လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, April 6, 2015

အဖြူ ရောင်

copy from ဓမ္မအလင်းရောင်


အဖြူရောင်ဟာ အရောင်တကာ့အရောင်တွေထဲမှာ အစင်ကြယ်ဆုံးအရောင်တစ်ခုဖြစ်တယ်၊ ဒီလိုပါပဲ လူတွေရဲ့ စိတ်နေစိတ်ထားဟာ လိုချင်မှု၊ မခံသာမှု စတဲ့ ညစ်ပေစေတတ်တဲ့စိတ်ထားမျိုးတွေ အကြောင်းအားလျော်စွာ ရှိနေမယ်ဆိုရင် စိတ်ဟာ ညစ်ထေးပြီးနေပါတယ်။ တကယ်လို့ စိတ်က လိုချင်မှု စတဲ့ ကိလေသာ အညစ်အထေးတွေ မရှိဘူးဆိုရင် ဖြူစင်တဲ့စိတ် တွေ ဖြစ်နေမှာပါ။ ဒီလို ဖြူစင်တဲ့စိတ်ရှိတဲ့သူတိုင်းဟာ အနှောင်အဖွဲ့မှ လွတ်လိုက်တဲ့ငှက်ကလေးလိုပါပဲ၊ စိတ်ဟာ လွတ်လပ်ပေါ့ပါးပြီးနေပါတော့တယ်။ ဒီလိုစိတ်မျိုးကို အဖြူ ရောင်စိတ် လို့ ပြောချင်ပါတယ်။ အေးရိပ်ချောင် မဟာစည်ရိပ်သာမှာ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေကြတဲ့ ကိုရင်လေးများ၊ ဆရာလေးများ အပါးနှစ်ရာ ၀န်းကျင် လောက်ရှိပါတယ်။ အဲဒီကလေးတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်မှုပေးနိုင်ရန်အတွက် နေ့စဉ် လာရောက် ဆေး ကုသပေးနေကြ တဲ့ နှလုံးလှဆရာဝန်များ ရှိကြပါတယ်။ တစ်နေ့….ဒေါက်တာ ဆုမြတ်မို၊ ဒေါက်တာ အေးယုယုမော်၊ ဒေါက်တာ ၀င်းယုယုဖြိုး တို့က “ဘုန်းဘုန်းဘုရား…..တပည့်တော်တို့ နယ်ထွက် ဆေးကုပြီး ကုသိုလ်ယူချင်ပါတယ်။ ဘုန်းဘုန်း ရံပုံငွေ ရှာပေးပါလားဘုရား” လို့ လျှောက်ထား တောင်းဆိုလာပါတယ်။ မမျှော်လင့်တဲ့စကား ကြားလိုက်ရတဲ့အခါ စိတ်ထဲမှာ ချက်ခြင်းကြီး မဆုံးဖြတ်နိုင်တဲ့အတွက် “စဉ်းစားပါရစေဦး” လို့ပဲ ပြောခဲ့ပါတယ်။ ညဖက် နဖူးပေါ်လက်တင်ပြီး စဉ်းစားပါတယ်။ တွေးကြည့်လေ ပေါ်လေ ဆိုတာလိုပဲ ဆေးဝါးအလှူ လှူဒါန်းပြီး ဆေးကုသပေးတာဟာ အလွန်မွန်မြတ်တဲ့အလုပ်တစ်ခု ဖြစ်တဲ့အပြင် အသက်ရှည်ကြောင်း အလှူ ခြောက်ခုထဲမှာလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကျန်းမာခြင်းဟာ လာဘ်တစ်ပါး လို့ ဆိုတဲ့အတိုင်း ကျန်းမာရေး ကောင်းချင်ကြတယ်။ အသက်ရှည်ချင်ကြတယ်။ ဒါဟာ လူအားလုံးရဲ့ ဆန္ဒပါ။ ဒါကြောင့် လူဖြစ်လာရတဲ့အခိုက် ကျန်းမာပြီး အသက်ရှည်ချင် ကြတယ်ဆိုရင် “ရေစစ်၊ ဆေး၊ ကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်အဋ္ဌ ၊ သီလဖြူစင်၊ သက်ရှည်ကြောင်းစု၊ ကောင်းမှုခြောက်အင်” လို့ ရှေးဆရာတော်များ ရှာဖွေစုဆောင်းပြီး လင်္ကာစပ်ဆိုခဲ့ကြပါတယ်။ ဆိုလိုတာက ကောင်း မှုခြောက်မျိုး ပြုလုပ်တဲ့သူများအတွက် အသက်ရှည်ရာ အနာရောဂါကင်းတဲ့အကျိုး တရားတွေ ခံစားကြရမှာဖြစ်တယ်။ ဒါနဲ့စပ်လို့ အသက်(၁၆၀)ရှည်ပြီး အနာရောဂါ လုံးဝမဖြစ်ဖူးတဲ့ သူတစ်ယောက် သာသနာတော်မှာ ရှိခဲ့ဖူးတယ်။ နာမည်က အရှင်ဗာကုလပါ။ အသက်ရှည်ပြီး အနာရောဂါကင်းရတဲ့အကြောင်းကတော့ ပစ်ပယ်လို့မရတဲ့ အတိတ်အကြောင်း ကောင်းမှုတွေကြောင့်ပါပဲ။ အခုဘဒ္ဒကမ္ဘာကနေ ပြန်ရေတွက်ရင် လွန်ခဲ့တဲ့ တစ်အသင်္ချေနဲ့ကမ္ဘာတစ်သိန်းအထက်တုန်းက အနောမဒဿီ မြတ်စွာဘုရား ပွင့်တော်မူခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အရှင်ဗာကုလလျောင်းလျာဖြစ်တဲ့ အမျိုးကောင်းသားဟာ သတိသံဝေဂရတဲ့အတွက် ရသေ့ဝတ်ကာ တောထဲမှာပဲ တစ်ဦးတည်းသီတင်းသုံးတော်မူနေပါတယ်။ ဒီလိုနဲ့ အနောမဒဿီဘုရားရှင်ပွင့်တော်မူတယ်လို့ ကြားတဲ့အတွက် ဘုရားရှင်ထံ ဖူးမျှော်ဖို့သွားခဲ့ပါတယ်။ အဲဒီမှာ ဘုရားရှင် လေနာရောဂါ စွဲကပ်နေတယ်လို့ ကြားသိတဲ့အခါ ရသေ့ဟာ ဘုရားရှင် ရဲ့ လေနာရောဂါကို ကိုယ်တိုင်ပဲ ပြုစုကုသခဲ့ပါတယ်။ ရောဂါကင်းပျောက်တဲ့အခါ ရသေ့က “ဘ၀သံသရာမှာ တပည့်တော်ရဲ့ခန္ဓာ ဟာ နွားနို့တစ်ညှစ်စာအချိန်ကလေးကိုတောင်မှ အနာရောဂါ မဖြစ်ပါစေသား” လို့ ဆုတောင်းခဲ့ပါတယ်။ ဒီလိုနဲ့ ကမ္ဘာတစ်သိန်းမှာ ပဒုမုတ္တရ ဘုရားရှင် ပွင့်တော်မူတဲ့အခါ ဘုရားရှင်က သာမန်သူဌေးသားတစ်ယောက်ကို အနာကင်းခြင်းဆို တဲ့ ဧတဒဂ် ဘွဲ့ကို ပေးတော်မူပါတယ်။ ဒါကို အားကျတဲ့ အရှင်ဗာကုလအလောင်းလျာဟာ ဘုရားအမှူးရှိသံဃာတော်များကို နေအိမ်သို့ ပင့်ဖိတ်ကာ ဆွမ်းအလှူကြီးပေးပြီး အနာကင်းရာမှာ အမြတ်ဆုံးဖြစ်ရပါလို၏ လို့ ဆုတောင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ကိုးဆယ့်တစ်ကမ္ဘာက ပွင့်တောမူခဲ့တဲ့ ၀ိပဿီဘုရားရှင်လက်ထက် အရှင်ဗာကုလလျောင်းလျာဟာ ရသေ့ပြုလုပ်ပြီး တောထဲ မှာနေရင်း တရားရှာနေခဲ့ပါတယ်။ ဒီလိုနဲ့ နွေဦးကာလ သစ်ရွက်ကြွေတဲ့အချိန် လေနဲ့အတူပါလာတဲ့ အဆိပ်ပန်းရနံ့တွေကို ရှူရှိုက်မိလို့ သံဃာတော် (၆)သန်းနဲ့(၈)သိန်း ခေါင်းကိုက်ဝေဒနာ စွဲကပ်နေပါတယ်။ အဲဒီအချိန်မှာ အရှင်ဗာကုလလျောင်း လျာ ရသေ့ဟာ ဘုရားကို ဖူးမျှော်ဖို့ ရောက်လာပါတယ်။ သံဃာတော်များ သင်္ဃန်းခေါင်းမြည်းခြုံပြီး အိပ်နေကြတာကိုတွေ့ရပါတယ်။ ဘာကြောင့်ပါလိမ့်လို့ စုံစမ်းတဲ့အခါ သံဃာတော်များ ခေါင်းကိုက်ရောဂါဖြစ်နေတာကို သိရပါတော့တယ်။ ဒါနဲ့ တောထဲသို့သွားကာ သစ်ဥသစ်ဖုများ ရှာဖွေတူးဖေါ်ပြီး ဆေးဖေါ်စပ်ကာ ကိုယ်တိုင် ဆေးကုသပေးခဲ့တဲ့အတွက် သံဃာတော်များလဲ ရောဂါမှ ကင်းပျောက်ခဲ့ရပါတယ်။ တကယ်တော့ အရှင်ဗာကုလ အတိတ်ဘ၀တွေတုန်းက အနောမဒဿီမြတ်စွာဘုရား၊ ၀ိပဿီမြတ်စွာဘုရား နှစ်ဆူနဲ့သံဃာတော်များမှာ စွဲကပ်နေတဲ့ ရောဂါတွေကို ပျောက်ကင်းအောင် ကုသပေးခဲ့တာဟာ တကယ့်ကောင်းမှုကြီးတစ်ခုပါပဲ။ ဘာနဲ့တူလဲဆိုရင် မြေသြဇာကောင်းလှတဲ့မြေပေါ်မှာ အလွန်ကောင်းတဲ့မျိုးစေ့ကို ကြဲချလိုက်သလိုပါပဲ၊ လယ်ပိုင်ရှင်မှာ စားလို့မကုန်အောင် အကျိုးခံစားရသလို၊ ဆေးဝါးအလှူ ပေးလှူခြင်း၊ ကိုယ်တိုင်ဆေးကုသပေးခဲ့ခြင်းဆိုတဲ့ တကယ့်ကောင်းမှုကြီးတွေကြောင့် အရှင်ဗာကုလဟာ အကျိုးတရားတွေကို စားလို့မကုန် သုံးလို့မကုန် ဖြစ်ခဲ့ရပါတယ်။ ဒါ့ပြင် အခုဘဒ္ဒကမ္ဘာမှာ ကဿပဘုရားရှင် ပွင့်တော်မူပါတယ်။ သက်တမ်းက အနှစ်နှစ်သောင်းတမ်းမှာဆိုတော့ လူအများ အနှစ်နှစ်သောင်းအထိ အသက်ရှည်ကြရပါတယ်။ အဲဒီတုန်းက အရှင်ဗာကုလလျောင်းလျာဟာ ကျေးရွာတစ်ခုမှာ သာမန်လူ တစ်ယောက် ဖြစ်ခဲ့ ပါတယ်။ တစ်နေ့ ပျက်စီးယိုယွင်းနေတဲ့သူ့အိမ်ကို ပြန်လည် ပြုပြင်တည်ဆောက်ဖို့အတွက် သစ်ဝါးများ ရှာဖွေခုတ်ယူဖို့ တောထဲသို့ ထွက်လာခဲ့ပါတယ်။ အဲဒီမှာ သံဃာတော်များ နှစ်ပေါင်းကြာရှည်စွာ သီတင်းသုံးတော်မူနေတဲ့ကျောင်းကလေး ပျက်စီးယိုယွင်းနေ တာကို တွေ့ရတဲ့အတွက် ထိုအမျိုးကောင်းသားစိတ်ထဲမှာ ကျောင်းကိုပါ ပြုပြင်ချင်တဲ့စိတ်တွေ တဖွားဖွားဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါနဲ့အမျိုးကောင်း သားဟာ “ ပျက်စီးနေတဲ့ ငါ့အိမ်ကိုပဲ အရင်ပြင်မလား၊ ကျောင်းကိုပဲ အရင်ပြင်မလား၊ အင်းလေ….ငါ့အိမ်ကငါရှိနေသ၍ ကြိုက်တဲ့အချိန် ပြုပြင် လို့ရပါတယ်။ သံဃာတော်များမှာ ပြုပြင်ပေးမယ့်သူရှိမှ နေဖို့အဆင်ပြေမှာ၊ ကျောင်းဟောင်းကြီးကိုပဲ အရင်ပြုပြင်ပေးတော့ မယ်” လို့ စဉ်းစား ဆုံးဖြတ်ပြီး သံဃာတော်များ ချမ်းချမ်းသာသာ သီတင်းသုံးနေနိုင်ဖို့အတွက် ကျောင်းဟောင်းကြီးကို စတင် ပြုပြင်တည်ဆောက် ပါတော့တယ်။ ဂေါတမမြတ်စွာဘုရားလက်ထက်တော်ရောက်တဲ့အခါ အရှင်ဗာကုလဟာ လူဝတ်ကြောင်ဘ၀နဲ့အသက်(၈၀)နေခဲ့ပြီး ရဟန်းပြုလို့ တရားအားထုတ်လိုက်တာ (၇)ရက်အတွင်း ရဟန္တာဖြစ်တော်မူခဲ့တဲ့အပြင်၊ ရဟန်းဘောင်မှာအသက်(၈၀)အထိ နေထိုင်ခဲ့ရပါတယ်။ ရဟန်းဘ၀မှာ နံရံကို မှီပြီး အိပ်စက်မှုဆိုတာလဲ မရှိခဲ့။ ရဟန်းဖြစ်တဲ့နေ့ကစလို့ ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးကို ဆွေမျိုးတွေ ဆီကသာ ရရှိအလှူခံရပါတယ်။နှစ်ပေါင်း (၈၀)အတွင်း ပင့်ဖိတ်တဲ့ဒါယကာအိမ်ကို လုံးဝအလှူမခံခဲ့ရ။ အရှင်ဗာကုလမထောရ်ဟာ အသက်(၁၆၀) အထိ အသက်ရှင်နေထိုင်ခဲ့ရပြီး၊အသက်ရှင်နေတဲ့သက်တမ်းတစ်လျှောက် အနာရောဂါဆိုလို့ နွားနို့တစ်ညစ်စာ အချိန်လေးတောင်မှ မရှိခဲ့တဲ့အတွက် အနာရောဂါနဲ့စပ်လို့ ဆေးအဖြစ် သျှစ်သျှားသီးတစ်စိပ်ကိုတောင်မှ မစားခဲ့ဖူးပါ။ တွေးမိပါတယ်။ အရှင်ဗာကုလလိုမျိုး အခုခေတ်မှာ ရှိများရှိမယ်ဆိုရင် တကယ့်ဆေးခန်း တွေတော့ ဒေ၀ါလီခံသွားရနိုင်တယ်။ ဒီလို တကယ့်ကောင်းတဲ့ အကျိုးတရားတွေရရှိတာဟာ တကယ့်ကောင်းမှုကြီးကို ပြုလုပ်ခဲ့လို့ပါပဲ။ ဒီလိုနဲ့“နေမြင့်လေ အရူးရင့်လေ”ဆိုတဲ့အတိုင်း ဒီအကြောင်းကို တွေးလေလေ စိတ်ဝင်စားလေလေ ဖြစ်ခဲ့ပါတယ်။ လူတိုင်းအတွက် ကျန်းမာရေးဆို တာလိုအပ်တယ်။ ငါလဲ လူထဲက လူသာ;ဖြစ်တဲ့အတွက် ကျန်းမာချမ်းသာပြီး အသက်ရှည်ချင်တာ အမှန်ပါ။ ငါ့မှာလဲ နှစ်တိုင်း ဆိုသလို ဘန်ကောက်ထွက်ပြီး ဆေးပြနေရတယ်။ ဒီဘ၀တော့ ရှိစေတော့ ဘ၀သံသရာမှာ အရှင်ဗာကုလလို အသက်ရှည်ကျန်းမာဖို့ လိုအပ်တယ်။ ဒါကြောင့် လူအများကျန်းမာဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လုပ်တော့မယ်လို့ ယတိပြတ်ဆုံးဖြတ်ချက်ချခဲ့ ပါတော့တယ်။ ဒီလိုနဲ့ နှလုံးလှဆရာဝန်များနဲ့ တိုင်ပင်ကြပါတယ်။ အဖွဲ့ကိုနာမည်ပေးဖို့စဉ်းစားတဲ့အခါ “အခြားအဖွဲ့အစည်းများရဲ့ ဖိအားလဲမပါ၊ အာဏာပိုင်များရဲ့ ဖိအားလဲမပါဘဲ နှလုံးလှတဲ့အဖွဲ့ကလေးတစ်ခု အဖြစ်နဲ့ တည်ရှိ စေချင်တာကြောင့် အနှောင်အဖွဲ့ကင်းပြီး ဖြူစင်တဲ့ သဘောဆောင်တဲ့“အဖြူရောင် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့” ( White Medical Care) လို့ နာမည်ပေးဖြစ်ခဲ့ပါတယ်။ နှလုံးလှဆရာဝန်များကလဲ သူတို့ရဲ့ စိတ်ဆန္ဒဖြစ်ပေါ်တဲ့အတိုင်း ကျေးလက်နေပြည်သူများရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို ဖြည့် ဆည်းပေး ချင်ပါတယ်။ ဖြည့်ဆည်းနိုင်အောင်လဲ အမြဲတမ်းအဆင်သင့်ဖြစ်နေစေရမယ်လို့ ဆိုကာ “သင်တို့ရဲ့ ကျန်းမာရေးလိုအပ်ချက်အတွက် ငါတို့အမြဲတမ်း အဆင်သင့်ပါပဲ” ဆိုတဲ့ စာကြောင်းလေးလည်း ထည့်ဖို့ တောင်းဆိုလာတဲ့အတွက် သူတို့ရဲ့ စိတ်ဆန္ဒအတိုင်း ထည့်ပေးလိုက် ပါတယ်။ WHITE MEDICAL CARE (We Are Always Ready For Your Health Necessaries) အဲဒီစာကြောင်းဟာ အဖွဲ့ရဲ့ နာမည်နဲ့သဘောထား ကိုလဲ ဖေါ်ပြရာရောက်သွားပါတယ်။ဒါလေးကိုပဲ အတည်ပြုခဲ့ပါတယ်။ နောက် တစ်ခုက ဆေးကုထွက်ရင် ဘယ်ကိုသွားပြီး ဆေးကုသကြမလဲ ဆိုတာကို စဉ်းစားပါတယ်။ ဒါနဲ့စပ်လို့ ….မြို့ပေါ်ရှိလူအများ ကတော့ ဆေးအတွက် လွယ်ကူတယ်။ ဒါပေမယ့် ဝေးလံခေါင်သီတဲ့ ကျေးလက် တောရွာနေ ပြည်သူ အများကတော့ ဆေးဝါးအတွက် မလွယ်ကူတဲ့အပြင် ဆရာဝန်လဲ ရှားပါးလှပါတယ်။ အချို့ဆိုရင် မြို့မတက်နိုင်လို့ ဆေးမီးတိုလေးနဲ့ကုသကြရပြီး မဖြစ်သင့် တာတွေ ဖြစ်ခဲ့ကြရ ပါတယ်။ ဒါကြောင့် မြို့မှာ ဆေးကုမယ့်အစား တကယ်လိုအပ်နေတဲ့ ဝေးလံခေါင်သီတဲ့ ကျေးလက်တောရွာများကို သွားပြီး ဆေးဝါးကုသမှု များပြုလုပ်ပေးရရင်ကောင်းမှာပါ။ ဒါကြောင့် အဖွဲ့ရဲ့ရည်ရွယ်ချက်တွေလဲ ပေါ်လွင်အောင်၊ စိတ်ဓါတ်ခွန်အားလဲ ရရှိစေနိုင်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကိုယ်တိုင်စပ်ဆို ဖြစ်ခဲ့ပါတယ်။ “ရောဂါကင်းစင် ပြုံးရွှင်နိုင်အောင် ဝေးလံခေါင်သီ တောရပ်ဆီသို့ သွားဖို့လိုက သွားရပါမည်။ ပြည်သူအများ ချမ်းသာပွားရန် စိတ်ထားကြည်ဖြူ ဒို့ဝိုင်းကူမည်။ ကျေးလက်သူတို့ ချမ်းသာဖို့…..” ။ စာရေးသူကိုယ်တိုင်လည်း ဒီလင်္ကာလေးဆိုလိုက်တိုင်း စိတ်ထဲ တက်ကြွမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ “အဖြူရောင်အဖွဲ့” သားများ ၂၀၁၄ခုနှစ်၊နိုဝင်္ဘာလမှာ တစ်ကြိမ်၊ ဒီဇင်ဘာလမှာ သုံးကြီမ်၊ ၁၈.၁.၂၀၁၅အထိ ၊ တစ်လပိုင်းမှာ နှစ်ကြိမ်၊ စုစုပေါင်း ခုနှစ်ကြိမ်မြောက် အောင်မြင်စွာ ဆေးကုနိုင်ခဲ့ကြပါတယ်။ ဒီလိုဆေးကုသရတဲ့အခါမှာ လိုအပ်ချက် ကလေးတွေ တွေ့မြင်လာရပါတယ်။ မှတ်မိပါသေးတယ်။ အဖြူရောင်အဖွဲ့ အလယ်ချောင်းကျေးရွာအုပ်စုပိုင် ကရင်စုကျေးရွာနဲ့အနီးဝန်းကျင်က ရွာများကို ဆေးကုသပေးခဲ့စဉ်အခါတုန်းက အသက်ကြီးပြီဖြစ်တဲ့ အဖွားအိုတစ်ဦး ရင်ကြပ်တဲ့ဝေဒနာ အတော်ကို ခံစားနေရရှာတယ်။ ဒါပေမယ့် သက်သာအောင် မပြုလုပ်ပေးနိုင်ခဲ့ဘူး၊ ပြီးတော့ လူမမယ်ကလေး ငယ်တစ်ဦး အသက်ရှူမ၀တဲ့အတွက် လက်ဖျားလေးတွေနဲ့ နှုတ်ခမ်း မှာ ပြာနှမ်းနေပြီ၊ အောက်ဆီဂျင် အထူးလိုအပ်နေတဲ့အချိန်ပါ။ အဲဒီမှာလဲ ဘာမှမလုပ်ပေးနိုင်ခဲ့ရှာပါဘူး။ ဆရာဝန်များက ဆေးရုံကို အမြန်သွားဖို့ပဲ ညွန်ပြပေးခဲ့ရပါတယ်။ ထိုလူနာများကို ဘာမှ မလုပ်ဆောင်ပေးနိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ခုနင်က လူနာများအတွက် ဘာတွေလိုအပ်သလဲ၊ ဘာများလုပ်ပေး နိုင်စရာရှိလဲ၊ လိုအပ်တာတွေ ၀ယ်မယ်ဆိုပြီး ဆရာဝန်များနှင့် တိုင်ပင်ပါတယ်။ ဆရာဝန်များက အောက်ဆီဂျင်တစ်စုံ၊ အငွေ့ရှူစက်တစ်စုံ၊ အောက်ဆီဂျင်တိုင်းတဲ့ကရိယာတစ်ခု လိုအပ်တယ်လို့ ပြောလာတဲ့အတွက် ထိုပစ္စည်းများကိုဝယ်ခဲ့ပါတယ်။ နောင်မှာ အရေးပေါ်လူနာများအတွက် အဆင်ပြေအောင်လို့ပါပဲ။ အခြားအခြားလိုအပ်ချက်တွေလဲ အများကြီးရှိနိုင်ပါသေးတယ်။ ပြည်သူအများကျန်းမာရေးအတွက် စွမ်းနိုင်သလောက်ဖြည့်ဆည်းပေးသွားမယ်လို့သန္နိဋ္ဌာန်ချလျှက်……..။ သက်ရှည်ကျန်းမာ အနာကင်းကြပါစေ ဦးကောဝိဒ(မြိတ်) 21.1.2015 ၊ညနေ 3း24 နာရီ

Copy and WIN : http://bit.ly/copynwin

No comments:

Post a Comment