လာရောက်ကြသူတွေရော မလာနိုင်သူတွေပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ

Saturday, March 23, 2013

သံဃာ့ဂုဏ်ရည် (၈)



 

ရဟန်းများအကပ်ခံခြင်း။
၁။ ယာဝကာလိက = စပါး၊ပဲ၊ထန်း။ဘူး၊အုန်း၊ပိန္နဲ၊ဖရုံ၊သခွား၊သစ်သီးကြီးကိုးပါး၊ ဆာလောင်မှုကို ဖျောက်သဖြင့် အာဟာရကိစ္စပြီးသောသစ်ရွက်သစ်သီး၊မုန့်မျိုးစုံတို့သည်ယနေ့နံနက်အကပ်ခံပြီး မွန်းမတည့်မှီအထိသုံးဆောင်နိုင်သည်။
မွန်းတည့်ရုံမျှ၊အပ်တုံက၊ ယာဝကာလိကာ။

၂။ ယာမကာလိက = အဖတ်မပါသောဖျော်ရည်အမျိုးမျိုးတို့သည်ဆာလောင်မွတ် သိပ်ခြင်းတည်းဟူသော အကြောင်း ကြောင့်ယနေ့အကပ်ခံပြီးနောက်နေ့အရုဏ်တက်သည့်တိုင်အောင်သုံး ဆောင်နိုင်သည်။
နောက်အာရုံမျှ၊အပ်တုံက၊ ယာမကာလိကာ။

၃။ သတ္တဟာကာလိက = ထောပတ်၊ဆီဥ၊ဆီ၊ပျား၊တင်လဲတို့သည်ကျန်းမားရေးအတွက် ယနေ့အကပ်ခံပြီး ခုနှစ်ရက်အတွင်းသုံးဆောင်နိုင်သည်။
ခုနှစ်ရက်မျှ၊အပ်တုံက၊ သတ္တဟာကာလိကာ။

၎။ ယာဝဇီဝက=အာဟာရကိစ္စကိုမပြီးစေသောဇီးဖြူ၊သျှိသျှား၊ဖန်ခါး၊ပိတ်ချင်း၊ ဂျင်း၊ ငရုတ်၊ကွမ်း၊လေးညှင်း၊ဆေး၊ ကြက်သွန်၊ အစရှိသောသစ်မြစ်သစ်ပွင့်၊ သစ်သီးကြီး ငယ်တို့ကိုဆေးဝါးအဖြစ်ကျန်းမားရေးအတွက် ယနေ့ အကပ်ခံပြီးတစ်သက်တာလုံးသုံး ဆောင်နိုင်သည်။
တစ်သက်လုံးမျှ၊အပ်တုံက၊ ယာဝဇီဝကာ။

 
ပရိဘောဂလေးမျိုး။ (သုံးဆောင်ခြင်း)။
၁။ ထေရပရိဘောဂ = ဒုဿီလရှင်ရဟန်းတို့ဆွမ်းသင်္ကန်းစသည်ကိုသုံး ဆောင်ခြင်း သည်ခိုး၍ သုံးဆောင်ခြင်း မည်သည်။

၂။ ဣဏပရိဘောဂ = သီလဝန္တရှင်ရဟန်းတို့ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ခြင်းသည် ကြွေးယူ၍ သုံးဆောင်ခြင်းမည်သည်။

၃။ ဒါယဇ္ဇပရိဘောဂ = သေက္ခပုဂ္ဂိုခုနှစ်ယောက်တို့သုံးဆောင်ခြင်းသည်အမွေခံ အဖြစ် သုံးဆောင်ခြင်းမည်သည်။

၎။ သာမိပရိဘောဂ = ရဟန္တအရှင်မြတ်တို့သုံးဆောင်ခြင်းသည်အစိုးရ သည်၏ အဖြစ်ဖြင့် သုံးဆောင်ခြင်းမည်သည်။                                                              
သစ်ပင်ကိုနတ်သတ်၊ဘုန်းကြီးကိုလာဘ်သတ်။

 
စုပေါင်း၍အလုံးစုံအကျဉ်းဆင်ခြင်ခြင်း။
အသက်ရှည်ကြာ၊ဘေရောဂါတို့၊ကိုယ်မှာမကပ်၊ပရိယတ်နှင့်၊ပဋိပတ်ရေး၊မျှော်ထောက်တွေး၍၊ဤဆေးဤဆွမ်းဤသင်္ကန်း နှင့်ရွှင်လန်းဖွယ်ကောင်း၊ဤစံကျောင်းကိုမှီအောင်းသုံးစွဲပါသတည်း။

ကျန်ပစ္စည်း၌ဆင်ခြင်ခြင်း။
ဆီမီးဖိနပ်၊ထီးတောင်ဝှေးစ၊ဟူသမျှကို၊အေးမြချမ်းပူ၊မြေငူသစ်ငုတ်၊ခလုတ်ဆူးငြောင့်၊
မနှောင့်ဘေးကျမ်း၊မသမ်းကင်းစင်၊စိတ်ကြည်လင်၍၊အားအင်ပြည့်မာ၊သာသနာကို၊ ကောင်းစွာကျင့်ဆောင်၊ဖြည့်နိုင်အောင်ဟုသုံးဆောင်မှီဝဲပါသတည်း။

သင်္ကန်းကိုဝတ်ရုံတိုင်းဆင်ခြင်ရန်(မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရား)။
ချမ်းပူကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေလွဲသုန်၊ ဟီရိဂုဏ်ကို၊ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ် မသိမ်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်းသုံးဆောင်ပါသတည်း။

ကျောင်း၊ အိပ်ရာသို့ ဝင်တိုင်းဆင်ခြင်ရန်။
ချမ်းပူကိုဖျက်၊ ခြင်မှက်လေနေ၊ ကင်းမြွေဝေးမှု၊ ဥတုဘေးကျမ်း၊ မသမ်းကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊ နေရာကျောင်းကို၊ ကိန်းအောင်း မှီ ခိုပါသတည်း။

ဆွမ်းလုပ်တိုင်းဆင်ခြင်ရန်။
ဤသည့်စားဘွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ဤကိုယ်ကောင်သည်၊ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ဘုရားသာသနာ၊ကျင့်နှစ်ဖြာကို၊ကျင့်ပါနိုင်စေ၊ ဝေဒနာဟောင်း၊ သစ်၊ မဖြစ်စေရ၊ ယာပိုထ်မျှလစ်၊ ခပ်သိမ်းပြစ်ကို၊  မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံး ဆောင်မှီဝဲပါသတည်း။

 
ဖျော်ရည်စသောဆေးကိုသုံးဆောင်တိုင်းဆင်ခြင်ရန်။
ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီး ဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်လျှင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည်သာ ရွှင်လန်း၊ ဖြည့်ကျင့်စွမ်းဖို့၊ ရည်မှန်းသုံးဆောင်ပါသတည်း။

 
ဓာတုမနသိကာရပစ္စဝေခက္ခဏာ (မင်းကွန်းတိပိဋကဆရာတော်)။
သင်္ကန်းအတွက်- သင်္ကန်းဝတ္ထု၊ ဤရုပ်အစုကား၊ဥတုခေါ်ညောင်း၊သူ့အကြောင်း ကြောင့်၊ဓာတ်ပေါင်းရှစ်ခု၊ဖြစ်ပေါ်စုသည်၊ ဓာတုမတ္တ၊မှန်မောလှ၏။ ဓာတ်မျှဖြစ်ဆန်း၊ထိုသင်္ကန်းကို၊ဖုံးလွှမ်းသုံးဆောင်၊ ဤကိုယ်ကောင်လည်း၊မြင့်ခေါင်ရှည်ခေတ်၊ မတည်လစ်ဘဲ၊ခုဖြစ်ခုပျက်၊တဖြတ်ဖြတ်လျှင်၊ရေပွက်နှိုင်းတု၊ပုံစံပြုသည်၊ ဓာတ်စု ဓာတ်ခဲပါတကား။

ဆွမ်းအတွက်- ဆွမ်းဝတ္ထု၊ ဤရုပ်အစုကား၊ဥတုခေါ်ညောင်း၊သူ့အကြောင်းကြောင့်၊ဓာတ်ပေါင်းရှစ်ခု၊ဖြစ်ပေါ်စုသည်၊ ဓာတုမတ္တ၊မှန်မောလှ၏။ ဓာတ်မျှဖြစ်ဆန်း၊ထိုသည့်ဆွမ်းကို၊အားရမ်းသုံးဆောင်၊ ဤကိုယ်ကောင်လည်း၊မြင့်ခေါင်ရှည်ခေတ်၊မတည်လစ်ဘဲ၊ ခုဖြစ်ခုပျက်၊တဖြတ်ဖြတ်လျှင်၊ရေပွက်နှိုင်းတု၊ပုံစံပြုသည်၊ဓာတ်စု ဓာတ်ခဲပါတကား။

ကျောင်းအတွက်-ကျောင်းဝတ္ထု၊ဤရုပ်အစုကား၊ဥတုခေါ်ညောင်း၊သူ့အကြောင်း ကြောင့်ဓာတ်ပေါင်း ရှစ်ခု၊ဖြစ်ပေါ်စုသည်၊ ဓာတုမတ္တ၊မှန်မောလှ၏။ဓာတ်မျှဖြစ်တောင်း၊ ထိုသည့်ကျောင်းကို၊ကိန်းအောင်းသုံးဆောင်၊ ဤကိုယ်ကောင်လည်း၊ မြင့်ခေါင်ရှည်ခေတ်၊မတည်လစ်ဘဲ၊ခုဖြစ်ခုပျက်၊တဖြတ်ဖြတ်လျှင်၊ရေပွက်နှိုင်းတု၊ပုံစံပြုသည်၊ဓာတ်စု ဓာတ်ခဲပါတကား။

ဆေးအတွက်-ဆေးဝတ္ထု၊ဤရုပ်အစုကား၊ဥတုခေါ်ညောင်း၊သူ့အကြောင်းကြောင့်ဓာတ် ပေါင်းရှစ်ခု၊ ဖြစ်ပေါ်စုသည်၊ ဓာတုမတ္တ၊မှန်မောလှ၏။ ဓာတ်မျှဖြစ်ရေး၊ထိုသည့်ဆေးကို၊ဘုန်းပေးသုံးဆောင်၊ ဤကိုယ်ကောင်လည်း၊ မြင့်ခေါင်ရှည်ခေတ်၊မတည်လစ်ဘဲ၊ခုဖြစ်ခုပျက်၊တဖြတ်ဖြတ်လျှင်၊ရေပွက်နှိုင်းတု၊ပုံစံပြုသည်၊ဓာတ်စု ဓာတ်ခဲပါတကား။

ပဋိကူလမနသိကာရပစ္စဝေခက္ခဏာ (မင်းကွန်းတိပိဋကဆရာတော်)။
သင်္ကန်းအတွက် - သင်္ကန်းခေါ်မှီး၊ ဤပစ္စည်းကား၊သူ့ချည်းဘာသာ၊တည်နေပါက၊ ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်း၊ ဤကိုယ်ကောင်ဖြင့်၊သုံးဆောင်သမှု၊ အကြောင်းပြု၍၊ ခုမကြာမော၊သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ကင်းစင်ကွယ် သည်၊ထွီဖွယ်ဖြစ် တော့မည်တကား။

ဆွမ်းအတွက် - ဆွမ်းဟုခေါ်မှီး၊ ဤပစ္စည်းကား၊သူ့ချည်းဘာသာ၊တည်နေပါက၊ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်း၊ ဤကိုယ်ကောင်ဖြင့်၊သုံးဆောင်သမှု၊ အကြောင်းပြု၍၊ ခုမကြာမော၊သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ကင်းစင်ကွယ် သည်၊ထွီဖွယ်ဖြစ် တော့မည်တကား။

ကျောင်းအတွက် - ကျောင်းဟုခေါ်မှီး၊ဤပစ္စည်းကား၊သူ့ချည်းဘာသာ၊တည်နေပါက၊ ရွံရှာဖွယ်မျိုး၊ မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်း၊ ဤကိုယ်ကောင်ဖြင့်၊သုံးဆောင်သမှု၊ အကြောင်းပြု၍၊ခုမကြာမော၊ သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ကင်းစင်ကွယ် သည်၊ထွီဖွယ်ဖြစ် တော့မည်တကား။

ဆေးအတွက် - ဆေးဟုခေါ်မှီး၊ ဤပစ္စည်းကား၊သူ့ချည်းဘာသာ၊ တည်နေပါက၊ ရွံရှာဖွယ်မျိုး၊မဟုတ်နိုးလည်း၊ ပုပ်သိုးညှီဟောင်း၊ ဤကိုယ်ကောင်ဖြင့်၊သုံးဆောင်သမှု၊ အကြောင်းပြု၍၊ခုမကြာမော၊သူ့သဘောတို့၊ လျင်ဆောပျောက်ပြယ်၊ကင်းစင်ကွယ် သည်၊ထွီဖွယ်ဖြစ် တော့မည်တကား။

 
ရဟန်းမစားကောင်းသောအသားကြီးဆယ်မျိုး။                                                     

၁။ မနုဿမံသ = လူသား။                                                                            
၂။ ဟတ္တမံသ = ဆင်သား။
၃။ အဿမံသ = မြင်းသား။
၎။ သုနခမံသ = ခွေးသား။
၅။ အဟိမံသ = မြွေသား။
၆။ သီဟမံသ = ခြင်္သေ့သား။
၇။ ဗျဂမံသ = ကျားသား။
၈။ ဒီပိမံသ = သစ်၏အသား။(ကျားသစ်)။
၉။ အစ္ဆမံသား = ဝံသား။(ဝက်ဝံ)။
၁၀။ တရ စ္ဆမံသ=အောင်းသား။

အစွန်းသုံးပါးမှလွတ်လျှင်အပ်သောအသားကိုစားခြင်း၌အပြစ်မရှိ။
မြင်သား၊ကြားသား၊ယုံမှားသား။ရည်ညွှန်းသား။

 

ဓမ္မဒူအရှင်တပညာဇော်တ။
လူ၊ခွေး၊မြင်း၊ဆင်၊သစ်၊ကျားလျှင်၊ခြင်္သေ့၊ဝံ၊အောင်း၊မြွေ၊
ရိုး၊ရေ၊သား၊သွေး၊အမွေးတို့ပါ မသုံးဆောင်ရာဆယ်ဖြာအမျိုးပေ။

 
ကျမ်းကိုး။
၁။မဟာဂန္ဓာရုံဆရာတော်၏ ဘုရားဥပဒေ တော်ကြီး။
၂။ ၂၂၇ သွယ်သောဝိနည်း။ http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:167790
၃။သိထားမှကောင်း ၀ိနည်းအကြောင်း http://www.lapyae000.com/2011/09/blog-post_25.html#more

ဆက်လက်ဖေါ်ပြပါမည်။






No comments:

Post a Comment