အမျိုး ဘာသာ သာသနာ
အမျိုး ဘာသာ သာသနာ နဲ့ ပတ်သက်လို့ ခုတလောမှာ စိတ်ဝင်စားစရာ လေးတွေ စိတ်မချမ်းသာစရာလေးတွေ အငြင်းပွားစရာလေးတွေ တောက်လျှောက်တွေ့ နေ ရလို့ ပေါ်လာတဲ့ အတွေးလေးတွေကို ကိုယ် ဖတ်ခဲ့ မှတ်ခဲ့ဘူးတာလေးတွေနဲ့ ပြန် တိုက်ဆိုင်ပြီး နဲနဲရေးပြချင်ပါတယ် ။ ဘာသာရေးနဲ့ပတ်သက်ပြီးရေးရတာ ဝန်လေးပါတယ် ။ အမှားဖြစ်နိုင်ပါတယ် ။.ဒါပေမယ့် ကိုယ်ဖတ်ဘူး မှတ်ဘူးတာလေးတွေကိုလည်း ပြန်ပြောပြချင်လို့ပါ ။
အမျိုး ဘာသာ သာသနာ နဲ့ ပတ်သက်လို့ ခုတလောမှာ စိတ်ဝင်စားစရာ လေးတွေ စိတ်မချမ်းသာစရာလေးတွေ အငြင်းပွားစရာလေးတွေ တောက်လျှောက်တွေ့ နေ ရလို့ ပေါ်လာတဲ့ အတွေးလေးတွေကို ကိုယ် ဖတ်ခဲ့ မှတ်ခဲ့ဘူးတာလေးတွေနဲ့ ပြန် တိုက်ဆိုင်ပြီး နဲနဲရေးပြချင်ပါတယ် ။ ဘာသာရေးနဲ့ပတ်သက်ပြီးရေးရတာ ဝန်လေးပါတယ် ။ အမှားဖြစ်နိုင်ပါတယ် ။.ဒါပေမယ့် ကိုယ်ဖတ်ဘူး မှတ်ဘူးတာလေးတွေကိုလည်း ပြန်ပြောပြချင်လို့ပါ ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေမျာ အားနည်းချက် တစ်ခုက ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် အပြောကောင်းသူကို ယုံလွယ်တတ်တာပါဘဲ ။ ဗမာတွေရဲ့  အကောင်းမြင် ရိုးစင်းတဲ့ ချစ်စရာ သဘောသဘာဝ လို့ ပြောရင်လည်းရသလို ၊ မိမိအကျိုးကို မဲ့စေနိုင်တဲ့ သဘောသဘာဝ လို့ လည်း ပြောနိုင်ပါတယ် ။
ဥပမာ ကျန်းမာရေးနဲ့ ပတ်သက်လို့ ကြည့်ပါ ။ ငှက်ပျောသီးစားရင် ချွဲကြပ်တတ်တယ် ၊ညှော်နံရင် အနာယဉ်းတယ် ၊ အသုဘအိမ်ကို အနာနဲ့ သွားရင် ယဉ်းတတ်တယ် ၊ ဆိုတဲ့ အယူအဆတွေ ကျွန်တော်တို့ မိဘ ဘိုးဘွား အစဉ်အဆက် မှတ်သားနာယူ လာခဲ့ကြတယ် ။ ဒါတွေဟာ သိပ္ပံနည်း ကျသလား ၊ ကမ္ဘာပေါ်မှာ သူများနိုင်ငံတွေမှာ ကျင့်သုံးသလား ဆိုတာကို မတွေးတော့ဘူး ။ သူများပြောတာကို ယုံယုံကြည်ကြည် တစ်ခါထဲစွဲမြဲလက်ခံလိုက်တော့တာဘဲ ။ ပြီးတော့ မီးနေသည်ဆိုရင် ဟိုဟာ မစားရဘူး ဒါမစားရဘူး ၊ ရေဘယ်တော့မှ ချိုးရမယ် ဆိုပြီး တားမြစ်ထားတာတွေ အများကြီး ပါ ။ နိုင်ငံခြားက ကလေးအမေတွေဆို ကလေးမွေးပြီးရင် အားရှိအောင် အစားကို ကြိုက်တာ စုံအောင် စားနေတာတွေ ချက်ခြင်းရေချိုးကြတာတွေ ကြောင့် ကလေးရော အမေပါ ၀ဖြိုး ကျန်းမာကြတာ ကိုယ့်တိုင်းပြည် အပြင်ထွက်ကြည့်မှ သိရလိမ့်မယ် ။
နေမကောင်းလို့ ဆရာဝန်ဆီသွားပြမယ်ဆိုရင်လည် ကိုယ်ကဆရာတစ်ဦးနဲ့  ကုနေရင်း သူများက ကောင်းတယ်ပြောလိုက်ရင် ချင်ခြင်းယုံသွားပြီး အဲဒီ ဆရာ ဆီကို ပြောင်း သွားကြတယ် ။ အဲတော့ အစကပြန်စပြီး ဆေးပတ်မလည် တော့ဘူး ။
တစ်ယောက်က ဟာ ဒီဆေးသောက်လိုက် ခင်ဗျားရောဂါ ချက်ခြင်းသက်သာသွားမှလို့သာပြောလိုက် ။ သူ့ရောဂါနဲ့ငါ့ရောဂါ တူသလား မတူသလား မစဉ်းစားတော့ဘူး ၊ ပျောက်ချင်ဇောနဲ့ သောက်တော့တာဘဲ ။
အဆိုးဆုံးကတော့ ဘာသာရေးအပိုင်းမှာ ယုံလွယ်ခြင်းပါဘဲ ။
အဆိုးဆုံးကတော့ ဘာသာရေးအပိုင်းမှာ ယုံလွယ်ခြင်းပါဘဲ ။
ကလေးဘ၀ကထဲက ဗုဒ္ဓဘာသာစစ်စစ်ကို တကယ် ထဲထဲဝင်ဝင် နားလည်သူ မိသားစုကနေ ကြီးပြင်းလာသူ တစ်ယောက်ဟာ ကြီးသည်အထိ ဘာသာရေး အမြင် အခြေခိုင်ပြီး တော်ရုံ သူများပြောတာကို လက်မခံနိုင်တော့ပါဘူး ။ ရတနာသုံးပါး ဘုရား ဂုဏ်တော် ၉ပါး ၊တရား ဂုဏ်တော် ၆ ပါး ၊ သံဃာဂုဏ်တော် ၉ ပါး ၊ ဒုစရုက် သုစရိုက် ၊ မင်္ဂလသုတ် ၊ မေတ္တာသုတ် ရတနသုတ် စတဲ့အခြေခံတွေကစပြီး ဓမ္မစကြာ ၊ အနတ္တ လက္ခဏသုတ် ၊ ပဌာန်း အထိ လေ့လာဘူးသူ ၊ ခန္ဓါ၅ပါး ရုပ်နာမ် ၂ ပါး ၊ လက္ခဏာရေး ၃ ပါး ၊ သစ္စ ၄ပါး မဂ္ဂင် ၈ ပါး ၊ အကြောင်းကြောင့်အကျိုး ဖြစ်တယ် ၊ အတိုက်ဓာတ် အခံဓာတ် အပွင့်ဓာတ် ဆိုတဲ့သဘောလေးတွေ ၊ ပဋိစ္စ သမုပ္ပါဒ် သဘောတွေ ကို လေ့လာ သိထားသူ တစ်ယောက်ရဲ့ ဘာသာရေး အသိဟာ တော်တော် ခိုင်မြဲနေပြီး အမှားအမှန်ကို ခွဲခြားတတ်နေပါပြီ ။ ကိုးကွယ် ဆည်းကပ်ရာ ပုဂ္ဂိုလ်ကိုလည်း ရွေးချယ် တတ်နေပါပြီ ။ အဲလိုလူတစ်ယောက်ကို သူများဘာသာက ဘယ်လိုပင် မြူဆွယ်ပေမယ့် သူစိတ်ဟာ ဗုဒ္ဓ၀ါဒမှာ နားလည် သက်ဝင် ယုံကြည်ပြီးသား မို့  ဘယ်ကိုမှမယိမ်းယိုင်နိုင်တော့ပါဘူး ။
တချို့ ကတော့ ဘာသာရေး အခြေခံ နည်းပါးတယ် ။ မိရိုးဖလာ မို့  သဒ္ဓါတရား တော့ရှိတယ် ။ ပညာပိုင်းက မပါလေတော့ သူများက တစ်ခုခုပြောလိုက်ရင် တန်းယုံတော့တာဘဲ ။ ဘယ်အရပ်မှာ ဘယ်ဘုရားက သိပ်ထူးဆန်းတယ် ။ သွားဖူးရင် ကိုယ့်မှာ ဘယ်လို အကျိုးတွေရတယ် ၊ ဘယ်သူဘယ်ဝါ ထီပေါက်သွားပြီ ရာထူးတက်သွားပြီ လို့  သူများပြောလိုက်ရင် အဲဒီဘုရားကို မရောက်ရောက်အောင် သွားဖူးကြတော့တာဘဲ ။ ဘယ်နေရာမှာ ရဟန္တာပေါ်နေသတဲ့  ။ သွားဖူးရင် ဘယ်လို အကျိုးတွေရသတဲ့ ဆိုရင် ကားကြီး ကားငယ် အသွယ်သွယ်နဲ့  ပြေးဖူးကြပြီ ။ ဘုရားသွား ပန်း ဆီမီးလှူတာက အစ ဘယ်နေ့ ဘယ်နှစ်နာရီ မှာ ဘယ်ဒေါင့်မှာ လှုမှ ဆိုတဲ့ အစွဲတွေ မကင်းကြဘူး ။
ဘယ်ဆရာတော် တန်ခိုးကြီးသတဲ့ ၊ ဘာတွေ ထူးဆန်းသတဲ့ ဆိုရင် ဘာတန်ခိုးတွေ ကြီးတာတုန်း သူက ဘယ်လို ကျင့်ကြံပြီး ဘယ်လိုတရားတွေဟောတာတုန်း ဆိုတာမျိုးကို မမေးမြန်း မစီစစ်တော့ဘဲ ၀ုန်းဆိုကြည်ညိုပြစ်လိုက်ကြတော့တာဘဲ ။
တစ်ခါက မိတ်ဆွေတစ်ယောက်က ပုဂံမှာ “အလိုတော်ပြည့်ဘုရား” ဆိုတာ ရောက်အောင်သွားခဲ့စမ်းပါလို့ သေသေချာချာမှာလိုက်တယ် ။ အဲဒီိဘုရားမှာ ဆုတောင်းရင် အလိုပြည့်တယ်ပေါ့ ။ ကျွန်တော် ပုဂံမှာ နေတုန်းက စက်ဘီးတစ်စီးနဲ့ အဲဒီဘုရားကို မကြာခန ၀င်ကြည့်ပါတယ် ။ ရှေးဟာင်းလက်ရာကို မြတ်နိုးလို့ ပါ ။ အဲဒီတုန်းက ဆူးခြုံတွေကြားမှာပါ ။ ဘယ်သူမှ မသွားကြဘူး ။ နောက်တော့ ဘယ်ဆရာတော်တစ်ပါးက ဘယ်လိုမိန့် လိုက်လည်းမသိ ၊ အလိုတော်ပြည့် ဘုရားဆိုပြီး နာမည်ကြီးပြီး ( နာမည်ရင်းက အလိုပြည့် ဂူဘုရားပါ ) လူတွေ သွားလိုက်ကြတာကြိတ်ကြိတ်တိုး ။ ခုတော့ လျှပ်စစ်မီးတွေ ထိန်ပြီး အောက်က ပလတ်စတစ်တွေခင်း ဘုရားဆင်းတု တော်ကိုလည်း ရွှေတွေချထားတာ ရှေးလက်ရာလုံးဝပျောက် သလောက်ဖြစ်နေပါပြီ ။ ဆိုချင်တာက နာမည်က အလိုတော်ပြည့် ဆိုတာနဲ့  လူတွေက နာမည်ကို သဘောကျပြီး ဖူးတော့တာဘဲ ။ အလိုပြည့်ချင်ကြတာကိုး ။ တကယ်က ဗုဒ္ဓတရားတော်အရ အလိုပြည့်ဘို့  မိမိဘာသာကျင့်ကြံမှ ရမှာမဟုတ်လား ။ အလိုတော်ပြည့်ဘုရားမှာ ဆုတောင်းတိုင်း အလိုပြည့်ရရင် အားလုံး ချမ်းသာ နေကြမှာပေါ့ ။
ကျွန်တော့်သဘောကတော့ ရွှေတိဂုံဘုရားဘဲ ဖူးဖူး ၊ မဟာမြတ်မုနိ ဘဲဖူးဖူး ၊ အလိုတော်ပြည့်ဘဲ ဖူးဖူး ၊ တနေ့ ထဲနဲ့ စွယ်တော် ၄ ဆူဘဲ ဖူးဖူး ၊ ရွာထိပ်က ရွှေမရှိတဲ့ ဘုရားဘဲဖူးဖူး ၊ကိုယ့်အိမ်က ဘုရားစင်က ဘုရားဘဲ ဖူးဖူး ၊ နောက်ဆုံးမှာ သက်တော်ထင်ရှား မြတ်စွာဘုရားရဲ့  ဂုဏ်တော်တွေကိုမှန်းပြီး ထင်မြင်လာအောင် အာရုံပြုနိုင်ဘို့ အဓိကလို့ ထင်ပါတယ် ။
ရွှေတိဂုံဘုရားကိုသွားတိုင်း သိပ်စိတ်ချမ်းသာတယ် ပီတိဖြစ်တယ် ၊ ကြည်ညိုစိတ် တွေပွားတယ် ။ ဘာလို့ လည်း ဆိုတော့ အော် - ဒါ မြတ်စွာဘုရားရဲ့ ဆံတော်ကို ဌာပနာထားတာ ။ ရှေး မွန်မြန်မာ မင်းအဆက်ဆက် ရဲ့  ဗုဒ္ဓဘာသာ ကြည်ညိုမှု သဒ္ဓါတရားက ဘယ်လိုကောင်းခဲ့တာ ။ ဒို့ ဗမာတွေရဲ့  ဘာသာတရား ကြည်ညိုမှု ပြယုဂ်ဘဲ ..ဆိုတဲ့ သမိုင်း ယဉ်ကျေးမှု လူမျိုးရေး အတွေးတွေနဲ့ ယှဉ်တဲ့ ဂုဏ်ယူတဲ့ ပီတိပါ ။ ဒါပေမယ့် အရဟံ အစ ဘဂ၀ါ အဆုံး ၉ ပါးသော ဂုဏ်တော်တွေကို အောက်မေ့ပြီး သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံပြုတာ ကတော့ ရွှေတိဂုံမှာဘဲ ဖြစ်ဖြစ် ၊မဟာမြတ်မုနိမှာဘဲ ဖြစ်ဖြစ်၊ အိမ်က ဘုရားမှာဘဲ ဖြစ်ဖြစ် ၊ ဘယ်ဘုရားမှာမှ မဟုတ်ဘဲ အိပ်ရာထဲမှာ မျက်စိမှိတ်ပြီး အာရုံပြုရင်ဘဲ ဖြစ်ဖြစ် အတူတူပါဘဲ ။ အဓိကကတော့ မိမိရင်ထဲမှာ ဘုရားတည် ထားမိဘို့ ပါဘဲ ။ ရတနာ ၃ ပါး ရင်ထဲ အသည်းထဲမှာ အမြဲရှိနေဘို့ ပါဘဲ ။
ရတနာ ၃ ပါးသာ မိမိရင်ထဲမှာ အမြဲစွဲမြဲနေရင် ဘယ်ဘာသာခြားက လာပြီး ဘယ်လို ဟောဟော စိတ်မပြောင်းပါဘူး ။ သူများ ဘာသာဝင် မဖြစ်တော့ပါဘူး ။
ဒါကြောင့် ဘာသာ သာသနာကို တကယ်စောင့်ရှောက်ချင်တယ်ဆိုရင် ဗုဒ္ဓဘာသာ အခြေခံ ဘာသာရေးအသိကို သာ လူတွေရဲ့  စိတ်ထဲအသည်းထဲမှာ စွဲမြဲယုံကြည် နေအောင် ဟောပြော သင်ပြထားဘို့ ဘဲလိုပါတယ် ၊ ဘယ်ဘာသားခြား ကိုမှလည်း ပုတ်ခတ် နေဘို့ မလိုတော့ပါဘူး ။
အခုလောလောဆယ် ဦးဝီရသူက ဘာသာ သာသနာကာကွယ်ဘို့  ဆိုပြီးဟော တဲ့အခါ နောက်လိုက်တွေ ပရိတ်သတ်တွေက ဒီဘုန်းကြီးဟောနေတာတွေဟာ ဘုရား အလိုတော်ကျ ဟုတ်ရဲ့ လား ၊ ကုသိုလ်ဖြစ်စေတဲ့ တရားလား အကုသိုလ် ဖြစ်စေတဲ့တရားလား ဆိုတာကို သေသေချာချာ ဥာဏ်နဲ့ စဉ်းစားကြဘို့ ကောင်းပါတယ် ။ ဒီဆရာတော်သာမရှိရင် ကနေ့  နက်ဖြန် ဗမာပြည်မှာ သာသနာကွယ်ပါတော့မယ် ။ အစိုးရက ဒီဘုန်းကြီးကို တရားမဟောခိုင်းတာဟာ သာသနာကို ဖျက်ဆီးနေတာပါ ၊အစိုးရက ဘုန်းကြီးတွေကို နှိပ်ကွပ်နေပါပြီ ၊ လို့ ဆိုတဲ့ ၀ါဒဖြန့် မှုတွေကို ယုံကြတဲ့ လူတွေ ဘုန်းကြီးတွေ အများကြီးဘဲ ။ ဗမာပြည်ဟာ ပညာမရှိ စဉ်းစားဥာဏ် နည်းသူတွေကို ဘာသာရေးဝါဒ အလွဲနဲ့ သွေးဆောင် ဖြားယောင်းလို့ အလွန်ကောင်းတဲ့တိုင်းပြည်ပါ ။ တခုခုပြောလိုက်ရင် ဟုတ်နိုင်တယ် မဟုတ်နိုင်တယ်ဆိုတာ ပညာနဲ့  လုံးဝ မစဉ်းစားဘဲ မျက်စိမှိတ် ယုံကြ တော့တာဘဲ ။ အဲတော့ ရလာဘ်က ဘာလဲ ။ အခု လူတွေရော ဘုန်းကြီးအချင်းချင်းရော တစ်ဦးနဲ့ တစ်ဦး ရန်လိုမုန်းတီး အမျက်ထား ဆဲဆို ပြီး အကုသိုလ်တွေ အများကြီး ဖြစ် ၊ အသင်းတွေကွဲကုန်တာ ရလာဘ်ပါဘဲ ။
အခုလို ဘုန်းကြီးတွေရော လူတွေအထဲမှာပါ အခုလောက် အတိုင်းအတာအထိ ရုတ်ရုတ်သဲသဲ နဲ့  သွေးကွဲကုန်တာ အရင်က ဗမာ့သမိုင်း သာသနာ့သမိုင်းမှာ မရှိခဲ့ဘူးဘူးလို့  ထင်ပါတယ် ။ သာသနာတော်အတွက် အင်မတန် ၀မ်းနည်းစရာကောင်းပါတယ် ။ သူတို့ ပြောတဲ့ ကုလားက ဘယ်ဆီမှာမှန်းတောင် မသိသေးဘူး ၊ လောလောတယ် “အမျိုး ဘာသာ သာသနာ” ဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့် သာသနာတော်ကြီး ပျက်စီးပြီး အကွဲကွဲ အပြဲပြဲ ဖြစ်ပြီး လူတွေမှာ အကုသိုလ်တွေ တအုန်းအုန်း ရနေတာတော့ အသေအချာပါဘဲ ။
ဒီနေရာမှာ အကြောင်းတိုက်ဆိုင်လို့  တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီး ရှင်ဇနကာဘိဝံသ ရဲ့  “ရတနာ့ဂုဏ်ရည်” စာအုပ်အဖွင့် စာပိုဒ် ကလေးတွေကို ပြန်ရေးပြချင်ပါတယ် ။
( ဖတ်ရလွယ်အောင် ကျွန်တော်ရဲ့  ကိုယ်ပိုင် စကားပြော နဲ့  ပြန်ရေးထားပါတယ် )
( ရတနာ့ဂုဏ်ရည် - စာမျက်နှာ - က - ဂ )
ဗုဒ္ဓဘာသာ တွေမှာ “သဒ္ဓါ ဗုဒ္ဓဘာသာဝင်” နဲ့  “ပညာ ဗုဒ္ဓဘာသာဝင်” ဆိုပြီးရှိပါတယ် ။
ဗုဒ္ဓဘာသာ တွေမှာ “သဒ္ဓါ ဗုဒ္ဓဘာသာဝင်” နဲ့  “ပညာ ဗုဒ္ဓဘာသာဝင်” ဆိုပြီးရှိပါတယ် ။
“ပညာ ဗုဒ္ဓဘာသာဝင်” ဆိုတာ ရတနာ ၃ ပါးကို ဥာဏ်နဲ့ ယှဉ်ပြီး နှစ်နှစ်ကာကာ ယုံကြည်သူတွေပါ ။ ဘုရားကို ကိုးကွယ်ရာမှာ သက်တော်ထင်ရှား မြတ်ဘုရားကို စိတ်ထဲမှာ ထင်မြင် လာအောင် ကိုးကွယ်တတ်တဲ့အပြင် ရုပ်ပုံစေတီတော် များ ကိုလည်း ရွှေ ရှိရှိ မရှိရှိ ရိုသေ လေးမြတ်လေ့ ရှိပါတယ် ။ တရားကိုးကွယ်ရာ မှာလည်း တရားအစစ် ကျန်းဂန် ပိဋက နဲ့  မဂ်ဖိုလ် နိဗ္ဗာန် တရားကို မှန်းဆပြီး အားရပါးရ ပူဇော်တတ်တယ် ။ သံဃာ ကိုးကွယ်ရင်လည်း သုပ္ပဋိပန္နတာ အစရှိတဲ့ ဂုဏ်တွေနဲ့  အတော်ပြည့်စုံတဲ့ ပုထုဇဉ်တွေကိုရော ၊ အမှန်းအားဖြင့် အရိယာ သံဃာတော်ကိုရော ကိုးကွယ်တတ်တယ်။ ရတနာ ၃ ပါးအတွက် အသက်စွန့်  ၀ံ့တယ် ။ အဲဒီလိုလူကို ဥာဏ်နဲ့  ယှဉ်တဲ့ ဗုဒ္ဓဘာသာဝင်လို့ ခေါ်နိုင်ပါတယ် ။
“သဒ္ဓါ ဗုဒ္ဓဘာသာဝင်” ဆိုတာကတော့ သူများ အပြောကောင်းလို့ ယုံကြည်တဲ့ သဒ္ဓါ နဲ့  ဖြစ်ဖြစ် ၊ မိရိုးဖလာ ကြောင့် ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင် ဖြစ်နေသူတွေပါ ။ အဲဒီလူတွေက ဘုရားစစ် တရားစစ် သံဃာစစ်အပေါ်မှာ ထိထိရောက်ရောက် သဒ္ဓါစိတ်ပေါက်သူ နည်းတယ် ( လုံးလုံး မရှိဘူးလို့  မဆိုလိုပါ ) ။ ဘုရား ကြည်ညိုရင် သက်တော် ထင်ရှား မြတ်စွာဘုရားထိ စိတ်မရောက်နိုင်ဘဲ ရုပ်ပုံစေတီတော်လောက် သာ စိတ်ရောက် တယ် ။ ဆွေဘုရား မျိုးဘုရား မိမိပူဇော် ထားတဲ့ ဘုရားဆို ပိုကြည်ညို တတ်တယ် ။ ရွှေပြောင်ပြောင် စေတီ ရုပ်ပွားဆိုရင် သာတောင် ကြည်ညိုသေးတယ် ။ ဒါကြောင့် ကိုယ့်မြို့ ကိုယ့်ရွာက ရွှေ မရှိတဲ့ ဘုရားတွေကို ပစ်ထားခဲ့ပြီး မြို့ ကြီး ပြကြီးတွေကို ဘုရားဖူးသွားကြတယ် ။
တစ်ခါက တောက မိန်းမတစ်စုဟာ မန္တလေးကို ဘုရားဖူးသွားခါနီး “ဘုရားဖူး သွားမ လို့ ” “ဘုရားဖူး သွားမလို့ ” ဆိုပြီး ကျယ်လောင်ကျယ်လောင် နဲ့  ပြောနေ ကြတာကို ကြားတော့ နားလည်သူ ကျောင်း ဒကာကြီး က “တိုးတိုး ပြောကြ ပါဟရို့  ၊ ဒို့ ရွာက ကိုယ်တော်မြတ် တွေကြားရင် အားနာစရာ ဖြစ်နေပါမယ်” လို့ ပျက်ရယ်ပြု သတဲ့ ။
ဆင်းတုစေတီတော်များကို ဖူးမျှော်ရတာ ကုသိုလ်မရဘူး မဟုတ်ပါ ။ ကုသိုလ် ကောင်းကောင်းရပါတယ် ။ ဒါပေမယ့် ဆင်းတုတော် စေတီတော် ဆိုတာ သက်တော် ထင်ရှား မြတ်စွာဘုရားကို ထင်မြင်လာစေဘို့ တည်ထားကိုးကွယ်အပ်တဲ့ အတု အပွား သာ ဖြစ်လို့ ဘုရားရှင်တိုင်အောင် အာရုံပြုနိုင်မှ စံနစ်ကျတဲ့ အကျိုးရှိတဲ့ ဖူးမြော်ခြင်းလို့ ဆိုနိုင်ပါတယ် ။
တရားရတနာ နဲ့ သံဃာ ရတနာ ကိုးကွယ်ခန်းမှာလည်း အခုလိုရေးထားခဲ့ ပါသေး တယ် ။
( ရတနာ့ဂုဏ်ရည် - စာမျက်နှာ ၁၀၉ - ၁၁၁ )
အခုကာလမှာ ဘာသာအမျိုးမျိုးတွေက မိမိတို့ ဘာသာမှန်ကြောင်း အခြားဘာသာ တွေ မှားကြောင်း ပြောဟောနေကြတယ် ။ ဗုဒ္ဓဘာသာ တရားမှာလည်း သူ့ ဂိုဏ်းက ကောင်းတယ် ၊ ငါတို့ ဂိုဏ်းကကောင်းတယ် ၊ သူ့ ကိုယ်တော်က ကြည်ညိုစရာ ကောင်းတယ် ၊ ငါ့ကိုယ်တော်က ကြည်ညိုစရာကောင်းတယ် ၊ ငါ့ကိုယ်တော်က စာတတ် တယ် ၊ တရားဟောကောင်းတယ် ၊ ဓာတ်ရိုက် ယတြာဆင်ကောင်းတယ် လို့ ပြောပြီး သွေးဆောင် ပြီး ကိုယ့်ငါးချဉ်ကို ချဉ်နေကြတယ် ။
အချုပ်သတိပေးရရင် ပုဂ္ဂိုလ် တစ်ပါးပါးကို ကိုးကွယ်မိလို့  ကိုယ့်မှာ အသိအလိမ္မာ ဥာဏ်ပညာ နဲ့  သူတော်ကောင်း စိတ်များ တိုးပွားလား မတိုးပွားလား စဉ်းစားကြပါ ။ တိုးပွားရင် ကိုးကွယ်သူမှာ အမြတ်ရတယ် ။ ကုသိုလ် မတိုးပွားဘဲ မိမိနဲ့  ဆန့်  ကျင်ဘက် ပုဂ္ဂိုလ်တွေကို ပြိုင်ဆိုင် တိုက်ခိုက်နေရလို့  မတရားမှု ဒုစရိုက်တွေသာ ပွားပြီး အကုသိုလ်များနေရင် အရင်းဆုံးရတယ် ။ တချို့ ပြိုင်ဆိုင်ရင်း ရန်ခိုက် ဒေါသ ဖြစ်လို့  ရုံးရောက် ငွေကုန် လူပန်း စိတ်မချမ်းသာစရာတွေ ဖြစ်ကြရသေးတယ် ။
ရှေးတုန်းက အင်းဝမှာ ဘုန်းကြီး နှစ်ပါး ဒက္ခိဏသာခါ ရုပ်ထုတော်ကို ကိုးကွယ် ကြတော့ ရုပ်ထုတော်ချင်း အသပ္ပါယ်ပြိုင်ကြသတဲ့ ။ ပြိုင်ရင်း မခံချင်လို့  “သတ္တိရှိရင် ဘုရားချင်းပေါက်ကြစို့ ” လို့ ပြောပြီး ရုပ်ထုတော်ခြင်း တစ်ယောက် တစ်လှည့် ပေါက်ကြဘူးသတဲ့ ။ အခုလည်း ဒကာကို ဆရာကမြှောက် ၊ ဆရာကို ဒကာက မြှောက် ၊ ဒကာချင်းပေါက် ဆရာချင်းပေါက် ၊ ကမောက်ကမ ဖြစ်နေကြတာ ဘာသာ ခြား တွေကြားရင် ရှက်စရာကောင်းလှတယ် ။ ဒါကြောင့် မိမိရပ်ရွာမှာ သံဃာချင်း ရပ်ရွာသားချင်း ဆန့် ကျင်ဘက်မဖြစ်ရအောင် စောင့်ရှောက်နိုင်ရင် အကောင်းဆုံး ပါဘဲ ။ ကိုယ့်မှာ အဲသလို စောင့်ရှေက်နိုင်လောက်အောင် သြဇာမရှိရင် ဘယ်ဘက် ကိုမှ အရေးတကြီး အားမပေးဘဲ ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်း ကိုယ်သွား ရမယ်လို့ နှလုံးသွင်းပြီး အေးအေးနေနိုင်တာသာ အပြစ်ကင်းလိမ့်မယ် ။ မနေသာလို့  ၀င်ပါရင်လည်း အကောင်းဆုံးစိတ် ထားနိုင်အောင် သတိပြုကြပါ ။
“ဘာသာသွေး” ဆိုတဲ့စာအုပ်မှာလည်း ခုလိုရေးခဲ့ပါသေးတယ် ။
“ဘာသာကို အထင်မသေးကြနဲ့ ” ( ဘာသာသွေး - စာမျက်နှာ ၁၀၃ )
ခုခေတ်လူငယ်တွေ ပညာတတ်တွေအနေနဲ့  နိုင်ငံအနှံ့ မှာ ဘုရားစေတီတော်တွေကို လိုတာထက်ပိုပြီး တည်ထားတာတွေ ၊ အပျော်အပါး ဘုရားပွဲကျောင်းပွဲတွေ လုပ်ကြတာတွေ ၊ ဘုရားအတွင်း မသန့် ရှင်းတာတွေ ၊ ရဟန်းသာမဏေ တချို့ ရဲ့  သွားလာဝတ်စားပုံ တွေ ၊ ရဟန်းတွေက ဒါနအကျိုးဟောပြီး ကိုယ်ကမလှူဘဲ ယူရုံသာ ယူကြတာတွေ ကိုကြည့်ပြီး ဗုဒ္ဓမြတ်စွာ ရဲ့  မဟာဂရုဏာကြီးမားစွာ တည်ထားတော်မူခဲ့တဲ့ ဘာသာ နဲ့ သာသနာတော်ကို အထင်သေးကြပေလိမ့်မယ် ။ အဲဒီလို လုပ်နေကြတာတွေဟာ ဘုရားအလိုတော်ကျ မဟုတ်ပါ ဘူး ။
“သာသနာတော်ကို မြှင့်တင်ကြပါ”
( ဘာသာသွေး - စာမျက်နှာ ၁၂၃ )
( ဘာသာသွေး - စာမျက်နှာ ၁၂၃ )
သာသနာနဲ့ ဆိုင်ရာ ကျောင်းသား ၊ သာမဏေ ရဟန်းတော် များရဲ့  အရည်အချင်း မြင့်လာအောင် ကြိုးစားခြင်းဟာ သာသနာ တော်ကို မြှင့်တင်ရာရောက်ပါတယ် ။ ရွာသားများ ကလေးများ သာမဏေများ အပေါ် ဆရာလုပ်မယ့် ပုဂ္ဂိုလ်ဆိုတာ မိမိက မြင့်နေဘို့  ပထမလိုပါတယ် ။ “မြင့်” ဆိုတာ “ပါသာဒိကေန သမ္ပါဒေထ”[ုကြည်ညိုဘွယ်နေခြင်း နဲ့ပြည့်စုံပါစေ] ဆိုတဲ့ အတိုင်း မိမိတို့ ရဟန်းသံဃာချင်း နဲ့  လူဒါယိကာ ဒါယိကာမတို့ ရဲ့ ကြည်ညို ဘွယ်ကို ဆောင်နိုင်တဲ့ ကိုယ် ၊ နှုတ်၊ စိတ်တွေကိုပြောတာပါ ။ ဒါကြောင့် ကိုယ် အနေအထား သွားပုံလာပုံ ၀တ်ပုံစားပုံ ၊ နေပုံထိုင်ပုံ ၊ အပြောအဆို ၊ ယဉ်ကျေးသော စကားအသုံးအနှုန်း ၊ စိတ်နေစိတ်ထားကောင်း ဘို့  ပထမဆုံး ပြုပြင်ရပါမယ် ။
တောင်မြို့ ဆရာတော်ကြီး ရှင်ဇနကာဘိဝံသ ရဲ့  “ရတနာ့ဂုဏ်ရည်” တို့  “ဘာသာသွေး” တို့  “အနာဂတ်သာသနာရေး” တို့  “ကိုယ်ကျင့် အဘိဓမ္မာ” တို့  ဆိုတဲ့ စာအုပ်တွေဟာ ဗုဒ္ဓဘာသာကို အခြေခံကျကျ လေ့လာလိုသူတိုင်း ဖတ်သင့် သိမ်းထားသင့်တဲ့ အဘိုးတန် စာအုပ်တွေပါ ။
No comments:
Post a Comment