သညာပေါ်တာကွ။ အဆင်းသာလာတာ။ မာတာ ပျော့တာဆိုတဲ့ ဓါတ်က မလာဘူးကွ။ ဒါပေမယ့်ရေခဲတုံးလို့ မင်း တန်းသိတယ်။ ရေခဲတုန်းပေါ်တာမဟုတ်ဘူး။ အဆင်းက ဘယ်ကလာလဲ။ရေခဲတုန်းကလာတယ်။ အဖြူရောင်။ လေးထောင့်ပဲ ဖြစ်ဖြစ် အဝိုင်းပဲဖြစ်ဖြစ် အေးသောသဘော မာသောသဘော ပျော့သောသဘော ပူသောသဘော။
.
ဒီလို ဓါတ်လေးပါးထဲက ဓါတ်တစ်ပါးပါးကိုပဲဖြစ်ဖြစ် မှီထားတဲ့အရာ ဒါကို အဆင်းလို့ ခေါ်တာ။ဒီအပြင်က အဆင်းကကိုယ့်မျက်လုံးကို လာတယ်။ မြင်ပြီလား။ မြင်သေးဘူးကွ။ ဒီအဆင်းက မျက်လုံးပေါ်ကိုကျတယ်။ ဒီပုံရိပ်က မနောပေါ်ကို ထပ်ကျတယ်ကွ ။ ဒီတော့မှ မြင်တာ။
ဒီထက်ရှင်းအောင်ပြောရရင် ရုပ်ရယ် နာမ်ရယ် စုံသွားတယ်။ ရုပ်က တစ်ပါး။ နာမ်ခန္ဓာက လေးပါး။အာရုံတစ်ခု တစ်ခုပေါ်တိုင်းဒီလို ခန္ဓာငါးပါးပေါ်တယ်။ ဒီအမြင်အာရုံမှာ ကောက်တော့ အဆင်းရုပ်က ရူပက္ခန္ဓာ ရုပ်တရား။ နာမ်တရား လေးပါးမှာ
ဘာဘာညာညာပေါ်တာ မြင်ဖူးထားတာ ပေါ်တာ ဥပမာ ရေခဲလို့ မြင်တာနဲ့ သိတာသညက္ခန္ဓာ။ မြင်နေတဲ့အရာကို ထင်ရှားအောင် ဆက်ပြီးဖော်ပေးတာက သင်္ခါရက္ခန္ဓာ။
ဒါဆိုရင် ရေခဲတုံးပေါ်တာ မဟုတ်ဘူး။ မှတ်သားဖူးတဲ့ သညက္ခန္ဓာ ပေါ်တာ။ သင်္ခါရက္ခန္ဓာ ပေါ်တာ။
.
ဒါကို ရှုကွ။ နောက် ရှိသေးတယ်။ မြင်မှုအပေါ် သိရှိခံစားနေတာကဝေဒနက္ခန္ဓာ ဝေဒနာပေါ့ ENGLISH လို အနောက်တိုင်း ကလူတွေ က FEELING လို့ သုံးလေ့ရှိပါတယ်။
ဒါပေမယ့် ဒီနေရာမှာEXPERIENCE လို့
သုံးရင် ပိုမှန် တယ်လို့ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ မှ ဟောညွှန်ပါတယ်။
ဒီနေရာမှာ ပေါ်တဲ့ ဝေဒနာက ဥပေက္ခာဝေဒနာသဘောပဲ ပေါ်တယ်။ မထင်ရှားဘူးကွ ။
ထင်ရှားသော ဝေဒနာက နောက်ပိုင်းမှာ လာမယ်။ နောက် မြင်တာကို သိတာကတော့
ဝိညာဏက္ခန္ဓာပါ။ ဒါဆိုရင် ခန္ဓာငါးပါး စုံသွားပြီ။
ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်။ ဒါ မြင်သိစိတ်မှသည်အမြင်အာရုံပေါ်သွားတာ။ ရုပ်ပေါ်တာနာမ်ပေါ်တာ။ ငါပေါ်တာမဟုတ်ဘူး။ ဒီလိုပဲ ကြားတာမှာလဲ အသံက ဓါတ်လေးပါးကိုမှီတယ်။
.
အသံကလေး ကိုယ့်ဆီလာတယ်။ သီချင်းလို့ တန်းပြီးသိတယ်။ ဘာကြောင့်လဲ။
နားထောင်ဖူးတာကိုး။ မှတ်သားထားတဲ့ သညာ။ သညာပေါ်တာ။ သီချင်းပေါ်တာမဟုတ်ဘူး။ကြားနေသေးတယ် ဟာ အဲဒါ သင်္ခါရခန္ဓာကွ ဆက်ပြီး ဖော်ပေးနေတာ။ အနံ့ အရသာ တို့မှာလည်း ဤသဘောအတိုင်းပါပဲ။ အနံ့က
ဓါတ်လေးပါးကိုမှီတယ် အရသာက ဓါတ်လေးပါးကိုမှီတယ်
ဒါဆိုရင် မိမိဆီကို လာသော အသံ အနံ့ အရသာ တို့သည် ရုပ်တရား။ ကျန်သော
နာမ်ခန္ဓာလေးပါးကတော့ အထက်က မြင်တာမှာ ပေါ်တဲ့အတိုင်းဖြစ်ပါတယ်။
နောက်တော့ မင်း ဘယ်နေရာရောက်နေပြန်ပြီတုန်း။ ကျွန်တော် အိုက်တယ်ဗျ။
ပူတယ်ဗျ။ ဟာ ဒါဆို ဟုတ်ပြီ။
.
မင်း အဲဒါ ဓါတ်လေးပါးထဲက ပူခြင်း သဘော အေးခြင်းသဘော ဆိုတာ ဒါ တေဇောဓါတ်ကွ။
မီးဓါတ်ပေါ့ကွာ။ဓါတ်လေးပါးက ပထဝီ တေဇော အာပေါ ဝါယော တဲ့ကွ။
ပထဝီဆိုတာက မာခြင်း ပျော့ခြင်း ပေါ့ကွာ။
တေဇောဓါတ်ကတော့ ပူခြင်း အေးခြင်းပေါ့ကွာ။
အာပေါဆိုတာကတော့ ယိုစီးခြင်းသဘောကွ ရေဓါတ်ပေါ့ကွာ။
ဒါကတော့ ကျန်တဲ့ မြေ လေ မီးမှာ သူ့သဘောတွေ ပေါင်းစည်းပါဝင်တယ်။
နောက် ဝါယောဓါတ် ဒါကတော့
လေဓါတ်ကွ။
.
မင်း ကြာကြာထိုင်တော့ တောင့်လာ တင်းလာတယ်မလား။ ဒါ မင်း
ဝါယောဓါတ် ပေါ်တာကွ။ ဒါလည်း ရုပ်ပေါ်တာကွ။
ရှေ့က မြင်စိတ် ကြားစိတ် နံစိတ်
စားစိတ်တွေမှာ အဆင်းရုပ် အသံရုပ် အနံ့ရုပ် တို့သည် ရုပ်တရား ပေါ်သလို အခု
ဒီနေရာမှာကျတော့ ဒီ ပူခြင်း အေးခြင်း မာခြင်း ပျော့ခြင်း တောင့်တင်းခြင်း
သဘောတို့သည် ဒါ ရုပ်တရား ရူပက္ခန္ဓာ ပေါ်တာကွ။ မင်းမဟုတ်ဘူး။
.
နောက်တော့
မင်း ဘယ်နေရာကို ရောက်သွားပြန်လဲ။ ကျွန်တော် ညောင်းတယ် ကိုက်တယ် မခံနိုင်ဘူးဗျ။
အေး အဲဒါ ဝေဒနာပေါ်တာကွ။ ဝေဒနက္ခန္ဓာ ကိုယ်မှာ ပေါ်သော ဝေဒနက္ခန္ဓာ။
ဒီဝေဒနက္ခန္ဓာက ထင်ရှားတယ်နော်။ ဒီမှာကျတော့ ဝေဒနာက သုံးမျိုးရှိတယ်။
ဒုက္ခဝေဒနာ သုခဝေဒနာ ဥပေက္ခာဝေဒနာ ဒီလိုသုံးမျိုးကွဲတယ်။
ဒုက္ခဝေဒနာက မခံသာတဲ့ ဝေဒနာ
သုခဝေဒနာက ခံသာတဲ့ သက်တောင့်သက်သာဝေဒနာ
ဥပေက္ခာဝေဒနာကတော့ ခံသာသည်လည်း မဟုတ် မခံသာသည်လည်း မဟုတ်ပေါ့။
.
ဒီတော့ မင်းစိတ် အဲဒီလို ဝေဒနာတွေဆီရောက်ရင် ဒါဟာ ဝေဒနက္ခန္ဓာလို့ သိပေးပေါ့ကွ။ ဒါဆိုရင် မင်း ဒိဋ္ဌိရန်က လွတ်ပြီ။ မြင်တာ မင်းမဟုတ်ဘူး ကြားတာ မင်းမဟုတ်ဘူး။ နံတာမင်းမဟုတ်ဘူး။
စားတာ မင်းမဟုတ်ဘူး။ ပူတာ အေးတာ မင်း မဟုတ်ဘူး။ နာတာ ကျင်တာ မင်းမဟုတ်ဘူး။
ဒါတွေပဲ ရှိတယ်။ ဒါတွေမှာပဲ မင်းသိပေး။ ဒီလိုမှ မဟုတ်ပဲ ဒါတွေပေါ်လို့ ငါ့ကိုယ် ငါ့ဟာ လို့ မင်းထင်ရင်တော့ ဒါ ဒိဋ္ဌိဝင်သွားတာ။ ဒါက သူ့အလုပ်ပဲ။ မင်း သတိလွတ်သွားတော့သူဝင်တာ။
ဒိဋ္ဌိဝင်ရင် တဏှာလာမယ် ဥပါဒါန်လာမယ်။ ဒါဆိုရင်တော့ မင်း ပူပြီပေါ့ကွာ။ ဒီတော့ ဥာဏ်သည်သာ မင်းအရာ။
မင်းရောက်တဲ့နေရာမှာ ဥာဏ်ဦးပါစေ။ ဘယ်လိုဦးမလဲ မြင်ရင် မြင်တယ်လို့ မှတ်ပေး
ဒါဆို မြင်တာ ပျက်ပြီး ဒီနောက်မှာ မင်း မှတ်နေတဲ့ဥာဏ် ဝင်နေတယ်ကွ။
ပြီးရင် မင်းသိမှုက ဒီတစ်နေရာထဲ မနေဘူး။ မင်းဆီကို အဆင်းရုပ်တင် လာမှာ မဟုတ်ဘူး
အသံရုပ်တွေလည်း လာလိမ့်မယ်။ ကြားတယ်လို့ မှတ်ပေါ့ကွာ။အနံ့နံတော့ ဒါ အနံ့ရုပ်လာတာ။
မွှေးတယ် နံတယ် လိုက်မှတ်ကွာ။ မင်း စားတော့လည်း အရသာရုပ်တွေ လာဦးမယ်။ ချိုသည် ခါးသည် မှတ်ပေါ့ကွာ။ ဒါဆိုရင် ခန္ဓာကို တွေ့မယ်။ ငါဆိုတာ မရှိတာကို တွေ့မယ်။
မင်း ဒီလို ရုပ်တွေ ပေါ်တိုင်း နာမ်က သိတယ်။ ဒီလို သိတာ ဒါ ခန္ဓာပေါ်တာပဲ။ ခန္ဓာကို တွေ့ရင် ခန္ဓာဖြစ်ပျက်ကိုလည်း တွေ့မယ်။ ဒါဟာ သတိပဋ္ဌာန်နဲ့ မင်းနေတာပဲ။ မင်းလက်လှုပ်တိုင်း ပါးစပ် လှုပ်တိုင်း တကယ် သတိနဲ့ လိုက်သိပေး။ ပထမတော့ ပညတ်ကနေ လွတ်ဦးမှာ မဟုတ်ဘူး။
.
လှမ်းတယ် ချတယ် ခြေတစ်လှမ်း လှမ်းလည်း မှတ်ပေး ချလည်း မှတ်ပေး။ ဒါဆိုရင် မင်း စိတ်ကြီးသည် တောင်တောင်အီအီ တွေးဖို့ မအားတော့ဘူးကွ။ ဒိဋ္ဌိသည် စိတ်မှာ အဖြစ်အများဆုံး။.
ဒိဋ္ဌိဆိုတာ ငါလို့ ယူတာ သူလို့ ယူတာ ယောက်ျားမိန်းမ လို့ယူတာ ဘယ်နေရာတွေမှာ ယူတာလဲကိုယ်အမူအရာ စိတ်အမူအရာတွေ ပေါ်ပြီးတိုင်း ပေါ်ပြီးတိုင်း ယူတာ။ ဒါသေချာတယ် ဒီတော့်ကိုယ်အမူအရာ စိတ်အမူအရာက ဖြစ်ပျက် သူ့နောက်က ဥာဏ်ကလိုက်ပေး။ ဥာဏ်မလိုက်ရင်ဒိဋ္ဌိက နေရာယူလိမ့်မယ်။
.
ဒီနေရာရောက်တော့လည်း သိပေးပေါ့ သြော် ဒါ ဒိဋ္ဌိဝင်တာ ဒိဋ္ဌိက
ခိုင်းလို့ လောဘ ဝင်တာ ဒိဋ္ဌိကခိုင်းလို့ ဒေါသ ဝင်တာ။ ငါမှ မဟုတ်တာလို့ သိပေးလိုက်ရင်
ဖြစ်ဆဲ လောဘ ဖြစ်ဆဲ ဒေါသ ဖြစ်ဆဲ မောဟ အကုန် ရပ်တန့်သွားပါလိမ့်မယ်။
ထိုထိုသော အရှုခံ ခန္ဓာငါးပါးသည် အမြင် အကြား အနံ အစား အထိအတွေ့ အတွေးတို့ပေါ်တိုင်း ပေါ်ပါသည်။
.
ဝိပဿနာရှုရန်မူ ထင်ရှားသော ခန္ဓာကို ရှုရန်ဖြစ်ပါသည်။
မြင် ကြား နံ စား တို့တွင် သညက္ခန္ဓာနှင့် သင်္ခါရက္ခန္ဓာ ထင်ရှားသည်။
ရှုရမည့် နည်းသည် ဓမ္မာနုပဿနာ သတိပဋ္ဌာန်နည်း ဖြစ်ပါသည်။
အထိအတွေ့ ကာယဝိညာဏ်စိတ်တွင် ရူပက္ခန္ဓာ ထင်ရှားသည်။
ရှုရမည့်နည်းသည် ကာယနုပဿနာသတိပဋ္ဌာန်နည်းဖြစ်ပါသည်။
နာမှု ကျင်မှု ခံစားမှုအရာတွင် ဝေဒနက္ခန္ဓာ ထင်ရှားသည်။
ရှုရမည့်နည်းသည် ဝေဒနာနုပဿနာသတိပဋ္ဌာန်နည်းဖြစ်ပါသည်။
တွေးတောကြံစည်မှုတွင် ဝိညာဏ္ခန္ဓာ ထင်ရှားသည်။
ရှုရမည့်နည်းသည် စိတ္တာနုပဿနာသတိပဋ္ဌာန်နည်း ဖြစ်ပါသည်။
.
သူတော်ကောင်းအပေါင်း ဖတ်ရှုရတာ လွယ်ကူရှင်းလင်းစေရန် "မင်း" ဟု သုံးနှုံးခြင်းသာ ဖြစ်ပါသည်။မည်သူ့ကိုမျှ မရည်ရွယ်ပါ။
လေ့လာဆည်းပူးနားလည်ထားသမျှ ဆရာတော်ဘုရားများ၏
နည်းနာနိဿရများအတိုင်းမျှဝေလှူဒါန်းအပ်ပါတယ်။
.
ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ ကိလေသာမြူ အနိုင်ယူနိုင်ကြပါစေ။
.
.
(သုညတ)

No comments:

Post a Comment