လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, October 23, 2012

လူမိုက်နဲ့ပြိုင်မိုက်ခဲ့မိတဲ့ ကျမ ဒေါသအိုး။


ကျမ ဆေးခန်းက ဒေါ်တင်မြတ်ဝင်းရဲ့ ဓါတ်ခွဲခန်းနဲ့ တွဲဖွင့်ထားပါတယ်။ အဲ့ဒီအချိန်က တောင်ကြီးမြို့မှာ အပြင်ဓါတ်ခွဲခန်းတွေ မရှိသေးပါဘူး။ တောင်ကြီးမှာအဖြစ်များပြီး ဆေးခန်းကို ဖျားလို့လာပြတဲ့ ရောဂါအများစုက ငှက်ဖျားရောဂါ၊ အူရောင်ငန်ဖျားခေါ်တဲ့ တိုက်ဖိုက် (typhoid) ရောဂါနဲ့၊ ဆီးပိုးဝင်ရောဂါ တွေဖြစ်ပါတယ်။ ငှက်ဖျားရောဂါ၊ ဟုတ် မဟုတ်ဆိုတာကို လူနာရဲ့သွေးမှာ ငှက်ဖျားပိုးရှိမရှိစစ်ခြင်းဖြင့် ချက်ချင်းသိနိုင်သလို၊ ဆီးပိုးဝင်ရောဂါကိုလည်း လူနာရဲ့ဆီးမှာ ပိုးတွေ၊ပြည်တွေ ရှိမရှိစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ ရောဂါသိတော့ ရောဂါနဲ့ သက်ဆိုင်တဲ့ဆေး ပေးလိုက်ရင် ရောဂါချက်ချင်းနီးပါး သက်သာ ပါတယ်။ အဲ့ဒီ ၂ မျိုး မဟုတ်ရင် တိုက်ဖိုက်ဖြစ်နိုင်တယ်။ သူ့ ကိုတော့ သွေးစစ်ရင် ချက်ချင်း မသိနိုင်ပေမဲ့ လူနာကိုစမ်းသပ်ခြင်းဖြင့် တစ်ချို့ကိုခန့်မှန်းနိုင်ပါတယ်။ ဥပမာ၊ လူနာရဲ့ လျှာတွေထူနေခြင်း၊ အူနေရာ၊ အသဲနေရာတွေ ကိုင်ရင် နာခြင်းစတာတွေ ဖြစ်ပါတယ်။


ဝမ်းကိုက်ရောဂါတို့ သံကောင်ရောဂါတွေကလည်း ၀မ်းစစ်ခြင်းဖြင့် သိနိုင်တာမို့ ကျမ ဆေးခန်းက နံမယ်ရလာပါတယ်။ ဒီ့အပြင် သမားတော်ကြီးကလည်း သူ့လူနာတွေ ဓါတ်ခွဲခန်း စစ်ဆေးမှု တွေပြုလုပ်ဖို့ နဲ့ အားဆေးသွင်းဖို့လူနာတွေကို ကျမတို့ဆေးခန်းကိုလွှတ်ပါတယ်။ ရလဒ်က ကျမတို့ဆေးခန်းရှေ့မှာ corolla ကားသစ်တွေ တွေ့နေရပါတယ်။ အဲ့ဒါကို မနာလိုတဲ့ သူ ရှိနေ တယ်ဆိုတာ ကျမလုံးဝ မသိခဲ့ပါဘူး။


ဒေါ်တင်မြတ်ဝင်းတို့တိုက်က နှစ်ထပ်ဖြစ်ပြီး လမ်းဒေါင့်မှာရှိပါတယ်။ တိုက်မကြီးက လမ်းသွယ်ကိုမျက်နှာပြုပြီး၊ ဆေးခန်းကို တိုက်မကြီးရဲ့ အောက်ထပ်မှာ အခန်းဖွဲ့ထားပါတယ်။ တိုက်မကြီးရဲ့ဘေး တစ်ခြား လမ်းဘက်ကိုမျက်နှာပြုတဲ့ ဘက်မှာ အဆောင်ငယ်လေးရှိပါတယ်။ အဲ့ဒီအဆောင်မှာ စာအုပ် အငှါးဆိုင် ဖွင့်ထားပါတယ်။ စာအုပ်အငှါးဆိုင် ရှေ့တည့်တည့်မှာ စပ်စံထွန်းဆေးရုံက ဆရာဝန်မဒေါ်ရှမ်းမ မိသားစုရဲ့ ဆေးခန်းရှိပါတယ်။ သူမက အပျိုကြီးပါ၊ ဒါပေမဲ့ အမေရယ်၊ နံပါတ်ဖိုဆွဲလို့ ဆေးဖြတ်ပေးပြီး၊ မိန်းမ ပေးစား ကာ၊ လိုင်ကားထောင် ပေး ထားတဲ့ မောင် လင်မယားရယ်ရှိပါတယ်။ သူတို့ မိသားစုက ဆေးရုံဝင်းထဲက ကျမ အခန်းအပေါ်မှာနေပါတယ်။ စပ်စံထွန်းဆေးရုံ ဆရာဝန်quarter မှာ နှစ်ထပ်တိုက် ၃ လုံးရှိပါတယ်။ တစ်တိုက်မှာ အပေါ်အောက် ၄ ဦးနေရပါတယ်။ ကျမတို့ တိုက်က အလယ်တိုက်ဖြစ်ပါတယ်။ တောင်ကြီးမြို့ပေါ်ဆွဲတဲ့လိုင်းကားတွေက မြောက်ဘက်မှာရှိတဲ့ စပ်စံထွန်းဆေးရုံနဲ့ တောင်ဘက်မှာရှိ တဲ့ဈေးကြား ပြေးဆွဲ ပါတယ်။ အပေါ်ထပ်က ကားက ဂျပန်က လာတဲ့ ၅ ချိတ်ခေါ်တဲ့ pick-up ကားအနီပါ။ လိုင်းဆွဲပြီးရင် ကားကို ဆရာဝန် quarter ကကား ဂိုဒေါင် မှာသိမ်းပါတယ်။ ကျမကားနဲ့ သူတို့ ရဲ့လိုင်းကား ဂိုဒေါင်တစ်ခု ထဲမှာ အတူတူထားရပါတယ်။ ဒေါက်တာဒေါ်ရှမ်းမကဆေးခန်းမှာအပျင်းပြေဖတ်ဖို့ စာအုပ်နေ့တိုင်း လိုလို လာငှါးပါတယ်။ စာအုပ်ဆိုင်ကနေ ကျမဆေးခန်းကိုလှမ်းမြင်ရပါတယ်။

တစ်နေ့ ကျမ ဈေးဝယ်အထွက်မှာ လိုင်းကားအနီတစ်စီးနဲ့ မျက်နှာချင်ဆိုင်တွေ့ပါတယ်။ တိုက် မလိုလို ဖြစ်လို့ ကျမ ကားကိုရှောင်လိုက်ရပါတယ်။ ကျမ က ကိုယ့်ကား နံပါတ် တောင် မမှတ်မိတဲ့ သူ ဆိုတော့ တိုက်မလိုလို ဖြစ်တဲ့ ကားနံပါတ်ကို မမှတ်မိပါဘူး။ မတော်တဆဖြစ်တယ်လို့ပဲ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ -၃ ခါလောက် ဒီလိုင်းကားအနီနဲ့ချည်း တိုက်မလိုလိုဖြစ်နေတော့ ကျမ မသင်္ကာတော့တာနဲ့ ကားနံပါတ်ကို ဒေါ်တင်မြတ်ဝင်းကိုမှတ်ခိုင်းတော့ အပေါ်ထပ်က ကားဖြစ်နေပါတယ်။ နောက်တစ်ခါ တိုက်မလိုလိုဖြစ်တော့ ကျမ စဉ်းစား မိတာက ကျမ morris minor ကားက အလွန်ဆုံးတန် ၅ သောင်း၊ သူတို့ကားက ၁ သိန်းလောက်တန်မယ်။ ဘာ မတိုက်ရဲစရာရှိမလဲဆိုပြီး၊ ကျမ ကားကိုတိုက် မလိုလို လုပ်တဲ့ အခါတိုင်းလို မရှောင်တော့ပဲ ကားခေါင်းတဲ့ ပေးလိုက်ပါတယ်။ မထင်မှတ်ပဲ သူတို့ကား ရှောင်ထွက်သွားတဲ့ အတွက် ကားတိုက်မှု မဖြစ်တဲ့အပြင်၊ နောက်ထပ် ကားချင်းတိုက်ဖို့လဲ မကြိုး စား တော့ပါဘူး။

ကားချင်းတိုက်တဲ့ ရန်အေးသွားလို့ စိတ်အေးမယ်ကြံကာရှိသေးတယ်။ ကျမ ဆေးရုံက အိမ်ဝင်း ထဲကို လမ်းလျောက်ပြန်လာတာနဲ့ သူတို့ကား ပြန်လာတာနဲ့ တွေ့ ချိန်မှာ ကားနဲ့လူကို တိုက်ဖို့ လုပ်ပါတယ်။ အဲ့ဒီအချိန်မှာ လမ်းဥပဒေ အသစ်တစ်ခု ထွက်ပြီးတာ မကြာသေးပါဘူး။ ကားတိုက်လို့ သေဆုံးရင် လျော်ကြေး တစ်သောင်း သတ်မှတ်တာပါ။ (ရွှေဈေး ၁၆၀၀ ကျပ်)။ ကျမလည်း ငါသေရင် ငါ့အမေ တစ်သောင်းရမှာပဲ။ မသေရဲစရာမရှိဘူးဆိုပြီး ရှောင်မပြေးပဲ။ ကိုယ့်လမ်းကိုယ်ဆက်လျောက်ပါတယ်။ အဲ့ဒီအခါကျတော့လည်း။ မတိုက်ပဲ ထွက်သွားပြန်ပါတယ်။

တစ်ပတ်လောက်ကြာတော့ နောက်တစ်နည်းသုံးပြန်ပါတယ်။ ကျမတို့ အိပ်ခန်းနားမှာ လာပြီး ဆဲရေး တာပါပဲ။ ကျမတို့ ငယ်ငယ်ထဲက အဖေ အမေက လုံးဝ မဆဲရဘူးလို့ သင် ထားတာမို့ ပြန် မဆဲ တတ်ပါဘူး။ ဒါပေမဲ့ အခြောက်တိုက် အဆဲခံနေရတာကိုလည်း သဘောမကျဘူး။ ဘယ်လိုလုပ်ရမှန်း မသိဖြစ်နေတုံး အကြံရတာနဲ့ သူလာဆဲလေ့ရှိတဲ့ နေရာမှာ Casette recorderကိုအရံသင့်ထားပြီး ဆဲ တာနဲ့ recorder လုပ်ပြီး ရုံးတင် တရားဆွဲမယ်လို့ စိတ်ကူးထားပါတယ်။ ကျမ အကြံ မအောင်ပါဘူး။ လာမဆဲတော့ပါဘူး။ ကျမ Casette recorder ထားတာ မှန်ပြူတင်ကမြင်ပြီး မဆဲတော့တာထင်တယ်။ ဆဲတဲ့ ကိစ္စပြီးလို့ အေးပြီထင်တာ မကြာပါဘူး။ ကျမ ဆေးရုံက အပြန်မှာ သူတို့အပေါ်ထပ် ၀ရံတာကနေ ရိုင်ဖယ် သေနတ်ကြီးတကားကားနဲ့ ပစ်မယ်ဆိုပြီးချိန်ထားပါတယ်။ ကျမလည်း သည်းမခံနိုင်တော့ဘူး။ မိုက်မိုက်ကန်းကန်း အောက်ကနေ လှမ်းအော်ပြောလိုက်တယ်။ သေနတ်နဲ့ ချိန်မနေနဲ့ သတ္တိရှိရင် အောက်ဆင်းခဲ့ သေနတ်ချင်းပစ်မလား၊ ဓါးချင်းထိုးမလား၊ ကြိုက်ရာရွေး။

မိန်းခလေး တစ်ယောက်က စိန်ခေါ်တယ်ဆိုတော့ သူလည်းရှက်ရှက်နဲ့ဆင်းမယ်လုပ်တာ၊ သူ့မိန်းမ၊အမနဲ့ အမေတွေ ၀ိုင်းဆွဲကြလို့ ဆင်းမလာပါဘူး။ အဲ့ဒီနောက်ပိုင်း ကျမကို ရန်မစတော့ပါဘူး။ အခုမှတွေးမိတယ်။ သူသာဆင်းခဲ့ရင် ကျမ သေချင်သေ၊ မသေရင် ဒါဏ်ရာအနာတရကြောင့် ဒုက္ခိတဖြစ်နိုင်တယ်။ သူ့ကိုတောင်ကျေးဇူးတင်ရမလိုဖြစ်နေတယ်။

အဲ့ဒီ ရန်ပွဲကြောင့် မေမေက ကျမကို နယ်ဆေးရုံတွေမှာ အလုပ်လုပ်ဖို့ စိတ်မချတော့ဘူး။ ဆရာဝန်လိုင်း မှာနေတာတောင် အန္တရာယ်များတယ်တဲ့။ ရန်ကုန်မှာနေရတဲ့ အလုပ်ဆိုရင် လုပ်၊ မဟုတ်လို့ကတော့ အလုပ်ထွက်လို့ ရာဇသံ အပေးခံရပါတော့တယ်။ ကျမရဲ့ ညီမ အငယ်ဆုံးကတော့ မလတ်ဆီ ကျမ လာမလည်တော့ဘူးတဲ့။ တော်ကြာ ညီအမချင်းဆိုတော့ ဆင်တယ်။ မှားပြီအသတ်ခံရမှာကြောက်တယ်တဲ့။ တော်တော်အားကိုးရတဲ့ညီမ။

ဗုဒ္ဓက မနာလိုခြင်း၊ ဣဿာနှင့် ၀န်တိုခြင်း၊ မစ္ဆရိယ ရှိသောကြောင့် လူနတ်သတ္တ၀ါအများတို့ သည် စိတ်ဆင်းရဲခြင်းဖြစ်ရသည်ဟု သိကြားမင်းအမေးကို အဖြေပေးတော်မူခဲ့ပါသည်။
(သုတ်မဟာဝါ ပါဠိတော်၊ သက္ကပဥှာသုတ်)

ကျမလို လူမိုက်နဲ့ ပြိုင်မိုက်တဲ့သူ မဖြစ်ကြပါစေနဲ့။

No comments:

Post a Comment