လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, April 11, 2015

ရိက္ခာနှင့် သိက္ခာ

ရိက္ခာနှင့် သိက္ခာ
▬▬▬▬▬▬▬
ရွှေကျင်ဆရာတော်ဆိုတာ ကုန်းဘောင်ခေတ် မင်းတုန်းမင်းတရားကြီးလက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ဘုရားပါ။ ရွှေကျင်ဂိုဏ်းကို စတင်တည်ထောင်ခဲ့တဲ့ ဆရာတော်ဘုရားလည်း ဖြစ်ပါတယ်။ ရွှေဘိုမြို့နယ်အတွင်း ရွှေကျင်ရွာဇာတိဖြစ်လို့ ရွှေကျင်ဆရာတော်လို့ ခေါ်ကြတာပါ။ ပဲခူးတိုင်း ရွှေကျင်မြို့က ရွှေကျင် မဟုတ်ပါဘူး။
ဆရာတော်ဘုရားရဲ့ ဘဝသမိုင်းကိုကြည့်ရင် အကြည်ညိုရဆုံးတွေ့ရတာက ဝိနည်းကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းပုံကတော့ သာသနာဝင်မှာ စာတင်ရတဲ့အထိပါပဲ။
ဒီဆောင်းပါးမှာတော့ ဆရာတော်ရဲ့ဝိနည်း ကိုယ်ကျင့်သိက္ခာပိုင်းလေးတွေကိုပဲ အဓိကထား ရေးသွားချင်ပါတယ်။
ရဟန်းတော်တွေဟာ မိဘဆွေမျိုးအရင်း မဟုတ်ရင်ဘဲဖြစ်ဖြစ်၊ ဖိတ်မထားရင်ဘဲဖြစ်ဖြစ် ဒကာ၊ ဒကာမတွေဆီမှာ အလှူခံခွင့်၊ တောင်းခံခွင့် မရှိပါဘူး။ တကယ်လို့ အလှူခံဖြစ်မယ်၊ တောင်းခံဖြစ်မယ်ဆိုရင် အညတကဝိညတ္တိသိက္ခာပုဒ်အရ နိဿဂ္ဂိပါစိတ် အာပတ်သင့်ပါတယ်။
ရွှေကျင်ဆရာတော်ဘုရား ငယ်စဉ်က ဆရာတော်က ဒီသက္ခာပုဒ်ကို အာရုံပြုပြီး ပစ္စည်းလိုအပ်ရင် အမေဆီကိုပဲ တောင်းပါတယ်၊ အဖေဆီကို လုံးဝမတောင်းပါဘူး။
အမေနဲ့အဖေမှာ အမေကတော့ ကိုယ်တိုင်မွေးတာဆိုတော့ အမေစစ်တာ ကျိန်းသေပါတယ်။ အဖေစစ်ဖို့ကျတော့ မကျိန်းသေတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ အမေလုပ်တဲ့သူက လော်မာခဲ့ရင် အဖေလုံးဝမစစ်နိုင်တော့ပါဘူး။ အဖေမစစ်ရင် ဆွေမျိုးမတော်တဲ့အတွက် မတောင်းကောင်းတော့ပါဘူး။ တောင်းရင် အာပတ်သင့်တော့မှာပါ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဆရာတော်ဘုရားက ဆွေမျိုးကျိန်းသေစစ်တဲ့ အမေဆီကိုပဲ တောင်းတာပါ။
အဖေစစ် မစစ် သံသယဖြစ်ပြီး အဖေကို မတောင်းတော့ အဖေလုပ်သူ ဒကာကြီးက ရယ်ရအခက်၊ ငိုရအခက် ဖြစ်ပုံရပါတယ်။ ဒီတော့ အဖေလုပ်သူဒကာကြီးက ....
``မောင်ပဉ္စင်းရယ် ... အဖေစစ် မစစ် သံသယဖြစ်နေရင် မောင်ပဉ္စင်း ဒကာမကြီးကိုသာ မေးကြည့်ပါတော့။ ဒီလိုမျိုး သံသယဖြစ်ရတယ်လို့ တပည့်တော်တော့ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မတွေ့ဖူးဘူး´´ လို့ လျှောက်ထားလိုက်ပါတယ်။
တစ်ခါမှာလည်း မင်းတုန်းမင်းတရားကြီးက ရွှေကျင်ဆရာတော် အပါအဝင် ဆရာတော်တချို့ကို မြောက်ဥယျာဉ်တော်ကို ပင့်ပါတယ်။ ဆရာတော်တွေ မြောက်ဥယျာဉ်ကို ရောက်လာပေမယ့် မင်းတုန်းမင်းကြီးကတော့ ရောက်မလာသေးပါဘူး။ ဒါကြောင့် ဆရာတော်တွေ ဥယျာဉ်တော်အတွင်း အညောင်းပြေ လှည့်လည်ကြည့်ရှု တော်မူကြပါတယ်။
ရွှေကျင်ဆရာတော်ဘုရားလည်း နေရာကထပြီး လျှောက်ရင်း သစ်ပင်တစ်ပင်အောက်အရောက်မှာ သစ်ကိုင်းတစ်ကိုင်းကို လှမ်းကိုင်ပြီး ရပ်နေလိုက်ပါတယ်။
ရွှေကျင်ဆရာတော် သစ်ကိုင်းကို ကိုင်ထားဆဲမှာပဲ မင်းတုန်းမင်းကြီးက ရောက်လာပါတယ်။ ဒါပေမယ့် ရွှေကျင်ဆရာတော်က ကိုင်ထားတဲ့သစ်ကိုင်းကို လုံးဝမလွှတ်ပါဘူး။ ကိုင်မြဲတိုင်းပဲ ကိုင်ထားပါတယ်။ လက်တစ်ဖက်က မြှောက်ထားတာဆိုတော့ ချိုင်း (ဂျိုင်း) မွှေးတွေက အထင်းသား ပေါ်နေပါတယ်။ ပေါ်နေပေမယ့် ဆရာတော်က လက်ကို လုံးဝ ပြန်မရုပ်ပါဘူး။
ဒီတော့ ဆရာတော်တစ်ပါးက ဘယ်လိုပြောသလဲဆိုတော့ ``ရွှေကျင်ဆရာတော်က မင်းတုန်းမင်းကြီးကို ချိုင်း (ဂျိုင်း) မွှေးတွေ လှစ်ပြလိုက်တာလား´´ လို့ ပြောလိုက်ပါတယ်။
တကယ်တော့ ရွှေကျင်ဆရာတော်က မဟာနိဒ္ဒေသပါဠိတော်လာ ကြည်ညိုမှုကို ရှေးရှုပြီး ဣရိယာပုထ်ကိုပြုပြင်ခြင်း ကုဟနပုဂ္ဂိုလ် မဖြစ်အောင် နေမြဲအတိုင်း နေလိုက်တာပါ။ လာဘ်လာဘကို တောင့်တပြီး သူတစ်ပါးကြည်ညိုအောင် ဣရိယာပုထ်ကို ပြုပြင်ရင် ကောက်ကျစ်စဉ်းလဲတဲ့ ကုဟနပုဂ္ဂိုလ်ဖြစ်ပါတယ်။
ကုဟန ကောက်ကျစ်စဉ်းလဲလို့ရတဲ့ ပစ္စည်းဟာလည်း သမ္မာအာဇီဝနဲ့ရတဲ့ပစ္စည်း မဟုတ်တော့ပါဘူး။ ရတဲ့ပစ္စည်းကို သုံးခဲ့ရင် အာဇီဝပါရိသုဒ္ဓိသီလ ပျက်ပါတယ်။ ဒါကိုတွေးပြီး ဆရာတော်က ဣရိယာပုထ်ကို မပြင်ဘဲ နေလိုက်တာပါ။
မင်းတုန်းမင်းကြီးဟာ ရွှေကျင်ဆရာတော်ဘုရားကြီးကို အတော် ကြည်ညိုတာပါ။ ဒါပေမယ့် ဆရာတော်က ရာဇဝလ္လဘအဖြစ်ကို အထူးပဲ ရှောင်ရှားစောင့်စည်းပါတယ်။ ရာဇဝလ္လဘဆိုတာ မင်းနှင့်ကျွမ်းဝင်သူလို့ အဓိပ္ပါယ် ရပါတယ်။ သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်ဘုရားကြီးတွေဟာ ရာဇဝလ္လဘကို အပြစ်တစ်ခုလို သဘောထားပြီး ဝေးဝေးက ရှောင်ရှားလေ့ရှိကြပါတယ်။
တစ်ခါမှာလည်း မင်းတုန်းမင်းကြီးက အမတ်တစ်ယောက်ကို လွှတ်ပြီး ရွှေကျင်ဆရာတော်ဘုရားထံ ဆွမ်းစား ပင့်ခိုင်းလိုက်ပါတယ်။
ဆွမ်းစားပင့်သူအမတ် ဆရာတော်ဘုရားဆီ ရောက်တဲ့အချိန်မှာ ဆရာတော်က သင်္ကန်းရုံနေပါပြီ။ ဒါကြောင့် ပင့်ဖိတ်သူအမတ်ကလည်း ``ဆရာတော်ဘုရား ရေမြေ့ရှင် မင်းတရားကြီးက နန်းတော်ကို ဆွမ်းစားကြွဖို့ ပင့်ခိုင်းလိုက်ပါတယ်ဘုရား´´ လို့ ကဗျာကယာ လျှောက်လိုက်ရပါတယ်။ ရွှေကျင်ဆရာတော်ဘုရားက ဘာမှပြန်မပြောပါဘူး။ သင်္ကန်းရုံပြီးတော့ သပိတ်လွယ်ပြီး ကျောင်းပေါ်က ဆင်းသွားပါတယ်။
လာပင့်သူအမတ်ကလည်း နောက်ကနေ အသာလိုက်ကြည့်တော့ မန္တလေးတောင်ခြေက အဖိုးအို အဖွားအို နှစ်ယောက်ရဲ့တဲထဲကို ကြွသွားတာ တွေ့လိုက်ရပါတယ်။
အမတ်လုပ်သူလည်း ပြန်လာပြီး မင်းတုန်းမင်းကြီးကို အကျိုးအကြောင်း ပြန်ပြောရပါတော့တယ်။
ရွှေကျင်ဆရာတော်ဘုရားဟာ ရာဇဝလ္လဘအဖြစ်ကို အထူးရှောင်ရှားတယ်ဆိုပေမယ့် တကယ်လိုအပ်တဲ့အခါမျိုးမှာတော့ မင်းတုန်းမင်းကြီးကို တကူးတက သွားတွေ့ပါတယ်။
တစ်ခါမှာတော့ ထန်းပင်ရင်းတိုက်နေ ကသာစား မင်းသားလေးရဲ့ အင်္ကျီကို တစ်ခြားတစ်ယောက်က ဝတ်သွားတဲ့အတွက် ဒါကိုအခြေခံပြီး မလိုသူတွေက ပုန်ကန်ခြားနားလိမ့်မယ်ဆိုပြီး ကုန်းတိုက်စကား ပြောကြပါတယ်။ ဒီတော့ ထန်းပင်ရင်းတိုက်သား ဦးဓမ္မသာမိ အပါအဝင် ဘုန်းကြီးသုံးပါးကို ကြံရာပါဆိုပြီး ဖမ်းလိုက်ကြပါတယ်။ ပြီးတော့ နံနက် (၁၀) နာရီမှာ ကွက်မျက်ဖို့လည်း တစ်ခါတည်း အမိန့်ချလိုက်ပါတယ်။
ဒီတော့ မတ္တရာဆရာတော်၊ မင်းတဲဆရာတော်၊ မန္တလာဆရာတော် တို့က ``မောင်ရွှေကျင်ဆီသွားပါဟ´´ ဆိုပြီး ဘုန်းကြီးဦးမဉ္ဇူကို လွှတ်လိုက်ပါတယ်။
ဘုန်းကြီးဦးမဉ္ဇူက ရွှေကျင်ဆရာတော်ရဲ့တူ ကိုရင်ရာဓကိုခေါ်ပြီး ညတွင်းချင်းပဲ ရွှေကျင်ဆရာတော်ဆီ သွားပါတယ်၊ ရွှေကျင်ဆရာတော်ဆီ ရောက်ချိန်မှာ ည (၁၀) နာရီ ထိုးနေပါပြီ။
ရွှေကျင်ဆရာတော်ကို ဖြစ်စဉ်လျှောက်ပြတော့ ``အင်း ... အင်း ကိုယ်ကျိုးနဲလို့၊ ကိုယ်ကျိုးနဲလို့၊ ဖြစ်မှ ဖြစ်ရပလေ၊ ပြောတော့ သာသနာ့ ဒါယာကာ၊ သာသနာ့ ဒါယာကာနဲ့၊ သံဃာတွေသတ်ပစ်ရင် ရာဇဝင်ရိုင်းတော့မှာပဲ။ ကိုင်း ... ခုတော့ မိုးချုပ်ပြီ၊ ပြန်ကြဦး။ မနက်မှကြွခဲ့မယ်´´ လို့ မိန့်လိုက်ပါတယ်။
မနက်စောစောရောက်တော့ ရွှေကျင်ဆရာတော်ဘုရားက နန်းတော်ကိုကြွပြီး ဘုန်းကြီးသုံးပါးကို လွှတ်စေပါတယ်။ ပြီးတော့ မင်းတုန်းမင်းကြီးကိုလည်း မြည်တွန် ဆုံးမပြီး သြဝါဒပေးခဲ့တယ်လို့ ဆိုပါတယ်။
ရိက္ခာထက် ကိုယ်ကျင့်တရားကိုပဲ တစ်သက်လုံး ငဲ့ခဲ့တဲ့ ဆရာတော်ဘုရားရဲ့ ပုံရိပ်တွေကို ဖျက်လို့မရတဲ့ အက္ခရာတွေနဲ့ သမိုင်းမှာ ကမ္ပည်းထိုးထားကြပါတယ်။ သာသနာတည်နေသရွေ့ ဒီကမ္ပည်းအက္ခရာတွေဟာ ဘယ်တော့မှ ပျက်သွားမှာမဟုတ်တော့ပါဘူး။
သီလ သမာဓိ ပညာနဲ့ ပြည့်စုံတဲ့ ဆရာတော်တွေဟာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပြီး၊ ရှောင်သင့် ရှောင်ထိုက်တာကို ရှောင်ရှားလေ့ ရှိပါတယ်။
▬▬▬▬▬▬▬▬▬
စဇေ ဓနံ အင်္ဂဝရဿ ဟေတု၊
အင်္ဂံ စဇေ ဇီဝိတံ ရက္ခမာနော။
အင်္ဂံ ဓနံ ဇီဝိတဉ္စာပိ သဗ္ဗံ၊
စဇေ နရော ဓမ္မမနုဿရန္တော။
ဒီဂါထာလေးက ငါးရာ့ငါးဆယ် မဟာသုတသောမ ဇာတ်ကလာတဲ့ ဂါထာလေးပါ။ စွန့်ရမယ့်အရာအဆင့်ဆင့်ကို ပြထားတာပါ။
ပထမအဆင့်က လက်ခြေစတဲ့ အင်္ဂါနဲ့ ပစ္စည်းဝတ္တု နှစ်ခုထဲက တစ်ခုခုကို စွန့်ဖို့ကြုံလာရင် ပစ္စည်းဝတ္တုကို စွန့်လိုက်ပါတဲ့။
ဥပမာ -- လမ်းမှာ လူဆိုး ဓားမြတွေနဲ့ တွေ့တဲ့အခါ ခန္ဓာကိုယ်ကို အနာမခံပါနဲ့။ ပစ္စည်းဝတ္တုကို စွန့်လိုက်ဖို့ပါ။ ပစ္စည်းဝတ္တုဆိုတာ အချိန်မရွေး ပြန်ရှာလို့ ရပါတယ်။
ဒုတိယအဆင့်က အသက်နဲ့ လက်ခြေစတဲ့ အင်္ဂါ တစ်ခုခုစွန့်ဖို့ ကြုံလာရင် လက်ခြေကို စွန့်လိုက်ပါတဲ့။
ဥပမာ -- ရောဂါတစ်ခုခုဖြစ်လို့ ဆေးရုံတက်ရတဲ့အခါ ကိုယ့်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဟာ ပျက်စီးနေတဲ့အတွက် စွန့်ဖို့ကြုံလာရင် အသက်ကိုငဲ့ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းကို စွန့်ရပါမယ်။
တတိယအဆင့်က ကိုယ်ကျင့်သိက္ခာပျက်စီးဖို့ အခွင့်ကြုံလာရင် ပစ္စည်းဥစ္စာ အင်္ဂါခြေလက် အားလုံး စွန့်လိုက်ပါ။ ကိုယ်ကျင့်သိက္ခာကိုတော့ လုံးဝမစွန့်ပါနဲ့တဲ့။ လူတွေပြောပြောနေကြတဲ့ သိက္ခာကို ရိက္ခာနဲ့မလဲဘူးဆိုတာ ဒီကလာတာပါ။
လောကကြီးမှာ မက်မောစရာအာရုံတွေက အများကြီးဆိုတော့ ကိုယ်ကျင့်သိက္ခာကိုမေ့ပြီး အာရုံနောက် လိုက်သွားမိတတ်ကြတာပါ။
ဆန်တစ်အိတ် ဆီတစ်ပုံးနဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ ပုဆိုးတစ်ထည် လုံချည်တစ်ထည်နဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ နာမည်တစ်လုံးအတွက်နဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။ ငွေတစ်ထောင် တစ်သောင်း တစ်သိန်းနဲ့လည်း ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကို လဲလိုက်ကြတာပါပဲ။
အဲဒီလိုလူမျိုးဟာ လူကမသေသေးပေမယ့် ကိုယ်ကျင့်တရားကတော့ သေသွားပါပြီ။ ကိုယ်ကျင့်တရားသေနေတဲ့ လူတစ်ယောက်ကို သူ့ရဲ့ ဝတ္တုပစ္စည်းအရှိန်တွေကြောင့် အပြင်ပန်းက ပြုံးပြဆက်ဆံနေရပေမယ့် `ရိက္ခာနဲ့ သိက္ခာလဲသူကြီး၊ ကိုယ်ကျင့်တရားသေနေသူကြီး၊ ဘုရားအလိုတိုင်းမနေတဲ့သူကြီးရယ်´ လို့ ရင်ထဲကတော့ ပြောနေကြမှာပါ။
ကိုယ်ကျင့်သိက္ခာနဲ့လဲပြီး ရတဲ့ပစ္စည်းတွေဟာ အပူစာတွေပါ။ ကိုယ့်ကံ၊ ကိုယ့်ဉာဏ်၊ ကိုယ့်ချွေး၊ ကိုယ့်သွေးနဲ့ ရင်းပြီးရတဲ့ပစ္စည်း မဟုတ်တဲ့အတွက် ငြိမ်းချမ်းတဲ့ဘဝကို ဘယ်တော့မှ မရနိုင်ပါဘူး။ တစ်မျိုးမဟုတ်တစ်မျိုး လိုအပ်ချက်တွေနဲ့ ပူလောင်နေရမှာပါ။
မြတ်စွာဘုရားက ကိုယ်ကျင့်သိက္ခာနဲ့ အသက် ယှဉ်လာရင်တောင် အသက်ကိုစွန့်ရမယ်။ ကိုယ်ကျင့်သိက္ခာကို ဘယ်တော့မှ မစွန့်ရဘူးလို့ ဟောထားတာဆိုတော့ ပစ္စည်းဝတ္တုဆိုရင် ပြောစရာတောင် မလိုတော့ပါဘူး။
ဗုဒ္ဓဘာသာမဟုတ်ပေမယ့် ဗုဒ္ဓရဲ့အဆုံးအမကို မခံယူဖူးပေမယ့် ကမ္ဘာ့ရာဇဝင်မှာ ကိုယ်ကျင့်သိက္ခာနဲ့ အသက်နဲ့ယှဉ်လာရင် အသက်ကိုပဲ စွန့်သွားကြတဲ့ သာဓကတွေ အများကြီးပါ။
ကိုယ်ကျင့်သိက္ခာနဲ့ အသက်ကို လဲသွားတဲ့လူတွေကို နောင်ကျန်ခဲ့တဲ့ မျိုးဆက်တွေက အဆင့်ဆင့်လေးစားနေရဆဲပါ။ သမိုင်းစာမျက်နှာတွေမှာလည်း လက်ဆင့်ကမ်း ကမ္ပည်းထိုးလာခဲ့ကြတာ ဒီနေ့အထိပါပဲ။
ဒီလိုပါပဲ။ ကိုယ်ကျင့်သိက္ခာကိုစွန့်ပြီး ပစ္စည်းဝတ္တုတွေနောက် လိုက်သွားတဲ့သူတွေကိုလည်း သမိုင်းစာမျက်နှာမှာ ကမ္ပည်းတင်ထားကြပါတယ်။
``သေသွားတော့လည်း သိတော့တာမှ မဟုတ်တာ၊ သမိုင်းတွေ၊ ရာဇဝင်တွေ၊ ကမ္ပည်းတွေ လာပြောမနေစမ်းပါနဲ့။ လက်ရှိပစ္စုပ္ပန်မှာပဲ ကောင်းကောင်းခံစားဖို့ပဲ အရေးကြီးတယ်´´ လို့ ပြောလာမယ်ဆိုရင်လည်း ကိုယ့်လုပ်ပိုင်ခွင့်နဲ့ ကိုယ်ပါပဲ။ ဒါပေမယ့် လုပ်ပိုင်ခွင့်ရဲ့နောက်မှာ ကိုယ်ဉာဏ်မမီတဲ့ နောက်ဆက်တွဲအရာတွေ အများကြီးရှိတယ်ဆိုတာရယ်၊ မြတ်စွာဘုရားအလိုကျ မဟုတ်ဘူးဆိုတာရယ်လေးကိုတော့ သိထားသင့်ပါတယ်။
အမြင့်ဆုံးဖြစ်တဲ့အသက်အထိ တင်ပြောနေရပေမယ့် အသက်နဲ့ ယှဉ်ပြီးဖြစ်ရတဲ့ အဆင့်အထိတော့ ဖြစ်ခဲကြပါတယ်။ အဖြစ်များနေကြတာက ပစ္စည်းဝတ္တုတွေနဲ့ ရင်ဆိုင် နေကြရတာပါ။ ပစ္စည်းဝတ္တုနဲ့တင် ကိုယ်ကျင့်သိက္ခာကို စွန့်စွန့်နေကြတော့ တကယ်တမ်း အသက်နဲ့ယှဉ်လာရင်တောင် ချစ်တဲ့အသက်ကလေးကို စောင့်ရှောက်လိုက်တော့မှာပေါ့။
ရခဲလှတဲ့ လူ့ဘဝရခိုက်လေးမှာ ရပ်တည်ချက် မှန်ကန်ဖို့ သိပ်အရေးကြီးပါတယ်။ ပစ္စည်းဝတ္တုကြောင့် ရပ်တည်ချက် ယိမ်းယိုင်ပြီး တောင်တောင်အီအီတွေပြော၊ တောင်တောင်အီအီတွေရေး၊ တောင်တောင်အီအီတွေလုပ်နေမယ်ဆိုရင် ဘဝရဲ့ ကာလတစ်ခုမှာ ဓမ္မရဲ့ဒဏ်ခတ်ခြင်းကို ခံရပါလိမ့်မယ်။ ဘာပဲပြောပြော ကိုယ့်ရဲ့ ရပ်တည်ချက်ဟာ အများအကျိုးရှိမှုကိုတော့ ရှေ့ရှုဦးတည်နေရပါမယ်။
တကယ်သေချာစဉ်းစားကြည့်ရင် ရခဲလှတဲ့ လူ့ဘဝကို ရထားတာပါ။ ရခဲတဲ့လူ့ဘဝကို ရခိုက်လေးမှာ တကယ်လုပ်ရမယ့်အလုပ်ကို လုပ်မိလိုက်ဖို့ အရေးကြီးပါတယ်။ လူတစ်ယောက်မှာ အရေးကြီးဆုံး တကယ်လုပ်ရမယ့်အလုပ်က ဝိပဿနာတရား အားထုတ်ခြင်းပါပဲ။
ဝိပဿနာတရားကို တကယ်အားထုတ်လိုက်ရင် ကိုယ်တစ်ချိန်က အထင်ကြီးခဲ့တဲ့ ပစ္စည်းဝတ္တုတွေဟာ အလကားဖြစ်သွားပါပြီ။ ပုထုဇဉ်ပီပီ ရှေ့မှာ မသိလို့ မေ့လို့ မှားခဲ့တာတွေတော့ ထားလိုက်ပါတော့။ တရားဆိုတာ နောက်ကျတယ် မရှိပါဘူး။ သိလိုက်တဲ့အချိန်ဟာ အဖိုးတန်ဆုံး အချိန်ပါ။ သိတာနဲ့ ကျင့်ပစ်လိုက်ဖို့ပါပဲ။
ဝိပဿနာတရားသာ အားထုတ်ပစ်လိုက်စမ်းပါ။ အားထုတ်ရင်းနဲ့ပဲ ကိုယ်ဘာဆက်လုပ်ရမယ်ဆိုတာ အသိဉာဏ်ထဲမှာ အလိုလိုပေါ်လာပါလိမ့်မယ်။ တကယ်တော့ သံသရာနဲ့ချီပြောရင် ကိုယ်မခံစားဖူးတဲ့ စည်းစိမ်ဆိုတာ မရှိပါဘူး။ စကြဝတေးမင်းစည်းစိမ်လည်း ခံစားဖူးတာပဲ။ ဘုရင့်စည်းစိမ်လည်း ခံစားဖူးတာပဲ။ မိဖုရားကြီးစည်းစိမ်လည်း ခံစားဖူးတာပဲ။ သူဌေးကြီးစည်းစိမ်လည်း ခံစားဖူးတာပဲ။ ဖြစ်ခဲ့တဲ့ဘဝတွေကို မမှတ်မိတော့လို့ သာပါ။
ဘာပဲပြောပြော လူ့ဘဝကို တကယ်ရထားတာပါ။ တကယ်ရထားခိုက်မှာ တကယ့်လုပ်ရမယ့် အလုပ်ကလေးကို လုပ်ဖြစ်လိုက်ဖို့ပါပဲလေ။ ။
ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် - အင်းမ)
ကျမ်းကိုး----
၁။ ရွှေကျင်နိကာယ သာသနာဝင်
ရွှေဟင်္သာဆရာတော် အရှင်ပဏ္ဍိတထေရ်။
၂။ ရွှေကျင်ဆရာတော်
ဦးမာနီတသိရီဘိဝံသ။
အလင်းတန်းဂျာနယ် (၁၅.၈.၂၀၀၅)
(အတွေးများနှင့် မိတ်ဖွဲ့ခြင်း စာအုပ်မှ)
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

No comments:

Post a Comment