လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, June 7, 2012

ခြင်မေတ္တာစာ

ငှက်ဖျားပိုးရှိတဲ့ခြင် အကိုက်ခံရလို့ ငှက်ဖျားပိုးတွေ ကိုယ်ခန္ဓာထဲရောက်ပြီး၊ သွေးဥနီ (Red Blood Cell) ထဲမှာ ပိုးတွေ ပွါးများလာပြီး၊ သွေးဥနီများစွာ ပေါက်ကွဲတဲ့ အခါ သွေးဥနီ ထဲက အဆိပ်အတောက်တွေ ထွက်လာတာကြောင့် လူနာဟာ ဖျားခြင်း၊ ချမ်းတုန်ခြင်း ဆိုတဲ့ ငှက်ဖျားရောဂါ ဖြစ်ပါတယ်။

လူကိုငှက်ဖျားရောဂါဖြစ်စေတဲ့ငှက်ဖျားပိုးလေးမျိုးရှိပါတယ်။ အများဆုံးဖြစ်တဲ့ ငှက် ဖျားပိုးကတော့ နှစ်မျိုး ပါ။ ဖေါဆီပရမ် (Falciparum) နှင့် ဗိုက်ဗက်  (Vivax) လို့ခေါ်ပါတယ်။ ဒီငှက်ဖျားပိုး နှစ်မျိုးလုံး ရဲ့သက်တန်း က ၄၈ နာရီ ဖြစ်လို့ တစ်ရက်ခြားတစ်ခါ အဖျားတက်ပါ တယ်။ (ရက်ချန်ဖျားလို့ ပြောလေ့ရှိပါတယ်)။ ဒါပေမဲ့ တစ်ချို့လူတွေမှာ ရက်ခြားမဖျားပဲ နေ့စဉ် လဲဖျားနိုင်ပါတယ်။ ထူးခြားတဲ့ရောဂါလက္ခဏာကတော့ ချမ်းတုန်ဖျားခြင်း (ချမ်းတုန်ဖျားလို့လဲ ခေါ်ပါတယ်)၊ ဖျားပြီးချွေးတွေထွက်ပြီးတာနဲ့ လူကောင်းလိုဖြစ်တာပါ။

ငှက်ဖျားရောဂါပေါ်များရာဒေသများသို့ လယ်ပတ်ခဲ့တယ်ဆိုရင်၊ ငှက်ဖျားရောဂါ၊ ဖြစ်နိုင်တာကြောင့်၊ သွေးဖေါက်စစ်ဆေး ဖို့လိုအပ်ပါတယ်။ ငှက်ဖျားပိုးက ဖျားနေခိုက်မှာသာ သွေးထဲမှာ အများအပြားရှိတာမို့၊ ငှက်ဖျားပိုးတစ်ခါစစ်ရုံနဲ့မတွေ့ရင် ၃ ရက်ဆက်တိုက် စစ်သင့် ပါတယ်။ ငှက်ဖျားပိုးတွေ့မှ ငှက်ဖျား ရောဂါ ဆိုတာ သေချာပါတယ်။ ငှက်ဖျားပေါ်များရာ ဒေသမှာ၊ချမ်းတုန်ဖျားတိုင်း ငှက်ဖျားရောဂါ မဟုတ်ပါဘူး။ ဒါကြောင့် သွေးစစ်ဖို့ အလွန်အကြီး ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ကျမရဲ့ ကိုယ်တွေ့လေးကို ဖေါက်သည်ချပါရစေ။
တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကို လက်ထောက်ဆရာဝန် အဖြစ်နဲ့ တာဝန်ထမ်း ဆောင်ဖို့ ရောက်ပြီး တစ်လအကြာမှာ ချမ်းတုန်ပြီးဖျားပါတယ်။ ဖျားတာကလွဲရင် ဘာရောဂါ လက္ခဏာမှ မရှိတာမို့ ငှက်ဖျား ရောဂါလို့ ထင်ခဲ့ပါတယ်။ ဒါနဲ့ ငှက်ဖျားပိုး စစ်ဆေးပေးဖို့ ဓါတ်ခွဲခန်းကိုပို့လိုက်ပါတယ်။ ၃ ရက်ဆက်တိုက် စစ်ပေမဲ့လည်း ငှက်ဖျားပိုးမတွေ့ပါဘူး။ ဖျားနေတဲ့ အချိန်မှာယူတဲ့သွေးမှာလည်း မတွေ့ပါဘူး။ ဓါတ်ခွဲခန်းက (medical technologist) ကလည်း (medical technician အဆင့်၎ဆင့်ရှိပါတယ် medical technologist ကအဆင့်အမြင့်ဆုံးပါ) ကျမကိုယ်တိုင်သေချာကြည့်ပါတယ်၊ ပိုးမတွေ့ပါဘူးတဲ့။ ဒါနဲ့ ချမ်းတုန်ဖျား တတ်တဲ့ ဆီးပိုးဝင်တဲ့ ရောဂါ (urinary tract infection) များ ဖြစ်နေ မလားဆိုပြီး၊ ဆီးကို  ပိုးရှိမရှိ စစ်ဖို့ ဓါတ်ခွဲခန်း ပို့ရ ပြန်ပါတယ်။

ဆီးပိုးဝင်တဲ့ရောဂါက မသန့်တဲ့ရေကို သုံးမိရင်ဖြစ်နိုင်ပါတယ်။ အဲ့ဒီ အချိန်က  အပြင် လူနာဌာန (ရုံးဖွင့်ချိန်) အနေနဲ့ရော အရေးပေါ်ဌာန(ရုံးပိတ်ချိန်) အနေနဲ့ပါ အသုံးပြုတဲ့ နေရာမှာ အိမ်သာတစ်လုံးပဲ ရှိပါတယ်။ ဆေးဝန်ထမ်းတွေရော၊ လူနာတွေပါ အတူတူ သုံးရပါတယ်။ ရေကလည်း အမြဲမလာလို့ ပုံးတစ်ခု ထဲမှာထည့်ထားတဲ့ ရေကိုပဲ ခတ်သုံးရပါ တယ်။ ရောဂါရှိတဲ့ သူခတ်သုံးထားလို့ ရေထဲမှာပိုးတွေရောက် နေ ရင် နောက်သုံးတဲ့သူကို ကူးနိုင်ပါတယ်။ အထူးသဖြင့် တောင်ကြီးလို အေးတဲ့နေရာမှာ ပိုးတွေရေထဲမှာ ကြာကြာ ရှင်နေနိုင်ပါတယ်။ တစ်လလုံးလုံး အရေးပေါ် တာဝန်ယူရတဲ့ညတွေမှာ အဲ့ဒီရေအိမ်က ကျန်းမာ ရေးနဲ့ မညီတဲ့ရေကို သုံးခဲ့ရတာမို့ ဆီးပိုးဝင်တဲ့ရောဂါလည်း ဖြစ်နိုင်တယ်လို့ ထင်ခဲ့တာပါ။ ဒါပေမဲ့ (၃)ရက် ဆက်တိုက် ပိုးမွေးခဲ့ပေမဲ့ ဘာပိုးမှမပေါက်ပါဘူး။ ဆိုလိုတာက ဆီးမှာ ဘာပိုးမှမရှိပါဘူး။

ဒါဆိုရင် တောင်ကြီးမြို့မှာ အဖြစ်များတဲ့ တိုက်ဖိုက်များဖြစ်မလားလို့၊ (တိုက်ဖိုက်ဖျားကာစမှာ၊ အထူးသဖြင့် ကျန်းမာရေးကောင်းတဲ့သူတွေမှာ ဖျားတာကလွဲရင် ဘာရောဂါ လက္ခဏာမှမပြ တတ်ပါဘူး) ယူဆပြီး တိုက်ဖိုက်ဆေးတွေ စသောက်ရပါတော့တယ်။ တိုက်ဖိုက်ပိုးကို ကိုယ်ထဲမှာ ရှာလို့မတွေ့နိုင်ပါဘူး။ တိုက်ဖိုက်ပိုး ကိုယ်ထဲရောက်ဖူးတယ် ဆိုတာကို ပြောနိုင်တဲ့ အင်မူနိုဂလိုဘင် (immunoglobulins) ကို တော့ သွေးရည်ကြည်ထဲမှာ စစ်လို့ရပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ လူတော်တော်များများရဲ့ ကိုယ်ထဲကို တိုက်ဖိုက်ပိုး တစ်ချိန်မဟုတ် တစ်ချိန်ဝင်ခဲ့ တာ မို့ (တိုက်ဖိုက်ပိုးကိုယ်ထဲ ရောက်ပေမဲ့ ရောဂါမဖြစ်ခဲ့သူများ) တိုက်ဖိုက် အင်မူနိုဂလိုဘင်တွေ့ရုံနဲ့ တိုက်ဖိုက် ရောဂါလို့မပြောနိုင်ပါဘူး။ တိုက်ဖိုက်ရောဂါလို့ ပြောနိုင်အောင် တိုက်ဖိုက်အင်မူနိုဂလိုဘင်တွေကို တစ် ပတ်ခြားပြီး စစ်ရပါတယ်၊ ဒုတိယ စစ်တဲ့သွေးမှာရှိတဲ့ တိုက်ဖိုက်အင်မူနိုဂလိုဘင်တွေက ပထမစစ်တဲ့ သွေး ထက်အနည်းဆုံး လေးဆ ပိုများလာမှတိုက်ဖိုက် ရောဂါလို့ပြောနိုင်ပါတယ်။

ဟိုဟာစစ် ဒီဟာစစ်နဲ့ဖျားတာလဲ၊ နည်းနည်းကြာလာ၊ ဘာရောဂါမှန်းလည်း မသိသေးတာနဲ့ ဆိုးဝါးတဲ့ ရောဂါတွေ ဥပမာ ကင်ဆာများ ဖြစ်နေမလားလို့ တစ်ကိုယ်လုံး ကျန်းမာရေ စစ်ဆေးဖို့ ဆုံးဖြတ်ပြီး ရင်ပတ် ဓါတ်မှန် ရိုက်လိုက်တော့။ လုံးဝမထင်ခဲ့တဲ့ အဆုတ်ထဲ မှာ ရေ၀င်နေတာကိုတွေ့လိုက်ရပါတယ်။ များသော အားဖြင့် အဆုတ်ရေ၀င်ရင် ချောင်းဆိုး တာတို့၊ အသက်ရှုကျပ်တာတို့ ဖြစ်တတ်ပါတယ်။ ကျမမှာ အဲ့ဒီ လက္ခဏာတွေ လုံးဝမရှိပါဘူး။

အဆုတ်ရေ၀င်တယ် ဆိုတာတော့တွေ့ပါပြီး၊ နောက်သိဖို့လိုတာက ဘာကြောင့်ရေ၀င် ရတာလဲ။ အဲ့ဒါသိဖို့ အဆုတ်ထဲကအရည်ကို စုပ်ထုတ်ပြီးစစ်ဆေးရပါမယ်။ အဆုတ်က အရည်တွေထုတ်လိုက်တော့TB ကြောင့် အဆုတ်ရေ၀င်တာဖြစ်နေပါတော့တယ်။

တော်သေးတယ်ကင်ဆာမဟုတ်လို့။ ကျမရဲ့ရောဂါသိဖို့ စမ်းသပ်စစ်ဆေးရတာကို ကြည့်ခြင်းအားဖြင့်၊ တကယ့်ရောဂါသိဖို့ဆိုတာ တခါတရံမှာ သိပ်မလွယ်ပါဘူး၊ အထူးသဖြင့် ရောဂါက ဆေးစာအုပ်အတိုင်း ရောဂါလက္ခဏာ မပြရင်၊(၀ါ) ရောဂါဖြစ်တာ ကြာနေတဲ့ လူနာတွေမှာ ဆရာဝန်ကို ရွာလည်စေပါတယ်။ အဲ့ဒါကို မသိပဲ လူနာတစ်ချို့က ပိုက်ဆံ ပိုရအောင် ဆွဲကုတယ်လို့ အထင်မှား တတ်ပါတယ်။ ဒါကြောင့် တစ်ချို့ဆေးခန်း တွေမှာဘာ ရောဂါလဲဆိုတာသိအောင်မရှာတော့ပဲ၊ မှန်းပြီး ကုတာ၊ ဖြစ်နိုင်သမျှ ရောဂါ အားလုံး ပျောက်စေနိုင်တဲ့ (machine gun therapy)ဆိုတဲ့ ဆေးအားလုံး ပေါင်းပေးတာမျိုးစတဲ့ မလုပ်သင့် တာတွေ လုပ်နေကြတာကိုတွေ့ရပါတယ်။ အဲ့ဒီလို ဆေးခန်းမျိုးကလည်း၊ ဆေးစွမ်း တယ်ဆိုပြီး နံမည်ကြီး တာကို တွေ့ရတတ်ပါတယ်။

ကျမကတော့ သံသရာအတွက် အကုသိုလ်တွေ မယူနိုင်ပါဘူး။ ဒါကြောင့် ပထမဦးဆုံး အကြိမ်လာပြတဲ့ သူတွေကို ကျမ နှုတ်ဆက်စကားပြောတာကတော့ ကျမမိသားစုကို ကုသလို စနစ်တကျ စစ်ဆေးကုသ မယ်ဆိုတဲ့အကြောင်း၊ အမြန်ဆုံး ပျောက်ချင်တယ် ဆိုရင်တော့ ဆေးခန်းပြောင်းပြပါလို့။

ဆားတောင်ဆရာတော် ဘဒ္ဒန္တ ပညာဏိက။
အမြတ်ကမရူံးစေနဲ့၊ အရူံးကသာမြတ်ပါစေ။
အကုသိုလ်က ကုသိုလ်ဖြစ်ပါစေ။
ကုသိုလ်က အကုသိုလ်မဖြစ်စေနဲ့။
လောကီချမ်းသာက တစ်ဘ၀တစ်နပ်စာ။
လောကုတ္တရာချမ်းသာမှ တစ်သံသရာလုံး အေးတာ။
တစ်ဘ၀ တစ်နပ်စာ မလုပ်နဲ့။
တစ် သံသရာစာ လုပ်ကြ။

                         
ငှက်ဖျားရောဂါ ကနေ အပြင် ရောက်သွားလို့ ငှက်ဖျားရောဂါ ဆီ ပြန်ကြရအောင်ပါ။
ဖေါဆီပရမ်ပိုးတွေ သိပ်များလာရင် သွေးထဲကနေ ကိုယ်ခန္ဓာရဲ့အင်္ဂါတွေဆီ ရောက်သွားပြီး အဲ့ဒီအင်္ဂါတွေ ကို ဖျက်ဆီးပါတယ်။ ဥပမာ၊ ကျောက်ကပ်ထဲ ရောက်သွားရင် ကျောက်ကပ်ကို ဖျက်ဆီးတာမို့၊ ဆီးမှာ သွေး တွေပါလာပြီး၊ ကျောက်ကပ်ပျက်တဲ့ ရောဂါနှင့် သေစေနိုင်ပါတယ်။ ဥဏှောက်ကို ရောက်သွားရင်၊ အချိန်မှီ ဆေးကုသခွင့်မရရင် သေဆုံးနိုင် ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေမှာ ငှက်ဖျားပိုးကအချင်းကို သွား ရောက် ဖျက်ဆီးတာမို့ ခလေးပျက်နိုင်ပါတယ်။
  
  ဗိုက်ဗက်ငှက်ဖျားကတော့ ကိုယ်အင်္ဂါတွေမှာ ရောဂါမဖြစ်စေနိုင်ပါဘူး။ ဒါကြောင့်ဗိုက်ဗက်ငှက်ဖျားကြောင့် သေဆုံးမှုမရှိပါဘူး။ ဒါပေမဲ့ ဒီငှက်ဖျားပိုးဟာ အသဲထဲမှာ ပုန်းခိုနေ တတ်ပါတယ်။ ရိုးရိုးငှက်ဖျားဆေးတွေက သွေးထဲမှာရှိတဲ့ ငှက်ဖျားပိုးကိုသာ သတ်နိုင်ပါတယ်။ ဒါကြောင့် လူနာအနေနဲ့ငှက်ဖျားပိုးထပ်ကူးစရာမရှိဘူး (ငှက်ဖျား ပိုးမရှိရာ အရပ်တွင်နေထိုင် သူများ) ဆိုရင် ဗိုက်ဗက်ငှက်ဖျားပိုးမှန်း ဓါတ်ခွဲခန်း စစ်ချက်အရ သိ ရင် အသဲမှာရှိတဲ့ ဗိုက်ဗက် ငှက်ဖျားပိုးကိုသတ်တဲ့ ဆေးကိုပါသောက်ရပါတယ်။ မဟုတ်ရင် လူနာအားနည်း တဲ့အခါမျိုးမှာ အသဲထဲမှာ ပုန်းနေတဲ့ပိုးတွေ သွေးထဲကိုထွက်လာပြီး၊ ပွါးများလာ တာကြောင့် ငှက်ဖျား ရောဂါ မကြာခဏ ပြန်ဖြစ်တတ်ပါတယ်။

     ငှက်ဖျားပိုးတွေက သွေးဥနီတွေထဲမှာ ပေါက်ဖွါးရှင်သန်ကြပြီး သူတို့တွေအရွယ်ရောက်တဲ့အခါ သွေးဥနီတွေကိုဖေါက်ပြီး ထွက်လာတာကြောင့် ငှက်ဖျားရောဂါ တာရှည် ဖြစ်တဲ့ သူတွေမှာ သွေးဥနီ နည်းတဲ့ သွေးအားနည်းရောဂါ ဖြစ်ပါတယ်။

     သေဆုံးသွားတဲ့ သွေးဥနီတွေကို သရက်ရွက်နဲ့အသဲမှာ ရှင်းလင်းပြစ်တာမို့အသဲနဲ့ အထူးသဖြင့် သရက်ရွက်တွေ ကြီးလာပါတယ်။ လူကောင်းမှာ အသဲနဲ့ သရက်ရွက် တွေက နံရိုးတွေ အောက်မှာရှိတာမို့ စမ်းလို့မမိပါဘူး။ သူတို့ကြီးလာရင်သာ နံရိုးတွေရဲ့ အပြင် ကို ရောက်လာလို့ စမ်းမိတာပါ။ တကယ်တော့ သရက်ရွက်ဆိုတာ သွေးဥနီသင်္ချိုင်းလို့ပြောရပါမယ်၊ သေတဲ့သွေးဥနီတွေများလာလို့ သရက်ရွက်လဲကြီး လာရတာပါ၊ သရက်ရွက်နဲ့တင် မနိုင်တဲ့အခါ အသဲကပါ ၀ိုင်းကူရှင်းပေးရလို့ နောက်ပိုင်းမှာ အသဲပါ နဲနဲကြီး လာရတတ်ပါတယ်။

     သရက်ရွက် သိပ်ကြီးရင် ဗိုလ်လေးတာမျိုး၊ ဗိုလ်အောင့်တာမျိုး ခံစားရတတ်ပါတယ်၊ဒီထက်ပိုအရေးကြီး  တာက နံရိုးတွေရဲ့ ကာကွယ်မှုမရတော့လို့ ဗိုလ်ကို ထိခိုက်မိတဲ့ အခါမျိုးမှာ ကြီးနေတဲ့ သရက်ရွက် ပေါက်ပြီး သေနိုင်ပါတယ်။

ငှက်ဖျားပိုးကို သယ်ဆောင်တဲ့ ခြင်ကို အနော်ဖလီ (Anophale) လို့ ခေါ်ပါတယ်။ သူက ရေကြည် ဥပမာ၊ ရေစီးနှေးတဲ့ စမ်းချောင်း တွေနားမှာ ပေါက်ဖွါးပါတယ်။ ခြင်ကောင်က သေးပြီး ကိုက်တာ ငြင်သာလို့ အကိုက်ခံရသူက အကိုက်ခံရ မှန်းတောင် မသိလိုက်ပါဘူး။ ဒါကြောင့် ငှက်ဖျားဖြစ်တဲ့ ရွာသူရွာသားတွေကို ငှက်ဖျားဘာကြောင့် ဖြစ်တာလဲ လို့မေးရင် ငှက်ပျော်သီး စားလို့ဖြစ်တာ၊ စမ်းရေ သောက်လို့ဖြစ်တာလို့ ပြောလေ့ရှိပါတယ်။ တကယ်က စမ်းရေသောက်နေစဉ် (၀ါ) စမ်းချောင်းနားမှာ ပေါက်လေ့ရှိတဲ့ငှက်ပျော်သီး ခူးစားစဉ် ခြင်ကိုက်ခံရပြီး ငှက်ဖျားပိုး ကိုယ်ထဲကို ရောက်သွားတာပါ။

    အနော်ဖလီခြင်က နေ၀င်ရီတရော အချိန်ကစပြီး ညဦးပိုင်းလောက်မှာ ကိုက်ပါတယ်။ ဒီခြင်က သိပ်မြင့်မြင့် မပျံနိုင်ပါဘူး။ ဒါကြောင့် တောင်ကြီးလို မြင့်တဲ့ တောင်ပေါ် တွေမှာ မရှိပါဘူး။ တောင်အောက်ရွာတွေမှာသာရှိပါတယ်။

ငှက်ဖျားလို ရောဂါမျိုးကို (Insect Borne Disease) ပိုးမွှားများမှတဆင့် ကူးဆက်တဲ့ ရောဂါလို့ခေါ်ပါတယ်။ ဒီရောဂါမျိုးမှာ ကြားခံပိုးမွှား (Insect) ရဲ့ တံတွေးအိပ်ထဲမှာ ငှက် ဖျားပိုး ကဖွံ့ဖြိုးရပါတယ်။ ဖွံ့ဖြိုးပြီး ငှက်ဖျား ပိုးရှိတဲ့ခြင် အကိုက်ခံရမှသာ လူ့ကိုယ်ထဲ ငှက်ဖျားပိုး တွေရောက်ပြီး ငှက်ဖျားရောဂါကူးစက် ပြန့်ပွါးပါတယ်။
   
စိတ်ဝင်စားစရာ အကြောင်းတစ်ခုက ကိုယ်ဝန်ရှိတဲ့ခြင်မကသာ သူ့ရင်သွေးတွေအတွက် လိုအပ်တဲ့သွေးကို စုပ်ရတာပါ။ ခြင်အထီးတွေက သွေးမစုပ်ပါဘူး။ သွေးစုပ်ထားတဲ့ ခြင်မဟာသူ့ကိုယ်ကြီး လေးနေလို့လှုပ်ရှား မှု မသွက်လက်တာကြောင့် ရိုက်လို့ လွယ်ပြီး၊ သွေးစုပ်ရင်းနဲ့ သေကြရတာပါ။

ခြင်ဆိုတဲ့ (Insect) ကောင်တွေတောင်မှ ရင်သွေးတွေအတွက် အသက်စွန့်ကြပါလားဆိုပြီး မိဘမေတ္တာကို ပိုပြီး နားလည်မိပါတော့တယ်။
ဝေဘူဆရာတော်ဘုရားကြီးက ခြင်သွေးစုပ်တာ ဘယ်လောက်များများလို့လဲ။ အစား အတွက် အသက်စွန့် ရှာတဲ့ သူကို သွေးလှူတယ်လို့ သဘောထားလိုက်ပါ။ ရိုက်မသတ်ပါနဲ့တဲ့။

    ရင်သွေးအတွက် အသက်စွန့်ပြီး သွေးစုပ်နေကြတဲ့ ခြင်မတွေပါလားလို့သိရင်၊ ကြင်နာ တတ်သူတိုင်း အလွယ်တကူ ရိုက်သတ်ဖို့ ၀န်လေးကြ မှာပါ။

ကျမအသားကပဲ ချိုလို့လား၊သွေးကပဲ ချိုလို့လား၊ဒါမှ မဟုတ် ကျမ ခြင်ဆေးဖြန်းတဲ့သူဖြစ်ခဲ့လို့လား မသိပါ။ လူတွေ အများကြီး ရှိပေမဲ့ ခြင်က ကျမကိုပဲ ရွေးပြီး ကိုက်လေ့ ရှိပါတယ်။

    တခါက ဓါတ်ခွဲခန်းမှာ မွေးထားတဲ့အနော်ဖလီခြင် နှစ်ကောင်လှောင်အိမ်ထဲက လွတ်သွားပါတယ်။ အဲ့ဒီ ခြင်တွေက ကျမကိုဘယ်အချိန်က ကိုက်လိုက်မှန်း မသိပါဘူး၊ ပါရီမြို့ရဲ့ ဆောင်းဥတုမှာ၊ ဂျင်းဘောင်ဘီနဲ့ အနွေးထည်တွေ အထပ်ထပ် ၀တ်ထားတဲ့ ကြားက ကျမအခန်း ပြန်ရောက်တော့ ကျမကိုယ်မှာခြင်ကိုက် ထားတဲ့ အဖုတွေ ၂၄ ဖုတိတိ ရှိနေပါတယ်။ ဆေးခန်း တောင်ပြယူရပါတယ်။ အဲ့ဒီတုန်းက ဓါတ်ခွဲခန်းထဲမှာ လူ ၁၀ယောက် ကျော်ရှိပါတယ်။ ကျမမှတစ်ပါး ဘယ်သူမှအကိုက် မခံရပါဘူး။ တော်သေးတယ် ခြင်တွေကို ငှက်ဖျားပိုးရှိတဲ့ သွေးတွေ မကျွေးရသေးလို့။

      လွန်ခဲ့တဲ့ ၄ နှစ်က ရန်ကုန်ပြန်တော့ ခြင်ဇကာတတ်ထားတဲ့ အိမ်ထဲမှာ ခြင်တွေက ၁၀ကောင် လောက် ရှိနေပါတယ်။ အိမ်အပြင်ကို မောင်းထုတ်လို့လဲမရ။ သတ်လဲမသတ်ချင်။ ခြင်ဆေးရဲ့ ဆိုးဝါးတဲ့ အနံ့ကိုလည်းမခံနိုင်။ ဘာလုပ်ရမှန်း မသိဖြစ်နေတုန်း၊ တောင်တန်း ဆရာတော်ကြီးရဲ့ မေတ္တာကြောင့် တောထဲ တောင်ထဲမှာ နေပေမဲ့ ဘာ သားရဲတိရစ္ဆာန်ကမှ အန္တရယ်မပြုကြဘူးဆိုတာကို သတိရမိပါတယ်။ သားရဲ တိရစ္ဆာန်တွေကို မေတ္တာပို့လို့ရရင်၊ ခြင်ကိုလဲမေတ္တာပို့လို့ရရမှာပေါ့၊ ပို့ကြည့်မယ်ဆိုပြီး ခြင်တွေကို မေတ္တာပို့ပါတယ်။ မေတ္တာတရားဟာ အံ့သြလောက်အောင်ကို ထိရောက်ပါတယ်။ ကျမကို ခြင်မကိုက် တော့ပါ ဘူး။ ရန်ကုန်မှာ တစ်လ ပျော်ရွှင်စွာ နေခဲ့ရပါတယ်။ မြတ်ဘုရားရဲ့ နည်းက ကောင်းလိုက်တာ၊ ပိုက်ဆံလည်းမကုန်၊ ခြင်ဆေးနံလည်းခံစရာမလို၊ ပါဏာတိပါတကံလည်း ကျူးလွန်စရာမလိုတဲ့အပြင် ဘာဝနာကုသိုလ်တောင် ရလိုက်ပါသေးတယ်။

ကျမ်းကိုး။
၁။ဝေဘူဆရာတော်ဘုရားကြီး၏အတ္ထုပ္ပတ္ထိ။
၂။တောင်းတန်းသာသနာပြုဆရာတော်ဘုရားကြီး၏အတ္ထုပ္ပတ္တိ။

No comments:

Post a Comment