တရားအားထုတ်စ သူတွေကို ဒုက္ခပေးတာက မကောင်းတဲ့ခံစားချက်တွေဖြစ်တဲ့၊ နာတာ၊ကျင်တာ၊ ကိုက်တာ၊ ယားတာစတဲ့ ဒုက္ခဝေဒနာ တို့ဖြစ်ပါတယ်။
ကျမ တရားစခန်းစ၀င်မယ်ဆိုတော့ ဘယ်တရားစခန်းဝင်ရင်ကောင်းမလဲလို့ စုံစမ်းတဲ့အခါ မဟာစည်က ဘာလုပ်လုပ်မှတ်နေရတယ်။ မိုးကုတ်ကတော့စာတွေသင်ရတယ်တဲ့။ ကျမရဲ့ ပုရောဆိတ်ဥဏှောက်နဲ့စဉ်းစားလိုက်တာက စာတွေသင်နေရင် တရားတကယ်မသိပဲ imagination စာတွေ့ကိုကိုယ်တွေ့လို့ အထင်မှားနိုင်တယ်လို့ယူဆတာကြောင့် မဟာစည်တိုက်ခွဲမှာ ၁၀ ရက်တရားစခန်းဝင်ပါတယ်။ တရားထိုင်တာနဲ့ပတ်သက်ပြီး စာလဲမဖတ်၊လေ့လဲမလေ့လာခဲ့ပါဘူး။ တကယ်က ၀ိပဿနာအလုပ်အတွက် Theory လိုအပ်ပါတယ်။ အနည်းဆုံး ပညတ်၊ပရမတ်သိသင့်ပါတယ်။
ပထမအကြိမ် တရားထိုင်တာ ၁၅မိနစ်တောင်မရှိသေးဘူး။ ခြေထောက်က နာလာပါတယ်။ နာတာကို နာတယ်လို့ မှတ်နေရင်း ပိုပိုနာ လာတယ်။ ဒီတော့ ခြေထောက်ကို နဲနဲ နေရာပြောင်းလိုက်တယ်။ နာတာသက်သာသွားတယ်။ ဒါပေမဲ့ မကြာပါဘူး။ ထပ်နာပြန်တယ်။ ထပ်နာ ထပ်ရွေ့နဲ့ တရားထိုင်ချိန် တစ်နာရီသာ ကြာသွားတယ်။ ခြေနာတာက မပျောက်ဘူး။ စိတ်ထဲမှာ ခြေထောက်နှစ်ချောင်းကို အင်္ဂတေလိုမျိုး၊သံခြေကျင်းလိုမျိုးနဲ့စွပ်ထားပြီး တစ်ဖြေးဖြေးချင်း တင်းကြပ်ပေးတာ လိုမျိုးခံစားရတယ်။ တရားဖြုတ်လိုက် ပေမဲ့လည်းခြေထောက်အနာက လုံးဝ ပျောက် မသွားဘူး။ နောက်တစ်ချိန်ပြန် တရားထိုင်ရမှာတောင်ကြောက်နေတယ်။ တစ်နာရီ စင်္ကြန် လျှောက်ပြီးတော့ ပြန် တရားထိုင်တယ်။ ခြေထောက်ပေါ် ကိုယ် အလေးချိန် မပိအောင် တတ်နိုင်သမျှ အ၀တ်တွေခုပြီး ထိုင်တယ်။ ဒါပေမဲ့မရဘူး။ နာတာပဲ။ နာတယ်မှတ်လည်း မရဘူး။ ပိုပို တောင်နာ လာတယ်။ အဲ့ဒီတော့ တရား အပေါ် သံသယ ၀င်လာတယ်။ တရားတော်က ဘယ် အရာမှမမြဲဘူး။ အနိစ္စတဲ့။ ငါ့ခြေထောက် အနာကတော့ မြဲနေပါလား။ မြတ်ဘုရားဟောတဲ့ အနိစ္စဆိုတာ ပရမတ်တရားတွေရဲ့ အနိစ္စကိုပြောတာကို ကျမ တရားအသိ ကြားဖူးနားဝ ပညာ (သုတမယဥာဏ်) မရှိပဲ တရားတော်ကို သံသယ တွေဖြစ်နေခဲ့တာပါ။ ငါဆိုတဲ့ သက္ကယဒိဋ္ဌိဖြစ်နေတာ၊ မသိတဲ့အတွက် တရားထိုင်ရင်း မတရားဖြစ်နေခဲ့ တယ်။

ကိုယ်သိတဲ့ ဆေးပညာနဲ့စဉ်းစားလိုက်တယ်။ ခြေထောက်ပေါ် ကိုယ် အလေးချိန် ဖိနေတဲ့အတွက် သွေးအသွားအလာ မရှိဘူး။ ဒီတော့ ဆဲလ်တွေက ထွက်တဲ့ အဆိပ် တွေခြေထောက်မှာစုနေလို့ နာတာ။ ဒီ့အပြင် ၀င်လေထွက်လေကို သာမာန် ထက် မြန်မြန်ရှုသွင်းနေ ရှုထုတ်နေတာကြောင့် ထုတ်လေ မှာပါသွားတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် (CO2) နည်းသွားလို့ ကိုယ်ထဲ့မှာ အယ်ကာလိုင်း ဓါတ် (alkaline) များလာ တဲ့အတွက် ကြွက်သားတွေ လိုအပ်တဲ့ ကယ်စီရမ်ဓါတ် (Calcium) တွေ အလုပ် မလုပ်နိုင်လို့ကြွက်သား တွေနာ တာစသည်ဖြင့် ကိုယ့်ရဲ့ မတတ်တစ်ခေါက် အသိ ဥာဏ်နဲ့လိုက်စစ် နေတယ်။ မပြည့်တဲ့အိုးဘောင်ဘင်ခတ် (little knowledge is dangerous) ဆိုတဲ့အတိုင်း မတရားတွေး တွေးနေခဲ့တယ်။
တရားအားထုတ်ခါစမှာ အထူးသဖြင့် အာနာပါန နည်းနဲ့ရှုမှတ်တဲ့အခါ သာမာန်အသက်ရှုသလိုရှု့ရင် သမာဓိ မရသေးတဲ့အတွက် မှတ်လို့ မရပါဘူး ဒီတော့ သာမာန်ထက်ပိုပြီးပြင်းပြင်းရှုပါတယ်။ ပြင်းပြင်းရှုတဲ့အတွက် အထက်မှာရှင်းပြသလို alkaline ဖြစ်လာပြီး ပိုမိုနာကျင်ကိုက်ခဲတဲ့ ဒုက္ခဝေဒနာ တွေ ဖြစ်ပါတယ်။ အဲ့ဒီလို မဖြစ်အောင် အသက်ပြင်းပြင်းရှုမဲ့အစား သတိကို ပိုထားပြီး၊ အသက်ရှုမှုကိုတော့ တတ်နိုင်သမျှ သာမာန်အတိုင်းဖြစ်အောင်ရှုရင် မခံနိုင် လောက်အောင် နာကျင်တဲ့ ဒုက္ခဝေဒနာတွေ အဖြစ်နည်းပါတယ်။ ဒုက္ခဝေဒနာတွေ မဖြစ်လို့ တရားရနေတယ်လို့လည်း အထင်မကြီးလိုက်ပါနဲ့။ ရှုမှတ်ရမဲ့အာရုံမှာ စိတ်မရောက်ပဲ အတွေးထဲ မျောနေရင်လည်း ဒုက္ခဝေဒနာတွေ မဖြစ်ပါဘူး။ အတွေးတွေထဲ ရောက် နေမှန်း သိရင်ဝင်လေ၊ ထွက်လေကြောင့် ဖြစ်တဲ့ လေထိတဲ့ ခံစားမှုအပေါ် စိတ်ကိုပြန် ထားပါ။ ထိနေတဲ့နှခေါင်းဆိုတာကိုလည်းမမှတ်ပါနဲ့၊ ထိတဲ့ခံစားမှု ကိုသာ သိနေဖို့ လိုပါတယ်။ သိတယ်ဆိုတဲ့ ခံစားမှုကသာ ဝေဒနာ (ဥပေက္ခာဝေဒနာ) လို့ ခေါ်တဲ့ ပရမတ်နာမ် တရားဖြစ်ပါတယ်။ နှခေါင်းဆိုရင် ပညတ်ရုပ်ပေါ် မှတ်စိတ် ရောက် သွားပါပြီး။ ၀င်လေ ထွက်လေ လို့ သိပြန်ရင်လည်း ၀င်လေ ထွက်လေဆိုတဲ့ ပညတ်ရုပ် ပေါ် ရောက်သွားပြီး သမထဘာဝနာ ဖြစ်သွား ပါတယ်။
ဝေဒနာနုပဿနာအနေနဲ့ နာတာ ကျဉ်တာကိုအာရုံပြုရင် နာတာ ကျဉ်တာ သက်သက် ကိုသာ သိနေရမှာပါ။ နာနေတဲ့ ခြေထောက်၊ခါး စသည် မပါဖို့ လိုပါတယ်။ နာတာ ဘယ်လိုလေး လဲ ၊ဆူးစူးသလိုလား၊ တူနဲ့ထုသလိုလား ပိုပိုဆိုးလာသလား၊ နဲနဲ လျော့သွားသလား စသည်ဖြင့် သူ့ရဲ့ သဘော သဘာဝကို စိတ်ဝင်စားစွာ ဂရုစိုက် ကြည့်မယ်ဆိုရင် ပို မနာပါဘူး။ တစ်ခါတရံ အနာလျော့ သွားပြီး ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ နာတာ ကိုပျောက်စေလိုတဲ့စိတ်နဲ့ မကြည့်ရပါဘူး။ ပျောက်ချင်တဲ့ စိတ်ဆိုတာ လောဘကိလေသာ ပါ။ ကိုယ် မသိတဲ့ နာနေတဲ့ သူကို ဘေးကထိုင်ကြည့်ရ သလိုမျိုး ဖြစ်ရပါ မယ်။ ငါ့ခြေထောက်နာတယ်လို့သိနေရင် ငါဆိုတဲ့ အတ္တပါ လာလို့ ပိုနာတာပါ။ ဥပမာ အားဖြင့် ကိုယ်မသိတဲ့သူသေဆုံးခြင်း အတွက် သိပ်မခံစားရပဲ၊ ကိုယ်ချစ်တဲ့သူ သေဆုံး တဲ့အခါ အလွန်အမင်း ခံစားရ သလို ပါပဲ။ သေတာခြင်းတူပေမဲ့ ချစ်ခင်ခြင်း ဆိုတဲ့ တဏှာကိလေသာကြောင့် ပိုခံစားရတာပါ။
သမာဓိအားကောင်းတဲ့အခါ တခါတရံ ဒုက္ခဝေဒနာ မဖြစ်ပဲ ခန္ဓာကိုယ်ရဲ့ တစ်စိတ် တစ်ပိုင်း (၀ါ) တစ်ကိုယ်လုံး မရှိတော့ဘူးလို့ ခံစားရပါတယ်။ ကျမ စပြီး ခံစားရစဉ်က ဗဟုသုတ မရှိတာကြောင့် မျက်စိဖွင့်ကြည့်ခဲ့ မိပါတယ်။ မျက်စိဖွင့် လိုက်တဲ့ အတွက် ရထားတဲ့ သမာဓိလေးပျောက်သွားပါတယ်။
တခါတလေ သမာဓိအားကောင်းတဲ့အခါ မျက်စိထဲမှာအလင်းတွေမြင် ပါတယ်။ ကျမ စမြင်စဉ်က ညဘက် တရားစခန်းမှာတရားထိုင်နေစဉ် တခန်းလုံး လင်းထိန်သွားတဲ့ ခံစားချက်ကြောင့် ဘယ်သူများ စလိုက်မီးထိုးသလဲဆိုပြီး မျက်စိဖွင့်ကြည့်ခဲ့ဘူးပါ တယ်။ အခုမှ အဲ့ဒါတွေဟာ ၀ိပဿနာညစ်ညူးကြောင်း တရား ၁၀ ပါးတွေဖြစ်တယ် ဆိုတာ သိရပါတယ်။
တခါကတော့ တစ်ကိုယ်လုံးပေါ့ပါးပြီး ဘာမှမရှိတော့ဘူး။ အဲ့ဒီတုံးကလည်း ရှု့မှတ် စရာ ကိုယ်လည်းမရှိ၊ နာခေါင်းတွေလည်းမရှိနဲ့ ဘာရှု့ရမှန်း မသိဖြစ်ခဲ့ ဘူး ပါတယ်။ တကယ်က သမာဓိအားကောင်းလာတဲ့အတွက် ကြမ်းတမ်းတဲ့ ရုပ်တရားကို ရှု့မှတ်လို့ မရတာပါ။ သိမ်မွေ့တဲ့ နာမ်တရားဖြစ်တဲ့ သိ နေတာလေးကို ရှု့မှတ်ရမှာပါ။ ဒါပေမဲ့ ၀ိပဿနာတရား ဗဟုသုတမရှိတဲ့ကျမ ကိုယ်ထင်ရာဆိုင်းခဲ့တဲ့အတွက် အဖိုတန်းလှတဲ့ အချိန်တွေ၊ သမာဓိတွေဆုံးရှုံးခဲ့ပါတယ်။
တခါတလေတော့ ဒုက္ခဝေဒနာမဖြစ်ပဲ စိတ်ထဲမှာပျော်နေတယ်။ အဲ့ဒီလို နေရ တာကိုကြိုက်နေတယ် ဆက်ပြီးဖြစ်နေချင်တယ်။ တကယ်က သုခဝေဒနာဆိုတဲ့ ခံစားချက်ပါပဲ။ အဲ့ဒါကို ပျော်တယ် (သုခဝေဒနာ) လိုမှတ်နေရမှာ။ ကြိုက်တယ်။ ဆက်ပြီးဖြစ်ချင် နေတယ်ဆိုရင် တဏှာဖြစ်သွားပြီ။ ဒါကြောင့် ၀ိပဿနာ ညစ်ညူး ကြောင်းလို့ပြောတာ။
ဝိပဿနာ ဆိုတာကိုယ်မှာ ဖြစ်နေသမျှကို သိရုံသိနေရမှာ။ ဥပမာအားဖြင့်ရုပ်ရှင်ကို ရုပ်ရှင်ပဲ၊ ဒါရိုက်တာခိုင်း သလို လုပ်နေကြတာလို့ဥာဏ်ပါပါကြည့်နေရမှာ။ ရုပ်ရှင် ထဲက ဇတ်ကောင် တွေလို လိုက်ခံစားရမှာမဟုတ်ဘူး။ ရွှေဘ ဆိုတဲ့ဇတ်လိုက် နံမည်ကြီး စဉ်က သူ့ကိုရုပ်ရှင်ထဲမှာလူဆိုးတွေကရိုက်နေကြရင်ပွဲကြည့် ပရိတ် သတ်က ပိတ်ကားကိုခဲတွေနဲ့ပစ်ကြတယ်ဆိုတာကြားတုံးက ဒီလူတွေတော်တော် ရူးတာပဲလို့ ထင်ခဲ့ မိတယ်။ ကိုယ်တိုင်တရားထိုင်မှ ကိုယ်လည်းဘာထူးလဲ။ (ငါ) မဟုတ်တာကို ငါထင်ပြီး ငါနာတယ်။ ငါဝမ်းသာတယ်။ ဖြစ်နေခဲ့တာ။ ဒါကြောင့် မြတ်ဘုရားက ပုထုဇဉ်တွေဟာ အရူးတွေလို့ ဟောခဲ့တာကိုး။
ဝိပဿနာတရားလုပ်ရာမှာ သောတာပန်မရမချင်း တရားထိုင်စဉ်ရတဲ့ သမာဓိတွေ ဟာ မတည်မြဲပါဘူး။ အခုရထားပေမဲ့နောက်ရချင်မှ ရပါတယ်။ နားလည်လွယ်အောင် ဥပမာ ပြောရရင် သောတာပန်ဆိုတာ ၁၀ တန်းအောင်လက်မှတ်နဲ့တူပါတယ်။ ၁၀ တန်း တစ်ခါ အောင်ထားရင် ဒီဘ၀အတွက်တော့ ထပ်ဖြေစရာမလိုတော့ပါဘူး။ သောတာပန်ကတော့ တစ်ခါရထားရင် တစ်သံသရာလုံး valid ဖြစ်ပါတယ်။ ထပ်ဖြေ စရာမလိုပါဘူး။ အဲ့ဒါမရရင်တော့ အစက အမြဲပြန်စရပါတယ်။ အခုဏက သမာဓိကောင်း ထားလို့ အခုပြန်ထိုင်ရင် ခုဏက သမာဓိရလိမ့်မယ်မထင်ပါနဲ့။ တခါတရံ လုံးဝ သမာဓိမရတဲ့အပြင် ခံရခက်တဲ့ ဒုက္ခဝေဒနာတွေတောင် အပြင်းအထန်ပြန် ခံစားရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုဏက ငါသမာဓိ ကောင်းတယ်ဆိုပြီး ကိုယ် သတိ မထားလိုက်မိတဲ့ ငါ ဆိုတဲ့ အတ္တဒိဋ္ဌိနဲ့ မာနပါသွားလို့ပါ။ တရားသဘောဟာ အင်မတန်မှ သိမ်မွေ့ပါတယ်။
မြတ်ဘုရား နိဒါန၀ဂ်ဂ သံယုတ် မှာဟောတော်မူတဲ့ သောတာပန်ဖြစ်ကြောင်း အင်္ဂါလေးပါး။
၁။ မဂ်ဖိုလ်လမ်းပြ နိုင်သူ သူတော်ကောင်းနှင့်ပေါင်းသင်းခြင်း။
၂။ရုပ်နာမ်နှင့်စပ်သောဓမ္မတရားကြားနာခြင်း။
၃။မဂ်ဖိုလ်ရကြောင်းအကျင့် ကျင့်ခြင်း။
၎။ နှလုံးသွင်းမှန်ကန်ခြင်း။
မိတ်ဆွေအပေါင်းတရားရကြပါစေ။

No comments:
Post a Comment