လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, June 9, 2015

အသက်ကလေးရယ်တဲ့ရှည်စေလို တရားရိပ်ခို

အသက်ကလေးရယ်တဲ့ရှည်စေလို တရားရိပ်ခို
“အခုလို ညီအစ်မခြောက်ယောက်စလုံး အသက်ရှည်အနာကင်းမဲ့စွာနေနိုင်တာ အတိတ်က မေတ္တာဘာဝနာပွား များနိုင်တာနဲ့ သီလလုံခြုံခဲ့လို့ပါ။ ရှစ်ပါးသီလ၊ ငါးပါးသီလပေါ့ …”
----- ----- ----- -----
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်တွင်ပါ ကြုံတောင့်ကြုံခဲ ဖြစ်တောင့်ဖြစ်ခဲဖြစ်ရပ်တခု ကျွန်တော်တို့ မြန်မာနိုင်ငံတွင်ရှိသည်။ ထိုဖြစ်ရပ်မှာ အခြားမဟုတ် အသက်အရွယ် ကြီးရင့်သည်အထိ အနာရောဂါကင်းရှင်းစွာနဲ့ ကျန်းမာစွာ နေထိုင်လျက်ရှိသည့် ဘွားသက်ရှည် ညီအစ်မ ခြောက် ယောက်၏ ဖြစ်ရပ်ပင်ဖြစ်သည်။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘုရားရှင်လက်ထက်မှစ၍ ဘာသာတရားကိုင်းရှိုင်းသည့် လူမျိုးများဖြစ်သည့်အလျောက် အလှူအတန်းတွင်လည်း လက်မနှေး၊ သဒ္ဓါတရားတွင်လည်း ရှေ့ဆုံးမှ အမြဲတမ်း ရှိခဲ့သည့် စိတ်သဘောထားနူးညံ့သိမ်မွေ့သော တရားသဘောဖြင့် သည်းခံခွင့်လွှတ်တတ်သော လူမျိုးများဖြစ်သည်ကို အဆိုပါ အဘွားသက် ရှည်ခြောက်ယောက်က သာဓကပြနေပါသည်။
ထိုအဘွားခြောက်ယောက်အား ရဝေနွယ်(အင်းမ) ဆရာတော်မှ အမြဲတမ်း ချီးကျူးစကားဆိုလေ့ရှိသည်။ ထိုအခြင်းအရာမှာ ဘွားသက် ရှည်ခြောက်ယောက်သည် လူမှန်းသိတတ်စအရွယ်ကပင် လောဘ၊ မောဟ၊ ဒေါသများအား ဘုရားသို့ လှူဒါန်းခဲ့သည့်ဖြစ်ရပ်တခုပင်။
“အဘွားတွေရဲ့မျက်နှာတွေကိုမြင်လိုက်တိုင်း ရင်ထဲအေးမြနေတာ ပဲ၊ အမြဲတမ်းလည်း ပြုံးနေတယ်။ ဒါနဲ့ ဘုန်းဘုန်းကမေးတယ်။ အဘွား တို့ကိုကြည့်ရတာ အမြဲတမ်းအေးမြတယ်။ ဒေါသအမျက်ထွက်ခြင်းလည်း မရှိဘူးနော်လို့ အဲ့ဒီလိုမေးလိုက်တော့ အဘွားတွေက ပြန်ပြောတယ်။ တပည်တော်တို့က လူမှန်းသိတတ်စအရွယ်ကတည်းက လောဘ၊ မောဟ၊ ဒေါသတွေကို ဘုရားလှူထားတယ်လို့ ပြန်ပြောတယ်။ ဒါကြောင့် အဘွားတို့ရဲ့ မျက်နှာတွေဟာ အပြစ်ကင်းစင်ပြီးတော့ အမြဲတမ်းအေးမြနေတာ ဖြစ်တယ်”ဟု ဆရာတော် ရဝေနွယ် (အင်းမ) က မိန့်ကြားသည်။
အဘွားခြောက်ယောက်တွင် အကြီးဆုံးအဘွားခင် အသက်မှာ ၁၀၁ နှစ်ဖြစ်ပြီး ယနေ့တိုင်ရောဂါဘယကင်းစင်လျက်ရှိသည်။ အစဉ်လိုက် အဘွားကြည်၊ အဘွားမြ၊ အဘွားလှ၊ အဘွားသောင်းနှင့် အဘွားထွေးတို့မှာလည်း ထိုနည်းအတူပင်ဖြစ်သည်။
ပုထုစဉ်လူသားများသည် ရုပ်နှင့်နမ် ခန္ဓာရလာသည့်အချိန်မှစ၍ လောကဓံတရားရှစ်ပါးဖြစ်သည့် လာဘော ဥစ္စာပေါများခြင်း၊ အလာဘော ဥစ္စာနည်းပါးခြင်း၊ ယသော အခြွေရံများ၍ တက်ကြွတုန်လှုပ်ခြင်း၊ အယသော အခြွေအရံနည်းပါး၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ နိန္ဒံကဲ့ရဲ့ခံရ၍ ညှိုးငယ်တုန်လှုပ်ခြင်း၊ ပသံဒါ ချီးမွှမ်းခံရ၍ တက်ကြွတုန်လှုပ်ခြင်း၊ သုခံ ချမ်းသာခြင်းကိုခွဲ၍ တက်ကြွတုန်လှုပ်ခြင်း၊ ဒုက္ခံ ဆင်းရဲခြင်းကိုခွဲ၍ ညှိုးငယ်တုန်လှုပ်ခြင်း စသည့်တို့အား ကျိန်းသေမလွဲ ရင်ဆိုင်ရမည်ဟု ဘုရားရှင်က ဟောကြားထားခဲ့သည်။ အဆိုပါ လောကဓံတရားရှစ်ပါး အား ဘွားသက်ရှည်ညီမခြောက်ယောက်အနေနှင့် ကျိန်းသေရင်ဆိုင်ခဲ့ရသည်။ သို့သော် ကြုံဆုံလာသည့် လောကဓံတရားရှစ်ပါးအား မိဘများ၏ သွန်သင်ဆုံးမမှုကြောင့်သော်လည်းကောင်း၊ ဘုရားတရားတော်များ၏ လမ်းစဉ်များနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းကြောင့်သော်လည်းကောင်း ဘွားသက်ရှည်ညီအစ်မများ ကောင်းစွာ ကျော်လွှားနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
“အဘွားတို့မှာ ဒီအသက်အရွယ်ရောက်နေပြီ ဘာသာရေးကိစ္စက လွဲလို့ အခြားကျန်တာ လုပ်စရာမလိုတော့ဘူးလေ။ အခုချိန်မှာ ကုသိုလ်ရေးနဲ့ပဲ အချိန်ကုန်စေပါတယ်။ အခုလို ညီအစ်မခြောက်ယောက်စလုံး အသက်ရှည်အနာကင်းမဲ့စွာနေနိုင်တာ အတိတ်က မေတ္တာဘာဝနာပွား များနိုင်တာနဲ့ သီလလုံခြုံခဲ့လို့ပါ။ ရှစ်ပါးသီလ၊ ငါးပါးသီလပေါ့။ အတိတ်က ကောင်းလို့ အခုကောင်းမယ်။ အခုကောင်းမှ နောင်လည်းကောင်းမှာပေါ့”ဟု ဘွားသက်ရှည် ညီမခြောက်ယောက်အနက်မှ အဘွားထွေးက ပြောသည်။
လူ့လောကတွင် ပုထုစဉ်လူသားများခံစားရသည့် မီး ၁၁ မီးဆိုတာ ရှိသည် ၁= လောဘမီး (တပ်မက်နှစ်သက်ရသဖြင့် ပူလောင်ခြင်း)၊ ၂= ဒေါသမီး (စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း)၊ ၃= မောဟမီး(မဟုတ်မမှန် မသိမမြင် ပူလောင်ခြင်း)၊ ၄= ဇာတိမီး(ဘ၀သစ်ဖြစ်ရသဖြင့် ပူလောင်ခြင်း)၊ ၅= ဇရာမီး(အိုမင်းရသဖြင့် ပူလောင်ခြင်း)၊ ၆= မရဏမီး (သေရ သဖြင့် ပူလောင်ခြင်း)၊ ၇= သောကမီး(စိုးရိမ်ကြောင်းကြရသဖြင့် ပူလောင် ခြင်း)၊ ၈= ပရိဒေ၀မီး(ငိုကြွေးရသဖြင့် ပူလောင်ခြင်း)၊ ၉= ဒုက္ခမီး(ကိုယ်ကို မှီ၍ မသာယာသဖြင့် ပူလောင်ခြင်း)၊ ၁၀= ဒေါမနဿမီး (စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း)၊ ၁၁= ဥပယာသမီး(ပြင်းထန်စွာစိတ်ပင်ပန်း ဆင်းရဲသဖြင့် ပူလောင်ခြင်း)ဟူ၍ ရှိသည်။
အဆိုပါ ၁၁ မီးထဲမှ ဘွားသက်ရှည် ညီအစ်မများသည် ၁၁ မီးလုံး ငြိမ်းချမ်းသည်ဟုဆိုနိုင်လောက်အောင် အကြောင်းအရာမှာ အဘွားတို့၏မျက်နှာတွင် ထင်ပေါ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဘွားသက်ရှည်တို့သည် အိုမင်းရင့်ရော်နေသော်လည်း သူတို့၏မျက်နှာကို မြင်ရသူတိုင်း စိတ်ချမ်းသာခြင်း၊ ပျော်ရွှင်မှုကို ခံစားရခြင်း၊ လှူချင် တန်းချင်စိတ်များ ဖြစ်ပေါ်လာခြင်း၊ ၀မ်းနည်းကြေကွဲမှုများ ကင်းဝေးခြင်း စသည့်ခံစားချက်များဖြစ်ပေါ်စေသည့်အတွက် အပူမီး ၁၁ မီး ထဲက လွတ်မြောက်သူများဟု ဆရာတော်ကြီးများနှင့် အများကဆိုကြသည်။
“အဘွားတို့ ညီအစ်မခြောက်ယောက်လုံး ဆုံတဲ့အချိန်ရှိတယ်။ အဲ့ဒါက ဘယ်အချိန်လဲဆိုရင် တရားစခန်းဝင်တဲ့ အချိန်ပဲ၊ ငယ်ရွယ်စဉ်ကတည်းက မိဘတွေကလည်း ဘုရားတရားလိုက်စားတဲ့သူတွေဖြစ်တဲ့အတွက် လူမှန်းသိတတ်စအရွယ်ကတည်းက တရားစခန်းနဲ့ အကျွမ်းဝင်ခဲ့ပါတယ်”ဟု အဘွားထွေးက ပြောသည်။
အဘွားသက်ရှည် ညီအစ်မခြောက်ယောက်ကို တောင်ကြီးမြို့၊ ဈေးမြောက်ဘက်၊ ရှုမ၀တိုက်တွင် ဘုရားဒါယိကာကြီး အဘိုးခင်နှင့် ဘုရားဒါယိကာမကြီးအဘွားရွှေတို့မှ မွေးဖွားသန့်စင်ခဲ့ပြီး ညီအစ်မခြောက် ယောက်နှင့်အတူ လေးယောက်မြောက်အဖြစ် အဘိုးသိန်းပါ မွေးဖွားသန့်စင်ခဲ့သည်။
မဟာစည်သာသနာ့ ရိပ်သာကြီး၊ သဒ္ဒမ္မရံသီ ရိပ်သာကြီး၊ ဓိပါယ်တိ ညာသာသနာ့ရိပ်သာကြီးနှင့် ဓမ္မရဝေတောရရိပ်သာတို့တွင် ဘွားသက်ရှည်တို့ တရားအရိပ်ခိုလှုံခဲ့ကြသည်။
“ဒီဇင်ဘာလောက်ရောက်ရင် ဆောင်းခိုတဲ့အနေနဲ့ အင်းတိုင်သတ္တမ ရောင်ခြည်ရိပ်သာမှာ တရားဘာဝနာပွားများကြတယ်။ အခုတော့ အသက်အရွယ်ရလာတော့ အိမ်မှာပဲ တရားစခန်းဝင် ကြတယ်။ အိမ်မှာဆိုပေမဲ့ တရားစခန်းနည်းအတူ တရားဘာဝနာပွားများကြပါတယ်။ မနက်တိုင်း လေးနာရီလောက် ထတယ်။ လေးနာရီကနေ စင်္ကြံလျှောက်တယ်။ ပြီးရင် တရားထိုင်တယ်။ တရားစာအုပ်ဖတ်တယ်။ တရားပြန်ထိုင်တယ်။ အသားတော့ သိပ်မစားပါဘူး။ အသီးအရွက်ပဲ စားပါတယ်။ ညနေဆိုရင် အရည်ပဲသောက်ပါတယ်”ဟု အကြီးဆုံးအဘွားခင်၏သမီးဖြစ်သူ ဒေါ်တင်သင်းသင်းသန်းက ပြောပြသည်။
ဘုရားဟောကြားခဲ့သည့် အသက်ရှည်အနာကင်းခြင်း ၅ ပါးဖြစ် သည့်
၁။ သင့်တင့်သောအမှုကိုပြုခြင်း
၂။ သင့်တင့်သောအစာကိုစားခြင်း
၃။ အစားအစာကို အတိုင်းအရှည်စားခြင်း
၎။ ဥတုရာသီအခါ အားလျော်စွာကျင့်ခြင်း
၅။ မြတ်သောအကျင့်ကိုကျင့်ခြင်း စသည့် လက္ခဏာများနှင့်လည်း သင့်တင့်လျောက်ပတ်စွာနေထိုင်လျက်ရှိသည်ကိုလည်း ဆွေမျိုးအသိုင်းအ၀ိုင်းများ ပြောပြချက်အရ သိရသည်။
အဘွားသက်ရှည် ညီအစ်မခြောက်ယောက်တို့သည် လပြည့်လကွယ် ၀ါတွင်းကာလပတ်လုံး ၇ ရက်တရားစခန်း၊ ၈ ရက်တရားစခန်းများတွင် တရားဘာဝနာပွားများလေ့ရှိကြောင်းလည်း သိရသည်။ အကြီးဆုံးအဘွားခင်မှာ အသက်တရာတနှစ်ထဲတွင်ရောက်ရှိနေပြီး ၎င်း၏ ညီအစ်မများဖြစ်သည့် ကျန်ရှိသည့်အဘွားများသည် အထက်အောက် သုံးနှစ်၊ လေးနှစ်၊ ငါးနှစ်အထိ ကွာကြောင်းသိရသည်။
အဘွားခြောက်ယောက်အနက် အဘွားခင်၊ အဘွားမြ၊ အဘွားလှ တို့မှာ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိပြီး ကျန်ရှိသည့်အဘွားကြည်၊ အဘွားသောင်း၊ အဘွားထွေးတို့မှာ တောင်ကြီးမြို့တွင် နေထိုင်လျက်ရှိပြီး ဒီဇင်ဘာလရောက်မှသာ တရားစခန်း၌ ပြန်လည်ဆုံတွေ့ကြသည်။
ဘုရားဟော တရားတော်များနှင့်အညီ ကျင့်ကြံနေထိုင်လျက်ရှိသည့် အဘွားသက်ရှည် ညီအစ်မခြောက်ယောက်တို့သည် မိမိတို့အတွက် အတုယူစရာပင်ဖြစ်သည်။ ပုံမှန်အချိန်တွင် ပုထုစဉ်များအနေဖြင့် အသက် အားနှင့် ၇၀ ကျော်လာလျှင် အကြားအာရုံချို့တဲခြင်း၊ အမြင်အာရုံ အားနည်းခြင်း၊ သိမြင်ခံစားမှု အာရုံချို့ယွင်းလာခြင်းစသည့် ခန္ဓာရလာ သည်နှင့်တပြိုင်နက် ခံစားရမည့်ဒုက္ခဆင်းရဲခြင်းများအား သူတို့ညီအစ်မမှာ ထူးဆန်းစွာခံစားရခြင်းမရှိဘဲ သဒ္ဓါ၊ သီလ၊ စာဂ၊ သုတ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဟူသော သူတော်ကောင်း ဥစ္စာ ၇ပါး နှင့်အညီ နေထိုင်လျက်ရှိသည့် အဘွားသက်ရှည် ညီအစ်မခြောက်ယောက်တို့၏ နေမှု၊ ထိုင်မှုသည် လေးစားအတုယူစရာ ကောင်းလှကြောင်း တင်ပြအပ်ပါသည်။
နေမင်းခ

No comments:

Post a Comment