လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Thursday, June 7, 2018

ကျမ နာနအိုး။

ကျမငယ်ငယ်လေးထဲက သိပ်မာနကြီးတယ်။ အဖေ အမေရိုက်လို့ကတော့ ဘယ်တော့မှ မငိုဘူး။ ငိုတာ အရှုံး ပေးတာလို့ ကျမက ခံယူတယ်။ ကျမ မကြေနပ်ရင် ကိုယ့်ခေါင်းနဲ့ ကြမ်းနဲ့စောင့်လေ့ရှိတယ်။ အဲ့ဒါကြောင့်များမှတ် ဉာဏ်တွေပျောက်ကုန်လားမသိပါဘူး။ တော်သေးတယ် ကျမ ငယ်ငယ်က မေမေတို့ဆင်းရဲပြီး တဲအိမ်နဲ့ပြင်ခင်းနဲ့နေရလို့။ ချမ်းသာပြီး အုပ်တိုက်နဲ့သာဆို မတွေးဝံ့စရာပဲ။

ကျမ ၁၀ တန်းတုန်းက အင်္ဂလိပ်ဘာသာ ပြဋ္ဌာန်းစာအုပ်က Who did it first နဲ့ Anapuna ဆိုတဲ့တောင်တက်တဲ့အကြောင်းတွေပါ။ Who did it first မှာဘယ်သူက ဘယ်နှစ်မှာ မွေးပြီး၊ဘယ်နှစ်မှာ ဘာတွေတီထွင်တယ်ဆိုတာတွေသင်ရတာပါ။ ကျမ စာမေးပွဲဖြေကာနီးမှာWho did it first ထဲက သက္ကရစ်တွေ၊ Anapuna ထဲက ဘယ်နေ့မှာ ဘယ်နေရာမှာ စခမ်းချတယ်ဆိုတဲ့ ရက်ဆွဲတွေကို ကျောင်းခန်းထဲက Black Board နဲ့အပြည့် အလွတ်ရေးမှတ်ခဲ့တာ အမှတ်ရနေပါတယ်။ ကျမရဲ့မှတ် ဉာဏ်က နောက်မှ တစ်ဖြည်းဖြည်း ပိုပိုဆိုး လာတာပါ။ ဆေးကျောင်း တတိယနှစ် နောက်ဆုံးစာမေးပွဲ ဆေးဝါးဘာသာရပ်(Pharmacology) မှာ ကျမ သွေးကျဆေးနံမည်နဲ့ ဆီးချိုဆေးမှားဖြေခဲ့ပါ တယ်။ တော်သေးတယ် ၁၀ မှတ်တန်မို့ နို့မို့ဆိုစာမေးပွဲကျနိုင်တယ်။ အသေကျက်မှတ်ရတဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံ(anatomy) ဘာသာရပ်သင်ရတဲ့ ဒုတိယနှစ်မှာ ကျမ မှတ် ဉာဏ် သိပ်မဆိုးသေးဘူး။ ဒါပေမဲ့ ဘွဲ့လွန်တက်မယ်ဆိုတော့ Pharmacology နဲ့anatomy ပြန်ဖြေရမဲ့ ဘာသာရပ်တွေကိုကျမ ရွေးလို့ မဖြစ်တော့ဘူး။

ကျမက ဇတ်လမ်းတို့ဇတ်ကွက်တို့ဆို မှတ်မိတယ်။ နံပါတ်တို့ နံမည်တို့ဆို မှတ်လို့မရဘူး။ ကုန်ကုန်ပြောရရင် ကျမ မွေးနေ့သက္ကရစ်တောင် မမှတ်မိဘူး။ မွေးနေ့လည်း လုပ်လေ့ မရှိဘူး။ ကျမသူငယ်ချင်း က ကျမနဲ့ပြောင်းပြန် မှတ် ဉာဏ်ကောင်းတယ်။ နံပါတ်တို့ နံမည်တို့ မှတ်မိတယ်။ ကျမ မွေးနေ့အကြိုညမှာ သူက မြန်မာ့အသံမှာ သီချင်း တောင်းထားတယ်။ သီးချင်းကိုကြိုတင်ပြီးတောင်းရတယ်ပြောတယ်။ တောင်းတိုင်းလဲမရဘူးတဲ့။ ကျမ တစ်ခါမှမတောင်းဘူးလို့ မသိပါဘူး။ နောက်နေ့မနက် ကျမရဲ့မွေးနေ့(ကျမ ကတော့ သတိမရဘူး) အစောကြီး အိမ်ကိုရောက် လာတယ်။ သူ့လက်ထဲမှာလည်း ကျမအတွက် မွေးနေ့လက်ဆောင်ဓါတ်ပုံ album ကိုင်လာတယ်။ ဒါပေမဲ့ သူ ပင်ပင်ပန်းပန်း တောင်ထားတဲ့ သီးချင်း ကျမနားမထောင်ဖြစ်ဘူးဆိုတာသိရလို့ သူတော်တော်စိတ်မကောင်းဖြစ်သွားတယ်။ အဲ့ဒီနေ့ကစပြီးကျမရဲ့ မွေးနေ့သက္ကရစ်ကိုကျမ မှတ်မိ သွားပါတယ် ဆိုရင် ယုံပါ့မလား။

နံပါတ်မမှတ်မိလို့ ဒုက္ခဖြစ်ရတဲ့နောက်တစ်ကြောင်းက ကျမမောင်းနေတဲ့ကားနံပါတ်ကိုမမှတ်မိတာ။ အဲ့ဒီအချိန်က ကားဓါတ်ဆီထဲ့ရင် ကားနံပါတ်ရေးပေးရတယ်။ ကျမ နံပါတ် မမှတ်မိ တာကြောင့် ကားနံပါတ်ကို ပြန်ပြန်ကြည့်ရတယ်။ ကျမကို မေမေက နဲနဲကြိုးစားမှတ်ပါလားတဲ့။ သူများတွေက ကားငှါးစီးလာတယ်ထင်မှာပေါ့တဲ့။ ဒါပေမဲ့ ကျမ မှတ်လို့မရပါဘူး။ ကျမရဲ့ပြဿနာကိုသိသွား တဲ့ သူငယ်ချင်းတစ်ယောက်က နင့်ကားနံပါတ်က အလွယ်လေး ဒီလိုမှတ်လို့သင်ပေးတာနဲ့ အခုထက်ထိကျမ မှတ်မိနေပါတယ်။ အဲ့ဒါက ငါလိုက်ရှိတ်တယ် တဲ့။ ကားနံပါတ်က ၅၄၈၁ ပါ။

တစ်နေ့ ကျမ စကော့ဈေးကို လိုင်းကားနဲ့သွားပါတယ်။ စကော့ဈေးကအထွက်မှာ အဖေ့ကားလိုမျိုး morris minor တစ်စီးရပ်ထားတာတွေ့ပါတယ်။ ဒါပေမဲ့ ကျမအဖေရဲ့ ကားနံပါတ်ကိုမမှတ်မိတာကြောင့် ၀င်မထိုင်ရဲပဲ ကားအပြင်က အဖေပြန်လာတဲ့ အထိစောင့်နေရတယ်။ (အဖေက ကားနားက ကားပစ္စည်းတွေရောင်းတဲ့ ဈေးတန်းမှာ လျောက်ကြည့် နေတာမို့ ကားတံခါးကိုသော့ပိတ်မထားပါဘူး။ ကားထဲမှာ အလှအပ ပစ္စည်းတွေချိတ်တာလည်းမကြိုက်လို့ အဖေ့ကားလို့ သေချာမပြောနိုင်ပါဘူး။ အဖေက သမီးက စာမတတ်တဲ့သူလိုပဲ လို့ သြဘာ ပေးပါတယ်)။

နံမည်မမှတ်မိတဲ့ အကျင့်ဆိုးကြောင့် မိတ်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ရင် ကျမတော်တော်ဒုက္ခရောက်ပါတယ်။ အထူးသဖြင့်ကျမ နံမည်ကိုသူတို့ကမှတ်မိနေရင်ကျမ ဘာပြော ရမှန်းမသိဘူး။ ကိုယ့်နံမည်ထဲ့ပြောတတ်တဲ့သူနဲ့တွေ့ရင်တော့ တော်သေးတယ်။

ဘယ်အချိန်ကျရင် ကျမရဲ့မှတ် ဉာဏ်တွေလုံးဝ ပျက်ကုန်မလဲတော့ မသိဘူး။ ဒါကြောင့် မမေ့ခင် သတိရတာလေးတွေရေးထားတာပါ။ မာနတရားက ဒီဘ၀မှာတင်ဆိုးကျိုး ပေးတာပါလားလို့ သံဝေဂ ရမိပါတယ်။

No comments:

Post a Comment