လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, April 27, 2015

တရားအားထုတ်ခြင်းဟူသည်


တရားအားထုတ်ခြင်းဟူသည်
~~~~~~~~~~~~~~~~~~
တရားအားထုတ်တယ်ဆိုတာ ... လေးလံတဲ့ တိုင်ကြီး
ထမ်းသလို၊ လွှတိုက်သလို သဲသဲမဲမဲ ပင်ပင်ပန်းပန်း လုပ်ရ
လိမ့်မယ်လို့ အချို့က ထင်နေကြတယ်။ ဘုရားက ဒီလို မ
ဟောပါဘူး။ ဥပမာ ... မြင်တယ်ဆိုပါတော့။ မြင်တာကို
မမြင်, မြင်အာင် အားထုတ်ရတာ မဟုတ်ပါဘူး။ “ မြင်တယ် မြင်တယ်” လို့ သိဖို့ပဲ၊ သတိက မမေ့ဖို့ပဲ။ ကြားတာကို “ ကြားတယ် ကြားတယ်” လို့ သိဖို့ပဲ။ မကြား,ကြားအောင် အားထုတ်ရတာမျိုး မဟုတ်ပါဘူး။ ကြားတာကို သိအောင် သတိဆောင်တာကို ,သတိပြုတာကို အားထုတ်တယ်လို့ ခေါ်တယ်။
ချွေးထွက်သံယို သိပ်ပြီး လုပ်ရတာ မဟုတ်ပါဘူး။ ကြား
တာကို ကြားတယ်လို့ သိရင် ဝိဇ္ဇာဖြစ်တာပဲ။ ကြားတာကို ကြားတယ်လို့ အသိမပါရင် အဝိဇ္ဇာပဲ။ အဝိဇ္ဇာမဖြစ်ဘဲ ဝိဇ္ဇာ
ဖြစ်ဖို့ အင်မတန် အရေးကြီးတယ်။ “နံတာ၊ စားတာ၊ ထိတာ၊ သွားတာ၊ ရပ်တာ၊ ထိုင်တာ ”စသည်တွေမှာလည်း ဒီနည်း အတိုင်းပဲ။ နံရင် နံတယ်၊ စားရင် စားတယ်၊ ထိရင် ထိတယ်၊ သွားရင် သွားတယ်၊ ရပ်ရင် ရပ်တယ်၊ ထိုင်ရင် ထိုင်တယ်လို့ သိဖို့ပဲ။ နံတာကို နံတယ်လို့ သိရင် တရားဖြစ်တယ်လို့ မသိ
ကြဘူး။ မထင်ကြဘူး။ ဘုရားကတော့ တရားဖြစ်တယ်လို့ ဟောတယ်။
သတိဆိုတာက တစ်အာရုံနဲ့ တစ်အာရုံ အကူးအပြောင်း အဆက်အစပ်မှာ မေ့တတ်တာကို မမေ့အောင်၊ ထင်ရှား
အောင်၊ ပေါ်လွင်အောင် လုပ်ပေးတဲ့ သဘောတရား ဖြစ်
တယ်။
( ကျေးဇူးတော်ရှင် ကမ္ဘာအေး တောင်ပုလု ဆရာတော်
ဘုရားကြီး )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆရာတော်ဘုရားကြီးရဲ့ အဆုံးအမ သြဝါဒလေးတွေကို ဖတ်မိလိုက်တဲ့အခါ “ ဂျိုးဇက်ဂိုးစတိန်း” ပြောတဲ့ အောက်ပါ စကားလေးတွေကို တစ်ဆက်ထဲပဲ ပြန်လည် အမှတ်ရမိခဲ့ပါ
တယ်။
“ လူတိုင်းအတွက်တော့ ပထမဦးဆုံး ခြေလှမ်းဟာ ခက်ခဲ ပါတယ်။ တရားရှာမှုဟာ ရခဲတဲ့ အလုပ်တခု ဖြစ်ပါတယ်။ မည်သည့် ကနဦး ခက်ခဲမှုတွေကို မဆို သိမ်မွေ့စွာဖြင့် ကြိုးစားပြီးတော့ လုံ့လပြု ဖြတ်သန်းရပါတယ်”။
ဘယ်အလုပ်ပဲဖြစ်ဖြစ် ပထမဦးဆုံး ခြေလှမ်းကို ချဖြစ်လိုက်ဖို့၊ စဖြစ်လိုက်ဖို့ လိုပါတယ်။ ပထမဦးဆုံး ခြေလှမ်းတိုင်းမှာ မိမိ
တို့ အားလုံး ကြောက်ရွံ့ခဲ့ကြဖူးပါတယ်။ တုန်လှုပ်ခဲ့ကြဖူးပါမယ်။ ဥပမာ ... မူကြိုကျောင်းတက်ရမဲ့ ကလေးငယ်တယောက်ဟာ ပထမဦးဆုံးစပြီး ကျောင်းတက်ရမယ်ဆိုတဲ့အခါ ဒီလမ်းကို တခါမှ မလှမ်းခဲ့ဖူးတဲ့အတွက် ကြောက်ရွံ့မှုတွေ၊ ထိပ်လန့် တုန်လှုပ်မှုတွေ၊ စိုးရိမ်ပူပန်မှုတွေ များစွာနဲ့ရယ်ပါ။ နောက်
တော့လည်း ခြေလှမ်းတွေ အသားကျသွားတဲ့အခါ သူ့အတွက် ခက်ခဲမှုဆိုတာ မရှိတော့ပဲ အတန်းအသီးသီးကို အဆင့်ဆင့် ဖြတ်ကျော်ရင်း နောက်ဆုံးလို့ လောက,က သတ်မှတ်ထားတဲ့ ဘွဲ့,ဒီဂရီတွေကို ဆုပ်ကိုင်ခွင့် ရခဲ့ကြတာပါပဲ။
တရားရှာ တရားအားထုတ်တဲ့ အလုပ်ဆိုတာလည်း ဒီလိုပဲ ဖြစ်မယ် ထင်ပါတယ်။ မိမိတို့ အားလုံးအတွက် တရားအား ထုတ်ရတဲ့အလုပ်ဆိုတာ ဆရာတော်ကြီး မိန့်တော်မူခဲ့သလိုပဲ လေးလံတဲ့တိုင်ကြီး ထမ်းသလို၊ လွှတိုက်သလို ပင်ပင်ပန်းပန်း လုပ်ရလိမ့်မယ်လို့ ထင်ခဲ့ကြတာပါ။ ဝိပဿနာဆိုတဲ့ စကားလုံး, ရိပ်သာဆိုတဲ့ စကားလုံးတွေကိုပဲ ကြားရတာနဲ့တင် အရှိန်နဲ့ လန့်နေခဲ့ကြတာပါ။ ကြောက်နေခဲ့ကြတာပါ။ အဲဒါကြောင့်ပဲ ပထမဦးဆုံးခြေလှမ်းတွေကို ချဖို့, စဖို့ တွန့်ဆုတ်နေခဲ့ကြတာပါ။ တကယ်တမ်းက မခက်ခဲဘူးဆိုတာကို ဘုရားရှင်နဲ့တကွ သူ
တော်ကောင်းတွေ ညွှန်ပြခဲ့တဲ့ လမ်းအတိုင်း လှမ်းကြည့် လိုက်ရင် သိရမှာပါ။ မူကြိုကျောင်းသားငယ်တယောက်ရဲ့ ပထမဦးဆုံး ခြေလှမ်းတွေလိုမျိုး အခက်အခဲဆိုတာကတော့ ရှိနေမှာပါပဲ။ နောက်တော့လည်း ဒီခြေလှမ်းတွေကြားမှာ တဖြည်းဖြည်း အသားကျ ပျော်မွေ့ပြီး နောက်ဆုံးတော့လည်း သတ်မှတ်ထားတဲ့ အဆင့်တွေကို ဖြတ်ကျော်ပြီး မဂ်,ဖိုလ် ဒီဂရီတွေကို ဆုပ်ကိုင်ခွင့် ရခဲ့ကြမှာပါ။
တရားရှာမှုဆိုတာ ရခဲ့တဲ့ အလုပ်ဖြစ်လို့ အများပြော အများ
ဟောနဲ့ပဲ လမ်းမဆုံးစေဘဲ ခန္ဓာကဟော သဘာဝက ပြောတဲ့ “ တရားရှာ ကိုယ်မှာတွေ့” ဆိုတဲ့ စကားလေးတွေကိုလဲ ကိုယ်တိုင်
ပြုလုပ် အားထုတ်ပြီး နာကြားစေချင်ပါတယ်။ အဲဒီအခါ တရား အားထုတ်ခြင်းက ပေးစွမ်းတဲ့ စစ်မှန်တဲ့ ကိုယ်,စိတ်နှစ်ပါး အေး ချမ်းမှု၊ စိတ်နေ စိတ်ထားတွေ တည်ကြည်လာမှု၊ လောကဓံ
တွေကို ခံနိုင်ရည် ရှိလာမှု၊ မတုန်မလှုပ် ရင်ဆိုင်လာနိုင်မှု စတဲ့ အကျိုးတရားတွေကို အမှန်တကယ် လက်တွေ့အနေနဲ့ အများပြောနဲ့ မဟုတ်ပဲ တရားသဘောနဲ့ ခံစားရပါလိမ့်မယ်။ သူများဟောလို့ မဟုတ်ဘဲ ခန္ဓာက ပြောလို့ သိရပါလိမ့်မယ်။
တရားအားထုတ်တယ်ဆိုတာ ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ ပေါ်လာသမျှ အာရုံလေးတွေကို သတိနဲ့ သိပေးနေဖို့ပါပဲ။ ပေါ်လာသမျှ အာရုံလေးတွေကို သတိနဲ့ ကြည့်ပေးနေဖို့ပါပဲ။ မြင်ရင် မြင်တယ်၊ ကြားရင် ကြားတယ်၊ စားရင် စားတယ် ၊ ထိုင်ရင် ထိုင်တယ် စသည်အားဖြင့် သိသိပေးနေဖို့ပါပဲ။ ကြည့်ကြည့် ပေးနေဖို့ပါပဲ။ အဲဒါ .............
“တရားအားထုတ်ခြင်းပါပဲ ”.....။
မေတ္တာများစွာဖြင့် ~ ချမ်းမြေ့သာ အရှင်ဇောတိက

No comments:

Post a Comment