လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, October 1, 2012

မုသာဝါဒကံ ဘာကြောင့်ပျက်ရတယ်။


မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။

မုသာဝါဒါ - မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ
ဝေရမဏိ သိက္ခာပဒံ - ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊
သမာဒိယာမိ - စိတ်၌မြဲစွာ ဆောက်တည်ပါ၏။

မုသာဝါဒ - မုသာ - မဟုတ်မမှန်သော ၀တ္ထုကို
ဝါဒ- ဟုတ်မှန်သောအားဖြင့်သိစေခြင်းကို မုသာဝါဒလို့ခေါ်ပါတယ်။ မဟုတ်မမှန်သော ၀တ္ထုကို ဟုတ်မှန် သောအားဖြင့် သူတပါးကို ကိုယ်အမူအရာ၊ နှုတ်အမူအရာကို ဖြစ်စေ တတ်သော စေတနာကို ကောက် ယူရပါမယ်၊ မဟုတ်မမှန်သော စကားလို့ ဆိုပေမယ့် နှုတ်ဖြင့် ပြောမှသာ မဟုတ်ပါဘူး၊ စာဖြင့်ရေးတာ၊ ကိုယ် လက် စသည် လှုပ်ပြတာလဲပဲ မုသာဝါဒ ပါပဲ။ သူတစ်ပါး အကျိုးပျက်အောင် လိမ်ညာတဲ့ မုသား မျိုးဟာ အပါယ်ရောက်စေနိုင်ပါတယ်။

       မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။ လို့မြတ်ဘုရားထံမှာ ဂတိဂ၀တ်ပြု ထား ပေမဲ့ ဗုဒ္ဓဘာသာအများစု ပျက်ယွင်းကြတဲ့ နေ့စဉ်စောင့်ထိန်းကြတဲ့ ငါးပါးသီလထဲက သီလ တစ်ခု ကတော့ မုသာဝါဒ သီလပဲဖြစ်ပါတယ်။

         လူသားတိုင်းနေ့စဉ်နဲ့အမျှ မဖြစ်မနေစကားပြောနေကြရပါတယ်။ ဒါပေမဲ့ စကား စကား ပြောပါများ စကားထဲကအမှားပါ ဆိုသလို စကားများများပြောခြင်းကြောင့် အမှတ်မထင် မုသာဝါဒ တွေပါသွား တတ် ပါတယ်။ တစ်ခါတစ်လေမှာ ကြွားချင်တာနဲ့ မမှန်တာတွေ ပြောမိတတ်ပါတယ်။ တိုက်ရိုက် မဟုတ်သော် လည်း သွယ်ဝိုက်သော နည်းဖြင့် ပြောတာမျိုး၊ အမူအရာနဲ့ လုပ်မိတာမျိုး လည်းရှိပါတယ်။ ဥပမာ တရား စခမ်းမှာ တရားအားထုတ်နေပေမဲ့ တခြား သူတွေအထင်ကြီးအောင် ဟန်ဆောင်တာမျိုးတွေပြုမိတတ် ပါ တယ်။ တရားအားထုတ်သူတွေ ရှိရမဲ့ အရည်အချင်းက ဖြောင့်မှန်ခြင်းပါ။ တရားရဖို့အတွက် အထူးကို ဖြောင့်မှန်ရမှာပါ။

တစ်ချို့ကြတော့လည်း မိမိ မကောင်းမှုပြုတာကို ဖုံးတဲ့အနေနဲ့  ပုထုဇဉ်ပဲ ဘယ်ကင်းနိုင်ပါ့ မလဲ လို့ ဆင်ခြေပေး အကာအကွယ် ယူတတ်ကြတယ်။ ကြာလာတော့ အကုသိုလ်ကို မထီမဲ့မြင်ပြုလုပ် လာ တတ်ပါတယ်။ အကုသိုလ် လုပ်ရမှာကိုရှက်ရမှန်း ကြောက်ရမှန်းမသိဖြစ်လာပါတော့တယ်။

 ”မုသားမပါ လင်္ကာမချော“ ဆိုကာ မုသာဝါဒ ပြောရာ၌လည်း လင်္ကာရွတ်သလို ချောနေကြ တယ်။ White lie အဖြူရောင်မုသားဆိုပြီး ခေတ်မှီတယ်ဆိုတဲ့သူတွေက တစ်မျိုးထွင်ကြပြန်ပါတယ်။ မုသား (လိမ်ညာ) တယ်ဆိုကတဲက ဘယ်လိုမှအဖြူရောင်မထွက်နိုင်ပါဘူး၊ မည်းဖို့၊ အပျော့ဆုံး မီးခိုးရောင် ပဲ ထွက်ဖို့ရှိပါတယ်။

          သူများကို ”မင်းက ဘယ်လောက် ကောင်းလို့လဲ၊ သူတော်ကောင်းကြီးလား“ စသည်ဖြင့် ပြော တတ်ပါ သေးတယ်။ မိမိ နာရွက်ပြတ်တိုင်း သူတစ်ပါးကိုလည်း နားရွတ်ပြတ်ဟု ထင်ကြတယ်။ နားရွက်ပြတ်စေ ချင်ကြတယ်။

   ”ပါပသ္မိ ရမတိ မနော- စိတ်ဆိုတာ မကောင်းမှု၌ မွေ့လျော်တတ်တယ်လို့ စာတတ် ပေတတ်ပုံ ဖမ်းကာ မျက်နှာပြောင် တိုက်ကြသေးတယ်။  မှန်ပါတယ်။ စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်ပါတယ်။ ဒီသဘောကို သိရင် မိမိစိတ်ကို ဆင်ခြင်ပြုပြင် နေထိုင် သွားရမှာပါ။ မိမိရဲ့ ဟော့ကြမ်းသော စိတ်ကို အားပေးအားမြှောက် ပြုလုပ်နေမည် ဆိုရင် မိုက်တွင်း နက်သည် ထက်နက်သူဖြစ် သွားပေလိမ့်မယ်။        ဘ၀တန်းဖိုး မဲ့သွားပေလိမ့်မယ်။      

      ပဏ္ဍိတ သာမဏေလေးဟာ  အသက်မရှိသောရေ၊ အသက်မရှိသော မြားတို့ကို မိမိ လိုရာ ဆွဲယူ ရနိုင်ပုံ ကို ဥပမာယူ၍ တရားထူးရသွားခဲ့ပါတယ်။

    ပါရမီဉာဏ် မရင့်သန်သေး၍ မိမိစိတ်ကို သံသရာမှ လွတ်မြောက်အောင် မဆွဲဆောင် နိုင်ကြ သေးရင် တောင်မှ အကုသိုလ်ကိုမကောင်းမှန်းသိဖို့ တတ်နိုင်သမျှရှောင်ရှားဖို့ ကြိုးစားကြ ရပါ မယ်။ အချို့ပုဂ္ဂိုလ် များဟာ မိမိစိတ်ကို အနိုင်ရရန်အတွက် လေ့ကျင့်နည်းအမျိုးမျိုးဖြင့်လေ့ကျင့် ကြပါတယ်။ ဥပမာ ဒီ စာအုပ်ကို တစ်ထိုင်တည်းအပြီးဖတ်မယ်။ တစ်နေ့ တစ်နာရီတရား ထိုင်မယ်၊  စသည်ဖြင့် ဆုံးဖြတ်ချက် ချကာ လုပ်ကိုင်တတ်ကြပါတယ်။
 
          မကောင်းမှု၌ မွေ့လျော်တတ်သောစိတ်ကို အဲ့လို လေ့ကျင့်ပေးခြင်းဖြင့် ကုသိုလ် ကောင်းမှု၌ မွေ့လျော်တတ်လာအောင် မိမိစိတ်ကို အနိုင်ယူနိုင်အောင် ကြိုးစားကြရ ပါမယ်။

     ပုထုဇဉ်မို့ မကောင်းမှု ဒုစရိုက်အမှုတို့ပြုလုပ်ရမယ်လို့ ဘုရား မဟောခဲ့ပါ။ ”သဗ္ဗပါပဿ အကရဏံ- အကုသိုလ်မှန်သမျှ မပြုရ“ ဟုသာ ဟောခဲ့ပါတယ်။

 
 မိမိ၏ စိတ်ကို တားမြစ်ထိန်းသိမ်းစောင့်ရှောက်ပုံနှင့် ပတ်သက်၍ မစိုးရိမ် ဆရာတော် ဘုရားကြီးက
   ”တစ်ခါတလေ ကိုယ့်စိတ်ကို ဂွ(ခွ)တိုက် ပေးရတယ်ကွဲ့ ။ ဘယ်လိုလဲဆိုရင် ဘုရား ရှိခိုးချိန်မှာ အပျင်း ထူပြီး တောင်တောင်အီအီ  ဆင်ခြေတွေနဲ့ ပေကတ်ကတ် လုပ်နေချင်တယ်။ ရှိမခိုး ချင်ဘူး၊ အဲဒီ ရှိမခိုး ချင်တဲ့စိတ်ကို အရွဲ့တိုက်ပြီးတော့ ရှိခိုးဖြစ်အောင်ရှိခိုးလိုက်ရတယ်။ သင်းကို အရှုံးမပေးလိုက်ရဘူး။ အလားတူ ကောင်းမှုကုသိုလ် တစ်ခုခုမှာ သူကမလုပ် ချင်ဘူး။ ဆင်ခြေ အမျိုးမျိုးတွေနဲ့ ကန့်ကွက် ဖင့်နွှဲ နေပြန်ရော။ အဲဒီအခါကျတော့လဲ ”ကဲ နင် မလုပ်ချင်ပေမဲ့ ငါ လုပ်တယ်ဟယ်“ လို့ ကိုယ်က ဇွတ်လုပ် ပစ် ရတယ် ” ဟု သြ၀ါဒ ပေးခဲ့ ပါတယ်။

မုသာဝါဒကံမြောက်ဖို့ အင်္ဂါ လေးပါးရှိပါတယ်။
၁။ မဟုတ်မမှန်တဲ့ဝတ္ထုဖြစ်ခြင်း၊
၂။ လှည့်စားလိုတဲ့စိတ်ရှိခြင်း၊
၃။ လှည့်စားလိုတဲ့စိတ်အားလျော်စွာလုံ့လပြုခြင်း၊
၎။ ကိုယ်ပြောသည့်အတိုင်း တစ်ပါးသူက နားလည်သွားခြင်း။

ကိုယ်က လိမ်ညာချင်တဲ့စိတ် အမှန်တကယ်မရှိပဲ သူအကျိုးရှိအောင် လိမ်ညာပြောဆို ရခြင်းမျိုး။ ဥပမာ။ ဆရာဝန်တစ်ဦးအနေနဲ့ လူနာကို ကျန်းမာလာဖို့ လိမ်ညာပြောဆို ရခြင်း၊ စိတ်ဓါတ်ကျပြီး ရောဂါ ပိုဆိုးမှာစိုး၍ ကင်ဆာမဟုတ်ပါ၊ ရောဂါပျောက်သွားမှာပါလို့ ပြောရ တာမျိုး။ တစ်ခါတစ်ရံ လူတစ်ဦး တစ်ယောက်က အခြားသူ တစ်ဦးကို စိတ်ဆိုးမည့် ကိစ္စများ ကြုံလာပါက စိတ်မဆိုးဖို့ ကြားဝင် လိမ်ညာ ပြော ပေးရခြင်းမျိုး။ ကိုယ့်ဥစ္စာမပေးလို လို့ လိမ် တာမျိုး၊ အပျော်အပျက်နှောက် ပြောင်ပြော ဆို တာမျိုး၊ သူတစ်ပါး အကျိုးစီးပွါးမပျက်စေပဲ မိမိ အပြစ်မပေါ်အောင်လိမ်တာမျိုး။ ဒါမျိုးတွေက အပြစ်မကြီးပါ သို့သော် မုသာဝါဒသိက္ခာပုဒ် တော့ပျက် သွားပါတယ်။
 
ကမ္ဘာဦးအစက စေတိယမင်း မုသားပြော၍ အ၀ီစိသို့ရောက်ခဲ့ပါတယ်။ မုသားပြောရုံနဲ့ အ၀ီစိ ရောက်တာကို လွန်လွန်းတယ်လို့ ထင်ကြပါလိမ့်မည်။ မလွန်လွန်းပါ။ စေတိယမင်း မုသားပြောသော အချိန်က တစ်စုံတစ်ယောက်မှ မုသားပြောသူ မရှိသေးပါ။ အားလုံးသစ္စာ တည်သော အခါဖြစ်ပါတယ်။ ညစ်စုတ် ပေတေ နေတဲ့ လက်နှီး  အိုးမဲထိသော်လည်းမထူး။ ဖြူစင်သောပုဝါတွင်ကားမြူမှုန့်လောက် အကွက် ကလေးပင် ထင်ရှား သကဲ့သို့ အားလုံး သစ္စာ တည်ကြသောကာလပထမဖြစ်သော ထိုမုသား သည် အလွန်ထင်ရှား၍ အပြစ်လည်းကြီးမား လေသည်။ ယခုခေတ်က မုသားကို ရေလဲနှင့် သုံးဆွဲ နေကြ သော ခေတ်ဖြစ်သည်။ ဒါလောက် မုသားပေါသောခေတ်မုသားပြောသူတိုင်း မြေမျိုရလျှင်မြေကြီး ပင် အားလပ်ခွင့်ရ တော့မည် မဟုတ်ပေ။ ထိုပြင်ကမ္ဘာဦးမုသားလောက် အပြစ်ကြီး သောအပြစ်များလည်း မရှိ သေးပေ။ ယခုခေတ်တွင်ကားမုသားလောက် အပြစ်မျိုးကို အပြစ်ဟုပင် မဆိုသာ။ ထိုထက်ဆိုးသော အပြစ်ကြီးတွေက လွှမ်းမိုးနေသဖြင့်မုသားလောက် အပြစ်မှာ သာမန် အပြစ်လောက်ဖြစ်ရသည်။ သို့ရာ တွင် ခေတ်အလျောက် မုသားအပြစ်က မျက်မှောက်အကျိုး မထင်ရှားစေကာမူ သံသရာဝဋ်လိုက် သောအပြစ်မှာ စေတီယမင်း အဖြစ်မျိုးထက် သက်သာလှမည် မဟုတ် သည့်အတွက် မုသားမှန်သမျှကို အသေးအဖွဲ့ကစ၍ ရှောင်ကြဉ်ကာ သစ္စာပါရမီကို နှစ်သက် စွာ တတ်နိုင်သမျှဖြည့် ကျင့်ကြပါလျှင် မိမိ တွင်တည်သော သစ္စာကြောင့်

.....အခက်အခဲ၊ အကြပ်အတည်းတွေနဲ့ တွေ့ကြုံလာတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ကောင်းမြတ်တဲ့ လိုအင်ဆန္ဒတွေ ပြည့်ဝချင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ကိုယ်စောင့်စည်းခဲ့တဲ့ သီလကို ပြန်ပြောင်း နှလုံးသွင်းပြီး သစ္စာဆို ဆုတောင်း မယ်ဆိုရင် အခက်အခဲ အကြပ် အတည်း တွေလည်း လွတ်မြောက်နိုင်သလို ကောင်းမြတ်တဲ့ လိုအင်ဆန္ဒတွေလဲ ပြည့်ဝလာနိုင်ပါတယ်။
 
 
 








 

မုသာဝါဒကံရဲ့အပြစ်များ။
၁။ ယခုဘ၀မှာ ပဲစကားပီပီသိသိ မပြောတတ်ခြင်း။
၂။ သွားမညီခြင်း။
၃။ ခံတွင်းပါးစပ် ပုပ်ညှီခြင်း။
၎။ ကိုယ်အရေအသား ပူရှိန်ခြောက်ကပ်စိုစိုဖပ်ဖပ် မရှိခြင်း။
၅။ မျက်စိ နားစသော ဣနြေ္ဒများ နောက်ကျုကျုရှိခြင်း။
၆။ ပုံဟန်မလာပဲ ဆိုးဝါးချွတ်ယွင်း ဖောက်ပြန်ခြင်း။
၇။ သူတစ်ပါးအပေါ်၌ သြဇာအာဏာ မတည်ခြင်း။
၈။ အပြောအဆို နှုတ်လျှာများ ထော်လော်ကြမ်းတမ်းခြင်း။
၉။ စိတ်မတည်ပဲ လျှပ်ပေါ်လောလီတတ်ခြင်း စတဲ့အပြစ်တွေ အပြင် မုသာစကား ပြောကြား သူမှာ ဘယ်ကိစ္စမဆို မယုံကြည် ရသောကြောင့်အကြီးအကဲ မဖြစ်နိုင်ပါဘူး။ မုသားစကား ပြောကြားခြင်းမှ ရှောင်ကြဉ်ပါက ဤ အပြစ်တွေက အပြန်ဖြစ်တဲ့စကားပီခြင်း၊ သွားညီခြင်း စတဲ့အကျိုးတရား တွေကို ရနိုင်ပါတယ်။ မျက်မြင်လောကမှာစကားမပီသသူ၊ ပီသသူ၊ သွား မညီသူ၊ သွားညီညာ စီတန်းနေသူတွေ၊ သြဇာအာဏာ မရှိတဲ့သ၊ူ သြဇာအာဏာရှိသူ တွေကို ကြည့် ပြီး မုသာဝါဒကံရဲ့ အကျိုးအပြစ်တွေကို သတိထားပြီး ထိန်းသိမ်းစောင့် ရှောက် ပါ။


ဆောင်ပုဒ်(တောင်မြို့ဆရာတော်အရှင်ဇနကာဘိဝံသ)
မုသားစကးပြောဆိုငြားမူ၊စကားမပီ၊သွားမညီတည်း၊
ပုပ်ညှီပါးစပ်၊ခြောက်ကပ်ကိုယ်ရေ၊ဣနြေ္ဒိ နောက်၊ ပုံယွင်းဖေါက်၏။
မရောက်သြဇာ၊နှုတ်လျှာကြမ်းထော်၊လျှပ်ပေါ်လော်လီ၊
စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန်အကျိုးတည်း။
 
  “ဖြောင့်- စားမကုန်၊ ကောက်- စားမလောက်”
 
အားလုံးခြုံကြည့်လိုက်ရင် မုသာဝါဒကံကျူးလွန်မိတာ စကားပြောတဲ့အခါ သတိမထားပဲ လက်လွတ် စပယ်ပြောခြင်း၊ မုသာဝါဒကံရဲ့ အပြစ်တွေကို မသိပဲ ပေါ့ပေါ့ဆဆ ထင်မြင် ယူဆ ခြင်းတို့ကြောင့် အများဆုံး ကျူးလွန်မိကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် မြတ်ဘုရားက သားတော် ရာဟုလာအား ဆိုဆုံးမသည့်  သြ၀ါ ဒ တော်အတိုင်း -

မပြောခင်စဉ်းစားပါ -မုသာဝါဒ ဆိုရင် ပြောဖို့ အစီအစဉ်ကို ဖျက်လိုက်ပါ။
ပြောနေစဉ် စဉ်းစားပါ- မုသာဝါဒ ဆိုရင် ဆက်မပြောပါနဲ့။
ပြောပြီးရင်လည်းပြန်စဉ်စားပါ- မုသာဝါဒ ဆိုရင် နောက်ဒီလိုမျိုးမပြောမိအောင်ကြိုးစားပါ။

ကျမတို့အားလုံး မုသာဝါဒကံလုံခြုံစွာထိန်းကြပါဆို့။
 

ကျမ်းကိုး
၁။ ရတနာ့ဂုဏ်ရည်။ ဆရာတော်ဇနကာဘိဝံသ။
၂။ မုသားများနဲ့လူသားများ http://anam308.blogspot.fr/
၃။ လိမ်ညာခြင်းသည် လိမ်လည်ခြင်း
http://www.myatpanyagon.com/2011_04_01_archive.html
၎။ အရှင်ဆန္ဒာဓိက ၏ ''လောက၌အကောင်းဆုံးသောအရာ'' http://www.mettashinfoundation.com/2009_08_01_archive.html
၅။ မုသာဝါဒ အလင်းရောင်စဉ်
http://zawhtetnain.multiply.com/journal/item/21                                                    
၆။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
http://lovelove1349.multiply.com/journal/item/174

No comments:

Post a Comment