ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရဲ့ နိုင်ငံတကာ ကျော်ကြားတဲ့ ပါစတာအင်စတင်ကျု့မှာ (Pasteur Institute) အလုပ်မ၀င်ခင် ရောဂါရှိမရှိနဲ့ ကျန်းမာကြောင်း စစ်ဆေးရပါတယ်။ ပြင်သစ် မလာခင်က ပြင်သစ်စကားနဲ့ စာအနည်းငယ် သင်ခဲ့သော်လည်း ပြင်သစ်လို ပီသ အောင် မပြောနိုင်ပါဘူး။ ပြီးတော့ စာတွေက အင်္ဂလိပ်အက်ခရာတွေမို့ အင်္ဂလိပ်အသံထွက်ပဲ ထွက်ထွက်သွားပါတယ်။ များသော အားဖြင့် ပြင်သစ်နဲ့ အင်္ဂလိပ်ပြောင်းပြန်တွေဖြစ် နေပါ တယ်။ အယူအဆခြင်းပြောင်းပြန်ဖြစ်လို့ နှစ် ၁၀၀ တိတိ စစ်ဖြစ်ခဲ့တာလား၊ ဒါမှမဟုတ် နှစ် ၁၀၀ စစ် ဖြစ်ခဲ့လို့ပဲပြောင်းပြန်တွေ လုပ်နေတာလားတော့ မသိပါဘူး။ အသက်အရွယ် ကြီးတဲ့ ၆၀ ကျော်ပိုင်း ပြင်သစ်တွေက အင်္ဂလိပ်ကို သိပ်မုန်းပါတယ်။ လမ်းမှာလမ်း မသိလို့ အင်္ဂလိပ်လိုမေးရင် ပြင်သစ်လိုသာပြန်ပြောပြီး အင်္ဂလိပ်လိုသိရဲ့နဲ့ မဖြေပါဘူး။ သူတို့ကို ဖြေ စေချင်ရင် ပြင်သစ်လို မပြီကလာ ပြီကလာ၊ ထော့နဲ့၊ ထော့နဲ့ နဲ့မေးရင်တော့ စိတ်မ ရှည်ပဲ အင်္ဂလိပ်လိုပြန် ဖြေပါ တယ်။ လူငယ်ပိုင်းကတော့ အိုကေ ပါတယ်။ ကျမ မိတ်ဆွေမြန်မာ အမျိုးသမီးနဲ့ အိမ်ထောင်ကျ တဲ့ ပြင်သစ် မြန်မာလင်မယားနဲ့ ကျမကားကြုံ လိုက်ဖူးပါတယ်။ ပြင်သစ်ယောကျာ်းက ကျမ သူတို့ ကားထဲရောက်တာနဲ့ ဒီကားထဲမှာ ပြင်သစ်လို ဒါမှမဟုတ် မြန်မာလိုပြောနိုင်တယ်တဲ့။ အင်္ဂလိပ်လို တော့မပြောရဘူးတဲ့။ အင်္ဂလိပ်စကားဟာ နိုင်ငံတကာသုံးစကား ဆိုတာကို မေ့ နေတာလား။ အသိအမှတ် မပြုချင် တာလားဆိုတာတော့ သူကိုယ်တိုင်ပဲ သိမှာပါ။
ကျမ တိုင်းပြည်နံမည်ပြောတော့ မြန်မာ ဆိုတာ မသိကြပါဘူး။ ဗမာကို ပြင်သစ်လို ဗမာနိ (Birmanie) လို့ပြင်သစ်လို ပြောပေမဲ့ အသံထွက် မပြီတာကြောင့် ဂျာမနီ (Germany) နဲ့မှားပါ တယ်။ နောက်ဆုံး စာရေးပြမှပဲ နိုင်ငံအမှန် ရပါ တော့တယ်။ ဒီကြားထဲ တစ်ယောက် က နင်တို့တိုင်းပြည်က ငယ်ငယ်လေး လားတဲ့။ ဆိုလိုတာက ကျမတို့ တိုင်းပြည်က သေးလွန်း လို့ သူတို့ မသိဘူးပေါ့။ ဘယ်က သေးရမှာလည်း ငါတို့နိုင်ငံက နင်တို့ ပြင်သစ်နိုင်ငံနဲ့ အင်္ဂလန် နိုင်ငံ၊ နှစ်နိုင်ငံပေါင်းစာ ရှိတယ်လို့ ၀င့်ဝင့်ကြွားကြွား ပြန်ပြောလိုက်ပါတယ်။ ဒါဆို နင်တို့ နိုင်ငံက ဘယ်နားမှာ လဲတဲ့။ Bangaladash, India, China, Lao နဲ့ Thailand တွေနဲ့ ၀ိုင်းရံ ထားတယ်ဆိုတော့မှ သြ သြ ဆိုပြီး နိုင်ငံကိစ္စ ပြီးသွား ပါတော့ တယ်။
နိုင်ငံ အကြောင်း ပြီးတော့ အိမ်ထောင်ရေး ခြေအနေမေးပါတယ်။ တစ်ခုလတ် လည်း မဟုတ်ဘူး၊ မုဆိုးမလည်း မဟုတ်ဘူး။ တစ်ခါမှ လက်မထပ် ဖူးဘူး ဆိုတော့။ ခလေးရှိလားတဲ့။
သြ ဘာတွေ လျောက်မေး နေတာလဲ။ ထရိုက် ချင်စရာ မေးခွန်းတွေ ပါပဲ။ နောက်မှ သိရ တာက ပြင်သစ်မှာ အိမ်ထောင်မရှိတဲ့ ခလေးအမေတွေ အများကြီးတဲ့။ အဲ့ဒီလို အမျိုး သမီးတွေကို အစိုးရက ထောက်ပံ့ကြေးပေးတာကြောင့် ယောက်ျားရှိပေမဲ၊့ ယောက်ျားမရှိဘူး ဆိုပြီး ထောက်ပံ့ကြေး ညာယူ ကြသူတွေ လည်းရှိတယ်တဲ့။ ပတ်ဝန်ကျင် ကလည်း ခလေးအ ဖေ မပေါ်ပဲ ခလေးမွေးတာကို လက်ခံ တယ်တဲ့။ နံမည်ကြီး အမျိုးသမီးတွေ၊ အမျိုးသမီးဝန်ကြီးတွေတောင် ခလေးအဖေ မရှိပဲ ခလေးမွေးတယ်တဲ့။
သြ အရှေ့နဲ့ အနောက်ဆိုတာ ဒီလိုကွာတာ လားလို့ တွေးနေ မိပါတော့ တယ်။ မြန်မာများ အဲ့ဒီဓလေ့ ဆိုးကြီးကို အတုမယူ မိကြပါစေ နဲ့လို့လဲ ဆုတောင်း မိပါတယ်။
ဆေးစစ်ပြီးတော့ ကြက်ညှာ ချောင်းဆိုး ကာကွယ်ဆေးနဲ့ ၀က်သက် ကာကွယ်ဆေးတွေ ထိုးမလာလို့ ဆိုပြီး အဲ့ဒီခလေးတွေမှာ ဖြစ်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးပါတယ်။ အဲ့ဒီ ရောဂါတွေက ကျမ ငယ်ငယ်က ဖြစ်ပြီးပြီးမို့ ကာကွယ်ဆေးထိုးဖို့မလိုပါဘူး။ ဒါပေမဲ့ ပြောနေရင် အဘိဓာန်တစ်အုပ်စာ လောက်ရှင်း နေရမှာမို့ အသားပဲ အနာခံ လိုက်ပါတော့တယ်။ သူတို့ နိုင်ငံမှာက အဲ့ဒီရောဂါတွေ မဖြစ်တော့လို့ အပြင်တိုင်းပြည်တွေက ရောဂါတွေ ၀င်လာမှာစိုးလို့ ကာကွယ် ဆေးထိုး မလာတဲ့ လူကြီး၊လူငယ်အားလုံးကို ကာကွယ်ဆေး ထိုးပါတယ်။
ဆေးစစ်ပြီးလို့ ပါစတာ ရောက်တော့ ကျမလုပ်မဲ့ ဌာနက အင်္ဂလိပ်လိုပြောတတ်တဲ့ လူရွယ် (အသက် ၂၅ ခန့်) ကစတင် နှုတ်ဆက်ပြီး ပြောလိုက်တာကတော့
“ငါ နင့်ကို နမ်းလို့ ရမလား တဲ့” Can I kiss you ?
မြတ်စွာဘုရား ဘာတွေ လာပြော နေတာလဲ။ ဘယ်လို လူတွေ ပါလိမ့်။ အလုပ် ဆက် လုပ်လို့မှ ဖြစ်ပါ့မလားလို့ တွေးရင်း ကမန်းကတန်း No No လို့ဖြေလိုက်ပါတယ်။
လူရွယ်လဲ ရှိုးတိုး ရှမ်းတန်း ဖြစ်ပြီး ထွက်သွား ပါတယ်။နောက်မှ သိရတာက ပြင်သစ် မှာ ပါးချင်းကပ်ပြီး နှုတ်ဆက်ကြတယ်တဲ့။ အဲ့ဒါကို ပြင်သစ်လို နှုတ်ဆက်အနမ်း (Biseau)ကို သူက အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန် လိုက်တာပါပဲ။ ဒါပေမဲ့ ကျမအတွက်တော့ကောင်း သွားပါတယ်။ ကျမကို (Pasteur) မှာဘယ်သူမှ ပြင်သစ်လိုနှုတ် မဆက်ကြတော့ပါဘူး။
ပါရီမြို့ မှာ ခင်မင်သူ တစ်ဦးနဲ့တစ်ဦး တွေ့ရင် တစ်ယောက်တစ်လှည့်ဆီ ပါးတစ်ဘက် တစ်ချက်ဆီ အပြန်အလှန် နမ်းကြပါတယ်။ဒါကြောင့် ၄ ခါ ဖြစ်သွားပါတယ်။ တချို့နေ ရာတွေ မှာလေးခါဆီ ကပ်တာမို့ ရှစ်ခါတဲ့။ လူစုလူဝေး တစ်ခုဆီသွားရင် နောက်ရောက်တဲ့သူက အရင် ရောက်နေတဲ့သူ အားလုံးကို နှုတ်ဆက်ရပြီး။ အရင်ပြန်သူကလည်း ကျန်နေတဲ့သူ အားလုံးကို အနမ်းနဲ့ နှုတ်ဆက်ရပါတယ်။
သူတို့ရဲ့ ယဉ်ကျေးမှု ကြောင့် ကျမ တတ်နိုင်သမျှ ပြင်သစ်အိမ်တွေကို မသွားတော့ ပါဘူး။ ဒီကြားထဲ မြန်မာတွေကပါ အတုလိုက်ပြီး ပြင်သစ်လို နှုတ်ဆက်ကြပါ တယ်။ ဆွာတယ် ပဲပြောပြော မြန်မာအချင်းချင်း မြန်မာလိုပဲ နှုတ်ဆက်ပါ။ ကျမ မြန်မာပါလို့ မျက်နှာထား တင်းတင်းနဲ့ ပြောလိုက် ပါတယ်။
ရောမမြို့ ကိုရောက်ရင် ရောမ လိုကျင့် ဆိုတာ အတိုင်းအတာနှင့် လိုအပ်ချက် ဆိုတဲ့ မှတ်ကျောက်
(Criteria) တွေတော့ရှိရမယ်ထင်ပါတယ်။
ကျမ မှားပါသလားရှင် ?
No comments:
Post a Comment