လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, May 17, 2017

သရမှာ ကြောက်စရာလား



မိမိရဲ့ဆရာဝန်သက်တန်းတစ်လျှောက်မှာ လူနာများစွာ၊ ရောဂါပြင်းထန်သူများစွာ၊ သေတဲ့သူ များစွာနဲ့ လုပ်ငန်း သဘာဝအရ ရင်းနှီးစွာ ဆုံခဲ့ရဘူးပါတယ်။

အများစုကတော့ ပုထုဇဉ်ပီပီ သေရမှာကြောက်တဲ့ သူတွေသာများပါတယ်။ တချို့ဆိုဘာမဟုတ်တဲ့ အနာရောဂါလေးဖြစ်တာ ခေါင်းကိုက်တာ တုတ်ကွေးဖျားလေး ဖျားတာလောက်ကိုပဲ မျက်စိမျက်နှာတွေ ပျက်ပြီး တခွေခွေနဲ့ အိပ်ရာထဲ လဲနေလောက်အောင် စိတ်ဆင်းရဲနေကြပါတယ်။

ဦးနှောက်သွေကြောပြတ်ပြီး သေသွားသူတွေ အကြောင်းကို ကြားဘူးနားဝနဲ့ သာမာန် ခေါင်းမူးတာလေးကိုပဲ ဦးနှောက်သွေးကြောပြတ်ပြီး သူ့ကိုယ်သူ သေတော့မှာပဲဆိုပြီး ငိုကာယိုကာ ထိမ်းမနိုင် သိမ်းမရ သေမှာကြောက်နေတဲ့ သူတွေကိုလည်း မကြာခဏ ဆေးကုပေးခဲ့ရ ပါတယ်။ 
နေမကောင်းတာနဲ့ အိပ်ရာထဲက မထတော့ပဲ မျက်နှာငယ်ကလေးနဲ့ တငြီးငြီး တငြူငြူလုပ်နေတဲ့ တရားသမား အရင့်အမာကြီးတွေကိုတောင် တွေ့ဘူးပါတယ်။

ကျန်းမာရေးကောင်းနေတဲ့အခါမှာတော့ သေရမှာ မကြောက်ဘူးလို့ ပြောတတ်တဲ့ သူတွေလည်း ရှိပါတယ်။

အများစုကတော့ အခုလောလောဆယ်တော့ ကိုယ်ကိုယ်ကို မသေနိုင်လောက်သေးဘူး ဆိုတဲ့ အထင်နဲ့ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေရင်း ဟန်ဆောင်ကြွားဝါပြီး မကြောက်ဘူး ပြောနေ ကြတာများပါတယ်။

တကယ့်အရေးမှာကျတော့ လူအများစုဟာ သေရမှာကို သေမတတ် ကြောက်ကြပါတယ်။

တစ်ချို့လူတွေလည်း သေလောက်တဲ့ရောဂါတွေ ဖြစ်နေပြီလို့ သိကာစမှာ ကြောက်တဲ့စိတ်နဲ့ ငိုကာရီကာတွေ ဖြစ်တတ်ပေမဲ့ တကယ်တမ်း ကြိုးစားကုသရင်း ဘယ်လိုမှ ကုသလို့ မရနိုင် တာကိုသိပြီး တကယ်သေရတော့မှာကို နားလည်သွားတဲ့ အခါမှာတော့ စိတ်လျှော့ပြီး လက်ခံနိုင် လိုက်တာမျိုးလည်း ရှိပါတယ်။

အဲဒီလို သေချာပေါက် သေရတော့မယ်ဆိုတာကို သိသွားတဲ့ အချိန်မှာ စိတ်လျှော့လက်လျှော့နဲ့ သေခြင်းတရားကို ကျေကျေနပ်နပ် လက်ခံ လိုက်တာတောင်မှ အလွန် အကျိုးများပါတယ်။

အဲဒီလို လက်ခံနိုင်လိုက်တဲ့စိတ် ထားနိုင်တဲ့ သူတွေဟာ ငြင်းဆန်နေတဲ့သူတွေစာရင် သူတို့ရဲ့ နောက်ဆုံးခရီးဟာ ပိုပြီး သက်တောင့်သက်သာနဲ့ ငြင်ငြင်သာသာ ရှိတတ်ပါတယ်။

နိုင်ငံခြားက ရောဂါပြင်းထန်လို့ သေခါနီးတဲ့ လူနာတွေကို သီးသန့် ပြုစုစောင့်ရှောက်ပေးတဲ့ ဋ္ဌာနတွေက မှတ်တမ်းတွေမှာ
အဲဒီလို သေလောက်တဲ့ရောဂါတွေနဲ့သေဖို့စောင့် နေကြတဲ့ လူနာတွေထဲမှာ သေမှာကို ကျေကျေ နပ်နပ် လက်ခံလိုက်တဲ့ သူတွေဟာ နာကျင်မှုတွေ ကို ဆိုးဝါးစွာ မခံစားရပဲ တည်ငြိမ်အေးဆေးစွာ သေခြင်းတရားကို ရင်ဆိုင်သွားကြတဲ့ အကြောင်း သုတေသန လုပ်ထားတာတွေနဲ့ အထင်အရှား သက်သေပြထားပါတယ်။ 
သေမှာကို ကျေနပ်စွာ လက်ခံလိုက်တဲ့စိတ်ကလေး ထားနိုင် လိုက်တာနဲ့ သေခြင်းတရားကို ရင်ဆိုင်တဲ့ နေရာမှာ များစွာလွယ်ကူ သက်သာသွားစေ ပါတယ်။

တကယ်သေရမှာမကြောက်ပဲ သေခြင်းတရားကို စိတ်အေး လက်အေးနဲ့ ရင်ဆိုင်သွားတဲ့ သူတွေလည်း ရှိပါတယ်။
အဲဒီအထဲက မှတ်မှတ်ရရ ဖြစ်ခဲ့ရတဲ့ သေရမှာ မကြောက်တဲ့သူ ( ၂ )ယောက်အကြောင်းကို ဥပမာပေးပြီး ပြောပြချင်ပါတယ်။

တစ်ယောက်ကအသက် ၉၀ လောက် အမေကြီး တစ်ယောက်ပါ။မိမိသိသလောက်နှစ် ပေါင်းများစွာ ဘယ်သူ့ကိုမှအပြစ်တင်တာမျိုး ဒုက္ခပေးတာမျိုးမရှိပါဘူး။ မသေခင် ၂နှစ် လောက်ကထဲက သူသေရင် လာကြည့်ပြီး သေ မ သေ ဆုံးဖြတ်ပေးဖို့မှာထားပါတယ်။ ပြီးတာနဲ့ ချက်ချင်း အသုဘချဖို့ကြိုမှာထားတာပါ။သူအသည်း အသန်ဖြစ်တော့ မိမိသွားကြည့်ပေးရပါတယ်။

ဘယ်လိုမှအ ခြေအနေမကောင်းတဲ့ ကြားကမိမိကို ခပ်ရဲ့ရဲ့ပြုံးပြရင်း" ဆရာလေး မရတော့ဘူး မဟုတ်လား"လို့မေးလိုက်ပါသေး တယ်။တနာရီ လောက်ကြာတော့ဆုံးသွားပါတယ်။ တချက်မှမငြီးပါဘူး။အေးအေးဆေး ဆေးပါပဲ။သမထ ဝိပဿနာတွေအားထုတ်မထားပေမဲ့ သူဟာနှစ်ပေါင်း များစွာသီလတွေ လုံခဲ့ပါတယ်။စိတ်ကောင်းတွေရှိခဲ့ပါတယ်။ အဲဒီနှစ်ချက်နဲ့သေခြင်းတရားကိုမတုန်မလှုပ် ရင်ဆိုင် သွားနိုင်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ နည်းလမ်းမှန်စွာ တရား အားထုတ်ထားတဲ့မိတ်ဆွေတစ်ယောက်ပါ ။ သေခါနီးမှာ " နီးပြီနဲ့တူတယ်" ဆိုတဲ့စကား တစ်ခွန်းသာပြောပြီး တည်ငြိမ်အေးဆေးစွာ တရားနဲ့သေသွားခဲ့တာပါ။ သူတိုနှစ်ယောက်လုံးဘာမှ လူးလှိမ့်ခံစားသွားရတာမျိုး မရှိပါဘူး။

တစ်နေ့က အရေးပေါ်လူနာလိုက်ကြည်ဖို့ လူနာလာပင့် တာနဲ့လိုက်ကြည့်ပေးရပါတယ်။မိမိရောက်သွားတော့ လူနာကပက်လက် ကုလားထိုင် မှာထိုင်နေရက်သား တွေ့ရပါတယ်။အသက်တော့မရှိတော့ပါဘူး။အသက် ၇၈ နှစ် ရှိပါပြီ။အ ထွေအထူးရောဂါမရှိပါဘူး။

နေ့တိုင်းဒီကုလားထိုင် မှာထိုင်ရင်း သားသမီးတွေနဲ့ စကားပြောနေကျပါ။ဆုံးတဲ့နေ့ကသမီး တစ်ယောက်က အနားမှာဆန်ရွေးနေတာပါ။သူ့အ မေနဲ့စကားပြောနေရင်းသူ့ကိုဘာမှပြန်မပြောလို့ အိပ်ပျော်နေတယ်ဘဲထင် နေခဲ့တာ။ သေချာကြည့်ရင်း အသက်ရှုတာမတွေ့တာနဲ့ တခုခုမှားတယ်ထင်ပြီး မိမိကို လာပင့်တာပါ။ ဘာတခုမှမသိသာလိုက် ပါဘူး။ဒီလူနာဘဝကူးသွားပုံဟာ ညင်သာလှပါတယ်။ အကြောင်းသိလူနာတွေမို့ မိမိ သိထားတာတွေ ရှိပါတယ်။သူဟာဘာတရားမှ အားထုတ် ထားခြင်း မရှိပါဘူး။သာမာန်မိရိုးဖလာဗုဒ္ဓဘာသာပါပဲ။

မိမိရဲ့ဆရာဝန်သက်တမ်း ၂၅ နှစ်ကျော်အတွင်းမှာ မြိုခံ ဆရာဝန်ဆိုတော့ အခုလိုဆေးကုစရာ မလိုတဲ့ လူနာတွေ များစွာကို လုပ်ငန်းသဘာဝအရ ကြည့်ခဲ့ရပါတယ်။ တချို့လည်းသေခါနီးဆဲဆဲပါ။ စောစောကလူနာလိုဘဲတချို့တတွေဟာ အလွန်ညင်သာ ပါတယ်။ ခြုံထားတဲ့စောင်ကလေးတောင် မတွန့်ပါဘူး။ တစ်ချို့ကျ တော့ လဲ cancer လိုရောဂါမျိုးနဲ့ ဆိုတော့ မသေခင်မှာ နာကျင်မှုကို တော်တော်ခံစားကြရပါတယ်။

ဘာဘဲပြောပြောလူအများစုဟာသေမှာကို တော်တော် ကြောက်ကြပါတယ်။တချို့အစ အနောက်တောင် မခံနိုင် ပါဘူး။အစမ်းသေကြည့်တာတောင် စိတ်ထဲမှာမခံနိုင် ပါဘူးဆိုတဲ့ သူတွေလည်းအများကြီးရှိနေပါတယ်။ မိမိလေ့လာကြည့်သ လောက်လူတွေဟာ

၁။မ သေခင်သေ လောက်အောင် နာမှာဘဲဆိုပြီး နာမှာကို ကြောက်ကြပါတယ်။

၂။ထားခဲ့ရမဲံ့သက် ရှိသက်မဲ့အရာတွေ အပေါ် မှာစွဲလန်းတဲ့ စိတ်နဲ့လည်းသေမှာကို ကြောက်ကြပါတယ်။ 
၃။နောက်ဆုံးအချက်က သေပြီးရင် အပါယ်ကျမှာစိုး လို့လည်း ဒီဘဝကိုစွန့်ပြီး မသေရဲကြပါဘူး

ဒီအကြောင်းကို နည်းနည်းစဉ်းစားကြည့်စေချင် ပါတယ်။ တကယ်တော့ သေတယ်ဆိုတာဟာ အလွန်ကြောက်စရာ ကောင်းတဲ့အရာကြီးတခု ကိုယ့်ဆီရောက်လာတာ မဟုတ် ပါဘူး။မ နေရတော့တာ တစ်ခုပါပဲ။ နေခွင့်မရှိ တော့တာ၊ နေခွင့်တစ်ခု ကုန်ဆုံးသွားတာဟာသေတာပါပဲ။ ရှေ့ကလူတွေလည်း ဒီလိုဘဲနေခွင့်တွေကုန်ဆုံးသွားခဲ့ ရတာပါ။ သူတို့လည်း ဒီလိုပဲ ရင်ဆိုင်သွားခဲ့ကြတာပါပဲ။ ကိုယ်ကောဘာလို့ကြောက်နေရမှာလဲ။
နေခွင့်မရှိရင် မနေရုံဘဲပေါ့။

စောစောက ပြောခဲ့တဲ့လူနာတွေလိုဘာမှ သိပ်မခံစားရဘဲ သေသွားတဲ့သူတွေမျိုး အားလုံးကြုံဖူးကြမှာပါ။
သေလောက်အောင် ဖေါက်ပြန်လို့သာ သေသွားတယ် ဆိုတာမှန်ပါတယ်။ဒါပေမဲံ့ အဲဒီ ဖေါက်ပြန်တာကို အလွန်နာမှာဘဲလို့တော့ မယူဆ စေချင်ပါဘူး။
Cancer လိုရောဂါမျိုးမို့နာကျင်မှုတွေ ခံစားရမယ်ဆိုရင်လည်း နာစရာရှိတာနာပေါ့။အနာ သက်သာတဲ့ဆေးတွေနဲ့ လည်းကုမှာပေါ့။ 
ဒါပေမဲ့နောက်ဆုံးအချိန် သေခါနီးမှာတော့ မနာတော့ပါဘူး။

သေခါနီးမှာ ကာယပသာဒတွေ အရင်ဆုံး ချုပ်ပါတယ်။ ကျန်တာတွေလည်းတဖြည်းဖြည်းချုပ်သွားရင်းနဲ့ တဖြည်းဖြည်း ဆုပ်သွားလိုက်တာ နောက်ဆုံး မနောဝီဥာဉ် စိတ်ကလေး တစ်ခုသာကျန်ပါတယ်။ 
ကာယပသာဒချုပ်ကထဲက ဘာနာကျင်မှုမှ မရှိတော့ ပါဘူး။ဘာထိတွေ့မှုကိုမှမသိတော့ပါဘူး။ ဒီအကြောင်းတွေကို မြတ်စွာဘုရားဟောတဲ့ ဖက္ခုနသုတ္တန် မှာ အသေးစိတ်ပါပါတယ်။

ဆိုလိုချင်တာက မိမိတို့အများစု ကြောက်နေကြတဲ့နာကျင် မှုတွေလုံးဝမရှိဘဲနဲ့သေခါနီးမှာ တရားနှလုံးသွင်း ဖို့အချိန် ကောင်းစွာရပါတယ်။ကိုယ့်စိတ်ကလေးကို ကြည့်နေရင်းနဲ့ သေရမှာပါ။ ဆရာတော်ဦးဇောတိကလည်းဒီ အကြောင်းတွေကို ဟောခဲ့ဘူးပါတယ်။ သေပြီး အသက်ရှုရပ်ပြီး မိနစ် ၂၀ လောက် ကြာတဲ့အထိ သိတဲ့စိတ်က ဆက်ရှိနေပါတယ်။ အဲဒီအချိန်လေးမှာသာမိမိတို့ အားထုတ်ရင်းသေနိုင် ခဲ့မယ်၊ကုသိုလ်စိတ်တွေနဲ့ သေနိုင်ခဲ့မယ်ဆိုရင် ဘာမှကို ပူစရာ မလိုတာပါ။

သေခါနီးလူတွေအစကဘယ်လောက်ဘဲ နာလို့ အော်ဟစ်ရုန်းကန်နေပေမဲ့ တကယ်သေတော့မဲ့ အချိန်နီးလာရင် ငြိမ်သွားတတ်တာ ဆရာဝန်တွေ တော်တော်များများ သတိထားမိမယ် ထင်ပါတယ်။မိမိအ နေနဲ့ pressure 40/0 နဲ့ ၉ နာရီလောက်မနာကျင် ဘဲနေပြီးမှ အချိန် ကောင်းစွာ ရပြီးဆုံးသွားတဲ့ အစာအိမ် cancer လူနာ တစ်ယောက်ကို တွေ့ခဲ့ ဖူးပါတယ်။ 
မိမိတို့သာသူတော်ကောင်းတရားတွေနဲ့လေ့ကျင်ထားမယ် အားထုတ်ထားမယ် ဆိုရင် အဲဒီအချိန်လေးမှာ ဆက်ပြီး အားထုတ်သွားရုံပါပဲ။ အဲဒီလိုသာအားထုတ်နိုင်ရင် ဒီဘဝမှာ တရားမရရင်တောင် ဒုတိယဘဝမှာရနိုင်တဲ့ အကြောင်းကို ဘုရားရှင် အာမခံ ထားတော်မူခဲ့ပါတယ်။

အဲဒီလို quality ကောင်းတဲ့စိတ်နဲ့သာ သေနိုင်သွားရင် ကျန်ခဲံ့တာတွေ ဘာစွဲစရာ ရှိသေးလို့လဲ။ နောက်ဘဝဘာဖြစ်မယ်ဆိုတာကိုလည်း တွေးပူစရာ မရှိပါဘူး။ အပါယ်ကျဖို့ဆိုတာ ခေါင်းထဲမှာ ထည့်ထား စရာတောင် မလိုတာပါ။

အရေးကြီးတာက မိမိဘက်က အခုလိုကျန်းမာရေး ကောင်းလို့ စွမ်းနိုင်တုံးမှာသီလ၊သမာဓိ၊ ပညာ အကျင့်တွေကို နည်းလမ်းမှန်စွာ ကြိုးစားအားထုတ်ဖို့ပါဘဲ။ 
နေတဲ့အချိန်မှာ ကာယကံ၊ ဝစီကံ၊ မနောကံတွေ ကောင်းသည်ထက်ကောင်းအောင် လေ့ကျင့် ထားမယ် ဆိုရင် သေတဲ့အခါမှာလည်း ဒီအလေ့အကျင့်တွေက သူ့အလုပ်သူ လုပ်ဆောင်သွားပါလိမ့်မယ်။

"ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ" တရားကျင့်သောသူကို တရားက ပြန်စောင့်ရှောက်တယ်ဆိုတဲ့ ဘုရားရှင် ဟောကြားခဲ့တဲ့တရားတော်ကို အကြွင်းမဲ့ယုံစေချင် ပါတယ်။

ကဲ…သေရမှာကြောက်စရာလား။

မေတ္တာဖြင်
(မိမိစာကျန်သွားပါတယ်။သေပြီးမိနစ်၂၀ အစား နှလုံးခုန် ရပ်ပြီး အသက် ရှုရပ် ပြီးမိနစ် ၂၀ လို့ဖြည့် စွက်ဖတ် ရှု ပေးစေလိုပါတယ် ။12.9.13)့ 
(ဒီpost ကိုမိမိကဲ့သို့ တရားအသိဥာဏ်မရ သေးသူများကိုအားပေးလိုတဲ့စေတနာနဲ့ ရေးရပါတယ်)

Dr Pe Thet Tun.

No comments:

Post a Comment