လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, April 27, 2017

အစာအိမ်ရောဂါသည်များအတွက် သတင်းကောင်း။



Helicobacter pylori ဘက်တီးရီးယားပိုးကို ၁၉၈၂ ခုနှစ်တွင် သြစတေးလျာသိပ္ပံပညာရှင် နှစ်ဦးဖြစ်သည့် Dr Barry Marshall နဲ့ Dr Robin Warren တို့ အစာအိမ်ရောင်ရောဂါ (gastritis) နဲ့ အစာအိမ်ရောဂါ (stomach ulcer) တို့မှာပထမဦးဆုံးရှာဖွေတွေ့ရှိပြီး ဒီဘက်တီးရီး ယားပိုးကြောင့် အစာအိမ်ရောဂါများဖြစ်ပွါးလာကြောင်းတွေ့ရှိသဖြင့် ၂၀၀၅ တွင် နိဘယ်ဆုများ ထိုက်တန်စွာရရှိခဲ့ပါတယ်။

          ကျမတို့ဆေးကျောင်းသူဘ၀ (လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်) က အစာအိမ်အနာ ဘာကြောင့်ဖြစ်ရ တယ်ဆိုတာ သေသေချာချာမသိခဲ့ကြပါဘူး။ အစာအိမ်အနာဖြစ်သူများရဲ့ နေပုံထိုင်ပုံ စားပုံသောက်ပုံ စတာတွေနဲ့ အစာအိမ်အနာပိုဆိုးစေတဲ့အကြောင်းတွေကိုသာသိ ခဲ့ကြတာမို့ ဆေးကုသရာမှာလည်း ရောဂါမသိတော့ ဆေးမရှိ ဆိုတာလို ပျောက်ကင်းအောင် မကုသနိုင်ခဲ့ပါဘူး။ ယခုဘာကြောင့်ဖြစ်တယ်ဆို တာသိပြီမို့ ပျောက်ကင်းအောင်ကုသနိုင်မှာဖြစ်ပါတယ်။

          H. pylori ပိုးဘယ်လိုကူးဆက်ပြန့်ပွါးတယ်ဆိုတာကိုတော့ တိတိကျကျမသိသေး ပါဘူး။ ဖြစ်နိုင် တာက ပိုးပါသောရေနဲ့ အစာတွေကတစ်ဆင့်ကူးဆက်တယ်လို့ယူဆပါတယ်။ ရောဂါပိုးရှိသူရဲ့ တံတွေးမှာ ပိုးများကိုတွေ့ရတဲ့အတွက် တိုက်ရိုက်နည်း ဥပမာ ပါးစပ်ခြင်း စုပ်နမ်းခြင်းမှလည်းကူးဆက်နိုင်တယ်လို့ ယူဆ ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၅၀% မှာပိုးတွေရှိနေ တာတွေ့ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်  တွေမှာပိုမိုတွေ့ရှိရပါတယ်။ ဒါပေမဲ့ ပိုးရှိတဲ့ သူတိုင်းမှာ အစာအိမ်ရောဂါလက္ခဏာမပြပါဘူး။ ၁၀-၂၀% မှာသာအစာအိမ်ရောဂါလက္ခဏာများတွေ့ရပြီး၊ ၁-၂% သာ ကင်ဆာအထိတိုးတက်ဖြစ်ပွါးတာ   တွေ့ရပါ  တယ်။ ဒါကြောင့် ပိုးက ရောဂါဖြစ်ကာစမှာသာ အရေးပါပြီး အစာအိမ်ရောဂါမှ ကင်ဆာဖြစ်အောင် မလုပ်နိုင်ဘူး လို့ ယူဆကြပါတယ်။
         
Helicobacter pylori ဟာအစာအိမ်မှထုတ်သော ကားရဲ့ ဘက်ထရီ နီးပါးပြင်းတဲ့ အက်စစ်ထဲမှာ နေတိုင်တာဟာ အက်စစ်ကိုခြေဖျက်နိုင်တဲ့အင်ဇိုင်းထုတ်လုပ်နိုင်တာကြောင့် ဖြစ်ပါတယ်။ အဲ့ဒီ အင်ဇိုင်း ကြောင့် အက်စစ်ကိုခြေဖျက်နိုင်တဲ့အပြင် အစာအိမ်မှာရှိတဲ့ဆဲလ် တွေကိုလည်း သေစေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ရောင်ခြင်းနဲ့ ကြာလာတဲ့အခါမှာ အစာအိမ်မှာအနာ ဖြစ်စေပါတယ်။

          အစာအိမ်ထဲမှာဖြစ်တဲ့အနာကို အစာအိမ်နာ (stomach ulcer) လို့ခေါ်ပြီး၊ အစာအိမ်နဲ့ဆက်တဲ့ ပထမဦးဆုံး အူသိမ်ပိုင်း (Duodenum) ဒူအိုဒီနန် မှာအနာဖြစ်ရင် အူသိမ်အနာ (Duodenal ulcer) လို့ခေါ် ပါတယ်။ မြန်မာအများစုကတော့ အစာအိမ်ရောဂါ လို့သာပြောကြပါတယ်။

          အစာအိမ်အနာ ဆိုတာ လက်မှာဖြစ်တဲ့အနာလိုပါပဲ ဒါကြောင့် ”အနာပေါ်ဒုတ်ကျ ” ဆိုတာလို ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊လက်လုပ်ချဉ်၊ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာ မကြေလွယ်သောကောက်ညှင်းစာများ၊ ကျော်လှော်စာများ စားတဲ့အခါ အစာအိမ်အနာပေါ် ဒုတ်ကျ သလို ဖြစ်တာမို့ ဗိုလ်နာခြင်း၊ ဗိုလ်အောင့်ခြင်း စတဲ့ အစာအိမ် ရောဂါရဲ့လက္ခဏာ တွေပိုမို ခံစားရပြီး၊ ပိုမိုဆိုးဝါး တဲ့အခါမျိုးမှာ အစာအိမ်အနာမှသွေးထွက်ခြင်း၊ အစာအိမ်အနာ ပိုမိုနက်ရှိုင်း သွားပြီးအစာအိမ်နံရံပေါက် သည်အထိဖြစ်နိုင်ပါတယ်။ (နာမည် ကျော်အဆိုတော် စိုင်းထီးစိုင်း အစာအိမ်အနာမှ သွေးထွက်ပြီးသေဆုံး ခဲ့တယ်လို့သိရပါတယ်။)

အစာအိမ်အနာ (stomach ulcer)


H.pylori ဘက်တီးရီးယားများနှင့်အစာအိမ်နာ


H.pylori

Helicobacter pylori များအစာအိမ်ထဲမှာ မပေါက်ဖွါးစေတဲ့အစာတွေရှိပါတယ်။ အဲ့ဒါတွေက ကိုရီးယားအနီရောင်ဂျင်ဆန် (ginseng)၊ ရေနွေးကြမ်း၊ ၀ိုင်အနီ၊ ကြက်သွန်ဖြူ နှင့် ပန်းဂေါ် ဖီစိမ်း (broccoli) တို့ဖြစ်ပါတယ်။

Helicobacter pylori က အစာအိမ်အနာ ၈၀% ကိုဖြစ်စေပြီး ကျန်တဲ့ ၂၀ % က အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ asprin, butazolidine စသည် တို့သောက်ခြင်းနဲ့ အစာအိမ်ကင်ဆာတို့ ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်ဖြစ်တယ်ဆိုတာ စမ်းစစ်ဖို့ လို အပ်ပါတယ်။Helicobacter pylori ပိုးကိုသွေး၊ ရှုထုတ်သောလေနဲ့ဝမ်းမှာစမ်းသပ်နိုင်ပါတယ်။

Helicobacter pylori ကြောင့်ဆိုရင်တော့ သူ့ကိုသတ်နိုင်တဲ့ပိုးသတ်ဆေးတွေဖြစ်တဲ့amoxillin, metronidazol, tetracycline များနဲ့ပိုးသတ်ရပါမယ်။ ပိုးများရှင်းရှင်းပျောက်အောင် ပိုးသတ်ဆေးကို ၁၄ ရက်ခန့်ဆက်သောက်ဖို့လိုအပ်ပါ တယ်။ ပိုးသတ်နေစဉ်နဲ့ အနာကောင်း ကောင်းမကျက်ခင်မှာတော့ အထက်မှာဖေါ်ပြတဲ့ အနာပိုဆိုးစေတဲ့ အစားအစာများ ရှောင်ရပါ မယ်။ ပိုးပြန်မကူးအောင်လည်း အစာစား သောက်တဲ့အခါမှာသန့်ရှင်းလတ်ဆတ်စွာစားသုံးဖို့ လိုအပ်ပါမယ်။ တစ်ချို့ H.pylori များဆေးယဉ်နေ ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့်ပိုးသေစေတဲ့ဆေးသောက်ဖို့လိုအပ်ပါတယ်။
အနာပျောက်ဆေးများကြောင့်ဖြစ်တာဆိုရင် အနာဖြစ်စေတဲ့ဆေးတွေကိုရပ်ပြစ်ခြင်း၊ လျော့သောက်ခြင်း၊အခြားဆေးဖြင့်ပြောင်းလဲခြင်းများပြုလုပ်ရပါမယ်။

တိုင်းရင်းဆေးများ။
အစာအိမ်ရောဂါနှင့်ကိုယ်တွေ့ ဆိုတဲ့ပိုစ်မှာ ဗံဒါပင်မှအရွက်(မှည့်ရင့်နေသော အနီရွက်)ကို သုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်းကြောင့်ပျောက်ကင်းကြောင်းဖေါ်ပြထားပါတယ်။
         
အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်) ရဲ့ ဆေးမြီးတိုအစွမ်းဆိုတဲ့ပိုစ်မှာ တော့ နေ့တိုင်း ရဲယိုရွက်ကို ရေနွေးဖျောပြီး တစ်နေ့နှစ်ရွက် နေ့စဉ် တို့စားတာ အစာအိမ်ရောဂါ ပျောက်ကြောင။ အစာအိမ်ရောဂါရှိသူများ ရဲယိုရွက်ကို တို့စားခြင်း၊ အခြောက်လှမ်း အမှုန့် ပြုလုပ်ပြီး မှီဝဲခြင်းဖြင့် အစာအိမ်ရောဂါ လက်တွေ့ ပျောက်ကင်းနိုင် ကြောင်း ရေးသား ထား ပါတယ်။

ဖြစ်နိုင်တာက ဗံဒါရွက်နဲ့ ရဲယိုရွက်တို့ ဟာကြက်သွန်ဖြူစသည်တို့လို ပိုး မပွါးစေနိုင်လို့ လိုထင်ပါတယ်။

ကျမကိုယ်တွေ့ပြောရရင် လွန်ခဲ့တဲ့ အနှစ် ၄၀ က ကျမရဲ့အမ အစာအိမ်နာ Gastric ulcer ဖြစ်တဲ့အတွက် အမေရိကန်ဆေးရုံ (နား၊နခေါင်း၊ဆေးရုံဟောင်း) မှာတစ်လတိတိတင်ထားပြီး ၂နာရီတစ်ခါ နူးအောင်ပြုတ်ထားတဲ့ဆန်ပြုတ်ပဲစားရပါတယ်။ ဆေးရုံကဆင်းလာတော့ အနာသက်သာတယ် ဆိုပေမဲ့ ရှင်းရှင်းတော့ မပျောက်ပါဘူး။ သူကြိုက်တဲ့ကောက်ညှင်းပေါင်းစား ရင်ဖြစ်ဖြစ်၊ လက်လုပ်အချဉ် စားရင် ဖြစ်ဖြစ် ရင်ခေါင်းကအောင့်လာပြီး အနှိပ်သည်ဘုကိုရင်ခေါင်း မှာထားပြီးမှောက်အိပ်ထဲ့အထိခံရပါတယ်။ နောက်ပိုင်းဘာဆေးမှ မသောက်ပဲပျောက်သွား တယ်လို့ပြောပါတယ်။ အခု ကောက်ညှင်းပေါင်းစားလဲမနာ တော့ဘူးတဲ့။ ဒါပေမဲ့သူက ရေလုံးဝ မသောက်ဘူး။ ရေအစား ရေနွေးကြမ်းကျကျသာသောက်လေ့ ရှိ ပါ တယ်။ ဆေးသောက်ရမှာ လည်းအလွန်ကြောက်တဲ့အတွက် သူ့ရဲ့လက်သုံးတော်ဆေးက ကြက်သွန်ဖြူပါ၊ ချောင်းဆိုးရင် ဖြစ်ဖြစ်၊ နှာစီးရင်ဖြစ်ဖြစ် ကြက်သွန်ဖြူတို့စားလေ့ရှိပါတယ်။ အခုမှ သူ့ရဲ့အစာအိမ်နာပျောက် ရ ခြင်းအကြောင်းကိုသိရပါတယ်။ တစ်ဆက်ထဲမှာ မြတ်ဘုရားဟောတဲ့ တရားတော်တစ်ပုဒ်ကို အမှတ်ရ မိလိုက်ပါတယ်။ တရားနာမည်အတိအကျတော့ မမှတ်မိပါဘူး။ ဆိုလိုရင်းကတော့ နိဗ္ဗာန်ရောက်လိုကြောင်း ဘယ်လိုပဲဆုတောင်းပေမဲ့ နိဗ္ဗာန်ရောက်ကြောင်းအကျင့်တွေကိုမကျင့်ရင်မရောက်ဘူး။ နိဗ္ဗာန် ရောက် ကြောင်းအကျင့်တွေကိုကျင့်ရင်တော့ ဆုမတောင်းပေမဲလည်းရောက်မှာပဲတဲ့။

ကျန်းမာစွာဖြင့် နိဗ္ဗာန်သောင်ကမ်းတိုင်လျှောက်လှမ်းနိုင်ကြပါစေ။

ကျမ်းကိုး။
၁။ အစာအိမ်ရောဂါနှင့်ကိုယ်တွေ့။ http://lannthit.burmapress.com/2011/06/05/294
ဗာဒံပင်မှအရွက်(မှည့်ရင့်နေသောအနီရွက်)ကိုသုံးခွက်တစ်ခွက်တင်ကြိုသောက်ခြင်း။
၂။ ဆေးမြီးတိုအစွမ်း အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)။ မေတ္တာရနံ့။
၎။ အစာအိမ်ရောဂါ http://komoethee.blogspot.fr/2012/07/blog-post_6.html






 



Wednesday, April 26, 2017

ငါတို့ကဘာလို့ပထမ မရ ရတာလဲ။

Pasteur Institute မှာအလုပ်လုပ်စဉ် ကျမနဲ့အလွန်ခင်မင်တဲ့ပျော်တတ်နောက်တတ်တဲ့ ပြင်သစ်
တစ်ယောက်ရှိပါတယ်။ တစ်နေ့ စကားထိုင်ပြောကြရင်း Reader Digest မှာဖတ်ဘူးတဲ့ ဆောင်းပါးတစ်ခု အကြောင်းပြောပြမိပါတယ်။ ဆောင်းပါးက = လ္ဘက်ရေဆိုင်တစ်ခုမှာ နိုင်ငံ ၄ နိုင်ငံက သူငယ်ချင်း
 လေးယောက် လ္ဘက်ရေမှာသောက်ကြကြောင်း၊ အဲ့ဒီအချိန်မှာ ရင်ကောင်တစ်ကောင်က လ္ဘက်ရေပုဂံ တစ်ခုထဲကျသေသွားတယ်။
လ္ဘက်ရေခွက်ပိုင်ရှင် က လ္ဘက်ရေခွက်ကိုစောင်းပြီး ရင်ကောင်ကိုသွန်ပစ်လိုက်တယ်။ ငါတို့ကစည်းကမ်း ရှိတယ်။ လ္ဘက်ရေတစ်ခွက်လုံးသွန်မပစ်ဘူးလို့ပြောပါတယ်။ ဒုတိယတစ်ယောက်က ငါတို့က ပိုစည်းကမ်းရှိတယ်။ ငါသာဆိုရင် ဇွန်းနဲ့ကောက်ယူပစ်လိုက်မှာတဲ့။ တတိယ တစ်ယောက်က ဇွန်းနဲ့ မခတ်ပဲ ရင်ကောင်အသေကိုသာဆည်ပစ်မှာလို့ပြောပါတယ်။ စတုတ္ထတစ်ယောက်က မင်းတို့အားလုံး အသုံးအဖြုံးကြီးတယ်။
ရင်ကောင်အသေမှာ လ္ဘရည်တွေအများကြီး ကပ်ပါသွားတယ်။ တကယ်က ရင်ကောင်အသေ ကိုညှစ်ပြီးမှ ပစ်ရမှာတဲ့။ ဒီ စကားဝိုင်းမှာ စတုတ္ထ လူက ဂျူးလူမျိုး ဒါကြောင့် ကမ္ဘာမှာဂျူးတွေက ကပ်စေးအနည်းဆုံးလူမျိုးအဖြစ်ကျော်ကြားတယ်။ တတိယကတော့ နင်တို့ ပြင်သစ်တွေ နင်တို့က ကပ်စေးနည်းတဲ့နေရာမှာ ဒုတိယပဲဆိုတော့ သူက ငါတို့က ဘာလို့ ပထမ မရ ရတာလဲတဲ့။

Tuesday, April 25, 2017

ဗုဒ္ဓ နဲ့ဗေဒင်

ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာရာမကျောင်းဆရာတော် ဦးဉာဏက တရားစစ်တမ်း ဆွေးနွေးခန်းစာအုပ်တွင်
အောက်ပါအတိုင်း အသိပေးရေးသားတော်မူခဲ့ပါသည်။
“ဘုရားဟောထက် ဗေဒင်ကိုယုံသူတွေ၊ နမန္တာကျမ်းကိုယူံသူတွေက များပါတယ်။တစ်နှစ်တစ်ခါထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းပြတ်ကြီးကို နတ်သမီးများ တစ်ယောက်လက် တစ်ယောက်ကမ်းနေတာ မြင်တယ်မဟုတ်လား။မြတ်စွာဘုရားက နတ်ဗြဟ္မာတို့၏ ခန္ဓာကိုယ် သည်ကမ္မဇရုပ်တွေချည်းမို့ သေလျှင်မီးတောက်သဖွယ် ပျောက်ကွယ်တတ်တာလို့ ဟောတယ်။
ဗေဒင်က ယခိုထိခေါင်းပြတ်ကြီး မပုပ်သေးဘူး၊ မြန်မာပြည်က ယုံကြည်လက်ခံသမျှ ပုပ်မှာမဟုတ်ဘူးကွဲ့။”
“ ဗေဒင် က ရက်ရာဇာ နဲ့ ပြဿဒါး ကို ပဓာနထားသကွဲ့၊ မြတ်စွာဘုရား က ကုသိုလ်နဲ့ အကုသိုလ်ကို ပဓာနထားသကွဲ့။ ဗေဒင်က မဟာဘုတ်လေးပါးကို ပဓာနထား၍ ထူသကွဲ့။ မြတ်စွာဘုရား က သမ္မတ္တိလေးပါး ကို အဓိကထား၍ ထူသကွဲ့ ကဲ..မဆန့်ကျင်ပါလား၊ မြတ်စွာဘုရား နှင့် ဆန့်ကျင်တာကိုယုံလျှင် ဘုရားတရားကိုမယုံရာကျတာပေါ့။ မြတ်စွာဘုရားဟောတာ သဗ္ဗေကမ္မသကာသတ္တာ၊ ကမ္မံသတ္တေ ဝိဘဇ္ဇတိတဲ့၊ ကဲ..ဘယ်မှာလည်းကွဲ့”
“နဂါး ခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်း မပါ၊ မသာကို စံချရင်တစ်လောင်းနှင့် ကိစ္စမပြီးတတ်ဘူးလို့လည်း မပါ။ အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်း မပါ။ မင်္ဂလာဆောင် တာ ရက်မရွေးမိလို့ပျက်စီးရတယ်လို့လည်း မပါ။ ဓမ္မာသောက အင်းဝရာဇာကျလို့ ပျက်စီးတာလည်းမပါ။ သားဦးစနေမီးလိုမွှေဆိုတာလည်းမပါ။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါဆိုတာတွေဟာပညတ်သင်္ကေတတွေပဲ၊ လူကိုကောင်းအောင် ဆိုးအောင်မလုပ်နိုင်ပါဘူး၊ ကုသိုလ်ကံ ကသာကောင်းအောင်လုပ်နိုင်၍ အကုသိုလ်ကံကသာ မကောင်းအောင်လုပ်နိုင်တယ်။ ဒီတော့ အကုသိုလ်ကံဆိုလျှင် မြွေဆိုးကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး ကုသိုလ်
ကံကို ဣစ္ဆာသယပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံသရဏံ ဂစ္ဆာမိမှာ မဟုတ်ဘူးလား”
Credi :အရှင်ဇဝန
(မေတ္တာရှင် – ရွှေပြည်သာ) မျက်ရည်မကျခင်သိစေချင်မှ)

အသုဘလောဂျီ၊အသုဘလောဂျစ်။

ကျမအပါအ၀င် ဆေးကျောင်းနောက်ဆုံးနှစ်ကျောင်းသား၊ကျောင်းသူ ၂၀ ယခင်တံတားလေးဆေးရုံ၊စာသင်ခန်းတွင်စိတ္တဇရောဂါအထူးကုဆရာဝန်ကြီး၏ ပို့ချချက် (Lecture) အတွက်စောင့်ဆိုင်းနေကြပါတယ်။  ဆေးရုံဝင်းထဲဝင်လာကထဲက ၀င်းထဲမှာ လူတွေဥဒဟိုသွားလာနေတာတွေ့ခဲ့ရပါတယ်။ တစ်ချို့က ကျမတို့ကိုလူထူးလူဆန်းတွေလို စိတ်ဝင်တစားလိုက်ကြည့်တာ၊ချောင်းကြည့်တာတွေရှိသလို၊အချို့ကတော့ ဘယ်သူမှလူမထင်ဘူးဆိုတဲ့ မိုက်ကြည့်ကြည့်တာ။ တစ်ချို့ကတော့သနားစဖွယ်ညှိုးငယ်တဲ့မျနျာတွေနဲ့ဘုကြည့်ကြည့်တာကိုတွေ့ရပါတယ်။ ကျမတို့သူငယ်ချင်းတသိုက်လဲ ကြောက်ကြောက်နဲ့ စာသင်ခန်းဆီ ခတ်သုတ်သုတ်
လာခဲ့ပါတယ်။ မကြာခင်မှာ Lecturer ရောက်လာပါပြီ။ တိုက်ပုံအဖြူပေါ်မှာဘွဲ့ဝတ်စုံဝတ်ထားတဲ့ ရုပ်ရည်သားသားနားနားနဲ့အမျိုးသားတစ်ဦးပါ။ Lecturer က မြန်မာပြည်မှာက Lecture ပေးရင် ဘွဲ့ဝတ်စုံမ၀တ်ကြကြောင်း၊တကယ်က Lecturer ပေးရင်ဘွဲ့ဝတ်စုံဝတ်သင့်ကြောင်း နိုင်ငံခြားမှာဆို ဘွဲ့ဝတ်စုံနဲ့သာ Lecture ပေးကြကြောင်းရှင်းပြပါတယ်။ သြ သူရှင်းပြမှဘဲ မရောက်ဖူးတဲ့နိုင်ငံရပ်ခြားဗဟုသူတရ ပါလားလို့ ကျေးဇူးတင်မိခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ စကားလုံးတွေရဲ့ရာဇ၀င်ကိုရှင်းပြပါတယ်။ ဥပမာ Zoolgy, Zoologist; pathology, pathologist: botany, botanist; pharmacology, pharmacologist; အသုဘလောဂျီ ၊အသဘလောဂျစ် ။။။
ဟင် ဘယ်လိုဖြစ်တာလဲ ? အဲ့ဒီအချိန်မှာ လူတစ်ယောက်နဲ့ ယူနီဖေါင်ဝတ်ထားတဲ့သူ၂ ဦးဝင်လာပြီး ဘွဲ့ဝတ်စုံဝတ်ထားတဲ့သူကိုခေါ်သွားဖို့ နောက်ဝင်လာသူက ယူနီဖေါင်ဝတ်၂ ဦးကိုမျက်ရိတ်ပြလိုက်ပါတယ်။ တဆက်ထည်းမှာ ဘွဲ့ဝတ်စုံနဲ့သူကို ဦးကျော်မင်း ဟိုဘက်ခန်းကဆေးကျောင်းသားတွေကိုစာသွားသင်ပေးလိုက်ပါလို့ပြောလိုက်ပါတယ်။ ဘွဲ့ဝတ်စုံနဲ့သူလည်း ok ဆိုပြီးလိုက်သွားပါတယ်။
 နောက်ဝင်လာသူက သူအနည်းငယ်နောက်ကျတဲ့အတွက်တောင်းပန်ကြောင်း၊ခုဏက ဘွဲ့ဝတ်စုံနဲ့သူက
ပရောဖက်စာတစ်ဦးဖြစ်ကြောင်း အိမ်ထောင်ရေးအဆင်မပြေမှူကြောင့်အနည်းငယ်ချောင်နေကြောင်း၊ စာသင်ခန်းမှာ စာ ၀င်ဝင်သင်တတ်ကြောင်း၊သူတို့ကယဉ်ယဉ်လေးရူးကြတာဖြစ်ပြီး အန္တရယ်မရှိတာကြောင့်
ဝင်းထဲမှာလွတ်လွတ်လပ်လပ်သွားလာခွင့်ပြုထားကြောင်းပြောပါတယ်။ လောကီပညာတွေ ပရောဖက်စာအဖြစ်တတ်ထားပေမဲ့ လောဂဓံတရားကိုရင်ဆိုင်နိုင်တဲ့မြတ်ဘုရားရဲ့ တရားတော်တွေကိုမတတ်ရှာပါလားလို့သံဝေဂရမိပါတယ်။
တကယ့်ဆရာက Lecture ပေးပြီးတော့ ဆေးရုံဝင်းထဲလိုက်ပြပါတယ်။ ဆေးရုံကိုရောက်လာတဲ့သူတွေထဲမှာ လယ်သမားတွေ၊ဥယျာဉ်စိုက်ပျိုးသူတွေလည်းပါလာလို့သူတို့ကိုဥျာယဉ်စိုက်ပျိုးခွင့်ပေးထားကြောင်း။
လူနာအနေနဲ့သူစိတ်ဝင်စားတာလုပ်နေရလို့စိတ်ချမ်းသာပြီးရောဂါပျောက်လွယ်ကြေင်း၊ ဆေးရုံအတွက်လဲအသီးအနှံတွေရရှိကြောင်းပြောပြပါတယ်။ အဲ့ဒီအချိန် ဆေးရုံဝန်ထမ်းတစ်ဦးဆရာ့ကိုအပြေအလွှာလာခေါ်ပါတယ်။ ကျမတို့လဲ ဆရာနဲ့အတူ ခေါ်သူဝန်ထမ်းနောက်လိုက်သွားကြပါတယ်။ သစ်ပင်တစ်ပင်အောက်မှာ
လူတစ်ဦးကသစ်ပင်ပေါ်ကသူကိုအော်ဟစ်ဆဲဆိုနေတာပါ။ အပေါ်ကလူက ဆဲနေသူစိုက်တားတဲ့ဖရဲသီးတွေခူးစားသွားလို့ပါတဲ့။ ဆရာလဲ သစ်ပင်ပေါ်ကသူကိုဆင်းလာဖို့ချော့မော့ပြောပေမဲ့ဆင်းမလာပါဘူး။ ကြာရင် သစ်ပင်ပေါ်ကလိမ့်ကျနိုင်တာမို့ ဆရာက ဆင်းမလာရင် သစ်ပင်ကိုခုတ်ပစ်မယ်လို့ချိန်ချောက်ပြောဆိုပါတယ်။ ဒါပေမဲ့ဆင်းမလာပါဘူး။ စောစောက သစ်ပင်အောက်ကဆဲနေသူလဲ ဆရာပြောတဲ့အတိုင်း မင်းမဆင်းရင် ငါသစ်ပင်ခုတ်ပစ်မယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီစကားကြားကြ့ားခြင်း သစ်ပင်အောက်ကို အပြေးအလွှာဆင်းလာပါတော့တယ်။ အောက်ေ၇ာက်တော့ ဆရာက မင်းကငါပြောတော့ဆင်းမလာပဲ ဘာလို့
သူပြောမှဆင်းလာတာလဲ။ ငါ့စကားတော့ နားမထောင်ပဲ သူ့စကားတော့နားထောင်တယ်ပေါ့ ဟုတ်လား ?
ဆင်းလာသူက ဆရာကလူကောင်းလေ၊ ကျနော်ဒုက္ခရောက်အောင်ဘယ်လုပါပါ့မလဲ ၊ဟိုကောင်းက လူကောင်းမဟုတ်ဘူး။ ပြောတဲ့အတိုင်းသစ်ပင်ခုတ်ချင် ခုတ်မှာတဲ့။ သြ အရူးက တစ်မူသာ ဆိုတာ ဒါကိုပြောတာထင်ပါရဲ့။


Monday, April 24, 2017

ဗုဒ္ဓဘာသာနဲ့ ဝိညာဉ်ပြဿနာ


ဗုဒ္ဓဘာသာနဲ့ ဝိညာဉ်ပြဿနာ
ဒကာတစ်ယောက်က မေးလျှောက်လာပါတယ်။ 
အရှင်ဘုရား လူတစ်ယောက် သေပြီးရင်နောက်ဘ၀တစ်ခုကို ချက်ချင်းကူးပြောင်းတယ်လို့ သိရပါတယ်။ ၀ိညာဉ်ဆိုတာ မရှိဘူးလို့ဆိုတယ်။ တပည့်တော်နားမလည်တာက နာရေးတွေမှာတွေ့ရတဲ့ လိပ်ပြာခေါ်တယ်ဆိုတာပါပဲ။ အသုဘချတဲ့နေ့မှာ သေသူရဲ့လိပ်ပြာကို အိမ်ကိုခေါ်လာရတဲ့ အလေ့တစ်ခု ကိုလုပ်ကြတယ်။ လိပ်ပြာခေါ်လာတဲ့သူက စကားမပြောရဘူး နောက်လှည့် မကြည့်ရဘူးလို့ပြောပါတယ်။ ဘာကြောင့် အဲ့လိုလုပ်ရတာလည်းဆိုတာရယ်၊ လိပ်ပြာ တကယ်ခေါ်လို့ရသလားဆိုတာ တပည့်တော်သိချင်ပါ တယ်ဘုရား။ ဒီဘက်ဘ၀သေတာနဲ့ နောက်ဘ၀တစ်ခုကို ချက်ချင်းပြောင်းတယ်ဆိုတော့ သေသူရဲ့ဝိညာဉ်ကို ဘယ်လိုခေါ်လို့ရလည်းဆိုတာကို တပည့်တော် ရှင်းရှင်းလင်းလင်း သိချင်ပါတယ်ဘုရား။ တပည့်တော်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်ပါ။ ခုလိုမေးတာ တရားတော်တွေကို မယုံလို့မဟုတ်ပါဘူး။ တပည့်တော် မသိသေးတာ သိချင်တာ၊အမြင်မှားနေတာကို အမှန်ရချင်တာပါဘုရား။ ဆိုပြီး သူကလျှောက်ပါတယ်။ 
ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တော်တော်များများ ဒီအယူအဆနဲ့ ပတ်သက်ပြီး အယူလွဲ၊ အမှတ်လွဲ၊ နားလည်မှုလွဲနေတာတွေ ရှိပါတယ်။ လူတစ်ယောက် သေသွားရင် ဝိညာဉ်ကနောက်ဘဝကို ကူးသွားတယ်ဆိုတာလည်း ယုံကြည်နေကြတဲ့ သဘောရှိပါတယ်။ သေတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာ အလိုအရတော့ ရုပ်ဇီဝိတလို့ခေါ်တဲ့ ရုပ်သက်နဲ့ နာမ်ဇီဝိတလို့ ခေါ်တဲ့ နာမ်သက်ချုပ်သွားတာကို သေတာလို့ ပြောတာဖြစ်ပါတယ်။ သတ္တဝါ တစ်ဦးတစ်ယောက် သေသွားတယ်ဆိုတာ အဲဒီလို နာမ်ရုပ်ချုပ်သွားတာကို ဆိုတာဖြစ်တဲ့အတွက် တစ်ချို့တစ်ချို့ ထင်နေသလို ရုပ်သာသေပြီး ဝိညာဉ်က မသေဘဲ တခြားဘဝ ကူးပြောင်းသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ အယူအဆမှာ ဝိညာဉ်ဆိုတာလည်း မရှိပါဘူး။ သတ္တဝါ တစ်ဦးတစ်ယောက် အဲဒီနာမ်သက်၊ ရုပ်သက်ချုပ်သွားတာနဲ့ တစ်ပြိုက်တည်း ဘဝတစ်ခုကို ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ ဝိညာဉ်လိပ်ပြာ မရှိရင်ဘာက ကူးသွားတာလဲလို့ မေးစရာရှိပါတယ်။ ကံစွမ်းတွေက ဘဝသစ်ကို ပုံဖော်ပြီး ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ မသေခင် ပြုလုပ်ထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေရဲ့ အစွမ်းတွေနဲ့ ကောင်းကံတွေ လုပ်တဲ့သူတွေဟာ ကောင်းတဲ့သုဂတိ ဘုံတွေမှာ ပြန်ဖြစ်တာဖြစ်ပြီး မကောင်းကံတွေ လုပ်တဲ့သူတွေဟာ မကောင်းတဲ့ ဒုဂ္ဂတိဘုံတွေမှာ ချက်ချင်းဖြစ်ကြရတာ ဖြစ်ပါတယ်။ ဒီလို ကံစွမ်းတွေနဲ့ ဘဝအသစ်ကို ဖြစ်တဲ့သူတွေအနေနဲ့ ဘဝတစ်ခု ချုပ်သွားတာနဲ့ နောက်ထပ်ဘဝတစ်ခုမှာ ချက်ချင်းသွားဖြစ်တာ ဖြစ်ပါတယ်။ ကြားမှာ ဟိုမှာနေတာ၊ ဒီမှာနေတာ၊ ဘယ်နှစ်ရက်နေမှ ထွက်သွားတာ၊ ဘယ်နှစ်ရက်နေမှ ကျွတ်သွားတာ စတာတွေ မရှိပါဘူး။
တစ်ခါတလေ တစ်ချို့သတ္တဝါတွေဟာ သေပြီးနောက်မှာ မိမိတို့နဲ့ သက်ဆိုင်တဲ့ ဝန်းကျင်နားမှာ တစ်ခုခု ပုံရိပ်ပြတာတို့၊ အသံပြုတာတို့ စသဖြင့် လုပ်ပြတတ်တာတွေ ရှိပြီး သူ့အတွက် ကုသိုလ်လုပ် အမျှပေးဝေပြီးမှာပျောက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီသဘောတွေဟာလည်း ဘဝကူးရေးအတွက် ကြားခံအနေနဲ့ ဝိညာဉ်လိပ်ပြာ ပုံစံမျိုးမဟုတ်ပါဘူး။ ဒါဟာ သေပြီးပြီးချင်း ဘဝအသစ်တစ်ခုမှာ ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ သေခါနီးမှာ အစွဲတစ်ခုခုကြောင့် သေသွားတဲ့ သတ္တဝါတွေဟာ ပေတဆိုတဲ့ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ နာနာဘာဝလို ဘဝမျိုးမှာ သွားဖြစ်တာပဲ ဖြစ်ပါတယ်။ လိပ်ပြာကောင်လေး၊ ဝိညာဉ်ကောင်လေး အနေနဲ့ လှည့်လည်နေတဲ့ သဘောမျိုး မဟုတ်ပါဘူး။ နောက်တော့ အဲဒီ ပြိတ္တာဘဝကနေ ကျန်ခဲ့တဲ့သူတွေရဲ့ ကုသိုလ်အဖို့ကို အမျှရပြီး နောက်ထပ်ဘဝ အသစ်ကို ရောက်သွားတဲ့အခါမှာ ဒီလိုတစ္ဆေသရဲ ပြိတ္တာဘဝက လွတ်သွားခြင်း သဘောမျိုးဖြစ်ပါတယ်။ ဒီလို တစ်ဘဝကနေ တစ်ဘဝကို ကူးပြောင်းသွားတာဟာ ကံစွမ်းတွေပဲ ဖြစ်ပြီး ဝိညာဉ်က ကူးသွားတာ မဟုတ်ပါဘူး။
ဆိုတော့ကား မေးခွန်းရှင်ပြောသလို နားရေးတွေမှာ လိပ်ပြာခေါ်တာ၊ အိုးခွဲတာ စတာတွေဟာ အရိုးစွဲနေတဲ့ရှေးရိုးအယူအဆတွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လည်း လိပ်ပြာဆိုတာ မရှိသလို၊ မရှိတဲ့ လိပ်ပြာဆိုတာလည်း ခေါ်လို့ရတာ မဟုတ်ပါဘူး။ တကယ်လို့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီလို လုပ်ခဲ့လို့ အိမ်မှာ ထူးခြားမှုဖြစ်တာ၊ အသံပြုတာ၊ အနံ့နံတာ၊ ခြောက်တာ စတာတွေ ဖြစ်ခဲ့ရင် ဒါဟာ လိပ်ပြာက သုဿာန်ကပါလာတာမဟုတ်ဘဲ ပေတဆိုတဲ့ ပြိတ္တာဘဝက ရောက်သွားတဲ့ သေသူရဲ့ ပုံရိပ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ဘုန်းဘုန်းတို့ မြန်မာပြည်မှာ သေသူနဲ့ ပတ်သက်ပြီး အဲဒီလို အရိုးစွဲနေတဲ့ ရေးရိုးစွဲအယူအဆတွေ အများကြီး ရှိနေတတ်ပါတယ်။ ဥပမာ သေသွားတဲ့ ရုပ်ကောင်ကို သရဏဂုံတင်တာတို့၊ သေသူကို မီးမသဂြိုဟ်ခင်သူကြိုက်တတ်တဲ့ အစားအသောက်တွေ ပြင်ဆင်ပြီး ကျွေးတာတို့၊ သေသူအတွက် ဘာပစ္စည်း၊ ညာပစ္စည်းထည့်ပေးတာတို့ စသဖြင့် အများကြီးပါပဲ။ ဒါတွေဟာ တကယ်တော့ လွဲမှားနေတဲ့ ရှေးရိုးစွဲ အယူအဆတွေပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်ပါဘူး။ တစ်ချို့လည်း ဘာမှမသိတော့ ဒီလို လုပ်ပေးရတယ်ထင်ပြီး နောက်မျိုးဆက်တွေက ဆက်လုပ်နေကြခြင်းပဲ ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှု ရှိလို့တော့ မဟုတ်ပါဘူး။
သေသူအတွက် အကောင်းဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံး အလုပ်က အဲဒီ ပုဂ္ဂိုလ်ကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ် အမျှပေးဝေခြင်းပဲ ဖြစ်ပါတယ်။ ဒါတောင်မှ သုံးရက်နေမှ သရဏဂုံတင်ပြီး ကုသိုလ်လုပ် အမျှဝေတာတို့ ရက်လည်မှ ကုသိုလ်လုပ် အမျှဝေတာတို့ စတဲ့ အယူအဆတွေရှိသေးပါတယ်။ ဒီအတွက် ရက်သတ်မှတ်ချက် မရှိပါဘူး အချိန်မရွေး သေသူအတွက် ကုသိုလ်လုပ် အမျှပေးဝေနိုင်တာ ဖြစ်ပါတယ်။ ရတာမရတာက သေသူရဲ့ ဘဝအသစ်နဲ့၊ သာဓုခေါ်နိုင်မှု၊ မခေါ်နိုင်မှုနဲ့ပဲ ဆိုင်ပါတယ်။
ဒါကြောင့် သေသူနဲ့ ပတ်သက်ပြီး လွဲနေကြတဲ့ အလွဲတွေထဲမှာ မေးခွန်းရှင်မေးသလို လိပ်ပြာခေါ်တာတို့၊ ဝိညာဉ်ခေါ်တာတို့ စတဲ့ အယူအဆ အလွဲတွေလည်း ရှိတတ်တဲ့အတွက် ဒါတွေဟာ ဘုရားဟောတဲ့ အယူအဆ၊ ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်ဘဲ လွဲမှားနေတဲ့ ရှေးရိုးစွဲ အယူအဆများပဲ ဖြစ်ပါကြောင်း အမေးကြည့်ပြီး အဖြေညှိကာ လွဲနေတဲ့အလွဲတစ်ခုအဖြစ် တင်ပြအပ်တယ်။။ 
မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ

လူတစ်ယောက်ရဲ့ ဘ၀မှာ ဒါန၊ သီလ၊ ဘာဝနာ သုံးပါးထဲက ဘယ်တရားက အရေးကြီးဆုံးလဲ။


ရှောင်ကွယ် ဓမ္မ အန္တရာယ်များ by ထွန်းထွန်းလှိုင် 
သီလပါရမီ
အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
လူတစ်ယောက်ရဲ့ ဘ၀မှာ ဒါန၊ သီလ၊ ဘာဝနာ သုံးပါးထဲက ဘယ်တရားက အရေးကြီးဆုံးလဲ။
“..... ..... .....”
သီလက ဒါနထက် မြတ်တယ်၊ ၀ိပဿနာက သီလထက် မြတ်တယ် ဆိုတာ အားလုံး သိကြပါတယ်။
ရဟန်းတော်တွေ အတွက် ဒါနမပြုလို့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ် မရှိသလို ၀ိပဿနာ ဘာဝနာ မပွားလို့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ်လည်း မရှိပါဘူး။ ဒါပေမယ့် သီလ ဖောက်ဖျက်ရင်တော့ အာပတ် သင့်စေဆိုတဲ့ သိက္ခာပုဒ်တွေက အသင့် ရှိနေပါတယ်။
ဒီလိုပါပဲ။ လူတွေ အနေနဲ့လည်း ဒါန မပြုလို့ အပြစ်သင့်စေ၊ ၀ိပဿနာ ဘာဝနာ မပွားလို့ အပြစ်သင့်စေ ဆိုတဲ့ သိက္ခာပုဒ် မရှိပါဘူး။ ဒါပေမယ့် သီလ ဖောက်ဖျက်လို့ ကတော့ အပြစ် သင့်ရမှာပါ။
“သီလ လုံခြုံနေရင် ပြီးတာပါပဲ။ ဒါန မပြုလည်း ကိစ္စ မရှိပါဘူး။ ၀ိပဿနာ မပွားလည်း ကိစ္စ မရှိပါဘူး” လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာမှာ သီလက အရေး အကြီးဆုံးလို့ ဆိုလိုတာပါ။ အကြောင်းကြောင်းကြောင့် ဒါနနဲ့ ဘာဝနာကို မလုပ်နိုင်သေး ရင်တောင် သီလကိုတော့ အထူး စောင့်ထိန်းရ မှာပါ။
တစ်ခါတလေ အားတဲ့ အခါလေးတွေမှာ နဖူးပေါ် လက်တင်ပြီး တွေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် တန်ဘိုးရှိအောင် ဘယ်လို နေမလဲလို့။ “သီလကိုပဲ ကြိုးကြိုးစားစား စောင့်ထိန်းလိုက်ပါ” ဆိုတဲ့ အဖြေပဲ ထွက်လာမှာပါ။
တရား သဘောအရ သေချာ စဉ်းစားကြည့်ရင် သီလက အားကိုးစရာ အစစ်ဆိုတော့ ကိုယ်နဲ့ အမြဲတမ်း တပါတည်း ရှိနေပါတယ်။ ရုံးတက်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ခရီးထွက်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ထမင်းစားတဲ့ အခါပဲ ဖြစ်ဖြစ်၊ အိပ်နေတဲ့ အခါပဲ ဖြစ်ဖြစ်၊ နောက်ဆုံး ကျင်ကြီး ကျင်ငယ် စွန့်နေတဲ့ အခါမှာလည်း ကိုယ်နဲ့ တပါတည်း ရှိနေပါတယ်။ ကိုယ့်ရဲ့ ခင်ပွန်း မိဘ ရာထူး အာဏာ ငွေကြေးတွေ ကတော့ ကိုယ်နဲ့ အမြဲ ရှိမနေနိုင်ပါဘူး။
ဒီသဘောလေး တွေကို အာရုံပြုပြီး “ခင်ပွန်း၊ မိဘ၊ ရာထူး၊ အာဏာ၊ ငွေကြေးတွေဟာ ငါနဲ့ အမြဲ ရှိမနေနိုင်ဘူး၊ သီလကတော့ ငါ့ရဲ့ အားကိုးရာ အစစ်ပဲ၊ ငါနဲ့ မခွဲမခွါ သေတဲ့အထိ လိုက်လာမယ့် အားကိုးရာပဲ၊ ငါသီလကို ကြိုးစား စောင့်ထိန်းသင့်တယ်” လို့ မကြာ မကြာ ဆင်ခြင်ပေးသင့် ပါတယ်။
ခန္ဓာ ရှိနေတဲ့ အတွက်၊ စားဝတ် နေရေး ရှိနေတဲ့ အတွက် သက်ရှိ သက်မဲ့ လောကီ ၀တ္ထုတွေ ကတော့ လိုအပ်နေတာ ပါပဲ။ ဒါပေမယ့် ကိုယ်က အားကိုးရာ အတုနဲ့ အစစ်ကို ခွဲခြားပြီး သိနေဖို့ပါပဲ။
တကယ်လို့ အားကိုးရာ အတုတွေက အကြောင်း ကြောင်းကြောင့် ကိုယ့်ကို ခွဲခွါသွားတဲ့ အခါမှာလည်း “ခွဲခွါခြင်း သဘောရှိတဲ့ တရားတွေ ခွဲခွါသွားတာ သဘာဝ တစ်ခုပဲလေ၊ သဘာဝ တရားကို ငါ လက်ခံရမှာပေါ့၊ လက်မခံနိုင်ရင် ငါပဲ ပင်ပန်းမှာပေါ့၊ သီလကတော့ ငါနဲ့ မခွဲမခွါ အမြဲ ရှိနေမယ့် တရားပဲ” လို့ ဆင်ခြင်လိုက် ရင်လည်း ဖြေသာမှုကို ရစေပါတယ်။
ဒါနပိုင်းမှာ ပါရမီမြောက်တဲ့ ဒါနကို ပြောခဲ့သလို၊ သီလပိုင်း မှာလည်း ပါရမီမြောက်တဲ့ သီလကိုပါ ပြောပြသွားရ အောင်ပါ။ သီလမှာလည်း ဟီနသီလ၊ မဇ္ဈိမ သီလ၊ ပဏီတ သီလဆိုပြီး ရှိပါတယ်။ သူတစ်ပါး အထင်ကြီးအောင် ထင်ရှား ကျော်ကြားဖို့အတွက် ဆောက်တည်တဲ့ သီလက ဟီနသီလ= ခပ်ညံ့ညံ့ သီလပါ။ ကောင်းမှုရဲ့ အကျိုးကို လိုလား တောင့်တပြီး ဆောက်တည်တဲ့ သီလက မဇ္ဈိမသီလ= အလယ်အလတ် သီလပါ။
ထင်ရှား ကျော်ကြားမှုကိုလည်း မလိုလား၊ နောင်အခါ ခံစားရမယ့် အကျိုးကိုလည်း မလိုလားဘဲ “ဒီသီလဟာ မြတ်တဲ့ တရားပဲ၊ ဒီမြတ်တဲ့ တရားကို ငါ ကျင့်သုံးအပ်တယ်” လို့ တရားရဲ့ မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို ရဖို့အတွက် ဆောက်တည်တဲ့ သီလကတော့ ပဏီတ သီလ= မြင့်မြတ်တဲ့ သီလပါ။ ရှင်းအောင် ပြောရရင် သူတစ်ပါး အထင်ကြီးအောင် စောင့်တဲ့ သီလရယ်၊ လောကီ အကျိုးကို တောင့်တပြီး စောင့်တဲ့ သီလရယ်၊ မဂ်ဖိုလ်နိဗ္ဗာန်ကို တောင့်တပြီး စောင့်တဲ့ သီလရယ်ပါ။
ထင်ရှား ကျော်ကြားမှုကိုလည်း မတောင့်တ၊ လောကီ အကျိုးကိုလည်း မတောင့်တဘဲ တရားရဲ့ မြင့်မြတ်မှုကိုသာ နှလုံးသွင်းပြီး မဂ်ဖိုလ် နိဗ္ဗာန်ကို ရဖို့အတွက် ဆောက်တည်တဲ့ သီလမှ ပါရမီမြောက်တဲ့ သီလပါ။
ဘုရား အလောင်းတော် မြတ်ဟာ သီလ ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ သီလ ဆောက်တည်ရတဲ့ ကုသိုလ်ကို မိမိအတွက် ဒုဂ္ဂတိဘ၀ မကျရောက်ဖို့လည်း ဦးမတည် ပါဘူးတဲ့။ ၀ိဇ္ဇာသုံးပါး၊ အဘိညာဉ် ခြောက်ပါး၊ ပဋိပမ္ဘိဒါ လေးပါး၊ သာဝက ဗောဓိ၊ ပစ္စေက ဗောဓိကိုလည်း ဦးမတည်ပါဘူးတဲ့။
ဘာကို ဦးတည်သလဲ ဆိုတော့ သဗ္ဗညုတ ဉာဏ်ကိုပဲ ဦးတည်ပါတယ်တဲ့။ ကိုယ်က ဘုရားအလောင်း မဟုတ်တော့ သဗ္ဗညုတ ဉာဏ်နေရာမှာ နိဗ္ဗာန်ကို ဦးတည်လိုက် ရုံပါပဲ။
ဒီတော့ သီလ ယူပြီးတဲ့အခါ “တပည့်တော်၏ သီလသည် မဂ်ဖိုလ် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ” လို့ စိတ်ညွတ်လိုက်ရင် ပါရမီ မြောက်တဲ့ သီလ ဖြစ်သွားတာပါ။ ဒါက ပါရမီအကြောင်း ရေးနေတာမို့ ပါရမီ မြောက်တဲ့ သီလ ဆောက်တည်နည်းကို ပြောပြတာပါ။ အခြေအနေ အကြောင်း ကြောင်းကြောင့် ပါရမီ မြောက်အောင် မဆောက်တည်နိုင် သေးရင်လည်း ကိုယ်နဲ့ သင့်သလို ဆောက်တည်နိုင် ပါတယ်။
ကိုယ့်နိုင်ငံကို ငြိမ်းချမ်း စေချင်တယ်၊ တိုးတက် ကြီးပွား စေချင်တယ် ဆိုရင် မင်းကော၊ ရဟန်းကော၊ ပြည်သူကော သုံးဦး သုံးဖလယ် သီလကို စောင့်ထိန်းပေးကြ ရမှာပါ။ ဒါနဲ့ ပတ်သတ်ပြီး စံကင်း ဆရာတော်ကြီး ပြောပြတဲ့ ပုံပြင်လေးကို သွားသတိရမိ ပါတယ်။
တစ်နေ့တော့ စံကင်း ဆရာတော် ဘုရားဆီကို ဦးနုနဲ့ အဖွဲ့ ရောက်လာကြ ပါတယ်။ ရောက်လာတဲ့ အချိန်မှာ ဆရာတော် ဘုရားက သက်တော် ၉၂ နှစ် ရှိပြီ ဖြစ်သလို ရွှေကျင် သာသနာ ပိုင်လည်း ဖြစ်နေပါပြီ။
အထူးသဖြင့် ဦးနုကပဲ ဆရာတော် ဘုရားကို မေးခွန်းတွေ မေးတာပါ။ ဆရာတော် ဘုရားက ဦးနုရဲ့ မေးခွန်းတွေကို ဖြေရင်းနဲ့ တစ်ကြိမ်မှာတော့ ဦးနုကို မေးခွန်းတစ်ခု ပြန်မေးလိုက် ပါတယ်။
“နဂိုက ပြောဖူးတဲ့ ဆန်သုံးထုပ် ပြုတ်တဲ့ ဥပမာ မေ့သွားပြီလား”
“ထပ်ပြီး အမိန့် ရှိပါဦး ဘုရား”
“ရှေးက မင်းရယ် (အစိုးရရယ်)၊ ဘုန်းကြီးရယ်၊ လူထုရယ် ဘယ်သူ တရား(သီလ) ရှိမရှိ သိရအောင် တရား (သီလ) ရှိတဲ့သူရဲ့ ဆန်ထုပ်က ပြုတ်ရင် နပ်မှာပဲ ဆိုပြီး ဆန်ထုပ်သုံးထုပ် ပြုတ်ကြ သတဲ့၊ ပြုတ်ပြီး အားလုံး ဆယ်ကြည့်ကြတော့ တစ်ထုပ်မှ မနပ်ဘူး ဆိုဘဲ”
“ဒီလိုဆို အစိုးရ ခံသာသေးတယ် ဘုရား၊ ဘာဖြစ်ဖြစ် အစိုးရချည်း လွှဲချ အပြစ်တင် ခံနေကြရ ပါတယ်ဘုရား”
ဒီတော့ ဆရာတော် ဘုရားက “ခုကာလတော့ ဦးရာလူက ပြောကြစမြဲပေါ့” လို့ ပြန်မိန့်လိုက် ပါတယ်။
ဆရာတော် ဘုရားက တိုင်းပြည်တစ်ခု တိုးတက်ဖို့ ဆိုရင် မင်းကော၊ ရဟန်းကော၊ ပြည်သူကော တရား သီလရှိဖို့ သိမ်သိမ် မွေ့မွေ့ ဟာသဆန်ဆန် ပုံပြင်လေးနဲ့ ဩ၀ါဒ ပေးထားတာပါ။
ကိုယ့်တိုင်းပြည် တကယ် တိုးတက် ကြီးပွား စေချင်ရင် ရဟန်းကော၊ မင်းကော၊ ပြည်သူကော သီလကို အထူး စောင့်ထိန်းရ မှာပါ။
သုံးဦးထဲက တစ်ဦးဦး သီလ ပျက်နေရင် တိုးတက်မှာ မဟုတ်ပါဘူး။ ဥပမာ- မင်းက သီလ ပြည့်စုံပြီး ရဟန်းနဲ့ ပြည်သူက သီလ ပျက်နေရင် ဘယ်လိုမှ တိုးတက်မှာ မဟုတ်ပါဘူး။ ကိုယ်က သုံးဦးထဲက တစ်ဦးဦး ဖြစ်နေတာ ဆိုတော့ တာဝန် တစ်ရပ်အနေနဲ့ စောင့်ထိန်း ပေးရမှာပါ။
လူ့ဘ၀ ရောက်လာပြီး လူ့ဘ၀ရဲ့ တန်ဖိုးတစ်ခု ဖြစ်တဲ့ သီလလေးမှ စောင့်ထိန်း မသွားရဘဲ လူ့လောက ထဲက ပြန်ထွက် သွားရတယ် ဆိုရင် လူ့ဘ၀ ရလာတာ အဓိပ္ပါယ် မရှိတော့ ပါဘူး။
သီလကို စောင့်ထိန်း လိုက်တဲ့ အခါမှာ ပထမဆုံး ရရှိလိုက်တဲ့ အကျိုးကတော့ ကိုယ့်ကိုယ်ကိုယ် ကြည်ညို ဖြစ်သွားတဲ့ အကျိုးပါ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနေတဲ့ အချိန်မှာ ဘ၀က သိပ်ပြီး ငြိမ်းချမ်းနေ ပါတယ်။ ဘ၀မှာ သူတစ်ပါး ကြည်ညိုဖြစ် ဖို့က ဒုတိယ ကိစ္စပါ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုဖို့ ကိစ္စက ပထမ ကိစ္စပါ။
ချစ်တဲ့ စာဖတ်သူ တွေကို သီလ လုံးဝမကျိုးတဲ့ ဆောက်တည်နည်းကို ပေးချင်ပါတယ်။ ကဲ.. စာဖတ်သူတွေကို မေးကြည့်ရအောင်ပါ။ သီလ ကျိုးတယ် ကျိုးတယ်ဆိုတာ မနက်ပိုင်း၊ နေ့လယ်ပိုင်း သွားလာ လှုပ်ရှားနေတဲ့ အချိန်မှာ ကျိုးတာလား၊ ညပိုင်း အိပ်နေတဲ့ အချိန်မှာ ကျိုးတာလား။
“... ... ... ... ...”
ညပိုင်း အိပ်နေတဲ့ အချိန်မှာ သီလက မကျိုးပါဘူး။
စာထဲမှာ ကာလ ပရိယန္တ သီလဆိုတာ ရှိပါတယ်။ ကာလကို ပိုင်းဖြတ်ပြီး စောင့်ထိန်းတဲ့ သီလပါ။ နေ့ပိုင်း တစ်နေ့တာပဲ ဖြစ်ဖြစ်၊ ညပိုင်း တစ်ညတာပဲ ဖြစ်ဖြစ်၊ တစ်ရက်လုံးပဲ ဖြစ်ဖြစ်၊ နောက်ဆုံး တစ်ထိုင်ပဲ ဖြစ်ဖြစ်၊ ကာလ ပိုင်းဖြတ်ပြီး စောင့်ထိန်းတာပါ။
ဥပမာ ကိုယ်က ညမှာ ဆယ့်တစ်နာရီ အိပ်ပြီး မနက် ငါးနာရီ အိပ်ယာထတယ် ဆိုပါစို့။
ဒီတော့ ညအိပ်ယာ ၀င်ခါနီးမှာ ၈ ပါးသီလ၊ ၉ ပါးသီလ ယူလိုက်ပြီး “ဘုရား တပည့်တော် ည ၁၁ နာရီကနေ မနက် ၅ နာရီ အထိ သီလ ဆောက်တည် ပါ၏” လို့ ကာလ ပိုင်းဖြတ်ပြီး စောင့်ထိန်းလိုက် ရုံပါ။
ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ ဆိုတော့ တစ်နေ့ကို ၆ နာရီလောက် သီလ စောင့်ထိန်း ဖြစ်နေတာပါ။ ၁၀ ရက်ဆိုရင် နာရီပေါင်း ၆၀၊ တစ်လ ဆိုရင် နာရီပေါင်း ၁၈၀၊ တစ်နှစ်ဆိုရင် နာရီပေါင်း ၂၁၆၀ ပါ။
ဒါက ည ၁၁ နာရီကနေ မနက် ၅ နာရီအတွင်း ပိုင်းဖြတ်ပြီး စောင့်ထိန်းတာပါ။ တကယ်တော့ မနက် ၅ နာရီ ထိုးတာနဲ့ သီလက တန်း မကျိုးသေး ပါဘူး။
ဒီနည်းကို စာရေးသူ သဘောနဲ့ ရေးပြတာ မဟုတ်ပါဘူး။ မဟာ ဗုဒ္ဓ၀င်မှာ မင်းကွန်း ဆရာတော် ဘုရားကြီးက သီလကို တစ်နေ့လုံး မဆောက်တည်နိုင် သေးရင်တောင် ညမှာ တစ်နိုင် တစ်ပိုင် ဆောက်တည်ဖို့ အသေအချာ ရေးပြထား လို့ပါ။ ဆရာတော် ဘုရားကြီးက ၀တ္ထုလေး နှစ်ပုဒ်ကို သာဓက ပြပြီး အားပေးထား ပါတယ်။
ပေတ ၀တ္ထုထဲက မိဂလုဒ္ဒက ဆိုတဲ့ ၀တ္ထု နှစ်ပုဒ်ပါ။ ခပ်ကျဉ်းကျဉ်းလောက် ရေးပြရ အောင်ပါ။
မြတ်စွာဘုရား လက်ထက်တော်က ရာဇဂြိုဟ် ပြည်မှာ အလွန်ချစ်တဲ့ သူငယ်ချင်း နှစ်ယောက် ရှိပါတယ်။ သူငယ်ချင်း နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အလွန် ချစ်ကြပေမယ့် စရိုက် အပြုအမူ ချင်းက မတူပါဘူး။ တစ်ယောက်က မုဆိုး အလုပ်ကို လုပ်ပြီး တစ်ယောက်က ကောင်းရောင်း ကောင်းဝယ် လုပ်ပြီး ရတနာ သုံးပါးကို ဆည်းကပ်ပါတယ်။
မုဆိုး လုပ်နေတဲ့ သူငယ်ချင်းကို ကြည့်ပြီး ဘာသာရေး ကိုင်းရှိုင်းတဲ့ သူငယ်ချင်းက စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါကြောင့် သူငယ်ချင်းကို အကုသိုလ် အလုပ်တွေ မလုပ်ဖို့ အမြဲ ပြောပါတယ်။ မုဆိုး သူငယ်ချင်း ကလည်း သူငယ်ချင်းကို ချစ်ပေမယ့် ၀ါသနာကို မစွန့်နိုင်လို့ လုပ်မြဲ ပါပဲ။
ဒီလိုနဲ့ တစ်နေ့ ကျတော့ ဘာသာရေး ကိုင်းရှိုင်းတဲ့ သူငယ်ချင်းက မုဆိုး သူငယ်ချင်းကို ဘာ တောင်းဆိုလာသလဲ ဆိုတော့ “သူငယ်ချင်းရယ်၊ မင်း အလုပ်ကို မစွန့်နိုင် ရင်တောင် ညမှာတော့ မကောင်းမှုတွေ ရှောင်ပြီး သီလ စောင့်ပေးပါလား” လို့ တောင်းဆို ပါတယ်။
မုဆိုး သူငယ်ချင်း ကလည်း ညမှာတော့ ကောင်းကောင်း စောင့်ထိန်းနိုင်တာ ဆိုတော့ နေ့မှာ မုဆိုး အလုပ်ကို လုပ်ပြီး ညမှာတော့ မကောင်းမှုတွေ ရှောင်ပြီး သီလကို စောင့်ထိန်းပါတယ်။ သက်တမ်း စေ့လို့ ကွယ်လွန်တဲ့ အခါကျတော့ ရာဇဂြိုဟ်ပြည် အနီးမှာ ဝေမာနိက ပြိတ္တာ သွားဖြစ် ပါတယ်။
အကျိုးက ဘယ်လို ခံစားရသလဲ ဆိုတော့ နေ့မှာ အကုသိုလ်တွေ ပြုခဲ့တဲ့ အတွက် နေ့ပိုင်းမှာ ဆင်းရဲ ဒုက္ခတွေ ခံစားရပြီး ညမှာ သီလ စောင့်ခဲ့တဲ့ အတွက် ညပိုင်းမှာ ကာမဂုဏ် ငါးပါးကို ပြည့်ပြည့်စုံစုံ ခံစားနေရ ပါတယ်။ ဒါကို အရှင်နာရဒ မထေရ် တွေ့တော့ ဘာကြောင့် နေ့ခံ ညစံ ခံစားနေရ သလဲဆိုတာ မေးကြည့် ပါတယ်။
ပြိတ္တာ ဖြစ်နေရသူက “တပည့်တော်ဟာ နေ့ပိုင်းမှာ မုဆိုး အလုပ်ကို လုပ်ခဲ့ပါတယ် ဘုရား၊ ညပိုင်း မှာတော့ မိတ်ကောင်း ဆွေကောင်း သူငယ်ချင်းရဲ့ တိုက်တွန်း မှုကြောင့် မကောင်းမှုကို ရှောင်ပြီး သီလ စောင့်ခဲ့လို့ အခုလို နေ့ခံ ညစံ ဖြစ်နေရ တာပါဘုရား” လို့ ပြန်လျှောက်ပြ ပါတယ်။
နောက် ၀တ္ထု တစ်ပုဒ်က ရှေးဝတ္ထုနဲ့ ခပ်ဆင်ဆင် ပါပဲ။ သူငယ်ချင်း နှစ်ယောက် ပါပဲ။ တစ်ယောက်က မုဆိုး၊ တစ်ယောက်က ဘာသာရေး ကိုင်းရှိုင်းသူ၊ ဒါပေမယ့် ဘာသာရေး ကိုင်းရှိုင်းသူ သူငယ်ချင်းက မုဆိုး သူငယ်ချင်းကို မကောင်းမှုတွေ မလုပ်ဖို့ အကြိမ်ကြိမ် တားမြစ်ပေမယ့် လုံးဝ နားမထောင် ပါဘူး။
ပြောမရတော့ ဘာသာရေး ကိုင်းရှိုင်းသူ သူငယ်ချင်းက သူ ဆည်းကပ် ကိုးကွယ်နေတဲ့ ဆရာ ရဟန္တာ တစ်ပါးကို အကျိုးအကြောင်း ပြောပြပြီး “အရှင်ဘုရား တပည့်တော် သူငယ်ချင်းကို အကုသိုလ် မပြုဖို့ ပြောဟောပေးပါ ဘုရား” လို့ လျှောက်ပါတယ်။
ဆရာ ရဟန္တာက မုဆိုး သူငယ်ချင်းဆီ သွားပြီး တရား ဟောပေးပါတယ်။ ဒါပေမယ့် မုဆိုး သူငယ်ချင်းက ရဟန္တာ အရှင်မြတ်ကို ကြည်ညိုပေမယ့် ပါဏာတိ ပါတ အမှုကို ရှောင်ကြဉ်လိုစိတ် လုံးဝ မရှိပါဘူး။ သူ့အနေနဲ့ ရှောင်ကြဉ်ဖို့ လုံးဝ ခက်နေပါတယ်။
ဒါကို သိတဲ့ ရဟန္တာ အရှင်မြတ်က “ဒကာရယ်၊ တစ်နေ့လုံး မရှောင်ကြဉ်နိုင် ရင်တောင် ညအခါ လေးတော့ ရှောင်ကြဉ်ပေး ပါနော်” လို့ ကရုဏာ သံနဲ့ ထပ်ဟောပါတယ်။
ဒီတော့မှ မုဆိုးလည်း “ဒါဖြင့်ရင်လည်း ကောင်းပါပြီ ဘုရား၊ တပည့်တော် ညမှာတော့ ပါဏာတိ ပါတမှ ရှောင်ကြဉ်ပါမယ် ဘုရား” လို့ ပြန်ကတိ ပေးလိုက်ပါတယ်။ မုဆိုး သူငယ်ချင်းလည်း ရဟန္တာ အရှင်မြတ်ကို ကတိ ပေးထားတဲ့ အတိုင်း နေ့ပိုင်းမှာ မကောင်းမှု ပြုပေမယ့် ညပိုင်းမှာတော့ သီလကို စောင့်ပေးပါတယ်။ သေလွန်တဲ့ အခါကျတော့ ရာဇဂြိုဟ်ပြည် အနီးမှာပဲ ဝေမာနိက ပြိတ္တာဖြစ်ပြီး နေ့ပိုင်းမှာ ဆင်းရဲ ဒုက္ခကို ခံစားနေရ ပေမယ့် ညပိုင်းမှာတော့ ကာမဂုဏ် ငါးပါးကို အပြည့်အ၀ ခံစားနေရ ပါတယ်တဲ့။
ဆရာတော် ဘုရားကြီးက ဒီဝတ္ထုလေး နှစ်ပုဒ်ကို သာဓက ပြပြီး နေ့အခါမှာ မစောင့်နိုင် ပေမယ့် ညမှာ စောင့်ထိန်းရင် အကျိုးပေးနိုင်တဲ့ အတွက် မိမိ စွမ်းနိုင်သလောက် စောင့်ထိန်းဖို့ ကရုဏာ တရားနဲ့ တိုက်တွန်းထား ပါတယ်။
ဆရာတော် ဘုရားကြီးက ဘုရားဟော ပါဠိတော် အဋ္ဌကထာ ဋီကာတွေ ထဲကထုတ်ပြီး ရေးပြတယ်။ စာရေးသူက ဆရာတော် ဘုရားကြီး ရေးပြတာကို တစ်ဆင့် ပြန်ရေးပြတယ်။ စာဖတ်သူ တွေကလည်း ကိုယ်နဲ့ နီးစပ်ရာ ဓမ္မ မိတ်ဆွေတွေကို “သီလ ဆိုတာ နေ့ပိုင်းမှာ မစောင့်နိုင် ရင်တောင် ညပိုင်းမှာ ဒီလို ဒီလိုစောင့်ရင် သီလ မကျိုးဘူး” လို့ ဆောက်တည်နည်း လေးတွေ တစ်ဆင့် ပြန်ပြောနိုင်ရင် တကယ့် ဓမ္မဒါန ကုသိုလ်တွေ ဖြစ်နေတာပါ။ ဒါမှလည်း ရေးရ ဖတ်ရတာ တန်ပါတယ်။
ဒါက သီလကို အချိန်ပြည့် မစောင့်နိုင် သူတွေ၊ စောင့်ဖို့ အခြေအနေ မပေးသူတွေ အတွက်ပါ။
တကယ်လို့ ကိုယ်က သီလ ဆောက်တည်ဖို့ အချိန်လည်း ပေးနိုင်တယ်၊ ဆောက်တည်ချင် စိတ်လည်း ရှိတယ်ဆိုရင် ပုံစံ တစ်မျိုးနဲ့ ဆောက်တည်နည်း တစ်ခုကိုလည်း အကြံ ပေးပါရစေဦး။
သီလကို ဒီအတိုင်း မဆောက်တည်ဘဲ မြတ်စွာ ဘုရားရှင်ကို သီလနဲ့ ပူဇော်ပြီး ဆောက်တည်ကြည့် ပါလား။
မနက် အိပ်ယာက ထပြီး ကိုယ်လက် သန့်စင် ပြီးသွားတဲ့ အခါ ဘုရားခန်းထဲ သွားပြီး “မြတ်စွာဘုရား ဘုရား တပည့်တော် ဒီနေ့ တစ်နေ့တာ မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်ပါမည် ဘုရား” လို့ လျှောက်လိုက်ပါ။ ပြီးတော့မှ တစ်ဆက်တည်း သီလ ယူလိုက်ပါ။
မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်ထားတာ ဆိုတော့ သီလကျိုးဖို့ အာရုံကို တွေ့ဦးတော့ “ငါ မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နေတာ” ဆိုပြီးတော့ မြတ်စွာ ဘုရားကို အားနာပြီး မကျိုးဖြစ်တော့ ပါဘူး။
နောက်တစ်ခုက “ငါ မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နေတယ်” ဆိုတဲ့ အတွေးက ရင်ထဲမှာ အစဉ်သဖြင့် ဖြစ်နေတာ ဆိုတော့ အတွေးနဲ့ အတူ ၀မ်းမြောက် ကြည်နူးစိတ် ကလည်း ပူးတွဲ ဖြစ်နေရတော့ တာပါ။
မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်ရတဲ့ အရသာဟာ ပူဇော်ကြည့် ဖူးမှ သိပါတယ်။ ဒါကြောင့် သိချင်ရင် စမ်းပြီး ပူဇော်ကြည့် ဖို့ပဲ တိုက်တွန်း ပါရစေ။
အားတဲ့ အခါလေး တွေမှာလည်း ကိုယ့်ရဲ့ သီလကို ပြန်ပြန် ဆင်ခြင် ဆင်ခြင် ပေးရပါတယ်။ အဲဒီလို ပြန်ပြန် ဆင်ခြင် ဆင်ခြင် နေတာကကို သီလာ နုဿတိ ကုသိုလ်တွေ ထပ်ပွားနေ တာပါ။ “မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နေတယ်” ဆိုတဲ့ သတိ ကိုယ့်ရင်ထဲမှာ ကိန်းနေရင် ကိုယ့်ကိုယ်ကိုယ် ပြန်ပြန် ကြည်ညို ကြည်ညို နေရတာပါ။ ကြည်ညိုရင်း ကြည်ညိုရင်းနဲ့ ကိုယ့်ရင်ထဲမှာ ပါရမီတွေ တစ်ဆင့်ထက် တစ်ဆင့် မြင့်သထက် မြင့်လာရတော့ မှာပါ။ ဘာပဲပြောပြော လတ်တလော ၀မ်းမြောက် ကြည်နူးစိတ်ကို ခံစားနေရတာတော့ အမှန်ပါ။
အကြောင်း ကြောင်းကြောင့် သီလနဲ့ နေ့စဉ် မပူဇော်နိုင် သေးရင်တောင် ကိုယ့်ရဲ့ မွေးနေ့လေး တွေမှာ တစ်ပတ် တစ်ခါလောက်တော့ ပူဇော် ပူဇော် သွားသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘ၀မှာ မလုပ်ဖူးသေးတဲ့ ကုသိုလ်လေးတွေ လုပ် လုပ်ကြည့်သင့် လို့ပါ။ ဘာထူးလဲ၊ ဘယ်လို အရသာ ရှိလဲဆိုတာ အသိသစ်တစ်ခု သိသွားရ တာပေါ့။
မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နေတဲ့ နေ့ဆိုရင် ယခင် နေနေကျ အတိုင်း သတိလက်လွတ် မဟုတ်ဘဲ ကိုယ်နဲ့ နှုတ်ကို သတိ ကပ်ထားရ ပါတယ်။ အထူးသဖြင့် “ပြဿနာ အစ ပါးစပ်က” ဆိုတဲ့ အတိုင်း နှုတ်ကို အထူး စောင့်ထိန်းရ ပါမယ်။ အဲဒီနေ့ ဆိုရင် အထူးသဖြင့် အတင်း မပြောမိအောင် သတိထားရ ပါမယ်။ အတင်း ပြောမိရင် သီလက ပျက်ပါပြီ။ အတင်း ပြောတာကို ၀ါသနာ တစ်ခုလို ဖြစ်နေရင် ကိုယ်က ပိုဂရုစိုက်ရ ပါမယ်။
တကယ်လို့ ကိုယ့်ဘ၀မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာမယ်။ ဒီတော့ ဒေါသ၊ အာဃာတ၊ သောက ပူဆွေးမှုတွေ ဖြစ်မနေဘဲ မြတ်စွာ ဘုရားကို သီလနဲ့ ဆယ်ရက်တန်သည်၊ တစ်လ တန်သည် ပူဇော်ပစ် လိုက်မယ်၊ သတ်မှတ်ထားတဲ့ ရက်လ စေ့သွားတဲ့ အခါ မြတ်စွာဘုရားဆီ ထပ်သွားပြီး “ဘုရား တပည့်တော် မြတ်စွာ ဘုရားကို သီလနဲ့ ၁၀ ရက် တစ်လ မကျိုး မပေါက် ပူဇော်ခဲ့ ပါတယ်။ ဤသစ္စာစကား မှန်ပါက ယခု ကြုံတွေ့နေရတဲ့ အခက်အခဲ ပြေပျောက်သွားပါ စေသတည်း” လို့ သစ္စာဆို လိုက်ပါ။
မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်တာရယ်၊ သစ္စာ ဆိုတာရယ် နှစ်ခုကို လုပ်လိုက်ရင် ဖြစ်ပေါ်နေတဲ့ အခက်အခဲ အထိုက် အလျှောက်တော့ အဆင်ပြေသွား မှာပါ။
ပြဿနာ မဟုတ်ဘဲ ဘ၀နဲ့ ယဉ်တဲ့ ကိစ္စတစ်ခု ကြုံလာတဲ့ အခါမှာလည်း ပူဇော်တာရယ်၊ သစ္စာ ဆိုတာရယ် ပူးတွဲ လုပ်ကြည့် လိုက်ပါ။ ထူးခြားမှု တစ်ခုခုတော့ ဖြစ်လာမှာပါ။
ဒါက တစ်ယောက်ချင်း မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်တာကို ပြောတာပါ။
တကယ်လို့ မိသားစုလိုက် တစ်ပတ် တစ်ခါလောက် မြတ်စွာ ဘုရားကို သီလနဲ့ ပူဇော်နိုင်တယ် ဆိုရင်တော့ သိပ်ပြီး ကြည်ညိုဖို့ ကောင်းတဲ့ မိသားစု တစ်စု ဖြစ်သွားမှာပါ။ အခက်အခဲ တစ်ခု ကြုံလာတဲ့ အခါ မိသားစုလိုက် ပူဇော်ပြီး သစ္စာ ဆိုလိုက်တာက ပိုပြီး ထိရောက်သွားနိုင် ပါတယ်။
ဘယ်လို သဘောလဲ ဆိုတော့ တစ်ယောက်တည်း ပစ်မှတ် တစ်ခုကို ပစ်တာနဲ့ စာရင် မိသားစု ငါးယောက်လောက် ၀ိုင်းပစ်ရင် ပိုပြီး မှန်သွားနိုင်တဲ့ သဘောပါ။ မိသားစု ထဲမှာ တကယ့် ပါရမီရှင် တစ်ယောက်ယောက်လည်း ပါရင် ပါလာနိုင် လို့ပါ။
ပါရမီဖြစ် ကုသိုလ်ဖြစ်ပဲ ပူဇော်ပူဇော်၊ ပြဿနာကို ဖြေရှင်းဖို့ အတွက်ပဲ ပူဇော်ပူဇော် ဘ၀မှာ မလုပ်ဖူး သေးတဲ့ ကုသိုလ် တစ်ခုကို လုပ်ကြည့် လိုက်တာတော့ အကောင်းဆုံး ပါပဲ။
စီးပွားရေး လုပ်တဲ့ အခါပဲ ဖြစ်ဖြစ်၊ အနုပညာ ကိစ္စ လုပ်တဲ့ အခါပဲ ဖြစ်ဖြစ်၊ ဘာကိစ္စပဲ လုပ်လုပ် သီလကို အဆောင် တစ်ခုလို အားကိုးတာ ကတော့ အကောင်းဆုံး ပါပဲ။ ဆိုလိုတာက သီလကို အားယူပြီး တက်တာပါ။
ဣတိဝုတ် ပါဠိတော်မှာ သုခ ပတ္ထနာသုတ် ဆိုတာ ရှိပါတယ်။ မြန်မာလို လိုရင်းကတော့-
“ငါ့အတွက် ထင်ရှား ကျော်ကြားမှုတွေ ဖြစ်လာရင် ကောင်းမှာပဲ” လို့ တွေးဖြစ်ရင် သီလကို စောင့်ထိန်းလိုက် ပါတဲ့။ “ငါ့ဆီ ငွေကြေး ဥစ္စာတွေ ရောက်လာရင် ကောင်းမှာပဲ” လို့ တွေးဖြစ်ရင်လည်း သီလကို စောင့်ထိန်းလိုက် ပါတဲ့။ “ငါသေရင် နတ်ပြည် ရောက်ရင် ကောင်းမှာပဲ” လို့ တွေးဖြစ်လိုက် ရင်လည်း သီလကိုပဲ စောင့်ထိန်းလိုက် ပါတဲ့။
လူတိုင်း လူတိုင်း ဒီအကျိုးတွေ လိုချင်ကြတဲ့ သူတွေချည်း ပါပဲ။ ကိုယ်က ဗုဒ္ဓဘာသာ တစ်ယောက် အနေနဲ့ မြတ်စွာ ဘုရားရှင်ရဲ့ စကားတွေကို နှစ်နှစ်ကာကာ ယုံပြီးသား ဆိုတော့ စောင့်ထိန်း ပစ်လိုက် ရုံပါပဲ။
တရားတွေမှာ စွမ်းအားတွေက အစကတည်းက ရှိပြီးသားပါ။ ကိုယ်က အသုံးပြုပေး ဖြစ်ဖို့ပါပဲ။
သေချာ စဉ်းစားကြည့်ရှု သီလဆိုတာ အံကြိတ် တောက်ခေါက် ၀ီရိယ အင်အားတွေ သုံးပြီး စောင့်ထိန်းရတဲ့ အရာလည်း မဟုတ်ပါဘူး။ လုပ်ရင်း ကိုင်ရင်း၊ သွားရင်း လာရင်း၊ စားရင်း သောက်ရင်း ပူးတွဲ စောင့်ထိန်း သွားလို့ရတဲ့ အရာပါ။
လူတစ်ယောက် အနေနဲ့ ငါးပါး သီလကို စောင့်ရင်ပဲ တော်တော် လုံလောက်နေ ပါပြီ။ တတ်နိုင်တယ် ဆိုရင်တော့ တစ်လ နှစ်ကြိမ်လောက် ရှစ်ပါးသီလ၊ ကိုးပါး သီလတွေ တစ်ဆင့် မြင့်ပြီး စောင့်နိုင်ရင်တော့ အကောင်းဆုံးပေါ့။
သီလ စောင့်ထားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရှိနေပါတယ်။ ယုံကြည်မှု ရှိနေရင် အလုပ် လုပ်ရတာက တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း ရှိနေတတ် ပါတယ်။ ဒါက ကိုယ်တိုင် စောင့်ကြည့် ဖူးမှ သိတာပါ။
လောကီထဲမှာ နေနေကြလို့ လောကီ အကျိုးတွေ နဲ့လည်း မကင်းနိုင် ကြလို့ လောကီကျိုး တွေပါ ထည့်ပြောနေရ တာပါ။ အမှန်တော့ သီလရဲ့ အမြင့်ဆုံး အကျိုး သတ္တိဟာ နိဗ္ဗာန်အထိ ပို့ပေးနိုင် တာပါ။
သီလရဲ့ အကျိုး အဆက်ဆက် တွေကို စာထဲမှာ ဒီလို ပြထားပါတယ်။
အ၀ိပ္ပ ဋိသာရ၊ ပါမောဇ္ဇ၊ ပီတိ၊ ပဿဒ္ဓိ၊ သုခ၊ သမာဓိ၊ ယထာဘူတ၊ နိဗ္ဗိဒါ၊ ၀ိရာဂ၊ ၀ိမုတ္တိ။
ဒီပါဠိရဲ့ အနက် မြန်မာပြန်ကို တည်တော် ဆရာတော်ဘုရား ပြန်ဆိုထားတာက သိပ်လှသလို သိပ်ရှင်းပါတယ်။ တည်တော် ဆရာတော် ဘုရားက ဘယ်လို မြန်မာပြန် သလဲဆိုတော့-
သီလရှိတော့ စိတ်ကြည်၊
စိတ်ကြည်တော့ ၀မ်းမြောက်၊
ဝမ်းမြောက်တော့ နှစ်သက်၊
နှစ်သက်တော့ ငြိမ်းအေး၊
ငြိမ်းအေးတော့ ချမ်းသာ၊
ချမ်းသာတော့ တည်ကြည်၊
တည်ကြည်တော့ အမြင်မှန်၊
အမြင်မှန်တော့ ငြီးငွေ့၊
ငြီးငွေ့တော့ မဂ်မြင်၊
မဂ်မြင်တော့ ဖိုလ်ရောက်၊
ဖိုလ်ရောက်တော့ နိဗ္ဗာန်ဝင်တဲ့။
ဖိုလ်ရောက်တော့ နိဗ္ဗာန်ဝင် ဆိုတဲ့ အပိုဒ်ကလေး ကတော့ ဆရာတော် ဘုရားကြီး အရေးအသားကို အတုခိုးပြီး စာရေးသူ ဖြည့်လိုက်တာပါ။
ကိုယ် ဖြည့်ကျင့်နေတဲ့ သီလဟာ လောကီကျိုး သက်သက်တင် မဟုတ်ပါဘူး။ မဂ်ဖိုလ် နိဗ္ဗာန်အထိ ပို့ပေးနိုင်တဲ့ သတ္တိ ရှိပါတယ်။
သီလ ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ “ငါ့ရဲ့ သီလဟာ မဂ်ဖိုလ် နိဗ္ဗာန်အထိ ပို့ပေးနိုင်တယ်” ဆိုတဲ့ အသိကလည်း ရင်ထဲမှာ အစဉ်သဖြင့် ရှိနေဖို့ လိုပါတယ်။ မဂ်ဖိုလ် နိဗ္ဗာန် ရဖို့အတွက်တော့ ၀ိပဿနာ တရားကို အားထုတ်ရ မှာပါ။ ၀ိပဿနာ တရား အားထုတ်တော့မယ် ဆိုရင် ဘာကို အရင် လုပ်ရမလဲ ဆိုတော့ စတုဗ္ဗိဓံတာဝ သီလံဝိသော ဓေတဗ္ဗံ = (ပါ-ဋ္ဌ၊ ဒု၊ နှာ ၂၀) သီလကို အရင် သုဓ်သင်ပါ။ သီလကို အရင် ဖြူစင်အောင် လုပ်ပါတဲ့။
ဒီတော့ မေးစရာ ဖြစ်လာပါပြီ။ ပုထုဇဉ်တွေ ဆိုတော့ အများစုဟာ သီလကို တစ်ပါးမဟုတ် တစ်ပါးတော့ ကျူးလွန်ခဲ့ကြ ဖူးမှာပါ။ ဒါမှမဟုတ် များစွာ ကျူးလွန် ခဲ့သူလည်း ဖြစ်ချင် ဖြစ်မှာပါ။
ကျူးလွန်တဲ့ သီလတွေကို အာရုံပြုပြီး ငါတို့ ဒီဘ၀ သီလ ဖြူစင်သူ ဘယ်လိုလုပ် ဖြစ်နိုင်တော့ မှာလဲလို့ မေးနိုင် ပါတယ်။ ဒီအတွက် ဘာမှ အားငယ်စရာ မလိုပါဘူး။
ဘ၀မှာ မသိလို့ဘဲ မှားခဲ့မှားခဲ့၊ သိလို့ပဲ မှားခဲ့မှားခဲ့ အပြစ်ကို အပြစ်မှန်းသိပြီး နောင် စောင့်စည်းလိုတဲ့ စိတ်နဲ့ သီလ သိက္ခာပုဒ် တွေကို ပြန်ဆောက်တည် လိုက်ရင် သီလ ဖြူစင်သူ ဖြစ်သွားပါတယ်။ စိတ်ထဲ မှာလည်း “ငါ သီလ ဖြူစင်သူ ဖြစ်သွားပြီ” လို့ ကိုယ့်ကိုယ်ကိုယ် ၀မ်းမြောက်နေရ ပါ့မယ်။
ဒီလိုမှ မဟုတ်ဘဲ မှားခဲ့တဲ့ အတူတူ မထူးပါဘူးလေ ဆိုပြီး ဆက်ကာ ဆက်ကာ မှားနေမယ် ဆိုရင်တော့ သစ်ပင်ဟာ တစ်ချက် နှစ်ချက် ခုတ်ရုံနဲ့ သိပ်မသိသာလှ သေးပေမယ့် ခုတ်တဲ့ အချက်ရေ များလာရင်တော့ လဲရတော့ မှာပါ။ ဒီတော့ ကိုယ်က မလဲခင် သတိ သံဝေဂ ဖြစ်လိုက်ဖို့ပါ။
ဝိပဿနာ တရား အားထုတ်မယ် ဆိုရင်တော့ ကိုယ့်ကို ကမ္မဋ္ဌာန်း ပေးမယ့် ဆရာကလည်း လိုလာပြန် ပါတယ်။ ဒီတော့ ဆရာ ဘယ်လို ရှာမလဲ။
ပါရာဇိကဏ် အဋ္ဌကထာ ဒုတိယ တွဲမှာ ဆရာ ရှာပုံကို ပြထားပါတယ်။
ပထမ ရဟန္တာ ပုဂ္ဂိုလ်ကို ရှာပါတဲ့။ ရဟန္တာ ပုဂ္ဂိုလ် မတွေ့ရင် အနာဂါမ်၊ သကဒါဂါမ်၊ သောတာပန်ကို အဆင့်ဆင့် ရှာပါတဲ့။ သောတာပန် ပုဂ္ဂိုလ် ရှာမရရင် ပါဋ္ဌိ အဋ္ဌကထာ ကျွမ်းကျင်တဲ့ ဆရာ၊ စာပေ ပရိယတ္တိ တတ်တဲ့ ဆရာကို ရှာပါတဲ့။
အဲဒီမှာ အဋ္ဌကထာ ဆရာက မှတ်ချက် ထပ်ပြထားတာ သိပ် သတိထားဖို့ ကောင်းပါတယ်။
အရဟန္တာ ဒယောဟိ အတ္တနာ အဓိကတ မဂ္ဂမေ၀ အာစိက္ခန္တိ။ အယံပန ဂဟနပဒေသေ မဟာဟတ္ထိပထံ နီဟ ရန္တောဝိယ သဗ္ဗတ္ထ အသမ္မူဠှော သပ္ပါယာ သပ္ပါယံ ပရိစ္ဆိန္ဒိတွာ ကထေတိ။ (ပါ-ဋ္ဌ၊ ဒု၊ နှာ ၂၂)
အဓိပ္ပါယ် ကတော့ ရဟန္တာ ပုဂ္ဂိုလ်တွေ ကတော့ ကိုယ်ရခဲ့တဲ့ တရား လမ်းကြောင်း၊ ကိုယ် အားထုတ်ခဲ့တဲ့ တရား လမ်းကြောင်း ကိုသာ ပြောပြနိုင် ပါတယ်တဲ့။
ပါဠိ အဋ္ဌကထာ ကျွမ်းကျင်တဲ့ စာတတ်တဲ့ ရဟန်းကတော့ တောရှုပ်ရှုပ်ထဲမှာ ဆင်သွားလမ်း ကြီးကို ထုတ်ဆောင်ပြ နိုင်သလို အားလုံး အားလုံးသော စကားတွေမှာ မတွေဝေတဲ့ အတွက် ဒါကတော့ သင့်လျှော်တယ်။ ဒါကတော့ မသင့်လျှော် ဘူးလို့ ပိုင်းခြားပြီး ပြောပြနိုင် ပါတယ်တဲ့။
တရား အားထုတ်ချင်တဲ့ ရဟန်းကော၊ လူကော သတိထား သင့်တဲ့ အဋ္ဌကထာ ဆရာရဲ့ မှတ်ချက် ကလေးပါ။
တကယ်တော့ လူတစ်ယောက် ဘ၀မှာ နိဗ္ဗာန် ရဖို့က အဓိကပါ။ ငွေကြေး၊ ရာထူး ဌာနန္တရတွေ မဟုတ်ပါဘူး။ သီလဟာ နိဗ္ဗာန်အထိ ပို့ပေးတာ ဆိုတော့ ဘ၀တာဝန် တစ်ခု အနေနဲ့ ဖြည့်ကျင့်ပေး လိုက်ဖို့ ပါပဲလေ။
ကျမ်းကိုး
၁။ လယ်တီ ဒီပနီ ပေါင်းချုပ်၊ စတုတ္ထတွဲ၊ ဥတ္တမပုရိသ ဒီပနီ။
၂။ မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း၊ ဒုတိယပိုင်း။
၃။ ဒါနဟူသည် သီလဟူသည်။ (တည်တော ဆရာတော်)
၎။ သီလ၀တ္ထု။ (ဓမ္မဒူတ ဆရာတော်)
၅။ ပါရမီတော်။ (တိပိဋက အရှင် သုမင်္ဂလာ လင်္ကာရ)
၆။ ဗုဒ္ဓ (သို့မဟုတ်) လောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင်။
အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)၏ မြင့်မြတ်သူတို့ရဲ့ အလုပ် စာအုပ်မှ...

Harmful to Dhamma (ရှောင်ကွယ် ဓမ္မ အန္တရာယ်များ) by Htun Htun Hlaing (ထွန်းထွန်းလှိုင်) 
http://www.htunhlaing.blogspot.com/

  

Dhamma Web

ရွှေ ငွေ ကျောက် သံ ပတ္တမြားတို့ဖြင့် စီချယ်ထားသောဘုရား

အချို့ဘုရားဆင်းတုများကိုေ ရွှ ငွေ ကျောက် သံ ပတ္တမြားတို့ဖြင့် စီချယ်ထားသည်မှာ
ဘုရားပုံတော်ပင် ပျောက်လုမခန်း ဖြစ်နေ၏။

အမြင်ရအဆိုးဆုံးကား ဗုဒ္ဓရုပ်ပွားတော်ကို ဆွဲကြိုးများ ထပ်နေအောင် ဆွဲထားခြင်းပင်ဖြစ်၏။
 ရွှေ ငွေ ကျောက် သံ ပတ္တမြားတို့ကို ဘုရားရှင်ကိုယ်တော်တိုင်ပင် မသုံးဆွဲသလို တပည့်ရဟန်းများကိုလည်း
 မသုံးဆွဲဟုပစ်ညတ်တော်မူပါတယ်။
ထိုသို့ ရွှေ ငွေ ကိုပယ်ထားသော ဗုဒ္ဓရုပ်ပွားတော်အား ရွှေ ငွေ များ ညွတ်နေအောင် ဆင်ခြင်းသည် မည်သို့မျှ မသင့်တော်ပေ။
ယခုကဲ့သို့ သိပါလျှက် ရတနာများကို ဆက်လက်ဆင်မြန်းနေမည် ဆိုလျှင် ဗုဒ္ဓဂရုက - ဘုရားကို အလေးထားခြင်း မဟုတ်တော့။ လာဘဂရုက - လာဘ်လာဘကို အလေးထားခြင်းသာ ဖြစ်၏။
ဗုဒ္ဓဂရုကသည် ဘုရားကို ကြည်ညိုသော သဒ္ဓါဓာတ် (ကုသိုလ်တရား) သာဖြစ်သည်။
လာဘဂရုကကား လာဘ်ကိုလိုချင်သော လောဘဓာတ်(အကုသိုလ်တရား)သာဖြစ်သည်။
ရုပ်ပွားပိုင်ရှင်များသည် လောဘစသော ကိလေသာကင်းသော ဘုရားကို အကြောင်းပြုပြီး မိမိကိုယ်တိုင် လောဘကင်းအောင် ကြိုးစား
သင့်သည်။ လောဘပွားအောင်ကား မပြုလုပ်သင့်။

*မေတ္တာရှင် ရွှေပြည်သာ*
.

★"မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးနှင့် ထိုင်းလူမျိုးတို့၏ တရားအမေးအဖြေ "


Minko NaingFollow
19 hrs
ဆရာတော် - ဒကာတော်တို့ ဘယ်က လာခဲ့တာလဲ။
ထိုင်း - ဇင်းမယ်ကပါဘုရား။
ဆရာတော့်သတင်းကြား လို့ ကြည်ညိုလို့လာဖူးတာပါ ဘုရား။
ဆရာတော် - ဘုန်းကြီးတွေအများကြီး ထိုင်းမှာလဲ
ရှိတာမဟုတ်လား။
ထိုင်း - ဘုန်းကြီးချင်းမတူပါဘူးဘုရား။
ထိုင်းမှာ တောရဆောက်တည်တဲ့ ပုဂ္ဂိုလ်သိပ်မရှိတော့ပါဘူး။
ဆရာတော် - တို့က သတ္တိမရှိလို့ တောထဲနေတာပါဗျာ။
မြို့ထဲနေတဲ့ ဘုန်းကြီးတွေက တောထဲနေတာထက်ပိုပြီး
ထက်လို့ ပိုပြီးသတ္တိရှိနေတာဗျ။ တို့က သူတို့လောက်
သတ္တိမရှိလို့ တောမှီနေတာဗျ။ တောထဲနေတာဗျ။
ဘုန်းကြီး အားလုံး အတူတူပါဗျာ။ ထိုင်း၊ ကမ္ဘောဒီးယား၊
လာအို၊ မြန်မာရယ်က ထေရ၀ါဒလို့ခေါ်တယ်။
အရှင်မဟာကဿပ၊ အရှင်သာရိပုတ္တရာတို့အဆက်ဆက် က
တစ်ဆင့်သြ၀ါဒတွေကို လုံးဝမပြင်ဘဲကျင့်တာဗျာ။
အကျင့်တူပါပဲဗျာ။
ထိုင်း - မြန်မာနိုင်ငံက ဆရာတော်တွေက
သာသနာတော်ကို ပိုပြီးတော့ ကြည်ညိုပြီး ၀ိနည်းတော်တွေကို
လေးစားလိုက်နာကြပါတယ် ဘုရား။
ဆရာတော် - တို့ဆီရောက်တုန်းမို့ ပြောတာလားဗျာ။
ထိုင်း - တကယ်ပြောတာပါဘုရား။
တပည့်တော်တို့ ၀ိပဿနာတရားတော့ အားထုတ်ချင်ပါတယ်ဘုရား။
နည်းလမ်းတော့မသိပါဘုရား။
ဆရာတော် - နည်းလမ်းတွေ ဘာလို့မသိရမှာလဲ။
ထိုင်းမှာလည်းရှိတာပဲ။ ဒီကသွားတာတွေရှိတာပါပဲ။
နည်းလမ်းတွေ ဘယ်လောက်များများ တို့ဗုဒ္ဓက
သတိတစ်လုံးပဲဗျာ။ ဘာလုပ်လုပ် လုပ်တဲ့အလုပ်ကို
သတိနဲ့တွဲလုပ်။ အဲဒါ ၀ိပဿနာဖြစ်သွားတာပဲ။
သတိနဲ့လုပ်တော့ ကိုယ့်စိတ်ကိုယ့်ဆီမှာရှိတယ်။
ရှိတော့ ကိုယ့်အကြောင်း ကိုယ်သိတာပဲ။ အဲဒါဝိပဿနာဗျ။
ထိုင်း - တပည့်တော် တရားထိုင်တဲ့အခါ
စိတ်က မငြိမ်ပါဘူးဘုရား။ စိတ်ကလေးကိုတစ်နေရာတည်း
မှာ ငြိမ်ငြိမ်ကလေးနေဖို့အတွက်
အကောင်းဆုံးနည်းလမ်းပေးပါ ဘုရား။
ဆရာတော် - ကိုယ်ထဲမှာ နှစ်သက်ရာကိုမှတ်။
တို့ ဘုရားတိုင်း ဘုရားတိုင်းမှတ်တာ နှာခေါင်းပဲ။
နှာခေါင်းမှာ ၀င်လေလေးဝင်တာထွက်တာကိုစာလို
ဝင်သက်ထွက်သက်ခေါ်တယ်ဗျာ။ အဲဒါ အသက်ပဲဗျာ။
လူတစ်ယောက် လုံးရဲ့အသက်ဟာ နှာခေါင်းမှာရှိတယ်။
ဝင်လေထွက်လေကိုပြောတာ။ ဒီနှာခေါင်းကနေထိုင်ပြီးမှတ်ရင်
တစ်ကိုယ် လုံးအကုန်သိတယ်ဗျာ။ စာလို ပင်တိုင်ကမ္မဋ္ဌာန်း
လို့ ခေါ်တယ်။ ကျန်တဲ့အလုပ်တွေလုပ်ရင်းလည်း
နှာခေါင်းဝကိုမှတ်ဗျာ။ ဝေဘူဆရာတော်ကြီးက
ဒီအတိုင်းမှတ်သွားတာဗျ။ မှတ်နိုင်ပါ့မလားဗျာ။
ထိုင်း - မလွယ်ပါဘုရား။ သိပ်မရပါဘုရား။
ဆရာတော် - အဲဒါကျတော့ဗျာ။ မျက်စိကမြင်တဲ့အခါ
ကြည့်စရာရှိရင် မျက်စိမှာ သတိချထားဗျာ။ နားကကြားတဲ့
အခါမှာ နားထိပ်မှာ ချထားဗျာ။ သတိနဲ့သွားဗျာ။
တသက်လုံးလုပ်သွားဗျ။ ဘယ်တော့မှ မလွှတ်နဲ့ သိရုံသိသွားဗျာ။
ထိုင်း - မလွယ်ဘူးထင်တယ်ဘုရား။
တရားထိုင်ချိန်မှာ စိတ်ကိုထိန်းမရပါဘုရား။ စိတ်မငြိမ်ပါ ဘုရား။
သမာဓိမရပါဘုရား။ အတွေးလည်းများမိပါတယ်ဘုရား။
ဆရာတော် - တွေးတဲ့စိတ်ကတော့ တွေးမှာပဲ။
ဝိပဿနာဉာဏ်တွေဘယ်လောက်တက်တက် တွေးမှာပဲ။
စိတ်ကိုမနိုင်ရကောင်းလားဆိုပြီး ရန်မလုပ်ရဘူး။
လျှော့လည်းမလျှော့ရဘူး။ မှတ်စရာရှိတာသာမှတ်။
အမှတ်များရင်အတွေးက သူ့ဟာသူလျော့သွားလိမ့်မယ်။
ထိုင်း - ဆရာတော်ကြီးပြောတာ နားလည်ပါပြီဘုရား။
ဆရာတော် - လုပ်နိုင်ပါ့မလား။
ထိုင်း- ကြိုးစားပါ့မယ်ဘုရား။
ဆရာတော် - လူတိုင်းလူတိုင်းဟာမွေးကတည်းက
အတွေးနဲ့မွေးလာတာ။
တစ်သက်လုံးလည်းအတွေးနဲ့နေတာ။
လုပ်စရာရှိလည်း အတွေးနဲ့လုပ်နေတာ။
အဲဒါ ထိုင်မှတ်တာ ခဏလေးရှိသေးတယ်။
ချက်ချင်းတောမရနိုင်သေးဘူး။
မှတ်အားကောင်းရင်သူ့ဟာ သူတက်သွားမှာပဲ။
ဘုရားဟောတဲ့အထဲမှာ သတိပဋ္ဌာန်ဆိုတာရှိတယ်။
အဲဒါ သတိပဋ္ဌာန် ခေါ်တယ်။ နှာခေါင်းမှတ်မှု
ပင်တိုင်ထားပြီး တွေးတာနဲ့နှာခေါင်း နဲ့ ဘယ်ကို
စိတ်ရောက်များလဲ။ တွေးတဲ့စိတ်ကို အရောက်များရင်
နှာခေါင်းမှတ်တာ ခဏလွှတ်လိုက် တွေးပြီးတာနဲ့
နှာခေါင်းပြန်မှတ်။ တစ်ခါ နှာခေါင်းမှတ်ရင်း
ခန္ဓာကိုယ်က နာလာမယ်ဆိုရင်
နာတဲ့ဘက်စိတ်အရောက်များရင် နှာခေါင်း
မှတ်တာကိုလွှတ်ပစ်ပြီး နာတာကိုမှတ်။
ပြီးမှ နှာခေါင်းကိုပြန်မှတ်။ အသံကိုကြားလို့ ကြားတာ
ဘက်စိတ်ရောက်တာများသွားလို့ရှိရင်
နှာခေါင်းအမှတ်ကိုလွှတ်ပြီး ကြားတဲ့ဘက်ကို မှတ်။
ပြီးမှ နှာခေါင်းကိုပြန်မှတ်။ ရှင်းရဲ့လား။
ထိုင်း - နားလည်ပါတယ် ဘုရား။
တပည့်တော် မိသားစုထဲက
တစ်ယောက်အကြောင်းကိုလျှောက်
ချင်ပါတယ်ဘုရား။
ဆရာတော် - အဲဒါကျ တို့မလုပ်ဘူး။
အဲဒါလောကီ ကိစ္စတွေ၊
တစ်ဦးလုပ်ပေးလိုက်ရင် တစ်ဦးလုပ်ပေး
ရင် တစ်ပြည်လုံးလာမှာ၊ တို့ နားရတော့မှာမဟုတ်ဘူး။
တို့တရားအလုပ် လုပ်ရတော့မှာ မဟုတ်ဘူး။
ထိုင်း - ဆရာတော်ကြီးကို
အနှောက်အယှက်ပေးသလိုဖြစ်သွားတယ်ဘုရား။
ခွင့်လွှတ်ပါဘုရား။
ဆရာတော် -တို့ ရန်ကုန်ကတည်းက ဒီမေးတာ တွေ
အိမ်တွင်းရေးတွေက အစ မေးလျှောက်တာတွေ
အဲဒါတွေ ဒိုင်ခံပြောလာတာ
တစ်ယောက်ကစတစ်ရာဆိုသလို
ဖြစ်လာတယ်။ အဲဒီကတည်းကကြောက်လာတာ။
တစ်ဦးပြောလိုက်ရင် တစ်တိုင်းပြည်လုံးကလာမှာ။
ဒီလောကီကိစ္စတွေကလျှောက် ရမှာမဟုတ်ဘူး။
တို့ဒီတောထဲကနေအာရုံပြုပေး နေတာပဲ။
တို့ရှုမှတ်နေတာဟာ ဒေါသကင်းနေတဲ့အတွက်
မေတ္တာပဲ။ ဘုရားတို့ ရဟန္တာတို့ဆိုတာ က
ဘယ်သူဘယ်ဝါ ကျန်းမာပါစေလို့
တိုက်ရိုက်ပေးတာမဟုတ်ဘူး။ ရှုမှတ်နေတာဟာ
ဓမ္မဓါတ် လှိုင်းပေးနေတာပဲ။
လ ဟာတစ်ကမ္ဘာလုံးသာနေတာပဲ။
မော့ကြည့်သူ ထွက်ကြည့်သူအေးတာပေါ့။
ကိုယ့်ဘက်က ယုံယုံကြည်ကြည်နဲ့
လထွက်ကြည့်သလို
ထွက်ကြည့်နေရင် အကုန်ပြီးတယ်။
ထပ်ပြီးအဆစ်ပေးလိုက်ဦးမယ်။
သမာဓိ(၃)မျိုးရှိတယ်။
တစ်ခါမှတ်တစ်ခါတည်ရင် ပထမ သမာဓိပဲ။
(၅)မိနစ် (၁၀)မိနစ်ကလေးတည်နေရင်
အဲဒါ ဒုတိယ သမာဓိပဲ။
ဝိပဿနာအထက်ပိုင်းရောက် ရင်
စိတ်က ဘယ်မှမထွက်တော့ဘူး။
အဲဒါတတိယ သမာဓိပဲ။
ထိုင်း - မှတ်မိပါတယ်ဘုရား။
ဆရာတော် - လုပ်နိုင်ပါ့မလား။
ထိုင်း - ရအောင် ကြိုးစားပါ့မယ်ဘုရား။
ဆရာတော် - ဟိုမှာ ဘယ်လိုအားထုတ်လဲ
အဓိဋ္ဌာန်နဲ့လား။
ထိုင်း - ရိပ်သာလည်း သွားပါတယ်ဘုရား။
အိမ်မှာလည်း လုပ်ပါတယ်ဘုရား။
တစ်ရက် လည်း သွားဖူးတယ်။ သုံးရက်လည်း
သွားဖူးတယ်။
(၁၀)ရက်လည်း သွားဖူးတယ်ဘုရား။
ဆရာတော် - မရဘူး။ အနည်းဆုံး
နှစ်လဆက်တိုက် အားထုတ်ရမယ်။
အင်္ဂုလိမာလ လက်ညှိုးဖြတ်သလို
ဖြစ်နေမယ်။ တစ်ချောင်းဖြတ်လိုက်
ဟိုနားထားလိုက်၊
တစ်ချောင်းဖြတ်လိုက် ဒီနားထားလိုက်ဆိုတော့
တစ်ထောင်ရသလား။
ထိုင်း - မရပါဘုရား။
ဆရာတော် - တစ်ထောင်ပြည့်ချင်ရင်
ကြိုးနဲ့သီမှရမယ်မဟုတ်လား။
ထိုင်း - ဥပမာ တအားကောင်းပါတယ်ဘုရား။
ဆရာတော် - တို့တုန်းက မဟာစည်မှာ
အားထုတ်ခဲ့ တော့ နှစ်လလောက်
အပင်ပန်းခံပြီးအားထုတ်ခဲ့ရတယ်။
တစ်ရက်လောက်က အသေအလဲအားထုတ်
ခဲ့ရတာ။ တစ်သက်လုံးက အတွေးနဲ့ အမှတ်နဲ့က
အားပြိုင်နေတာပဲ။ သည်ခံမှစိတ်ရှည်မှရမယ်။
ဇွဲရှိမှ ရတယ်။ စိတ်ရှည်ပါများလာရင် ဒီဘက်က
အမှတ်များသလောက် ဟိုဘက်ကအတွေးနည်း
သွားတယ်။ အတွေးနည်းသွားရင် ကိုယ်မှတ်တဲ့
နေရာ စိတ်ဒက်ခနဲ တစ်ချက်လောက်ကျသွား
တာနဲ့ ဖြစ်လိုက်တာနဲ့ သူ့ဟာနဲ့သူသဘောပေါက်
သွားမယ်။ လမ်းဆုံးအောင်နှစ်လလောက်လုပ်
လိုက်မှဗျ။ လမ်းဆုံးအောင်။ တစ်သက်လုံးသား
တွေမယားတွေအတွက် သထာပြီး၊
ကိုယ့်အတွက်နှစ်လလောက်မှ မသထာဘူးလား။
ထိုင်းမှာဘာအလုပ်လုပ်လဲ။
ထိုင်း - အင်ဂျင်နီယာပါဘုရား။
ဆရာတော် - အင်ဂျင်နီယာနှစ်လ
လုပ်ရင်ဘယ်လောက်စားရလဲ။
ထိုင်း - ဘယ်လောက်မှ မများပါဘူးဘုရား။
ဆရာတော် - ဒါက နှစ်လလုပ်လိုက်ရင်
ဒီတစ်သက်မကဘူး။
ဟိုက တစ်သက်ပါ တာဝန်ယူတယ်။
ထိုင်း - ဒီလပိုင်းတော့ မအားပါဘုရား။
နောက်တော့မှလုပ်ပါ့မယ် ဘုရား။
ဆရာတော်- သေမင်းက ဘယ်တော့ခေါ်မယ်မှန်းမှမသိတာ။
ဒီတော့ ဒီလိုလုပ်။ အိမ်မှာ အဓိဋ္ဌာန်နဲ့ ဘယ်နှရက်၊
ဘယ်အချိန်၊ ဘယ်နှနာရီဆိုပြီးအားထုတ်ပါ။
ထိုင်း - အဲဒီလိုတော့ လုပ်လို့ရပါတယ်ဘုရား။
ဆရာတော် - တို့တုန်းကတော့ မဟာစည်မှာ
ညယောဂီရှိတယ်။ ညနေ(၆)နာရီက မနက်(၆)နာရီအတွင်း
ည(၂)ကြိမ်၊ မနက်(၂)ကြိမ်ရတယ်။ အဲဒါမဟာစည်မှာ ညယောဂီပဲ။
ထိုင်း - နည်းနည်းတော့ ခက်မယ်ထင်ပါတယ်ဘုရား။
စင်္ကြံနဲ့ထိုင်တာ တွဲမှတ်ရင် ရပါသလားဘုရား။
ဆရာတော် - မဟာစည်မှာ ထိုင်တစ်နာရီ၊
စင်္ကြံတစ်နာရီရှုမှတ်ရတာပဲ။ ရပါတယ်။
ထိုင်း- ဘုန်းကြီးဝတ်ပြီးမှ
ရိပ်သာဝင်ရင်ကောင်းပါ သလားဘုရား။
ဆရာတော်- သင်္ကန်းဝတ်ကြီးထမ်းရတာလေးတယ်။
ရိပ်သာဝင်ရင် ငါသေလည်းထားခဲ့ရမှာ ဆိုတဲ့စိတ်
မွေးနိုင်မှရတယ်။
ထိုင်း - ဆရာသမားလိုတာပေါ့နော်။
ဆရာတော်- သတိရှိရင် ဆရာမလို။
သတိဟာဆရာပဲ။
ထိုင်လို့ သတိမြဲနေပြီဆိုပါစို့။
သတိမြဲကြောင်းကိုနှာခေါင်း
ရှုရင် နှာခေါင်းမှာ လေနိမိတ်ပေါ်ရတယ်။
တို့တုန်းက ဖောင်းပိန်မှတ်တော့
ဖောင်းနိမိတ် ပိန်နိမိတ်
ပေါ်တာပေါ့။ စိတ်တည်ကြောင်းပြတဲ့နိမိတ်ခေါ်တယ်။
စက်များ ဆိုရင် ဘယ်နှမိုင်ရောက်ရင်
ဘယ်နှစ်မိုင်ရောက်ကြောင်း
အချက်ပြသလို တို့ဒီမှာလည်း
နှာခေါင်းမှတ်ရင်နှာခေါင်းအချက်ပြရှိတယ်။
အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တို့သံသရာ
အဆက်ဆက်က ပါလာတဲ့ဉာဉ်နဲ့
ဒီကသတိနဲ့သွားတဲ့ဉာဏ်နဲ့ အဲဒီနေရာမှာ
အတိုက်အခံ သွားလုပ်တော့
ဉာဉ်ဘက်က အာရုံဆန်းတွေပေါ်တတ်တယ်။
တခြားက လာပြီးပြတာမဟုတ်ဘူး။
စရိုက်လိုက်ပြီး ပေါ်တတ်
တယ်။ ဒေါသကြီးသူ ဒေါသကြီးတဲ့အလျောက်ပြမှာ။
ရာဂကြီးတဲ့သူ ရာဂအလိုက်ပြမှာ။ အဲဒါကိုသတိနဲ့
မကြောက်မရွံ့သွားနိုင်ရင် ဆရာမလိုဘူး။
လာချင် တာ လာမှတ်မှာပဲ။
အဲဒါကြောင့် ဆရာမလိုဘူးပြောတာ။
ထိုင်း - အဲဒီလို တစ်ယောက်တည်း
သွားလုပ်လို့ သိပ်အဆင်မပြေဘူးထင်ပါတယ်ဘုရား။
ဆရာတော် - အများဆုံးတွေ့ရတာက
သမာဓိတည်ကြည်ခါစ ၀ိပဿနာဉာဏ်တက်တော့
စာလိုအနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာမြင်ရတာကို
တို့ကအတ္တစွဲတာကိုး။ ဟိုက အနတ္တပြမှာ
တို့က နိစ္စစွဲတာ။ ဟိုက အနိစ္စပြမှာ တို့က
သုခလို့ထင်တာကို။ အဲဒီ အချိန်မှာပေါ်တာပဲ။
သဒ္ဓါထက်သူကျတော့ ဘုရားရဟန္တာတို့ပေါ်တယ်။
နတ်တို့ပေါ်တယ်။ ပေါ်ရုံတင် မက
လာကိုပြောတာရှိတယ်။ မြင်ရုံမြင်တာပဲရှိတယ်။
အဲဒါကို ဘယ်ကိုမှမလိုက်ဘဲ ကိုယ့်ရှုကွက်ကို
လက် မလွှတ်နဲ့။ အဲဒါဆိုရင် မှားစရာမရှိဘူး။ ကိုယ့်ရှု့ကွက်
ကို လက်လွှတ်ပြီး အဲဒီနောက်သွားရင် လမ်းမှားပြီ။
ထိုင်း - တပည့်တော် အားထုတ်လာတာ
တစ်ခါမှ နိမိတ်မပေါ်သေးပါဘူးဘုရား။
ဆရာတော်- တစ်ရက် နှစ်ရက်လောက်နဲ့တော့
မတွေ့နိုင်ဘူး။ သတိအားကောင်းမှ အတွေးမ၀င်မှပေါ်တာ။
တို့ကိုယ်ခန္ဓာမှာ သွေးကလည်ပတ် နေတာ။
အတွေးနဲ့လည်တယ်။ သောကနဲ့လည်တယ်။
မာနနဲ့လည်တယ်။ အဲဒီအချိန်မှာတို့သွေး က မည်းနေတာ။
သွေးကမကြည်ဘူး။ နောက်နေ တာ။ အဲဒီတော့ မှတ်ဟဲ့။
မှတ်ပါများတော့ အဲဒီ စိတ်တွေမပါဘူး။
အတွေးမပါတော့ သွေးကြည်တာပေါ့လေ။
သွေးကြည်ပါများတော့ မှန်ကြည့် တော့ အရိပ်ပေါ်သလို
ပေါ့လေ။ အဲဒီတော့မှ နိမိတ်ပေါ်တာ။
ထိုင်း - တရားထိုင်တဲ့အခါ အရှင်ဘုရားကို
စိတ်နဲ့ တည်ပြီး တပည့်တော်၏ဆရာသမားဖြစ်တော်မူ
ပါလို့ တောင်းလို့ရပါသလားဘုရား။
ဆရာတော် - စိတ်ကအဓိဋ္ဌာန်တာတော့ ရတယ်။
လာ မလာတော့ မသိဘူး။ တို့က အိပ်ပျော်နေတဲ့အခါ
ရှိတယ်။ အဲဒီအခါကျတော့ မလာဘူးပေါ့ဗျာ။
တို့က နိမိတ်ပြောတော့ ဒီနိမိတ်ပေါ်အောင်အမျှော်နဲ့
လုပ်ရင် ဘယ်တော့မှ မပေါ်ဘူး။ မှန်နဲ့မျက်ခွက်
တည့်မှ အရိပ်ပေါ်သလို ရှု့ကွက်နဲ့မှတ်စိတ်တည့်လို့
စိတ်အကြည်ဓါတ်လာရင် ဒီနိမိတ်ပေါ်လာတာ ပဲ။
တရားက အဲဒီလိုပဲ။ တရားရအောင်လုပ်မယ်လို့
စိတ်ဘယ်တော့မှ မထားနဲ့။ ကြိုးစားချင်တဲ့စိတ်သာ
ရှိရမယ်။ ရချင်တဲ့စိတ်မရှိရဘူး။ သူပြတဲ့နေရာကို
ကြည့်နေရင် တရားက သူ့ဟာသူ ဇာတ်ကောင်
တွေက ပြလာမှာ။
ထိုင်း - စောစောက ဒေါက်တာကြီး
( ကပ္ပိယ ဒေါက်တာ သန်းထွန်းအောင်ကိုဆိုလိုပါသည်။)
နဲ့ တရားစကား နည်းနည်းဆွေးနွေးတော့
ဒေါက်တာကြီးက ပွဲကြည့်ရသလို ကြည့်ရတာလို့
ဆရာတော်ကြီးဆုံးမဖူးတယ်လို့ ပြောပါတယ်။
ကလေးလို မကြည့်နဲ့ လူကြီးလိုကြည့်လို့ပြောပါတယ်ဘုရား။
ဆရာတော် - လိုချင်စိတ်နဲ့ကြည့်ရင် တွေ့ခဲတယ်။
စိတ်မပါလက်မပါကြည့်ရင် သွေးကမဲနေလို့မမြင်ရဘူး။
မရရအောင် မခံချင်စိတ်နဲ့လုပ်တော့ သွေးက မည်းတယ်။
အဲဒီတော့ မမြင်ရဘူးပေါ့။ အဲဒီတော့တရားရှာတဲ့အခါ
အဲဒီစိတ် (၃)စိတ်မပါရဘူး။ သတိနဲ့မှတ်တော့
ကိုယ်မမြင်ဖူးတဲ့ရှု့ကွက်တွေထဲက အရာတွေမြင်လိမ့်မယ်။
နှာသီးဝဆိုနှာသီးဝပေါ့။ လေရဲ့နိမိတ်တွေ
လေတန်းတွေမြင်ချင်မြင်မှာပေါ့။ မြင်လာတော့
ယုံလာတယ်။ ခန္ဓာဖြစ်ပျက်မြင်လေလေ ယုံလေလေပဲ။
ဆရာသမားအပေါ်ယုံတာလည်း ဖြစ်နိုင်တယ်။
ဒီလိုယုံလာရင်သွေးကကြည်လာတာ။
ကြည်လာမှ ဒီဖြစ်ပျက်မြင်လာတာ။
ထိုင်း - လောကထဲကျင်လည်နေတဲ့အတွက်
ငါးပါးသီလ မလုံတဲ့အခါတွေလည်းရှိတော့ သီလမစင်
ကြယ်ရင် တရားအားထုတ်တဲ့အခါ
အနှောင့်အယှက်များ ဖြစ်နေမလားဘုရား။
ဆရာတော် - ထိုင်မယ့်အချိန်မှာ သီလယူပါ။
သီလယူတယ်ဆိုတာ အရင်တုန်းကဟာတွေကို
အဖြတ်ခိုင်းတာပဲ။ ဘာစည်မှ ချဖို့မလိုဘူး။
ဘေးက အနှောင့်အယှက်မလုပ်နိုင်အောင်သာသနာတော်
စောင့်နတ်တွေက စောင့်ရှောက်ပေးရတယ်။
ဆိုင်ရာနတ်တွေက စောင့်ရှောက်ပေးရမယ်။
သာသနာတော်စောင့်နတ်တွေက တာဝန်ယူပေးရတာ။
ဒါကြောင့် သီလယူရတာ။
ထိုင်း - ဆရာတော်ကြီးက မေတ္တာထားပြီး
အချိန် တွေ အများကြီးပေးတာ ၀မ်းသာပါတယ်ဘုရား။
အားလည်း နာပါတယ်ဘုရား။
ဆရာတော် - ကိုယ်လုပ်ချင်တာကိုလုပ်
သတိလေးနဲ့လုပ်၊ သတိမပါရင် တို့ဉာဉ်ကခိုင်းတာလုပ်ရလိမ့်
မယ်။ သတိပါတော့ တို့ခိုင်းတာကို
ဉာဉ်ကလုပ်ပေးရမှာ။ ဘုရားတရားအပေါ်မှာ
ဖြည်ချုပ်ပြီး ၀ယ်ရတာ
မရှိဘူး။ အောင့်ပြီးဖယ်ရတာမရှိဘူး။
အမှတ်မှတ်ရင်းနဲ့ နောက်တော့ သူ့ဟာသူသိသွားပြီး
သတိက ၀ယ်
သွားတာ။ တို့ဝယ်တာမဟုတ်ဘူး။
ထိုင်း - တရားအားထုတ်ဖို့
စဉ်းစားနေပါတယ်ဘုရား။ အာမခံပြီးတော့
မလုပ်ဖြစ်မှာ စိုးပါတယ်ဘုရား။
ဆရာတော် - ဘုရားသား ဖြစ်ချင်သလား မဖြစ်ချင်ဘူးလား။
ထိုင်း - ဖြစ်ချင်ပါတယ်ဘုရား။
ဆရာတော် - သတိရှိရင် ဘုရားသားပဲ။ သတိမရှိရင်
အလကားပဲ။ ဘုရားသားဖြစ်ချင်ရင် သတိရှိမှဖြစ်တာ။
တို့ဒကာဒကာမတွေ ကျမ်းမာချမ်းသာကြပါစေ။
ညီညီတင်
အပ္ပမာဒဓမ္မရသမဂ္ဂဇင်း၊ ၂၀၁၅ခုနှစ်
Credit - မူရင်းတင်သူ
Like
Com