လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, July 12, 2012

သေပြီးဒီဘ၀က နောက်ဘ၀ကို ဘယ်လိုကူးပြောင်းသလဲ။

ပါဠိ=အာယု။ မြန်မာ=အသက်။

အသက်ဆိုတာရုပ်ဇီဝိတနှင့်နာမ်ဇီဝိတကိုခေါ်တာဖြစ်တယ်။ နှစ်မျိုးလုံးဟာ ပရမတ်တရားများဖြစ်တယ်။ ဒါကြောင့်သဘောတရားသက်သက်မျှသာ။ အဆိုင်အခဲမဟုတ်၊ အကောင်လည်း မဟုတ်။ လိပ်ပြာလည်းမဟုတ်ပါ။ ၀ိညာဉ်လည်းမဟုတ်။ အတ္တလည်းမဟုတ်။ ငါလည်းမဟုတ်။

ရုပ်ခန္ဓာကြီးအသက်ရှင်နေတာ ရုပ်ဇီဝိတကြောင့်။ နာမ်တရားတွေ အသက်ရှင်နေတာ နာမ်ဇီ       ၀ိတကြောင့်။ သူတို့နှစ်ပါးချုပ်ရင်သေတာပဲ။ အသက်ကထွက်သွားတာ မဟုတ်ဘူး။ ထွက်စရာ မရှိဘူး။ အသက်က ပျက်သွားတာ။ ချုပ်သွားတာ။ ဟိုဘက်ဘ၀ ကူးစရာ ရုပ်နာမ် မရှိဘူး။ ကူးလို့မရဘူး။ ကူးတယ်လို့ထင်ရင်မှားတယ်။ သဿတဒိဋ္ဌိဖြစ်တယ်။

ိန္ဒူဘာသာက ဒီဘ၀က ရုပ်ကဒီဘက်မှာကျန်ခဲ့ပြီး အတ္တဆိုတဲ့ကိုယ်ထဲက အကောင်လေးက နောက်ဘ၀ကူးသွား တယ်လို့ ယူဆတယ်။ မဟာယာနရဲ့ လူဝင်စားနဲ့ တိဘက်တွေရဲ့  ဒါလီလားမား ၀င်စားတယ်ဆိုတာလည်း ဒီအဓိပ္ပါယ်ပဲ။

သူတို့တွေက မြင်နေရတဲ့ ရုပ်န္ဓာကြီးပျက်စီးသွားတာကို လက်မခံဖြစ်လို့လက်ခံပြီး၊ မမြင်ရတဲ့ နာမ်တရားကိုတော့ မပျက်စီးဘူး။ နောက်ဘ၀ကိုကူးတယ်လို့ ဘ၀ကိုနှစ်သက်တဲ့ (ဘ၀နိကံတိ) ဆိုတဲ့လောဘနဲ့ ကိုယ့်အကြိုက်အတိုင်းကိုယ်လိုရာယူဆကြ တာဖြစ်တယ်။

အသက် ကကူးသွားတာ မဟုတ်ဘူး။ ငါက ကူးသွားတာမဟုတ်ဘူး။ မရှိတာတွေ ဘယ်လိုကူးမလဲ။ ငါလည်း မရှိဘူး။ အတ္တလည်း မရှိဘူး။ လိပ်ပြာလည်းမရှိဘူး။ ၀ိညာဉ်လည်း မရှိဘူး။ ရှိတာပဲ ကူးလို့ရတယ်။ ရှိတာက ကံ တရားပဲ။ ကံတရားအရ ခန္ဓာအသစ်၊ဘ၀ အသစ် ဖြစ်ရတယ်။ ဒါမှမြတ်ဘုရားဟောတော်မူတဲ့ ကမ္မဿကတာသမ္မဒိဋ္ဌိဖြစ်တယ်။

သေရင်ဘာမှမဖြစ်တော့ဘူး။ အားလုံးပြီးပြတ်သွားပြီ။ ခုဘ၀ ခုလူ နောက်ဘ၀ နောက် လူ ဘာမှမဆိုင်တော့ဘူး လို့ယူဆရင်လည်း ဥစ္ဆေဒဒိဋ္ဌိဖြစ်တယ်။ ယခုခေတ် ပညာတတ်လို့ ဆိုတဲ့သူတွေကဒီအယူအဆရှိကြတယ်။

 ကမ္မဿကတာသမ္မဒိဋ္ဌိကို ဥပမာအနနဲ့ပြောရရင်။ မောင်လှဓါတ်ပုံရိုက် တယ်ဆိုရင်။ မောင်လှက ဓါတ်ပုံထဲ ရောက်သွားတာမဟုတ်ဘူး။ မောင်လှက သတ်သတ်၊ ဓါတ်ပုံက သတ်သတ်။ ထို့အတူပဲ ဒီဘ၀က ရုပ်တွေ နာမ်တွေက နောက်ဘ၀ကို ကူးသွားတာ မဟုတ်ဘူး။ ဒါပေမဲ့ မောင်လှကြောင့် သူ့နဲ့တူတဲ့ ဓါတ်ပုံဖြစ် သလိုပဲ ဒီဘ၀ကလုပ်ခဲ့တဲ့ ကံသတ္တိ တွေကြောင့် နောက်ဘ၀ရဲ့ ရုပ်နာမ်တွေ ဖြစ်တယ်။ ဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေလုပ်ရင်
ကုသိုလ်ရဲ့အကျိုးဖြစ်တဲ့ သုဂတိဘ၀ရဲ့ ရုပ်နာမ်ဖြစ်တယ်။ ဆိုလိုတာက သုဂတိဘုံမှာဖြစ်တယ်။
ဒါနတွေလုပ်ခဲ့ရင် လူချမ်းသာ၊နတ်ချမ်းသာဖြစ်တယ်။ ဈန်တရားတွေလုပ်ရင် ဗြဟ္မာဖြစ်တယ်။
ပထမဈန်ရရင် ပထမဈန်ဗြဟ္ခာဖြစ်တယ်။ ဒုတိယဈန်ရရင်ဒုတိယဗြဟ္ခာဖြစ်တယ်။ ကံသတ္တိက အဲ့ဒီလောက်အထိ တိကျမှန်ကန်တယ်။ ဒါကြောင့် ကမ္မဿကတာသမ္မဒိဋ္ဌိ အရဆိုရင် လူ့ဘ၀ ကသေပြီးလူပြန်ဖြစ်တယ်ဆိုရင် လူဝင်စား (incarnation) လို့ မပြောဘူး။ လူအဖြစ်ပြန်လည် မွေးဖွါးတယ် (rebirth) လို့ပြောတယ်။ ဒါပေမဲ့သူက အရင်ဘ၀ကိုပြန်သတိရတဲ့ ဇာတိဿရ ဉာဏ်ရှိတယ်။

ရုပ် ၂၈ ပါးထဲက ရုပ်ဇီဝိတက သူနဲ့အတူဖြစ်တဲ့ရုပ်တွေကိုဖြစ်တုန်း ဖြစ်ခိုက် စောင့် ရှောက်တယ်။ ဒါကြောင့် ဒီပုံပန်းမပျောက်ဘဲနဲ့ ဒီခန္ဓ ကိုယ်ကြီးတစ်သက်လုံး ဆက်ဖြစ်နေတာ။ ယောက်ျားကယောက်ျား   ပုံပန်း မပျောက်ဘဲ သေတဲ့တိုင်အောင် ဒီရုပ်ခန္ဓ ကြီးဆက်ဖြစ်နေတာ။ မိန်းမကလဲမိန်းမပုံပန်းမပျောက်ဘဲ သေတဲ့တိုင်အောင် ဒီရုပ်ခန္ဓာကြီး ဆက်ဖြစ် နေတာဇီဝိတရုပ်ကြောင့်။ ဥပမာ။ ခလေးမွေးပြီး အမေသေ သွားတယ်။ နို့ထိန်းနဲ့ကြီး ရတယ်။ ကံက သေသွားတဲ့အမေနဲ့တူတယ်။ ကံက ရုပ်ဖြစ် အောင်သာလုပ်တယ်။ ဖြစ်ပြီး တဲ့ ရုပ်ကို တည်တံ့အောင်ဇီဝိတကစောင့်ရှောက်တယ်။

နာမ်ဇီဝိတကလည်းနာမ်တရားတွေကို စောင့်ရှောက်တယ်။ နာမ်သက်တမ်းကသိပ် တိုတောင်း တာကြောင့်နာမ်အသက်ရဲ့သတ္တိကသိပ်မသိသာဘူး။ ဒါပေမဲ့ နာမ်ဇီဝိတရှိလို့ တိုတောင်းတဲ့နာမ်သက် ကလေးအတွင်းမှာဖြစ်လာတဲ့နာမ်တွေသူတို့ရဲ့လုပ်ငန်းတွေကိုဆောင်ရွက်နိုင်တာဖြစ်တယ်။ စက္ခုပသာဒရုပ် ဆိုတဲ့ (မျက်စိရုပ်) ရဲ့ဇီဝိတအသက်ရှိလို့ မြင်တာ။ စက္ခုဝိညာဏ (မြင်သိစိတ်) ရဲ့ ဇီဝိတအသက်ရှိလို့ အဆင်းလို့ သိတာ။ မြင်သိစိတ်နဲ့အတူပါတဲ့ သညာဆိုတဲ့ စေတသိတ်ကိုနာမ်ဇီဝိတ ကစောင့်ရှောက်ပေးလို့ မြင်ဖူးထားတာ တွေ မှတ် မိတာ။ ကျန်တဲ့ရုပ်တရားနာမ်တရား(စိတ်၊စေတသိတ်) တွေလည်းဒီအတိုင်းပဲ။

ကမ္မဿကတာသမ္မဒိဋ္ဌိဆိုတဲ့အမြင်မှန်၊အယူမှန်ရကြပါစေ။


ကျမ်းကိုး။
အရှင်သံဝရာလင်္ကာရ၊ဓမ္မပိယဆရာတော်၏နိဗ္ဗာန်သွားလမ်းမြတ်ပဋ္ဌာန်း။

1 comment:

  1. Hi, I want to visit your site. Could you please give me your site name?

    ReplyDelete