လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, June 12, 2015

သမိုင်းသင်တာ မအ အောင် တဲ့ ။

သမိုင်းဆရာကြီးဒေါက်တာသန်းထွန်းကပြောခဲ့တယ် ။ သမိုင်းသင်တာ မအ အောင် တဲ့ ။
ကမ္ဘကြီးလို့ ဖြစ်တည်လာပြီ ၊ သက်ရှိမျိုးနွယ်တွေ ဖြစ်ပေါ်လာပြီ ၊ လူသားတွေ ရှင်သန်တိုးတက် လာပြီ ၊ဒါဆိုရင် သမိုင်းဆိုတာကြီးက ဖြစ်ပေါ်လာရမှာပဲ။
လူသားဖြစ်တည်လာရင် ကိုးကွယ်မှု ဆိုတဲ့ ဘာသာတရားကလည်း ဒွန်တွဲပါလာတယ်။
ဘာသာရေးဆိုတာလည်း အမျိုးမျိုး ပေါ်ထွန်းခဲ့ကြတယ်။
တစ်ဘာသာနဲ့တစ်ဘာသာ ရောယှက်တာတွေရှိလာတယ်။ တိုက်ခိုက်တာတွေ ရှိခဲ့တယ်။
ဘာသာတရားတွေမှာ ဗြဟ္မဏဘာသာက အစောဆုံးထွန်းကားခဲ့တယ် ။ ခုနှစ်နဲ့ အတိကျသတ်မှတ်မှတ်တမ်းတင်ထားတာတောင် မတွေ့ရဘူး။
BC 570 ၀န်းကျင်လောက်မှာ ဗုဒ္ဓဘာသာ ပေါ်ထွန်းလာတယ်။ ဗုဒ္ဓပွင့်ပြီး ခရစ်ယာန်ဘာသာ ပေါ်ထွန်းလာတယ်။ ခရစ်ယာန် ဘာသာပေါ်ပြီး နှစ်ပေါင်း 500 ကျော်မှာ အစ္စလာမ်ဘာသာပေါ်ထွန်းလာတယ်။
ဘာသာတရားတွေဟာ ပေါ်ထွန်းပြီးစ နောက်ပိုင်းမှာ ဂိုဏ်းကွဲတွေ အသီးသီး ကွဲထွက်ခဲ့ကြတယ်။
ဒီနေရာမှာ ဗုဒ္ဓဘာသာ အကြောင်းကိုသာ အကြမ်းဖျင်းဆွေးနွေးမယ်။
ဘုရားရှင်ပရိနိဗ္ဗာန်စံပြီးနောက် သာသနာသက္ကရာဇ် ၁ နှစ်တွင် တောထွက်ရဟန်းသုဘဒ် ရဟန်းကို အကြောင်းပြုပြီး ပထမသံင်္ဂါယနာ တင်ခဲ့တယ်။
သာသနာသက္ကရာဇ် ၁၀၀ မှာ ၀ဇ္ဇီတိုင်းသားရဟန်းဆိုးတို့ရဲ့ အဓမ္မ၀ါဒ ဆယ်ချက်ကိုအကြောင်းပြုပြီး ဒုတိယသံင်္ဂါယနာ တင်ခဲ့ကြရပြန်တယ်။
ဝဇ္ဇီတိုင်းသားရဟန်းတို့ကလည်း ဂိုဏ်းခွဲထွက်ပြီး စင်ပြိုင်သံင်္ဂါယနာ တင်ခဲ့တယ်။ မဟာယန ဖြစ်လာမဲ့ အစပဲ။
အသောကမင်းကြီးရဲ့ ဖခင်က တိတ္ထိ ၆ သောင်း ကိုနေ့စဉ်ဆွမ်းလုပ်ကျွေးတဲ့ ဒါယကာဖြစ်တယ်။အသောကမင်းလက်ထက်မှာလည်း ဆက်လက်လုပ်ကျွေးခဲ့တယ်။
ကလိင်္ဂစစ်ပွဲပြီးတော့နောင်တအကြီးကျယ်ရနေတဲ့ အသောကမင်းကြီးဟာ တူတော်သူ နိဂြောဓသာမဏေ ရဲ့ ဣနြေ္ဒနူးညံ့သိမ်မွေ့မှုကိုမြင်တွေ့ ကြည်ညိုသွားပြီး ဗုဒ္ဓဘာသာဖြစ်လာခဲ့တယ်။
တိတ္ထိတွေကို နှိပ်ကွပ်ခဲ့တယ် ။
လာဘ်လာဘပိတ်ပြီး အထိနာခဲ့တဲ့ တိတ္ထိတွေဟာ ဗုဒ္ဓဘာသာရဟန်းယောင်ဆောင်ပြီး ဗုဒ္ဓဘာသာကို ဖျက်ဆီးဖို့လုပ်ခဲ့တယ်။ ဒီလိုနဲ့ ဗုဒ္ဓဘာသာထဲမှာ ၀ါဒအရောရောတွေဖြစ်လာတယ်။
အသောကမင်းကြီးက ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ရဲ့အကူညီယူပြီး သာသနာသက္ကရာဇ် ၂၃၅ မှာ တတိယသင်္ဂါယနာ တင်ခဲ့ရတယ်။
ဗုဒ္ဓသာသနာဟာ ဗုဒ္ဓဘာသာမင်းတွေလက်ထက်မှာ တိုးတက်ခဲ့ပေမဲ့ တခြားဝါဒတွေရာယှက်ခံရခြင်း ၊ ဘာသာခြားမင်း တက်လာပါက အနှိပ်ကွပ်ခံ ခဲ့ရခြင်းတို့ကြောင့် အိန္ဒိယမှာ ဗုဒ္ဓသာသနာ ပျောက်ကွယ်ခဲ့ရတယ်။
ဗုဒ္ဓဘာသာဂိုဏ်းကွဲ မဟာယာန ဆိုရင် အပေါ်ယံ ဗုဒ္ဓဘာသာ အဆင့်သာရှိတော့ပြီး အတွင်းအနှစ်သားကတော့ ဗြဟ္မဏ၀ါနဲ့ ထပ်တူဖြစ်ကုန်တယ်။
ပထမသင်္ဂါယနာမှစပြီး မထေရ်ကြီးများတင်ခဲ့တဲ့ ထေရ၀ါဒ စစ်စစ်ဟာ မိမိတို့နိုင်ငံမှာ ထွန်းကားခဲ့တယ်။ ဒါတောင်တစ်ချိန်က ပုဂံမှာ မဟာယာအဆက်နွယ် အရည်းကြီးဝါဒပေါ်ပေါက်ခဲ့သေးတယ်။
ထေရ၀ါဒကို ရောနှောဖျက်ဆီးဖို့ လုပ်ခဲ့တာက ဗြဟ္မဏ၀ါဒပဲ။
ဗြဟ္မဏ၀ါဒ မှာ ဝေဒလေးပုံရှိတယ်။
နတ်ဒေ၀ါတွေရဲ့ ဘုန်းတော်ဘွဲ့ကိုဖော်ပြတာက " ဣရုဝေဒ" ။ ဘုန်းတော်ဘွဲ့ကိုရွတ်ဆိုနေယုံနဲ့မပြီးဘဲ နတ်ဒေ၀ါများကို ယဇ်ဖြင့်ပူဇော် ဖို့အတွက် ယဇ်ပူဇော်ရာနည်းလမ်းကိုပြတာက " ယဇုဝေဒ " ။ ဘုန်းတော်ဘွဲ့ကိုရွတ်ဆိုတဲ့ အခါ တေးဂီတများနဲ့ ရွတ်ဆိုဖို့အတွက် ဂီတများကိုဖော်ပြတာက " သာမဝေဒ " ။ ရွတ်ဆိုတဲ့အခါ အသံနေအသံထားတတ်ဖို့ အတွက်ပြတာက " အာထဗ္ဗဝေဒ " တို့ဖြစ်တယ်။
ဗြဟ္မဏလူတန်းစားက မန္တာန်တွေရွတ်ပေးတယ် ၊ အသားငါသတ်ပြီး ယဇ်ပူဇော်ပေးတယ်။ မန္တာန်တွေဟာ မြင့်မြတ်တဲ့ ဗြဟ္မာဖြစ်တယ် ။ အဲဒီမန္တာန်များကို ရွတ်ဖတ်လေ့ရှိသောကြောင့် ယဇ်ပရောဟိတ်များကို " ဗြဟ္မဏ " လို့ခေါ်တယ်။
ဗြဟ္မဏတွေက အဲဒီလိုချုပ်ကိုင်ထားချိန်မှာ ဘုရားပွင့်လာတော့ သူတို့ဝါဒမှားကြောင်းဘုရားကဟောပြောတယ်။ ဘုရင် ၊ သူဋ္ဌေး ၊ အစရှိ၍ တိုင်းသူပြည်သားများ ဘုရားတရားကိုယုံကြည်လာကြတော့ ဗြဟ္မဏ တွေ စားပေါက်ပိတ်တော့တယ်။
ဘုရားရှင်က ဗြဟ္မဏ ဆိုတာ မကောင်းမှုကို အပပြုပြီးသူလို့ဟောတယ်။
အထိနာခဲ့ကြတဲ့ ဗြဟ္မဏတွေဟာ ဘုရားရှင်ကို နည်းမျိုးစုံနဲ့ တိုက်ဖို့ တိုက်ဖို့ကြိုးစားကြတယ်။
ဗြဟ္မဏပညာရှိတွေဟာ ခေတ်အဆက်ဆက်မှာ သူတို့ရဲ့ဝေဒကျမ်းတွေကို ခေတ်နဲ့ညီအောင်ပြုပြင်ရေးသားခဲ့တယ်။
သာသနာသက္ကရာဇ် ၁၂၀၀ ကျော် ၊ အေဒီ ၈ ရာစု လောက်မှာ ဗြဟ္မဏပညာရှင် ရှံကရစရိယ က ဗြဟ္မဘာသာရေးကို ပြုပြင်ပြီး ဟိန္ဒူဘာသာ ပေါ်ပေါက်လာအောင် စွမ်းဆောင်ခဲ့တယ် ။
ဟိန္ဒူ ဆိုတာ "အိန္ဒုမြစ်ဝှမ်းကို အစွဲပြုပြီး ဂရိ နဲ့ ပါရှန် တို့က အိန္ဒုဘာသာ လို့ခေါ်ရာမှ ဟိန္ဒူဘာသာ ဖြစ်လာတယ်။
ဟိန္ဒူတွေရဲ့ နောက်ပေါ်ကျမ်းတွေမှာ မိမိတို့ကိုယ်းကွယ်တဲ့ ဗုဒ္ဓဂေါတမ ဟာ န၀မမြောက် ဗိဿနိုးဝင်စား ဘုရားအဖြစ်ဖော်ပြထားတယ်။
ဟိန္ဒူတွေက သုံးပါးတစ်ဆူ ဘုရားဝါဒ ရှိတယ်
သုံးပါးဆိုတာ ဗြဟ္မာ ၊ ဗိဿနိုး ၊ သျှီဝ ၊တို့ ဖြစ်တယ် ။သူတို့သုံးဦးကို အတိုကောက်ရှစ်ခိုးတဲ့အနေနဲ့ ဥုံ ကိုရွတ်ဆိုရတယ် ။ဥုံ ဆိုတာ အ ၊ ဥ ၊ မ သုံးလုံးကိုပေါင်းပြီးရွတ်ဆိုတာဖြစ်တယ်။
ဗြဟ္မာကြီး ကဖန်ဆင်းရေးတာဝန်ယူတယ် ၊ ဗိဿနိုးက ဖန်ဆင်းထားတာကို တိုးတက်အောင်တာဝန်ကိုယူတယ် ။ သျှီဝက ဖျက်ဆီးရေးတာဝန်ကိုယူတယ်။
သူတို့မှာ ကြင်ယာတော်သုံးယောက်ရှိတယ်။
ဗြဟ္မာကြီးရဲ့ကြင်ယာတော်က သူရဿတီ ဖြစ်တယ် ။သူကပညအလင်းရောင်ပေးပြီး ဝေဒစာပေကို စောင့်ရှောက်တယ်။
ဗိဿနိုးရဲ့ကြင်ယာတော်က လက်ချမီး ဖြစ်တယ် ။သူက ဥစ္စာတိုးပွားရန် ပေးကမ်းမှုတာဝန်ယူတယ် ။
သျှီဝရဲ့ကြင်ယာတော်က ပါရာဝတီ ဖြစ်တယ်။ သူက သျှီဝလိုပဲ ဖျက်ဆီးရေးတာဝန်ယူတယ်။
အဲဒီဗြဟ္မဏအယူဆတွေကို အခုအချို့သောဗုဒ္ဓဘာသာဝင်တွေအကြားမှာတွေ့နေရတယ်။
ဗြဟ္မဏတွေက သူတို့ဝါကိုဖြန့်ရာမှာ လိမ္မာပါးနပ်တယ်လို့ပြောရမယ်။
ဝေဒလေးပုံဆိုတာ ဗေဒင်လေးပုံပဲ ။ ဝေဒက နေ ဗေဒ ၊ ဗေဒင် ဆိုတာဖြစ်လာတယ်။ ဥုံ ခံရွတ်ဆိုမှုဟာ ဗုဒ္ဓဘာသာဝင်တွေအကြားနေရာယူလာတယ်။ ယဇုဝေဒ ဖြစ်တဲ့ ယဇ်ပူဇော်မှုကို ခေတ်နဲ့ညီအောင် လုပ်ခဲ့တယ်။ ဘုရားမပွင့်ခင်က သားသတ်ယဇ်ပူဇော်ရာကနေ နောက်ပိုင်းမှာ အသားငါးရှောင်ပြီး သစ်သီး ၊သစ်ဥနဲ့သာ ပြုလုပ်စေတယ်။ ဟိန္ဒူတွေ သတ်သတ်လွတ်စားခဲ့ကြတယ်။
အဲဒီ ယဇ်ပူဇော်မှု ဆိုတာ ယတြာ ပဲ ဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်တွေကြား အတော်ရေပန်းစားနေပြီ ဖြစ်တယ်။
ဗုဒ္ဓကိုတောင် ဗိဿနိုးဝင်စား ဘုရား ဖြစ်အောင် လုပ်ပလိုက်တယ်။
သူရဿတီ ဟာ ပဋိကတ်သုံးပုံစောင့်တယ် ဆိုပြီး တခမ်းတနား ကိုးကွယ်နေကြတာမှာ ရဟန်းတွေတောင် ပါနေတယ်။
စေတီရှိရင် ဂြိုလ်တိုင်ရှိတယ်လို့ ပြောရလောက်အောင် တိရစ္ဆာန်အရုပ်တွေကို ကိုးကွယ်မှုက ဘုရားရင်ပြင်အထိ ရောက်လာတယ်။
ဗုဒ္ဓက ကံ ကံ ၏အကျိုးကိုဟောတယ် ။ကံဆိုတာ မိမိကိုယ်တိုင်ပြုတဲ့ အမှုတွေဖြစ်တယ်။ စေတနာတရားလေးကို အဘိဓမ္မာနည်းနဲ့ ကောက်ရတယ်။ မိမိကိုယ်ကို ကောင်းအောင် ၊ဆိုးအောင်ပြုနေတာသည် မိမိသာဖြစ်တယ်။ ပဋ္ဌာန်းအားဖြင့် ကမ္မပစ္စည်းဖြစ်တယ်။
ဗြဟ္မဏတွေက ကောင်းမှု ဆိုးပြစ်သည်ဗြဟ္မာ ကဖန်ဆင်းနေတာဖြစ်တယ် ။ ဂြိုလ်နတ်တွေ က ပြုနေတာဖြစ်တယ် ။ဒါကြောင့် ကံကောင်းချင်ရင် ဗြဟ္မာကို ပူဇော်ရမယ် ။ဂြိုလ်ကို ပူဇော်ရမယ်။
မကောင်းတဲ့ ကံအညံ့တွေပျောက်အောင် ယတြာချေ ခြင်းဖြင့် ရှောင်လွှဲ လို့ ရတယ်လို့ပြောတယ် ။
အဲဒီလိုဖြောင့်ဖြောင့် ဆန့်ကျင်တဲ့ အယူဆနှစ်ခု ကိုလောဘအမှောင်ကြောင့် မမြင်မိကြတော့ဘူး ဖြစ်တယ်။
ဘာသာရေးသမိုင်းကို မသိရင် အ ယုံတင်မက ဘူး ၊ ပင်းလည်းပင်းမယ် ၊ ကန်းလည်းကန်းတော့တယ်။
အ ၊ ပင်း ၊ ကန်း ရင်တော့ သံသရာအမှောင်ချောက်ထဲ ဇောက်ထိုးကျရတော့တယ်။
ဘုရားပွင့်လာတာဟာ ကိုယ့်အတွက် မဟုတ်တော့ဘူး ။
ဗုဒ္ဓဘာသာလို့ ဆိုင်းဘုတ်လေးဆွဲထားရုံနဲ့ ဘုရားက ကယ်မှာမဟုတ်ပါဘူး။
ဘုရားရှင်က " ငါသည်ကယ်တင်ရှင်မဟုတ် ၊ လမ်းပြသူသာဖြစ်သည် " တဲ့ ။
လမ်းပြနေသူရှိနေပါလျက် မလျောက်ချင်တော့ ကိုယ့်လောက်မိုက်သူ ရှိပါအုံးတော့မလား ။
အရှင်ပညာသီိရိ(ရမ္မာကျွန်း)

No comments:

Post a Comment