လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Tuesday, September 10, 2013

ဝေဒနာနဲ့ ကျမ နုပမ်းလုံးခဲ့သည်များ။


 
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဝေဒနာနုပဿနာရှုမှတ်နည်း။
မြတ်စွာဘုရား ရောဂါအသည်းအသန်ခံစားနေရသော ဖဂ္ဂုဏရဟန်းအား ဟောတော်မူသောတရားတော် (အင်္ဂုတ္တိုရ်ပါဠိတော်၊ဖဂ္ဂုဏသုတ္တန်) ကို မိုးကုတ်ဆရာတော်ဘုရားကြီးပြန်လည်ဟောတော်မူသည့် ဝေဒနာခွါ နည်း အလုပ်ပေးတရားတော်။

 

ဝေဒနာနဲ့ ငါနဲ့မရောစေနဲ့။
ဝေဒနာဆိုတာ ဝေဒနာက္ခန္ဓာ။ ဝေဒနာက္ခန္ဓာက သူ့ဟာသူ ဝေဒနာက္ခန္ဓာ၊ ငါက သွားပြီး မရောပါနဲ့၊ ဝေဒနာက သူ့ဟာသူ ဟိုကနာလိုက်၊ ဟိုကကျင်လိုက်၊ ဒီက ကိုက်လိုက်၊ဟိုကထိုးလိုက်၊ဒီကထိုးလိုက်နဲ့ ခန္ဓာကိုယ် ရှိနေရင် ဝေဒနာက္ခန္ဓာ ချည်းဆိုသောကြောင့်    ဝေဒနာ ကတော့ ရှိနေမှာပဲ။ ဝေဒနာက္ခန္ဓာကို ဝေဒနာက္ခန္ဓာ လို့ပဲသိထားရမယ်။ ငါမှ ဖြစ်မှဖြစ်ရလေခြင်းလို့ ဝေဒနာထဲမှာ ငါ ၀င် မပါလိုက်နဲ့။ ဝေဒနာက နေရာတိုင်း ဟိုနေရာ ဒီနေရာမှာ နာမှာပဲ။ အဲ့ဒါကို ငါ့လက် နာတယ်။ ငါ့လည်ချောင်းနာတယ်။ အစရှိသည်ဖြင့်    ဝေဒနာနဲ့ ငါ နဲ့ သွားသွားပူးတယ်။ ဝေဒနာကို ငါ ဆိုပြီးသွားရှု့နေတယ်။ ငါက တခြား၊        ဝေဒနာကလဲ တခြား။ ငါဆိုတာက ရှိတာ လဲမဟုတ်ဘူး။ ဝေဒနာဟာ ဝေဒနာက္ခန္ဓာပေါ့။    ဝေဒနာက္ခန္ဓာဆိုတာ ဝေဒနာ စေတသိက်ပဲ။ နာမ်ဓမ္မခန္ဓာ တစ်မျိုးပဲ။ ခန္ဓာငါးပါး တစ်ပါး အပါအ၀င်မို့ အနိစ္စပဲ။ ဒီနေရာမှာ ဝေဒနာပေါ်ပြီး ဒီနေရာမှာ ဝေဒနာ ပျက်တယ်။ ဟိုနေရာမှာ ဝေဒနာပေါ်ပြီး ဟိုနေရာမှာ ဝေဒနာပျက်တယ်။ ဒီလိုသာ ဥာဏ်နဲ့ လိုက်နေပါ။ မမာတဲ့ သူကလည်း တရားထိုင်သူလိုပဲ ဝေဒနာကို ငါ နာတယ်လို့ မမှတ်ပဲ ဥာဏ်ကလေးနဲ့ အထက်ကအတိုင်း ဒီနေရာမှာ ဝေဒနာပေါ်ပြီး ဒီနေရာမှာ ဝေဒနာ ပျက်တယ်။ ဟိုနေရာမှာ ဝေဒနာပေါ်ပြီး ဟိုနေရာမှာ ဝေဒနာပျက်တယ်။ အဲ့ဒီလို မှတ် နေရမယ်။ ဝေဒနာကဖြင့်    အနှံ့အပြား ပေါ်လိမ့်မယ်။ ဘယ်ကနာ သလဲ။ တစ်ကိုယ်လုံးက နာတယ်။ တစ်ကိုယ်လုံးက နာပေမဲ့ ပြင်းထန်တဲ့ နေရာကိုဖြစ်ပျက် ရှု့ပေး။

ငါဆိုတာ ဒိဋ္ဌိဓမ္မတစ်မျိုး။ လူတွေက ဒိဋ္ဌိနာမ်နဲ့ ဝေဒနာနာမ်ကိုသွားပြီး ရောထွေးပစ် နေကြတယ်။ ဒိဋ္ဌိဓမ္မနဲ့ ဝေဒနာနာမ်တွေက ပရမတ်နာမ်တွေဖြစ်ပေမဲ့ ပရမတ်သဘာဝ ချင်းတခြားစီပဲ။ ပရမတ်သဘာဝချင်းက မရောဘူး။ ဒါပေမဲ့ ခင်ဗျားတို့က လောကွတ် ချော်ပြီး သွားရောကြတယ်။ ဝေဒနာက ကာယဒွါရ ကိုယ်ပေါ်မှာ ပေါ်နေတာ။ ဒိဋ္ဌိက မနောဒွါရမှာ။ ကိုယ်နဲ့ မနော အဝေးကြီးကိုသွားရောကြတယ်။ ဒါကြောင့်သေခါနီး            ဝေဒနာဖြစ်တော့ ငါနာတယ်ဆိုပြီး။ ဝေဒနာကို ငါလုပ်တဲ့အတွက် ဒိဋ္ဌိတန်းလန်းနဲ့       သေလို့ အပါယ်လားရတယ်။ ကိုယ်ကျိုးနဲ ရတယ်။ နာလိုက်တာ။

အဲ့ဒီလို မဖြစ်အောင် မိစ္ဆာဒိဋ္ဌိအစား သမ္မာဒိဋ္ဌိနဲ့ပြောင်းရှု့ရမယ်။ ဘယ်လိုလဲဆိုတော့          ဝေဒနာဟာ ငါလည်းမဟုတ်ဘူး။ အနိစ္စပါလို့ သိလိုက်ရင် သမ္မာဒိဋ္ဌိနဲ့သိတာဖြစ်လို့            ဝေဒနာနောက်က သမ္မာဒိဋ္ဌိမဂ္ဂင်လိုက်တယ်။ တစ်နည်း မဂ်ဖြစ်သွားတယ်။ အဲ့ဒီလို  ရှုမှတ်ရင် ဝေဒနာပေါ်တိုင်း ပေါ်တိုင်း ၀ိပဿနာမဂ်ဥာဏ် ရနေတယ်။

လူမမာဟာ ဝေဒနာကို မရှု့တတ်ရင်၊ နာလိုက်တာ ဘယ်လိုနေရမှန်း မသိဘူး။ ဘယ်လိုထိုင်ရမှန်း မသိဘူး။ ရှေ့သာတိုးနေတယ်။ နောက်မဆုတ်ဘူး။ မသက်သာဘူး။ ပိုဆိုးနေတယ်။ ဆိုပြီး ဝေဒနာတစ်ခုတည်းကိုပဲ ရှေတိုးလိုက် နောက်ဆုတ်လိုက် ဆိုတော့   ဝေဒနာကို အတ္တဒိဋ္ဌိဖြစ်နေတာ။

ဝေဒနာကို ဖြစ်ပျက်လို့ သိနေတာကြောင့် (ဝေဒနာ ပစ္စယာ တဏှာ) ဝေဒနာကြောင့် တတ်မက်ခြင်း တဏှာဆိုတာမဖြစ်တော့ဘူး။ တဏှာမဖြစ်တော့ တဏှာကနေ ဆက်ဖြစ်မဲ့ တရားတွေဆက်မဖြစ်တော့ဘူး။ တနည်း စက်ဝိုင်းသဏ္ဍန်လည်နေတဲ့ ပဋိစ္စသမုပ္ပါဒ်ပြတ်ပြီး  သံသရာ ဆက်မလည်တော့ဘူး။

            အထက်ပါမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ဝေဒနာရှုနည်းကို ရှု့မှတ်ဖို့
ခန္ဓာ ငါးပါး၊သက္ကာယဒိဋ္ဌိ၊ပရမတ်၊ပဋိစ္စသမုပ္ပါဒ် ဆိုတာ တွေကိုနားလည်ဖို့ လိုပါ တယ်။   ခန္ဓာ ငါးပါး၊သက္ကာယဒိဋ္ဌိ၊ကို ဒီBlog မှာ စိတ် (mind) ဆိုပြီးအကျဉ်းဖေါ်ပြ ထားပါတယ်။

     နားလည်လွယ်အောင်ရေးရရင် ပရမတ်တရားဆိုတာ တကယ်ရှိတဲ့ တရား ဒါပေမဲ့ ဆုပ်ကိုင်ပြလို့မရဘူး။ ပရမတ်တရား လေးပါးပဲ ရှိပါတယ်။ စိတ်၊စေတသိတ်၊ရုပ်၊နိဗ္ဗာန်ပါ။ ဒီလေး ပါးထဲ မပါတာမှန်သမျှ ပရမတ်တရားမဟုတ်ပါဘူး။ ပညတ်များ (အမည်ပေး ထား သောအရာများလို့အဓိပ္ပါယ်ရပါတယ်) သာဖြစ်ပါတယ်။ ဒါကြောင့် ငါ၊ သူ၊ ယောကျာ်း၊ မိန်းမ၊ ၀င်လေ ထွက်လေ၊ ခြေ၊လက် စသည် တို့ဟာ ပညတ်တွေပါ။

ပရမတ်တရားက ၀ိပဿနာ တရားလုပ်မဲ့ သူတွေအတွက်အလွန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၀ိပဿနာရှုတဲ့သူက ပရမတ်တရားကိုသာရှု့ရလို့ပါ။ ရှုမှတ်ရမဲ့ ပရမတ် တရား လေးပါးထဲက စိတ်၊စေတသိတ်၊ရုပ်၊ဆိုတဲ့ တရားသုံးပါးကို သာရှု ရ  ပါတယ်။ စိတ်နဲ့စေတသိတ်ဆိုတာကျမတို့လို လူပြိန်းအတွက်တော့ တစ်ခုထဲပါ။ စိတ်နဲ့ စေတသိတ်ကိုမြတ်စွာဘုရားခွဲဟောလို့သာသိရတာပါ။ ကျမတို့အနေနဲ့ ခွဲ မသိပါဘူး။  စိတ်နဲ့စေတသိတ်အပေါင်းကိုနာမ်လို့ခေါ်ပါတယ်။

ဒီတော့ ကျမတို့အတွက် ၀ိပဿနာရှု့ရမှာ စိတ်(နာမ်)နဲ့ရုပ် နှစ်ခုပါပဲ။ ဝေဒနာဆိုတာ ခံစားချက်တွေ (feeling) ဖြစ်တဲ့အတွက် နာမ်တရားပါ။ အကြမ်းအားဖြင့် ရှုမှတ် ရမဲ့         ဝေဒနာကို၊ ကောင်းတဲ့ခံစားချက် (သုခဝေဒနာ)၊ မကောင်းတဲ့ ခံစားချက် (ဒုက္ခ ဝေဒနာ)၊ မသိမသာ ခံစားချက် (ဥပေက္ခာဝေဒနာ) လို့ခွဲခြားနိုင်ပါတယ်။ နာတာ၊ ကျင်တာ ကိုက်ခဲတာစတဲ့ မခံစားချင်တဲ့ဝေဒနာတွေက ဒုက္ခဝေဒနာ ပါ။ စိတ်ချမ်း သာတာ၊ပျော်ရွှင်တာတွေက သုခဝေဒနာပါ။ လေ တိုးဝင်တာ တိုးထွက် သွားတာ တွေက စိတ်ချမ်းသာတာလဲ မဟုတ်၊စိတ်ညစ်စရာလဲမဟုတ်တာမို့ အဒုက္ခမသုခ                  (ဥပေက္ခာဝေဒနာ) လို့ခေါ်ပါတယ်။

    တရားအားထုတ်စ သူတွေကို ဒုက္ခပေးတာက မကောင်းတဲ့ခံစားချက်တွေဖြစ်တဲ့၊  နာတာ၊ကျင်တာ၊ ကိုက်တာ၊ ယားတာစတဲ့ ဒုက္ခဝေဒနာ တို့ဖြစ်ပါတယ်။

ကျမ တရားစ ထိုင်စဉ်က အဲ့ဒါတွေ ဘာမှ မသိပါဘူး။ သိအောင်လည်းမကျိုးစားပဲ ကိုယ့်ဘာသာ ထင်ရာလျှောက် လုပ်နေခဲ့ပါတယ်။ ပထမ အကြိမ် သင်္ကြန်တွင်း တရား   စခမ်းဝင်တော့ တရားထိုင်တာ ၅မိနစ်တောင်မရှိသေးဘူး။ ခြေထောက်က နာလာပါတယ်။ နာတာကို နာတယ်လို့  မှတ်နေရင်း ပိုပိုနာ လာတယ်။ ဒီတော့ ခြေထောက်ကို နဲနဲ နေရာပြောင်းလိုက်တယ်။ နာတာသက်သာသွားတယ်။ ဒါပေမဲ့ မကြာပါဘူး။ ထပ်နာပြန်တယ်။ ထပ်နာ ထပ်ရွေ့နဲ့ တရားထိုင်ချိန် တစ်နာရီသာ ကြာသွားတယ်။ ခြေနာတာက မပျောက်ဘူး။ စိတ်ထဲမှာ ခြေထောက်နှစ်ချောင်းကို အင်္ဂတေလိုမျိုး၊သံခြေကျင်းလိုမျိုးနဲ့စွပ်ထားပြီး တစ်ဖြေးဖြေးချင်း တင်းကြပ်ပေးတာ လိုမျိုးခံစားရတယ်။ တရားဖြုတ်လိုက် ပေမဲ့လည်းခြေထောက်အနာက လုံးဝ ပျောက် မသွားဘူး။ နောက်တစ်ချိန်ပြန် တရားထိုင်ရမှာတောင်ကြောက်နေတယ်။ တစ်နာရီ စင်္ကြန် လျှောက်ပြီးတော့ ပြန် တရားထိုင်တယ်။ ခြေထောက်ပေါ် ကိုယ် အလေးချိန် မပိအောင် တတ်နိုင်သမျှ အ၀တ်တွေခုပြီး ထိုင်တယ်။ ဒါပေမဲ့မရဘူး။ နာတာပဲ။ နာတယ်မှတ်လည်း မရဘူး။ ပိုပို တောင်နာ လာတယ်။ အဲ့ဒီတော့ တရား အပေါ် သံသယ ၀င်လာတယ်။ တရားတော်က ဘယ် အရာမှမမြဲဘူး။ အနိစ္စတဲ့။ ငါ့ခြေထောက် အနာကတော့ မြဲနေပါလား။ မြတ်ဘုရားဟောတဲ့ အနိစ္စဆိုတာ ပရမတ်တရားတွေရဲ့ အနိစ္စကိုပြောတာကို ကျမ တရားအသိ ကြားဖူးနားဝ ပညာ (သုတမယဥာဏ်) မရှိပဲ တရားတော်ကို သံသယ တွေဖြစ်နေခဲ့တာပါ။ ငါဆိုတဲ့ သက္ကယဒိဋ္ဌိဖြစ်နေတာ၊ မသိတဲ့အတွက် တရားထိုင်ရင်း မတရားဖြစ်နေခဲ့ တယ်။

   ကိုယ်သိတဲ့ ဆေးပညာနဲ့စဉ်းစားလိုက်တယ်။ ခြေထောက်ပေါ် ကိုယ် အလေးချိန် ဖိနေတဲ့အတွက် သွေးအသွားအလာ မရှိဘူး။ ဒီတော့ ဆဲလ်တွေက ထွက်တဲ့ အဆိပ် တွေခြေထောက်မှာစုနေလို့ နာတာ။ ဒီ့အပြင် ၀င်လေထွက်လေကို သာမာန် ထက် မြန်မြန်ရှုသွင်းနေ ရှုထုတ်နေတာကြောင့် ထုတ်လေ မှာပါသွားတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် (CO2) နည်းသွားလို့ ကိုယ်ထဲ့မှာ အက်စစ် ဓါတ် (acidic) များလာ တဲ့အတွက် ကြွက်သားတွေ လိုအပ်တဲ့ ကယ်စီရမ်ဓါတ် (Calcium) တွေ အလုပ် မလုပ်နိုင်လို့ကြွက်သား တွေနာ တာစသည်ဖြင့် ကိုယ့်ရဲ့ မတတ်တစ်ခေါက် အသိ ဥာဏ်နဲ့လိုက်စစ် နေတယ်။ မပြည့်တဲ့အိုးဘောင်ဘင်ခတ် (little knowledge is dangerous) ဆိုတဲ့အတိုင်း မတရားတွေး တွေးနေခဲ့တယ်။

               တရားအားထုတ်ခါစမှာ အထူးသဖြင့် အာနာပါန နည်းနဲ့ရှုမှတ်တဲ့အခါ သာမာန်အသက်ရှုသလိုရှု့ရင် သမာဓိ မရသေးတဲ့အတွက် မှတ်လို့ မရပါဘူး ဒီတော့ သာမာန်ထက်ပိုပြီးပြင်းပြင်းရှုပါတယ်။ ပြင်းပြင်းရှုတဲ့အတွက် အထက်မှာရှင်းပြသလို    acidic ဖြစ်လာပြီး ပိုမိုနာကျင်ကိုက်ခဲတဲ့ ဒုက္ခဝေဒနာ တွေ ဖြစ်ပါတယ်။ အဲ့ဒီလို မဖြစ်အောင်  အသက်ပြင်းပြင်းရှုမဲ့အစား သတိကို ပိုထားပြီး၊  အသက်ရှုမှုကိုတော့ တတ်နိုင်သမျှ သာမာန်အတိုင်းဖြစ်အောင်ရှုရင် မခံနိုင် လောက်အောင် နာကျင်တဲ့       ဒုက္ခဝေဒနာတွေ အဖြစ်နည်းပါတယ်။ ဒုက္ခဝေဒနာတွေ မဖြစ်လို့ တရားရနေတယ်
လို့လည်း အထင်မကြီးလိုက်ပါနဲ့။ ရှုမှတ်ရမဲ့အာရုံမှာ စိတ်မရောက်ပဲ အတွေးထဲ မျောနေရင်လည်း ဒုက္ခဝေဒနာတွေ မဖြစ်ပါဘူး။ အတွေးတွေထဲ ရောက် နေမှန်း သိရင်      ၀င်လေ၊ ထွက်လေကြောင့် ဖြစ်တဲ့ လေထိတဲ့ ခံစားမှုအပေါ် စိတ်ကိုပြန် ထားပါ။ ထိနေတဲ့နှခေါင်းဆိုတာကိုလည်းမမှတ်ပါနဲ့၊ ထိတဲ့ခံစားမှု ကိုသာ သိနေဖို့ လိုပါတယ်။ သိတယ်ဆိုတဲ့ ခံစားမှုကသာ ဝေဒနာ (ဥပေက္ခာဝေဒနာ) လို့ ခေါ်တဲ့ ပရမတ်နာမ် တရားဖြစ်ပါတယ်။ နှခေါင်းဆိုရင် ပညတ်ရုပ်ပေါ် မှတ်စိတ် ရောက် သွားပါပြီး။ ၀င်လေ ထွက်လေ လို့ သိပြန်ရင်လည်း ၀င်လေ ထွက်လေဆိုတဲ့ ပညတ်ရုပ် ပေါ် ရောက်
သွားပြီး  သမထဘာဝနာ ဖြစ်သွား ပါတယ်။

  ဝေဒနာနုပဿနာဖြစ်ဖို့ နာတာ ကျဉ်တာကိုအာရုံပြုရင်  နာတာ ကျဉ်တာ သက်သက် ကိုသာ သိနေရမှာပါ။ နာနေတဲ့ ခြေထောက်၊ခါး စသည် မပါဖို့ လိုပါတယ်။ နာတာ ဘယ်လိုလေး လဲ ၊ဆူးစူးသလိုလား၊ တူနဲ့ထုသလိုလား ပိုပိုဆိုးလာသလား၊ နဲနဲ လျော့သွားသလား စသည်ဖြင့် သူ့ရဲ့ သဘော သဘာဝကို စိတ်ဝင်စားစွာ ဂရုစိုက် ကြည့်မယ်ဆိုရင် ပို မနာပါဘူး။ တစ်ခါတရံ အနာလျော့ သွားပြီး ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ နာတာ ကိုပျောက်စေလိုတဲ့စိတ်နဲ့ မကြည့်ရပါဘူး။ ပျောက်ချင်တဲ့ စိတ်ဆိုတာ လောဘကိလေသာ ပါ။ ကိုယ် မသိတဲ့ နာနေတဲ့ သူကို ဘေးကထိုင်ကြည့်ရ သလိုမျိုး ဖြစ်ရပါ မယ်။ ငါ့ခြေထောက်နာတယ်လို့သိနေရင် ငါဆိုတဲ့ အတ္တပါ လာလို့ ပိုနာတာပါ။ ဥပမာ အားဖြင့် ကိုယ်မသိတဲ့သူသေဆုံးခြင်း အတွက် သိပ်မခံစားရပဲ၊ ကိုယ်ချစ်တဲ့သူ သေဆုံး တဲ့အခါ အလွန်အမင်း ခံစားရ သလို ပါပဲ။ သေတာခြင်းတူပေမဲ့ ချစ်ခင်ခြင်း    ဆိုတဲ့ တဏှာကိလေသာကြောင့် ပိုခံစားရတာပါ။

          သမာဓိအားကောင်းတဲ့အခါ တခါတရံ ဒုက္ခဝေဒနာ မဖြစ်ပဲ ခန္ဓာကိုယ်ရဲ့ တစ်စိတ် တစ်ပိုင်း (၀ါ) တစ်ကိုယ်လုံး မရှိတော့ဘူးလို့ ခံစားရပါတယ်။ ကျမ စပြီး ခံစားရစဉ်က ဗဟုသုတ မရှိတာကြောင့် မျက်စိဖွင့်ကြည့်ခဲ့ မိပါတယ်။ မျက်စိဖွင့် လိုက်တဲ့ အတွက် ရထားတဲ့ သမာဓိလေးပျောက်သွားပါတယ်။

         တခါတလေ သမာဓိအားကောင်းတဲ့အခါ မျက်စိထဲမှာအလင်းတွေမြင် ပါတယ်။  ကျမ စမြင်စဉ်က ညဘက် တရားစခမ်းမှာတရားထိုင်နေစဉ် တခန်းလုံး လင်းထိန်သွားတဲ့ ခံစားချက်ကြောင့် ဘယ်သူများ စလိုက်မီးထိုးသလဲဆိုပြီး မျက်စိဖွင့်ကြည့်ခဲ့ဘူးပါ တယ်။ အခုမှ အဲ့ဒါတွေဟာ ၀ိပဿနာညစ်ညူးကြောင်း တရား ၁၀ ပါးတွေဖြစ်တယ် ဆိုတာ သိရပါတယ်။

      တခါကတော့ တစ်ကိုယ်လုံးပေါ့ပါးပြီး ဘာမှမရှိတော့ဘူး။ အဲ့ဒီတုံးကလည်း              ရှု့မှတ်  စရာ ကိုယ်လည်းမရှိ၊ နာခေါင်းတွေလည်းမရှိနဲ့ ဘာရှု့ရမှန်း မသိဖြစ်ခဲ့ ဘူး     ပါတယ်။ တကယ်က သမာဓိအားကောင်းလာတဲ့အတွက် ကြမ်းတမ်းတဲ့ ရုပ်တရားကို        ရှု့မှတ်လို့ မရတာပါ။ သိမ်မွေ့တဲ့ နာမ်တရားဖြစ်တဲ့ သိ နေတာလေးကို ရှု့မှတ်ရမှာပါ။ ဒါပေမဲ့ ၀ိပဿနာတရား ဗဟုသုတမရှိတဲ့ကျမ ကိုယ်ထင်ရာဆိုင်းခဲ့တဲ့အတွက် အဖိုတန်းလှတဲ့ အချိန်တွေ၊ သမာဓိတွေဆုံးရှုံးခဲ့ပါတယ်။

တခါတလေတော့ ဒုက္ခဝေဒနာမဖြစ်ပဲ စိတ်ထဲမှာပျော်နေတယ်။ အဲ့ဒီလို နေရ တာကိုကြိုက်နေတယ် ဆက်ပြီးဖြစ်နေချင်တယ်။ တကယ်က သုခဝေဒနာဆိုတဲ့ ခံစားချက်ပါပဲ။ အဲ့ဒါကို ပျော်တယ် (သုခဝေဒနာ) လိုမှတ်နေရမှာ။ ကြိုက်တယ်။ ဆက်ပြီးဖြစ်ချင် နေတယ်ဆိုရင် တဏှာဖြစ်သွားပြီ။ ဒါကြောင့် ၀ိပဿနာ ညစ်ညူး ကြောင်းလို့ပြောတာ။

ဝိပဿနာ ဆိုတာကိုယ်မှာ ဖြစ်နေသမျှကို သိရုံသိနေရမှာ။ ဥပမာအားဖြင့်ရုပ်ရှင်ကို ရုပ်ရှင်ပဲ၊ ဒါရိုက်တာခိုင်း သလို လုပ်နေကြတာလို့ဥာဏ်ပါပါကြည့်နေရမှာ။ ရုပ်ရှင် ထဲက ဇတ်ကောင် တွေလို လိုက်ခံစားရမှာမဟုတ်ဘူး။ ရွှေဘ ဆိုတဲ့ဇတ်လိုက် နံမည်ကြီး စဉ်က သူ့ကိုရုပ်ရှင်ထဲမှာလူဆိုးတွေကရိုက်နေကြရင်ပွဲကြည့် ပရိတ် သတ်က ပိတ်ကားကိုခဲတွေနဲ့ပစ်ကြတယ်ဆိုတာကြားတုံးက ဒီလူတွေတော်တော် ရူးတာပဲလို့ ထင်ခဲ့ မိတယ်။ ကိုယ်တိုင်တရားထိုင်မှ ကိုယ်လည်းဘာထူးလဲ။ (ငါ) မဟုတ်တာကို ငါထင်ပြီး ငါနာတယ်။  ငါဝမ်းသာတယ်။ ဖြစ်နေခဲ့တာ။ ဒါကြောင့် မြတ်ဘုရားက ပုထုဇဉ်တွေဟာ အရူးတွေလို့ ဟောခဲ့တာကိုး။

ဝိပဿနာတရားလုပ်ရာမှာ သောတာပန်မရမချင်း တရားထိုင်စဉ်ရတဲ့ သမာဓိတွေ        ဟာ မတည်မြဲပါဘူး။ အခုရထားပေမဲ့နောက်ရချင်မှ ရပါတယ်။ ဥပမာ ပြောရရင် သောတာပန်ဆိုတာ ၁၀ တန်းအောင်လက်မှတ်နဲ့တူပါတယ်။ ၁၀ တန်း တစ်ခါ အောင်ထားရင် ဒီဘ၀အတွက်တော့ ထပ်ဖြေစရာမလိုတော့ပါဘူး။ သောတာပန်     ကတော့ တစ်ခါရထားရင် တစ်သံသရာလုံး valid ဖြစ်ပါတယ်။ ထပ်ဖြေ စရာမလို       ပါဘူး။ အဲ့ဒါမရရင်တော့ အစက အမြဲပြန်စရပါတယ်။ အခုဏက သမာဓိကောင်း       ထားလို့ အခုပြန်ထိုင်ရင် ခုဏက သမာဓိရလိမ့်မယ်မထင်ပါနဲ့။ တခါတရံ လုံးဝ သမာဓိမရတဲ့အပြင် ခံရခက်တဲ့ ဒုက္ခဝေဒနာတွေတောင်  အပြင်းအထန်ပြန် ခံစားရ  ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုဏက ငါသမာဓိ ကောင်းတယ်ဆိုပြီး  ကိုယ် သတိ မထားလိုက်မိတဲ့ ငါ ဆိုတဲ့ အတ္တဒိဋ္ဌိနဲ့ မာနပါသွားလို့ပါ။ တရားသဘောဟာ အင်မတန်မှ သိမ်မွေ့ပါတယ်။

တခါက တရားစခမ်းတစ်ခုမှာ ၁၀ ရက်စခမ်းဝင်ပါတယ်။ တရားထိုင်ဖက်တွေ တရားတက်တယ်ဆိုတာတွေကြားနေရတယ်။ သူတို့ရရင် ငါလည်းရ ရမယ်ဆိုပြီး အပြင်းအထန် လုပ်ပါတယ်။ ဒါပေမဲ့ ၁၀ ရက်သာကုန်သွားတယ်။ ဒုက္ခဝေဒနာကို လက်မြှောက်အရှုံးပေးပြီးပြန်ခဲ့ရပါတယ်။ ဘာ သမာဓိမှမရပါဘူး။ အိမ်ရောက်မှ စဉ်းစား မိတယ်။ ငါ ဆိုတဲ့ အတ္တ (သက္ကာယဒိဋ္ဌိ) နဲ့ မာန ဖြစ်နေခဲ့တာ ဘယ်လိုလုပ် တရား ရမှာလည်း။

 ဆက်လက်ဖေါ်ပြပါမယ်။

3 comments:

  1. Much appreciated for sharing your experiences. Your example of the matriculation exam(10 Standard) pass certificate and 'thaw-ta-pan' is an excellent one. In this sense I regard your post as my extra 'tuition' for my own 'sal-tan' exam that I have so far failed countless times. I look forward to the next lesson, the next part of your article.

    ReplyDelete
  2. Thank you very much for your kind and constant encouragement. I have learned that you are a senior bloger. I would like to visit and learn from your blog also but unfortunately, I cannot access to it.

    ReplyDelete
  3. Me, senior blogger? you must be joking.

    I do not have a blog. I have made this 'koyin' blog account about 2/3 years ago simply to read and write comments to other blogs 's posts. Thanks.

    ReplyDelete