လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, October 30, 2013

စိတ္တာနုပဿနာသတိပဋ္ဌာန်။


(မာတိကရွာနေမာတိကာမာတာခေါ်အနာဂါမိမဂ်၊ပဋိသမ္ဘိဒါလေးပါးနှင့် အဘိညာဉ်ခြောက်ပါးရသောဒါယကာမနှင့်ဘ၀ပေါင်းတစ်ရာတိတိအကြင်            လင်းမယား တော်ခဲ့သောအညတရ ရဟန်းတို့ကို အကြောင်းပြု၍ မြတ်ဘုရားဟောတော်မူသည်။ စိတ္တ၀ဂ်၊ မာတိကမာတာသုတ္တန်။)

စိတ်သည်ဆုံးမရန်အလွန်ခက်၏။ အလွန်လျင်မြန်၏။ ရောက်ချင်ရာသို့ေ၇ာက်       တတ်၏။ ထိုစိတ်ကိုယဉ်ကျေးအောင်ဆုံးမနိုင်လျှင်ကောင်း၏။ ယဉ်ကျေးသောစိတ်     သည် ချမ်းသာကိုဆောင်နိုင်၏။

စိတ်ဟူသည်ယဉ်ကျေးအောင်ဆုံးမရန်အလွန်ခက်၏။ စိတ်ကိုသူ့အလိုအတိုင်း  အထိန်းအကွပ်မရှိဘဲလွှတ်ပေးခြင်းအားဖြင့်လည်းဆုံးမရန်မသင့်။ ထိုသို့ဆုံးမသောနည်းသည်မှန်ကန်သောနည်းမဟုတ်။ ထိုနည်းဖြင့် စိတ်ကို ဆုံးမခြင်းဖြင့် စိတ်သည်ယဉ်ကျေးမလာဘဲပို၍ရိုင်းသွားမည်ဖြစ်၏။ ပို၍ရိုင်းသည်နှင့်အမျှပို၍လည်းထကြွသောင်းကျန်းလာမည်ဖြစ်၏။ ထိုကြောင့်ထိုဆုံမနည်းသည် (အစွန်း) ရောက်သောဆုံးမနည်းဖြစ်၏။ ထိုသို့သောအစွန်းရောက်ဆုံးမနည်းကို ကမသုခလ္လိကနုရောဂနည်း၌အတွင်းဝင်၏ ဟူ၍ဆိုရ၏။

စိတ်ကိုယဉ်ကျေးလာအောင်အတင်းအဓမ္မဖိနှိုပ်ချုပ်ချယ်ပြီးဆုံးမ၍လည်းမရ။ ထိုသို့ အတင်းအဓမ္မဖိနှိုပ်ချုပ်ချယ်ဆုံးမလိုက်ပါကလည်း ထိုသို့ဆုံးမခြင်းသည်  စိတ်၏ သဘာဝကိုတိုက်ခိုက်ရာရောက်၏။ အမှန်အားဖြင့်သဘာဝသည် အတိုင်းမသိကြီးမား သောစွမ်းအင်ရှိ၏။ ထိုကြောင့် သဘာဝကိုတိုက်ခိုက်လျှင် တန်ပြန်သက်ရောက် (အား) ၏နိယာမအရ သဘာဝကလည်းပြန်လည် တိုက်ခိုက်လာမည်ဖြစ်သည်။ ထိုအခါစိတ်သည်ယဉ်ကျေးမလာသည့်အပြင်ကသောင်းကနင်းဖြစ်လာမည်ဖြစ်၏။ ကသောင်းကနင်းဖြစ်ခြင်းဟူသည်မှာစိတ်၌ရောဂါရခြင်းပင်ဖြစ်၏။ စိတ်၌ရောဂါရလျှင်  စိတ်ဝေဒနာရှင်စာရင်းသို့ေ၇ာက်သွားနိုင်၏။ ထိုကြောင့်မိမိ၏ စိတ်ကိုယဉ်ကျေး လာစေရန်အတင်းအဓမ္မဖိနှိုပ်ချုပ်ချယ်၍ဆုံးမသောနည်းသည်လည်းမှန်ကန်သော နည်းမဟုတ်။ အစွန်းေ၇ာက်သောနည်းသာလျှင်ဖြစ်၏။ ထိုနည်းသည် အတ္တကိလမထာနုရောဂ၌အတွင်းဝင်၏။

ထိုကြောင့်စိတ်သည်ဆုံးမရအလွန်ခက်သော စိတ်ဆိုသောစိတ်ဖြစ်ပါ၏။ ထိုစိတ်ကိုယဉ်ကျေးအောင်ဆုံးမရာ၌ မဇ္ဈိမပဋိပဒါကျဖို့လို၏။ မဇ္ဈိမပဋိပဒါကျ ပါမှလည်းဆုံးမနည်းမှန်ကန်ပြီးစိတ်သည်ယဉ်ကျေးလာမည်ဖြစ်၏။ မဇ္ဈိမပဋိပဒါကျသောနည်းဟူသည်မှာ စိတ္တာနုပဿနာသတိပဋ္ဌာန်နည်းဖြစ်၏။ စိတ္တာနုပဿနာသတိပဋ္ဌာန်နည်းအရစိတ်ကိုဆုံးမသောအခါ စိတ်၏သဘာဝကို      သိထားဖို့လို၏။ စိတ်၏သဘာဝကို သိထားလျှင် စိတ်ကို မဇ္ဈိမပဋိပဒါနည်းဖြင့် ယဉ်ကျေးအောင်ဆုံးမနိုင်၏။

စိတ်၏သဘာဝမှာဒေသနာတော်အရဆိုလျှင် စိတ်သည်အလွန်လျင်မြန်၏။ တစ်ခုသောခဏအတွင်း၌ပင်စိတ်သည်ကုဋေတစ်သိန်းခန့်ဖြစ်နိုင်၏ ချုပ်နိုင်၏။ စိတ်သည်ထိုမျှလောက်မြန်ပါ၏။ ထို့အပြင်စိတ်သည်သွာချင်ရာသွားတတ်၏။ (ဒီအာရုံမကောင်းဘူးမသွားနဲ့) ဟူ၍လည်းတားဆီး၍မရ။လှစ်ခနဲပြေးသွားတတ်၏။ (ဒီအာရုံကကောင်းတယ်။ ဒီအာရုံမှာနေ) ဟူ၍လည်းတိုက်တွန်း၍မရ။ မိမိထားရာအာရုံမှဖြုန်းကနဲထွက်ပြေးသွားတတ်၏။ တစ်ခါတစ်ရံမိမိစိတ်သည် ဘယ်ရောက်သွားမှန်းပင်မသိလိုက်။ အမှန်အားဖြင့်စိတ်သည်ထားရာမှာ နေချင် လည်းနေ၏။ မနေချင်လည်းမနေ။ မထားရာမှာ နေချင်လည်းနေ၏။           မနေချင်လည်းမနေ။ ထို့အပြင်မိမိကထားထား မထားထား စိတ်သည် သူနေချင် သလိုနေ၏။ သူသွားချင်သလိုသွား၏။ သူ့သဘော၊ သူ့ဆန္ဒ၊ သူဧကရာဇ်။ ဤသည်မှာစိတ်၏သဘာဝဖြစ်၏။

မသိလျှင်ခက်၏။သိလျှင်လွယ်၏။ မသိခြင်းသည်အ၀ိဇ္ဇာဖြစ်၏။                      သိခြင်းသည် ၀ိဇ္ဇာဖြစ်၏။ ထိုကြောင့်မိမိ၏စိတ်ကိုမိမိကသိအောင်သတိဖြင့်အမြဲတမ်းစောင့်ကြည့်အပ်၏။       သွားချင်၇ာသွားပါကကိစ္စမရှိ။ သွားမှန်းသိဖို့သာလို၏။ လောဘအာရုံသို့သွားလျှင်လောဘအာရုံသို့သွားမှန်းသိအောင် ဒေါသရုံသို့သွားလျှင်ဒေါသအာရုံသို့သွားမှန်းသိအောင် မောဟအာရုံသို့သွားလျှင်မောဟအာရုံသို့သွားမှန်းသိအောင်၊ထို့ပြင် ကုသိုလ် အာရုံတစ်ခုခုသို့သွားလျှင်လည်း ကုသိုလ်အာရုံတစ်ခုခုသို့သွားမှန်းသိအောင် ယုတ်စွအဆုံးမိမိ၏စိတ်ဘယ်ေ၇ာက်သွားမှန်းမသိလျှင်တောင်မှ ဘယ်ေ၇ာက် သွားမှန်းမသိသည့်သဘောကိုပင်သိအောင်သတိဖြင့်စိုက်၍အားထုတ်အပ်၏။ ထိုအခါမိမိ၏စိတ်သည်မိမိကိုလှည့်ပတ်၍မရတော့။ မိမိ၌ လောဘစိတ်ဖြစ် လျှင်လည်းလောဘစိတ်ဖြစ်မှန်းကိုသိလာ၏။ ဒေါသစိတ်ဖြစ်လျှင်လည်း ဒေါသစိတ်ဖြစ်မှန်းကိုသိလာ၏။ မောဟစိတ်ဖြစ်လျှင်လည်း မောဟစိတ်ဖြစ်မှန်းကို သိလာ၏။ ကုသိုလ်စိတ်တစ်ခုခုဖြစ်လျှင်လည်းကုသိုလ်စိတ်ဖြစ်မှန်းကိုသိလာ၏။ အယုတ်ဆုံးအားဖြင့် ဘာစိတ်ဖြစ်နေမှန်းမသိလျှင်လည်းဘာစိတ်ဖြစ်နေမှန်းမသိ။ မသိစေကာမူ ထိုအတိအကျမပြောနိုင်သော အာရုံတစ်ခုခုကို သိနေသောစိတ်ဖြစ်နေ မှန်းသိလာ၏။ စိတ္တာနုပဿနာသတိပဋ္ဌာန်ဟူသည်မှာမိမိစိတ်ကသိနေသောအာရုံ ပိုင်းကိုပဓာနမထားဘဲထို သိစရာအာရုံကိုသိနေသောအာရမ္မဏိကခေါ်သောစိတ်        ကိုသာ ပဓာနထား၍သိနေခြင်းဖြစ်၏။ ထိုအခါသူ၏အာရုံသည်စိတ်သာဖြစ်တော့၏။ အမှန်အားဖြင့် အာရုံပိုင်းနှင့်အာရမ္မဏိကပိုင်းတွင်အာရမ္မဏိကပိုင်းကိုပဓာနထား၍ ရှုမှတ်လျှင်ယင်း၏အာရုံပိုင်းလည်းအလိုလိုပါဝင်ပြီးသားဖြစ်လာ၏။ အာရမ္မဏိကပိုင်းဟူသည်မှာစိတ်ပင်ဖြစ်၏။ စိတ်ဟူသည်အာရုံနှင့်ကင်း၍ မဖြစ်ကောင်းသောကြောင့်စိတ်ဖြစ်သည်ဆိုကတည်းက၎င်းအာရုံပြု၇ာအာရုံ တစ်ခုခုသည်အလွှဲသာမရှောင်သာပါဝင်ပြီးသားဖြစ်၏။ ထိုကြောင့်စိတ်ကို ပဓာနထား၍ သတိဖြင့်ရှုမှတ်ပါက ထိုစိတ်၏အာရုံကိုလည်း အလိုအလျောက် ပဓာနအားဖြင့်ရှုမှတ်ပြီးသားဖြစ်လေ၏။ ထိုသို့ရှုမှတ်ရာတွင် သတိ၊၀ီရိယ၊ သမာဓိ ဟူသောသမာဓိမဂ္ဂင်သုံးပါး (အား) မကောင်းမှီ အသိကျဲသော်လည်းယင်း  မဂ္ဂင်သုံးပါး အားကောင်းလာသည် နှင့်အမျှ (သတိ) သည်စိပ်စိပ်လာမည်ဖြစ်သည်။ ယင်း မဂ္ဂင်သုံးပါးတွင် သတိပဋ္ဌာန်ဆိုသည့်အတိုင်း (သတိ) ပြဌာန်း၏။ (သတိ) ပြဌာန်းသည်နှင့်အမျှ ၀ီရိယသည်လည်းသမ္မပ္ပဓာန်ထိုက်အောင် ပြဌာန်းဖို့လို၏။      သတိနှင့်ဝီရိယ အားကောင်း လာလျှင် သမာဓိဝင်လာမည်။ သမာဓိဝင်လာလျှင်           ပညာဝင်လာမည်။ ပညာဝင်လာလျှင် (အသိ) စိပ်၍ စိပ်၍ လာမည်။ ထိုအခါ မိမိ၏            ရှေ့စိတ်သည်ဘယ်ကို ပင်ပြေးပြေး၊ ဘယ်ကိုပြေးမှန်း၊ မိမိ၏နောက်စိတ်က သိလာသည်။ ထိုအခါမိမိ၏အရှုခံ (ရှေ့စိတ်)နှင့်ရှုတတ်သော(နောက်စိတ်) နှစ်မျိုးစလုံး ဖြစ်နေပျက်နေသည် ကိုပါ သိလာ၏။ ဤသို့သိလာသည်ကိုပင် (ယထာဘူတဥာဏ်) ကိုရခြင်းဟူဆိုသည်။ ဖြစ်ပျက်ကိုမြင်လာသည့် (ယထာဘူတဥာဏ်) ရသောအခါ သင်္ခါရတရားတို့၌ ငြီးငွေ့သော (နိဗ္ဗိဒါဥာဏ်) သည်ဖြစ်ပေါ်လာလေသည်။ (နိဗ္ဗိဒါဥာဏ်)ဖြစ်ပေါ် လာသည်နှင့်အမျှစိတ်သည် ယဉ်ကျေးလာ၏။ ထိုနောက် ဖြစ်ပျက်တို့ဆုံးရာနိဗ္ဗာန် ကိုမျက်မှောက်ပြုပြီး တဏှာခေါ်သော သမုဒ္ဒယသစ္စာကို ပယ်နိုင်သော ၀ိရာဂဥာဏ် သည်ဖြစ်ပေါ်လာ၏။ ထိုအခါစိတ်သည် အလုံးစုံ ယဉ်ကျေးလေပြီ၊ မဂ်ဥာဏ်ဖိုလ်ဥာဏ် နိဗ္ဗာန်ချမ်းသာကိုရလေပြီ။

က၀ိလက္ခဏာသတ်ပုံကျမ်း
ကိုးဆယ့်ကိုးဇတ်၊ယောက်ျားသတ်၊အကျွတ်မဂ်ဖိုလ်ဝင်။

ကျမ်းကိုး
ဦးရွှေအောင်၏ဓမ္မပဒ။ စာ ၂၁၃-၂၃၀။

No comments:

Post a Comment