လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, June 18, 2015

သောကတွေ များလို့ စိတ်ပင်ပန်းနေတာ

🍀
🌹
ပြင်ပလောကကြီးကို ကိုယ်လိုချင်သလိုဖြစ်အောင် ပြောင်းလဲယူဖို့
မရနိုင်ပါဘူး။ အင်မတန် ကြိုးစားရင် နည်းနည်းလောက်များ ရမလား မပြောတတ်ဘူး။ သို့သော် ကိုယ့်စိတ်ကိုကိုယ် သိပြီးတော့ သတိလေးနဲ့ ဥာဏ်လေးနဲ့ ကြည့်ပြီး ပြုပြင်နိုင်မယ်ဆိုရင်တော့ တဖြည်းဖြည်း စိတ်တည်ငြိမ်မှု၊ စိတ်အေးချမ်းမှု၊ ရင့်ကျက်မှုဟာ ပိုပြီးတော့ ရလာနိုင်မှာ အမှန်ပဲ။
🌹
အင်မတန်ရှုပ်ထွေးပြီးတော့ ပရမ်းပတာဖြစ်နေတဲ့ ခေတ်ကာလကြီးထဲမှာပဲ စိတ်ကြည်လင်မှု၊ အေးချမ်းမှုရှိအောင် ဘယ်လို နေသွားကြမလဲ။ မသေချာတဲ့ မရေရာတဲ့အလုပ်တွေ လုပ်နေကြရင်းနဲ့ကိုပဲ စိုးရိမ်မှု ပူပန်မှု နည်းအောင် ဘယ်လိုနေသွားကြမလဲ။ ဒါဟာ နည်းလမ်းရှာမှ ဖြစ်မယ်နော်။ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ အပြောင်းအလဲတွေ အင်မတန် မြန်နေတဲ့ ခေတ်ကြီးမှာ စိတ်တည်ငြိမ်အောင် အေးချမ်းအောင် တစ်နည်းနည်းနဲ့ မလုပ်ဘဲနဲ့ ဒီအတိုင်းသာ ဆက်သွားနေရမယ်ဆိုရင် ဒီဒဏ်ကို ဒီစိတ်ဟာ ခံနိုင်မှာ မဟုတ်တော့ဘူး။ သောကတွေများလာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတာမျိုး ဖြစ်သွားနိုင်တယ်။ တစ်နေ့နေ့တော့ ဒီစိတ်ဟာ ချုံးချုံးကျသွားနိုင်တယ်။
🌹
ပရမ်းပတာဖြစ်နေတဲ့ မသေချာ မရေရာမှုတွေ အပြည့်ရှိနေတဲ့အထဲမှာ ကိုယ်ကလမ်းရှာပြီး သွားလို့ရတယ်။ ဥပမာ- အင်မတန် ရေစီးသန်ပြီး ကျောက်ဆောင်တွေ အချွန်အတက်တွေ အကွေ့အကောက်တွေပေါတဲ့ ဖြစ်ကြီးထဲမှာ လူတွေ မျောပါနေကြတယ်။ တချို့လူတွေက တစ်ကိုယ်လုံးမြုပ်ပြီး ပျော်နေတယ်။ သူတို့ဟာ အချွန်အတက်တွေနဲ့ တိုးမိတယ်။ အကွေ့အကောက် ရှိနေရင်လည်း တိုက်မိမယ်။
ရေစီးသန်သန်နဲ့ မျောပါလာတဲ့ သစ်တုံးကြီးတွေနဲ့ ဝင်ဆောင့်မိမယ်။
တချို့ကတော့ ခေါင်းလေးဖော်ပြီး မျောနေတယ်။ သူတို့က အန္တရာယ်ကို
ရှောင်နိုင်တယ်။ အဝေးကနေ ကွင်းပြီး ရှောင်လို့ရတယ်။ ဒါကြောင့်
မျောနေတာချင်းအတူတူ ခေါင်းလေးဖော်ပြီး မျောနေတဲ့သူက အင်မတန် သက်သာတယ်။ ခေါင်းဖော်ပြီး မျောတတ်ဖို့ လိုပါတယ်။
🌹
အရင်ခေတ်ကလူတွေရဲ့ဘဝဟာ ဘာနဲ့တူသလဲဆိုတော့ မြို့ပတ်ရထားလမ်းပေါ်မှာ သွားနေတဲ့ရထားနဲ့ တူတယ်။ မြို့ပတ်ရထားလမ်းပေါ်မှာ သွားနေတဲ့ရထားဟာ ပုံမှန် ဒီဘူတာက ထွက်တာ နောက်ဆုံး ပြန်လာရင် ဒီဘူတာကြီးပဲ ပြန်ဆိုက်တယ်။
ပုံမှန်နေတယ်။ ခုခေတ်လူတွေရဲ့ဘဝဟာ Hang glider စီးရတာနဲ့ တူနေတယ်နော်။ စက်မပါဘဲနဲ့ တောင်ပံကြီးက ငှက်လိုတောင်ပံကြီး လုပ်ထားတာ။ စက်မပါတဲ့အတွက်ကြောင့် ကိုယ်လိုချင်တဲ့ဘက်ကို ချက်ချင်း သွားလို့မရဘူး။ လေကြောင်းကိုကြည့်ပြီးတော့ အဆင်ပြေသလို ခုန်ပြီးတော့ တက်သွားလိုက်ရတာနော်။ လေကြောင်းနဲ့ တည့်နေလို့ရှိရင် ဝဲလို့ရတယ်။ တဖြည်းဖြည်း ဝဲရင်း ဝဲရင်းနဲ့ အမြင့်ကို တက်လို့ရတယ်။ ပြီးမှ ကိုယ်လိုတဲ့ဘက်ကို ဦးတည်ပြီးတော့ ထိုးချလိုက်ရင် ရောက်သွားနိုင်တယ်။ အခု အဲဒီလိုခေတ်မျိုး ဖြစ်နေပါပြီ။ လေကြောင်းကို အင်မတန် ဥာဏ်ကြီးကြီးနဲ့ အကဲခတ်ရလိမ့်မယ်။ ပတ်ဝန်းကျင် အခြေအနေ ခေတ်အခါ အခြေအနေကို အင်မတန် သတိထားပြီး အကဲခတ်ရလိမ့်မယ်။ အဲဒီလို အကဲခတ်ပြီးတော့ အဆင်ပြေသလို ကြည့်ပြီးတော့ နေသွားမှ ဖြစ်မယ်။ "ငါလုပ်ချင်သလို လုပ်လို့
မဖြစ်ပါလား" လို့ စိတ်ညစ်နေလို့ မဖြစ်တော့တဲ့ ခေတ်ပါနော်။ ဒါကြောင့် အခုခေတ်၊ အထူးသဖြင့် လူငယ်တွေကို ပြောချင်တာ၊ ပေါ့ပေါ့နေလို့
မရတော့ဘူး။ အစွမ်းအစတွေ အများကြီး ထုတ်ရလိမ့်မယ်၊၊ အကြံဥာဏ်တွေ အများကြီး ထုတ်ရလိမ့်မယ်။ အလုပ်တွေကို အမျိုးမျိုး လုပ်ရလိမ့်မယ်၊ လုပ်နိုင်ရမယ်။ အမျိုးမျိုး စမ်းပြီးတော့ လုပ်ကြည့်ရမယ်။ ပြီးမှ ကိုယ်နဲ့ အဆင်ပြေတာလေး တွေ့ချင်တွေ့မယ်၊၊ အဲဒီ အဆင်ပြေတာလေးနဲ့ တွေ့ရင်တောင်မှ "ဒီအလုပ်လေးနဲ့ ငါ တစ်သက်လုံး လုပ်ကိုင်စားသောက် သွားရလိမ့်မယ်" လို့ မမျှော်လင့်နဲ့..။
ပြောင်းသင့်ရင် ပြောင်းရဦးမှာ။ မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့အခါမှာ ကြိုတင်ပြင်ဆင်ထားနိုင်တဲ့သူမှသာ ဘဝကို အဆင်ပြေပြေ နေနိုင်မယ်။ ဘဝဆိုတာ ကိုယ့်ရဲ့ ဥာဏ်ပညာ လုံ့လဝီရိယ လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းတဲ့ စာမေးပွဲပဲလို့ သဘောထားပြီးတော့ ကိုယ့်အစွမ်းအစတွေကို အမြဲတမ်း မြှင့်တင်ရင်း နေသွားရမယ်။
🌹
ရှေ့လျှောက် ကိုယ့်ဘဝကို အဆင်ပြေပြေ နေသွားချင်တယ်ဆိုရင်
စိတ်ငြိမ်းချမ်းမှုကို မပျက်အောင် ထိန်းပြီးနေနိုင်တဲ့ အရည်အချင်း ရှိမှ
ဖြစ်မယ်။ သောကဖြစ်စရာတွေ ရှိနေပေမယ့် လုပ်သင့်တာတွေကို ဆက်ပြီးလုပ်နိုင်အောင် ဘယ်လိုသဘောထားရမယ်၊ ကိုယ့်ရဲ့ အင်အားတွေ ကိုယ့်ရဲ့ စိတ်တည်ငြိမ်မှုတွေ ကိုယ့်ဘဝရဲ့ အဓိပ္ပါယ်တွေ ပျောက်မသွားအောင် ဘယ်လိုနေရမယ် ဓိတ်ဓာတ်မကျဖို့
ကိုယ့်ကိုယ်ကိုယုံကြည်မှု ကျမသွားဖို့ ဘယ်လိုလုပ်ရမယ်ဆိုတာကို
လေးလေးနက်နက် သိထားရမယ်၊၊ လေ့လာရမယ်။
🌹
လိုချင်တာ မရတာနဲ့ ပတ်သက်ပြီးတော့ စိတ်လှုပ်ရှားမှုသိပ်မဖြစ်ဘဲ
လုပ်စရာရှိတာကို ဆက်လုပ်နိုင်တဲ့သူ၊ စိတ်မပျက်တဲ့သူက ရေရှည်မှာ လိုချင်တာ ပိုရတယ်။
🌹
ပင်ပန်းနေတဲ့အခါ၊ အလုပ်တွေများပြီးတော့ မနိုင်မနင်းဖြစ်နေတဲ့ အခါမျိုးမှာ တရားထိုင်ဖို့ အလိုအပ်ဆုံးပဲ။ ခန္ဓာကိုယ်ဆိုတာ သိဖို့ရာ လွယ်ကူပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ထင်ရှားတာကို ရသလောက် သတိကပ်ပြီးတော့ နေဖို့၊ စိတ်ထဲမှာ စိတ်ညစ်စရာ၊ သောကဖြစ်စရာ၊
ပူပန်စရာတွေကို တွေးလာပြီဆိုရင်လည်း အဲဒါကို မြန်မြန် သတိလေးနဲ့
ကပ်ပြီးတော့သိလိုက်ဖို့က ပထမအဆင့်ပဲ။ သတိနဲ့နေတဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် စိတ်က ကြည်လင်အေးချမ်းမှု ရှိလာတဲ့အတွက်ကြောင့် ကိစ္စတစ်ခုခုကို ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ ပြောစရာရှိရင်လည်းပဲ ဘယ်လိုပြောရင် ကောင်းမလဲဆိုတာကို စိတ်
ကြည်ကြည်လင်လင်လေးနဲ့ စဉ်းစားလို့ရှိရင် ပိုပြီးတော့ သင့်တော်တဲ့
သဘာဝကျတဲ့ မျှတတဲ့ အစီအစဉ်လေး တွေ့ပါလိမ့်မယ်။ စိတ်ကြည်လင် အေးချမ်းနေတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့၊ ရလာတဲ့ စိတ်ကူးဟာ ပိုပြီးတော့ အဆင်ပြေဖို့ များပါတယ်။
🌹
အရေးကြီးတာကို အရေးကြီးတာမှန်းလည်း မသိဘူး။ အရေးမကြီးတာကို
အရေးမကြီးတာမှန်းလည်း မသိဘူး။ မသိဘဲနဲ့ အရေးမကြီးတာတွေရော၊
အရေးကြီးတာတွေရော ရောလိုက်ပြီးတော့ "အားလုံးကိုပဲ အရေးကြီးတယ်" ထင်နေကြလို့ ဒီလောက် စိတ်ရှုပ်ပြီးတော့ ဒီလောက် စိတ်ပင်ပန်းနေတာပါ။
🌹
ကိုယ့်စိတ်ထဲမှာ သောကများနေရင် စာရွက်လေးတစ်ရွက် ယူပြီးတော့ ငါ
ဘယ်ကိစ္စတွေနဲ့ သောကများတယ်ဆိုတာကို နံပါတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉၊ ၁ဝ ထိုးပြီးတော့ ရေးချကြည့်စမ်းပါ။ ရေးချပြီးတော့ ပြန်စဉ်းစားကြည့်စမ်းပါ။ ဒီကိစ္စတွေအတွက်နဲ့ ငါ စိတ်ဆင်းရဲနေခဲ့တာ ဘယ်လောက် ကြာပြီလဲ၊ ပူနေတာ ဘယ်လောက် ကြာပြီလဲ။ ဒီကိစ္စကို အဆင်ပြေအောင် ငါ ဘယ်လိုနည်းနဲ့ လုပ်ရင် ရမလဲ၊ ဘယ်သူနဲ့ တိုင်ပင်ရင် ရမလဲ၊ ဘယ်လို ပြောလိုက်ရင် အဆင်ပြေသွားမလဲ၊
နည်းလမ်းရှာလိုက်ပါ။ ထပ်ခါတလဲလဲ မပြီးနိုင်အောင် တွေးနေတာက ပိုပြီးတော့ အင်အားကို ကုန်ခန်းသွားစေတယ်နော်။
🌹
နေ့စဉ်နဲ့အမျှ ဒေါမနဿလို့ခေါ်တဲ့ မကျေနပ်မှုတွေ တစ်နေ့ကို
အကြိမ်ပေါင်းများစွာ ဖြစ်နေမယ်ဆိုရင် ဒီဒေါမနဿကြောင့် ဖြစ်ပေါ်လာတဲ့၊ ကြမ်းတမ်းတဲ့၊ ပူလောင်တဲ့ စိတ္တဇရုပ်တွေကြောင့် ခန္ဓာကိုယ်ပျက်စီးမှုနှုန်းဟာ များလာတယ်။ အဲဒါ မကြောက်ဘူးလား၊ ကြောက်စရာ မကောင်းဘူးလား။ အဲဒီလို တစ်ကိုယ်လုံးမှာ ဖြစ်နေတဲ့ တင်းကျပ်မှု၊ စိတ်ထဲမှာ တင်းကျပ်မှု၊ အလိုမကျမှု၊ စိတ်ညစ်ညူးမှု၊ စိတ်နောက်ကျိမှုတွေ များလာလေလေ အားကုန်လေလေပဲ။
အားကုန်ရုံတင် မကဘူး၊ ဒီခန္ဓာကိုယ်နဲ့ ဒီစိတ် ပျက်စီးမှု ပိုများလာတယ်။
မြန်မြန်အိုသွားတယ်။ စိတ်ဓာတ်အင်အားတွေ ကုန်သွားလို့ အေးအေးဆေးဆေး နက်နက်နဲနဲ စဉ်းစားရမယ့်ကိစ္စကျတော့ အားမရှိတော့ဘူး။ တရားအားထုတ်ဖို့ဆိုတာ ကျန်းမာဖို့၊ အားရှိဖို့ အများကြီး လိုတယ်နော်။ ဒါကြောင့် ကိုယ့် ခန္ဓာကိုယ်အားနဲ့ စိတ်အားကို ချွေတာဖို့ အလွန့်အလွန် အရေးကြီးပါတယ်။ ဒီအင်အားက ပိုက်ဆံပေးပြီးတော့ ဝယ်ချင်တိုင်း ဝယ်လို့ မရဘူး။ တစ်နေ့ကျရင် ဒီလို ပူလောင်မှုတွေကများပြီးတော့ ခန္ဓာကိုယ်ရော စိတ်ရော လုံးလုံးပုံကျသွားတဲ့အခါမှာ ပြန်ပြီးတော့နာလန်ထူဖို့ဟာ ထင်သလောက် မလွယ်ပါဘူး။
🌹
အခုခေတ်လူတွေဟာ အလုပ်အင်မတန်များလွန်းလို့ မနက်နိုးနိုးချင်းပဲ လူက ယောက်ယက်ခတ်နေတယ်။ စိတ်က မအေးချမ်းဘူး။ စိတ်ထဲမှာ တင်းကျပ်မှုတွေ ရှိနေတယ်။ အဲဒီ တင်းကျပ်မှုက အင်မတန် ကြောက်ဖို့ကောင်းတယ်။ အဲဒါကို အမြဲတမ်း သတိထားပြီး လျှော့ချထားဖို့ လိုပါတယ်။ တင်းကျပ်မှု (tension)များရင် အင်မတန် အားကုန်တယ်။ မကျေနပ်မှုအခံဓာတ် (Recidual Frustration) ရှိနေရင် တစ်ခုခုဖြစ်တိုင်း
အဲဒီ အခံဓာတ်က ကြီးကြီးလာတယ်။ ကိုယ့်စိတ်ကို ကြည့်ပြီးတော့ အဲဒီ
အခံဖြစ်နေတဲ့ မကျေနပ်မှုလေးကို သိနေပြီး ရှုမှတ်နေရင် ပြေသွားတယ်။ ဒေါသရဲ့သဘာဝက သူ့အကြောင်းကောင်းကောင်း သိသွားရင် သူ အစွမ်းမပြနိုင်တော့ဘူး။ အခုလို အမြဲတမ်း ဒေါသကို ဖြေထားနိုင်တဲ့လူဟာ တော်ရုံတန်ရုံ စိတ်ဆိုးစရာတွေ့ပေမယ့် ပေါက်ကွဲတဲ့အဆင့်ကို မရောက်တော့ဘူး။ အဲဒီလို မပေါက်ကွဲတဲ့
အတွက်ကြောင့် ကိုယ့်မှာ သက်သာမှု ရှိတယ်။ တစ်ဖက်သားမှာလည်း ကိုယ့်ကြောင့် စိတ်ဆင်းရဲမှု မဖြစ်ဘူး။ လုပ်ရမယ့် ကိစ္စကိုလည်း စိတ်အေးအေးနဲ့၊ သတိနဲ့၊ ဥာဏ်နဲ့ ယှဉ်ပြီးတော့ လုပ်လိုက်ရတဲ့ အတွက်ကြောင့် အကောင်းဆုံးအရည်အသွေးတွေ ထွက်နေတယ်။ ပိုပြီးတော့ အဆင်ပြေတယ်။
🌹
တချို့ခေတ်ကာလမှာ လူတွေဟာ စိတ်အေးချမ်းမှု မရှိဘူး။ စိတ်ချ လက်ချ လုံလုံခြုံခြုံ နေနိုင်မှု မရှိဘူး။ ကြောက်နေရတယ်၊၊ စိုးရိမ်နေရတယ်။ အထူးသဖြင့် လူလူချင်း ကြောက်နေရတယ်။ အဲဒီလို ကြောက်နေရတဲ့လူ့အသိုင်းအဝိုင်းမှာ လူတွေရဲ့ အမွန်မြတ်ဆုံး စိတ်နေသဘောထားတွေဟာ ထွက်ပေါ်မလာနိုင်ဘူး။ ဣနြေ္ဒရရ သိက္ခာရှိရှိ မနေနိုင်ကြဘူး။ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရ၊ စိတ်မချရလို့ ဦးတဲ့လူက အနိုင်ကျင့်တတ်တဲ့စိတ်ထားတွေ ဖြစ်လာတယ်။ လူလူချင်း အခွင့်အရေးယူတာတွေ များတယ်။ ခြိမ်းခြောက်တာတွေ များတယ်။ လူတွေ တစ်ကိုယ်ကောင်း ဆန်တယ်။
🌹
ကိုယ့်အကြောင်းကိုကိုယ် ပိုသိမယ်၊ ကိုယ့်ပတ်ဝန်းကျင်လောကကြီး
အကြောင်းကိုလည်း ပိုသိမယ်ဆိုရင် အခက်အခဲတွေက အပြောင်းအလဲတွေက ကိုယ့်ကို လွှမ်းမိုးသွားတာကို ခံရတာ နည်းမယ်။ ကိုယ်ခံအားကောင်းတဲ့သူဟာ ရောဂါပိုးကူးစက်မှုကို ပိုပြီးခံနိုင်သလိုပဲ။ ဒါကြောင့် စိတ်မှာ immunity ကောင်းအောင် လုပ်ရမယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေတာတွေကို မရေရာတာတွေကို ခံနိုင်ရည်ရှိဖို့အတွက် ကိုယ့်ရဲ့အတွင်းမှာပဲ အင်အားပိုကောင်းလာအောင် လုပ်ရမယ်။ အပြင်ကိုအားကိုးလို့ကတော့ ဘယ်လိုနည်းနဲ့မှ မရနိုင်တော့ဘူး။ အားကိုးရာ အားထားရာကို အတွင်းမှာ ဖြစ်လာအောင် လုပ်ရမယ်။
🌹🌹🌹
အတွေးတွေက စည်းကမ်းရှိလာတဲ့အခါ စိတ်ပင်ပန်းမှု တော်တော် နည်းသွားမယ်။ အချိန်ကုန် သက်သာမယ်။ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျ တွေးလို့ရမယ်။ အတွေး လမ်းချော်မသွားဘူး။ တစ်ခါတလေ အတွေးလမ်းချော်သွားရင် သိပြီးတော့ လမ်းကြောင်းပေါ် ပြန်တင်လို့ ရတယ်။ ဘယ်လောက် အရေးကြီးတဲ့ကိစ္စကို တွေးနေတာဖြစ်ပါစေ ကြားမှာ ခဏလောက် ဘာမှမတွေးဘဲ စိတ်ကို အနားပေးတတ်တဲ့ အလေ့အကျင့်ကို လေ့ကျင့်ဖို့ လိုတယ်။ တစ်နာရီမှာ တစ်မိနစ်လောက် အေးချမ်းတဲ့စိတ်နဲ့ နေနိုင်တယ်ဆိုရင်ပဲ ဒီလူဟာ စိတ်အခြေအနေ ပုံမှန်နေလို့ ရနိုင်တယ်။ စိတ်ကြည်လင်မှု ရအောင် နေလို့ရတယ်။
🌹🌹🌹
စိတ်ဆိုတာ ဝမ်းသာစရာထက် ပူစရာကို ပိုပြီးတော့ တွေးတတ်တယ်။ အဆင်ပြေတဲ့ကိစ္စထက် အဆင်မပြေတဲ့ကိစ္စကို ပိုတွေးတယ်။ အဲဒီတော့ အတွေးထဲမှာ နေတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူပဲ။
🌹🌹🌹
အာရုံတစ်ခုနဲ့ ကိုယ့်စိတ်နဲ့ တွေ့ဆုံတဲ့အခါမှာ ကိုယ့်စိတ်ရဲ့
ပူးပေါင်းဆောင်ရွက်မှုကို မရဘဲနဲ့ ခံစားမှု မဖြစ်နိုင်ဘူး။ ကိုယ့်စိတ်က
ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်ကိုကောက်မှ ခံစားမှုက ဖြစ်လာတယ်။ ဝမ်းနည်းစရာကိုလည်း ခံစားတတ်ရမယ်၊ ဝမ်းသာစရာကိုလည်း ခံစားတတ်ရမယ်။ ဝမ်းနည်းစရာကြုံပါလျက်နဲ့ ဝမ်းမနည်းတတ်တဲ့သူဟာ (တရားထူးရပြီးလို့ ဝမ်းမနည်းတော့တာ မဟုတ်ရင်) စိတ်ဓာတ်ချို့တဲ့မှု ရှိနေတယ်လို့ ဆိုနိုင်တယ်။ ခံစားမှု သေနေတာနဲ့ တူတယ်။ ဒါပေမယ့် ခံစားမှု လွန်ကဲလွန်းရင်လည်း စိတ်ရောဂါလို့ ဆိုနိုင်တယ်။ ဖြစ်လာတဲ့ အခြေအနေ အတွေ့အကြုံနဲ့ လိုက်လျောမှုရှိတဲ့ ခံစားမှုမျိုးဖြစ်ရင် ပုံမှန်စိတ်ရှိတယ်လို့ ဆိုနိုင်တယ်။
🌹🌹🌹
ကိုယ့်ဘဝမှာ စိတ်ဆင်းရဲမှုတစ်ခုခု ကြုံလာတဲ့အခါမှာ ကိုယ့်ဘက်က
ပူးပေါင်းဆောင်ရွက်မှု ပါနေတယ်ဆိုတာကို သဘောပေါက်ဖို့ လိုတယ်။
လူတစ်ယောက်ရဲ့ဘဝမှာ အခက်အခဲတွေ ဒုက္ခတွေ ထပ်ခါတလဲလဲ ကြုံရပြီဆိုရင် အဲဒီလူဟာ သူ့ဟာသူ စဉ်းစားဖို့ ကောင်းပြီ။ "ငါ့မှာ ဒုက္ခတွေ ဒီလောက်များအောင် ငါကိုယ်တိုင်က ဘယ်လောက် ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်ပေးနေသလဲ။" ကိုယ့်ဘဝမှာ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှု အမျိုးမျိုးဖြစ်ဖို့၊ အဆင်မပြေဖြစ်ဖို့၊ မအောင်မြင်ဖို့၊ မကြီးပွားဖို့ လုပ်နေတဲ့အကြောင်းတရားဟာ ကိုယ့်စိတ်ထဲမှာပဲ ရှိတယ်။ ဒါကြောင့် တရားအားထုတ်ပြီးတော့
ကိုယ့်စိတ်ကို ကိုယ်ကြည့်ပြီးတော့ မိမိကိုယ်တိုင် အဲဒီလို ကိုယ့်ဟာကိုယ်
ဒုက္ခရောက်အောင် မတိုးတက်အောင် မကြီးပွားအောင် လုပ်နေတာတွေကို မြင်ပြီးတော့ သိပြီးတော့ ရပ်တန့်လိုက်မယ်ဆိုရင်၊ ဖယ်ရှားလိုက်မယ်ဆိုရင် ကိုယ့်ဘဝဟာ ပိုပြီးတော့ လမ်းချောသွားလိမ့်မယ်။
🌹🌹🌹
အားနည်းချက်တစ်ခုကိုဖုံးဖို့ ကြိုးစားလေလေ ဘာကိုဖုံးဖို့ ကြိုးစားနေတယ်ဆိုတာ လူသိလေလေပဲ။ ဝန်ခံလိုက်တဲ့အားနည်းချက်ကို ပြုပြင်ရတာ လွယ်သွားတယ်။ ဝန်ခံလိုက်တာနဲ့ပဲ အဲဒီ အားနည်းချက်ဟာ အရင်လောက် မဆိုးတော့ဘူး။ စိတ်ဓာတ် ရင့်ကျက်လာလေလေ ကိုယ့်အားနဲချက်ကို ဝန်ခံရမှာ မကြောက်လေလေဘဲ။ ဝန်ခံနိုင်တဲ့စိတ်ဟာ မကြောက်တဲ့စိတ် ဖြစ်တယ်။ ဝန်ခံနိုင်တဲ့စိတ်ဟာ
သတ္တိရှိတဲ့စိတ်ဖြစ်တယ်။ ဝန်ခံနိုင်တဲ့စိတ်ဟာ ရိုးသားတဲ့စိတ် ဖြစ်တယ်။
ဝန်ခံနိုင်တဲ့စိတ်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူရဲ့စိတ် ဖြစ်တယ်။
ဝန်ခံနိုင်တဲ့စိတ်ဟာ ပိုပြီး လွတ်လပ်မှုရှိတဲ့စိတ် ဖြစ်တယ်။ ဝန်ခံလိုက်ပြီးရင် ပိုပြီး ကောင်းတာတွေကို လုပ်နိုင်တယ်။ ဝန်မခံနိုင်ရင် စိတ်ထဲမှာ တင်းကျပ်မှု (stress) ဖြစ်တယ်။ ဒီ တင်းကျပ်မှု (stress) ကြောင့် အားအင် ကုန်ခန်းတယ်။ တခြားကောင်းတဲ့ကိစ္စတွေကို အဲဒီအချိန်မှာ မစဉ်းစားနိုင်ဘူး၊ မလုပ်နိုင်ဘူး။
🌹🌹🌹
သိပ်ပင်ပန်းလွန်းတဲ့အခါ စိတ်မရှည်ဘူး။ မလွှဲသာ မရှောင်သာ ပင်ပန်းလွန်းတဲ့အခြေအနေကို ကြုံရရင် စကားများများ မပြောပါနဲ့။
ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ပြောစရာရှိတာကို နောက်မှ အေးအေးဆေးဆေး ပြောမယ်ဆိုတဲ့အကြောင်း မှာထားပြီး အနားယူပါ။
🌹🌹🌹
စိတ်အေးချမ်းတဲ့သူအဖို့တော့ သစ်ပင်တွေကြားထဲမှာ လေတိုးသွားတဲ့
အသံလေးကိုက စိတ်ကို တစ်မျိုးအေးချမ်းစေတယ်။ မြို့ကြီးပြကြီးတွေမှာ
အလုပ်အကိုင်တွေနဲ့ သောကများပြီး စိတ်ရှုပ်နေကြတဲ့သူတွေအဖို့ ဒါတွေကိုခံစားနိုင်ဖို့ သိပ်မလွယ်ဘူး။🌿🌿🌿
➖➖➖🔹🍄🍄🔹➖➖➖
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫️ ▫️ ၏ ▫️ ▫️
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
(page 322-329)
credit to original loader.

No comments:

Post a Comment