လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Wednesday, October 16, 2013

အာဇီဝဋ္ဌမကသီလနှင့်ငါးပါးသီလ။ဘယ်သီလကပို၍အကျိုးများ။



                                            ၈ > ၅


နှစ်ပါးစလုံးအကျိုးများတာချည်းပါပဲ။ ဘယ်သီလကပိုအကျိုးရများတယ်လို့ မပြောနိုင်ပါဘူး။
သည်လိုဖြေလိုက်တော့ အာဇီဝဋ္ဌမကသီလက ၈ ပါး၊ ငါးပါးသီလက ၅ပါး တည်းဆိုတော့ အရေအတွက်ကွာခြားနေတဲ့အတွက်  အကျိုးအနည်း အများ လည်းကွာခြားရမှာပဲလို့ယူဆပြီး အဖြေကိုလက်ခံနိုင်ချင်မှလက်ခံနိုင်မယ်။ ဒါကြောင့်နည်းနည်းရှင်းပြလိုက်ပါတယ်။

၅ ပါးသီလကိုတကယ်လုံခြုံအောင်စောင့်ထိန်းတဲ့ပုဂ္ဂိုလ်ဟာ အရှိအတိုင်း ငါးပါးမျှကိုသာ စောင့်ထိန်းရုံနဲ့ လုံခြုံတယ်လို့မဆိုနိုင်ပါဘူး။ ဆိုင်ရာသိက္ခာပုဒ် တွေရဲ့အခြံအရံသီလ တွေကိုပါစောင့်ထိန်းလုံခြုံနိုင်ပါတယ်။
ဥပမာ ပါဏာတိပါတကံကိုတကယ်လုံခြုံအောင်စောင့်ထိန်းလိုရင် ပါဏာတိပါတရဲ့ အခြံအရံဖြစ်တဲ့   ပိသုဏ၀ါစာ၊ဖရုသ၀ါစာ၊ဗျာပါဒတွေကိုပါရှောင်ကြဉ်ရပါတယ်။ အဒိန္နာဒါန၊ကာမေသု မိစ္ဆာစာရကံတို့ကိုလုံခြုံအောင်စောင့်ထိန်းလိုရင် သူတို့ရဲ့ အခြံအရံဖြစ်တဲ့ အဘိဇ္ဈာကိုပါရှောင်ရပါတယ်။
မုသာဝါဒကံကို လုံခြုံအောင်စောင့်ထိန်းလိုရင် သူ့ရဲ့အခြံအရံဖြစ်တဲ့ ဖရုသ၀ါစာ၊ သမ္ဖပ္ပလာပ၊အဘိဇ္ဈာ၊ဗျာပါဒတွေကိုပါရှောင်ကြဉ်ရပါတယ်။

သုရာပါနကိုရှောင်ကြဉ်ရင်သိက္ခာပုဒ်အားလုံးလုံခြုံနိုင်ပါတယ်။

မိစ္ဆာဒိဋ္ဌိအယူမရှိမှငါးပါးသီလလုံခြုံနိုင်ပါတယ်။

ဒါတွေအားလုံးခြုံကြည့်လိုက်ရင်ငါးပါးသီလလုံခြုံအောင်စောင့်ထိန်းခြင်းဟာသုစရိုက် ဆယ်ပါး လုံးပြည့်စုံအောင်ကျင့်သုံးစောင့်တည်ရာ ရောက်နေကြောင်းတွေ့ရပါမယ်။

 
အာဇီဝဋ္ဌမသီလကိုကြည့်ရအောင်။
အာဇီဝဋ္ဌမသီလဆိုတာ ပါဏာတိပါတ၊ အဒိန္နာဒါန၊ကာမေသုမိစ္ဆာစာရ၊မုသာဝါဒ၊
ပိသုဏ၀ါစာ၊ ဖရုသ၀ါစာ၊သမ္ဖပ္ပလာပ၊မိစ္ဆာအာဇီဝ၊တို့မှရှောင်ကြဉ်ခြင်းဆိုတာ သိကြပြီးဖြစ်ပါလိမ့်မယ်။ သည်ဟာတွေကိုရှောင်ကြည်ခြင်းဖြင့် သုရာပါန၊ အဘိဇ္ဈာ၊ဗျာပါဒ၊မိစ္ဆာဒိဋ္ဌိ တို့ကိုလည်း ရှောင်ကြဉ်ပြီးဖြစ်တယ်ဆိုတာ အထက် ငါးပါးသီလမှာ ဖေါ်ပြပြီးဖြစ် ပါတယ်။

ဒီတော့ အာဇီဝဋ္ဌမသီလဆိုတာလည်း သုစရိုက်ဆယ်ပါးကိုကျင့်သုံး ဆောက် တည်တာပဲ ဖြစ်တဲ့အတွက် ငါးပါးသီလနဲ့ အာဇီဝဋ္ဌမသီလတို့ဟာ အတူတူပဲဖြစ် တာကြောင့် ဘယ် သီလကပိုအကျိုးများတယ်လို့မပြောနိုင်တာဖြစ်ပါတယ်။

 
ငါးပါးသီလလုံရင်အပါယ်မကျဘူးဆိုတာ ငါးပါးသီလကိုအထက်ဖေါ်ပြပါ အတိုင်းအခြံအရံ နှင့်တကွစောင့်ထိန်းလို့ဖြစ်ပါတယ်။ ငါးပါးသီလအရှိအတိုင်း

မျှကို သာစောင့်ထိန်းလို့မဟုတ်ပါဘူး။ အရှိအတိုင်းငါးပါးမျှကိုသာ စောင့်ထိန်းလို့ မဟုတ်ပါဘူး။ အရှိအတိုင်း ငါးပါး မျှကို သာစောင့်ထိန်းတဲ့အတွက် အပါယ်မကျ တာဆိုရင် ပိသုဏ၀ါစာ၊ဖရုသ၀ါစာ၊သမ္ဖပ္ပလာပ၊အဘိဇ္ဈာ၊ မိစ္ဆာဒိဋ္ဌိတို့ ဟာ အပါယ် မကျစေနိုင်ဘူးဆိုတဲ့အလွန် လွဲမှားသော အဓိပ္ပါယ်ရောက်သွားမှာဖြစ်ပါတယ်။

ပိသုဏ၀ါစာစတဲ့ကံတွေဟာ အကုသလကမ္မပထ တရားထဲမှာပါဝင်နေတဲ့ အပါယ်ကျစေနိုင် တဲ့ကံတွေဖြစ်ပါတယ်။

အလားတူပါပဲ အာဇီဝဋ္ဌမသီလကိုအရှိအတိုင်းစောင့်ထိန်းရုံနဲ့လုံခြုံတယ်ဆိုရင် သုရာပါန၊အဘိဇ္ဈာ၊ဗျာပါဒ၊မိစ္ဆာဒိဋ္ဌိ တို့ကိုမစောင့်ထိန်းပဲလည်း အာဇီဝဋ္ဌမသီလ လုံခြုံတယ်ဆိုတဲ့ လွဲမှားသော အဓိပ္ပါယ်ရောက်သွားမှာဖြစ်ပါတယ်။

 အဲ့ဒီနည်းအားဖြင့် ငါးပါးသီလနဲ အာဇီဝဋ္ဌမသီလတို့ဟာသုစရိုက် ၁၀ ပါးလုံးကို လုံခြုံအောင်စောင့်ထိန်းတာချင်းတူကြ တာကြောင့် ဘယ်သီလက ပိုအကျိုးများ တယ်လို့ မဆိုနိုင်ဘူးလို့ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 
ဟံသာသီရိ၏ဗုဒ္ဓ၀ါဒဆိုင်ရာအမေးအဖြေများ(ဒုတိယတွဲ) မှကူးယူတင်ပြပါသည်။


 
 

No comments:

Post a Comment