ယခုအခါ မြန်မာနိုင်ငံမှာအပန်းဖြေခရီးသွားလာမှုတွေတော်တော်ရေပန်းစားနေပါတယ်။ ဒါပေမဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေနဲ့ဘုရားတွေပါလျောက်ဖူးတာမို့ဘုရားဖူးထွက်တယ်လို့နံမည် တပ်ကြပါတယ်။ ဘုရားဖူး ကိုပြည်တွင်းသာမက ပြည်ပနိုင်ငံတွေအထိ ခြေဆန့်ကြရာက အိန္ဒြိယနိုင်ငံ ဗုဒ္ဓဃာယာထိသွားကြပါတယ်။ အဲ့ဒီမှာ စီးပွါးရေးသမားတွေက မြတ်ဗုဒ္ဓ ဘုရား ဖြစ်တော်မူပြီး နောက် ခုနှစ်ရက်စီ၊ ဗောဓိပင် ပတ်ဝန်းကျင်မှာ ၄၉ ရက်တိုင်တိုင်နေတော်မူခဲ့တဲ့ သတ္တဟာရ (၇) ဌာန ရှိတဲ့ ဗုဒ္ဓဃာယာကိုရောက်ရင် သောတာပန်ဖြစ် သရောင်ရောင် ပြောရာက ဗုဒ္ဓဘာသာအကြောင်း မလေ့လာဘဲ အလွယ်ကြိုက်တဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင် တွေက အဟုတ်မှတ်ပြီးယုံကြည်ကြတာကတော့ တော်တော်ဆိုးပါတယ်။ (မူစလင်ဘာသာမှာတော့ Mecca ကိုရောက်ရင်ဟာဂျီဖြစ်ပါတယ်။)
ဗုဒ္ဓဘာသာဆိုတာတစ်ခြားဘာသာတွေလို အကန်းယုံ၊အရမ်းယုံရတဲ့ဘာသာမဟုတ်ပါဘူး။ သေသေချာချာလေ့လာပြီး၊ လေ့လာထားတဲ့အတိုင်းကိုယ်တိုင်လက်တွေ့လုပ်ကြည့်ရတဲ့ဘာသာဖြစ်ပါ
တယ်။ ဗုဒ္ဓဘာသာရဲ့အခြေခံက ကံ၊ကံရဲ့အကျိုးကိုယုံကြည်ခြင်းပါ။ ကံဆိုတာ မိမိရဲ့ စိတ်၊ပါးစပ်၊ကိုယ် စတာတွေနဲ့လုပ်တဲ့ ကောင်းမှု၊မကောင်းမှုဆိုတဲ့အလုပ်တွေပါ။ မိမိအပေါ်သက်ရောက်မဲ့ ကောင်းကျိုး၊ဆိုးကျိုးကိုဗုဒ္ဓကဖန်ဆင်းပေးတာမဟုတ်ပါဘူး၊ဘယ်သူမှလည်း ဖန်ဆင်းမပေးနိုင်ပါဘူး။ မိမိရဲ့ကောင်းကျိုး၊ဆိုးကျိုးတွေဟာမိမိရဲ့ ကောင်းမှု၊မကောင်းမှုတွေကြောင့် ရတာပါ။ ဒါကြောင့် သောတာပန်ဖြစ်လို့ဆိုးဝါးတဲ့ အပါယ်လေးဘုံကိုမရောက်တာဟာ ဗုဒ္ဓဃာယာကို အလည်ရောက်ရုံနဲ့မဖြစ်ပါဘူး။ မိမိကိုယ်တိုင်က မကောင်းမှုတွေကို ဘယ်တော့မှ မလုပ်တော့မှဖြစ်တာပါ။ လူတိုင်းကောင်းတာတွေဖြစ်ချင်တယ်။ မကောင်းတာတွေမဖြစ်ချင်ဘူး။ ဆိုးဝါးတဲ့မကောင်းကံတွေဟာ မိမိ ပြုလုပ်တဲ့ မကောင်းမှုတွေ ကြောင့် ဆိုတာသေချာသိသွားရင်တော့ ဘယ်သူမှ မကောင်းမှုတွေလုပ်ဖို့မ၀ံ့တော့ပါဘူး။ အဲ့ဒီအခြေအနေ ရောက်အောင် မကောင်းမှုဆိုတာဘာတွေလဲ။ ကောင်းမှုဆိုတာဘာတွေလဲ ဆိုတာ သိရပါမယ်။ သိပြီးနောက် မကောင်းမှုမှန်သမျှရှောင်ပြီး၊ ကောင်းမှုမှန်သမျှလုပ်ရပါမယ်။
ရှောင်ရမဲ့အကုသိုလ် (၁၀) ပါးရှိပါတယ်။ ပါဠိလို ဒုစရိုက် ဆယ်ပါးလို့ခေါ်ပါတယ်။
ကာယကံ = ကိုယ်လက် လှုပ်ရှားမှု ဖြင့်ပြုလုပ်သော အမှု၊
ဝစီကံ = နှုတ်အမှုအရာဖြင့် ပြုသောအမှု၊
မနောကံ = စိတ်ကူးကြံစည်၍ ပြုလုပ်သော အမှု၊
ရှောင်ရမည့် ဒုစရိုက် ဆယ်ပါး။
ကာယဒုစရိုက်သုံးပါး -
(၁)သူတစ်ပါး အသက်ကို သတ်ဖြတ်ခြင်း၊
(၂)သူတစ်ပါး ပစ္စည်းဥစ္စာကိုခိုးယူခြင်း၊
(၃)သူတစ်ပါး သားမယားကို ပြစ်မှားကျူးလွန်ခြင်း တို့ဖြစ်ပါသည်။
ဝစီဒုစရိုက်(၄)ပါး -
(၁)မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း၊
(၂)သူတစ်ပါးတို့၏ ချစ်ခင်မှုပျက်စီးစေရန် သွေးထိုးကုန်းတိုက်စကားဆိုခြင်း၊
(၃)ကြမ်းတမ်းယုတ်မာသော စကားကိုပြောဆိုခြင်း၊
(၄)အကျိုးမဲ့သော စကား ကိုပြောဆိုခြင်းတို့ဖြစ်ပါသည်။
မနောဒုစရိုက်(၃)ပါး -
(၁) သူတစ်ပါး ပစ္စည်းဥစ္စာများကို ကိုယ့်ပစ္စည်းဥစ္စာဖြစ်လျှင်ကောင်းလေစွာ့-ဟု သူ တစ်ပါးပစ္စည်းဥစ္စာကို မတရားကြံစည်ခြင်း၊
(၂)သူတစ်ပါးတွေ ဆင်းရဲဒုက္ခရောက်စေရန် မကောင်းကြံခြင်း၊
(၃)မှားယွင်းသော အယူဝါဒကို စွဲယူခြင်းတို့ ဖြစ်ပါသည်။
ယင်းဒုစရိုက်များကို ကျူးလွန်ပါက လက်ရှိဘဝမှာပင် မင်းပြစ်မင်းဒဏ်ခံရခြင်း၊ သူတစ်ပါးတို့ကိုယ့် အပေါ် အထင်သေးပြီး စွပ်စွဲပုတ်ခတ်သည်ကို ခံရခြင်း၊ ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်လောက်အောင် စိတ်ဆင်း ရဲခြင်း၊ သေသည့်အခါမှာ စိတ်ဆင်းဆင်းရဲရဲ ပူပင်သောကများနှင့် သေရသည့်အတွက် ငရဲသို့ရောက်ရ ခြင်းဆိုသည့် မကောင်းကျိုးများကို ခံစားရပါသည်။ ထို့ကြောင့် မြတ်စွာဘုရားက လူသား အားလုံးအတွက် ကောင်းကျိုးချမ်းသာဖြစ်စေရန် မကောင်းမှုမှန်သမျှ မပြုလုပ်ကြရန် မိန့်ကြားတော်မူ ပါသည်။
ဆောင်ရမည့်သုစရိုက်တရား (၁၀)ပါး။
အပြစ်မရှိဘဲ
ကောင်းကျိုးပေးတတ်သော ကံကို ကုသိုလ်ကံဟု ခေါ်၏ မြင့်မြတ်သော အမူအကျင့် ဖြစ်သည့်အတွက်
သုစရိုက်ဟုလည်း ခေါ်၏။ ဒုစရိုက် ဆယ်ပါးကို မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်းသည်ပင် သုစရိုက်ဆယ်ပါးမည်ပါသည်။ ဒုစရိုက်(၁၀)ပါးကို ရှောင်ကြည်လိုက်ခြင်းဖြင့် ရတဲ့ ကုသိုလ်အကျိုးပါပဲ။
ကာယကံ ၃-ပါး။
(၁)
ပါဏာတိပါတ ၀ိရတီ= သတ္တဝါတို့ကို သေစေလိုသော စေတနာဖြင့် သတ်ဖြတ်ခြင်းမှ
ရှောင်ကြဉ်မှု
(၂) အဒိန္နာဒါန ၀ိရတီ= သူတစ်ပါးတို့၏ ဥစ္စာကို
ခိုးဝှက်တိုက်ခိုက်လှည့်ပတ်ယူခြင်းမှ
ရှောင်ကြဉ်မှု။
(၃)
ကာမေသုမိစ္ဆာစာရ ၀ိရတီ= ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ
ယုတ်ယုတ်မာမာကျင့်ခြင်းမှ
ရှောင်ကြဉ်မှု။
ဝစီကံ ၄ ပါး။
(၄)
မုသာဝါဒ ၀ိရတီ= မဟုတ်မမှန် လိမ်လည်၍
ပြောဆိုခြင်းမှ
ရှောင်ကြဉ်မှု။
(၅)
ပိသုဏဝါစာ ၀ိရတီ= ချောပစ်ကုန်းတိုက်သော
စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
(၆)ဖရုသဝါစာ ၀ိရတီ= ကြမ်းတမ်းယုတ်မာသော
စကားကိုပြောဆိုခြင်းမှ
ရှောင်ကြဉ်မှု။
(၇)သမ္ဖပ္ပလာပ = ပိန်ဖျင်းသောစကား
အတင်းအဖျင်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
မနောကံ ၃-ပါး။
(၈)
အနဘိဇ္ဈာ = သူတစ်ပါး၏ ဥစ္စာကို မတရားယူရန် ကြံစည်ခြင်းမှ
ရှောင်ကြဉ်မှု။
(၉)
အဗျာပါဒ = သူတစ်ပါး၏ အသက်နှင့် စည်းစိမ် ပျက်စီးရန် ကြံစည်ခြင်းမှ
ရှောင်ကြဉ်မှု။
(၁၀)
သမ္မာဒိဋ္ဌိ = ကံ-ကံ၏ အကျိုးကို ယုံကြည်၍ မှန်ကန်စွာ ယုံကြည်မှု။
မှတ်ချက်။
။ အကောင်းအဆိုးရည်ရွယ်ချက်(စေတနာ) တစ်ခုခုဖြင့်
တက်ကြွထက်သန်သော စိတ် ဦးဆောင်လျက် လုပ်သည့်အလုပ်သည် ကံမြောက်၏။ အကောင်းအဆိုး
စေတနာမပါဘဲ မသိသာ မထင်ရှားသော သာမန်စိတ်ဖြင့် ပြုလုပ်သော အလုပ်သည် ကံမမြောက်ချေ။ ကံမြောက်လျှင် ကံ၏ အကျိုးများတစ်နေ့မဟုတ်တစ်နေ့နိဗ္ဗာန်မရောက်မချင်းအကျိုးပေးမည်ဖြစ်ပါတယ်။
ကောင်းမှုမှန်သမျှ ပြည့်စုံအောင်ပြုလုပ်ရာ၏
ကောင်းမှုကုသိုလ်-ဟုဆိုရာတွင် ကောင်းမှုကုသိုလ်အမျိုးမျိုးရှိပါသည်။ ကောင်းမှုတစ်ခု နေ့စဉ်ပြု-ဆိုသည့်စကားအတိုင်း မိမိတို့အဆင်ပြေသော ကုသိုလ်ကောင်းမှုများကို အချိန်ရယင် ရသလို ကြိုးစား ပြုလုပ် ပေးရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ဘဝသည် သံသရာတစ်လျှောက်လုံး အာရုံငါးပါး ကာမဂုဏ်တရားတည်းဟူသော အကုသိုလ်များနှင့်သာ အချိန်ကုန်ခဲ့ကြရပါသည်။ ကုသိုလ်စိတ်ဖြစ်သောအချိန် အကုသိုလ် စိတ်ဖြစ်သောအချိန်များကို ချိန်ထိုးကြည့်လျှင် အကုသိုလ်စိတ် ဖြစ်သောအချိန်ကသာ အဆမတန် များပြားနေသည်ကို တွေ့ကြရ၏။
လူတိုင်းက ဆေးကိုမသောက်ချင်ကြပါ။ သို့သော်လည်း ရောဂါပျောက်စေရန် ဆေးကို သောက်ကြရ ပါ၏။ ထို့အတူပင် ဆေးနှင့်တူသော ကုသိုလ်ကောင်းမှုများကို မပြုလုပ်ချင်သော်လည်း ကိလေသာရောဂါကိုပျောက်စေရန်ဇွဲတင်း၍ ပြုလုပ်ကြရ ပါသည်။ ပြုရင်းပြုရင်းနှင့်ပင် စိတ်အား ထက်သန် လာပါသည်။ အကုသိုလ်မှာသာ ပျော်တတ်သော မိမိ၏စိတ်ကို ပြုပြင်ဆုံးမ၍ ကုသိုလ်လမ်းကြောင်းပေါ်သို့တင်ပေးကြရပါသည်။
ကုသိုလ်တရားဟူသည် အပြစ်မရှိခြင်း၊ ချမ်းသာသောအကျိုးကိုပေးခြင်း သဘောရှိ၏။ အကုသိုလ် သည်ကား အပြစ်နှင့်တကွဖြစ်ခြင်း၊ ဆင်းရဲသော အကျိုးကိုပေးခြင်းသဘောရှိ၏။ ကုသိုလ်တရားသည် ကောင်းရာသုဂတိသို့ တင်ပေးတတ်၏။ အကုသိုလ်တရားကတော့ မကောင်းသော ဒုဂ္ဂတိအပါယ်ဘုံသို့ဆွဲချ တတ်၏။ ထို့ကြောင့် ကောင်းမှုကုသိုလ်မှန်သမျှ ပြုလုပ်ကြရန် မိန့်ကြားတော်မူခြင်း ဖြစ်ပါသည်။ ကောင်းမှု ကုသိုလ်သည် သုစရိုက် (၁ဝ) ပါး၊ ပုညကိရိယာဝတ္ထု (၁ဝ)ပါး၊ ပါရမီ(၁ဝ)ပါး၊ ဟူ၍ သုံးမျိုး ရှိပါသည်။
ပုညကိရိယာဝတ္ထုဆယ်ပါး။
(၁)ဒါန – အလှူပေး ခြင်း၊
(၂)သီလ – ကိုယ့်ကျင့်သီလစောင့်ထိန်းခြင်း၊
(၃)ဘာဝနာ - သမထဘာဝနာ ဝိပဿနာဘာဝနာ တို့ကို ကျင့်ကြံအားထုတ်ခြင်း၊
(၄)အပစာယန – ရတနာသုံးပါး ဆရာမိဘ ကြီးသူတို့အား ရိုသေလေးစားခြင်း၊
(၅)ဝေယျာဝစ္စ – အများကောင်းကျိုးများကိုဆောင်ရွက်ခြင်း၊
(၆)ပတ္တိဒါန – မိမိ၏ကုသိုလ်ကောင်းမှုများကို သတ္တဝါတို့အား အမျှပေးဝေခြင်း၊
(၇)ပတ္တာနုမောဒန – သူတစ်ပါးတို့ပေးဝေ သော ကုသိုလ်ကောင်းမှုကို မိမိက သာဓုခေါ်ခြင်း၊
(၈) ဓမ္မဿဝန – တရားတော်ကို နာယူမှတ်သားခြင်း၊
(၉)ဓမ္မဒေသနာ – တရားတော်ကိုဟောကြားခြင်း၊
(၁ဝ)ဒိဋ္ဌိဇုကမ္မ – မှန်ကန်သော အယူကိုယူခြင်းတို့ ဖြစ်ပါ သည်။
ပါရမီ(၁ဝ)ပါး။
(၁)ဒါနပါရမီ – အလှူပေးခြင်း၊
(၂)သီလပါရမီ – ကိုယ်ကျင့်သီလစောင့်ထိန်းခြင်း၊
(၃)နေက္ခမ္မပါရမီ – တောထွက်ခြင်း (ဝါ)စည်းစိမ် ဥစ္စာစသည်တို့ကို စွန့်လွှတ်အနစ်နာခံခြင်း၊
(၄)ပညာပါရမီ – အသိအလိမ္မာဉာဏ်ပညာဖြင့် လောကကောင်းကျိုး ဓမ္မကောင်းကျိုးကို ဆောင်ရွက်ခြင်း၊ (၅)ဝီရိယပါရမီ – ကြီးမားရဲရင့်သောဇွဲလုံ့လဖြင့် လောကကောင်းကျိုး ဓမ္မကောင်းကျိုးကို ဆောင်ရွက်ခြင်း၊
(၆)ခန္တီပါရမီ – သည်းခံခြင်းဖြင့် လောကကောင်းကျိုး ဓမ္မကောင်းကျိုးကိုဆောင်ရွက်ခြင်း။
(၆)ခန္တီပါရမီ – သည်းခံခြင်းဖြင့် လောကကောင်းကျိုး ဓမ္မကောင်းကျိုးကိုဆောင်ရွက်ခြင်း။
(၇)သစ္စာပါရမီ – မှန်ကန်သောသစ္စာ တရားဖြင့် လောကကောင်းကျိုးကိုဆောင်ရွက်ခြင်း၊
(၈)အဓိဋ္ဌာနပါရမီ – ခိုင်မြဲသော အဓိဋ္ဌာန်ဖြင့် လောက ကောင်းကျိုး ဓမ္မကောင်းကျိုးကို ဆောင်ရွက်ခြင်း၊ (၉)မေတ္တာပါရမီ – သတ္တဝါအနန္တအပေါ်၌ အညီအမျှ ချစ်ခင်ခြင်းဖြင့် လောကကောင်းကျိုးကို ဆောင်ရွက်ခြင်း၊
(၁ဝ)ဥပေက္ခာပါရမီ – ချစ်ခြင်း၊ မုန်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းစသည်တို့၌ အညီအမျှထားခြင်းဖြင့် လောကကောင်းကျိုးကို ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။
ကုသိုလ်အားလုံးမလုပ်နိုင်ရင်တောင်မှ ၅ ပါးသီလခေါ်တဲ့
(၁) ပါဏာတိပါတ ၀ိရတီ= သတ္တဝါတို့ကို သေစေလိုသော စေတနာဖြင့် သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်မှု။
(၂) အဒိန္နာဒါန ၀ိရတီ= သူတစ်ပါးတို့၏ ဥစ္စာကို ခိုးဝှက်တိုက်ခိုက်လှည့်ပတ်ယူခြင်းမှ ရှောင်ကြဉ်မှု။
(၃) ကာမေသုမိစ္ဆာစာရ ၀ိရတီ= ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်ယုတ်မာမာကျင့်ခြင်းမှ ရှောင်ကြဉ်မှု။
(၄) မုသာဝါဒ ၀ိရတီ= မဟုတ်မမှန် လိမ်လည်၍ ပြောဆိုခြင်းမှ ရှောင်ကြဉ်မှု။
(၅) သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ ၀ိရတီ= မေ့လျော့ပေါ့ဆခြင်း၏ အကြောင်းဖြစ်သော သေရည်အရက် စသည်ကို သောက်စားခြင်းမှ ရှောင်ကြဉ်မှု။
တို့ကိုအသက်ထက်ဆုံးစောင့်ထိန်းရင်ပဲ သောတာပန်မဖြစ်သည့်တိုင်နောက်ဘ၀အပါယ်ဘုံသို့မရောက် နိုင် တော့ပါ။
မှတ်ချက်။
သတ္တ၀ါတွင်တိရစ္ဆာန်အမျိုးမျိုး၊ကြမ်းပိုး၊သန်းဥ၊ခရုစသည်တို့အားလုံးပါဝင်သည်။
ငါးပါးသီလဆိုင်ရာတောင်မြို့ဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသ၏လင်္ကာများ။
ပါဏာတိပါတ်၊သူ့သက့်သတ်က၊ ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊အားအင်ချို့ယွင်း၊လျင်ခြင်းလည်းဝေး၊
ဘေးကိုကြောက်တတ်၊အသတ်ခံရာ၊အနာများလျက်၊ခြွေရံပျက်၍၊အသက်တိုလျ၊ ပြစ်များစွာသည့်၊
ရှောင်ကအပြန်အကျိုးတည်း။
အဒိန္နဒါ၊ ခိုးမိပါမူ၊ ဥစ္စာနည်းမွဲ၊ ဆင်းရဲခတ်ဘိ၊ လိုရှိမရ၊ ဘောဂ ပျက်စီး၊ ရေ -မီး-သူခိုး-မွေးခံဆိုးနှင့်
မင်းဆိုးအပြား၊ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ပြစ်များစွာသည့်၊ရှောင်ခါအပြန် အကျိုးတည်း။
မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွါး၍၊ ရှားပါးလာတ်တိတ်၊ချမ်းသာဆိတ်၏၊
က္ကုတ္ထိပဏ္ဍိုမျိုး၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊အရှက်ရလျက်၊ လက္ခဏ က္ကူနြေ္ဒ၊ ယွင်းသွေချို့သိမ်၊
စိုးရိမ်များစွာ၊ချစ်သူခွါသည်၊ရှောင်ခါအပြန်အကျိုးတည်း။
မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပြီ၊ သွားမညီတည်း၊ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ က္ကုနြေ္ဒနောက်၊
ပုံယွင်းဖေါက်၏၊ မရောက်သြဇာ၊ နှုတ်လျှာ ကြမ်းထော်၊ လျှပ်ပေါ် လောလီ၊စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန်အကျိုးတည်း။
သေရည်သောက်လင့်၊ သင့်မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိ မေ့ရူး၊ ကျေးဇူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ရှောင်ခါအပြန်အကျိုးတည်း။
ကျမ်းကိုး။
၁။ တောင်မြို့ဆရာတော်ဘုရားကြီးဇနကဘိဝံသ၏ရတနာ့ဂုဏ်ရည်နှင့်ရုပ်ပုံရှင်ကျင့်ဝတ်။
၂။ ကျော်ဇေယျ၏သောတာပန်။
၃။ လောကနတ်။ internet blog
၎။ ဗုဒ္ဓကမ္ဘာ။ internet blog
No comments:
Post a Comment