လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, March 25, 2015

အဘိဓမ္မာမသိလို့ဒေါသတွေဖြစ်ခဲ့တယ်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၁၉၉၃ ခုနှစ် Ph D ဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိခဲ့ရာ ၁၉၉၄ ခုနှစ်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့ကိုရောက်ခဲ့ ပါတယ်။ ပါရီမြို့ရဲ့ Pasteur Institute ကို နံနက်တိုင်း မနက် ၈ နာရီမထိုးခင် သွားရ ပါတယ်။ ကျမနေထိုင်တဲ့ International City University အဆောင်ကနေ မြေအောက်ဘူတာဆီကို ၅ မီနစ်လောက်လျှောက်သွားရပါတယ်။ လမ်းတစ်လျှောက်မှာ ခွေးချေးတွေ ဗလဗွရှိပါတယ်။ မနက်စောစော၊ချမ်းချမ်းအေးအေးမှာ ခွေးချေးပုံတွေ မနင်းမိအောင် မနဲရှောင် သွားရ ပါတယ်။ နှင်းကျတဲ့မနက်ဆိုရင်တော့ ခွေးချေးပုံပေါ်ချော်လဲမကျအောင် အတော်ဂရုစိုက် ရပါတယ်။ မနက်တိုင်း ခွေးချေးပုံမြင်တိုင်း ခွေးပိုင်ရှင်တွေ ကိုဒေါသဖြစ်မိပါတယ်။ မိမိစိတ်ချမ်းသာဖို့အတွက် ခွေးတွေမွေးထားပြီး ကိုယ့်ခွေးရဲ့တာဝန်မယူကြဘူး။ အတော်တစ်ကိုယ်ကောင်း ဆန်ကြ တဲ့သူ တွေလို့စိတ်ထဲကပြောမိပါတယ်။ လမ်းမှာ ခွေးလက်ဆွဲပြီး လာတဲ့ အထူးသဖြင့်လူငယ်တွေ တွေ့ရင် ပိုဒေါသ ဖြစ်မိပြီး ရန်တွေ့ချင်စိတ် တွေဖြစ်မိပါတယ်။ လူအိုတွေကတော့ တစ်ယောက်ထဲ lonely ဖြစ်နေလို့ခွေးမွေးပြီး နေရရှာတယ် လို့ဖြေနိုင်ပါသေးတယ်။ လူငယ်တွေကတော့ တော်တော် လွန်တယ် လို့ထင်မိပါတယ်။ မနက်တိုင်း ၅ မိနစ် လောက်ဒေါသ တွေ ဖြစ်နေခဲ့မိပါတယ်။

(ပြင်သစ်နိုင်ငံမှာ အဲ့ဒီအချိန်က မနက် ၈ နာရီမှာ မြူနီစီပါယ်ကခန့်ထားတဲ့ ခွေးချေးကြုံးတဲ့သူတွေ လာကြုံး ကြပြီး၊နောက်ကားတွေနဲ့လမ်းတွေကိုဆေးကြောကြတယ်။ လမ်းမှာခွေးချေးပါရင်ခွေး ပိုင်ရှင်တွေကို ဒါဏ်တပ်ပါတယ်။ ဒါပေမဲ့ ဒါဏ်ကြေးကနည်းပြီး၊ဒါဏ်တပ်တဲ့သူကလည်း ရုံးချိန် (၉-၁၀) လောက်မှ လာတာမို့ခွေးပိုင်ရှင်တွေက ဒါဏ်တပ်တဲ့သူမလာခင်စောစောခွေးထွက်ကျောင်းကြတာပါ။ ယခုတော့ torists တွေက ပြင်သစ်နိုင်ငံက အလွန်လှပေမဲ့ ခွေးချေးတွေပေါ်တယ်လို့ ပြောကြတာကြောင့် ဒါဏ်ငွေ
တိုးလိုက်တာကြောင့်ခွေးချေးတွေတော်တော်နည်းသွားပါတယ်။ )

ကျမအခုပင်ဆင်ယူပြီး မြတ်ဘုရားရဲ့ အဘိဓမ္မာတရားတော်တွေလေ့လာတော့မှ မကောင်းတဲ့ ခွေးချေး လိုမြင်ကွင်းတွေမြင်ရတာ၊ မကောင်းတဲ့ အနံ့တွေနံရတာ၊မကောင်းတဲ့ အသံဆိုးအသံကြောင် တွေကြား ရတာ၊မကောင်းတဲ့ အရသာ ရှိတဲ့ ခါးတဲ့ဆေး စတာတွေစားရတာ၊မကောင်းတဲ့ အတွေ့ အထိတွေ နဲ့တွေ့ထိရတာတွေဟာ ခွေးပိုင်ရှင်လိုသူများတွေကြောင့်မဟုတ်ဘဲ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုတွေကြောင့် မကောင်းတဲ့မြင်ကွင်းတွေမြင်ရတာဆိုတာသိလာရပါတယ်။  ဒါကြောင့် ခွေးချေးမြင်ရင်ဒေါသ မဖြစ်တော့ ပါဘူး။ ငါ့ရဲ့ အကုသိုလ်တစ်ခုတော့ကုန်သွားပြီးလို့ဝမ်းသာမိပါတယ်။ မကောင်းမှုတွေ မလုပ်မိအောင်လည်း ကိုယ့်ကိုယ်ကို သတိပေးမိပါတယ်။

ကိုယ်မမြင်ချင်တာမြင်တဲ့အခါမှာ အကုသလ၀ိပါက်စက္ခုဝိညာဏ်စိတ်ဖြစ်တာ၊ကိုယ်မကြားချင်တာကြားတဲ့အခါမှာ အကုသလ၀ိပါက်သောတ၀ိညာဏ်စိတ်ဖြစ်တာ၊

အကုသလ၀ိပါက် ဆိုတာအကုသိုလ်ရဲ့အကျိုး ကိုပြောတာ။ ဒီစိတ်တွေကိုယ့်သန္တာမှာဖြစ်ရင် ဒါ
နောက်ဘ၀ကအကုသိုလ်တွေလုပ်ခဲ့တဲ့အတွက် အကုသိုလ်ရဲ့အကျိုးဒီမှာလာပြီးပေါ်တာ။ အဲ့ဒါကြောင့်
ကိုယ်မမြင်ချင်တာမြင်လာပြီ၊ကိုယ်မကြားချင်တာကြားလာပြီ၊ကိုယ်မတွေ့ချင်တာတွေ့လာပြီဆိုရင်
ဘယ်သူ့မှအပြစ်မတင်နဲ့၊ကိုယ့်အကုသိုလ်ကိုယ်ပြန်အပြစ်တင်တဲ့၊ ငါနောက်ဘ၀က လုပ်ခဲ့လို့ငါ့
နောက်ဘ၀ကအကုသိုလ်အကျိုးကို ငါပြန်တွေ့တာ။ ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင်ဖို့မလိုဘူး
ဆိုတဲ့ အဓိပ္ပါယ်ရလာတယ်။ ဘယ်သူမပြု မိမိမှုဆိုတဲ့အတိုင်းပဲ ကိုယ်ပြုခဲ့တဲ့အကုသိုလ်ရဲ့အကျိုးကို ကိုယ်ဒီမှာလာပြီးတော့ခံစားရတာ ကိုသဘောပေါက်လာတဲ့အပြင် အကုသိုလ်ထပ်ဖြစ်ခြင်း ကလဲ  ရှောင်ရှားနိုင်လာပါတော့တယ်။



ကျမ်းကိုး
အရှင်သီလာနန္ဒာဘိဝံသ၏ အဘိဓမ္မာသင်တန်းပို့ချချက်များ(ဒုတိယတွဲ)။ နှာ ၁၂။

No comments:

Post a Comment