လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, June 16, 2015

ပညတ် ပရမတ်

ဝိဿနာသမား အတွက် ရုပ်ဆိုတာကို သဘောပေါက်မှုဟာ တစ်ခြမ်းပဲ့ ဖြစ်နေကြတယ်လို့ ဆွေးနွေးမိသမျှကို အခြေခံပြီး ကောက်ချက်ဆွဲမိပါတယ်။
အားလုံးဟာ သိနေကြပြီလို့လဲ ယူဆနေကြပါတယ်။ ဒီတော့ အပြောရခက်ပါတယ်။
ရုပ်ဆိုတာ ပူမှု ၊ အေးမှု ၊ တွန်းမှု ၊ တင်းမှု ၊ မာမှု ၊ ပျော့မှု ၊ မဟုတ်ဘူးလား ။
ဒါတွေကို စိုက်ကြည့်ရင် သိတယ်လေ လို့ ပြောပါတယ်။
မှန်ပါတယ်။
ဒီသလေးတွေဟာ ရုပ်ရဲ့ သဘာဝလက္ခဏာ လေးတွေပါ။ သိတာမမှားပါဘူး။
ဒါပေမဲ့ ပြည့်စုံတဲ့ အသိဟာ ပရမတ် တစ်ဘက်ထဲကို သိသွားတာမဟုတ်ပါဘူး။ အဲဒီရုပ်တွေရဲ့ အဖွဲ့အစည်း ပညတ်သဘာဝကိုလည်း တွဲသိရပါတယ်။
ရုပ်မှာ အဆင်း ဆိုရုပ် ပါပါတယ်။ သူ့ကို ပကတိမျက်စိနဲ့ မြင်နိင်ပါတယ်။
ပထဝီ ဆိုတဲ့ အမာခံ သဘောရုပ် လည်း ပါပါတယ်။ သူတို့တွေကို အခြေတည်ပြီး ရုပ်တွေစု ပေါင်းလာတဲ့အခါ လူ ၊ ခွေး ၊ အိမ် စသည် ပညတ်ခြင်းကို ဖြစ်ရပါတယ်
ရုပ်ကို သူ့လုပ်ဆောင်ချက်အရ တစ်ခုချင်းစီ လက္ခဏာနဲ့ ခွဲပြောရပေမဲ့ သီးခြား တစ်ခုချင်းဆီ ခွဲထုတ်ပြ လို့တော့မရပါဘူး။
ခွဲလိုက်ရင် ရုပ်ဆိုတာကို ဖြစ်မလာတော့ပါဘူး။
မိမိအနေနဲ့ အပင်နဲ့ အရိပ်ဥပမာ ကို ခဏ ခဏသုံးပြီးပြောပါတယ်။
အပင်ဟာ အစစ်ပါ။ အရိပ်ဟာ အတုပါ။
အသီးလိုချင်ရင် အပင်မှာရှာရသလို ၊ နားနားနေနေ နေချင်ရင်တော့ အရိပ်မှာ ခိုလှုံရပါတယ်။
အပင်နဲ့အရိပ် ဟာ အတူတူမဟုတ်ပါဘူး။ မတူလို့ တခြားစီလားမေးရင်လည်း တခြားစီမဟုတ်ပါဘူး။ အပင်ကို မှီပြီး အရိပ်ဖြစ်လာရတာ ဖြစ်တဲ့အတွက် သူတို့နှစ်ခုဟာ သဘာဝမတူပေမဲ့ တွဲစပ်ပြီးတော့လည်း နေကြပါတယ်။
ဒီသဘောပါပဲ။
ပရမတ်ဆိုတဲ့ အပင်ပေါက်ပြီဆိုရင် ပညတ်ဆို လူ ခွေး အရိပ်ဟာ တွဲပါလာပါပြီ။
အပင်မှာ အရိပ်ဖြစ်ပေါ်မှုကို အလင်းရောင်က ဖန်တီးပါတယ်။အပင်ပေါ် အလင်းကျရောက်မှုမပေါ်မူတည်ပြီး အရိပ်က တိုလိုက်၊ရှည်လိုက် ၊ ပုလိုက် ၊ဝိုင်းလိုက် စသည် ပုံစံအမျိုးမျိုး ထွက်လာပါတယ်။
အရိပ်ဟာ ပုံအမျိုးမျိုးပြောင်းနေပေမဲ့ အပင်ကတော့မပြောင်းပါဘူး။
ပရမတ် ဆိုတဲ့ အပင်ကို မှီပြီးဖြစ်တဲ့ အရိပ် သဏ္ဍာန် စသည်ဟာလည်း ကံ ဆိုတဲ့ အလင်းရောင်ပေါ်မူတည်ပြီး လူ နတ် ခွေး ကြောင် စသည် ပေါ်လာရပါတယ်။
လူ နတ် ခွေး ကြောင် ပုံစံ ဘယ်လို ပြောင်းနေနေ ပရမတ် ကတော့ မပြောင်းလဲပါဘူး။
ပရမတ် ဟာ အစစ်ရှိ ၊ ပညတ်ဟာ အတုရှိ ဖြစ်ပါတယ်။
နှစ်ခုစလုံးဟာ သူ့ရှုထောင့်နဲ့သူ ရှိပါတယ်။
ဒီလို နှစ်ဘက် ပိုင်းခြားသိမှ ဉာဏ်လို့ ခေါ်တာပါ။
သမာဓိအားနဲ့ မိမိခန္ဓာကိုယ်ကို စိုက်ကြည့်တဲ့အခါ ပူသဘော ၊ အေးသဘော ၊ ရွရွမွမွ သဘောကို တွေ့ရပါတယ်။
ဒီတော့ ယောဂီက လူ နတ် မှ မရှိတာ ၊ လက် ခြေ မှမရှိတာ။ ရှိတာက သဘောလေးတွေပဲ ဆိုပြီး အမြင်ဖြစ်လာပါတယ်။
တစ်ခြမ်းတော့ မှန်နေပါပြီ။
ယောဂီက ဒီအဆင့်နဲ့ တင်မနေပါဘူး။ လူ နတ် ရှိတယ် လို့ သိနေတာဟာ ဒိဋ္ဌိ ပဲ ဆိုပြီး ကောက်ချက်ဆွဲလာပါတယ်။
ဒါဟာ မှားပါတယ်။
လူ နတ် အရှိလို့ ယူတာဟာ ဒိဋ္ဌိ မဟုတ်သေးပါဘူး။ ပညတ် အရှိအနေနဲ့ ယူထားတာသာဖြစ်လို့ မှန်ပါသေးတယ်။
အဲဒီ လူနတ် ဟာ ခိုင်မြဲနေတဲ့ နိစ္စ ၊ အတ္တ အဖြစ်ယူမှ ဒိဋ္ဌိဖြစ်တာပါ။
စာသင်သားများ ၊ အဘိဓမ္မာ စိတ်ပိုင်းသင်ဖူး တဲ့ ယောဂီများ သတိထားမိကြပါလိမ့်မယ်။ ဒိဋ္ဌိဖြစ်တဲ့ စိတ်ဟာ အကုသိုလ်စိတ်မှာပဲ ဖြစ်တာပါ။
လူ နတ် အရှိ လို့ယူလို့ ဒိဋ္ဌိ ဖြစ်ရမယ် ဆိုရင် ဘုရား ရှိတယ်လို့ ယူရင်ကော ဒိဋ္ဌိ ဖြစ်တယ်လို့ပြောရမယ်။
အဲလို ကောပြောဝံ့ကြပါသလား။
တကယ်တော့ သူ့အပိုင်းနဲ့ သူ ခွဲခြားနားလည် ထားရင် ပညတ်ကို အရှိယူယုံနဲ့ ဒိဌိမဖြစ်ဘူးဆိုတာ ဉာဏ်ထဲမှာ ရှင်းကနဲ ဖြစ်ပါတယ်။
ဥပမာ..လက်ကို လေတိုးလို့ တရိပ်ရိပ်နဲ့ တိုးမှုသဘောလေးကို ခံစားသိရှိပါပြီ။
ဒါဝါယောသဘောပါ။ လက်မှာရှိတဲ့ ပထဝီဓာတ် နဲ့ ထိခတ်မိပြီးမှ အကြည်ဓာတ် ရှိနေလို့ လေတိုးမှန်း သိရပါတယ်။
ဒီဝါယောတိုးမှုလေးဟာ ပထဝီဓာတ်ကို တဖျပ်ဖျပ် ရိုက်ခတ်ပြီး ပျောက်ပျောက် ကုန်ဆုံးသွားပါတယ်။ဒါအနိစ္စပဲ။
ဝါယော အနိစ္စတွေ့ရင် အထိခိုက်ခံ ပထဝီဓာတ် ၊ အကြည်ဓာတ် တွေကို အမြဲနေပါ့မလား။ မနေပါဘူး ။ သူလည်း ဝါယောထိခတ်မှုနဲ့အတူ ကုန်ပျောက်သွားပါတယ်။
ဒါပေမဲ့ မိမိတို့က လက်ဆိုတာကြီးကို အမြဲတမ်းတွေ့ နေရတော့ မပျက်ဘူး ၊ နိစ္စဖြစ်နေတယ်လို့ ထင်တတ်ပါတယ်။
ဉာဏ်ဆို အလွှာလိုက် ပိုင်းခြားသိတာပါ။
လက်မှာရှိတဲ့ ပထဝီဓာတ် ၊ အကြည်ဓာတ် ဟာ ကံ ၊ စိတ် ၊ဥတု ၊ အဟာရ အကြောင်းအထောက်ပံ့ကြောင့် ကုန်ဆုံးသွားတဲ့ နေရာတွေမှာ အသစ်အသစ်က အဆက်မပြတ် အစားထိုးနေပါတယ်။
ပရမတ် တွေမစားထိုးတော့ ပညတ် ဆိုတဲ့လက်ကလည်း ပရမတ်အစားထိုးမှုလျင်မြန်မှုကြောင့် လက်အသစ်အသစ် ၊ အရိပ် အဆက်မပြတ် ထွက်လာရပါတယ်။
ဒီတော့ လက်ဟာ အရိပ်သာပညတ်သာဖြစ်တယ်။ တရိပ်ရိပ်ကုန်ဆုံးသွားတဲ့ သဘောလေးတွေက ပရမတ် အစစ်ဖြစ်တယ်။
ဒီလိုနှစ်ဘက် မျှနားလည်ရင် လက်ကို ဒိဋ္ဌိ နဲ့ မသိမ်း ပိုက် မယူဆ တော့ပါဘူး။
ဉာဏ်က တခါတည်းခွဲထားလိုက်ပါပြီ။
ဒီသဘောလေးကို နောကျေအောင် နားလည်ရင် ဝိပဿနာရှုရတာ အတော်ပေါ့ပါးပါပြီ။
ဘယ်အချိန်မဆို သတိသာရှိလိုက် ၊ ပရမတ်ကို ဖောက်မြင်ရပြီး ပညတ်ကိုလည်း တွဲနားလည် သွားပါတယ် ။
ဒါဆို ဘာကို မှ စွဲလမ်းစရာ မရှိတောပါဘူးလေ။
အရှင်ပညာသီရိ (ရမ္မာကျွန်း)
ကြားဖူးတာတွေနဲ့ လွဲနေနိုင်ပါတယ်။အားမနာပဲ ဆွေးနွေးနိုင်ပါတယ်။နောက်နေ့ အချိန်ရရင် ဆက်ရေးပါ့မယ်။

No comments:

Post a Comment