လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Friday, August 10, 2018

Transit at BKK

1986 က JICA အထောက်အပန့်နဲ့ ဂျပန်ကိုပညာတော်သင်အနေနဲ့သွားတော့ Passport အစိမ်းရောင်ပေးပါတယ်။ Special Passport တဲ့ တကယ်က Specially restricted Passport ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ Passport ထဲမှာပါတဲ့ သွားရမဲ့ နိုင်ငံနဲ့ Transit နိုင်ငံကလွဲလို့ဘယ်နိုင်ငံမှသွားခွင့်မရှိပါ။

 ဂျပန်ကိုအသွားမှာ (transit) အနေနဲ့ BKK မှာ တစ်ည အိပ်ရပါတယ်။ လေယဉ်ကွင်းကနေ ဟော်တယ်ကို ကားစီးသွားရပါတယ်။ ကားဂိတ် မှာ (passport) ပြရပါတယ်။ ကားတစ်စီးပြီး တစ်စီးနဲ့ နောက်ရောက်တဲ့ သူတွေကိုသာ တင်ပေးပြီး ကျမကို ချန်ထားပါတယ်။ ၃-၄ စီး အထိကျမအလှည့် မရောက်ပါဘူး။ ပထမ တော့ကျမနဲ့ ဟော်တယ် မတူလို့ လို့ထင်ခဲတာ။ နောက်မှ ကျမကို တမင်ချန်ခဲ့မှန်းသိလို့ သွားပြောတော့မှ ကျမကို တင်ပေးပါတယ်။

မြန်မာဘုရင်တွေ အယုတ်ဒယမြို့ကို ဖျက်စီးခဲ့တာကို အခဲမကြေနိုင်ဖြစ်ပြီး၊ မြန်မာ တွေကိုဖြစ်တဲ့  နည်းနဲ့ ဒုက္ခပေး တယ်တဲ့။ အထူးသဖြင့် ၆၀ ၀န်းကျင် ယိုးဒယားတွေက ပိုဆိုးကြောင်း။ ယိုးဒယားလို့ ပြောရင် သူတို့နားလည်းလို့ ယ ပက်လက်လို့ ပြောရကြောင်း နောက်မှ သိရပါ တယ်။

ယိုဒယားမှာမြန်မာလို မ၀တ်ဖို့ လဲအကြံ  ပေးကြပါတယ်။ ပြီးတော့ ဘန်ကောက်မှာ လျောက် လည်ရင် အပျက်အတိုင်း ထားထားတဲ့ အယုတ်ဒယမြို့ကို လိုက်ပြပြီး မြန်မာတွေ နှိပ်စက်ခဲ့တာကို ပြောတယ်တဲ့။ ယခုထက်ထိ ရန်လုပ်နေတာ ကတော့ လွန်တယ်ထင် ပါ တယ်။

အဲ့ဒီအချိန်က ဖျက်စီးခဲ့တဲ့ သူတွေဟာ ယခုမြန်မာတွေ မဟုတ်ပါဘူး။ အဲ့ဒီ အချိန်က မြန်မာ  ဘုရင်တွေထက်သူတို့ ယိုဒယား ဘုရင်တွေက အစွမ်းထက် ခဲ့မယ်ဆိုရင်လဲ ယိုးဒယား ဘုရင်တွေက မြန်မာတွေကို နှိပ်စက် ခဲ့မှာပါပဲ။

ဘန်ကောက်လေယဉ်ကွင်းမှာ ၂၄ နာရီ အတွင်းဆို လေယဉ်ကွင်း (airport tax) တက်စ် ပေး      စရာ မလိုပေမဲ့ မြန်မာတွေဆို ပေးရတယ်တဲ့။ (ယခု လေယဉ် လက်မှတ်မှာ  airport tax ပါပြီးသားမို့ ပြနာလုပ်လို့ မရတော့ပါဘူး)။ အဲ့ဒီလိုမတရား လုပ်တာ ကို တော့ သည်းမခံနိုင်ပါဘူး။ ကျမ ဂျပန်က အပြန် ၁၉၈၈ ခုမှာ ဘန်ကောက်က ဖြတ်ပြန် ရ ပြန်ပါတယ်။ အလာတုံးက အတိုင်း(airport Hotel) မှာတည အိပ်ပြီး နောက်နေ့ ရန်ကုန် လေယဉ် စီးရပါတယ်။ ကံကောင်းချင်တော့ ကျမပြန်မဲ့ နေ့မှ စပြီး ရန်ကုန် လေယဉ်ကွင်း စဖွင့်တာ မို့ဘန်ကောက်မှာ သောင်တင် နေတဲ့မြန်မာ သင်္ဘောသား တွေရော၊ အခုမှ လေယဉ်ဆိုက်လာတဲ့မြန်မာတွေ ရော အများကြီးပါပဲ။ ကျမလည်း တွေ့တဲ့မြန်မာတိုင်းကို ၂၄ နာရီ အတွင်းဆို (airport tax)  ပေးစရာ မလိုကြောင်း ပြောပြပါတယ်။  ဒါပေမဲ့ အားလုံးက ကျနော်တို့တော့ ပေးနေရတာပါပဲ။ မတတ်နိုင်ဘူးတဲ့။

တစ်ချို့ဆို ဘန်ကောက်လေယဉ်ကွင်းရောက်တာ တစ်နာရီ တောင်မပြည့်ပါဘူး။ ကျမ ကမှ ၂၃ နာရီကြာ နေပါပြီး။

(airport tax) ကသိပ် မများပါဘူး။ ဘတ် ၂၀၀ ထဲပါ။ ပိုက်ဆံ နှမျောလို့ မဟုတ်  ပါဘူး။ သက်သက်မဲ့ မတရားလုပ်တာ မခံချင်တာပါ။ ကျမအလှည့် ရောက်တော့ ထံစံအတိုင်း   (airport tax) တောင်းပါတယ်။ ကျမက ဥပဒေရှိကြောင်း။၂၄ မပြည့်တဲ့အတွက် မပေးနိုင် ဘူးလို့ ပြောလိုက်ပါတယ်။ အဲ့ဒီတော့ တစ်နေရာကို လက်ညှိုးထိုးပြီး (Form) သွားယူခိုင်း ပါတယ်။ အဲ့ဒီရောက်တော့ နောက် တစ် နေရာ ထပ်ညွှန် ပါတယ်။ အဲ့ဒီအချိန်က ဘန်ကောက် လေယဉ်ကွင်းမှာ အတက်မှာ စက်တတ်လှေးကား (escalator) တွေရှိပေမဲ့ အဆင်းကျတော့ မရှိပါဘူး။

ကျမမှာလည်း ပစ္စည်းတွေက လက်နဲ့ အပြည့်ပါပဲ။ အရေးအခင်းကြောင့် သင်္ဘောတွေက မြန်မာပြည်အတွက် ပစ္စည်းတွေ လက်မခံပါဘူး။

ရန်ကုန်မှာ ရေတွေအဆိပ်ခတ်တယ်။ ဘာစားစရာ မှမရှိဘူး စတဲ့ ကောလဟာလတွေ ကြောင့် ကျမ သယ်နိုင်သမျှစား စရာတွေ ပါလာပါတယ်။ ကြာလာတော့ ကျမပစ္စည်း တွေသယ်ပြီး မဆင်းနိုင်တော့လို့ အဆင်းဆိုရင်ပစ္စည်း တွေအားလုံးကို လှေးကားက နေ ကန်ချလိုက်ပါတယ်။ ပစ္စည်းတွေကျသံက တစ်ကွင်းလုံးကိုဆူနေပါတယ်။ အားလုံးကျမကို ၀ိုင်းကြည့်ကြပါတယ်။ မှတ်မှတ်ရရ ကျမဂျင်းဘောင်ဘီနဲ့ ဆွယ်တာအနီလေး ၀တ်ထား ပါတယ်။

ကျမ လေယဉ်ကွင်းကို ရောက်တာ ၃-၄ နာရီကျော်ပါပြီ။ ကျမကို ပညာရှိနည်းနဲ့ နှိပ်စက်နေတယ် ဆိုတာသိပေမဲ့ အရှုံးမပေး နိုင်ပါဘူး။ ကျမလေယဉ်က လဲထွက်ဖို့ နာရီ ၀က်လောက် ပဲလိုပါတော့တယ်။ ကျမ ပြေးနေ လွှားနေ ရတာနဲ့ ကျမ (passport) လည်း ဘယ်ရောက်သွား မှန်းမသိတော့ ပါဘူး။ ကျမ လေယဉ်နဲ့လွဲလို့ ကတော့မဖြစ်ပါဘူး။

ဒါနဲ့အနီးမှာ တွေ့တဲ့ အရေးပေါ်ဖုန်းကို ယူပြီး ငါ့လေယဉ် ထွက်တော့မယ်။ လေယဉ် မမှီလို့ကတော့ နင်တို့အပြစ်ပဲလို့ တကွင်းလုံးကြားအောင် အော်ပြောလိုက်ပါတယ်။

အဲ့ဒီတော့မှ လူရွယ်တစ်ဦး ရောက်လာပြီး ကျမပစ္စည်းတွေ ၀ိုင်းသယ် ပေးပါတယ်။ ကျမ (passport) ကိုလည်း ၀ိုင်းရှာ ပေးပါတယ်။ ပြီးတော့ (Secret passage) လှို့ဝှက်လမ်း ကနေ လေယဉ်ဆီ ပို့ပေးပါတယ်။

ကျမ အတော်မော နေတာနဲ့ လေယဉ်ပေါ်မှာ မြန်မာ အ၀တ်အစားလဲဖို့ အစီအစဉ်လည်း မလုပ်နိုင်တော့ပါဘူး။ လေယဉ်မယ်လေးက ဘာသောက်မလဲလို့ လာမေးတဲ့ အခါ မှာတော့ ..

ဘီယာအေးအေး တစ်ခွက် ပေးပါ ဆိုပြီး တစ်သက်နဲ့ တစ်ကိုယ် ပထမဦးဆုံး အကြိမ် (နောက်ဆုံးအကြိမ် ဖြစ်ပါစေလို့ဆုတောင်းပါတယ်) အရက်ကို ကိုယ့်သဘောနဲ့ ကိုယ် သောက်လိုက် ပါတယ်။

လူမျိုးမာန ကိုတော့ လောကီကိစ္စတွေမှာ ထားသင့်တယ်လို့ ထင်ခဲ့မိပါတယ်။ ဆရာ ကြီး ဦးကျော်ထွတ်ရဲ့ သဒ္ဓမ္မဇောတိက အဘိဓမာမှာ လူတစ်ယောက်မှာ ကိုယ့်မျိုးရိုး ဇာတိမာန် ဟာ ရှိကိုရှိရမယ်။ လူလုပ်တယ် ဆိုတာ ဒီမာနနဲ့ လူလုပ်နေတာတဲ့၊ ဒါကြောင့် လူတွေမှာ ရှိသင့် ရှိထိုက်တဲ့ မာနဟာ ရှိကို ရှိရမယ်။ သောတာပန်မှာ ဒိဋ္ဌိပြုတ်တော့ လူဖြစ်နေသေးတဲ့ အတွက် မာနနဲ့ လူလုပ်နေရတာ။ တရားထိုင်လို့ ပယ်တဲ့အခါမှာတော့ မာနအားလုံး ပယ်ရမှာ ဖြစ်တယ်လို့ အကျယ်တ၀င့် ရှင်းလင်း ထားပါတယ်။ (ဆရာကြီးဦးကျော်ထွတ်ရဲ့ ဒ္ဓမ္မဇောတိ က အဘိဓမာ။ ၂၀၀၇။စာမျက်နှာ ၄၄-၅၅)။

ဒါပေမဲ့ စာရင်းချုပ်လိုက်တော့ မာနကြောင့် ကျမ အကြီးအကျယ် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း ဖြစ်ခဲ့ ရတယ်၊ ကြမ်းတမ်းတဲ့စကားတွေ၊ရိုင်းဆိုင်းတဲ့ အပြုအမူတွေ လုပ်ခဲ့မိ တယ်။ ငါးပါးသီလ လည်းပျက်ခဲ့ ရတယ်။ ဒါကြောင့် မာန အပါအ၀င် ကိလေသာ ၁၀ပါး (လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္စ၊ အဟိရိက၊ အနောတ္တပ္ပ) ဆို တာတွေဟာ ဖြစ်တဲ့ သူရဲ့ စိတ်ကို ညစ်ညူးစေတဲ့အပြင် အကုသိုလ်တွေ ဖြစ်စေတာပါပဲ။ နည်းနည်း ကိလေသာ ဖြစ်ရင် နည်းနည်း အကုသိုလ်၊ များများ ကိလေသာ ဖြစ်ရင် များများ အကုသိုလ်ဖြစ်တာပါ လားလို့ သဘောပေါက် မိ ပါတယ်။

တော်သေးတယ် အဲ့ဒီအချိန်က ခုခေတ်လို ဓါတ်ပုံရိုက်လို့ရတဲ့ လက်ကိုင်ဖုန်းတွေ internet တွေ မပေါ်သေးလို့၊ နို့မို့ ဆိုရင် လှေးခါးထိပ်က အထုပ်တွေ ကန်ချနေတဲ့ ကျမရဲ့ အလွန်လှပတဲ့ ဓါတ်ပုံနဲ့ မြန်မာအမျိုးသမီးတစ်ဦး၏ ဘန်ကောက်လေယဉ်ကွင်းပုံ ဆိုပြီး  တစ်ကမ္ဘာလုံး ပြန့်နှံ့၊ မှတ်တန်း တင်ပြီးသား ဖြစ်ကုန်မှာပါ။ ကျမအတွက်နဲ့ မြန်မာတွေ  မျက်နှာပျက်ကြရမှာ။ ဘုရားမ လို့။

ဆရာကြီးဦးကျော်ထွတ်ရဲ့ ဒ္ဓမ္မဇောတိက အဘိဓမာကို သေအချာ အပြန်ပြန် အလှန်လှန် ဖတ်တော့မှ ဆရာကြီး ဆိုလိုချင်တာက ကိုယ့်အဆင့်အတန်းကို ကိုယ်တန်ဖိုး ထားတာမျိုးကို ဇာတိမာန်လို့ဆိုလိုတာ။ ဥပမာ လူကောင်းတစ်ယောက်က လူကောင်းဇာတိ ကို ထိန်းတာမျိုးကို ဇာတိမာန်လို့ ဆိုလိုတာ လူကောင်းလိုကျင့်တာ လူမိုက်လိုမကျင့်တာလို့ အခုမှ သဘောပေါက်မိ ပါတော့တယ်။


No comments:

Post a Comment