လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, July 21, 2016

ဒေါပုံမြစ်ဝမှာမြုပ်တဲ့ခေါင်းလောင်းကိုချင်းတါင်းမြစ်မှာသွားဖေါ်တယ်ဆိုတော့

Yae Tay Za with Kyaw Zann Htet and 4 others.
(၁)

မှောင်မိုက်သော ညတည၊
ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်ပြီး ပုရစ်အော်သံများ ဟိုမှသည်မှ ထွက်လျက်ရှိချေ၏။
တခါတရံ ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံများကလည်း ညကိုပိုပြီး ချောက်ချားစရာဖြစ်နေသေးတော့သည်။
ဧရာဝတီကတော့ မအိပ်နိုင်သေး၊
မေခ၊ မလိခ၊ ချင်းတွင်းမြစ်များမှ ရေများကို ပင်လယ်အတွင်းသို့ သယ်ယူပို့ဆောင်လျက်ရှိလေသည်။
မှိတ်တုတ်မှိတ်တုတ် ကြယ်အလင်းရောင်အောက်တွင်ကား လှိုင်းဂယက်နှင့်အတူ အရာတခုသည် ဧရာဝတီကို အံတုလျက် ဆန်တက်လျက်ရှိလေသည်။
ခေါင်းလောင်းကြီး...
ဒေါပုံမြစ်ဝတွင် ငဇင်ကာတို့ဖောင်ပျက်ပြီးကျန်ခဲ့သော ဓမ္မစေတီခေါင်းလောင်းကြီးပင် ဖြစ်သည်။
ခေါင်းလောင်းကြီးမှာ နောက်မှ ကျားလိုက်သည့်ပမာ အသဲအသန်တရိပ်ရိပ် ဆန်တက်လျက်ရှိချေ၏။
မှန်ပါသည်။
အနောက်မှ အသဲအသန်လိုက်နေကြသော သူများမှာ ဦးစံလင်းနှင့် အပေါင်းပါများပင် ဖြစ်တော့သည်။
" ဟေ့... မပြေးနဲ့"
" ရပ်လိုက်စမ်း"
"မလွတ်စေနဲ့ဟေ့"
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် ဦးစံလင်းတို့လူတစုအသံကြောင့် အကျည်းတန်သွားလေပြီ။
ခေါင်းလောင်းကြီးမှာလည်း တစထက်တစမြန်ဆန်စွာ ဆန်တက်လျက်ရှိချေရာ ဦးစံလင်းတို့အား တဖြည်းဖြည်းပြတ်ကျန်ရစ်ခဲ့စေတော့သည်။
(၂)
အင်မတန်ပူပြင်းလှသော နွေရာသီ အခါသမယ...
အထက်မြန်မာပြည်၏ ချင်းတွင်းမြစ်တနေရာ...
ချင်းတွင်းမြစ်အတွင်းသို့ စီးဝင်လျက်ရှိသော ကုက္ကားချောင်းငယ်အဝတွင်ဖြစ်သည်။
ရေကျချိန်ဖြစ်၍ ရေအနက် ငါးပေခန့်သာရှိသော ချောင်းဝတွင် ကလေးများ ရေကူးလျက်ရှိကြသည်။
"ဒုတ်"
" အား"
ရေကူးနေသော ကလေးငယ်တဦးထံမှ စူးစူးဝါးဝါး အော်သံတခုကြားလိုက်ရလေသည်။ ခြေထောက်နှင့် ရေအောက်မှ တခုခုနှင့် တိုက်မိခြင်းဖြစ်ဟန်တူသည်။ ထို့ကြောင့် အဖော်ကလေးတဦးမှ အောက်ကို ငုံ့၍ စမ်းကြည့်လိုက်သည်။
သံကွင်း တကွင်း...
သို့နှင့် ရွာလူကြီးကို ပြောကာ ထိုနေရာကို နောက်တကြိမ်ပြန်စမ်းကြည့်ကြပြန်သည်။ ခေါင်းလောင်းတလုံး၏ အပေါ်ပိုင်းမှ ချိတ်သောကွင်းဟု ကောက်ချက်ချကြသည်။
ထိုသတင်းမှာ တမုဟုတ်ချင်းပျံ့နှံ့သွားသဖြင့် ဦးစံလင်းနားသို့ရောက်လာသည်။
ဦးစံလင်း သဘောပေါက်လိုက်သည်။ 
သို့နှင့် အချိန်မဆွဲတော့ပဲ လိုအပ်သော ကိရိယာတန်ဆာပလာများကို ဘေးလွယ်အိတ်အတွင်း ကောက်ထည့်ကာ မုံရွာသို့ ခရီးနှင်လေတော့သည်။
ထိုသတင်းကို အမျိုးသားနိုင်ငံရေးလုပ်မည့် ဗိုလ်ချုပ်ဟောင်းတယောက်လည်း ကြားပြီးသကာလ ရေငုပ်မျက်မှန်တလက်ကိုင်ပြီး ရောက်ချလာသည်။
ထိုနေရာသို့ ရောက်သော် ဦးစံလင်းက အရင်ရောက်နှင့်ပြီး ဒေသခံများကို စည်းရုံးထားနှင့်သည်။
ထိုအရာမှာ ဓမ္မစေတီခေါင်းလောင်းကြီးပင်ဖြစ်ကြောင်း၊ 
ဒေါပုံမြစ်ဝတွင် ငဇင်ကာတို့ကျကျန်ရစ်ခဲ့ကြောင်း၊ 
ပထမအကြိမ်ဆယ်ယူရာတွင် နဂါးများက ခေါင်းလောင်းကို မပေးသဖြင့် အလှူငွေများသာ အဖတ်တင်လိုက်ကြောင်း၊ 
ဒုတိယအကြိမ် ဆယ်ယူမည်အပြုတွင် ရန်ကုန်တိုင်းအစိုးရမှ ကမ်းပြိုမည်စိုး၍ ဆယ်ခွင့်မပေးတော့ကြောင်း၊
ထို့ကြောင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခေါင်းလောင်းကိုဆင်းကြည့်ရာ ခေါင်းလောင်းကြီးနေရာတွင် တိုက်တန်းနစ်သဘောင်္ပျက်ကြီးသာ ရောက်ရှိနေကြောင်း၊ 
ဆက်လက်စုံစမ်းရာတွင် ခေါင်းလောင်းကြီးမှာ ဧရာဝတီမြစ်ကို ဆန်တက်လျက် ဤနေရာတွင် လာရောက်ပုန်းခိုနေကြောင်း စသဖြင့် ရွှီးရွှမ်းပြီး အလှူခံလေတော့သည်။
ဗိုလ်ချုပ်ပြုတ်မှလည်း ဦးစံလင်းပြောသည်မှာ မှန်ကန်ကြောင်း၊ သူသည်ပင် ရေကူးမျက်မှန်တလက်ကို အမေရိကန်မှ မှာယူ၍ လာရောက်ပူးပေါင်းကြောင်း၊ ခေါင်းလောင်းကြီးကို ရေထဲမှ ဆွဲတင်ရန်အတွက် ငါးမျှားချိတ်များလည်း ဆယ်ခုတိတိပါလာကြောင်း၊ ထိုခေါင်းလောင်းကြီးအား ဖော်ပြီးလျင် ရွှေတိဂုံဘုရားကြီး၌ ထားရန်စီစဉ်ထားကြောင်း၊ ဖော်ပြီးလျင် ရန်ကုန်သို့ ဆိုက်ကား ငါးစီးဖြင့် သယ်ဆောင်သွားမည်ဖြစ်ကြောင်း ခပ်တည်တည်ဖြင့် ရောယောင်ရွှီးကြပြန်သည်။
ဤသို့ တယောက်တလှည့်ဲ ရွှီးပြီးသည့်အချိန်တွင် ဦးစံလင်းသည် ဗိုလ်ချုပ်ပြုတ်ဆီမှ ရေကူးမျက်မှန်ကို ဆွဲယူကာ ငါးပေခန့်ရှိသော ရေအတွင်းသို့ ခုန်ဆင်းသွားလေတော့သည်။
(၃)
တွေ့ပါပြီ
သံကွင်းတကွင်း
ခေါင်းလောင်းကြီး ချိတ်သည့်နေရာဖြစ်မည်ဟု တွေးလျက် ဦးစံလင်းပျော်သွားသည်။ ထို့နောက် ရေပေါ်သို့ လက်မတချောင်း ထောင်ပြလိုက်ရာ ဗိုလ်ချုပ်ပြုတ်မှ အဘပြောပါတယ်၊ တကယ်ပါဆိုဟု ကိုယ်ရည်သွေးလိုက်ပြန်သည်။
ထို့နောက် ငါးမျှားချိတ်ဆယ်ချောင်း တပြိုင်နက်ချကာ ထိုကွင်းကို အခိုင်အမာ ချည်လိုက်သည်။ 
ကမ်းပေါ်တွင်လည်း အရက်ဦးရေ တိုက်ထားသော လေးငါးယောက်ခန့် ဝမ်းပူသောကြောင့် လူးလှိမ့်နေသည်ကို နဂါးပူးသည်ဟုဆိုကာ ရေတွေဖျန်းလျက်ရှိလေသည်။
ထိုအချိန်တွင် ဒေသခံများနှင့် လာရောက်ကြည့်ရှုသူများမှ ငွေကြေးများ၊ လက်ဝတ်ရတနာများ ပေးလှူကြတော့သည်။
"၁ ၂ ၃"
" ဆွဲ"
ရေထဲမှ ငါးမျှားချိတ်များဖြင့် ပြိုင်တူဆွဲမလိုက်ကြရာ
ထိုသံကွင်းမှာ ဗိုလ်ချုပ်ပြုတ်၏ ရှေ့သို့ အရှိန်ဖြင့်ပြုတ်ကျလာသည်။
"ဝုန်း"
"ဒုန်း... ဂလုန်း... ဂွမ်း"
"ဟင်"
"ဟာ"
"အို"
" ဆိုင်ကယ်ဘီးဂွေကြီး"
ဤသို့ဖြင့် မူလဒေါပုံမြစ်ဝမှ ဓမ္မစေတီခေါင်းလောင်းကြီးသည် ချင်းတွင်းမြစ်မှတဆင့် မည်သည့်နေရာသို့ ထပ်မံပြောင်းရွှေ့သွားသည် မသိရပဲ ဆိုင်ကယ်ဘီးဂွေကြီးသာ ချန်ထားရစ်ခဲ့ပြန်သည်။
တနေ့တလံ ခေါင်းလောင်းဘယ်ပြေးမလဲ ?
ထို့ကြောင့် ဦးစံလင်းတို့ လူသိုက်လည်း အလှူငွေများ စုစည်းသိမ်းဆည်းကာ ခေါင်းလောင်းဆယ်ယူရေးစရိတ်ဘဏ်အကောင့်ထဲသို့ ထည့်ကာ ခေါင်းလောင်သတင်းကို ဘဏ်အတိုးထိုင်စားရင်းဖြင့် စောင့်ဆိုင်းနေလေတော့သည်။

No comments:

Post a Comment