လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, June 28, 2012

ပလပ်စတစ်နဲ့ကျန်းမာရေး။

ပလပ်စတစ်ပစ္စည်းတွေဟာ (petroleum) ရေနံကနေ ပြုလုပ်ထားတဲ့ ဓါတုပစ္စည်းများ ဖြစ်ပါတယ်။
ပလပ်စတစ် (၁၀) မျိုးရှိပါတယ်။
၁။ Polyvinyl chloride (PVC)။ များကို ရေချိုးခန်းသုံးပစ္စည်း၊ ရေကူးကန်သုံးပစ္စည်း၊ ရေပိုက်များ၊ ပန်းခြံသုံးပစ္စည်း၊ ခလေးကစားစရာ၊ အစားအစာထုပ်ပိုးပစ္စည်း၊ အလှကုန်ပစ္စည်းများ ပြုလုပ်ပါတယ်။ ဒီပလပ်စတစ်မျိုးက ကင်ဆာရောဂါဖြစ်နိုင်ခြင်း၊ မွေးရာပါရောဂါများ၊သန္ဓေသား ကိုယ်အင်္ဂါမစုံခြင်း၊ အဆုပ်လေပြွန်ရောင်ခြင်း၊ အရေပြားရောဂါ၊ နားထိုင်းခြင်း၊မျက်စိပျက်ခြင်း၊ အသဲနှင့်အူလမ်းကြောင်း ရောဂါများဖြစ်နိုင်တဲ့ အတွက်အစားအသောက်များ၊ဆေးများ၊အလှပြင် ပစ္စည်းနှင့်ခလေးကစားစရာများမှာ သုံးခွင့်မပြုပါဘူး။
ယခုလောလောဆယ်တွင် ပြင်သစ်နိုင်ငံမှ ထုတ်လုပ်သော ရင်သားကြီးအောင် ရင်သားတွင်ထဲ့သွင်းသည့် ပလပ်စတစ်ရင်သားတုများကို ဈေးပေါ်သည့် PVC ဖြင့် ပြုလုပ်ထား သဖြင့် ၎င်းပလပ်စတစ်ရင်သားတု ပေါက်ပြီး လူနာတစ်ဦးသေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် ၎င်း PVC ပလပ်စတစ်ရင်သားတု ထဲ့ထားသော အမျိုးသမီးများဆီမှ ပြန်လည်ထုတ်ယူပြီး PVC မပါ သည့်ပလပ်စတစ်ရင်သားတု များဖြင့် အစားထိုးရန် ပြင်သစ်ကျန်းမာရေးဌာနက စတင်ဆောင် ရွက်လျက်ရှိပါတယ်။
၂။ Phthalates (DEHP, DINP, and others)။ သူတို့ကို ဆေးရုံသုံးပစ္စည်းများနှင့် သုတ်ဆေး များမှာ အသုံးပြုပါတယ်။ ရင်ကြပ်ရောဂါ၊ ဟော်မုန်းများမှန်မှန်ကန်ကန် အလုပ်မလုပ် နိုင်ခြင်း၊ နှင့် မြုံခြင်း များ ဖြစ်နိုင်ပါတယ်။
၃။Polycarbonate, with Bisphenol A ။ ရေပုလင်းများပြုလုပ်ပါတယ်။ Bisphenol A က ကင်ဆာရောဂါ၊ ဟော်မုန်းများပျက်ဆီးခြင်း၊ စောစီးစွာအပျိုလူပျိုဖြစ်ခြင်း၊ အ၀လွန်ခြင်း၊ ဆီချို ရောဂါနှင့် စိတ်ကြွခြင်းများ ဖြစ်စေတဲ့အတွက် အစားအသောက်များမှာ အသုံးမပြုရန် ပိတ်ပင် ထားပါတယ်။
၎။ Polystyrene။ ၎င်းတို့သည် ပလပ်စတစ်အမာစားများနှင့် ပလပ်စတစ်အကြည်စားများ ဖြစ် ပြီး အစားအစာ ထုပ်ပိုးပစ္စည်း၊ ဖေါ့ဘူးများ၊ ကက်ဆက်၊ ဆီိဒီဘူးများ၊ အိမ် အပူကာကွယ် ပစ္စည်းများ၊ သုတ်ဆေး၊ ပလပ်စတစ် ပုဂံခွက်ယောက်များ ပြုလုပ်ပါတယ်။ မျက်စိ၊ နှာခေါင်း၊ လည်ချောင်းများ ကိုရောင်ရမ်းစေပါတယ်။ မူးခြင်း၊ မေ့မျောခြင်းများဖြစ်စေနိုင်ပြီး ၎င်းပစ္စည်းများ ထုတ်လုပ်သည့် အလုပ်သမားများမှာ အကျိတ်ကင်ဆာနှင့် သွေးကင်ဆာများအဖြစ်များပါတယ်။
၅။ Polyethelyne ( PET)။ ရေပုလင်း၊ဆိုဒါပုလင်း၊ကော်ဇော်၊ chewing gum၊ Ziploc brand အပါအ၀င် အစားအစာထဲ့သိမ်းသော ပလပ်စတစ်အိပ်များ၊နောက်ဖေးချောင်းသုံးပစ္စည်းများ၊ ခလေးကစားစရာများ ဖြစ်ပါတယ်။ ၎င်းတို့ကို ကင်ဆာဖြစ်စေနိုင်တယ်လို့ သံသယဖြစ်ကြ ပါ တယ်။
၆။ Polyester။ အ၀တ်အစား၊ အိပ်ယာသုံးပစ္စည်း၊ အစားအစာထုပ်ပိုးပစ္စည်း၊ ခလေးတစ်ခါသုံး disposable diapers များဖြစ်ပါတယ်။ ၎င်းတို့ ကြောင့် မျက်စိ၊ အရေပြားနှင့် အသက်ရှုလမ်း ကြောင်း ရောင်ရမ်းခြင်း များ ဖြစ်နိုင်ပါတယ်။
၇။ Urea-formaldehyde။ အိမ်အဆောက်အဦးပစ္စည်းများမှာတွေ့ရပါတယ်။ မွေးရာပါအင်္ဂါ မစုံ ခြင်း ဖြစ်နိုင်ပြီ ကင်ဆာရောဂါဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
၈။ polyurethane။ ကူရှင်များ၊ခေါင်းအုံးများ၊မှို့ယာများပြုလုပ်ကြပါတယ်။ အဆုပ်၊အရေပြားနဲ့ မျက်စိရောဂါ များဖြစ်စေနိုင်ပါတယ်။
၉။Acrylic ။ အ၀တ်အစားများ၊ဆောင်၊ကော်ဇော်၊သွားတု၊ မျက်ကပ်မှန်၊ အစားအစာပြုပြင် ချက်ပြုတ်သော စက်များ၊သုတ်ဆေးများမှာတွေ့ရပါတယ်။ အသက်ရှုကြပ်ခြင်း၊အံခြင်း၊ ၀မ်းသွား ခြင်း၊ အားပျော့ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းများဖြစ်နိုင်ပါတယ်။
၁၀။ Tetrefluoro-ethelyne။ အကြော်အိုးများနှင့် မီးပူများ မကပ်အောင် သုပ်လိမ်းပါတယ်။ မျက်စိ၊နှာခေါင်း၊ အဆုပ်လမ်းချောင်း နှင့်လည်ချောင်းများရောင်ရမ်းနိုင်ပါတယ်။

“အသစ်ဘယ်လိုကောင်းပေမဲ့ အဟောင်းတလည်လည် ” ဆိုတာလို ပလပ်စတစ်ပစ္စည်းတွေကပေါ့ပါးတယ်၊ အလွယ်တကူသုံးနိုင်တယ်၊ ဆိုပေမဲ့ ယခင်ကအသုံးပြုခဲ့တဲ့ သစ်ရွက်၊ စက္ကူ၊ ကြွေ ပစ္စည်း၊ မြေပစ္စည်း၊ ဒန်ပစ္စည်းတွေလို အန္တရာယ်မကင်းပါဘူး။

      ပြီးတော့ ပလပ်စတစ်ပစ္စည်း က (biodegradable) မြေသြဇာမဖြစ်နိုင်လို့နေ့စဉ်လူတွေ အသုံးပြုတဲ့ ပလပ်စတစ်ပစ္စည်းတွေ ကမ္ဘာပေါ်မှာစုပုံပြီး ကမ္ဘာကြီးညစ်ညမ်းမှုအပြင် အခြားသော အန္တရာယ်များကိုပါ ဖြစ်စေနိုင်ပါတယ်။ (နိုင်ငံပေါ်မူတည်ပြီး လူတစ်ယောက်ဟာ တစ်နှစ်ကို ပလပ်စတစ် ပစ္စည်း တစ်ကီလို ကနေ ၁၈ ကီလိုအထိ စွန့်ပစ်ပါတယ်။ တစ်နှစ်ကို တစ်ကမ္ဘာ လုံးအတိုင်းအတာအနေနဲ့ ပလပ်စတစ် တန်ပေါင်း သိန်း ၁၀၀ ကျော်စွန့်ပစ်ပါတယ်)။

ဒီအန္တရာယ်တွေကြောင့် ပလပ်စတစ်ပစ္စည်းကို လုံးဝအသုံးမပြုတော့ဘူး ဆိုရင်လည်း ပလပ်စတစ်ပစ္စည်းရဲ့ အဖိုးတန်တဲ့အကျိုးတွေကို ရရှိမှာ မဟုတ်ပါဘူး။ အရေးကြီးတာက ပလပ်စတစ်ပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ အသုံးဝင်ပုံကို သိရှိပြီး အကျိုးရှိရှိ အသုံးချဖို့လိုပါတယ်။

၁။ ကိုယ်အသုံးပြုမဲ့ ပလပ်စတစ်ပစ္စည်းက အသုံးမပြုဖို့ သတ်မှတ်ထားတဲ့ အန္တရာယ်ရှိတဲ့ ပလပ်စတစ်ပစ္စည်း ဟုတ် မဟုတ် သတိထားရပါမယ်။
၂။ ပလပ်စတစ်ပစ္စည်းအစား အသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းရှိရင် သဘာဝပစ္စည်းကို အသုံးပြုပါ။ ဥပမာ။ ဈေးဝယ်အိပ်ကို ပလပ်စတစ်အိပ်အစား ပိတ်အိပ်၊ ကြိမ်ချင်းစသည် အသုံးပြုပါ။
၃။ မလိုအပ်ပဲ ပလပ်စတစ်အိပ်တွေအများကြီးမသုံးဖို့။ ဥပမာ အမှိုက်ကို ပလပ်စတစ်အိပ်နဲ့ ပစ်တယ်ဆိုရင် တစ်အိပ်နဲ့လောက်ရင် တစ်အိပ်ထဲသုံးပါ။ ယခုအခါပြင်သစ်နိုင်ငံ supermarket များတွင် ဈေးဝယ်လျှင် ပလပ်စတစ်အိပ်များ အလကားမပေးပဲ ၀ယ်ယူစေသဖြင့် ပလပ်စတစ် အိပ်သုံးစွဲသူ သိသိသာသာနည်း သွားပါတယ်။
၃။ ခလေးကစားစရာများကို သစ်သားတို့ ပိတ်စတဲ့သဘာဝပစ္စည်းတွေနဲ့လုပ်ထားတာ တွေကို အသုံးပြုပါ။
၎။ အ၀တ်အစား၊အိမ်သုံးပစ္စည်းများကိုအသုံးပြုရင် သဘာဝပစ္စည်းများနဲ့ပြုလုပ်ထားတာတွေကို သုံးပါ။ ဥပမာ၊ ပိတ် (cotton)၊ သိုးမွှေး စသည်အသုံးပြုပါ။
၅။ ပလပ်စတစ်နဲ့လုပ်ထားတဲ့ တစ်ခါသုံး အိုးခွက်ပုဂံတွေအစား ဖန်ထည်ပစ္စည်း၊ကြွေပုဂံများ၊ ဒန်အိုး၊ သတ္ထုအိုး၊ စတီအိုး များအသုံးပြုပါ။
၆။ Microwave မှာအစားအစာတွေနွှေးမယ်ဆိုရင် ကြွေထည်ပစ္စည်းတွေသုံးပါ။ အစာပေါ် မှာ ပလပ်စတစ် film အစား ကြွေပုဂံဖြင့်အုပ်ပါ။
၇။ ပလပ်စတစ်ပစ္စည်း မသုံးမဖြစ် သုံးရမယ်ဆိုရင် နေ့စဥ့် အသုံးပြုမှုကြောင့် (wear and tear) ဆိုတဲ့ ဟောင်းနွမ်းမှုကြောင့်ဖြစ်စေ၊ တစ်ခုခုနဲ့ခြစ်မိ၊ပွတ်တိုက်မိရင်ဖြစ်စေ ပလပ်စတစ် ပစ္စည်းတွေက အဆိပ် တွေပိုထွက်ပါတယ်။ ဒါကြောင့် ဆေးကြောတဲ့အခါ သတိထားရပါမယ်။ ကြမ်းတမ်းသော အိုးတိုက်ပစ္စည်း များမသုံးသင့်ပါဘူး။ ပွန်းပဲ့နေသော၊ ဟောင်းနွမ်းနေသော ပလပ်စတစ်အိုးခွက်များ ဖြင့်ချက်ပြုတ်ခြင်း လည်းမပြုသင့်ပါဘူး။

၁။ http://food.sify.com/articles/Dangers_of_using_plastic.
၂။ http://www.ecologycenter.org/factsheets/plastichealtheffects.html/
၃။ Say No! - to Plastic Bags။ http://www.vigyanprasar.gov.in/

No comments:

Post a Comment