လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Monday, August 8, 2016

ထေရဝါဒစင်စစ်ဖြစ်လိုကြတယ်ဆိုလျှင်ပေါ့။


ထေရဝါဒစင်စစ်ဖြစ်လိုကြတယ်ဆိုလျှင်ပေါ့။
Oo Aung to ဗုဒ္ဓ အရိပ်
3 June
ဗုဒ္ဓ၏ သားတော် သမီးတော်
အစစ်ဆိုလျှင် အောက်ပါ စာပိုဒ် များကို
အထူး အလေးအနက် ထားစေလိုပါသည်
အိမ်ခေါင်းရင်းမှာ နတ်အုန်းသီးကြီး..တင်ထားတုန်းလား?
...
ဒါဆိုအောက်ကစာကို..အချိန်ခဏပေးပြီးဖတ်သွား....။ဖတ်စေချင်၍ ရှာဖွေစုဆောင်းတင်ပြပေးသည်..။..ဓမ္မအလှူပြုသည်။.
ထေရ၀ါဒနှင့် သာသနာပွဲ ဟူသော အယူမှား
ကျွန်မတို့ မြန်မာလူမျိုးတွေဟာဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီးတော့ ကိုးကွယ်မှု့တွေ မှာ သူများ ကိုးကွယ်လျှင် ဘာမှန်းမသိပဲ ရမ်းသမ်းပြီး ကိုးကွယ်ကြသူတွေ များလှပါတယ် ။ အမှားအမှန်ကို ကိုယ်တိုင် ဝေဖန်ဆန်းစစ် ခြင်းမပြုကြပဲ ဇွတ်မှိတ် ကိုးကွယ်တက်ကြပါတယ် ။ ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက် အတွက် ဆိုလျှင် အင်မတန်မှ ရှက်ဖို့ကောင်းဖို့ကောင်းလှပါတယ် ။ပွဲတင်ခြင်း ဓလေ့ ဟာ ယခု အခါမှ လူငယ် များထဲသို့ပါ ရောက်ရှိ လာနေပါပြီ ။ မိန်းကလေးအများစု ချစ်သူရည်းစားနှင့် ဖြစ်စေအိမ်ထောင်ရေး အဆင်မပြေ၍ဖြစ်စေ ၊တစ်ခုခု အဆင်မပြေတာ ဖြစ်စေ ဗေဒင်မေးတက်ကြပါတယ် ။အဲဒီမှာ ဗေဒင်ဆရာက သာသနာပွဲပေးရမယ် ၊ဘာဘိုးတော်ပွဲ ၊ ဘာ ညာ ပေးရမယ်ဆိုပြီး လုပ်တော့တာပါ ။ မိန်းမ အများစု ဟာလည်း ဒါမျိုး ဆို စွတ်ယုံတက်ကြပါ တယ် ။ ပိုက်ဆံလည်းကုန် ၊ကိုယ့်ရဲ့ ဗုဒ္ဓဘာသာဂုဏ်လည်း ညှိုးနွမ်းစေတဲ့ အပြုအမူ မျိုးဟာ လုံးဝကို မလုပ်သင့်ပါ ။ အောက်က ဆောင်းပါးကို ဖတ်ပြီးတော့ လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်၊ပွဲတင်တဲ့ အပြုအမူမျိုးလုပ်သင့် လား စဉ်းစားဆုံးဖြတ်ကြည့်ကြပါရှင် ။ ။ ( မနှင်း)
ထေရ၀ါဒနှင့် ကန်တော့ပွဲ
ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် “ကန်တော့်ပွဲ” “သာသနာ ပွဲ” တင်သော အလေ့အထ ရှိခဲ့ပါသလော ။ အုန်း၊ငှက်ပျော့ဖြင့်သာသနာပွဲပြင်ထားရုံမျှဖြင့် ဗုဒ္ဓသာသနာ တော်မြတ်ကြီး အရှည်တည်တံ့နိုင်ပါမည်လော ။
ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် ငှက်ပျောသီး ၊အုန်းသီးတို့ဖြင့် ကန်တောာ့ပွဲ ပြင်လျှက် သာသနာပွဲတင်သော အလေ့အထရှိခဲ့သည်ဟု မည်သည့်ထေရ၀ါဒ ပိဋိကတ် တော်များတွင်မှဖော်ပြမထားပါ။ ဘုရားရှင်လက်ထက်တော်က ဗုဒ္ဓဘာသာဝင်သူတော်စင်များ သာသ နာပွဲတင်သောအလေ့အထရှိခဲ့ပါလျှင် ထိုသို့ရှိခဲ့ကြောင်းကို ပါဠိတော် ၊အဋ္ဌကထာ၊ဋီကာများတွင် ဖော် ပြ ပါရှိခဲ့မည်သာလျှင်ဖြစ်ပါသည်။အုန်းသီး၊ ငှက်ပျောသီးတို့ဖြင့်ပွဲပြင်၍ ဘုရားရှင်အားလှုဒါန်းသည်ဟူ ၍လည်း ထေရ၀ါဒ ပိဋကတ်တော်များတွင် ဖော်ပြမထားပါ။ သာသနာပွဲတင်ခြင်းဟူသည် ဘုရားရှင် လက်ထက်တော်က မရှိခဲ့သော အလေ့အထ ဖြစ်ကြောင်းထင်ရှားလှပါသည် ။
အမှန်တော့ထေရ၀ါဒ မြတ်ဗုဒ္ဓသာသနာမှာ သာသနာပွဲတင်ရမည်ဟု ဘုရားရှင်မဟောခဲ့ ။ ထိုနည်းတူ၊ နတ်ပွဲ ၊ဘိုးတော်ပွဲ ၊မယ်တော်ပွဲ တင်ရမည်ဟုလည်း ဘုရားရှင်ဟောတော် မမူခဲ့ပါ ။
ဘုရားရှင်လက်ထက်တော်က မရှိခဲ့သော အလေ့အထ တစ်ခုကို မြန်မာဗုဒ္ဓဘာသာဝင်များအကြား အ မြစ်တွယ် ပျံ့နှံ့အောင် မည်သူတို့ ကြံဆောင်ဖန်တီးခဲ့ပါသနည်း ။အဖြေကားရှင်းလှပါသည် ။ ဂိုဏ်း ဆရာ၊ နတ်ဝါဒီ တို့မှ တစ်ပါး မည်သူမျှ မဖြစ်နိုင်ပါ ။
အုန်းပွဲ ၊ငှက်ပျော ပွဲဟူသည် နတ်တင်ရာက လာကြောင်း၊အလှုလုပ်သောအခါ အုန်းပွဲ၊ငှက်ပျောပွဲ ထည့်ရန် မလိုကြောင်းကို ကျေးဇူးရှင် မဟာဂန္ဓာရုံ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသက ဤသို့ မိန့် တော်မူခဲ့ပါသည်။
အလှုလုပ်တဲ့အခါ ငှက်ပျောပွဲ ၊အုန်းပွဲတွေ မထည့်နဲ့။ငှက်ပျောပွဲ၊အုန်းပွဲ ဆို တာ နတ် တင်ရာက လာတယ် ။ ဘုရားရှင် လက်ထက်က အလှုတွေမှာ တရားဟော ပြီးရင် ဒကာ တွေက ငှက်ပျောပွဲ ၊အုန်းပွဲတွေ လိုက်ပို့ရတာရှိသလား ။ မရှိဘူး ။ ဇေတ၀န်မှာ ဗေထိဗေထိတွေ လုပ်သလား ။မလုပ်ဘူး ။
စင်စစ် ကန်တော့ပွဲတင်ခြင်းသည် ဂိုဏ်းဆရာတို့၏ထွင်လုံးဟု ဆိုနိုင်သကဲ့သို့ တန္တရ မန္တရ၀ါဒတို့ ၏ အရိပ်အငွေ့ဟုလည်း ဆိုနိုင်ပါလိမ့်မည် ။စင်စစ် ဘုရားကျောင်းဆောင်ရှိ ဘုရားရှင်၏ ရှေ့တော် မှောက်တွင် အုန်းစိမ်း၊ငှက်ပျောစိမ်း များ အလုံးလိုက် ဆက်ကပ်ထားခြင်းမှာ မြတ်စွာဘုရားက အာဏာ ဒေသနာတော်ဖြင့် ပညတ်ထားသော ၀ိနည်းဒေသနာတော်နှင့်လည်း လျော်ညီ အပ်စပ်ခြင်း မရှိပါ ။ သစ်သီးများကို မခွဲစိပ်ပဲ အလုံးလိုက် အစိမ်းလိုက် ၊အစိမ်းလိုက် ဆက်ကပ်ခြင်းသည် ၀ိနည်း ဒေသနာတော်နှင့် ဆန့်ကျင်သကဲ့သို့ နေ့ညမဟူ ဆက်ကပ်ထားခြင်းသည်လည်း ၀ိနည်း တော်နှင့် ဆန့်ကျင်ပါ၏။ဝိနည်းတော်နှင့် ဆန့်ကျင်သောအလေ့အထ ဖြစ်သောကြောင့် တန္တရ၊မန္တရ၀ါဒ တို့၏ အရိပ် အငွေ့ဟု ဆိုခဲ့ ရခြင်း ဖြစ်ပါသည် ။ဝိနည်းတော်နှင့် မလျော်ညီသော အလေ့အထဖြစ်သော ကြောင့်ထေရ၀ါဒနှင့် ဖီလာဆန့်ကျင်ပါ၏။ ကန်တော့ပွဲ၊သာသနာပွဲနှင့် စပ်လျဉ်း၍ ဓမ္မဒူတ အရှင်က္ကန္ဒာ ၀ုဓ ဆရာတော်က အောက်ပါအတိုင်း မိန့်တော် မူခဲ့ပါ၏ ။
အချို့ အိမ်များတွင် သာသနာပွဲဟုဆိုကာ မြတ်စွာဘုရား၏ ရှေ့၌ အုန်းသီးအလုံး လိုက် ၊ငှက်ပျောသီး အလုံးလိုက်အား တစ်ပတ်၊နှစ်ပတ် ကပ်လှုထားသည်ကို တွေ့ရ ပါ သည်။ ထိုသို့ ကပ်လှုထားခြင်းမှာ မြတ်စွာဘုရားကို အစောင့်ထားသည် နှင့် တူနေပေ သည် ။ မြတ်စွာဘုရားအား မလေးစားခြင်းပင် ဖြစ်သည် ။
အကယ်၍ ကပ်ချင်လျှင် အုန်းသီးကို ခွဲစိတ်ပြီး တစ်ခါစားမျှလောက် ကပ်၊ငှက်ပျောသီး ကိုလည်း အမှည့်လေးငါးလုံးလောက် ရေဆေးပြီး ပန်းကန်ပြားထဲ ထည့်ကပ်ရပေမည်။ ထိုသို့ကပ်လှုမှသာလျှင် သက်တော်ထင်ရှား မြတ်စွာဘုရားကို လေးလေးစားစားကပ် လှုသည်နှင့် တူပေသည် ။ကပ်လှုပြီးလျှင် နေ့လယ် ၁၂နာရီ မထိုးမီ ပြန့်စွန့်ရပေမည်။ သို့မဟုတ်ပါက မြတ်စွာဘုရားအား ညစာကပ်ထားသည်နှင့် တူနေသဖြင့် ဘုရား အပေါ် ၌မလေးစားမှု့ ဖြစ်သွားပါသည် ။
အုန်းပွဲ ၊ငှက်ပျောပွဲကို သာသနာပွဲ အဖြစ် ဘုရားကျောင်းဆောင်တွင် ပွဲဖြင့် တင်လှုထားရုံမျှဖြင့် တင်လှုသူ၏ အတွင်းသန္တာန်၌ သာသနာ မတည်နိုင်ပါ ။သာသနာပြုရာလည်းမရောက်ပါ။သာသနာပွဲ တင်ထားလင့်ကစား မြတ်ဗုဒ္ဓ၏ အဆုံးအမ ဒေသနာတော်များကို သိအောင်မလေ့လာ၊ သိလည်း ရေရေရာရာ မသိသော် ထိုသူသည် သာသနာတည်သူ မဟုတ်ပေ။ အုန်းသီး၊ငှက်ပျောတို့ဖြင့် သာသ နာပွဲပေါင်း အထောင်အသောင်း တည်ထားသော်လည်း မြတ်ဘုရား၏ တရားတော်များကို ပျံ့နှံ့ အောင်ြဖန့်ဝေမှု့မပြုလျှင် သာသနာပြုရာ မရောက်ပါ ။ အမှန်စင်စစ် သာသနာပွဲတင်ခြင်းထက် တရား စာအုပ်၊ တရားအမ်ပီသရီး၊တရားစီဒီချပ်များကို လှုဒါန်းခြင်း( ဓမ္မဒါနအလှု)ကသာ လက်တွေ့တွင် အကျိုးသက်ရောက်မှု့ရှိပြီးသာသနာပြုရာရောက်လိမ့်မည် ။
သာသနာ ငါးထောင်ကြာအောင်ရည်စူးပြီး သာသနာပွဲထိုးသည် ဟူသော သူတို့သည် ထေရ၀ါဒ ဖိုးသုည တို့သာဖြစ်၏။
ထိုသူတို့သည် သာသနာဟူသည် အဘယ်အရာနည်းဟူ၍ တိတိပပ မသိသောကြောင့်သာ ထိုစကားမျိုးကို ပြောဆိုခြင်းဖြစ်ပါ၏ ။အုန်းသီး၊ငှက်ပျောသီးထည့်ပြီး ကန်တော့ပွဲ ပြင်ထားရုံမျှ ဖြင့်သာသနာပြုသည်ဟု ယူဆလျှင် ထိုအယူအဆသည် မှားယွင်းသော အယူအဆသာဖြစ်ပါ ၏ ။ သာသနာပွဲတင်ခြင်းနှင့် စပ်လျဉ်း၍ စာရေးဆရာကို မြင့်ဌေး (ဟဿင်္တ)က အောက်ပါ အတိုင်း ဝေဖန်သုံးသပ်ခဲ့ဖူးပါသည် ။
သာသနာပွဲ ဆိုတာ တနည်းအားဖြင့် ဘုရားကို လှုဒါန်းထားတဲ့ ဘုရားပွဲမဟုတ်လား ။ ဘုရားမှာ အုန်းသီးစိမ်းနဲ့ ငှက်ပျောသီးစိမ်းကို ပွဲလုပ်ပြီးလှုတာ ။ဂိုဏ်းဂဏသမားတွေ လုပ် ကြတာပဲ ။သူတို့ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြတယ်ဆိုတာတော့ မသိဘူး ။ တကယ်ဆိုရင် ဘုရားအမှုးရှိတဲ့ သံဃာတော်တွေကို စားဖွယ် သောက်ဖွယ်တွေ လှုမယ် ဆိုရင် အဆင်သင့် ဘုန်းပေးနိုင်အောင် စီစဉ်ပြီးလှုရတယ် ။ သံဃာတော်တွေက အုန်းသီး ၊ ငှက်ပျောသီး ကို ကိုယ်တိုင်အုပ်ပြီး စားတာ တွေ့ဖူးလို့လား။အဲဒီလိုလုပ်ရင်လည်း အာပတ်တွေ သင့်တော့မှာပေါ့ ။
နောက်ပြီး စားသောက်ဖွယ်ကိုလှုရင်လည်း မွန်းမတိမ်းခင်လှုရတယ်။မွန်းတိမ်းသွားရင် သံဃာ တော်တွေက အဲဒီ လှုဖွယ် ၀တ္ထုကို အကပ်မခံကြဘူး ။ ကာလ လွန်ပြီဖြစ်တဲ့ အတွက် လှု ဒါန်း သူမှာလည်း အလှုရဲ့ အကျိုးကို ရသင့်သလောက် မရဘူး ။
ခုတော့ အုန်းပွဲ၊ငှက်ပျောပွဲကို ၂၄နာရီပတ်လုံးသာမက ငှက်ပျောသီး မမှည့်မချင်း ၊အုန်းသီးမခြောက် မချင်း ဘုရားစင်ပေါ်တင်ထားတာဆိုတော့ ဘုရားရှင်ကို စောင့်ကြည့်ခိုင်းထားသလို ဖြစ်မနေဘူးလား။ ငှက်ပျောသီးလည်း မှည့်ရော အစိမ်းနဲ့လဲ ၊အမှည့်စားလိုက်ကြရောမဟုတ်လား။ တစ်ခါတစ်လေ ငှက်ပျောသီးဟာ အမှည့်လွန်ပြီး ပုပ်နေတာတောင်တွေ့ဖူးတယ်။အဲဒီတော့ သာသနာပွဲလှုတဲ့ အဓိပ္ပာယ်က ဘယ်လိုအကျိုးသက်ရောက်တော့မှာလဲ ။တကယ်ဆိုရင် ပွဲက အဓိကမဟုတ်ပါဘူးဗျာ။ ကိုယ်ကျင့်တရားကသာ အဓိကပါ ။ ကိုယ်ကျင့်တရားမကောင်းဘဲ ပွဲတွေ လမ်းတွေ ဘယ်လောက်ပဲ လုပ်နေနေ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။
စင်စစ် ကန်တော့ပွဲဟူသည် ၀ိဇ္ဇာလိုင်းသမားတွေ၏ ဘုရားကျောင်းအဆောင်များ၌သာ အတွေ့ရများ ပါ၏။ နတ်၊ဘိုးတော်၊ ၀ိဇ္ဇာ စသောပုဂ္ဂိုလ်တို့ကို ကိုးကွယ်သူ၊ လောကီ အစီအရင် ၊အစီအမံများကို ယုံကြည်ကိုးစား တက်သူတွေ၏ အိမ်တွင်သာ ကန်တော့ပွဲကို ကို အတွေ့ရများပါ၏ ။ ဘုရား၊တရား၊ သံဃာ၊ ရတနာသုံးပါး သန့်သန့် ကိုသာ ယုံကြည်ကိုးကွယ်လေ့ရှိသူ ၊ထေရ ၀ါဒီ စစ်စစ်တို့၏ နေအိမ်တွင် ကန်တော့ပွဲတင်ထားလေ့မရှိပါ ။ ကန်တော့ပွဲနှင့် ပတ်သတ်၍ စာရေးဆရာ ကျော်စောမင်း ကလည်း အောက်ပါ အတိုင်းရေးသားခဲ့ပါ၏ ။
ဝိဇ္ဇာလိုင်းသမားတွေ၏ ဘုရားကျောင်းဆောင် မှာတွေ့ရ တက်သော ပွဲကို ကျွန်တော် ဘ၀င် မကျပါ။ ပွဲထိုးသည် ဟူသော အယူအဆ ဘယ်က လာသည် ကို ကျွန်တော်မသိပါ ။ ငှက်ပျောသီး အစိမ်းနှင့် အုံးသီး ပါသောပွဲ (၀ါ) အုန်းငှက်ပျောပွဲ အဘယ်ရည်ရွယ်ချက်နှင့် တင်ပါသနည်း ။
မြတ်စွာဘုရားကို ရည်မှန်း၍ လှုသောပစ္စည်း ၊သံဃာတော်များအတွက် အလှုပစ္စည်းများ ကို ဤသို့ လှုဒါန်း၍ ရပါသလော ။ငှက်ပျောသီး ၊အုန်းသီး လို အစားအစာမျိုးကို ကပ္ပိ ပြီးမှသာ ဘုန်းပေးအပ်သည် ။ အပင်ပေါက်နိုင်သော ၊ဗီဇ မျိုးစေ့ ပါနေသော အသီးမှန်သမျှအတွက် သံဃာတော်များနှင့် အပ်စပ်အောင် စီရင်ပြီးမှသာ ကပ်လှုရပါသည် ။သဘောကတော့ ကိုယ် စားမည်ဆိုလျှင်စားရနိုင်သေ အစားအစာများကိုပင် ကပ္ပိပြီးမှ ကပ်ရတာမျိုးတွေ ရှိ သည် ။ အုန်းသီး ၊ငှက်ပျောသီး လို အစားအစာမျိုးအတွက်ကား စဉ်းစားသာ ကြည့်ကြဖို့ဖြစ်ပါသည် ။
ဤသို့ ဘုရားအား လှု၍မရသော အလှုပစ္စည်းမျိုးကို ဘာကြောင့် ဘုရားကျောင်းဆောင် ပေါ် တင်နေကြပါသနည်း ။ဘယ်ရည်ရွယ်ချက်နဲ့ ကပ်လှုနေကြပါသနည်း။ ၀ိဇ္ဇာပွဲ ဆိုပြီး ၀ိဇ္ဇာကြီး များကို ရည်ရွယ်လှုဒါန်းသည်ဟု ဆိုကြသည် ။ဤလို အုန်းသီး အလုံးလိုက်နှင့် ငှက်ပျော သီး အစိမ်းကို ၀ိဇ္ဇာကြီးများက ဘာလုပ်ကြမည်နည်း ။
ကျွန်တော်စဉ်းစားရသလောက်မှာ တော့ အုန်းပွဲ၊ငှက်ပျောပွဲသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဘာမှ သက်ဆိုင်ခြင်းမရှိပါ ။ နတ်ကိုးကွယ်မှု့တွင်ကား အုန်းတွေ၊ငှက်ပျောတွေ ပါခဲ့လေရာ ထိုအလေ့အထမှတစ်ဆင့် အုန်းပွဲ၊ ငှက်ပျောပွဲ ကိစ္စ ကြီးသည် ဘုရားကျောင်းဆောင်ပေါ် အထိ ရောက်လာပုံရပါသည် ။ ဘုရားစင်ပေးတွင် တင်လှုကြသောပွဲကို အချို့ က ဘုရားပွဲဟု ပြောပါသည်။ ဘုရားနှင့် အုန်း ၊ငှက်ပျောပွဲတို့ မသက်ဆိုင်လှသည် ကို ကျွန်တော်ရေးပြခဲ့ ပါပြီ ။
ချုပ်၍ ဆိုရသော် ဘုရားရှင်၏ရှေကတော်မှောက်တွင် အုန်း ၊ငှက်ပျောပွဲကို အစဉ်အဆက် ကပ်ထား ခြင်းသည် မြတ်စွာ ဘုရားရှင် ပြဋ္ဌာန်းတော်မူသော ၀ိနည်းတော်နှင့် မလျော်ညီသောကြောင့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ မပြုသင့် မပြုအပ်ပါ ။ မည်သည့် ၈ိုဏ်းဆရာ၊မည်သည့်ဘိုးတော်၊မည်သည့် နတ် ကတော်က ညွှန်ကြားနေစေ ဘုရားရှင်၏ ၀ိနည်းနှင့်ဆန့်ကျင်သော ကန်တော့ပွဲ၊သာသနာပွဲတင်ခြင်း များကို မပြုသင့်ပါ ။ ဘုရားရှင်၏ ၀ိနည်းတော် ကိုသာ ဦးထိပ်ပန်ဆင်အပ်ပါ၏ ။
ဘုရားရှင်ထံတွင် ကန်တော့ပွဲ ၊သာသနာပွဲအနေဖြင့် အမြဲကပ်လှုထားသူများအနေဖြင့် မြတ်စွာ ဘုရား၏ ၀ိနည်း ဒေသနာတော်ကို ချိုးဖောက်ရာ ရောက်နေသည့် မိမိတို့၏ ကန်တော့ပွဲတင် အပြုအမူ ကို ပြန်လည်သုံးသပ်ဆန်းစစ်ကြည့်သင့်ပါသည် ။
သာသနာပွဲ ဟု သုံးနှုန်းနေသူများ အနေဖြင့်သာသာသနာဟူသည် ဘုရားရှင်၏ အဆုံး အမ တော်များ ဖြစ်သောကြောင့် ထိုအဆုံးအမကို သိရှိလိုက်နာကျင့်ကြံအားထုတ်သူ၏ အတွင်းသန္တာ ၌သာ သာသနာတည်လိမ့်မည်ဟုမှတ်ယူယုံကြည်အပ်ပါ၏။ အုန်းသီး၊ ငှက်ပျောသီးတွေ ထဲမှာ သာသနာ မတည် ကိန်းသောကြောင့် သာသနာပွဲဟူသည် ဘုရားရှင် လက်ထက်ကတည်းက မတည်ရှိခဲ့ကြောင်း အလေးအနက် သိမှတ်ထားသင့်ပါ၏ ။ ။
မင်းနန်(မော်ကျွန်း)
ကန်တော့ပွဲ(အုန်းပွဲ၊ငှက်ပျောပွဲ)
ဗုဒ္ဓဘာသာဝင်အများစုသည် အလှုပွဲ၊ နတ်ပွဲ၊ အသုဘ မှစ၍ သာသနာပွဲ အထိ အုန်းသီး၊ငှက်ပျော သီးနှင့် ပွဲပြင်ဆင်ပြီး ကန်တော့ပွဲ ပြုလုပ်ကြသည် ။ ဘုရားများတွင်လည်းတွေ့ရပါသည် ။ အချို့ ဘုရားကြီးများတွင် ဘုရားရှေ့တွင် တစ်ပွဲနှစ်ပွဲလောက်၊ ဘုရားပေါ်ရှိ နတ်စင်၊နတ်ကွန်း၊ မယ်တော်ကြီးများ ၊ဘိုးဘိုးကြီးများရှေ့တွင် ပွဲပေါင်းများစွာ( ၁၀၀ခန့်ရှိမည်) တင်ထားကြသည်ကို တွေ့ရ၏။ ရွှေတိဂုံစေတီတော်ကြီးမှာပင် ကံထရိုက်ပေး၍ ပွဲများ ပြင်ပေးကာ ရခိုင်ငှက်ပျောပွဲနှင့် ပွဲ ၊ဖီးကြမ်း ငှက်ပျောနှင့် ပွဲ ၊သီးမွှေးငှက်ပျောနှင့်ပွဲ ဟူ၍ ပွဲအမျိုးမျိုး အဆင့်အတန်းအမျိုးမျိုးကို လူငှားနှင့်ဆက်သပြီး ၊ပွဲစားနှင့် ဆုတောင်းကြသည်မှာ ကြိတ်ကြိတ်တိုး စည်ကားလျက်ပင်။ ပြီးမှ ဘုရား သွားကန်တော့ကြသည် ။
ဝိဇ္ဇာ၊ဘိုးတော် ၊မယ်တော်နတ်တို့ကိုလည်း ကန်တော့ပွဲနှင့် ပူဇော်လေ့ရှိကြသည် ။ ဘာသာရေးပွဲ များတွင်လည်း ပရိတ်တရား ၊ ဘုရားအနေကဇာတင် ၊ပဌာန်းရွတ်ပွဲမှအစ ကန်တော့ပွဲသည် ရှေ့တန်းမှ နေရာယူလျှက်ရျိသည် ။ မိုးမရွာအောင် ရှင်ဥပဂုတ္တပွဲ တွင်လည်းတင်ကြသည် ။
၁၃ ရာစုနှစ် အိန္ဒိယပြည်မှ ရဟန်းများသည် ၀ိဇ္ဇာဂိုဏ်းဝင်ကြသည် ။နတ်ရုပ်၊ဘီလူးရုပ်များ ကို ကန်တော့ပွဲထိုး၍ ဆေးဝါးမန္တရားများစီရင်ကြသည် ။ သင်္ချိုင်းနေ၍ လူဦးခေါင်းခွံတွင် ထမင်းထည့် စားသောက်ကြသည် ။လူတွေကို ခြောက်လှန့်၍ ညာဖြန်းစားသောက်ကြသည် ။(မောင်အံ့၊ သာသနာနှစ် ၂၅၀၀)
သာသနာနှစ် ၁၀၀ကျော်ကလည်း အိန္ဒိယပြည်တွင် တန္တရ၊မန္တရ ဘုန်းတော်ကြီးများသည် မန္တန်များ ၊အင်းအိုင်လက်ဖွဲ့များ ၊အဆောင်များ ၊နတ်ရုပ်များ ၊မယ်တော် ရုပ်များကို ကန်တော့ပွဲ ထိုး ပြီး လူတွေကြောက်လန့်အောင်လုပ်စားကြသည် ။ထွက်ရပ်ပေါက် ၀ိဇ္ဇာမိုရ်များအဖြစ် ဟန်ဆောင်ပြီး လိမ်လည်စားသောက်ကြသည် ။
နောက် တဖြည်းဖြည်း ထေရ၀ါဒတွင် ၀င်ရောက်ပူးသတ်လာကြသည်။နှစ်ရှည်တည်တန့်လာ သော စုန်း၊မှော်၊အင်းအိုင်၊လက်ဖွဲ့၊ဝေဒ များသည်ဆက်လက်တည်ရှိပြီး တန္တရ၊မန္တရ နည်းအရ အင်းအိုင်လက်ဖွဲ့ပြုလုပ်ရာ၌ မူလပုံစံမဟုတ်တော့ပဲ ဘုရားဂုဏ်တော်ကို မန်းမှုတ်ခြင်း ၊ဂုဏ်တော် ပုတီးစိပ်ခြင်း၊နတ်အတွက် ရည်ရွယ်ထားသော ငှက်ပျောပွဲ၊အုန်းပွဲကို ဘုရားပွဲဟု ကင်ပွန်းတပ် လာသည်။ဘုရားတည်ရာတွင်လည်း ပွဲများပေးလာကြသည်။ သိုက်ပွဲများစွာလည်း တင်လာ ကြ သည်။ယနေ့ဘုရားတည်ကြသူများသည် ဘိုးတော်၊ဘွားတော်တို့၏အမိန့်အရ ပွဲပေါင်းများစွာ တင်ကြရသည် ။
ဤ အုန်းအွဲ ၊ငှက်ပျောပွဲကို သာသနာပွဲ အဖြစ်တင်လှုသော ဓလေ့သည် နတ်ကိုးကွယ်မှု့ အသုံးပြုသော အုန်း ၊ငှက်ပျောပွဲ ပြင်လေရာမှာ အတုယူလာခြင်းဖြစ်ဟန်ရှိသည်။ဂိုဏ်းဆရာ ၊ဘိုး တော်၊နတ်ကတော်တို့၏ ညွှန်ကြားချက်အရ နတ်တို့ ဂိုဏ်းတို့ကိုးကွယ်သူများက ထေရ၀ါဒ အသိအမြင် နည်းပါးစွာဖြင့် မဆင်မချင် လိုက်နာ ဆောင်ရွက်နေခြင်းဖြစ်သည် ။
မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက ငှက်ပျောပွဲ ၊အုန်းပွဲ မထည့်နဲ့၊ငှက်ပျောပွဲ ၊အုန်းပွဲဆိုတာ နတ်တင်ရာက လာတာ ။ ဘုရားရှင်လက်ထက်က အလှုမှာ တရားဟော ပြော ပြီးရင် ဒကာတွေက ငှက်ပျောပွဲ ၊အုန်းပွဲ လိုက်ပို့ရတာ ရှိသလား ၊ဇေတ၀န်ကျောင်းမှာ ဗေထိဗေထိတွေ လုပ်သလားတဲ့ ။
မဟာစည်ဆရာတော် ဘုရားကြီးကလဲ လူဒကာ၊ဒကာမတွေ အလိုသို့ လိုက်ပြီး ကန်တော့ပွဲတင် တာလက်ခံကြသလားမသိဘူး ။ တပည့်တော် အမြင်အားဖြင့်ကျောင်းမှာတင်တာလဲ လက်မခံ သင့်ဘူး ။ဖြစ်နိုင်ရင် အိမ်မှာ ကန်တော့ပွဲ တင်တာကိုတောင် တားသင့်တယ် လို့မြင်တယ် ။
ဓမ္မဒူတ အရှင်ပညာဇောတက လည်း လူတွေဟာ တစ်စိတ်ရှိ ပွဲပြင်ပွဲပြင် နဲ့ ပြောကြတယ်။ ပွဲ ပြင် ကြ တယ် ၊ပွဲပြင်ရမှာလား ၊လူပြင်ရမှာလား ။ဘိုးတော် ၊ဘွားတော် ကိုးကွယ်တဲ့ လူတွေ အိမ်မှာ အမြဲတမ်း ပွဲပြင်ထားတယ် ။တင် တဲ့လူတွေ စီးပွားတက်တယ် ။ရာထူးတက်တယ်လို့ပြောကြ တယ်။ ဘိုးတော်ကို စိမ်းပေ့ဆိုတဲ့ ငှက်ပျောသီးတင်ထားတာ မှည့်အောင်စောင့်စားနေရတဲ့ဘ၀ ၊ သူများစီးပွားတက်အောင် လုပ်ပေးမယ်ဆိုတာ စဉ်းစားစရာ ၊တစ်ချို့ က သာသနာပွဲ၊ဘုရားပွဲ ၊ ဘယ်ကလာ သာသနာပွဲလည်းမရှိဘူး၊ဘုရားပွဲလည်းမရှိဘူး ။
ဘုရားက နေ့လွဲညစာမလုန်းပေးဘူး၊နေ့ဖို့ညစာလည်းသိုမှီးသိမ်းဆည်းပြီး မဘုန်းပေးဘူး ။အဲဒါကို နေ့ရောညပါ ဘုရားမှာပွဲတင်ထားရင် ဘုရားကနေ့လွဲညစာ စားတယ်လို့စွပ်စွဲရာ ကျတယ်ထင်တယ် ။ပွဲပြင်လို့ ရာထူးတက်မယ် ။စီးပွားတက်မယ်ဆိုရင် ပွဲပြင်တဲ့လူတိုင်း စီးပွားတက်သလား ၊ရာထူးတက်သလား ၊လေ့လာကြပါ ။အားလုံးတက်ကြမယ်ဆိုရင် အထက်မှာ ဘဲ ရာထူးတွေ ပုံနေမှာပေါ့ ။အလကား အယူအဆတွေ ယောင်ယောင် မလုပ်ကြပါနဲ့ ။
ဘုရားပွဲပြင်တာကို ၀ိနည်းတော်နဲ့ လေ့လာသုံးသပ်ကြည့်ရအောင် ၊ သာသနာ အလိုအား ဖြင့် အစာအာဟာရ ခဲဖွယ်ဘောဇဉ်ကို ယာဝကာလိက လို့ခေါ်တယ် ။နေ့မလွဲမီ ၊မွန်း မတည့် မီ ၊စားသုံးကောင်းပါတယ် ။ အဲဒီ ဘောဇဉ်ကို ညနေမှာ အကပ်တောင်မခံ ကောင်းပါဘူး ၊အကပ်ခံလျှင်အာပတ်သင့်ပါတယ် ။ (ပွဲတင်မကပါဘူး ၊သစ်သီးကိုးမျိုးတို့၊ အခြားသီးနှံများကိုလည်း ဘုရားမှာ အလှဆင်ပြီး သတ်မှတ်ချိန်မွန်းမတည့်ခင်ထိသာ ကပ် ကြပါ ၊ပြီးရင် စွန့်ပါ ) ။
တစ်နပ်သာစားအပ်တဲ့ အုန်းသီး ၊ငှက်ပျောသီး ( ကန်တော့ပွဲ) မျိုးတွေကို ဘုရားရှေ့မှာ ခုနှစ်ရင် ခုနှစ်လီ ဆက်လက်ကပ်ထားကြတာ သင့်မသင့် စဥ်းစားကြည့်ပါ ။ ငှက်ပျောသီး အစိမ်းကိုလည်း ဘုရားဘုန်းမပေးပါဘူး ၊လူတောင်မစားဘူး ၊ဘုရားမှာ သစ်သီးအုပ်တာ ၊မှည့်တော့ချ စားကြတယ် ။ကောင်းမကောင်း စဉ်းစား ကြည့်ကြပါ ။
မြတ်စွာဘုရား လက်ထက်က အရှင်ဗေလဌေသီလ ဆို ရဟန်းကြီး ( အရှင်အာနန္ဒာရဲ့ ဥပဇ္ဇျာယ်ဆရာကြီး ) ဇေတ၀န်ကျောင်းမှာ သီတင်းသုံးတယ် ။ဖလသမာပတ်ဝင်စားလေ့ရှိတယ်။ အရှင်မြတ်သည် ပိုနေတဲ့ ဆွမ်းတွေကို အခြောက်လှမ်းပြီး သိမ်းထားတယ်။သမာပတ်က ထ တဲ့အခါ ဆွမ်းခံမထွက်ဘဲ အဲဒီဆွမ်းခြောက်ကိုရေဖြင့်နူးပြီး ဘုန်းပေးကာ ဖလသမာပတ် ပြန်ဝင်စားတယ် ။ရဟန်းတွေက သိရှိပြီး ကဲ့ရဲ့ကာ ဘုရားရှင်အားလျှောက်ထားတယ် ။ ဘုရားရှင် က ဒီကိစ္စသည် ရသမျှနှင့် မျှတ ရောင့်ရဲသော ၊ခြိုးခြံသော အကျင့်ဖြစ်၍ အပြစ်မရှိသော်လည်း လူအများသိလျှင် ကဲ့ရဲ့ပြစ်တင်စရာဖြစ်၍ အကြင် ရဟန်းတို့သည် သိုမှီး သိမ်းဆည်းခြင်းကို ပြု ခြင်းရှိသော ခဲဖွယ်ကို လည်းကောင်း ၊ဘောဇဉ်ကိုလည်းကောင်း စားပါအံ့ ပါစိတ်အာပတ် သင့်၏ လို့ သိက္ခာပုဒ် ကို ပညတ်တော် မူလိုက်ပါတယ် ။
သိုမှီး သိမ်းဆည်းထားတာ မပြောနဲ့ ၊သပိတ်ခွက် ပန်းကန် ၊လက်ဖက်ရည်ခရား ၊စသည်များနှင့် ထညိ့၍ စားသောက်ပြီးနောက် အဲဒီသပိတ်စသည်နှင့်တကွ အကြွင်းအကျန်များကို လူနှင့်သာမဏေ တို့အား မပေးစွန့်ဘဲ သပိတ်စသည်တို့ကို ကိုယ်တိုင်ဆေးရာဝယ် ၊မစင်ကြယ် ဘဲ အာမိသကပ်နေလျှင် နက်ဖြန်နံနက်ရှိ အခြားအာမိသနှင့် ရောနှောပြီး ၀မ်းတွင်းသို့ ၀င်သွား ပါက သန္ဒိဓိပါစိတ် အာပတ်သင့်ပါတယ် ။
ဒါကြောင့် ဘုရားရှင် ပညတ်ထားပါလျှက် ဘုရားအား နေ့လည်အထိ ငှက်ပျောပွဲ ၊အုန်းပွဲများ ၊အခြားသစ်သီးများ ၊ မုန့်ပွဲများကို မကပ်ထားသင့်ပါဘူး ။ဒီလိုကြည့်ကောင်းအောင် အသီးအနှံ များ ကို ရက်များစွာ ကပ်ထားခြင်းဟာ ထေရ၀ါဒဗုဒ္ဓဘာသာဝင် စစ်စစ်တွေ ဆိုရင် လုပ်သင့် ပါလား ။ ဆုံးဖြတ်ကြပါ ။
(အမှားသိလျှင် အမှန်ကို ပြင်ဖို့ ၀န်မလေးကြပါနဲ့)
ဦးမြင့်ရွှေ(တောင်ငူ)

No comments:

Post a Comment