လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, September 23, 2017

ဆာဒူးကြီး ဥပမာပေးတရားတော် ယောဂီတို့တွေ အောက်ခြေလူ့ဘဝကေ

ဆာဒူးကြီး ဥပမာပေးတရားတော်
ယောဂီတို့တွေ အောက်ခြေလူ့ဘဝကနေ တရားတွေထိုင်လာရင်းနဲ့ တရားကိုမက်လာကြတယ်။ ရုပ်ဝေဒနာပေါ်မှာ ချုပ်ခဲ့ကြတယ်။ လူတိုင်းက ဝေဒနာချုပ်ချင်ကြတာပါပဲ။ ဒီညောင်းတယ်၊ ညာတယ်ဆိုတဲ့ ဝေဒနာ ချုပ်တာဟာ တကယ့်ဝေဒနာချုပ်တာ မဟုတ်ပါဘူး။ အဲ့ဒါလေးကို နားလည်စေချင်ပါတယ်။ လူသစ်စခန်းမှာ
တင်းတယ်၊ တောင့်တယ်၊ ညောင်းတယ်၊ ညာတယ် ကိုဈာန်နဲ့ ချုပ်အောင်ပြခဲ့ရတယ်။ ချုပ်သွားတော့ တချို့ဘဝင်ရောက်တဲ့သူတွေ ရောက်ကြတယ်။ ဘဝင်တွေပြုတ်ပြီး တချို့လွတ်နေကြတယ်။ ဒါဝေဒနာချုပ်တယ်ပေါ့ ဝေဒနာပေါ်မှာသည်းခံနိုင်တဲ့ သမာဓိတော့ရတယ် ဒါတွေကအောက်ခြေအခြေခံအပိုင်းတွေပဲ ရှိသေးတာပါ။
ဘုရားအလိုကျဝေဒနာချုပ်တယ် မဂ်လမ်းဖိုလ်လမ်းသွားတဲ့ ဝေဒနာချုပ်ကြတော့ ဒါမျိုးမဟုတ်ပါဘူး။ မြတ်စွာဘုရားက ဟောထားတဲ့ ဝေဒနာချုပ်က တကယ့်ဝေဒနာအစစ်ကို သွားမယ့်မဂ်လမ်းကိုသွားမယ့်လမ်းပါ။ အခုယောဂီတွေက တင်းတယ်တောင့်တယ်ပေါ်မှာ လွတ်နေကြတယ် ချုပ်ပြီးနေကြတယ်။ ချုပ်တဲ့ပေါ်မှာ မျောပြီးနေနေတယ်။ ဝေဒနာပေါ်မှာသိတယ် သည်းခံနိုင်ပြီးတော့ ဝေဒနာနဲ့ အသိကပ်ပြီးတော့ နေတဲ့ပုဂ္ဂိုလ်တွေ ဒါပဲရှိပါတယ်။ ဒါတွေဟာရုပ်ဝေဒနာတွေပေါ်မှာလိုက်နေကြတာပါ။ ဒီအတိုင်းဆက်တိုက်လိုက်မယ်ဆိုရင် နှစ်နာရီလည်းထိုင်နိုင်ပါတယ် သုံးနာရီလေးနာရီလည်း ထိုင်နိုင်ပါတယ်။
တကယ်တမ်းကြတော့ဝိပဿနာဆိုတာ အကြာကြီးထိုင်နိုင်ဖို့မဟုတ်ပါဘူး။ ဘုန်းဘုန်းလဲ လေးနာရီစခန်းတွေမအိပ်တန်းပြခဲ့တာပါပဲ။ ဘာလဲဆိုတော့ ဒီစိတ်တလုံးကို ဝေဒနာပေါ်ကကျော်သွားအောင် ဒီနာမ်ခံစားတဲ့သဘောဝေဒနာကို ကျော်သွားအောင် ဘုန်းဘုန်းတို့ ရည်ရွယ်ပြီးပြတဲ့နည်းပါ။ တရားတွေကို နာရီရှည်ထိုင်နိုင်အောင်ရည်ရွယ်ပြီးပြတာ မဟုတ်ပါဘူး။ ငါ လေး၊ ငါးနာရီထိုင်နိုင်ရင် ငါ လေးနာရီ ငါးနာရီ ထိုင်နိုင်တယ်ဆိုတဲ့ မာန်တွေပါပါတယ်။ တရားတစ်နာရီကျင့်လို့ ဥာဏ်ပေါက်သွားရင်လည်း တရားရတာပါပဲ။ လေးနာရီငါးနာရီဆက်တိုက်ထိုင်ပြီး ဘာမှသဘောမပေါက်ပဲ ဒေနာကိုသည်းခံပြီးတော့ ပေခံ၊ တောင့်ခံ၊ တင်းခံ၊ သည်းခံပြီးလိုက်တယ် နောက်ဝေဒနာချုပ်သွားတယ်။ အဲ့ဒီလိုနဲ့ဝေဒနာမှာ အထိုင်များလာတော့ အလေ့အကျင့်ရလာတယ် ဒါကလေ့ကျင့်ရင်ရပါတယ်။
ဘုန်းဘုန်းတပည့်တွေထဲမှာ နာရီရှည်ကြီးတွေ ထိုင်ထားကျင့်ထားတဲ့ ရုပ်ဝေဒနာချုပ်ထားတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိပါတယ်။ သူတို့ကို မေးကြည့်ပါ။ အဲလိုနာရီအရှည်ကြီးတွေထိုင်ခဲ့တာ လောဘ ဒေါသ မောဟတွေ သေလားလို့။ မသေပါဘူး။ သူတို့လည်း လောဘနဲ့တွေ့ရင် လောဘထွက်တယ် ရာဂနဲ့တွေ့ရင်ရာဂစိတ်တွေထွက်တယ် ဒီစိတ်တွေပေါ်နေတာ ကိုယ့်စိတ်ကိုကိုယ်ပဲသိတယ်။ ဒေါသဖြစ်စရာနဲ့တွေ့ရင် ဒေါသဖြစ်တယ်။ လောဘနဲ့တွေ့ရင် လောဘဖြစ်မယ်။ ရာဂဖြစ်စရာပေါ်ရင်ရာဂစိတ်ဖြစ်မယ်။ နာရီရှည်ထိုင်ထားတဲ့ပုဂ္ဂိုလ်တွေဒီစိတ်တွေမသေနိုင်သေးတာက ဘုရားဟောထားတဲ့တရားဘက်ကိုနည်းလမ်း မကျသေးလို့ တကယ့်ဝေဒနာကို မသိသေးလို့မချုပ်သေးလို့ဖြစ်ပါတယ်။
ဓာတ်ကြီးလေးပါးဝေဒနာကို ယောဂီတို့ဘယ်လိုရှုခဲ့ကြလဲ...
တင်းတယ်တောင့်တယ်ညောင်းတယ်ညာတယ်က ဓာတ်ကြီးလေးပါးရုပ်ပဲ။ ဒီဓာတ်ကြီးလေးပါးကိုခွာပြီးသွားရတာ။ ဘုရားကလည်းဟောထားတယ် ပထဝီဓာတ်ဖြစ်ပြီး ပျက်သွားတဲ့အထိ ရှု့ပါ။ တေဇောဓာတ်ပေါ်လာတယ် ဖြစ်ပီးပျက်သွားတာတဲ့အထိ ရှု့ပါ။ ယိုစီးကျလာတဲ့ခန္ဓာကြီးရဲ့အာပေါဓာတ်ဖြစ်ပြီးပျက်တဲ့အထိ ရှု့ပါ။ ဝါယောဓာတ်ရဲ့ ဖြစ်ပြီးပျက်သွားအထိ ရှု့ပါ။ ဆုံးအောင်ရှု့ပါ။ အနိစ္စ...ဖြစ်ပြီးပျက်သွားသည်အထိကိုရှု့ပါ။ ဘယ်လိုရှု့ရမလဲဆိုတော့ ဈာန်နဲ့ ရှု့ရမယ် ။အာနာပါန ဈာန်နဲ့ရှု့ရမယ်တဲ့။ ဒီအတိုင်းကြီးဓာတ်ဝေဒနာကို သွားခံနေလို့ကတော့ မရပါဘူး။ အာနာပါနဈာန်နဲ့ ရှု့မှ ဒီဓာတ်ဝေဒနာကို ဆုံးအောင်လိုက်လို့ရတယ်။ အဲ့ဒီလိုဆုံးအောင် လိုက်နိုင်ရင် မှားပြီးစွဲထားတဲ့ အစွဲကြီးကပါယ်သွားမယ်လို့ ဟောထားခဲ့ပါတယ်။
အခုလာတဲ့ယောဂီတွေက ဒါတော့အကုန်ရခဲ့တာပါပဲ။ ဓာတ်ကြီးလေးပါးပေါ်ကဝေဒနာတွေ အကုန်ချုပ်ခဲ့တာပါပဲ။ ဓာတ်တလုံးကိုတော့ ပေါက်အောင်ရှု့ခဲ့ပြီးပြီ။ဒါကို ဝေဒနာလွတ်တယ်လို့ထင်ကြတယ် မဟုတ်ပါဘူး။ ထိုင်စမ်းပါ နှစ်ဆယ့်လေးနာရီမကလို့ တစ်လတိတိထိုင်နေ ဒီဝေဒနာမလွတ်ပါဘူး။ လောဘ၊ ဒေါသ၊ မောဟ တွေ မသေပါဘူး။ အဲဒီ လောဘ၊ ဒေါသ၊ မောဟ သေတဲ့လမ်းရှိတယ်။ သူ့ကိုသတ်တဲ့လမ်းက တစ်လမ်း။
အခုအထိကရုပ်ဝေဒနာပေါ်က စိတ်တွေငြိမ်းချမ်းလာတယ်အေးငြိမ်းလာတယ် တခါမှမဖြစ်ဖူးတဲ့ စိတ်တွေအခုဖြစ်လာတယ် မလွတ်ဖူးတဲ့စိတ်တွေ လွတ်လာတယ်။ မချမ်းသာဖူးတဲ့စိတ်တွေ ချမ်းသာလာတယ်။ အဲ့ဒါကို တရားဆိုပြီးမက်နေကြတယ်။ ဒါဘုန်းဘုန်းလည်းမက်ခဲ့တာပါပဲ။ အဲ့ဒီလိုချမ်းသာပြီးနေပေမယ့်လဲ အတိုက်နဲ့တွေ့ တဲ့အခါ ပေါ်စရာရှိတဲ့ လောဘဒေါသ မောဟစိတ်တွေက ပေါ်လာတာပါပဲ။ ဒါပေမယ့်သတိတော့ပါတာပေါ့လေ ဒါပေမယ့် သတ်တော့မသတ်တတ်သေးဘူး၊ သတ်တဲ့လမ်းမှ မရောက်သေးပဲ။
သမာဓိတွေ သိပ်အားကောင်းသွားရင်လဲ လောဘ ဒေါသ မောဟ ဘာမှမရှိတော့ဘူး။ သမာဓိသိပ်ကောင်းတဲ့ပုဂ္ဂိုလ်က တည်နေတာပဲ။ အဲ့ဒီသမာဓိကလည်း မဂ်နဲ့သိပ်တူတယ်။ သမာဓိက မဂ်ယောင်ဆောင်တတ်တယ်။ ကြည့်လေ လောဘ၊ ဒေါသ၊ မောဟ ဘာမှမရှိပဲငြိမ်နေတာပဲ။ ဘာပဲကြားကြား သူ့ဟာသူ တည်နေတာပဲ။ သမာဓိကြီး တည်နေတာခေါ်တယ်။ အလကားနေ တည်နေတာပဲ။ လူတွေရှေ့မှာရော၊ သူ့တစ်ယောက်တည်းရော တည်နေတာပဲ။ လောကီထဲနေလည်း တည်နေတာပဲ။ လူတွေ့နဲ့လဲ စကားသိပ်မပြောဘူး။ အဲ့ဒါသမာဓိလွန်နေတာ သမာဓိတည်တော့ လောဘ၊ ဒေါသ၊ မောဟရာဂငြိမ်းတယ်။ တကယ်ငြိမ်းပါတယ်။ ဘုန်းဘုန်းတို့လည်း မက်ခဲ့တာပါပဲ။ ဒါပေမယ့် အဲ့ဒီသမာဓိကျဲသွားရင်တော့ လောဘ ဒေါသ မောဟ ရာဂ စိတ်တွေက ထပေါ်တာပါပဲ။ အဲ့ဒီတော့မဟုတ်သေးပါဘူး။ ဒီလမ်းက သမာဓိတည်ရင်လွတ်တယ်။ သမာဓိပျက်သွားရင် မလွတ်တော့ပြန်ဘူး။ အဲ့ဒီတော့ ဒီလမ်းလဲ မဟုတ်ဘူးဆိုတာသိတယ်။ ဘယ်လမ်းလိုက်ရမှန်းလဲ မသိကြဘူး။
ဘုန်းဘုန်းတို့လည်းကြုံခဲ့ရပါတယ်။ အခုယောဂီတွေလည်း လည်နေတာပေါ့။ အခုယောဂီတို့က တင်းတာ၊ တောင့်တာကို ဝေဒနာထင်ပြီး ဇွတ်ရှု့နေကြတယ်။ အဲ့ဒီတော့လည်တာပေါ့။ ဥာဏ်မှမပါပဲ။ အဲ့ဒီလို ထိုင်လို့ကတော့ ထိုင်စမ်းပါ။ ဘယ်လောက်ကြာကြာထိုင်ထိုင် ဒီလောဘ ဒေါသ မောဟ ရာဂဆိုတဲ့ စိတ်တွေမသေပါဘူး။ ဒါကိုကုလားပုံပြင်လေးတစ်ခုနဲ့ ဥပမာပေးပြီး ယောဂီတို့မြင်အောင် ဘုန်းဘုန်းဟောပြပေးမယ်။
တစ်ခါကယောဂကျင့်စဉ်ကျင့်တဲ့ဆာဒူးကြီးတစ်ယောက်ရှိတယ်။ မဖြုတ်မလှုပ်မထတမ်းကျင့်တော့ ကာလကြာလာတော့ ပေါင်ကြားထဲကနေ မြက်ပင်တွေထွက်လာပြီး ကိုယ်ပေါ်အထိ မြက်ပင်တွေက ရောက်လာခဲ့တယ်။ ဆံပင်တွေ မုတ်ဆိတ်တွေ နှုတ်ခမ်းမွေးတွေလည်းရှည်လာပြီး အမွေးပုံကြီးလို့ပဲ မြင်ရတော့တဲ့အထိ ကျင့်နေလိုက်တာ သူ့မုတ်ဆိတ်ထဲကိုဝင်ပြီးစာကလေးတွေကဥဥ အသိုက်ဖွဲ့ပြီး ဝင်လိုက်ထွက်လိုက်နဲ့ နေနေကြတယ်ပေါ့။
ကာလရှည်ကြာလာတော့ ငှက်မိသားစုတွေသာ ပြောင်းသွားတယ် ဆာဒူးကြီးကတော့ ဒီအတိုင်းပဲ ထိုင်နေတာပေါ့။ အဲ့ဒီလိုထိုင်နေရင်း စာကလေးတွေနဲ့ နေရင်းနဲ့ကြာလာတော့ နေ့တိုင်းကြားရဖန်များလာတော့ ဆာဒူးကြီးက စာကလေးတွေပြောတဲ့ မာဂဓဘာသာစကား နားလည်လာတယ်။ တနေ့မှာ မိုးတွင်းကာလရောက်တော့ မိုးတွေရွာတဲ့ညနေစောင်းမှာ အသိုက်မှာနေတဲ့ စာနှစ်ကောင်ထဲက တစ်ကောင်တည်းပြန်လာတာဆာဒူးကြီးကသိလိုက်တယ်။ အထီးလား၊ အမလားဘယ်တစ်ကောင်လဲဆိုတာ ဆာဒူးကြီးက အကဲခပ်နေတယ်။ ခါတိုင်းဆို အတူသွား အတူပြန်နေကြကိုဘယ်တကောင်ကျန်ခဲ့ပါလိမ့်ပေါ့။ အဲ့ဒီအချိန်မှာပဲ ဟိုစာဖိုက ပြန်မလာသေးဘူး။ ငါကတော့ပြန်ရောက်ပြီ၊ သူကပြန်မလာသေးဘူးပြီးလို့ စာမကအသိုက်ထဲမှာ ဒေါသတွေဖြစ်နေတယ်။ ဆာဒူးကြီးက သြော်... ဒါစာမပဲ သူ့ စာထီးပြန်မလာလို့ ဒေါသဖြစ်နေတယ်ဆိုပြီးတော့ ဆက်နားထောင်နေတယ်။
အမြဲအတူစား အတူသွား အတူလာနေကြဟာကို မိုးစိုမှာစိုးလို့ မြန်မြန်ပြန်လာပါလို့ ပြောထားတဲ့ဟာကို အခုထိ မလာပုံထောက်ရင် နောက်စာမနဲ့ ပျော်ပါးနေတာပဲ ဖြစ်မယ်ဆိုပြီးတော့ စာမကဒေါသတွေဖြစ်ပြီးခုန်လိုက်ပေါက်လိုက်နဲ့ မအိပ်ဘူးတဲ့ ဆာဒူးကြီးကလဲ နားထောင်နေတယ်။ သြော်... ဒီစာကြည့်စမ်း ဒေါသစိတ်တွေဖြစ်ပြီး မအိပ်နိုင်ဘူး။ တခုန်ခုန် တရွရွနဲ့ပါလားလို့ တရားအားထုတ်ရင်းနဲ့ ကြည့်နေတယ်။ သြော်... သူ့မှာတော်တော်ဒေါသဖြစ်နေရှာပါလားပေါ့။ စာမကလည်း အေးပြန်လာရင် နှုတ်သီးနဲ့ ဆွဲနှုတ်မယ်နဲ့ပေါ့။ တညလုံးစာထီးက ပြန်မလာဘူး။
မနက်လဲလင်းရော ဝူး ခနဲ စာထီးကဝင်လာတာကို ဆာဒူးကြီးက သိလိုက်တယ်။ အထီးကတော့ဝင်လာပြီ ဘာဖြစ်မလဲပေါ့ဆိုပြီး ဆာဒူးကြီးက စောင့်ကြည့်နေတယ်။ အဲ့ဒီမှာရန်ဖြစ်ကြတော့တာပေါ့။ အဲဒါနဲ့ စာမက စာထီးကို အတူတူပြန်လာကြတာ တော်ကပါမလာပဲဘယ်မှာနေကျန်ခဲ့လဲ။ ညကဘယ်သူနဲ့ပေါင်းသင်းနေသလဲဆိုပြီးတော့ စာမကစွပ်စွဲတာပေါ့။ စာထီးကလည်းမဟုတ်ရပါဘူး။ မင်းကအရင်သွားနှင့်တော့ ငါကနောက်ကလိုက်ခဲ့မလို့လုပ်တုန်း အဲအချိန်မှာ မိုးရွာလို့ သစ်ပင်ပေါ်မှာ တညလုံး မိုးခိုနေခဲ့ရတာပါ။ စာထီး ဘယ်လိုရှင်းပြရှင်းပြ စာမကလက်မခံဘူး။ တခြားစာမနဲ့ဖောက်ပြန်တယ်ပဲထင်နေတယ်။ နောက်ဆုံးဘယ်လိုမှရှင်းပြလို့မရတဲ့အဆုံး မယုံရင်လည်း ကျိန်ပြမယ်ဆိုပြီး စာထီးက ကျိန်သတဲ့။ ဘာများကျိန်မလဲပြီး ဆာဒူးကြီးကလည်းနားထောင်နေတယ်။
အဲ့ဒီမှာ စာထီးက ကျုပ်သည် ဤစာမမှလွဲ၍ မည်သည့်စာမကိုမှ နှစ်သက်ခြင်း သာယာခြင်းမရှိခဲ့ပါ။ ဤစာမကိုသာ နှစ်သက်စွဲလမ်းပြီး ဇနီးမယားအဖြစ်ပေါင်းသင်း နေခဲ့ပါတယ်။ ဒီ့ပြင်စာမနဲ့လည်း မဖောက်ပြန်ခဲ့ပါ။ ဤသစ္စာစကား မမှန်ကန်ပါက ယခုဆာဒူးကြီး ဝဋ်ခံရသလို ခံရပါစေသားလို့လဲဆိုရော ဆာဒူးကြီးက ဒေါသထွက်ပြီး သူ့မုတ်ဆိတ်မွေးထဲမှာ အသိုက်လုပ်ပြီး နေနေတဲ့ စာနှစ်ကောင်လုံးကို လက်နဲ့ညှစ်သတ်လိုက်တယ်တဲ့။
ဒီလောက်မထတမ်းထိုင်ပြီး တရားကျင့်တဲ့ပုဂ္ဂိုလ်တောင် သူ့ကိုလဲထိလာရော ဒေါသထွက်ပါလေရော။ အဲ့ဒီလိုပဲ ဘယ်လောက်ပဲထိုင်ထိုင် အကြောင်းငြိမ်းတဲ့ တရားကို မိမိတို့ဥာဏ်နဲ့ မမြင်သ၍တော့ ကိုယ့်လာထိလို့ကတော့ အတိုက်ဓာတ်နဲ့ ကြုံလာလို့ကတော့ လောဘ၊ ဒေါသ၊ မောဟ၊ ရာဂဆိုတဲ့ ကိလေသာမီးတွေ ပေါ်နေဦးမှာပါပဲ ယောဂီတို့။ အဲဒီတော့ ဗုဒ္ဓဘုရားအလိုအရ လမ်းကြောင်းမှန်ကန်စွာဖြင့် အကြောင်းသတ်တဲ့တရားကို ဉာဏ်မြင်ဉာဏ်သိ၊ ပညာမြင်ပညာသိ တဲ့အထိ ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေ။
ဓမ္မဒါနဖြင့်
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
သာသနာပြုအဖွဲ့ (စင်္ကာပူ)

No comments:

Post a Comment