လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, September 21, 2017

ဝိနည်း​တော်​ နဲ့ အညီ ပူ​ဇော်​ ဆက်​ကပ်​နည်း

ဝိနည်း​တော်​ နဲ့ အညီ ပူ​ဇော်​ ဆက်​ကပ်​နည်း
********************************
U Aung Myint added 17 new photos.
📚📚ဓမ္မအသိ ဓမ္မအမြင်📚📚
🎓No.(34)🎓
🌞ဝိနည်းနှင့်အညီ လှူတတ်ပါစေ
***********************
🌞ပညာဆိုတာ
သိသင့်သိအပ်သည်တို့ကို သိရှိခြင်းပင်ဖြစ်ပါသည်။
သိသင့်သိအပ်သောအသိကို
အခြေမခံဘဲ
ဒါနမှုပြုလျှင် ထိုဒါနမှာ
အမြတ်စားဒါန မဖြစ်နိုင်ပါ။
ထို့အတူ
သိသင့်သိအပ်သောအသိကို
အခြေမခံဘဲ
သီလဆောက်တည်လျှင်လည်း အမြတ်စားသီလမဖြစ်နိုင်ပါ။
ဘာဝနာအားထုတ်ရာတွင်လည်း
ထို့အတူပင်ဖြစ်ပါသည်။
🌞ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားရှင်အား
ဆီမီး၊ရေချမ်း၊ပန်း
ဆက်ကပ်လှူဒါန်းလေ့ရှိပါသည်။
ဆွမ်းဘောဇဉ်ခဲဖွယ်ချိုချဉ်
အသီးအနှံတို့ကိုလည်း
ကပ်လှူလေ့ရှိပါသည်။
ထိုသို့ဆက်ကပ်လှူဒါန်းရာ၌
ရဟန်းတော်များကို
ဝိနည်းနှင့်အညီ
ဆက်ကပ်လှူဒါန်းသကဲ့သို့ ဆက်ကပ်လှူဒါန်းသင့်ပါသည်။
🌞အချို့သူများက
ဘုရားကျောင်းဆောင်တွင်
ဘုရားရှင်အား
သစ်သီးများကို အလုံးလိုက်
နေ့ညဥ့်မရွေး ဆက်ကပ်
လှူဒါန်းထားလေ့ရှိပါသည်။
အမြင်ပသာဒလှပရေးကိုသာ
ဦးစားပေးပြီး မိမိ၏လှူဒါန်းမှု
သည် ဝိနည်းနှင့်လျှော်ညီခြင်းရှိ၊
မရှိကို အနည်းငယ်မျှပင်
စဉ်းစားမှုမပြုကြ။
🌞အချို့ကလည်း
သာသနာပွဲဟုဆိုကာ အုန်းသီး၊
ငှက်ပျောသီးစိမ်းများကို
ဘုရားရှင်အား ထာဝစဉ်
ဆက်ကပ်ထားလေ့ရှိ၏ ။
တချို့က မုန့်များကို
အထုပ်လိုက် ဆက်ကပ်တတ်ပြီး
အချို့က အချိုရည်
ပုလင်းများကို ပုလင်းမဖွင့်ဘဲ
ဆက်ကပ်ထားလေ့ရှိ၏ ။
🌞ဤသည်မှာ
ဆွမ်းခဲဖွယ်ဘောဇဉ်ဆိုင်ရာ
ဝိနည်းကို နားမလည်ရုံမျှမက
ဘုရားရှင်ကို
သက်ရှိထင်ရှားသဘောထားပြီး
ကိုးကွယ်မှုမပြုတတ်သော
ကြောင့် ဖြစ်ပါ၏ ။
ဥပမာအားဖြင့် မိမိ၏နေအိမ်သို့
သံဃာတော်များအား ပင့်ဖိတ်၍
ဆွမ်းခဲဖွယ်လှူဒါန်းမည်ဆိုလျှင်
သစ်တော်သီး၊ ပန်းသီး စသည်
တို့ကို မခွဲခြမ်းမစိတ်ဖြာဘဲ အလုံးလိုက်ဆက်ကပ်မည်လော။
အချိုရည်ပုလင်းကို
ဘူးအဖုံးမဖွင့်ဘဲ
ဆက်ကပ်မည်လော။
မုန့်အထုပ်ကို မဖွင့်ဖောက်ဘဲ
အထုပ်လိုက်
ဆက်ကပ်မည်လော။
🌞မိမိတို့ကိုးကွယ်ရာ
သံဃာတော်
အရှင်မြတ်ကိုပင်လျှင် ထိုသို့ဆက်ကပ်လှူဒါန်း၍
မဖြစ်နိုင်ပါလျက်
ဘုရားရှင်ကို
သစ်သီးအလုံးလိုက်၊
ဖျော်ရည် ပုလင်းလိုက်၊
မုန့်အထုပ်လိုက်
ဆက်ကပ်ထားခြင်းမှာ ဖြစ်သင့်ဖြစ်ထိုက်ပါ၏လော။
ဒါကြောင့်
ဖျော်ရည်ကပ်မည်ဆိုလျှင်
ဖျော်ရည်ပုလင်းကိုဖောက်၍
ဖန်ခွက်ဖြင့် ထည့်၍
ကပ်သင့်ပါသည်။
ရဟန်းတော်များပင်လျှင်
မဖောက်ဘဲ ပုလင်းကိုကပ်လျှင် မဘုဉ်းပေးကြပါ။
ဘုရားရှင်ကား ပိုမိုဣနြေ္ဒကြီးသူ
ဖြစ်တော်မူရကား
မည်သည့်နည်းနှင့်မျှ ပုလင်းလိုက် ဘုဉ်းပေးမည်မဟုတ်ပါ။
🌞သစ်သီးများကိုလည်း
အခွံနွှာခွဲစိတ်ပြီးမှသာ
ကပ်သင့်၏ ။
အဘယ်ကြောင့်ဆိုသော်
ဘုရားရှင်သည်
ရဟန်းတော်များအား
ထမင်းကို လုံးဆုပ်၍
မစားသောက်ရဟု
ပညတ်ထား၏ ။
ထို့ကြောင့်
ဝိနည်းဂရုထားသော
ရဟန်းတော်များပင်
စားဖွယ်ရာများကို
ကိုက်ဖြတ်ဘုဉ်းပေးမှု
မပြုကြပေ။
ဆရာသခင်ဘုရားရှင်ကား
မည်သည့်နည်းနှင့်မျှ
အလုံးလိုက်ကပ်ထားသော
သစ်သီးများကို ကိုယ်တော်တိုင်
ခွဲစိတ်ဘုဉ်းပေးလိမ့်မည်
မဟုတ်ပေ။
🌞ထို့အပြင်
အချို့အသီးအနှံများကို
လူသာမဏေတို့ ကပ္ပိပေးမှ
စားရသည်လည်း ရှိသေး၏ ။
ထို့ကြောင့်
သစ်သီးဆိုလျှင် ခွဲစိတ်၍၊
မုန့်ထုပ်ဆိုလျှင် ဖောက်ပြီး ပန်းကန်ထဲထည့်လျက်သာ
ကပ်သင့်ပေသည်။
အလုံးလိုက်၊
အထုပ်လိုက်ကပ်ခြင်းကား
လူမြင်ကောင်းရုံ
မရိုမသေပြုခြင်းသာ
ဖြစ်ပေသည်။
🌞ထို့ပြင် ရဟန်းတော်တို့အား
နေမွန်းလွဲပြီးနောက်ပိုင်း၌
လူတို့စားသောက်သော
စားဖွယ်ရာများကို လက်ဖြင့်
မကိုင်တွယ်မသုံးသပ်ရဟု ပညတ်ထားသောကြောင့်
ညဘက်၌ သစ်သီးစသော
စားဖွယ်ရာများ
တင်ထားသည်မှာ
လုံးဝ မသင့်လျော်ပါပေ။
🌞တချို့ကပြောကြတယ်,
ဒူးရင်းသီးကိုဆွမ်းတော်
မကပ်ကောင်းဘူးတဲ့။ ရုပ်ဆိုးတတ်တယ်လို့ပြော
ကြတယ်။
ဒူးရင်းသီးက
ဆူးတွေဗလပွနဲ့မလှလို့
ဒူးရင်းသီးလို ရုပ်ဆိုးလိမ့်မယ်,
အနံ့ဆိုးလို့ ခန္ဓာကိုယ်ကနေ
မကောင်းတဲ့အနံ့
ထွက်လိမ့်မယ်လို့
့ပြောကြတာဟာ
နားလည်မှုလွဲတာပါ။
နောက်ပြောင်တဲ့စကားကနေ
အတည်ဖြစ်သွားတာဖြစ်မှာပါ။ဆွမ်းတော်ကပ်ကောင်းပါတယ်။
သူလည်း အသီးတစ်မျိုးဘဲလေ။
ကိုယ်ဝန်ဆောင်တွေ
ငှက်ပျောသီးနှစ်လုံးပူးစာတာနဲ့
အမြွာပူးမွေးတာ
ဘာမှမဆိုင်သလိုပေါ့။
မြန်မာလူမျိုးတွေဟာ
ဒီလိုအယူအဆ အမှားတွေ နားလည်လက္ခံထားတာ
အတော်များများရှိတယ်။
🌞ဒူးရင်းသီးကို
မမှည့်ခင် အလုံးလိုက် ဘုရားရှေ့မှာကပ်ထားပြီး
မှည့်လောက်ပြီဆိုမှ
ဘုရားစင်ကနေ စွန့်ပြီး
စားတာမျိုးတော့မလုပ်ပါနဲ့။
အလုံးလိုက်စားလို့မရတဲ့
အသီးတွေကို အလုံးလိုက်
မကပ်သင့်ဘူး။
ဥပမာ,
ပိန္နဲသီး,ဖရဲသီး,ကျွဲကောသီး,
မာလကာသီး,နာနတ်သီး စတဲ့
အသီးတွေပေါ့။
သေသေချာချာအခွံခွာ,ရေဆေး
ခွဲခြမ်းစိတ်ဖြာပြီးမှ
လှလှပပပြင်ဆင်ပြီး
ကပ်သင့်ပါတယ်။
🌞ဇီးချိုသီး,စတော်ဘယ်ရီသီးလို
သေးတဲ့အသီးတွေကိုတော့
အလုံးလိုက် ကပ်လို့ရပါတယ်။
စပျစ်သီးကိုလည်း
အပြွတ်လိုက်မကပ်ဘဲ
ခြွေပြီးမှ ကပ်သင့်ပါတယ်။
🌞တချို့ကျတော့ ဈေးကနေ
ငှက်ပျောသီး, သင်္ဘောသီး,
နာနတ်သီးအစိမ်းတွေ
ဝယ်လာပြီး အိမ်ရောက်တော့
ဘုရားတင်တယ်။
နောက်တစ်ရက်, နှစ်ရက်
မှည့်တော့ စွန့်ပြီးစားတယ်။
ကောင်းလိုက်တဲ့အစီအစဉ်။
ဘုရားကျတော့
အစိမ်းစားဖို့ကပ်တယ်။
ကိုယ်ကျတော့အမှည့်စားတယ်။
ဘုရားစင်မှာ သစ်သီးအုပ်သလို
ဖြစ်နေပြီ။
အဲ့ဒီလို မလုပ်ကြပါနဲ့။
မြတ်စွာဘုရားရှင်ရဲ့ ပုံတော်ကို
ဂုဏ်တော်တင်ပြီး, သက်ရှိထင်ရှား
တကယ့်ဘုရားရှင်ကို
ဆွမ်းကပ်သလိုမျိုး အာရုံပြုပြီး ဆွမ်းတော်ကပ်ပါ။
🌞ဆွမ်းထမင်းဆွမ်းဟင်း
ကပ်တဲ့နေရာမှာလည်း......
မြတ်စွာဘုရား
သက်တော်ထင်ရှား
ရှိတော်မူစဉ်တုန်းက
ဘုရားရှင်ကို တိုက်ရိုက်
ဆွမ်းဆက်ကပ်လှူဒါန်းနိုင်
ကြပေမယ့် ယခုအခါ
သက်တော်ထင်ရှားဘုရားရှင်
မရှိတော့တဲ့အတွက်ကြောင့်
ဘုရားရှင်ကို ရည်မှန်းပြီး
ဆွမ်းဆက်ကပ်လှူဒါန်းပုံကို
ကျမ်းဂန်အတိုင်း သိထားသင့်ပါတယ်။
သက်တော်ထင်ရှားဘုရားရှင်ကို
ရည်မှန်းပြီး ဆွမ်းကပ်လှူလိုရင်
ရဟန်းတစ်ပါးကို
ဆွမ်းကပ်ဖို့ပြင်သလို
တစ်ပါးစာဝလောက်အောင် ပြင်ဆင်ပြီး
ရုပ်ပွားတော်,ဆင်းတုတော်ရှေ့မှာ
ရိုရိုသေသေ ဆက်ကပ်လှူဒါန်း
ရပါမယ်။
🌞ဒါက
သက်တော်ထင်ရှား မြတ်စွာဘုရားကိုရည်မှန်းပြီး ဆွမ်းဆက်ကပ်လှူဒါန်းနည်း
ပါဘဲ။
ဘယ်လိုလှူဒါန်းရမလဲ။
ရဟန်းတော်တစ်ပါးကို
ဆွမ်းကပ်ဖို့ပြင်သလို
တစ်ပါးစာ ဝလောက်မယ့်
ဆွမ်းထမင်းဆွမ်းဟင်းတွေ
ပြင်ဆင်ပြီး ကပ်လှူရပါမယ်။
🌞"အလှူအတန်းကြီးတွေ"
ပေးတဲ့နေရာမှာလည်း,
ဘုရားအမှူးရှိတဲ့
သံဃာတော်တွေကို ဆွမ်းကပ်လှူလိုလျှင်လည်း
ဒီနည်းအတိုင်း
ဘုရားရှင်အတွက်
ပြင်ဆင်ပြီး ကပ်လှူရပါမယ်။
🌞သောက်တော်ရေကိုလည်း
တစ်နေ့ကို အနည်းဆုံး
နှစ်ကြိမ်,သုံးကြိမ်
ကပ်ပေးသင့်ပါတယ်။
သောက်တော်ရေပန်းကန်နဲ့
ဆွမ်းတော်တင်ပန်းကန်တွေ
ကိုလည်း သန့်ရှင်းအောင်
အထူးထားပါ။
ဘုရားပန်းကိုလည်း
ညှိုးနွမ်းတဲ့အထိ မထားပါနဲ့။
ကိုယ့်အိမ်မှာ
အမြတ်ဆုံးနေရာဟာ
ဘုရားခန်းပါ။
ဒါကြောင့် ဘုရားခန်းကို
အထူးသန့်ရှင်းအောင်
ထားသင့်ပါတယ်။
🌞နောက်တစ်ခုက
ဘုရားကျောင်းဆောင်ထဲမှာ
"ဘုရားကန်တော့ပွဲ"ဟုဆိုကာ
အုန်းပွဲငှက်ပျောပွဲ
ထာဝစဉ်တည်ထားသူများ
ရှိသကဲ့သို့ အလှူပွဲများတွင်
ကန်တော့ပွဲအဖြစ် ထည့်သွင်းကြ
သူများလည်း ရှိပါ၏ ။
ဘုရားရှင်သည်
ရဟန်းသံဃာတော်
အရှင်မြတ်များအား
နေ့ဖို့ညစာ ချန်မထားရဟူသော
ဝိနည်းသိက္ခာပုဒ်တော်ကို
ပြဌာန်းပြီးဖြစ်ပါသည်။
အုန်းသီး၊ ငှက်ပျောသီး
များကို နေ့ရောညပါ ဆက်ကပ်
ထားခြင်းမှာ ဝိနည်းတော်နှင့်
ဆန့်ကျင်လျက်ရှိပါသည်။
ထို့ကြောင့်
ကျေးဇူးရှင် အရှင်ဇနကာဘိဝံသ
ဆရာတော်ဘုရားကြီးက
အောက်ပါအတိုင်း
အဆုံးအမပေးတော်မူခဲ့ပါတယ်။
"အလှူလုပ်တဲ့အခါ ငှက်ပျောပွဲ၊
အုန်းပွဲတွေ မထည့်နဲ့" ။
"ငှက်ပျောပွဲ၊ အုန်းပွဲဆိုတာ
နတ်တင်ရာက လာတာ"။
ဘုရားလက်ထက်က
အလှူတွေမှာ တရားဟောပြီးရင်
ဒကာတွေကငှက်ပျောပွဲ၊
အုန်းပွဲတွေ လိုက်ပို့ရတာ
ရှိသလား။ မရှိဘူး။
ဇေတဝန်မှာ ဗေထိဗေထိ
အတီးအမှုတ်အကအခုန်တွေ
လုပ်သလား။ မလုပ်ဘူး။
ဒါတွေကို သိထားဖို့လိုတယ်။
🌞ပြီးတော့
ရဟန်းသံဃာတွေဟာ
အကပ်ခံထားတဲ့
ခဲဖွယ်ဘောဇဉ်တွေကို
မွန်းမတိမ်းမီအထိသာ
သုံးဆောင်ခွင့်ရှိပါသည်။
နေ့ဖို့ညစာချန်ထားပြီး
ဘုဉ်းပေးသုံးဆောင်ခွင့်မရှိပါ။
ဘုရားရှင်ကိုယ်တော်တိုင် သဃာ့အဖွဲ့အစည်းကြီးအား
ဝိနည်းဖြင့် ပညတ်တော်မူခဲ့
ပါ၏ ။
🌞ယခုအခါ ဤဝိနည်းတော်ကို
သိရှိနားလည်မှု မရှိသူများသည်
ဘုရားရှင်အား
သစ်သီးပွဲများ၊ဆွမ်းပွဲများ၊
ငှက်ပျောပွဲအုန်းပွဲများကို
နေ့ညမပြတ်
ကပ်လှူထားတတ်ကြပါသည်။
အချို့သော
ဘုရားစေတီများ၌လည်း
သစ်သီးများကို
အနုပညာလက်ရာမြောက်အောင်
ပုံသဏ္ဌာန်အမျိုးမျိုး ဖန်တီးပြီး
နေ့ရောညပါ သစ်သီးပွဲများ
ဆက်ကပ်လှူဒါန်းထားတာကို
တွေရပါတယ်။
အဲ့ဒါ လူမြင်ကောင်းအောင်
လုပ်ထားတဲ့ ပကာသနအလှူပါ။
စားလို့လည်းအဆင်မပြေ,
သောက်လို့လည်းအဆင်မပြေ
နေ့ရောညပါ ဘုရားရှေ့မှာကပ်
ထားတာ ဝိနည်းနဲ့မညီဘူးဆိုတာ
မသိကြတော့ဘူး။
ဘုရားရှင်အား ဤသို့
သစ်သီးပွဲများကပ်လှူခြင်းသည်
ဒါနကောင်းမှု ဖြစ်သော်လည်း
ဝိနည်းတော်ဖြင့်
မဆန့်ကျင်ဖို့ လိုပါတယ်။
🌞ပန်းရေချမ်းများကို
နေ့ညမရွေးပူဇော်နိုင်သော်လည်း
ဆွမ်းခဲဖွယ်
ဘောဇဉ်ချိုချဉ်သစ်သီး
စသည်တို့ ကပ်လှူခြင်းကိုမူ
မွန်းမလွဲမီ နံနက်ပိုင်း၌သာ
ကပ်လှူရမည် ဖြစ်ပါသည်။
ယခုခေတ်တွင်
အချို့သော အိမ်၊
အချို့သော ဘုရားစေတီတို့၌
ဆွမ်းပွဲ၊သစ်သီးပွဲ စသည်များ
ဘုရားရှေ့၌ နေ့ညမပြတ်
ကပ်လှူထားရှိခြင်းကို
ဆင်ခြင်သင့်ကြပါတယ်။
🌞ဆွမ်းတော်တင်ပြီးရင်လည်း
အကောင်းဆုံးကတော့
နေ့လည် ၁၂ နာရီ
မထိုးမီအချိန်လေးအထိသာ
ထားပြီး ဆွမ်းတော်စွန့်သင့်
ပါတယ်လို့ စေတနာရှေ့ထားပြီး
တင်ပြလိုက်ရပါတယ်ခင်ဗျား။
📚📚ဘာသာရေးအသိတွေ
တိုးပွားပြီး,
သိလျှင်လည်း သိတဲ့အတိုင်း
အမှန်ကို ပြောင်းလဲပြီး
ကျင့်သုံးနိုင်ကြပါစေ။
🌞ရှေ့အစဉ်အလာအမှားတွေကို
ဖယ်ရှားတွန်းလှန်နိုင်ကြပါစေ
ခင်ဗျား။
မေတ္တာအပြည့်ဖြင့်🌞
📚 U Aung Myint 📚
📚မှတ်ချက်။ ။ (ကျေးဇူးရှင်
အရှင်ဇနကာဘိဝံသဆရာတော်
ကြီး၏ တရားတော်များမှ မှီငြမ်းထားပါသည်။)

No comments:

Post a Comment