လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, June 17, 2015

ညောင်စေ့လောက်ပင် မလှူနိုင်ပါ

ညောင်စေ့လောက်ပင် မလှူနိုင်ပါ
ကျုပ်ဝမ်းနည်းလိုက်တာဗျာ။ ၃၁ ဘုံထဲမှာတော့ အောက်တန်းအကျဆုံး
တိရစ္ဆာန်ဘုံရောက်နေတာမဟုတ်လား။ အရင်ဘ၀က ကုသိုလ်မရှိခဲ့လို့
သာ တိရစ္ဆာန်ဘ၀ရောက်လာရတယ်ဆိုတာကိုတော့ ကျုပ်စိတ်ထဲမှာ
စွဲနေတယ်။ ကျုပ် ကုသိုလ်လုပ်ချင်လိုက်တာလေ။
ညောင်စေ့လောက်လှူပေမယ့် ညောင်ပင်ကြီးလောက်ကုသိုလ်ရ
တယ်ဆိုတဲ့ နိဗ္ဗာန်ဆော်တွေရဲ့တိုက်တွန်းနှိုးဆော်ချက်ကိုမကြာ
မကြာကြားနေရတော့ ညောင်စေ့လောက်လှူတောင် မလှူနိုင်တဲ့
ကိုယ့်ဘ၀အကြောင်းကို တွေးပြီး ၀မ်းနည်းမိတယ်။ ဒါပေမယ့်
ဖြစ်နိုင်တဲ့နည်းနဲ့ ကုသိုလ်ရနိုင်တဲ့ နည်းကိုတော့ ကျုပ်အမြဲတမ်း
ရှာနေမိတယ်။
တစ်နေ့တော့ ကျုပ်တို့ခြံနဲ့ကပ်လျက်အိမ်က အမျိုးသမီးတစ်ယောက်
ဆွမ်းလောင်းနေတာကို ကျုပ်တွေ့လိုက်ရတယ်။ ရဟန်းတော်တွေရဲ့
သပ္ပါယ်တဲ့ ဣနြေ္ဒရယ် သဒ္ဓါတရားပြည့်ဝစွာနဲ့ဆွမ်းလောင်းနေတဲ့
အမျိုးသမီးရယ်ကိုကြည့်ပြီး ကျုပ်ဝမ်းသာလွန်းလို့ စိတ်ထဲက သာဓု
အကြိမ်ကြိမ်ခေါ်မိတယ်။
ဒီမြင်ကွင်းလေးကိုမြင်ရတိုင်း ကျုပ်စိတ်ထဲမှာ သိပ်ပြီးကြည်နှုးတာပဲ။
ကျုပ်က ဒီမြင်ကွင်းကလေးကိုသာ မြင်နေရရင် စားဖို့သောက်ဖို့တောင်
သတိရတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ ကျုပ်က ဆွမ်းလောင်းတာ
ကိုကြည့်နေတဲ့ အချိန်မျိုးမှာ စားခွက်ထဲကို အစာလာထည့်ရင်
ဒီမြင်ကွင်းကလေးကို အပျောက်မခံနိုင်လို့ မစားဘဲနေလိုက်တယ်။
ဒါကို သခင်လုပ်သူက ဘာများမကျေနပ်တယ်မသိဘူး။ ကျုပ်
နားရွက်ကိုဆွဲပြီး စားခွက်ရှိရာကိုအတင်းလှည့်ပေးတယ်ဗျာ။
ကျုပ်အစာမစားဘဲနေမှာစိုးလို့ထင်ပါရဲ့ဗျာ။ စေတနာရှိလို့တော့
ဘယ်ဟုတ်မလဲဗျာ။ အစာမစားဘဲနေရင် ကျုပ်ပိန်လှီမယ်။
ကျုပ်ပိန်လှီရင် သူတို့ဈေးကောင်းမရမှာစိုးရိမ်လို့ပေါ့ဗျာ။
တစ်နေ့တော့ ကျုပ်ကဆွမ်းလောင်းတာကို သေချာစိုက်ကြည့်နေ
တုန်းသခင်က စားခွက်ထဲကို အစာထည့်ပေးနေတယ်လေ။
ကျုပ်ကတော့ ထုံးစံအတိုင်းပေါ့ အစားကိုဘယ်ဂရုစိုက်လိမ့်မတုန်း။
ဆွမ်းလောင်းနေတာကို သေချာစိုက်ကြည့်နေတာပဲလေ။ တခြား
အပေါင်းအဖော်ဝက်တွေတိုးခွေ့လုယက်စားသောက်နေသလောက်
ကျုပ်ကတော့ ဣနြေ္ဒရရ ဆွမ်းလောင်းတာကိုပဲကြည့်နေတော့
သခင်ဖြစ်သူက တော်တော်အံ့သြနေပုံရတယ်။
ဒီအချိန်မှာ ကျုပ်ကလည်း အရွယ်တော်တော်ရောက်နေပြီလေ။
တစ်ခါလည်လည်းမဟုတ်။ နှစ်ခါလည်လည်းမဟုတ်။ တစ်နှစ်
လည်းမဟုတ်။ နှစ်နှစ်လည်းမဟုတ်ဆိုတော့ သူလည်းကျုပ်
အကြောင်းကို ရိပ်မိလာဟန်တူတယ်။ ကျုပ်ကြည့်တဲ့နေရာကို
ကျုပ်သခင်လည်း လိုက်ကြည့်နေတယ်။
အဲဒီအချိန်မှာ အမျိုးသမီးကလည်း ဆွမ်းလောင်းပြီးလို့ပြန်အလှည့်
အလာမှာ ကျုပ်ရဲ့သခင်က လှမ်းပြောလိုက်တယ်။
မသိန်းရင် တော်တော်အံ့သြစရာကောင်းတယ်ဗျာ။
ရှင် ကိုလှကြည် ဘာဖြစ်လို့ပါလိမ့်။
သြော် မသိန်းရင်ဆွမ်းလောင်းတာကို ဟောဒီ တိုးနီဆိုတဲ့ကောင်က
သေသေချာချာကြည့်နေတာဗျ။ အရင်ရက်တွေကတော့ ကျွန်တော်
လည်း သတိမထားမိဘူး။ ဒီကောင်ကြီး မနက်ပိုင်း အစာကျွေးရင်
ဘာဖြစ်လို့မစားတာပါလိမ့်ဆိုပြီး စဉ်းစားမရဖြစ်နေတာ။ ဒီနေ့မှပဲ
သူကြည့်တဲ့နေရာကို လိုက်ကြည့်တော့ မသိန်းရင် ဆွမ်းလောင်း
နေတာကို တွေ့လိုက်ရတာပဲ။
ဟုတ်လား တော်တော် အံ့သြစရာကောင်းတာပဲနော်။ တိရစ္ဆာန်ဖြစ်
ပေမယ့် ဆွမ်းလောင်းတာကိုနားလည်နေတယ်ဆိုတော့ လူ့ဘ၀နဲ့
တော်တော်နီးစပ်တယ်ထင်တယ်။
အေးဗျာ မသိန်းရင်ပြောမှပဲ ကိုယ့်ကိုယ်ကိုပြန်ပြီး သတိထားမိတယ်။
တိုးနီကြီးက ကုသိုလ်ရေးတွေကိုနားလည်ပြီး လူ့ဘ၀နဲ့နီးလာသလောက်
ကျွန်ုတော်တို့ကတော့ လူ့ဘ၀နဲ့ ဝေးဝေးသွားသလိုဖြစ်နေတယ်ဗျာ။
ဒီနေ့ကတော့ တိုးနီကြီး ကျွန်တော့်ကိုချွတ်တဲ့နေ့ပါပဲ။
ဘာကိုလဲကိုလှကြည် ၀က်မမွေးဘဲနေတော့မလို့လား။
ဟုတ်တယ်ဗျာ။ ၀က်တွေကို အကုန်ရောင်းပစ်တော့မယ်။ မမွေးတော့ဘူး။
ဒါပေမယ့် ဒီဝက်ကြီးကိုတော့ ချန်ထားပါ။ သူ့ကြောင့် သံဝေဂရတာ
မဟုတ်လား။
ဟုတ်တာပေါ့ဗျာ တိုးနီကြီးကိုတော့ ဘေးမဲ့ပေးသင့်တာပေါ့။ သူသေ
တဲ့အထိ အိမ်မှာပဲမွေးထားတော့မယ်ဗျာ။
ကျုပ် စိတ်ထဲမှာတော့ အမျိုးသမီးကြီးကို ကျေးဇူးတင်လိုက်တာ။
သူပြောပေးလို့ ကျုပ်တစ်ကောင်တည်းဘေးမဲ့ကျန်ခဲ့ရမှာမဟုတ်လား။
ယောဂီတဘက်ကလေး ပခုံးပေါ်တင်ပြီး ဆွမ်းဇလုံကိုပိုက်ထားတဲ့အမျိုး
သမီးကြီးကိုကြည့်ပြီး ကျုပ်စိတ်ထဲက ဆုတောင်းနေမိတယ်။
ဒီဘ၀ကသေလို့များ လူ့ဘ၀ကိုရောက်မယ်ဆိုရင် အဲဒီအမျိုးသမီးကြီး
ဟာ ငါ့ရဲ့မိခင်သာ ဖြစ်လိုက်ပါတော့လို့။ ဟုတ်တယ်လေ ဒီလိုသူတော်
ကောင်းနဲ့တွေ့မှသာလျှင် သားသမီးတွေဟာလဲ သူတော်ကောင်းဖြစ်
တော့မှာပေါ့။ ကျုပ်အတွေးဘယ်လောက်လွန်နေတယ်မသိဘူး အမျိုး
သမီးကြီးက ခြံစည်းရိုးနားကပ်လာပြီး ကျုပ်ကိုဂရုဏာလွှမ်းတဲ့ မျက်လုံး
တွေနဲ့ သေချာစိုက်ကြည့်နေတယ်။ ပြီးမှစကားတစ်ခွန်းပြောလိုက်တယ်။
တိုးနီ နင်အရင်ဘ၀က ကုသိုလ်ကောင်းမှုတွေမလုပ်ခဲ့လို့ ခုလိုတိရစ္ဆာန်
ဘ၀ကို ရောက်ရတာပဲ။ အခုဘ၀လဲ နင်ကိုယ်တိုင် ဘာကုသိုလ်မှပြုနိုင်
ဖို့ မလွယ်တော့ဘူး။ ငါနေ့တိုင်းဆွမ်းလောင်းနေတဲ့ ကုသိုလ်ကိုသာ
သေချာကြည့်ပြီး သာဓုခေါ်ပေတော့။ ငါနင့်ကိုနေ့တိုင်း အမျှပေးပါ
တယ်။ အမျှ အမျှ အမျှ။
ပြောပြီးတာနဲ့ အမျိုးသမီးကြီး သူ့အိမ်ဘက်ပြန်လှည့်ထွက်သွားတယ်။
ကျုပ်ဝမ်းသာလိုက်တာလေ။ ဒီဘ၀မှာ ကျုပ်ကိုအရေးတယူစကား
ပြောတာဆိုလို့ ဒီအမျိုးသမီးကြီးတစ်ယောက်ပဲတွေ့ဖူးတာမဟုတ်လား။
နောက်နေ့လည်းရောက်ရော ကျုပ်သခင်က ကျုပ်ကလွဲပြီး ကျန်တဲ့ဝက်
တွေကို ရောင်းပစ်လိုက်တယ်။
ကျုပ်ကိုတော့ ဘေးမဲ့ပေးတဲ့အနေနဲ့ ခြံထဲမှာပိတ်မထားတော့ဘဲ
လွတ်လွတ်လပ်လပ်လွှတ်ထားပေးပါတယ်။ ကျုပ်ကလည်းဘယ်မှ
လျှောက်မသွားပါဘူး။ ကျုပ်သခင်အိမ်ရယ်၊ တစ်ဘက်ခြံက အမျိုး
သမီးကြီးအိမ်ရယ် ဒါလောက်ပဲသွားပါတယ်။ အကုသိုလ်အကျိုး
ပေးတာလား ကုသိုလ်အကျိုးပေးတာပဲလား ကျုပ်လည်းမပြောတတ်
ပါဘူး။ တစ်နေ့တော့ ကျုပ်မလှုပ်နိုင်အောင် ခံရတဲ့ဝက်နာကျရောဂါ
စွဲကပ်တော့တာပဲ။ လူတွေရဲ့အသက်ကို မခံရပေမယ့် ကျုပ်သေမင်း
ရဲ့အသတ်ကို ခံရတော့မှာပါ။ ကျုပ်အသက်ငင်နေတဲ့အချိန်မှာ ကျုပ်
သခင်မိသားစုရော တစ်ဘက်အိမ်က အမျိုးသမီးကြီးရော ဂရုဏာ
သက်တဲ့ မျက်လုံးအစုံနဲ့ ကျုပ်ကိုဝိုင်းကြည့်နေကြတယ်။
အိုနာသေ ဘေးသုံးပါးနဲ့ကြုံလာရင် သားအမိပင်ဖြစ်သော်လည်း
ဘာမှမတတ်နိုင်ဘဲ လက်မှိုင်ချရတယ်ဆိုမှတော့ ကျုပ်လိုတိရစ္ဆာန်
တစ်ကောင်အတွက် သူတို့တွေကရော ဘာများတတ်နိုင်ဦးမှာလဲ။
အဲဒီနေ့မှာပဲ ကျုပ်ရဲ့တိရစ္ဆာန်ဘ၀ တစ်စခန်းရပ်ခဲ့ရတယ်ပေါ့။
ကျုပ်ဝမ်းသာလိုက်တာလေ။ အမိဝမ်းကကျွတ်ကျွတ်ချင်း နနွင်းမှိုင်း
နံ့လေးကို ရှုလိုက်ရကတည်းက ကျုပ်လူ့ဘ၀ကိုရောက်နေပြီဆိုတာ
သေချာသတိထားလိုက်မိတယ်။ ကျုပ်အတွက်ပိုပြီးဝမ်းသာစရာ
ကောင်းတာက ကျုပ်ရဲ့မိခင်ဟာတစ်ဘက်ခြံက အမျိုးသမီးကြီး
ဖြစ်နေလို့ပဲပေါ့။ ၀မ်းနည်းစရာကောင်းတာတစ်ခုက ကျုပ်ဝက်ဘဝ
ကလာလို့ထင်ပါရဲ့ ကျုပ်ရဲ့အထက်နှုတ်ခမ်းဟာ နှာခေါင်းကိုကပ်လု
နီးနီးဖြစ်အောင်လန်နေတယ်ဗျာ။ အဲဒီအချိန်မှာ အဖိုးဖြစ်တဲ့သူ
ကျုပ်တို့အိမ်ကိုရောက်လာတယ်။ ကျုပ်အမေရဲ့ဖခင်ပေါ့။ အဖိုးက
ကျုပ်ကိုကြည့်ပြီး သမီး ကလေးလန်နေတဲ့နှုတ်ခမ်းလေးကိုလက်နဲ့
အသာဖိဖိပေး ကြာရင်ကြည့်ကောင်းသွားလိမ့်မယ်။ သမီးရဲ့ကလေး
က ၀က်ဘ၀က လာသလားမသိဘူး။ နှုတ်ခမ်းကတကယ့်ဝက်
အတိုင်းပဲ။
သမီးလည်း အဲဒါပဲထင်နေတာပဲ ဒါပေမယ့် မသေချာသေးပါဘူး။
ကလေးကြီးလာရင်တော့ တဖြည်းဖြည်းသိလာရမယ်ထင်ပါတယ်။
အဲဒီလိုနဲ့ကျုပ်ငါးနှစ်သားလောက်ရောက်လာတော့ ကျုပ်နှုတ်ခမ်းက
အဖိုးနဲ့အမေရဲ့ကျေးဇူးကြောင့် တအားကြီးမလန်တော့ပါဘူး။ မသိ
မသာလေးလန်နေတာမို့ကြည့်လို့တော့မဆိုးပါဘူး။ နှုတ်ခမ်းကမဆိုး
တော့ပေမယ့် ကျုပ်ရဲ့ဝါသနာကျုပ်ရဲ့ အကျင့်ကတော့ ကြည့်လို့
ဆိုးတယ်ဗျ။ မိုးရွာလာပြီဆိုရင် ကျုပ်မနေနိုင်တော့ဘူး။ မိုးရွာထဲ
ဆင်းပြေးပြီး မရွံမရှာရွံ့တွေဗွက်တွေထဲမှာ လူးလိမ့်ဆော့တော့တာပဲ။
အဲဒီလိုများဆော့နေရရင်ထမင်းမေ့ဟင်းမေ့ပေါ့။ အဲဒီလို မိုးရွာထဲ
လူးလှိမ့်ပြီးပျော်နေတဲ့အချိန်မျိုးဆိုရင် ကျုပ်ဘ၀အကြောင်းကိုမေး
ရင် တစ်လုံးမကျန် ပြန်ပြောနိုင်တယ်ဗျာ။ ဆယ်နှစ်သားအရွယ်
အထိပေါ့။ ကျုပ်ရွံ့ထဲဗွက်ထဲ စိတ်ရှိလက်ရှိပျော်နေတဲ့အခါမျိုးမှာ
မိဘနှစ်ပါးက တားလည်းမတားဘူး အပြစ်လည်းမပြောဘူး။
ကရုဏာသက်တဲ့မျက်လုံးတွေနဲ့ ကြည့်နေကြတယ်။ ပြီးမှသာ
ဆပ်ပြာနဲ့ သေသေချာချာရေမိုးပြန်ချိုးပေးကြတယ်။ အရွယ်ကလေး
ရလာတာနဲ့အမျှ ကျုပ်မှာထူးခြားတဲ့ပါရမီတစ်ခုပါလာတယ်ဆိုတာ
မိဘတွေကိုယ်တိုင် သတိထားမိလာကြတယ်။ ဘာလဲဆိုတော့
ကလေးတွေနဲ့ ကစားတဲ့အခါ ကျုပ်က သူများတွေထက်ပိုပြီးတော့
ဘုန်းကြီးဂိုက်ဖမ်းတဲ့အကျင့်တစ်ခုပါပဲ။ အနီရောင်စောင်ကြီးကို
သင်္ကန်းလိုပတ်ပြီး တရားဟောတမ်းကစားတဲ့ ကျုပ်ကိုအမေက
တော်တော်သဘောကျသွားပါတယ်။ ကျုပ်ကိုဘုန်းကြီးဘဝ
ရောက်အောင်အားပေးဖို့လည်း ဆုံးဖြတ်ချက်ချလိုက်ဟန်တူပါ
တယ်။
ကျုပ်ကဉာဏ်တော်တော်ကောင်းတယ်။ အတန်းကျောင်းမှာနေတုန်း
သူငယ်တန်းကနေ သုံးတန်းအထိ စာမေးပွဲလုပ်တိုင်း ပထမချည်း
ရတယ်။ အိမ်နီးချင်းတွေ ဆရာဆရာမတွေက အမေ့ကိုအကြံပေး
ကြတယ်။ ကျုပ်ကိုတက္ကသိုလ်အထိရောက်အောင်ထားဖို့ ဆေးလိုင်း
ဝင်နိုင်တယ်။ ဆရာဝန်ဖြစ်နိုင်တယ်စသည်ဖြင့်ပေါ့။
အမေက ဘယ်လိုမှနားမ၀င်ဘူး။ ကျုပ်သုံးတန်းအောင်တာနဲ့တခါတည်း
ကိုရင်ဝတ်ပေးလိုက်တယ်။ ပါရမီဓါတ်ခံကလည်းကျုပ်မှာရှိဟန်တူပါတယ်။
ကိုရင်ဝါ (၇)၀ါရပေမယ့် တစ်ခါမှလိင်မပြန်ခဲ့ဘူး။ အခုတော့ စာချဆရာတော်
တောင်ဖြစ်နေပြီပေါ့။ နောက်ဆုံးအကျဉ်းချုပ်လိုက်တော့ ကျုပ်ဟာအနိမ့်ဆုံး
တိရစ္ဆာန်ဘ၀ကနေ အမြတ်ဆုံးရဟန်းဘ၀ရောက်အောင်ပြုခဲ့တဲ့ကုသုလ်
ဟာ ညောင်စေ့လောက်တောင်မရှိဘူး။
သူတစ်ပါးဆွမ်းလောင်းတာကို ၀မ်းသာတဲ့စိတ်လေးနဲ့ပဲကြည့်နေမိတာပါ။
သူတစ်ပါးဆွမ်းလောင်းတာကိုဝမ်းသာတဲ့စိတ်ကလေးနဲ့ကြည့်တာတောင်
လူ့ဘ၀ရောက်ရသေးတယ်ဆိုရင် ကိုယ်တိုင်ဆွမ်းလောင်းနေရတဲ့ခင်ဗျား
တို့ရဲ့ ကုသိုလ်ဆိုရင် ဘယ်လောက်ထိတောင်ကောင်းကျိုးပေးမယ်ဆို
တာ တွေးကြည့်ပေါ့ဗျာ။
အို ... စုန္ဒ ကုသိုလ်ကောင်းမှုတို့၌ စိတ်ကူးကြံစည်ရုံမျှဖြင့်ပင်လျှင် အကျိုး
ကျေးဇူးများလှပေ၏ဟု ငါဘုရားဟောတော်မူ၏။ ကိုယ်ရောနှုတ်ပါပြုကျင့်
ပါက အကျိုးများခြင်း၌အဘယ်မှာ ဆိုဖွယ်ရာရှိပါတော့အံ့နည်း။
(မူလပဏ္ဏာသပါဠိတော်၊ သလ္လေခသုတ်)
အနည်းငယ်သောကောင်းမှုသည်(ငါ့အား) အကျိုးရောက်လိမ့်မည်
မဟုတ်ဟု ကောင်းမှုကုသိုလ်ကိုမထီမဲ့မြင်မအောက်မေ့ရာ။ မိုးရေ
ပေါက် ကျဖန်များလတ်သော် ရေအိုးပြည့်သကဲ့သို့ ပညာရှိသည်
အနည်းငယ်သော ကောင်းမှုကုသိုလ်ကို ပြုဖန်ဆည်းပူးဖန်များလတ်
သော် ကောင်းမှုဖြင့်ပြည့်၏။ (ဓမ္မပဒ)
(ဖော်ပြပါဆောင်းပါးလေးသည် စာရေးသူ၏တကယ့်ဖြစ်ရပ်ကို ဖော်ပြ
ထားခြင်းဖြစ်ပါသည်။)
မေတ္တာရှင်-ရွှေပြည်သာ
၁၉၉၈ခုနှစ်၊ ဇွန်လထုတ်ဘာသာသွေးစာစောင်မှ
ထုတ်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။

No comments:

Post a Comment