ကျမတို့လုပ်သမျှ ကံတွေဟာ သံသရာတစ်လျောက်လိုက်ပြီး အခြေအနေပေးတာနဲ့ အကျိုးပေးတယ်ဆိုတော့ အဲ့ဒီကံတွေဘယ်မှာ သိမ်းထားသလဲ။
ဥဏှောက်ထဲမှာလား။ နှလုံးထဲမှာလား။ သိပ္ပံပညာနဲ့ စဉ်းစားရင်မဖြစ်နိုင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ဥဏှောက်ကလူသေရင် သေသွားတာဆိုတော့ နောက်ဘ၀လိုက်ပြီးအကျိုးပေး မဲ့ ကံတွေသိမ်းထားလို့ မဖြစ်နိုင်ဘူး။ နှလုံးက ပိုမဖြစ်နိုင်ဘူး။ လူမသေခင်ကို သူများနှလုံးနဲ့ အစားထိုး ကုနေတာဆိုတော့ သူ့ထဲမှာသာသိမ်းထားရင် သူများကံတွေ ကိုယ့်ဆီရောက်လာ ရင်ဒုက္ခ။
အဘိဓမ္မာအရ ကံဆိုတာ စေတနာလို့ခေါ်တဲ့ စေတသိတ်။ တစ်နည်းအားဖြင့် နာမ် တရား။ နာမ်ဆိုတော့ ရုပ်တရားဖြစ်တဲ့ ဥဏှောက်တို့ နှလုံးတို့ထဲမှာသိမ်းလို့မရဘူး။ ဒါဖြင့်
ဘယ်ထဲမှာလဲ။
ကံတွေကပျောက်ပျက်မသွားပဲ ဆက်လက် လိုက်ပါနေတယ် ဆိုတာကတော့ သေချာ တယ်။ ဥပမာအားဖြင့် အသီးသီးတဲ့ သရက်ပင်တို့၊ ပန်းသီးပင်တို့ကို ကြည့်ပါ။ သူတို့ မသီးခင် အဲ့ဒီအသီးတွေကို ဘယ်မှာသိမ်းထားသလဲ။ ပင်စည်ထဲမှာလား၊ အကိုင်းထဲ မှာလား၊ အရွက် ထဲမှာ လား၊ အခေါက်ထဲလား၊ အမြစ်ထဲလား။ ဘယ်မှာမှ ရှာမတွေ့ဘူး။ ဒါပေမဲ့ အချိန်တန်ရင် တော့ အသီးတွေထွက်လာတယ်။ ဒါကြောင့် အသီးသီးတဲ့သတ္တိရှိတယ် ဒါပေမဲ့ မျက်စိနဲ့လည်း မမြင်နိုင်ဘူး။ ယခုခေတ်သိပ္ပံပညာနဲ့လည်း မပြနိုင်ဘူး။
မြတ်ဘုရားက ဟောတော်မူခဲ့တယ်။ ကံတွေဟာ စိတ်ဖြစ်တိုင်းပါတဲ့ စေတသိတ်ဖြစ် တယ်။ ကျန်တဲ့ ရုပ်တွေ၊နာမ်တွေလိုပဲ စေတသိတ်ကလည်း ဖြစ်ပြီးတာနဲ့ ပျက်သွားတယ်။
ဒါပေမဲ့ သူက သူ့ရဲ့သတ္တိတွေကိုထားခဲ့တယ်။ ဥပမာအားဖြင့် ဆီနဲ့တူတယ်။ ကျန်တာတွေက ရေနဲ့တူတယ်။ ရေစိုတဲ့နေရာမှာ ရေမရှိတော့ဘူးဆိုရင်ဘာမှ မကျန်တော့ဘူး။ ဒါပေမဲ့ ဆီကျ တော့ ဆီမရှိတော့ပေမဲ့ ဆီအရာ ကျန်ခဲ့တယ်။ ဒီလိုပဲ စေတနာခေါ်တဲ့ ကံကလည်း ပျက်သွား ပေမဲ့သူ့ရဲ့သတ္တိတွေကျန်ခဲ့တယ်။ အဲ့ဒီသတ္တိက ဘယ်မှာလည်းဆိုတော့ စိတ္တသန္တတိ ခေါ်တဲ့ စိတ်အစဉ်အတန်း (process of mind) မှာ။ စိတ်ဖြစ်စဉ်က သံသရာတစ်လျှောက်လုံးမှာ ဘယ် တော့မှ မပြတ်ဘူး။ ဖြစ်ပျက်၊ဖြစ်ပျက်ဆိုပြီး စိတ်တစ်ခုဖြစ်ပြီးပျက်သွားတာနဲ့ နောက်စိတ်တစ်ခု ကချက်ချင်းဖြစ်ပြီး ပျက်ပြန်တယ်။ အဲ့ဒီလို ဖြစ်ပျက်အစဉ်က ဆက်ဖြစ်နေတယ်။ သေတဲ့အချိန် မှာ စုတိစိတ်ဖြစ်ပြီးပျက်တယ်။ စုတိစိတ်ပျက်တာနဲ့ ပဋိသန္ဓေစိတ်ကဖြစ်တယ်၊ပြီး တော့သူ လည်းပျက်ပြန်တယ်။ ဒါကြောင့် ပညတ်အားဖြင့်တစ်ဘ၀ကပြတ်သွားပြီး နောက်ဘ၀ သစ်ဖြစ် သွားပေမဲ့ စိတ်ရဲ့ ဖြစ်ပျက်အစဉ်ကတော့ မပြတ်ဘူး။
သံသရာမှာ စိတ်ဖြစ်စဉ်ရပ်တာ ၂ နေရာပဲရှိတယ်။ တစ်ခုက ရဟန္တာအရှင်မြတ်များ
သမာပတ်ဝင်စားခိုက်မှာ ခေတ္တရပ်တယ်။ ဒုတိယက အသညသတ်ဘုံခေါ်တဲ့ စိတ်မရှိတဲ့ဗြဟ္မာ့ ဘုံရောက်နေတဲ့ ဗြဟ္မတွေမှာစိတ်အစဉ် ပြတ်နေတယ်။ သမာပတ်ကပြန်ထတဲ့အခါနဲ့ အသည သတ်ဗြဟ္မာများ နာမ်ရှိတဲ့ဘုံဘ၀ကိုရောက်တဲ့အခါ ရပ်နေတဲ့ နာမ်အစဉ် ပြန်လည် ဖြစ်ပျက်ကြ တယ်။ ရဟန္တာအရှင်မြတ်များ ပရိနိဗ္ဗာန်စံတဲ့အခါမှာတော့ ရုပ်ဖြစ်ပျက်စဉ်ရော်၊ နာမ်ဖြစ်ပျက်စဉ် ရော် လုံးဝပြတ်သွားတယ်။ ဒါကြောင့် ရဟန္တာအရှင်မြတ်များ ပရိနိဗ္ဗာန်စံတဲ့အခါ နောက်ဘ၀ ဆိုတာ မရှိတော့ဘူး။ နားလည်လွယ်အောင် နောက် ဥပမာ တစ်ခုပေးရမယ်ဆိုရင် သတ္တ၀ါ တွေဟာ ရွေ့လျားနေတဲ့ကားနဲ့ တူတယ်။ ကားရွေ့နေသမျှ သူ့မှာအရှိန် ဆိုတာရှိနေတယ်။ ကံ တရားတွေက အရှိန်နဲ့တူတယ်။ ပရိနိဗ္ဗာန်စံသွားတာ အရှိန်အားလုံးကုန်ပြီး ကားလုံးဝ ရပ်သွား တာနဲ့တူတယ်။ ကားလည်းလုံးဝ မရွေ့တော့ဘူး။ ဘာအရှိန်မှ လည်းမရှိတော့ဘူး။
ကျမနားလည်သလိုရေးသားထားခြင်းဖြစ်ပါတယ်။ အမှားပါ ပါက ရဟန်းပညာရှိ၊ လူပညာရှိ များ မေတ္တာရှေ့ထား၍ပြင်ဆင်ပေးကြစေလိုပါတယ်။
ကျမ်းကိုး။
၁။ အရှင်သံဝရာလင်္ကာရ၊ဓမ္မပိယဆရာတော်၏နိဗ္ဗာန်သွားလမ်းမြတ်ပဋ္ဌာန်း။
၂။ ပါမောက္ခချုပ်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့် လေ့လာခြင်း။
No comments:
Post a Comment