လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, July 21, 2017

နိဗ္ဗာန် နဲ့ ရောက်ပြီး အသွား အပြန်ဆိုတာ

နိဗ္ဗာန် နဲ့ ရောက်ပြီး အသွား အပြန်ဆိုတာ
☸️☀️💟☀️☸️☀️💟☀️☸️☀️💟☀️
ဒီနေ့(၂၁.၇.၁၇)မနက် ဒေသစံတော်ချိန်(၇.၁၀)မှာ
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်လေဆိပ်ကိုဆိုက်ရောက်ပြီး
(၉.၄၅)လောက် "မြန်မာ ဗုဒ္ဓဓမ္မစင်တာ"ကို ရောက်မဆိုက်မှာပဲ
ခရီးသွားဖေါ်သီလရှင်ဆရာလေး ကေတုမာလာက-
ဆရာတော်ဆိုရင်တော့ ဘယ်လိုဖြေမလဲမသိဘူး၊
ခုတလော လူငယ်တစ်ဦးမေးထားတဲ့ မေးခွန်းတစ်ခု
လူတွေအတော်စိတ်ဝင်းနေလို့ဘုရား..
လူငယ်မေးတာက-
"နိဗ္ဗာန်ဆိုတာက ဘာမှမရှိဘူးလို့ပြောကြလို့..
တကယ်လို့ မတော်တဆ နိဗ္ဗာန်ကိုများရောက်သွားခဲ့ရင်
နိဗ္ဗာန်က ပြန်လာလို့ရတဲ့နည်း ရှိ,မရှိ သိလိုပါတယ်.."တဲ့၊
အဲဒါ ဆရာတော့်အဖြေလေးကိုနဲနဲသိပါရစေ..တဲ့။
ဒီးမေးခွန်းကို ဒကာမကြီးဒေါ်ခင်လှတင်ကလဲ
မေးထားတယ်၊လာခါနီးအလုပ်များနေလို့မဖြေခဲ့ရဘူး၊
ခုမှ ပေါင်းဖြေလိုက်ပါမယ်၊
ကိုယ်သဘောပေါက်သလောက်ပေါ့..
ပထမဆုံးက-
"နိဗ္ဗာန်ဆိုတာ ဘာမှမရှိဘူး"ဆိုတဲ့မှတ်ချက်အမှားပါပဲ၊
လူတစ်ယောက် နေပူတဲ့ခရီးရှည်ထဲသွားနေရာက
အရိပ်ကောင်းတဲ့ သစ်ပင်ကြီးအောက် နားနေခွင့်ရလိုက်တဲ့အခါ..အပူတွေကင်းသွားသလိုမျိုးပေါ့၊
စိတ်ထဲမှာ အပူတွေကင်းသွားတယ်၊အဲဒါကို ဘာမှမရှိတော့ဘူးလို့ ပြောမရပါဘူး၊အပူရဲ့နေရာမှာ အေးငြိမ်းမှုလေး
ရှိနေပါတယ်၊ ဒါကို ဘာသာဋီကာဆရာတော်လဲ ရှင်းပြဖူးပါတယ်။
သင်္ဂြိုဟ်ကျမ်းမှာ-
"သုညတ=ဘာမှမရှိဘူး"ဆိုတာ အဲဒီအေးငြိမ်းမှုကို
ပြောပြစရာ စကားလုံးအားဖြင့်လဲမရှိဘူး၊
(လောကထက် လွန်သွားပြီဖြစ်လို့ ဖေါ်ပြောပြစရာ
လောကစကားလုံးမရှိတာပြောတာပါ၊)
အေးငြိမ်းမှုလေးကတော့-
"ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ"ဆိုတဲ့ တရားဂုဏ်အတိုင်း
မြင်နိုင်တဲ့ဉာဏ်ရသူတိုင်း ကိုယ်တိုင်ခံစားသိနိုင်ပါတယ်၊
*သိနိုင်တယ်ဆိုကတည်းက ရှိလို့ပေါ့။
သင်္ဂြိုဟ်မှာဆိုတဲ့-
"အနိမိတ္တ"ဆိုတာ ခိုင်းနှိုင်းပြစရာရုပ်ဝတ္ထုသဏ္ဍာန်လဲမရှိဘူး၊
"အပဏိဟိတ"ဆိုတာက နိဗ္ဗာန်ဆိုတဲ့အာရုံက
တွယ်တာတပ်မက်စရာ အာရုံမျိုးလဲ မဟုတ်ဘူး၊
နိဗ္ဗာန်ကိုမျက်မှောက်ပြုနေတဲ့ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကလဲ
တွယ်တာတပ်မက်တတ်တဲ့ တဏှာလောဘနဲ့မယှဉ်ဘူး၊
ဒါတောင့် တောင့်တတ်တတ်,တောင့်တအပ်တဲ့သဘောလဲကင်းတယ်လို့ဆိုတာပါ၊
အေးငြိမ်းတဲ့သဘောက ထင်ရှားရှိတယ်၊
ပြောပြစရာ,နှိုင်းယှဉ်စရာ စကားလုံးရော,ပုံသဏ္ဍာန်ရော,
ဒွါရငါးခုနဲ့တပ်မက်စရာရောသာမရှိတာပါ။
မေးခွန်းက တိုပေမယ့် ရေမှာတော့ နဲနဲရှည်တယ်ဗျ.!
နောက်တစ်ချက်-"မတော်တဆ နိဗ္ဗာန်ကိုရောက်သွားရင်..
ဆိုတာကတော့ စကားလုံးမှားပါတယ်၊
နိဗ္ဗာန်ဆိုတာ မတော်တဆရောက်နိုင်တဲ့သဘောမျိုး
မဟုတ်ပါဘူး၊
"တကယ်လို့ နိဗ္ဗာန်ရောက်သွားခဲ့ရင်..လို့ ဆိုလိုတာဖြစ်မှာပါ။
နောက်တစ်ချက်က-
"နိဗ္ဗာက ပြန်လာနိုင်တဲ့နည်း ရှိ,မရှိ"ဆိုတဲ့အချက်၊
ကြားဖူးနားဝစကားအရ နိဗ္ဗာန်ဆိုတာ ဌာနဘုံလို
အရပ်ဒေသကြီးတစ်ခုလို ထင်နေကြလို့ ခုလိုမေးတာပါ၊
နိဗ္ဗာန်ဆိုတာ တရားရဲ့အခိုက်အတန့်တစ်ခုဖြစ်လို့
အဝဋ္ဌာဘုံလို့ခေါ်တာ၊
ခန္ဓာကိုယ်အပြင်က သီးခြားနေရာဒေသတစ်ခုမဟုတ်ပါဘူး၊
ဒါကြောင့် "သီးခြားရောက်သွားတယ်"လို့မဆိုနိုင်ပါဘူး။
အမှန်ကတော့"ရောက်သွားတယ်ဆိုတာထက်..
ရောက်လာတယ်..!လို့ဆိုသင့်ပါတယ်၊
အပူငြိမ်းသွားတဲ့အခါ ခန္ဓာကိုယ်မှာ အအေးဓာတ်ကလေး
ရောက်လာသလို..
လောဘပူမရှိတဲ့နေရာမှာ လောဘငြိမ်းရာလေး..
ဒေါသပူမရှိတဲ့နေရာမှာ ဒေါသငြိမ်းရာလေး..စသည်..
ကိလေသာပူတို့ရဲ့နေရာမှာ ငြိမ်းရာအအေးဓာတ်..
(တကယ်က အပူ,အအေး-လို့ပြောရတာကိုက
ဝေါဟာရ ရောနေနိုင်တယ်၊ မငြိမ်းဓာတ်နဲ့ အငြိမ်းဓာတ်လို့ပြောရင် လျဉ်းပါးယုံမှားစရာ ပိုကင်းမယ်)။
ဒါပေမယ့်
အဲဒီ အငြိမ်းဓာတ်လေးပေါ်လာတဲ့အခါ စိတ်ကလဲ
"မဂ္ဂဖလ'မာရမ္မဏဘူတံ"ဆိုတဲ့အတိုင်း-
မဂ်ဉာဏ်,ဖိုလ်ဉာဏ်နဲ့ယှဉ်ပြီး အဲဒီအာရုံပေါ်မှာပဲ
ကျရောက်နေလို့-"နိဗ္ဗာန်ရောက်တယ်"လို့ ပြောကြတာပါ။
🔱ပြန်လာလို့ ရနိုင်တဲ့နည်း-ဆိုတာကတော့..
နိဗ္ဗာန်မှာ အခြေချနေထိုင်သူဆိုတာ ရှိမှမရှိဘဲ၊
ဘုရား,ပစ္စေကဗုဒ္ဓါ,ရဟန္တာတို့အထိ အရိယာမှန်သမျှက
လောကထဲမှာပဲ နေနေကြတာပဲ။
လောကအပူတွေကနေ အနားယူလိုတဲ့အခါမှ
🔅ဖလသမာပတ်ဝင်စားတယ်ဆိုတာ
လူတွေ အလုပ်ပင်ပန်းတော့ အပန်းဖြေသလို
လောကကလွတ်ရာ နိဗ္ဗာကို ဖိုလ်စိတ်နဲ့ အာရုံပြု
အနားယူတာပါပဲ။
လောကမှာ ရာထူးအသေး,အကြီးအလိုက် ခွင့်ရက်ကွာသလို
အရိယာတို့ရဲ့သမာပတ်ရက်ချင်းလဲ မတူပါဘူး၊
အောက်အရိယာတို့က အချိန်ပိုင်းလောက်ပဲ ရပါတယ်၊
အနာဂါမ်နဲ့ရဟန္တာပုဂ္ဂိုလ်တို့ကျတော့-
"နိရောဓသမာပတ်"အဖြစ်နဲ့-(၇)ရက်ထိ ဝင်စားခွင့်ရပါတယ်၊
ဒါကြောင့်" ပြန်လာတယ်"ဆိုစရာမလိုပါဘူး၊
မဝင်စားတဲ့အခါ မူလအတိုး လုပ်စရာရှိတာ လုပ်ကြတာပါပဲ။
ပုဂ္ဂိုလ်အရကတော့ ဘုရားဆိုတာလဲ လောကထဲမှာပဲဆိုတော့ "နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာအာရုံဆီ အချိန်ပိုင်း,
ရက်ပိုင်းလောက် ဖိုလ်စိတ်နဲ့သာ အရုံပြုအနားယူတာ၊
အာရုံမပြုတော့ရင်..
"သမာပတ်က ထတယ်"လို့သုံးပါတယ်၊ နိဗ္ဗာကိုအာရုံမပြုတော့တာ ပါပဲ။
အဲလိုထလိုက်တာနဲ့..နဂိုအတိုင်း လောကထဲ ရောက်မြဲရောက်၊
လုပ်စရာရှိတာ လုပ်မြဲ လုပ်တော့တာပါပဲ။
(ဖလသမာပတ်မှ ထခြင်းသည်ပင် နိဗ္ဗာန်ကပြန်လာတဲ့နည်း-လို့ ဆိုလိုက ဆိုနိုင်တာပေါ့။)
အဲလိုဆို "အနုပါဒိသေသ နိဗ္ဗာန်"ကျတော့ရောဘုရား..။
အနုပါဒိသေသနိဗ္ဗာန်ဆိုတာ-
"နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ"ဆိုတဲ့အတိုင်း
လောင်စာရော,လောင်ဆီရော,လောင်မီးရော..
သုံးခုလုံးငြိမ်းသွားတာပဲ၊
ဘယ်ကိုမှ ရောက်သွားတာမဟုတ်လို့ ပြန်လာစရာလဲ
မရှိပါဘူး။
ဒီအခြေအနေကတော့-
"ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ"သက်သက်ပါ.!
မေးစရာ,ဖြေစရာလဲ မဟုတ်ပါဘူး။
ခုန မေးတဲ့ကလေးကို တချို့ကလဲ" မမေးသင့်တာ
မေးလို့ မိစ္ဆာဒိဋ္ဌိ"လို့ စွပ်စွဲကြပါတယ်၊
အဲဒါလဲ နဲနဲရှင်းပြပါဦးဘုရား..
ဆရာလေးရ.!ဒါ နဲနဲတွေမဟုတ်ဘူးဗျ.!
တကယ့်အများကြီးတွေ.!
မိစ္ဆာဒိဋ္ဌိဆိုတာက မြန်မာပြည်မှာတော့ ဘာသာရေးဆဲလုံး
တစ်ခုဆိုတာထက် မပိုတော့ပါဘူး၊
ကိုယ်နားမလည်ရာကိုပြောလာ,မေးလာသူတိုင်းကို
ဒီစကားလုံးနဲ့ ဟန့်လိုက်ထာပါပဲ၊
ဘာသာရေးနယ်က ချိန်းချောက်ဟန့်တားလုံး,ဆဲလုံးလို
ဖြစ်နေပါပီ။
အမှန်က မိစ္ဆာဒိဋ္ဌိဆိုတာ အမှန်ကိုလက်မခံသူ၊
အမှားကို အမှန်လို့ လက်ခံစွဲယူထားသူကိုသာ
ဆိုရတာပါ၊
မသိတာကို သိလိုလို့မေးသူမှန်သမျှက
မသေရာ(နိဗ္ဗာန်)ရဖို့ အနီးစပ်ဆုံး မဟာလူသားမျိုးနွယ်ပါ။
ဒီနေ့ဗုဒ္ဓဘာသာလောကမှာ သံသယစကားပြောသူကို
မိစ္ဆာဒိဋ္ဌိလို့ သမုတ်နေကြတယ်၊
အမှန်က အဆင့်မြင့်သမ္မာဒိဋ္ဌိပါ.!
အဘိဓမ္မာ"ယမိုက်ကျမ်း"မှာ-
သိတာကို
သိတဲ့အတိုင်းပြောပြတာကို"သန္ဒိဋ္ဌာန် ၊
မသိသေးတာကို
သိချင်လို့ဆက်မေးတာကို "သံသယ"လို့ ဘုရားရှင်က
သတ်မှတ်ပါတယ်။
အဲဒါ သမ္မာဒိဋ္ဌိအစစ်ပါ၊
သံသယဆိုတာ သိလိုစိတ်ရှိနေလို့ ရိုးရိုးမေးတာပါ။
ဘယ်ဘာသာတရားမဆို ရိုးသားရင် စစ်ဆေးခံနိုင်တယ်.!
မှန်ကန်ရင် စမ်းသတ်ခံနိုင်တယ်.!
သံသယကိုဖိတ်ခေါ်ရဲရတယ်လို့ ဆိုလိုတာပါ။
တရားဂုဏ်မှာပါတဲ့-
"ဧဟိ ပဿိကော=လာကြ မေးမြန်း,စမ်းသတ်လှည့်ကြ"
ဆိုတာ သံသယသမားများကို ဖိတ်ခေါ်တဲ့ ရိုးသားမှန်ကန်မှု
ဂုဏ်ပါ။
ဘာသာတရားနဲ့ပတ်သက်ရင်..
သဒ္ဓါကို ရှေ့တန်းတင်သူက အလွန်ဆုံး ကုသိုလ်ပဲရမယ်.!
သံသယကို ရှေတန်းတင်ရဲမှ အမှန်တရားကိုရမှာ.!
ဘုရားအလောင်းတော်လဲ ဥရုဝေလတောမှာ
သံသယကိုရှေ့တန်းတင်ပြီး ဟုတ်,မဟုတ်စူးစမ်းတဲ့
သံသယကြောင့် သူများတပည့်အဖြစ်နဲ့ လမ်းမဆုံးရဘဲ
သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဖြစ်သွားတာပဲ။
လက်ဝဲရံ,လက်ျာရံအလောင်းတို့လဲ
သံသယကြောင့် မိစ္ဆာဒိဋ္ဌိရဲ့နောက်လိုက်များအဖြစ်နဲ့
လမ်းမဆုံးရပဲ ပါရမီနဲ့တန်ရာအဆင့် ရောက်ကြရတာမို့လား။
မသိတာကို မသိဘူးပြောရတာက ကိုယ်လဲ ရိုးဂုဏ်ရှိတယ်၊
သံသယနဲ့ သိလိုသူကိုလဲ ဆက်လက်မေးမြန်းလေ့လာဖို့
အားပေးရာကျလို့ ပညာပါရမီသဘော သက်ဝင်ပါတယ်။
သိလိုလို့မေးတာကို..
"မိစ္ဆာဒိဋ္ဌိ"ဆိုတဲ့ အမည်ဆိုးနဲ့ဆဲရေးလောက်အောင်
ကိုယ်က ပဋိဝေဓပညာ ဘာမှမှမရှိဘဲ၊
ကျုပ်တော့ မလုပ်ရဲဘူးဗျာ..
ခုလဲ
ကျုပ်သဘောပေါက်သလောက်ပြောတာနော်..
ငါသိတာအမှန်ပဲလို့ သန္ဒိဋ္ဌာံန်ကျမဟုတ်သေးဘူး၊
ကိုယ်တိုင်ထိုးထွင်းပြီး မသိသေးသမျှ
ကျုပ်ကတော့ သံသယအမြဲထားတာပဲ။
(ဒီအကျင့်က ဆရာပါရဂူဘာသာပြန်တဲ့"သိဒ္ဓတ္ထ"ကို
ဖတ်ပြီးကတည်းကပဲ)။
ဆဋ္ဌသင်္ဂါယနာပွဲမှာ အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်
ဆရာတော်ဘုရားကြီးကို..မလိုတဲ့ဆရာတော်များက-
"ဒီနေ့တစ်မျိုးပြောပြီး နောက်နေ့တစ်မျိုးပြောင်းတတ်တယ်၊
နာယကဂုဏ်နဲ့မတန်ဘူး"လို့ထောက်ပြပြီး
ဥက္ကဋ္ဌနေရာနဲ့မတန်ကြောင်းကန့်ကွက်တော့-
ဆရာတော်ကြီးက-
"ဥက္ကဋ္ဌအဖြစ် ရွေးလိုရွေး၊မရွေးလိုနေ.!
ဒီနေ့အဖြူထင်လို့ အဖြူလို့ပြောတာကို
မနက်ဖြန်မှာ အမည်းလို့ ရေရေရာရာသိလာရင်
ပြင်ကိုပြင်ရမှာပဲ"လို့မိန့်ဖူးတယ်။
"ပုထုဇဉ်ဉာဏ်နဲ့ သိတယ်ဆိုတာ
ထိုးထွင်းသိမဟုတ်သေးတဲ့အတွက်
သန္ဒိဋ္ဌာန်လို့ တစ်ယူသန်မမှတ်ထိုက်ဘူး"လို့
သတိပေးတဲ့သဘောနဲ့ ရိုးသားမှုဂုဏ်ပါပဲ.!
ကဲ-
ကျုပ်လက်သုံးစကားအတိုင်းပဲ-
"ကြိုက်သော်ယူလေ..
မကြိုက်ပေမူ, ရှာဖွေပါဦး..ဤခေတ်ထူး၌
ဆည်းပူနိုင်မှ တန်ကာကျလိမ့်.."လို့သာ..
(ကျန်တာ နောက်မှမေးတော့ဗျာ တစ်လမ်းလုံး
အိပ်ခဲ့ရတာမဟုတ်ဘူး၊ခုလဲ ဆွမ်းစားတော့မယ်)
အပ္ပမာဒေန သမ္ပာဒေထ...!!!

No comments:

Post a Comment