လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, December 4, 2012

ဝဉ္စနာတရား(၃၇)ပါး။

ဝဉ္စနာတရား(၃၇)ပါး။ အရှင်ဆန္ဒာဓိက၏ကိုယ့်ကိုယ်စစ်စာအုပ်မှ။
၁။ သံယောဇဉ်နှင့်ချစ်တဲ့ (ရာဂ) ကို (မေတ္တာ)နှင့်ချစ်တယ်လို့ထင်တာမျိုး။
၂။ စိတ်ပူခြင်း၊စိုးရိမ်ခြင်း၊ဝမ်းနည်းပူဆွေးခြင်း(သောက)က(ကရုဏာ)ရောင် ဆောင်ခြင်း။
မိမိချစ်ရတဲ့သူတွေဆင်းရဲဒုက္ခရောက်နေတာကိုကြည့်ပြီးစိတ်မချမ်းမသာဖြစ်နေတာကို သနားတတ်တယ်၊စာနာတတ်တယ်လို့ထင်တာမျိုး။
၃။ ပျော်ရွှင်မြူးတူးခြင်းဆိုတဲ့ (ပဟာတ) က (မုဒိတာ) ရောင်ဆောင်ခြင်း။ သူတစ်ပါးရဲ့ အောင်မြင်မှုတစ် ခုခုကိုအကြောင်းပြုပြီးအူမြူး ခုန်ပေါက်နေတာ၊ ရယ်မောအော်ဟစ်နေ တာ၊ပျော်ပွဲနွှဲပြီးကဲနေတာ၊အပျော်ကြူးပြီးကဲနေတာကို မုဒိတာပွါးတတ်တယ်လို့ထင်တာ။
၎။ ကုသိုလ်အလုပ်မပြုလုပ်ခြင်းဆိုတဲ့ (နိက္ခိတ္တဓုရ) က (ဥက္ခော)ရောင်ဆောင်ခြင်း။ ကုသိုလ်ကိစ္စကြောင့်ကြမစိုက်ချင်တာ၊တာဝန်မယူချင်တာကိုကံအတိုင်းပဲမတတ်နိုင်ဘူးလို့ကံကိုလွှဲချပြီး အပျင်းထူနေတာမျိုး။
၅။ စိတ်ပူခြင်း၊စိတ်ဆင်းရဲခြင်းဆိုသော(စိတ္တသန္တာ) က(သံဝေဂ)ရောင်ဆောင်ခြင်း။ ရတာမလို၊လိုတာမရလို့၊အလုပ်အကိုင်အဆင်မပြေတာ၊ပြဿနာတွေနဲ့ ကြုံတွေ့ရလို့ စိတ်ဆင်းရဲနေတာ၊လောကကြီးအပေါ် မကြေမနပ်ဖြစ်နေတာကို၊ဘဝကြီးကိုငြီးငွေ့နေပြီ၊ သံသရာကြီးကိုထိတ်လန့်နေပြီလို့ထင်တာမျိုး။
၆။ သူတစ်ပါးအပေါ်မယုံကြည်ခြင်း(အသိဒ္ဓိယ)က ပညာခေါ်(ဝိမံသ) အရောင် ဆောင်ခြင်း။
ဟိုလူ့မယုံ၊ဒီလူ့မယုံ၊ဟိုဟာမယုံ၊ဒီဟာမယုံနဲ့နေရာတကာယုံမှားသံသယဖြစ်နေတာ၊သဒ္ဓါတရားခေါင်းပါး နေတာကိုပဲစူးစမ်းဆင်ခြင်တတ်တယ်၊ဝေဖန်ပိုင်းခြားတတ်တယ်လို့ ထင် တာကိုဝိဘဇ္ဇ ဉာဏ်ရှိတယ်လို့အသားလွတ်အထင်ကြီးနေတာမျိုး။
၇။ ပုဂ္ဂိုလ်ရေးဝေဖန်ပုတ်ခတ်ခြင်းဆိုတဲ့(ပုဂ္ဂလဂရဟိတ)က မကောင်းမှုကိုကဲ့ရဲ့ခြင်းဆိုတဲ့ (ပါပဂရဟိတာ)အရောင်ဆောင်ခြင်း။ကောင်းစေချင်လို့ပြောတာပါ၊သာသနာ့မျက်နှာကို ကြည့်ပြီးရေးတာပါလို့အသံကောင်းဟစ်ပေမဲ့တကယ်တန်းကျတော့ဆရာလုပ်ချင်တာ၊မနာလိုတာ၊နာကျည်းစိတ်တွေနဲ့အပြစ်မရှိအပြစ်ရှာပြီးပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာထိခိုက်အောင်ပြစ် တင်ဝေဖန်၊ကဲ့ရဲ့၊ရှုတ်ချ၊ပုတ်ခတ် စော်ကား တာမျိုး။
၈။ စကားကြမ်း၊စကားရိုင်းပြောခြင်းဆိုတဲ့ (ဖရုသဝါစာ) က အပြစ်ကိုနှိပ်ကွက်ပြီး ဆုံးမ ခြင်းဆိုတဲ့(နိဂ္ဂယှဝါဒိတာ) အရောင်ဆောင်ခြင်း။အပြစ်ရှိသူကိုနှိမ့်ချပြီးရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်းမာမာ ကြောကြောပြောဆိုတာကိုကောင်းစေချင်လို့မခံချင်စိတ်ရှိ အောင်ပြောတာလို့လှည့်စားတာမျိုး။
၉။ ဒကာဒကာမများအပေါ်အောက်ကြို့ပြောခြင်း(စာဋုကမျတာ)ကိုချစ်ဖွယ်သောစကား ကိုပြောခြင်း(ပိယဝါဒိတာ)ကအရောင်ဆောင်ခြင်း။လာဘ်လာဘကိုငဲ့ပြီးကိုယ့်ကိုယ် နှိမ့် နှိမ့်ချချနဲ့ခခယယ ဆက်ဆံတာကို စကားပြောချိုသာတယ်။သဘောကောင်းတယ်လို့ထင်တာ။
၁၀။ မိမိပိုင်ပစ္စည်းအားသူတစ်ပါးနှင့်မခွဲဝေမသုံးဆွဲခြင်း(အသံသိဘာဂသီလတာ) နှင့် အသက်မွေး ဝမ်းကြောင်းစင်ကြယ်ခြင်း (အာဇီဝပါရိသုဒ္ဓိ)။ ကိုယ့်ပစ္စည်းသူ များမပေးချင် လို့နှမြောတွန့်တိုနေတာကို သီလမစင်ကြယ်သူကိုလှူရင်အဆိပ်ပင်ရေလောင်းရာစိုး လို့ လို့အကြောင်းပြတာမျိုး။
၁၁။ မှားမှားယွင်းယွင်းအသက်မွေးခြင်း(မိစ္ဆာအာဇီဝ) နှင့် မိမိပိုင်ပစ္စည်းအားသူတစ်ပါးနှင့် ခွဲဝေမသုံးဆွဲခြင်း(သံဝိဘာဂသီလတာ)။သီလမစင်ကြယ်သူ တွေကိုထောက်ပံ့နေတာကို အလှူအတန်းရက်ရောတယ်လို့သူတစ်ပါးထင်စေချင်တာမျိုး။
၁၂။ တရားနှင့်အညီမချီးမြှောက်ခြင်း(အသင်္ဂဟသီလတာ) နှင့် ဒကာဒကာမများ နှင့်မရော နှောခြင်း(အသံသဂ္ဂဝိဟာရိတာ)။အခြေအနေပေး ပါလျက်စကားမပြောချင်တာ၊တရားမ ဟောချင်တာကို ဝိနည်းအထူးလေးစားသလို၊ပရိသတ်နဲ့မရောချင်သလိုဟန်ဆောင်တာမျိုး။
၁၃။ ရဟန်းနှင့်မသင့်တော်သောလူပေါင်းပေါင်းခြင်း(အနနုလောမိကဂိဟိသံသဂ္ဂ) နှင့် ချီးမြှောက်ခြင်း(သင်္ဂဟသီလတာ)။ရဟန်းစည်းလူစည်းမထားပဲလူအချင်းချင်း ပေါင်းသလို ပေါင်းတာမျိုးကို ဒကာဒကာမတွေအပေါ် မေတ္တာနဲ့ ချီးမြှောက်တယ်လို့ထင်တာမျိုး။
၁၄။ ကုန်းချောခြင်း(ပိသုဏဝါစတာ) နှင့် အမှန်စကားပြောခြင်း(သစ္စာဝါဒိတာ)။ တို့ကမှန် တာပြောတာပဲ ဘာဖြစ်လဲဆိုပြီးချစ်ခင်နေသူချင်း၊ ညီညွတ်နေသူ ချင်း အစည်းပြေသွား အောင်စကားကို ကိုယ်သိတိုင်း လျှောက်ပြောတာမျိုး။
၁၅။ သူတစ်ပါးအကျိုးမဲ့ကိုလိုလားခြင်း(အနတ္ထကာမတာ) နှင့် ကုန်းစကားမပြော ခြင်း (အပိသုဏဝါစတာ)။တစ်စုံတစ်ယောက်ရဲ့အကျိုးစီးပွါးပျက်ပြားအောင်တစ်စုံတစ်ယောက်ကကြံစည်ပြောဆို လုပ်ကိုင်နေ တာကို သိပါလျက်ကုန်းတိုက်ရာရောက်မှာစိုးလို့လို့ အကြောင်း ပြပြီးမပြောပဲနေတာမျိုး။
၁၆။ မိမိဒကာသူများဒကာဖြစ်သွားမှာစိုးရိမ်းခြင်း (ကုလမိစ္ဆရိယာ) ကိုမိမိ ဒကာအား ညှာတာသနားခြင်း၊အားနားခြင်း(ကုလာနုဒယာတာ) လို့စိတ်ကိုလှည့် တတ် တာမျိုး။
၁၇။ ကိုယ့်ကျောင်းသူများမလာစေလိုခြင်း၊ကျောင်းဝန်တိုခြင်း(အာဝါသမိစ္ဆရိယာ) ကို ကျောင်းရေရှည် တည်တန့်စေလိုခြင်း၊ကျောင်းမပျက်စီးစေလိုခြင်း(အာဝါသစိရတရကာ မတာ) လို့စိတ်ကိုလှည့်စားတာမျိုး။
၁၈။ တရားဓမ္မနှင့်ပတ်သက်ပြီးဝန်တိုခြင်း(ဓမ္မမစ္ဆရိယာ)နှင့် တရားဓမ္မနှင့်ပတ်သက်တာတွေ ကိုထိမ်းသိမ်း စောင့် ရှောက်ခြင်း(ဓမ္မပဋိဗန္ဓပရိဟာရဏတာ)။
၁၉။ အကျိုးမဲ့စကားများအချိန်ဖြုံးပြောဆိုရတာပျော်မွေ့ခြင်း(ဘဿာရာမတာ) ကိုတရား စကားပြောရတာ မွေ့လျောခြင်း(ဓမ္မဒေသနာဘိရတာ) လို့စိတ်ကို လှည့်ပတ်တာမျိုး။
၂၀။ အပေါင်းအဖေါ်နှင့်မွေ့လျောခြင်း(သင်္ဂဏိကာရာမတာ) ကိုတပည့်အပေါင်းကိုချီးမြှောက်ခြင်း(ဂဏာနုဂ္ဂဟကရဏတာ)လို့ စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
၂၁။ အမှုကိစ္စအမျိုးမျိုးမှာပျော်မွေ့ခြင်း (ကမ္မာရာမတာ) ကိုကုသိုလ်ကောင်းမှု၌ မွေ့လျောခြင်း(ပုညကမ္မတာ) လို့စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
၂၂။ ဒေါသနှင့်ရွံရှာစက်ဆုတ်ခြင်း(ဗျာပါဒ) ကိုဘာဝနာကမ္မဋ္ဌာန်း နှင့်ရွံရှာခြင်း (ပဋိကူလသညတာ) လို့စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
၂၃။ ကာမဂုဏ်အပေါ်တွင်နှစ်သက်ခြင်း (ကာမစ္ဆန္ဒ) ကိုဘာဝနာကမ္မဋ္ဌာန်းကြောင့်မရွံရှာခြင်း(အပ္ပဋိကူလသညတာ) လို့စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
၂၄။ အိပ်ချင်ငိုက်မျဉ်းခြင်း၊ပျင်းရိခြင်း(ထိနမိဒ္ဓ) က စိတ်တည်ငြိမ်ခြင်း၊ ဘေးအာရုံများ မသိတော့ခြင်း(သမာဓိ)လို့စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
၂၅။ စိတ်ပျံ့လွင့်ပြီးဟိုလုပ်ဒီလုပ်လျှောက်လုပ်ခြင်း(ဥဒ္ဓစ္စ) ကိုကြိုးစားခြင်း(ဝီရိယ) လို့စိတ် ကိုလှည့်ပတ် တတ်ပါတယ်။
၂၆။ အပ်၊မအပ်စိတ်ပူပန်ခြင်း(ကုက္ကုစ္စ)ကိုဝိနည်းအထူးလေးစားခြင်း(သိက္ခာကာမတာ)လို့စိတ်ကို လှည့်ပတ် တတ်ပါတယ်။
၂၇။ သံသယဖြစ်ခြင်း(ဝိစိကိစ္ဆာ)ကိုဟိုဘက်ဒီဘက်နှစ်ဖက်မျှအောင်စီစဉ်ခြင်း(ဥပယပ က္ခသန္တိရဏတာ) လို့စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
၂၈။ အကောင်းအကောင်းမှန်းအဆိုးအဆိုးမှန်းမသိတဲ့ (သမ္မောဟ) ကိုအ ကောင်း အဆိုး အားလုံးကို လျစ်လျူရှုတဲ့ (ဣဋ္ဌာနိဋ္ဌသမုပေက္ခနာ) လို့စိတ်ကို လှည့်ပတ် တတ်ပါတယ်။
၂၉။ အယူအဆမှားယွင်းခြင်း(မိစ္ဆာဒိဋ္ဌိ)က စူးစမ်းဆင်ခြင်ခြင်း (ဝီမံသာဟေတု ပရိဂ္ဂဟတာ) လို့စိတ်ကို လှည့်ပတ်တတ်ပါတယ်။
၃၀။ သတ္တဝါတွေအပေါ်သနားကရုဏာမရှိခြင်း(အဒယာပန္နတာ) က သတ္တဝါတွေ အပေါ် တပ်မက်မှု ကင်းခြင်းလို့စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
၃၁။ ကာမဂုဏ်ချမ်းသာတွေအပေါ်ငြိကပ်စွာခံစားခြင်း(ကာမသုခလ္လိကာနုယောဂေါ)က ရဟန်းတွေကို ဘုရားရှင်ခွင့်ပြုတဲ့စားသုံးခြင်း(အနုညာတပဋိသေဝနာ)  လို့စိတ်ကို လှည့်ပတ် တတ်ပါတယ်။
၃၂။ ဆရာသမားတို့၏အဆုံးအမကို တရိုတသေမခံယူခြင်း(အပဒက္ခိဏဂ္ဂါဟိတာ)က ကိုယ့်ကိုယ် အကြီးထားအားကိုးခြင်း(အတ္တာဓိပတေယျတာ) လို့စိတ်ကိုလှည့်ပတ် တတ်ပါတယ်။
၃၃။ တရားကျင့်ဖက်တွေအပေါ်မရိုသေမလေးစားခြင်း(သဗြဟ္မစရီအဂဝါတာ) ကတရား တော်ကိုရိုသေ လေးစားခြင်း(ဓမ္မဓိပတေယျတာ) လို့စိတ်ကိုလှည့် ပတ်တတ်ပါတယ်။
၃၄။ မိမိကိုယ်ကိုရောတရားတော်ကိုရောဖျက်စီးခြင်း(အတ္တဓမ္မပရိဗ္ဘဝ)ကိုလောကကိုအလေး အမြတ်ပြုခြင်း(လောကဓိပတေယျတာ)လို့စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
၃၅။ မိတ်ဆွေအပေါင်း၊ဧည့်သည်အပေါင်းနှင့်ဝမ်းမြှောက်ဝမ်းသာမပြောနိုင်ခြင်း (အသမ္မောဒနသီလ) ကိုနှိုင်းနှိုင်းချိန်းချိန်းပြောဆိုခြင်း(မိတဘာဏိတာ) လို့စိတ်ကို လှည့်ပတ်တတ်ပါတယ်။
၃၆။ ကောက်ကျစ်ခြင်း၊လှည့်ပတ်ခြင်း(မာယာသာဠေယ)ကို ဝမ်းမြောက်ဝမ်းသာပြောဆို နိုင်ခြင်း(သမ္မောဒနသီလတာ) လို့စိတ်ကိုလှည့်ပတ်တတ်ပါတယ်။
၃၇။ မစူစမ်းမဆင်ခြင်ခြင်း(အပရိက္ခဏတာ)ကသဒ္ဓါတရားအားကြီးခြင်း(သဒ္ဓါလု တာ) ရောင်ဆောင်ပြီး စိတ်ကိုလှည့်ပတ်တတ်ပါသည်။

No comments:

Post a Comment