လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, May 21, 2015

အရှင်ဒေ၀ဒတ် (သို့) ပစ္စေကဗုဒ္ဓါအလောင်းတော်

အရှင်ဒေ၀ဒတ် (သို့) ပစ္စေကဗုဒ္ဓါအလောင်းတော်
ကဏ္ဍမ္ဗသရက်ပင် စေတီတော်ကြီး အနီးအပါးရှိ ကားလမ်းမှ ပေ-၂၀ခန့်အကွာတွင် ရေကန်တခုရှိသည်၊ ထိုရေကန်သည် သိပ်နက်ဟန်မတူ၊ ၂-ဧကလောက် ကျယ်မည်ဟု ခန့်မှန်းရသည်၊ ပတ်ဝန်းကျင်တွင် လယ်ယာများရှိသည်၊ ဤရေကန် ကမ်းစပ်တွင် အရှင်ဒေ၀ဒတ် မြေမျိုခံရသည်။
သူ၏အပြစ်များ လွန်စွာကြီးမားသဖြင့် ဘုရားရှင်အား ကိုယ်တွေ့ဖူးမြင်ခွင့် မရနိုင်တော့ပေ။
တဖြည်းဖြည်းချင်း မြေအတွင်းသို့ ၀င်သွားရာ လည်ပင်းလောက်အရောက်တွင် အောက်ပါစကားများ ရွတ်ဆို၍ နောက်ဆုံးအနေဖြင့် ဘုရားရှင်အား ကန်တော့ခဲ့လေသည်။
“နောင်တော်ဘုရားရှင်သည် တကမ္ဘာလုံးတွင် အမြတ်ဆုံး အစင်ကြယ်ဆုံး ယဉ်ကျေးအောင် ဆုံးမနိုင်ဆုံး၊ ဘုန်းကံ အကြီးမားဆုံး ဖြစ်တော်မူပါသည်၊ ထိုနောင်တော်ဘုရားရှင်ကို ကျွန်ုပ်၏ကိုယ်တွင် ကျန်ရှိနေသေးသော ဤအရိုးများ ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်များဖြင့် လေးလေးမြတ်မြတ် ကိုးကွယ်ဆည်းကပ်ခဲ့ပါသည်။”
ဟူ၍ ဖြစ်ပေသည်။
အရှင်ဒေ၀ဒတ်သည် ဒေ၀ဒဟ ( ယခု-နီပေါ ) ပြည့်ရှင် သုပ္ပဗုဒ္ဓ သာကီဝင်နှင့် အမိတာ မိဖုရားတို့မှ ဖွားမြင်ခဲ့သော မဟာမျိုး မဟာနွယ်ပင်ဖြစ်သည်။ အမိတာသည် ဗုဒ္ဓ၏ခမည်းတော် ကပ်လ၀တ်ပြည့်ရှင် သုဒ္ဓေါဒနသာကီဝင်၏ နှမတော်ဖြစ်သည်၊ သို့ဖြစ်၍ အရှင်ဒေ၀ဒတ်သည် ဘုရားရှင်နှင့် ညီအကို ၀မ်းကွဲတော်သည့်အပြင် ယသော်ဓရာ၏ မောင်အရင်း၊ ဘုရားရှင်၏ ယောက်ဖတော်၊ ရာဟုလာ၏ ဦးရီးတော်ဖြစ်သည်၊ ဤမျှ ဆွေမျိုးရင်းချာပါသည်။
ဗုဒ္ဓမြတ်စွာ သာသနာတော် တည်ထောင်ခါစ စောစောကပင်ရှင်ဒေ၀ဒတ် ရဟန်းပြုခဲ့သည်၊ ဘုရားရှင်သည် မိဂဒါဝုန်၌ ပထမ၀ါ ကပ်တော်မူပြီးနောက် ဒေသစာရီ လှည့်လည်တော်မူရင်း ရာဇဂြိုဟ်မှတဆင့် ကဆုန်လပြည့်ကျော် ၁-ရက်နေ့တွင် ရဟန္တာနှစ်သောင်းနှင့်အတူမိမိမွေးရပ်မြေ ကပိလ၀တ်သို့ရောက်၍ ခမည်းတော် အမှူးပြုသော ဆွေတော်မျိုးတော်တို့အား တရားဓမ္မ ဟောပြတော်မူလျက် ကပိလ၀တ်၌ သီတင်းသုံးတော်မူသည်။
ထိုမှတဖန် ဒုတိယ၀ါကပ်ရန်အတွက် ရာဇဂြိုဟ်ဘက်သို့ ခရီးပြန်လှည့်ခဲ့ရာ မလ္လတိုင်း အနုပိယနိဂုံး သရက်တောသို့ ရောက်တော်မူသည်၊ ထိုအချိန်တွင် ရှင်ဒေ၀ဒတ်သည် ဘဒ္ဒိယ၊ အနုရုဒ္ဓါ၊ အာနန္ဒာ၊ ဘဂု၊
ကိမိလ-သာကီဝင်မင်းသား ၅-ဦး အခိုင်းအစေ ဥပါလိဆတ္တာသည်တို့နှင့်အတူ ရဟန်းပြုခဲ့သည်၊ အခြားသူတို့ တရားထုးရ၍ အရိယာဖြစ်သော်လည်း အရှင်ဒေ၀ဒတ်မှာမူ ပုထုဇဉ်ဘ၀ဖြင့် ဈာန်အဘိညာဉ်ကိုသာ ရသည်။
နောင်အခါတွင် မိမိနှင့်အတူ ရဟန်းပြုလာသူတို့အား လူအများက အရေးပေး ဆက်ဆံလှူဒါန်းကြသည်ကိုမြင်၍ အဇာတသတ် မင်းသားလေးအား တန်ခိုးပြလျက် ဘုန်းကြီးရန် ကြိုးစားတော့သည်၊ အဇာတသတ်လည်း ရှင်ဒေ၀ဒတ်ကို တကယ့်ပုဂ္ဂိုလ်မြတ် ထင်မှတ်ကာ အကြီးအကျယ် ကိုးကွယ်လေသည်။
ဗုဒ္ဓမြတ်စွာ ၀ါတော် ၂၀-ကျော်တွင် == ငါကား ဘုရားတဆူလုပ်ကာ သံဃာကို ခေါင်းဆောင်မည်-ဟု ကြံစည်၍ သူ့အား သံဃာအုပ်ချုပ်ရေးတာဝန် လွှဲအပ်ရန် တောင်းလေရာ ဗုဒ္ဓက လက်မခံဘဲ ( တံတွေးစားသူ ) ဟု မိန့်တော်မူသည်ကို ( ငါ့ကိုတော့ နှိမ်သည်၊ သာရိပုတ္တရာ မောဂ္ဂလာန်တို့ကိုသာ ချီးမြှောက်သည် ) ဟု ယူဆကာ ရန်ငြိုးဖွဲ့လေသည်၊ သို့ဖြစ်၍ ရရှိသော တန်ခိုးလည်း ကွယ်လေသည်၊ ( တံတွေးစား ) ဟု ဗုဒ္ဓမိန့်တော်မူရင်းမှာ မတရား ရသော ပစ္စည်းသည် တံတွေးနှင့်တူ၍ ရွံစရာကောင်းသည်၊ ထိုပစ္စည်းကို သုံးစွဲနေသူ-ဟု ဖြစ်ပေသည်။
ထိုနောက်တွင်မူ ရှင်ဒေ၀ဒတ်သည် အလွန်ကြီးလေးသော ပြစ်မှုများကို ဆက်ကာဆက်ကာ ကျူးလွန်လေသည်၊ အဇာတသတ်အား ခမည်းတော်ကို လုပ်ကြံခိုင်းသည်၊ ဘုရားရှင်ကိုသတ်ရန် လူသတ်သမားများကို စေလွှတ်စေသည်၊ ဂိဇ္ဈကုဋ်တောင်ခြေ၌ ဗုဒ္ဓမြတ်စွာ စင်္ကြံကြွ ( လမ်းလျှောက် ) နေစဉ် တောင်ပေါ်မှ ကျောက်တုံးကြီးကို လှိမ့်ချသည်၊ ဘုရားရှင်ကို နာဠာဂီရိဆင်ကြီးဖြင့် တိုက်စေသည်၊ သို့ရာတွင် မည်သို့မျှ ဗုဒ္ဓမြတ်စွာ၏ အသက်ကို အန္တရာယ်မပြုနိုင်ပေ။
အကြမ်းနည်းဖြင့် မရသဖြင့် အနုနည်းဖြင့် ကြံစည်ပြန်သည်၊
ရဟန်းများ-တသက်လုံး
( ၁) တောကျောင်းနေရန်
( ၂ ) ဆွမ်းခံစားရန်
( ၃ ) ပံသုကူသင်္ကန်း ဆောင်ရန်
( ၄ ) သစ်ပင်အောက်နေရန်
( ၅ ) သက်သတ်လွတ်စားရန် ဟူသော အချက် ၅-ချက်ကို ဗုဒ္ဓအား တင်ပြသည်၊
ဗုဒ္ဓက လက်ခံတော်မမူ။
လက်မခံခြင်းမှာ အကြောင်းရှိသည်၊ ရှင်ဒေ၀ဒတ်သည် သံဃာဂိုဏ်းခွဲလို၍ မဖြစ်နိုင်သည်ကို တောင်းဆိုခြင်း ဖြစ်သည်။
ဤ၌ ( ၁ ) တောရကျောင်းနေမှ တရားရမည့်သူ
( ၂ ) မြို့/ရွာ ကျောင်းနေမှ တရားရမည့်သူ
( ၃ ) မည်သည့်ကျောင်း၌ နေနေ တရားရမည့်သူ
( ၄ ) မည်သည့်ကျောင်း၌ နေနေ တရားမရနိုင်သူ -ဟု ပုဂ္ဂိုလ် ၄-မျိုးရှိသည်။
ထိုတွင် ဗုဒ္ဓမြတ်စွာက
( ၁ ) နံပါတ်ပုဂ္ဂိုလ်ကို မိမိအတွက် တရားထူးရအောင်၊ သူများအတုယူနိုင်အောင် တောကျောင်း၌သာ နေစေလိုသည်။
( ၂ ) နံပါတ်ကို မြို့/ရွာ ကျောင်း၌ပင် နေစေလိုသည်။
( ၃ ) နံပါတ်ကိုလည်း သူများ အတုယူနိုင်အောင် တောကျောင်း၌သာ နေစေလိုသည်။
( ၄ ) နံပါတ်ကိုလည်း ပါရမီဖြစ်အောင် တောကျောင်း၌သာ နေစေလိုသည်။
သို့ဖြစ်လျှင် ဗုဒ္ဓ၏အလိုတော်မှာ တောကျောင်းဘက်က ၄-ပုံ ၃-ပုံ အလေးသာကြောင်း သိနိုင်ပါသည်။
နောက်အချက်မှာလည်း ဆိုင်ရာဆိုင်ရာ အကြောင်းများရှိသည်၊ ဒေ၀ဒတ်ကား မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် တောင်းခြင်းမဟုတ်၊ ဂိုးဏ်းခွဲလို၍သာ ဖြစ်ပါသည်၊ ထို့ကြောင့် မျှော်လင့်ထားသည့်အတိုင်း ဗုဒ္ဓက ခွင့်ပြုတော် မမူသည်ကို ကျေနပ်လေသည်။
သေချင်နေသူ တယောက်သည် အဆိပ်ခွက်ကိုမြင်လျှင် ပျော်ရွှင်နေသလို မိမိအကျိုးပျက်မည့်အလုပ်ကိုပင် အဟုတ်ကြီးထင်ကာ သံဃာဂိုဏ်းခွဲ၍ နားမလည်သော ရဟန်းငယ် ၅၀၀-ကို ခေါ်ပြီး ဂယာသီသအရပ်သို့ ထွက်ခွာသွားလေသည်။
မကြာမီ လမ်းမှားလိုက်နေသော ရဟန်း ၅၀၀-အား အရှင်သာရိပုတ္တရာ အရှင်မဟာမောဂ္ဂလ္လာန်တို့ တရားဟောရန် ရောက်လာကြသည်။ ရှင်ဒေ၀ဒတ်သည် အဂ္ဂသာဝက ၂-ပါး ကြွလာသည်ကို မြင်၍ (ငါ့တရားကို နှစ်သက်၍ ငါ့ဘက်ကူးလာကြသည်) ဟု ထင်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်၍ တရားဟောရန် လွှဲအပ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ ရှင်ဒေ၀ဒတ်၏ လက်ရုံး ကောကာလိက-ကမူ အကဲခတ်မိဟန် တူသည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလ္လာန်တို့သည် လူဆိုးများဖြစ်သည်၊ မယုံကြည်နှင့်၊ အရောမ၀င်နှင့်-ဟု သတိပေးလေသည်။
မထေရ်မြတ် ၂-ပါး တရားဟောသဖြင့် ရဟန်း ၅၀၀-တရားထူးရ၍ ဘုရားရှင်ထံ ပြန်ကြွသွားသောအခါ ကောကာလိက-က သင့်တပည့်ရဟန်းငယ်တို့ကို သာရိပုတ္တရာနှင့် မောဂ္ဂလ္လာန်တို့ ခေါ်သွားပြီ-ဟု ပြောပြောဆိုဆို အိပ်ပျော်နေသော ဒေ၀ဒတ်ရင်ဝကို ဒူးဖြင့် တိုက်နှိုးလေသည်။ ထိုဒဏ်ချက်ဖြင့်ပင် အရှင်ဒေ၀ဒတ် သွေးအန်၍ မကျန်းမမာ ဖြစ်ရှာသည်။
ကိုးလလောက်အကြာတွင် သတိသံဝေဂရ၍ ဘုရားရှင်ကို ဖူးမြင်လိုသဖြင့် တပည့်များအား ဘုရားရှင်ထံ လိုက်ပို့ပေးရန် တောင်းပန်ရှာသည်၊ သင်ကျန်းမာစဉ်က ဘုရားရှင်အပေါ် ရန်လုပ်၍ မကျန်းမာမှ ဖူးချင်နေရ သလား-ဟု တပည့်များကပြော၍ လိုက်မပို့ဘဲနေရာ ငါကသာ နောင်တော်ဘုရားအပေါ် ရန်သူလို သဘောထားပါသည်၊ နောင်တော်ကမူ ငါ့အပေါ် မေတ္တာမပျက်ပါ-ဟု အမှန်အတိုင်း ပြောရှာပေသည်။
လူတို့၏ မတူကွဲပြားခြားနားခြင်းတွင် အသွင်သဏ္ဍာန်ပိုင်းအရ ခြားနားခြင်းနှင့် အနှစ်သာရပိုင်းအရ ခြားနားခြင်းဟူ၍ နှစ်မျိုးရှိသည်။ အသွင်သဏ္ဍာန်ပိုင်းအရ ခြားနားခြင်းဟူသည်မှာ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ငွေကြေး၊ ရာထူးဂုဏ်သိန်၊ အခြံအရံ၊ သြဇာအာဏာ စသည်တို့အရ ခြားနားခြင်းမျိုးဖြစ်သည်။ အနှစ်သာရပိုင်းအရ ခြားနားခြင်းမှာမူ စိတ်နေစိတ်ထားနှင့် ကိုယ်ကျင့်တရားအရာတွင် ခြားနားခြင်း ဖြစ်သည်။
ကိုယ်ကျင့်တရားကို အနှစ်သာရပိုင်းဟူ၍ ဆိုရသော်လည်းမိမိ၏မကောင်းသော ကိုယ်ကျင့်တရားကို ကောင်းသယောင်ဟန်ဆောင် ဖုံးကွယ်တတ်သော၊ မိမိ၏ မရှိသောဂုဏ်သိက္ခာကို အရှိလုပ်တတ်သောပုဂ္ဂိုလ်မျိုးလည်းရှိပါသည်။ ထိုပုဂ္ဂိုလ်တွင် ကိုယ်ကျင့်သိက္ခာနှင့်ပတ်သက်၍ လေးစားချီးကျူးအပ်ဖွယ်တစ်စုံတစ်ရာသည် မရှိသော်လည်း ထိုသူနှင့် စရိုက်၊ ဥာဉ်တူသော ပတ်ဝန်းကျင်တွင်မူ ထိုသူတို့ဆောင်ရွက်ချက်အားလုံးကို "မှန်သည်"ဟူ၍ထင်မြင်တတ်သည်။ ဤအဖြစ်မျိုးကို "ပါရိဘာသိကသစ္စာ" ဟူ၍ ခေါ်ဆိုရ၏။ သူ့အရပ်သူ့ဇာတ်"လက်ဝါးချင်းကိုက်"သော၊ သူ့လူနှင့်သူ"ဟုတ်"သောတရားမျိုး ဟု အနက်အဓိပ္ပါယ် ရနိုင်ကောင်းပါသည်။ ဤသည်မှာ ရှင်ဒေ၀ဒတ်ကို ၀ဇ္ဇီတိုင်းသားများကမှန်သည်ဟူ၍ ထင်မြင်တတ်သည့် အတိုင်းပင်ဖြစ်ပါ၏။
ရှင်ဒေ၀ဒတ်က ..
(၁)ရဟန်းအားလုံး တောကျောင်း၌သာနေကြရန်။ (၂)ရဟန်းအားလုံး ပင့်ဆွမ်းကို လက်မခံဘဲ ဆွမ်းခံ၍သာဘုဉ်းပေးရန်။ (၃)ပံသကူသင်္ကန်းကိုသာ သုံးကြရန်။ (၄)သစ်ပင်ရင်း၌သာသီတင်းသုံးကြရန်။ (၅)သတ်သတ်လွတ်သာဘုဉ်းပေးကြရန်။
ထုတ်ပြန်ကြေငြာဖူးသည်။
ဤထုတ်ပြန်ချက်များသည်ကား အသွင်သဏ္ဍာန်အရ ကြည့်လျှင် ကြည်ညိုဖွယ်ရာရှိသော်လည်း အနှစ်သာရပိုင်းအရကြည့်လျှင်မူ တန်ဘိုးမဲ့လေ၏။ အဘယ့်ကြောင့်တန်ဘိုးမဲ့ရသနည်းဟူမူ ထုတ်ပြန်ကြေညာသူ၏ ကိုယ်ကျင့်တရား မကောင်းမွန်မှုကြောင့် တန်ဘိုးမဲ့ရလေသည်။ ဤကြေညာချက်သည်ကားမရိုးမသားကြံစည်မှု သက်သက်သာဖြစ်သည်။မှန်၏။
ရှင်ဒေ၀ဒတ်၏ နောက်ခံသမိုင်းကို သိကြသူများက ရှင်ဒေ၀ဒတ်၏ နောက်ကွယ်ကအကြံအစည်ကို ထွင်းဖောက်၍ မြင်ကြသည်။ မြင်ကြသဖြင့် ကရုဏာသက်ကြသည်။ပုထုဇဉ်ပညာရှိများကမူ သရော်ပြုံးပြုံးကြ သည်။ ရှင်ဒေ၀ဒတ်၏ အကြောင်းကိုလည်း မိမိတို့နီးစပ်ရာပုဂ္ဂိုလ်များအား ဤသို့ အကျဉ်းချုပ် ပြောပြကြ ကုန်သည်။
ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရားကို အနားယူရန်လျှောက်ကြားပြီး သူ့ကို ဘုရား ရာထူးလွှဲအပ်ပေးရန် တောင်းဆိုခဲ့ဖူးသည်။ ဤတောင်းဆိုချက်ကို ကြည့်လျှင်ရှင်ဒေ၀ဒတ်သည် ပုထုဇဉ်စစ်စစ်ကြီးဖြစ်မှန်းသိသာ၏။ စင်စစ် သဗ္ဗညုတဥာဏ်သည်ပေးအပ်၍ရသော တရားမဟုတ်။ ပါရမီဖြည့်မှရသောတရားဖြစ်၏။ အရိယာပုဂ္ဂိုလ် သာဖြစ်လျှင် ဤကဲ့သို့ မအပ်သော အတွေးအကြံများကို တွေးမိမည်မဟုတ်။ မဂ်ဥာဏ်ရအောင်အားထုတ်ရ သကဲ့သို့ သဗ္ဗညုတဥာဏ်ရရှိအောင် အားထုတ်ရမည်ဟူ၍သာ နားလည်နိုင်မည် ဖြစ်သည်။
ရှင်ဒေ၀ဒတ်သည်မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်တော်ကို မယုံကြည်သူ၊ နားမလည်သူလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သူ၏ဈာန်အဘိဥာဉ်များကို မြတ်စွာဘုရားရှင်၏ သဗ္ဗညုတဥာဏ်နှင့် နှိုင်းယှဉ်ခဲ့သူ ဖြစ်ကောင်းဖြစ်မည်။ အတိုင်းအရှည်ကို မသိခြင်းကားမိုက်မဲသူတို့၏ ဗီဇ ဖြစ်ပါသည်။
ရှင်ဒေ၀ဒတ်သည်ဈာန်အဘိဥာဉ်များရခဲ့ဖူးသည် မှန်၏။ သို့ရာတွင် ထိုဈာန်အဘိဥာဉ် များသည် မြတ်စွာဘုရားကိုသတ်၍ ဘုရားရာထူးကို ယူမည်ဟူသောစိတ်ရိုင်းအကြံအစည် ၀င်သည်မှစ၍ ပျောက်ကွယ်ခဲ့ပါသည်။ ကိလေသာဆင်ရိုင်းများကို ဈာန်တရားက ခေတ္တမျှ ချွန်းအုပ်ထားနိုင်သဖြင့် ပညာမရှိသောပုဂ္ဂိုလ်သည် မိမိသန္တန်တွင် အလုံးစုံသောကိလေသာကင်းပြီဟု ထင်တတ်သည်။ အကြောင်းတိုက်ဆိုင်၍ကိလေသာများ ပြန်လည်ပေါ်ပေါက်ထကြွလာမှ မိမိ၏အခြေအနေကို အမှန်အတိုင်း သိတတ်သည်။နောက်မကျခင် သိရှိရမှကောင်းပါသည်။နောက်ကျခြင်းသည် အ၀ီစိငရဲတွင်ကမ္ဘာပေါင်းများစွာ ခံနေရစေရန်အတွက် လုံလောက်သော "အမှားလုပ်ချိန်"ကို ဖြည့်ဆည်းပေးတတ်ပါသည်။
ရှင်ဒေ၀ဒတ်သည်ဘုရားရာထူးကို ရယူရန်အတွက် မြတ်စွာဘုရားကို သတ်ရန်ကြံစည်အားထုတ်သည်။ ဤကြံစည်အားထုတ်မှုသည်ပင်လျှင်ရှင်ဒေ၀ဒတ်၏ ယုတ်မာမှုကို ဖော်ပြနေခြင်းဖြစ်၏။ ရှင်ဒေ၀ဒတ်သည် ဥာဏ်ကြီးသူဖြစ်သည်။ ဈာန်အဘိဥာဉ်ရှင်ဖြစ်သည်။ အမျိုးဇာတ်ကောင်းသူ ဖြစ်၏။ အခြံအရံပေါသူ ဖြစ်သည်။ သြဇာရှိသူဖြစ်သည်။သို့ရာတွင် ဤအရာများသည်ကား အသွင်သဏ္ဍာန်များတည်း။ တကယ့် အနှစ်သာရ အပိုင်းမဟုတ်။ တကယ့်အနှစ်သာရပိုင်းသည်အခြံအရံ၊ ဗဟုသုတ ဥာဏ်ပညာနှင့် ကြောင်းကျိုး ညီညွတ်သည် ဟု ထင်ရသောဟန်ဆောင်ပန်ဆောင် စကားလုံးများမဟုတ်။ သီလဟုခေါ်ရသောကိုယ်ကျင့်တရား သာလျှင် ဖြစ်သည်။
ဤကြံစည်မှုကို ကြံစည်သည်ဟု ကြားသိရသည်နှင့်ပင် ရှင်ဒေ၀ဒတ်သည်အနှစ်ကင်းမဲ့သူ ဖြစ်ကြောင်း ပညာရှိများကသိကြသည်။ အမြစ်အခြေမရှိတော့သော အကိုင်းအဖျားသက်သက်နှင့် ကိုယ်သာ ဖြစ်ကြောင်း သိကြသည်။ ပညာရှိများအတွက် ကိုယ်ကျင့်တရားမရှိတော့သော ရှင်ဒေ၀ဒတ်သည် ကြည်ညိုဖွယ်ရာ အလျဉ်း မရှိတော့ပေ။
ရှင်ဒေ၀ဒတ်၏ ဘုရားရာထူးလွှဲအပ်ရန် တောင်းဆိုသံကို မြတ်စွာဘုရားကသုံးကြိမ်တိုင်တိုင် တားမြစ်သည်။ တားမြစ်၍ မရသဖြင့် မြတ်စွာဘုရားက "ဒေ၀ဒတ်...ငါသည် ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန် တို့ကိုသော်မှ သံဃာအား လွှဲအပ်မည်မဟုတ်။ တံတွေးနှင့်တူသောပစ္စည်းများကို သုံးစွဲနေသူ သင့်အား အဘယ်ကြောင့် လွှဲအပ်ရမည်နည်း"ဟု သံဝေဂရဖွယ် မိန့်ကြားသည်။
မှန်၏။ မိမိနှင့်မထိုက် တန်သောပစ္စည်းများကို ကိုယ်ကျင့်တရားအားအပွန်းပဲ့ခံ၍သုံးစွဲနေခြင်းကား တံတွေးနှင့်တူသောပစ္စည်းများကို သုံးစွဲနေခြင်းပေတည်း။ တနည်းအားဖြင့် ကိုယ်ကျင့်တရားက အပွန်းပဲ့ခံ၍ရလာသောပစ္စည်းများသည်ကား တံတွေးမစင်ကဲ့သို့ရွံရှာစက်ဆုပ်ဖွယ်ရာဖြစ်ပေသည်။
ရှင်ဒေ၀ဒတ်ကား သံဝေဂရလောက်အောင် ပညာမရှိ။ တလွဲမာနသာရှိသည်။တလွဲမာနကြောင့် ဆုံးမခံရခြင်းကို ၀မ်းမသာတတ်။ ၀မ်းမသာတတ်သဖြင့်ပရိတ်သတ်အလယ်မှ ထွက်သွားသည်။ မြတ်စွာဘုရားက ရှင်ဒေ၀ဒတ် နှင့် ပတ်သက်၍"ပကာသနိယကံ" ကို ပြုစေ၏။ ပကာသနိယကံ၏သဘောကား ရှင်ဒေ၀ဒတ်ကို သာသနာမှ ကြဉ်လိုက်ခြင်း ဖြစ်ပါသည်။ ရှင်ဒေ၀ဒတ်သည်သာသနာနှင့် မပတ်သက်ဟူ၍ သဘောရသည်။ ထို့ကြောင့် ရှင်ဒေ၀ဒတ်အနေနှင့် အားကိုးရာသည် မရှိတော့ပေ။အခြံအရံကို အငတ်မွတ်ဆုံးသူဖြစ်ပါမှအခြံအရံ ပရိသတ် သည်လည်း မရှိတော့ပေ။ လာဘ်လာဘကို အမြတ်နိုးဆုံးသူဖြစ်နေပါမှ လာဘ်လာဘသည်လည်း မရှိတော့ပေ။
ရှင်ဒေ၀ဒတ်သည်မာယာ၊သာဋ္ဌေယျ အတတ်၌ အလွန်ကျွမ်းကျင်ဟန်တူ၏။ ကောက်ကျစ်သော အရာတွင်လည်းထိုခေတ်က အတော်ဆုံးဖြစ်ဟန် တူ၏။ပရိသတ်စုဆောင်းရန်အတွက်စဉ်းစားပုံကို ကြည့်ပါ။ လူတို့သည် ရုပ်ကိုအကြောင်း ပြု၍ ကြည်ညိုသူသုံးပုံနှစ်ပုံရှိ၏။ ကျော်စောသံကို အကြောင်းပြု၍ကြည်ညိုသူက ငါးပုံလေးပုံရှိ၏။ ခေါင်းပါးသောအကျင့်ကို ကြည်ညိုသူကဆယ်ပုံတွင် ကိုးပုံရှိ၏။ ထို့ကြောင့် ခေါင်းပါးသော အကျင့်ကို အကြောင်းပြု၍ဆွဲဆောင်စည်းရုံးရလျှင် ငါ့နောက်လိုက်များဖြစ်လာကြမည်ဟူ၍ စဉ်းစားသည် ဆို၏။ ထို့ကြောင့် ခေါင်းပါးသောအကျင့်နှင့် ပတ်သက်သောအထက်ကဖော်ပြခဲ့သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့ ပါတော့၏။
အနှစ်သာရပိုင်းကို သိသူများကမူ ပြုံး၍ကရုဏာသက်ကြသည်။ ပုထုဇဉ်အချို့ကမူ တွေဝေကုန်ကြသည်။ ဟုတ်နိုးဟုတ်နိုးထင်ကြသည်။ ပုထုဇဉ်တို့သည် လေယူရာတိမ်းသောဝါးပင်များနှင့် တူသည်။ မိမိကိုယ်တိုင်သိသော တရားဟူ၍ဘာတစ်ခုမျှ မယ်မယ်ရရ မရှိသေးသဖြင့်သူတစ်ပါးက မုန်းစရာပြောလျှင် မုန်း၍၊ ချစ်အောင်ပြောလျှင် ချစ်ကြသည်။ ယုံအောင်ပြောလျှင် ယုံကြည်ကြ၍ မြှောက်ပြောလျှင် ကျေနပ်ကြသည်။ အကျင့်ကောင်းလျက်အပြောမတတ်သူကို မကြည်ညိုတတ်ဘဲ အပြောကောင်းလျက် အကျင့်မတတ်သော ပုဂ္ဂိုလ်များနောက်သာ တကောက်ကောက် လိုက်သွားချင်တတ်သည်။
အပြောကောင်းသောပုဂ္ဂိုလ်များက အလုပ်လည်းမှန်သယောင် ဟန်ဆောင် လိမ်ညာသည်လည်း ရှိတတ်ပါသည်။ အန္ဓပုထုဇဉ်များအတွက် ထိုအလိမ်အညာများကို ရှောင်ရှားရန်မှာမလွယ်ကူပါ။ အရိယာပုဂ္ဂိုလ်များနှင့် ၀ိပဿနာပညာဥာဏ် အားကောင်းသော ပုဂ္ဂိုလ်များကမူ ကိုယ်တိုင်သိသောပညာ၏ အစွမ်းကြောင့်အလိမ်အညာကို အလိမ်အညာဟူ၍ သိကြပေသည်။ သိကြသည့်အလျောက် ရှင်ဒေ၀ဒတ် ၏ အလိမ်အညာတရားများကို ထုတ်ဖော် ပြောသင့်သည့်အလျောက် ရှင်းလင်း ပြောကြားရပေသည်။ ထိုသို့ ရှင်းပြထားကြသဖြင့် ပရိသတ်အများစုကရှင်ဒေ၀ဒတ်၏ စကားကို မယုံကြည်ကြ။ ရှင်ဒေ၀ဒတ်၏ နောက်လိုက်လည်း မဖြစ်ကြ။ ရှင်ဒေ၀ဒတ်မှားသလိုလည်းအများစုက မမှားကြ။
သို့ရာတွင် ၀ဇ္ဇီတိုင်းသားရဟန်းများကမူ ရှင်ဒေ၀ဒတ်၏ တရားအဆန်းကို ယုံကြည်မိကြသည်။ ရှင်ဒေ၀ဒတ်ကို သစ္စာရှင်ဟု ထင်မှတ်မိခဲ့ကြသည်။ အတိတ်သမိုင်းနှင့်ကိုယ်ကျင့်တရားက ထည့်သွင်းစဉ်းစားခြင်း မပြုတော့ဘဲ ရှင်ဒေ၀ဒတ်၏တရားများကို သစ္စာတရားများ အဖြစ်လက်ခံမိခဲ့တော့၏။ ဤ သစ္စာတရားမျိုးသည်ကား အထက်တွင်ဖော်ပြခဲ့သော စရိုက်တူညဉ်တူချင်း ချီးမွမ်းသောအယောင်ဆောင်သစ္စာတရားသာ ဖြစ်လေသည်။
အဓမ္မသည် ဓမ္မကို ရေရှည်၌အံမတုနိုင်။ သစ္စာတရားကို အမှန်တကယ်ရှာဖွေနေသူကို အ၀ိဇ္ဇာတရားသည် ကြာရှည် ဖုံးပိတ်ထားလို့မရ။ ပါရမီပြည့်စုံသောအခါ ဖွင့်လှစ်ပြရသည်သာ ဖြစ်သည်။ ၀ဇ္ဇီတိုင်းသား ရဟန်းတို့သည်ရှင်ဒေ၀ဒတ် အနားယူနေခိုက်ရှင်သာရိပုတ္တရာနှင့် ရှင်မောဂ္ဂလာန်တို့၏ တရားများကို နာယူကြရသည်။ တရားကိုနာယူသဖြင့်သောတာပန်တည်ကြသည်။ သောတာပန်၏ ဂုဏ်သတ္တိတစ်ခုတွင် ရတနာသုံးပါးကို မမှိတ်မသုံယုံကြည်ခြင်းဟူ၍ ပါဝင်သည်။ သောတာပန်သည် အသိနှင့်ပတ်သက်၍၊ အကျင့်နှင့်ပတ်သက်၍ ယုံမှားသံသယမရှိတော့။ အသိအကျင့်အရာမှာ ဘယ်သူမှားသနည်း ဘယ်သူမှန်သနည်းဟူ၍ ငြင်းခုန်စရာမလိုတော့။
ကိုယ်ပိုင်ဥာဏ်ဖြင့်အမှန်တရားကို သိခဲ့သော ၀ဇ္ဇီတိုင်းသားရဟန်းများအတွက် မသိခင်က ကြည်ညိုခဲ့သော ရှင်ဒေ၀ဒတ်သည် ကြည်ညိုဖွယ်မရှိတော့။ မသိခင်က အထင်ကြီးခဲ့သော ခေါင်းပါးသောအကျင့် ကြေညာချက် သည် အထင်ကြီးဖွယ်မရှိတော့။ ရှင်ဒေ၀ဒတ်၏ ကျော်စောမှု၊ ဥာဏ်ကြီးမှုနှင့် အမျိုးမြတ်မှုတို့ သည် အခွံ၊ အကာသာလျှင်ဖြစ်ကြောင်း သိမြင်ကြသည်။ အနှစ်သာရသည်ကား သောတာပန်စသော အရိယာပုဂ္ဂိုလ်တို့ ပိုင်ဆိုင်သော သီလဂုဏ်သာလျှင် ဖြစ်ကြောင်း သိမြင်ကြသည်။
ဤသို့အမှန်အတိုင်းသိကြသဖြင့်ဝဇ္ဇီတိုင်းသား ရဟန်းများသည် အရှင်သာရိပုတ္တရာနှင့်အရှင်မောဂ္ဂလာန် ကိုယ်တော်မြတ်တို့၏ ဦးဆောင်မှုဖြင့် မြတ်စွာဘုရားထံ ပြန်ကြွသွားကြသည်။ ရှင်ဒေ၀ဒတ်၏ နိဂုံးကား သွေးပွက်ပွက်အံခြင်းနှင့်အ၀ီစိငရဲဖြစ်လေ၏ ။ ရှင်ဒေ၀ဒတ်နှင့် ပတ်သက်၍ မြတ်စွာဘုရားက ဤသို့ဟောကြားတော်မူသည်။ "မကောင်းမှုကိုပြုသူအတွက် ယခုဘ၀တွင်လည်း ပူပန်ရသည်။ တမလွန်ဘ၀တွင်လည်းပူပန်ရ၏။ မကောင်းမှုကို ပြုမိသည်ဟုသိသည်နှင့် ပူပန်ရ၏။ တမလွန်ဘ၀တွင်ကား ထို့ထက်ပို၍ပူပန်ရ၏။"
ဤဒေသနာ၏အဆုံးတွင်သောတာပန်ဖြစ်သူများ ဖြစ်ကြ၍ ကံကံ၏အကျိုးကို ယုံကြည်ကြသူများက ယုံကြည်ကြလေသည်။ ရှင်ဒေ၀ဒတ်သည်ကား အ၀ီစိငရဲမကျခင် သူ၏အမှားကို သိမြင်ခဲ့ဖော်ရသေးသည်။ သရဏဂုံတည်ရုံမက အလွန်လေးမြတ်စွာ ရှိခိုးခဲ့သေးသည်။ဤကားကုသိုလ်တည်း။ ကုသိုလ်သည် ကုသိုလ်၏အကျိုးကိုသာ ပေးမြဲဖြစ်သဖြင့် ရှင်ဒေ၀ဒတ်သည် ပစ္စေကဗုဒ္ဓါအဖြစ် ဖြင့်ကမ္ဘာတစ်သိန်းအထက်တွင် ကျွတ်တမ်းဝင်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတစ်ပါး၏ အကုသိုလ်အမှုကံနှင့် အကုသိုလ်အကျိုးပေးများကို ကြည့်၍သံဝေဂယူ ထိတ်လန့်ရသလို ကုသိုလ်အမှုကံအတွက် သာဓုခေါ်ဆို ၀မ်းမြောက်ရမည် ဖြစ်ပါသည်။
အသွင်သဏ္ဍာန်နှင့် အနှစ်သာရကို ခွဲခြား၍မသိကြလျှင် ရုပ်ဝတ္ထုပစ္စည်းများသည်အထင်ကြီးဖွယ်ရာ ဖြစ်သည်။ ထိုပစ္စည်းများကိုပိုင်ဆိုင်နေကြသော ပုဂ္ဂိုလ်များသည်လည်း အထင်ကြီးဖွယ်ရာ ဖြစ်လေသည်။
ကိုယ်ကျင့်တရားတည်းဟူသောစံနှုန်းနှင့်တိုင်းတာမှသာကြည်ညိုဖွယ်ရာပုဂ္ဂိုလ်အစစ်အမှန်ကို သိမြင်ရာသည်။ တန်ဘိုးထားအပ်သော စကားအစစ်အမှန်၊ တရားအစစ်အမှန်ကို သိမြင်ရာသည်။
ဆင်းရဲဒုက္ခ၏ အကြောင်းကား စင်စစ် အကုသိုလ်ကံပင် ဖြစ်ပါသည်။ အကုသိုလ်ကံအမှုကို ပြု၍ ယခုဘ၀နှင့် တမလွန် ဘ၀တွင်ဆင်းရဲပူပန်မှုကို ကြုံရသည်ကို ရှင်ဒေ၀ဒတ်က သာဓကပြသွားခဲ့ခြင်း ဖြစ်ပေသည်။
ကျွန်ုပ်တို့၏ ဘ၀ရည်မှန်းချက်များစွာအနက် ဖြစ်သင့်သောရည်မှန်းချက်တစ်ချက်သည်ကား အကုသိုလ်အမှု များကို တတ်နိုင်သမျှ ရှောင်၍ ကုသိုလ်အမှုများကိုကား "နည်းနည်းအမည်ခံ များများလုပ်ကြရန်" သာ ဖြစ်ပါတော့သည်။
ကိုယ်စိတ်ချမ်းမြေ့တရားတွေ့ကြပါစေ ..
မေတ္တာဖြင့်
tno
မှတ်ချက်။ ။ ဆရာကြီးဦးရွှေအောင် နှင့် (အရှင်ပဏ္ဍိတာဘိဝံသ) ၏ မြတ်ဗုဒ္ဓနှင့် ရှင်ဒေ၀ဒတ် ပို့စ်တို့မှ ပေါင်းစပ်ဖော်ပြပါသည်။

No comments:

Post a Comment